← Chapters

ဒီနှစ်မှာ ကျွန်တော်က ၁၆ နှစ်မျှသာ

Vol. 4 Ch. 46

ဒီနှစ်မှာ ကျွန်တော်က ၁၆ နှစ်မျှသာ

Vol. 4 Ch. 46

"ကျွန်တော် စုမင်ပါ"

စုမင် စိတ်လှုပ်ရှား နေ၏။  သူ့ကို စကားပြောလိုက်သူမှာ နဂါးနက်တောင် မျိုးနွယ်စု၏ အကြီးအကဲ ဖြစ်သောကြောင့် မဟုတ်ဘဲ ပိုင်လင်း၏အဘွား ဖြစ်နေ၍ ဖြစ်သည်။ စုမင်မှာ စိုးရိမ်ပူပန်မှုများနှင့် ပြည့်နှက်သွား၏။

တခြားစိုးရိမ်ရသည့် အချက်တစ်ချို့မှာ လေပြည်စီးကြောင်းသို့ လာရာလမ်း၌ အကြီးအကဲပြောသည့် လေ့လာဆန်းစစ်ချက်များကြောင့် ဖြစ်သည်။

"ကျွန်တော်က စုမင်ပါ။ နှုတ်ခွန်း ဆက်ပါတယ်၊ နဂါးနက်တောင် မျိုးနွယ်အကြီးအကဲ"

စုမင် အသက်ပြင်းပြင်း ရှူသွင်းပြီး အမျိုးသမီးကြီးအား လေးစားစွာနှင့် ဦးညွှတ်အရိုအသေ ပေးလိုက်၏။

စုမင်အား ကြည့်နေသည့် သူမမျက်နှာမှာ မှောင်မိုက်နေသည်။ သူမ ဘာတွေးနေသည်ကို မည်သူမျှ မသိနိုင်ပေ။ ဘေးနားရှိ လူများလည်း ထိုဖြစ်ရပ်ကြောင့် ငြိမ်သက်သွားကြ၏။  လေပြည်စီးကြောင်းမျိုးနွယ်မှ လမ်းပြတို့၏ အကြည့်များ စုမင်ထံ ကျရောက်လာသည်။ ကိုယ့်အတွေးနှင့်ကိုယ် ဝန်ပိနေရင်း ထွက်သွားတော့မည့်ဟန် တာစူနေသည့် ရှီဟိုင်ပင် အနည်းငယ် အံ့ဩသွားသည့် အမူအရာနှင့် စုမင်တို့အား ကြည့်လာ၏။

ရှီဟိုင်အတွက် စုမင်မှာ သာမန်ကလေး တစ်ယောက်သာပင်။ စုမင်၏ ချီစွမ်းအင်မှာ သူဂရုစိုက်ရမည့် အဆင့်မဟုတ်။ စုမင်အားကြည့်ပြီးနောက် မျိုးနွယ်စုငယ်နှစ်ခုကြားမှ ပဋိပက္ခလေးကို စိတ်မဝင်စားသည့်အလား အကြည့်တို့ကို လွှဲဖယ်သွားလေ၏။ ပြောရလျှင် သူ့စိတ်နှလုံးက ပူပန်မှုတို့နှင့် ပြည့်နေသည်။ ထူးဆန်းသည့်ဆေးဝါးကို ဖန်တီးခဲ့သော မိုးကျရွှေကိုယ် မာန်စွမ်းအားရှင်အား ရှာဖွေနေခဲ့သည်မှာ အလွန်ကြာပြီ ဆိုသော်ငြား သဲလွန်စ တစ်ခုတစ်လေကိုမျှ ရှာမတွေ့နိုင် ဖြစ်နေသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က အကြီးအကဲသည် သူ့အား ထိုကိစ္စနှင့် ပတ်သက်၍ မေးမြန်းလာသည့်အခါ မည်သို့ အဖြေပေးရမှန်း မသိခဲ့၍ ဒုက္ခများနေခဲ့သေးသည်။

"မိုးကျရွှေကိုယ် မာန်စွမ်းအားရှင်က ဒီနေရာက ထွက်သွားပြီများလား။ ဒီလိုသာဆိုရင် ငါ သူ့ကိုဘယ်မှာ သွားရှာရမှာလဲ”

လေ့ချန်က စုမင်အနားတွင် ရပ်နေ၏။ သူက စုမင်ကို ကြည့်နေသည့် အမျိုးသမီးကြီးအား မျက်ထောက်နီကြီးနှင့် စိုက်ကြည့်လိုက်၏။ လေ့ချန်မှာ လေပြည်စီးကြောင်း မျိုးနွယ်စု၏ အကြီးအကဲကို လေးစားသော်လည်း ထိုမိန်းမကြီးအတွက် လေးစားရိုကျိုးမှု ရှိမနေနိုင်။

စုမင်ကိုကြည့်ရင်း ပေလင်း မျက်မှောင် ကြုတ်လိုက်၏။ သူ့မျက်လုံးထဲတွင်လည်း မနှစ်မြို့သည့် အရိပ်အငွေ့များ ပေါ်ပေါက်လာသည်။ စုမင်တစ်ယောက် နဂါးနက်တောင် မျိုးနွယ်စုအား ဘယ်ကနေ ဘယ်လို အပြစ်ပြုမိကြောင်း နည်းနည်းလေးမှ နားမလည်ဘဲ ရှိနေ၏။

“မင်းတောင် အရွယ်ရောက်လာပြီပဲ”

အမျိုးသမီးကြီးက အချိန်အကြာကြီး စိုက်ကြည့်နေပြီးမှ ခပ်ဖြည်းဖြည်းချင်း စကားပြောလိုက်သည်။  သူမအသံတွင် ဒေါသ၊ ပျော်ရွှင်မှု စသည့် မည်သည့်ခံစားချက်မှ မပါဘဲ ပကတိ တည်ငြိမ်နေလေ၏။

စုမင် ပို၍ စိတ်လှုပ်ရှားလာသည်။ သူကိုယ်တိုင် ဘာပြန်ပြောရမှန်း မသိဘဲ ရှိနေသည်။ ထို့နောက် လူတိုင်း၏အကြည့်က သူ့ပေါ် ကျရောက်နေမှန်းလည်း ခံစားနေရသည်။ ယခုအဖြစ်အပျက်မှာ သူတစ်ခါမှ မကြုံဖူးသည့် အဖြစ်အပျက်မျိုးဖြစ်၍ အတော်ကလေး အသားမကျနိုင် ဖြစ်နေသည်။

အမျိုးသမီးကြီး၏နောက်တွင် ရပ်နေသော ပိုင်လင်း၏ မျက်နှာလေးမှာ ဖြူဖျော့နေသည်။  သူမလည်း ဟန်ကိုယ်ဖို့ရင်း အင်္ကျီစနှစ်ဖက်ကို ဆုပ်ကိုင်ထား၏။ သူမအနားတွင် ရပ်နေသော စစ်ခုန်းမှာ စုမင်အား စူးစူးစိုက်စိုက် ကြည့်ရင်း လှောင်ပြောင်လိုဟန် လုပ်နေ၏။

"နှမြောစရာပဲ...”

သူမက စုမင်အား စိုက်ကြည့်ရင်း ခပ်ဖြည်းဖြည်း ပြောလိုက်ပြန်သည်။

“မင်းတို့ အကြီးအကဲက မင်းကို ခေါ်သွားခဲ့ပေမဲ့ အကျင့်သိက္ခာ ကောင်းမွန်အောင်တော့ သင်ပြမပေးနိုင်ခဲ့ဘူးပဲ။ အနည်းဆုံးတော့ မင်းရဲ့ အဆင့်အတန်းကို စဉ်းစားသင့်တယ်”

အမျိုးသမီးကြီးက စကားအများကြီး မပြောသော်လည်း သူမလေသံတွင် လှောင်ပြောင် သရော်မှုတို့ကို ခံစားသိရှိနိုင်၏။ ထိုအခြင်းအရာကြောင့်ပင် အကြီးအကဲဆိုသော သူမ၏ ဂုဏ်ပုဒ်နှင့် နည်းနည်းကလေးမှ လျော်ညီခြင်း မရှိဘဲ ဖြစ်နေသည်။

စုမင်၏မျက်နှာမှာ ချက်ချင်း ဖြူရော်သွားသည်။ ၎င်းမှာ သူ၏ အကြီးမားဆုံး အားနည်းချက်ဖြစ်ပြီး အမြဲတစေ ဖုံးကွယ်နေထိုင်ခဲ့သောအရာလည်း ဖြစ်သည်။ သို့တိုင် အမျိုးသမီးကြီးက လူအများရှေ့မှောက်တွင် ဖော်ထုတ်ခဲ့၏။ စုမင်မှာ နှုတ်ခမ်းကိုကိုက်ရင်း တိတ်ဆိတ်၍နေလေသည်။

"အကြီးအကဲ”

စုမင်၏ သွေးဆုတ်သွားသည့် မျက်နှာကို မြင်လိုက်ရချိန် ပိုင်လင်း၏ နှလုံးသားလေး ဖျစ်ညှစ်ခံလိုက်ရသလို နာကျင်သွားသည်။ သူမက စကားဝိုင်းထဲသို့ ချက်ချင်း ဝင်လာပြီး အကြီးအကဲအား စိတ်ဆိုးနေသော အမူအရာနှင့် ကြည့်လိုက်လေသည်။

စုမင် ဘေးတွင်ရပ်နေသော လေ့ချန်ပင် အမျိုးသမီးကြီးအား ချက်ချင်း စိုက်ကြည့် လိုက်၏။ သူမ ဘယ်သူလဲဆိုတာ လေ့ချန် ဂရုမစိုက်ပေ။ စုမင်အား အရှက်ခွဲလိုက်သည်ကို မြင်လိုက်ရသည့်အချိန်တွင် ဒေါသမီး တောက်လောင်လာပြီး ရှေ့သို့ တိုးသွားရန်ပြင်လိုက်၏။

သို့သော် လေ့ချန် ရှေ့သို့ တိုးရန်ပြင်လိုက်ချိန် အမျိုးသမီးကြီး၏ မျက်လုံးထဲတွင် ထူးဆန်းသော အလင်းတန်းတစ်ခု ပေါ်လာသည်။ လေ့ချန်၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်လှုပ်သွားခဲ့၏။ ထိုအခိုက် နက်မှောင်တောင် မျိုးနွယ်စု ခေါင်းဆောင်လည်း မျက်မှောင် ကြုတ်သွားသည်။ သူ ချက်ချင်း ရှေ့သို့ ခြေလှမ်းလာလိုက်၏။

ထို့နောက် သူ့ပြုမူလှုပ်ရှားပုံမှာ လုံးဝပြောင်းလဲသွားသည်။ ထက်မြက်လှသည့် စွမ်းအားတစ်မျိုး သူ့ကိုယ်ထဲမှ ပေါက်ကွဲထွက်လာပြီး ဧရိယာတစ်ခုလုံးကို လွှမ်းခြုံလိုက်သည်။  လေ့ချန် ခန္ဓာကိုယ်ကို ထိမိသွားသည့်အခါ မသဲမကွဲ အသံတချို့ လေထုထဲ လွင့်ပျံ့သွားလေ၏။ နောက်သို့ ခြေလှမ်းပြန်ဆုတ်လိုက်နိုင်သည့် လေ့ချန်၏ မျက်နှာမှာ ဖြူရော်လျက် ရှိနေသည်။

"အကြီးအကဲ... ကျုပ်တို့မျိုးနွယ်က ကလေးကို ဒါမျိုးလုပ်ဖို့ မလိုပါဘူး”

စကားပြောနေရင်း အစောင့်အရှောက် ခေါင်းဆောင်၏ မျက်နှာမှာ မည်းမှောင်နေသည်။

သူ နောက်ထပ် ခြေလှမ်းတစ်လှမ်း လှမ်းလုဆဲဆဲ အမျိုးသမီးကြီး၏ အနောက်တွင် ရပ်နေသူက ချက်ချင်း ခေါင်းထောင်လာပြီး ရှေ့သို့တိုးလာခဲ့၏။ သူ့၏ အဆင့်မှာ အစောင့်အရှောက် ခေါင်းဆောင်ထက် အနည်းငယ်မျှ ပိုသာလွန်သည့်ဟန် ရှိသည်။

တိတ်ဆိတ်နေသော ရှန့်ဟန်ပင် မျက်လုံးများကို ကျဉ်းမျောင်းလိုက်၏။ အဆိပ်ပြင်းလှသည့် မြွေဟောက်တစ်ကောင်၏ မျက်လုံးကဲ့သို့ တောက်ပတဲ့ အလင်းရောင်တစ်ခု သူ့မျက်ဝန်းထဲ ဖြတ်ပြေးသွားသည်။ သူက နဂါးနက်တောင် မျိုးနွယ်စုမှလူအား အေးတိအေးစက် အမူအရာနှင့် စိုက်ကြည့်လိုက်၏။

လေထုထဲတွင် တင်းမာမှုများ မြင့်တက်လာသည်။ ရှီဟိုင်က ထိုမြင်ကွင်းအား မနီးမဝေးမှ အကဲခတ်ကြည့်နေ၏။ သူ့နှုတ်ခမ်းပေါ်တွင် လှောင်ပြုံးတစ်ခု ပေါ်ပေါက်လာသည်။ သူ့ရှေ့မှ မျိုးနွယ်စုငယ်နှစ်ခုမှာ ကနဦး၌ မျိုးနွယ်တစ်ခုတည်း ဖြစ်ခဲ့ကြပြီး နောက်ပိုင်း၌ ရန်သူများ ဖြစ်လာကြသည်။ သူ ဝင်မတားဘဲ ခပ်မဆိတ် ငြိမ်သက်စွာ စောင့်ကြည့်ရင်း အကြောင်းရင်းကို နားလည်အောင် စောင့်ကြည့်နေလေ၏။

စုမင်မှာ ခေါင်းကိုငုံ့လျက် တိတ်ဆိတ်နေဆဲပင်။ လေ့ချန်၏ အမျက်ဒေါသလည်း မပျောက်သွားသေးပေ။ သူ ကြောက်ရွံ့နေသော်လည်း စကားဝင်ပြောမည်အလုပ် စုမင်က ညာလက်ကို မြှောက်ပြီး လေ့ချန်လက်မောင်းကို ဆွဲလိုက်၏။

လေ့ချန် အံ့အားသင့်သွားသည်။ စုမင် ခေါင်းလေးက ဖြည်းဖြည်းချင်း မော့လာသည်။  သူ့မျက်နှာလေးမှာ ဖြူရော်နေဆဲ။  သူ၏ ချည့်နဲ့နဲ့ ခန္ဓာကိုယ်လေးမှာ မာန်မျိုးနွယ်ဝင်များကြား ဘယ်တော့မှ ကြီးပြင်းမလာတော့မယ့် လာစုငယ်လေးနှင့် တူနေသည်။ ငယ်ရွယ်နုပျိုခြင်း အရိပ်အမြွက်တို့ သူ့မျက်နှာလေးပေါ်မှ ဖယ်ခွာသွားခြင်း မရှိသေးပေ။ ၎င်းမှာ အချိန်မတန်သေး၍ ဘဝအတွေ့အကြုံများ ကင်းမဲ့နေခြင်းကြောင့် ယခုလို ငယ်ရိပ်ပေါ်နေရခြင်း ဖြစ်နိုင်သည်။  ဘဝ၏ အခက်အခဲနှင့် စမ်းသပ်မှုများ မကြုံတွေ့ရသမျှ ကာလပတ်လုံး စုမင်မှာ ကလေးတစ်ယောက် သဖွယ် ဖြစ်နေဦးမည်ပင်။

စုမင်၏ မျက်ဝန်းများက ကြည်လင်နေသည်။ သူ့မျက်ဝန်းမှာ အလွန် ကြည်လင်လှပြီး မသန့်စင်မှုဆို၍ အနည်းငယ်မျှသာ စွန်းပေနေ၏။ သူက နှုတ်ခမ်းကို ဖိကိုက်ထားသည်။ နဂါးနက်တောင်မှ အမျိုးသမီးကို ကြည့်ရင်း ဆွဲထားတဲ့ လေ့ချန်လက်ကို လွှတ်ကာ စုမင်တစ်ယောက် ရှေ့သို့ လျှောက်သွားလေ၏။

လူအားလုံး သူ့ကို စိုက်ကြည့်နေမှန်း သိသော်လည်း စုမင် ဂရုမစိုက်တော့ပေ။ ထိုအစား သူက တစ်လှမ်းချင်း လှမ်းသွားရင်း လေ့ချန်၊ အစောင့်အရှောက် ခေါင်းဆောင်တို့အား ဖြတ်ကျော်သွားရင်း အမျိုးသမီးကြီးနှင့် ဆယ်ပေအကွာတွင် ရပ်လိုက်၏။

စုမင်က သူ့အား ကြည့်နေသည့် အမျိုးသမီးကြီးကို စိုက်ကြည့်လိုက်၏။

"ကျွန်တော့်မှာ ပိုင်ဆိုင်မှုမရှိဘူး။ မိဘလည်းမရှိဘူး။ ခင်ဗျားရဲ့ မျက်လုံးထဲမှာ ကျွန်တော့်မှာ ဘာအခွင့်အရေးမှ မရှိသလို ဘာကောင်မှလည်း မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ အကြီးအကဲ ပြောပြဖူးတာက "ခင်ဗျားဟာ မိုးရွာတဲ့အခါ အပိုင်း တစ်ပိုင်းလောက်ကိုပဲ မြင်တွေ့ရတာတဲ့။ မိုးဘယ်လောက်ကြီးကြီး ရွာသွားတယ် ဆိုတာကို မိုးရွာတာ ရပ်သွားမှသာ သိနိုင်မှာတဲ့"

“ခင်ဗျားဟာ ရွှံ့ရေရဲ့ မျက်နှာပြင်ကိုသာ မြင်နိုင်ပြီး သူ့ရဲ့အောက်ခြေ အနက်ကို ဘယ်တော့မှ မမြင်နိုင်ဘူး။ ဒီနှစ်မှာ ... ကျွန်တော်က ၁၆ နှစ်ပဲ ရှိပါသေးတယ်…”

စုမင်က ခေါင်းကိုငုံ့ပြီး တိုးတိုးညင်သာစွာ ပြောလိုက်သည်။ ပြောပြီးသည်နှင့် လှည့်ထွက်ကာ အဝေးသို့ ဖြည်းဖြည်းချင်း လျှောက်သွားလေတော့သည်။

လေ့ချန်လည်း စုမင်နောက်မှ လိုက်သွားရင်း အမျိုးသမီးကြီးအား လှည့်ကြည့်ကာ ဟွန့်ခနဲ အသံပြုလိုက်သည်။

အစောင့်အရှောက် ခေါင်းဆောင်နှင့် ရှန့်ဟန်တို့က အမျိုးသမီးကြီး ဘာမှ ထပ်မပြောတော့သည်ကို တွေ့ရမှ တပ်ပြန်ခေါက်သွားကြ၏။  လေပြည်စီးကြောင်း လမ်းပြတို့၏ လမ်းညွှန်ပေးမှုအောက်တွင် ပေလင်း၊ ဝူလတို့နှင့်အတူ သူတို့အားလုံး ထွက်ခွာ လာခဲ့ကြလေသည်။

အဘွားအိုက ဆုတ်ခွာသွားသည့် စုမင်နောက်ကျောကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ သူ့မျက်လုံးထဲ အဓိပ္ပာယ်ဖော်ရခက်သည့် အလင်းရောင်တစ်ခု ဖြတ်ပြေးသွားပြီး နောက်ပြန်လှည့်လိုက်သည်။

"ပိုင်လင်း... ငါနဲ့လိုက်ခဲ့”

ပိုင်လင်းမှာ နေရာတွင်ရပ်ရင်း စုမင်၏ ဆုတ်ခွာသွားသည့် ပုံရိပ်လေးကို ကြည့်နေခဲ့သည်။  သူမ နှလုံးသားက ရှုပ်ထွေးနေ၏။ အဘွားစကားကို ကြားလိုက်သည်နှင့် သူမမှာ ခပ်မဆိတ်သာ အဘွားနှင့်အတူ လိုက်ပါသွားတော့၏။

တဖွဲဖွဲ ရောက်လာကြသော မျိုးနွယ်စုများသည် လေပြေစီးကြောင်း မျိုးနွယ်စုအား ဂါရဝပြု အရိုအသေ ပေးပြီးသည်နှင့် ရွှံ့မြေကျောက်သား မြို့တော်ထံ ဖိတ်ခေါ်ခံရပြီး လှပသေသပ်သည့် တည်းခိုအိမ်များထံ လိုက်ပါသွားကြလေသည်။ နက်မှောင်တောင် မျိုးနွယ်စုသည် ရွှံ့ကျောက်တုံး မြို့တော်၏ တောင်ဘက်တွင် တည်းခိုရသည်။ ၎င်းတို့၏ တည်းခိုဆောင်မှာ အိမ်ကိုးလုံးအား သွယ်ဆက်ထားသည့် အိမ်ကြီးရခိုင်တစ်လုံး ဖြစ်၏။ အိမ်အပြင်ဘက်တွင် ခြံစည်းရိုး ခတ်ထားသည်မို့ တခြား မျိုးနွယ်စုများနှင့် သီးခြား ခွဲထွက်နေသလိုလည်း ဖြစ်နေသည်။

ထိုအချိန်၌ နက်မှောင်တောင် မျိုးနွယ်ဝင်အားလုံး အိမ်တစ်အိမ်တွင် စုစည်း လိုက်ကြ၏။ ခြေထောက်များကို တင်ပျဉ်ချိတ် ထိုင်ရင်း ရှေ့မှ အစောင့်အရှောက် ခေါင်းဆောင်၏ စကားကို နားထောင်နေကြလေသည်။

"လေပြည်စီးကြောင်းမှာ ရှိတဲ့လူဦးရေဟာ နက်မှောင်တောင် လူဦးရေထက် အများကြီးပိုတယ်။ မာန်စွမ်းအားရှင် အရေအတွက်ကလည်း ငါတို့ထက် ပိုများတယ်။ အဲဒီအပြင် လေပြည်စီးကြောင်းက ဒီအနားတစ်ဝိုက်က မျိုးနွယ်စုလေးတွေရဲ့ ခေါင်းဆောင်လို ဖြစ်နေတာ။ တခြား လူမျိုးစုတွေက ဂါရဝပြုတဲ့အနေနဲ့ တစ်နှစ်တစ်ခါ လာရောက်ဆက်သတဲ့ လက်ဆောင်ပဏ္ဍာတွေကြောင့် သူတို့မှာ ဆေးမြစ်အစုံအလင်လည်း ရှိနေကြတယ်”

"သူတို့မှာ မာန်နတ်ဘုရား ရုပ်တုတွေလည်း အများကြီး ပိုင်ဆိုင်တယ်”

အစောင့်အရှောက် ခေါင်းဆောင်က ပြောရင်း ရှေ့မှ လူများကို တစ်ချက်ဝေ့ကြည့် လိုက်သည်။

“ငါတို့မျိုးနွယ်ကို အလယ် အလတ်တန်းစား မျိုးနွယ်တစ်ခုနဲ့ နှိုင်းယှဉ်လို့ရမယ်လို့လည်း ငါ မမျှော်လင့်ပါဘူး။ လေပြည်စီးကြောင်း တစ်ခုလုံးမှာ မာန်စွမ်းအားရှင် ဘယ်လောက်များများ ရှိလဲ ငါမသိပေမဲ့ အနည်းဆုံး တစ်ရာကျော်ရှိနိုင်တယ်”

"အဲဒီ စွမ်းအားရှင်တွေက ဆေးမြစ် အမျိုးမျိုးကို မှီဝဲနိုင်ပြီး မာန်နတ်ဘုရား ရုပ်တုတွေဆီက အမွေအနှစ်တွေကိုလည်း လက်ခံရရှိတယ်။ သူအဲဒါက မျိုးနွယ်စုငယ်တစ်ခု လိုက်မယှဉ်သာနိုင်တဲ့ အကြောင်းရင်း တစ်ခုပဲ။ သူတို့ရဲ့ လေ့ကျင့်မှု အဆက့်တက်နှုန်းက ငါတို့ထက် သာတယ်။ သူတို့ရရှိနေတဲ့ ရင်းမြစ်တွေကလည်း ငါတို့ထက် သာလွန်ပြီး အရည်အချင်းရှိတဲ့ သူတွေ ပေါ်ထွက်နိုင်မှု ရာခိုင်နှုန်းကလည်း ငါတို့မျိုးနွယ်ထက် အများကြီး အခွင့်အလမ်း များတယ်"

"ဒီအချိန် အတောအတွင်းမှာ ရှန့်ဟန်နဲ့ ငါက မင်းတို့ရဲ့ ဘာလှုပ်ရှားမှုကိုမှ ကန့်သတ် မထားဘူး။ အလယ် အလတ်တန်းစား မျိုးနွယ်စုတစ်ခုရဲ့ အင်အားကြီးမားမှုနဲ့ အားကောင်းတဲ့ အသက်အရွယ်တူ ပြိုင်ဘက်တွေကို သိမြင် ကြုံတွေ့နိုင်ဖို့ ခေါ်လာ ပေးခဲ့တာပဲ”

"မင်းတို့ ဒီမှာ ရှိနေချိန် အတောအတွင်း မင်းတို့အားလုံးကို မိတ်ဆွေ ဖွဲ့စေချင်တယ်။ လေပြည်စီးကြောင်းက ဖြစ်ဖြစ် တခြား မျိုးနွယ်စုတွေကပဲ ဖြစ်ဖြစ် ကိစ္စမရှိဘူး။ ငါတို့ရန်သူဖြစ်တဲ့ မဟူရာတောင် မျိုးနွယ်စုကလွဲပြီး တခြားမျိုးနွယ်စုတွေနဲ့ အသိအကျွမ်း ဖြစ်ခွင့်ရှိတယ်”

စကားပြောနေရင်း အစောင့်အရှောက် ခေါင်းဆောင်၏ အကြည့်က တိတ်ဆိတ်နေသည့် စုမင်ထံ ကျရောက်လာသည်။

“တစ်ချိန်တည်းမှာပဲ မင်းတို့ကို တခြား မျိုးနွယ်စုတွေက ထူးခြား ထင်ရှားတဲ့လူတွေနဲ့လည်း တွေ့ဆုံစေချင်တယ်။ မင်းတို့က သူတို့နဲ့ ဘယ်လောက်အထိ ကွဲပြားခြားနားမှု ရှိသလဲ ဆိုတာရှာပြီး ကိုယ့်ရည်ရွယ်ချက် ပန်းတိုင်ကို ကိုယ့်ဘာသာ တည်ဆောက် ထားကြ။ ဒါပေမဲ့ တစ်ခုတော့ သတိရ၊ လေပြည်စီးကြောင်း မျိုးနွယ်စုဒေသ အတွင်းမှာ ခိုက်ရန် မဖြစ်ပွားရဘူး”

"စိတ်မပူပါနဲ့။ ဒီရည်ရွယ်ချက်နဲ့ ရောက်လာကြတာ ငါတို့မျိုးနွယ်စု တစ်ခုတည်း မဟုတ်ဘူး။ တခြား မျိုးနွယ်တွေကလည်း ဒီလို အလားတူ ရည်ရွယ်ချက်တွေနဲ့ လာခဲ့ကြတာပဲ။ ဒါ့အပြင် မင်းတို့က လေပြည်စီးကြောင်းမှာ အချိန် အတော်ကြာ နေရနိုင်တယ်။ နှစ်နှစ် သုံးနှစ်တစ်ကြိမ် လေပြည်စီးကြောင်းကို ငါတို့ဘက်က ဂါရဝပြုတဲ့ လက်ဆောင်ပဏ္ဍာ ဆက်သတိုင်း သူတို့ဘက်ကလည်း စမ်းသပ်ပွဲတစ်ခု ကျင်းပလေ့ရှိတယ်။ အဲဒီစမ်းသပ်ပွဲမှာ နေရာ ကောင်းကောင်း ရခဲ့ရင် မင်းတို့ တစ်ယောက်ချင်းစီအတွက် အကျိုးဖြစ်ထွန်းမယ်"

"ပေလင်း ... မင်းက နှစ် အတော်ကြာကြာ လေပြည်စီးကြောင်းမှာ နေထိုင်ခဲ့တယ်။ ဒီနေရာအကြောင်း ကောင်းကောင်း သိမှာပဲ။ လာ...  လေပြည်စီးကြောင်းက အင်အားကြီးတဲ့ အရွယ်တူ မျိုးနွယ်ဝင်တွေအကြောင်း ပြောပြလိုက်”

အနားတွင် ထိုင်နေသော ပေလင်းက သူပြောတာကို ချက်ချင်း ခေါင်းညိတ်လိုက်သည်။

"လေပြည်စီးကြောင်း မျိုးနွယ်စုထဲမှာ မာန်စွမ်းအားရှင် တော်တော်များများ ရှိတယ်။ အသက်အရွယ် တူသူတွေထဲမှာ ကျွန်တော်တို့ အထူးဂရုပြုရမယ့် လူခုနစ်ယောက် ရှိတယ်။ အထူးသဖြင့် ပထမဦးဆုံးက ရဲဝမ်။ သူက ..."

ပေလင်း မိတ်ဆက်ပေးနေစဉ် စုမင်မှာ ဘေးနားမှာ ထိုင်နားထောင်နေသည်။ သူ့ပုံစံမှာ တိတ်ဆိတ်နေဆဲပင်။ အမျိုးသမီးကြီး ပြောသွားသည့် စကားတို့က သူ့အား စိတ်ဆင်းရဲ နေစေဆဲပင်။ လမ်းတစ်လျှောက်လုံး သူမ၏အသံများက ခေါင်းထဲ ပဲ့တင်ထပ်နေသည်။ စုမင်မှာ မျက်လုံးများကို ပိတ်ရင်း လက်သီးကို တင်းတင်း ဆုပ်ထားမိလိုက်၏။

"စုမင်”

အေးစက်လွန်းသည့် အသံတစ်ခု ရုတ်တရက် စုမင်နားသို့ ပျံ့လွင့်လာသည်။ သူ လှည့်ကြည့်လိုက်သည့်အခါ အနောက်တွင် တင်ပျဉ်ချိတ်ထိုင်နေသည့် အမဲလိုက် အဖွဲ့ခေါင်းဆောင် ရှန့်ဟန်ထံမှ ဖြစ်နေသည်။

"နဂါးနက်တောင် အကြီးအကဲက မင်းကို ဘာလို့ ဒီလိုပြောတာလဲ”

ရှန့်ဟန်က  စုမင်အား  အေးဆေး တည်ငြိမ်စွာ ကြည့်ပြီး အသံနိမ့်နိမ့်နှင့် ပြောလိုက်၏။

"ဘာမှ မဟုတ်ပါဘူး”

စုမင် ခေါင်းခါပြီး ဘာမှပြန်မပြောဘဲ ငြိမ်နေလိုက်သည်။

ရှန့်ဟန် အနည်းငယ်မျှ မျက်မှောင်ကြုတ်သွားသည်။ သူ့မျက်လုံးများက ထူးထူးဆန်းဆန်း လင်းလက်သွား၏။ သူစကားပြောခါနီး ရုတ်တရက် ခေါင်းမော့ရင်း အိမ်အပြင်ဘက်သို့ ကြည့်လိုက်လေသည်။ တစ်ချိန်တည်းတွင် အစောင့်အရှောက် ခေါင်းဆောင်လည်း သူကြည့်ရာအရပ်သို့ ကြည့်လိုက်လေ၏။

လေပြည်စီးကြောင်း မျိုးနွယ်စုမှ အသက် (၃၀) ခန့်ရှိမည့် လမ်းပြတစ်ယောက်မှာ သူတို့အိမ်ထဲသို့ ခပ်သုတ်သုတ် ဝင်လာသည်။

"စုမင်က ဘယ်သူလဲ။ အကြီးအကဲက မင်းကိုခေါ်နေတယ်။ ငါနဲ့အတူ လိုက်ခဲ့"

စုမင် အလွန် အံ့အားသင့်သွားသည်။  သူ ထရပ်ပြီး အရှေ့တွင် ထိုင်နေသော အစောင့်အရှောက် ခေါင်းဆောင်ထံ ခွင့်ပြုချက်တောင်းသလို လှမ်းကြည့်လိုက်သည်။ ခေါင်းဆောင်က ခပ်သာသာ ခေါင်းဆတ်ပြလိုက်မှ စုမင် အိမ်ထဲမှ ထွက်လာပြီး လေပြည်စီးကြောင်း မျိုးနွယ်စုရှေ့တွင် မတ်တတ်ရပ်လိုက်သည်။

"ကျွန်တော် စုမင်ပါ”

စုမင်က တည်ငြိမ်စွာ ဆိုလိုက်၏။

လေပြည်စီးကြောင်း မျိုးနွယ်စုဝင်က စုမင်အား ခေတ္တမျှ စေ့စေ့ငုငု စစ်ဆေးပြီး လှည့်ထွက် သွားသည်။ သူ့နောက်လိုက်မသွားခင် စုမင်မှာ အနည်းငယ် တွန့်ဆုတ်နေသေးသည်။  သူအိမ်မှ ထွက်ခါနီးဆဲဆဲ ပေလင်း၏ အသံကို ကြားလိုက်ရလေသည်။

"အရင်တုန်းက စမ်းသပ်ပွဲ ဝင်ပြိုင်တဲ့လူ အရေအတွက်က ၁၀၀ နီးပါး ရှိတယ်။ ထိပ်တန်း အယောက် ၅၀ နေရာ အကုန်နီးပါးကို လေပြည်စီးကြောင်း မျိုးနွယ်ဝင်တွေပဲ ရလေ့ရှိတယ်။ အထူးသဖြင့်တော့ ထိပ်တန်း ၁၀ နေရာ... ။ လွန်ခဲ့တဲ့ အနှစ် ၅၀ အတွင်းမှာ ထိပ်တန်း ၁၀ ယောက်နေရာကို ဝင်ရောက်နိုင်တဲ့ အပြင်လူ တစ်ယောက်မျှ မရှိခဲ့ဘူး။ ဒီနှစ် စမ်းသပ်ပွဲလည်း ဒီအတိုင်း ဖြစ်မှာပဲ။ ဒီအချက်ကို သတိရပြီး ထိပ်ဆုံး ၅၀ မှာ ကျွန်တော် ဝင်ရောက်နိုင်ဖို့ ကျွန်တော်နဲ့ ပူးပေါင်းပေးပါ”

"ကျွန်တော်သာ ထိပ်ဆုံး ၅၀ ထဲကို နောက်ဆုံးအဆင့်နီးပါးကနေ ဝင်နိုင်ခဲ့မယ်ဆိုရင်တောင် ဒါဟာ နက်မှောင်တောင်အတွက် အောင်မြင်မှုကြီးတစ်ရပ် ဖြစ်လာမှာပါ”

***

All Chapters