အခန်း (၁၀၃၉-၁၀၄၁)
Vol. 70 Ch. 1039-1041
အခန်း (၁၀၃၉) ညီအကို
ပြောလိုက်ပြီးသည်နှင့် ယဲ့ဇီကျင်း ကိုယ့်ကိုယ်ကို ကျိန်ဆဲမိသည်။ ယင်ယန်ရွှေသန္ဓေတည်ဆောက်ချိန်မှစ၍ ထိုပြဿနာက သူ့ကိုဒုက္ခပေးခဲ့သည်။
ရွှေသန္ဓေခွဲ၍ နတ်ဝိညာဉ်အဆင့်ရောက်သည်။ ဝိညာဉ်ပြောင်းအဆင့်ရောက်သည်။ ဝိညာဉ်နှင့်ခန္ဓာပေါင်းစည်းသည့် စုစည်းခြင်းအဆင့်ရောက်သည်။
သို့သော် ထိုအကျင့်ဆိုးက ပျောက်မသွားသေး။
ထိုကိစ္စက သူ့ဗီဇစရိုက်နှင့်လည်း ဆိုင်တော့ဆိုင်သည်။
ထိုကဲ့သို့ 'ရိုက်ပေါက်'စကားများ ပြောမိတတ်သည့်အကျင့်ကြောင့် လူအတော်များများနှင့် ပြဿနာတက်ခဲ့သည်။ သူ့ကိုသတ်မည်ဟု ကြွေးကြော်ခဲ့သူများလည်း မနည်းလှ။
သူအပြေးမြန်၍သာ ယနေ့ထိ အသက်ဆက်နိုင်ခဲ့ခြင်းဖြစ်သည်။
လေ့ကျင့်ဖို့အတွက် ဗုဒ္ဓနိုင်ငံသို့ သူလာခဲ့သည်။ တစ်ခြားစွမ်းရည်များတော့ မပြေတတ်။ ထွက်ပြေးနိုင်သည့်စွမ်းရည်က သိသိသာသာတိုးတက်လာသည်။ သူ့ဆရာဝစီပိတ်သည်ပင် စုစည်းခြင်းအလတ်တန်းဆင့်တွင် သူ့လောက်မြန်မည်မဟုတ်။
သို့သော် ကူးဖြတ်ခြင်းတစ်ယောက်နှင့် ရင်ဆိုင်ရလျှင် မြန်ရုံဖြင့် အသုံဝင်နိုင်မည်လော...
မဟုတ်သေး၊ မဟုတ်သေး။ ထိုသို့မတွေးသင့်။ ယခုရင်ဆိုင်နေရသည်က ဝါရင့်ကိုယ်တ်ောဖြစ်သည်။ သူ့လိုမျိုးဆစ်သစ်လူငယ်နှင့်ဖက်၍ သိက္ခာအကျခံပြီး စကားများရန်ဖြစ်မည်မဟုတ်။
"ကိုယ်တ်ော"
သူအကဲစမ်း၍ ခေါ်လိုက်သည်။
"ဘာလဲ"
မိန်ဟွေ့ မော့ကြည့်လာသည်။ အမူအရာက ပုံမှန်သာဖြစ်သည်။ ထူးဆန်းသည့်အရိပ်အယောင်မရှိ။
ယဲ့ဇီကျင်း သက်ပြင်းချလိုက်သည်။ အကြီးအကဲကိုယ်တ်ောတစ်ယောက် တကယ်ပီသသည်။ စိတ်နေစရိုက်က တစ်ခြားအကြီးအကဲများနှင့်မတူ။
မိန်ဟွေ့ တည်ငြိမ်စွာထရပ်၍ တံမျက်စည်းကိုကောက်ကိုင်သည်။
"ဖျောက်"
အားအချိန်အဆ မထိန်းချုပ်နိုင်သဖြင့် နှစ်တစ်ထောင်ကြာအောင်သုံးခဲ့သည့် တံမျက်စည်းက ကျိုးသွားသည်။
ထိုအဖြစ်ကိုမြင်သဖြင့် ယဲ့ဇီကျင်း ချက်ချင်းထွက်ပြေးသည်။ ယခုချိန်မပြေးလျှင် လွတ်တော့မည်မဟုတ်။
အဝေးသို့ရောက်သွားသည့် ယဲ့ဇီကျင်းကိုကြည့်၍ မိန်ဟွေ့ အသက်နှစ်ကြိမ် ဝအောင်ရှူလိုက်သည်။
...သူသည် ကူးဖြတ်ခြင်းအဆင့်တွင် အများလေးစားခံရသည့် မဟာကျင့်ကြံသူဖြစ်သည်။ ထိုအသွေးအဖွဲ့ကိစ္စလောက်ဖြင့် မျိုးဆက်လူငယ်တစ်ယောက်နှင့်ဖက်၍ စကားများ၍မဖြစ်။
...သူသည် ကူးဖြတ်ခြင်းအဆင့်တွင် အများလေးစားခံရသည့် မဟာကျင့်ကြံသူဖြစ်သည်။ထိုအသွေးအဖွဲ့ကိစ္စလောက်ဖြင့် မျိုးဆက်လူငယ်တစ်ယောက်နှင့်ဖက်၍ စကားများ၍မဖြစ်။
"ယဲ့ဇီကျင်း၊ မပြေးနဲ့"
မိန်ဟွေ့ အသံကုန်ခြစ်၍ အော်ဟစ်လိုက်သည်။ မိုးပျံဘုံကျောင်းထဲမျှ စွမ်းအားမြင့်ကိုယ်တော်ရှစ်ယော်ခန့် ချက်ချင်းပျံထွက်လာသည်။ အားလုံး စုစည်းခြင်းအဆင့်များဖြစ်သည်။
"ဘယ်မှာလဲ ယဲဇီကျင်း"
"ဟိုမှာ၊ လိုက်ကြ"
ယဲ့ဇီကျင်းအကြောင်းကြားသည်နှင့် အကြီးအကဲများစွာပေါ်လာသည်။ တစ်ချို့က တရားကျင့်ကြံမှုကိုပင် ဖျက်ခဲ့ကြသည်။ နှစ်သစ်အကြိုနေ့က လုယန်ကို ဘုံကျောင်းသို့ကြိုဆိုသည့်အဖြစ်ထက် များစွာပို၍စည်ကားသည်။
ဘုံကျောင်းတစ်ခုလုံး စုစည်းခြင်းအဆင့်စွမ်းအင်ရောင်များ လင်းထိန်နေသည်။ မိန်ဟွေ့က အော်ဟစ်ပြီးနောက်တွင် သိက္ခာထိန်းသည့်အနေဖြင့် ဆက်မလှုပ်ရှားတော့။
ကျောင်းထိုင်မိန်ယုက ကစားခဲ့သည့်ကျားပွဲကို ပြန်သုံးသပ်နေသည်။
"ဪ..ငါဒီတစ်ကွက်မှာ စိတ်လောသွားတာပဲ။ မိန်ဟွေ့ပြောတာမှန်တယ်။ ငါ့စိတ်ကို တည်ငြိမ်အောင် လေ့ကျင့်ဖို့ လိုသေးတာပဲ"
ထို့နောက် မိန်ဟွေ့အော်သံကို သူကြားလိုက်ရသည်။ သူ့မျက်နှာတွင် ထူးဆန်းသည့်အမူအရာမျိုး ပေါ်လာသည်။ သူ့ညီတော် ထိုမျှဣန္ဒေပျက်၍စိတ်လွတ်သည်ကို တစ်ခါမှမမြင်ဖူး။
ယဲ့ဇီကျင်း၏ ထွက်ပြေးသည့်စွမ်းရည်က လောကတွင်ပြိုင်ဘက်ကင်းသည်။ လုယန်ထက် များစွာပိုသာသည်။
"ယဲ့ဇီကျင်း၊ မင်းဒီတစ်ခါဘယ်ပြေးမလဲ ကြည့်ရသေးတာပေါ့"
ကိုယ်တော်ခုန်ချန်း ဒေါသတကြီးအော်ဟစ်၍ ရွှေခေါင်းလောင်းတစ်ခု ပစ်လွှတ်လိုက်သည်။ ခေါင်းလောင်းသံပဲ့တင်ထထပ်သွားသည်။ ချုပ်နှောင်နိုင်စွမ်းရှိသည့် ရတနာဖြစ်သည်။
ယဲ့ဇီကျင်းက မှော်ပညာဖြင့် လေဟာနယ်လှိုင်းများဖန်တီး၍ ဘေးပတ်လည်တစ်ဝိုက် ချုပ်နှောင်၍မရအောင်လုပ်သည်။
"နတ်ိဆိုးချုပ်မှော်တံဆိပ်"
အကြီးအကဲခုန်ရှင်းက နတ်ဆိုးချုပ်တံဆိပ်ကို သုံးသည်။ ထိုတံဆိပ်ဖြင့် မဟာနတ်ဆိုးပေါင်း မရေမတွက်နိုင်အောင် ထိန်းချုပ်ခဲ့ဖူးသည်။ လွန်ခဲ့သည့် ခြောက်လက မုန်မိသားစု ဗုဒ္ဓနိုင်ငံတွင် နှလုံးမဲ့ဂိုဏ်းကိုလာရှာသည်။
ထိုစဉ်က နှလုံးမဲ့ဂိုဏ်းအကြီးအကဲတစ်ယောက်ကို ဤရွှေခေါင်းလောင်းဖြင့် နှိပ်ကွပ်ခဲ့သည်။ အတော်စွမ်းအားကြီးသည်။
"ကောင်းကင်ဖွင့်တံဆိပ်"
ယဲ့ဇီကျင်း ကောင်းကင်ဖွင့်တံဆိပ်ကိုသုံးသည်။ တာအိုရှင်ဝစီပိတ်၏ ကောင်ကင်ဖွင့်ဓားပညာကို အခြေခံ၍ တည်ထွင်ထားသည့် နည်းလမ်းတစ်ခုဖြစ်သည်။
တံဆိပ်နှစ်ခု ကောင်းကင်တွင် ရင်ဆိုင်တွေ့သည်။ နှစ်ခုလုံး စွမ်းအင်အပိုမထွက်ဘဲ နှစ်ခုလုံးပျက်စီးသွားသည်။
"နဂါးချုပ်ကျားနှိမ်စွမ်းအား"
ကိုယ်တော်ခုန်လီနောက်တွင် အရဟတ်ဓမ္မပုံရိပ်နှစ်ခု ပေါ်လာသည်။ ယဲ့ဇီကျန်းကို လက်ဝါးဖြင့်ရိုက်ချသည်။ ယဲ့ဇီကျန်းက လေဟာနယ်ထဲတွင် လှည့်ပတ်ရှောင်သည်။ တစ်ခါတစ်ရံ မြေအောက်သို့အောင်းသည်။ ဖမ်းမမိအောင်ရှောင်နိုင်သည်။
သို့သော် ဤနေရာသည် မိုးပျံဘုံကျောင်းဖြစ်သည်။ ကိုယ်တော်များစွာ ဝိုင်းဖမ်းကြသဖြင့် ယဲ့ဇီကျင်းအခက်တွေ့နေသည်။
အခြေအနေမကောင်းတော့ဖြင့် ယဲ့ဇီကျင်း ပြတ်သားစွာဆုံးဖြတ်၍ လှုပ်ရှားသည်။
"ကောင်းကင်ဖွင့်တံဆိပ်"
"ဘုန်း"
ကောင်းကင်ဖွင့်တံဆိပ် ပေါက်ကွဲထွက်၍ သိပ်သည်းသည့်မြူခိုးမျာ ဖုံးလွှမ်းသွားသည်။ မြူခိုးများရှင်းသွားချိန်တွင် အကြီးအကဲခုန်ရှင်း 'နှစ်ယောက်'ပေါ်လာသည်။
"မင်းက အတုပဲ။ နတ်ဆိုးချုပ်တံဆိပ်"
"မင်းသာအတုကွ။ နတ်ဆိုးချုပ်တံဆိပ်"
နှစ်ယောက်လုံးက နတ်ဆိုးချုပ်တံဆိပ်ပညာသုံးပုံချင်း ချွတ်စွပ်တူနေသည်။
ထိုအဖြစ်ကိုကြည့်၍ ကိုယ်တော်ခုန်ရှင်း ဒေါသထွက်သွားပြီး ပညာရပ်မျိုးစုံသုံး၍ တိုက်ခိုက်သည်။ တစ်ဘက်မှကိုယ်တော်ခုန်ရှင်းကလည်း ထိုသို့ပင်တိုက်ခိုက်သည်။
အသုံးချသည့်နည်းလမ်းများ တူနေသည်။ အတုအစစ်ခွဲခြား၍မရ။ တစ်ခြားကိုယ်တော်များ ဘာဆက်လုပ်ရမည်မသိတော့။
"သုတ္တန်တွေတော့ မင်းမရွတ်နိုင်ပါဘူး"
ခုန်ရှင်း၏နှုတ်ခမ်းမ်းများ လှုပ်ရှားလာသည်။ စတိဂါဘသုတ္တုန်ကို ချက်ချင်းရွတ်ဖတ်သည်။ ဒုတိယခုန်ရှင်းကလည်း ထိုနည်းတူလိုက်လုပ်သည်။
"ညီလေးခုန်ရှင်း၊ မင်းရဲ့ရုယိဗုဒ္ဓပုတီကို ထုတ်လိုက်"
ခုန်ချန်းက လှမ်းအော်သည်။
ကိုယ်တော်ခုန်ရှင်း ဗုဒ္ဓပုတီးကို အမြန်ဆွဲထုတ်သည်။
ထိုအဖြစ်ကိုကြည့်၍ ဒုတိယခုန်ရှင်း မျက်နှာအကြီးအကျယ်ပျက်သွားသည်။
"ယဲ့ဇီကျင်း၊ ခုနက မြူတွေကြားထဲမှာ ငါ့ပုတီးကုံးကို မင်းခိုးလိုက်တယ်ပေါ့"
တစ်ဘက်မှခုန်ရှင်းကလည်း ဒေါသတကြီး ပြန်အော်သည်။
"အဓိပ္ပါယ်မရှိတာမပြောနဲ့။ ဒါက ငါ့ပုတီးကွ။ မင်းကအခုထိ ငြင်းချင်သေးတာလား ယဲ့ဇီကျင်း။...ညီအကိုတို့၊ ဘာတွေရပ်စောင့်နေကြတာလဲ"
တစ်ခြားကိုယ်တော်များ ချက်ချင်းရှေ့တက်သွားသည်။ ထိုအခြေအနေကို အခွင့်ကောင်းယူ၍ ပုတီးကိုင်သည့်ခုန်ရှင်း ထွက်ပြေးသည်။
"ဟာ...ငါတို့လှည့်စားခံရပြီဟေ့"
ဖမ်းထားသည့်လူသည် ခုန်ရှင်းအစစ်ဖြစ်ကြောင်း အားလုံး နားလည်သွားကြသည်။
"ဟားဟား၊ ငါ့ကို မိအောင်ဖမ်းနိုင်မယ်လို့ ထင်နေကြတာလား"
ယဲ့ဇီကျင်း မူလအသွင်ပြန်ပြောင်းပြီး ခုန်ရှင်းအစစ်ကို အာရုံလွှဲဖို့ ရုယိပုတီးကို လွှင့်ပစ်ပြီး ထွက်ပြေးသွားသည်။
"သောက်လခွမ်းကွာ၊ သူလွတ်သွားပြန်ပြီ"
အကြီးအကဲများ ကျိတ်မနိုင်ခဲမရ ဖြစ်ကုန်ကြသည်။ ယဲ့ဇီကျန်းည် သူတို့ပင်မနေရာဖြစ်သည့် မိုးပျံဘုံကျောင်းမှာပင် သူတို့လက်ထဲမှ လွတ်အောင်ထွက်ပြေးသွားနိုင်သည်။
"အကိုနှစ်လား"
ချင်ဖုန်းဓားကမ္ဘာငယ်ထဲမှလုယန် ကိုယ်တော်မိန်ဟွေ့၏အော်သံကို ကြားခဲ့သည်။ သူ့အကိုနှစ်ကို ဘုံကျောင်းအကြီးအကဲကိုယ်တော်များ လိုက်ဖမ်းသည်ကို မြင်သည်။ နှစ်သစ်အကြိုနေ့က အကြီးအကဲများ အင်အားကုန်သုံးခဲ့ခြင်းမဟု်ကြောင်း နားလည်လာသည်။
ယဲ့ဇီကျင်း အောင်မြင်စွာ ထွက်ပြေးနိုင်သည်ကိုကြည့်၍ လုယန် သွားတွေ့ဖို့ဆုံးဖြတ်လိုက်သည်။
ယဲ့ဇီကျင်းကို ခြေရာခံဖို့ မလွယ်။ သို့သော် ခြေရာခံဖို့အခက်ဆုံးလူသည်ပင် နတ်မယ်၏ မသေမျိုးအာရုံမှ မလွတ်မြောက်နိုင်။
"မင်းတို့သုံးယောက် ကောင်းကောင်းနေခဲ့ကြ"
လုယန်က ကိုယ်တော်ချင်ယန်တို့သုံးယောက်ကို သတိပေးပြီး နတ်မယ်နှင့်အတူ ထွက်သွားသည်။
သူတို့ထွက်သွားပြီးနောက် မိုရှောင်ချွေ့ ဂဏာမငြိမ်ဖြစ်လာသည်။ ထွက်ပြေးဖို့ အခွင့်အရေးကောင်းတစ်ခုအဖြစ် သူမြင်သည်။
"ငါတို့ အတူထွက်ပြေးကြမလား"
ချင်ယန်က မိုရှောင်ချွေ့ကို စိုက်ကြည့်သည်။ ထိုအရူးမျိုးက ဝိညာဉ်ပြောင်းအဆင့်သို့ ဘယ်လိုရောက်လာသည်မသိ။
"မသေမျိုးတစ်ယောက်လက်ထဲကနေ လွတ်အောင်ပြေးနိုင်မယ်လို့ မင်းတကယ်ထင်နေတာလား"
ကျင့်စဉ်စွမ်းအားမြင့်လေ မသေမျိုးများ၏ ကြောက်စရာစွမ်းအားကို နားလည်လေဖြစ်ည်။ ဘယ်လိုမှယှဉ်မရသည့် စွမ်းအားအဆင့်မျိုးဖြစ်သည်.
မသေမျိုးတစ်ယောက်နှင့်ကြုံလျှင် အကောင်းဆုံးနည်းလမ်းက ညွှန်ကြားသည့်အတိုင်း အတိအကျလိုက်နာဖို့ဖြစ်သည်။
လုယန်နှင့်နတ်မယ်က ရင်းနှီးသည်။ လုယန်၏စကားသည် နတ်မယ်၏ဆန္ဒပင်ဖြစ်သည်။ သူတို့ မလိုက်နာဘဲမနေရဲ။
မိုရှောင်ချွေ့လည်း နားလည်လာသည်။ ထွက်ပြေးဖို့ကိစ္စ ထပ်မစဉ်းစားတော့။
"အကိုနှစ်"
ညအမှောင်ကို အကာအကွယ်ယူ၍ အမှောင်ထဲတွင် ပုန်းနေသည့် ယဲ့ဇီကျင်းကို လုယန်သွားတွေ့သည်။
"ဘယ်သူလဲ"
ယဲ့ဇီကျင်းလန့်သွားသည်။ အသင့်အနေအထားပြင်လိုက်သည်။ သူထိုမျှလုံအောင်ပုန်းနေသည်ကို ဘယ်လိုရှာတွေ့သည်မသိ။ ကူးဖြတ်ခြင်းအဆင့်စွမ်းအားရှင်များလား...
"ကျုပ်ပါ၊ လုယန်ပါ"
လုယန် တီးတိုးပြောသည်။
ထိုအချိန်ကျမှ ယဲ့ဇီကျင်း လုယန်ကို သေချာကြည့်မိသည်။ ပုံတူပန်းချီထဲတွင် သာမြင်ဖူးသည်။ လူချင်းတစ်ခါမှမတွေ့ဖူး။ ပုံတူပန်းချီထက် အပြင်လက်တွေ့တွင် ပိုခံ့ညားနေသည်။
"လုယန်..မင်းက ညီလေးလုယန်လား"
တစ်ခါမှတွေ့ဖူးသည့် ဆရာတူညီကို တွေ့ရသဖြင့် ယဲ့ဇီကျင်း ဝမ်းသာသွားသည်။
"မင်းပုံတူပန်းချီကို ငါမြင်ဖူးတယ်။ အပြင်မှာထက် ပိုချောတယ်"
*******************************
အခန်း (၁၀၄၀) အချိန်မသေမျိုး၏ သဲလွန်စ
လုယန် လည်နင်သလိုဖြစ်သွားသည်။ သူ့အကိုနှစ်စကားက သူ့ကိုရုပ်ချောသည်ဟုပြေခြင်းလား ရုပ်ဆိုးသည်ဟုပြောခြင်းလး သေချာမကွဲပြား။
"နှစ်သစ်အကြိုနေ့ မိုးပျံဘုံကျောင်းကို မင်းရောက်လာတာ ငါသိပါတယ်။ မင်းကိုလာတွေ့ဖို့ စဉ်းစားသေးတယ်။ ဒါပေမယ့် မင်းပြေးတာက အရမ်းမြန်တယ်လေ။ ချက်ချင်းပျောက်သွားတယ်။
အဲဒီကတည်းက ဘုံကျောင်းကနေ မင်းထွက်သွားပြီလို့ ငါထင်ခဲ့တာ။ အခုထိမင်းက ဘုံကျောင်းမှာရှိနေတုန်းပါလား"
လုယန်ကိုတွေ့ရသဖြင့် ယဲ့ဇီကျင်း အတော်အံ့ဩနေသည်။
ဝိညာဉ်ပြောင်းအလတ်တန်းဆင့်လူတစ်ယောက်က ထိုမျှကြာအောင် မိုးပျံဘုံကျောင်းတွင် ပုန်းနေနိုင်သည်။
"ကံကောင်းလို့ပါ။ ကျုပ်ရဲ့ ချင်ဖုန်းဓားက ကာကွယ်ပေးလို့ပါ"
လုယန် ပြုံး၍ပြောသည်။ မိုးပျံဘုံကျောင်းတွင် စုစည်းခြင်းအဆင့် ကျင့်ကြံသူများ အတော်များသည်။ သူ့အစွမ်းတစ်ခုတည်းဆိုလျှင် ယခုချိန်ထိ လုံအောင်ပုန်းဖို့ ခက်ပေလိမ့်မည်။
"ချင်ဖုန်းဓားလား...အဲဒါ ဆရာက အမယွမ်ဆီကနေ အရှက်မရှိတောင်းခဲ့တဲ့ဓားမဟုတ်လား"
"ဟုတ်ပါတယ်။ ဒါနဲ့ အကိုနှစ်၊ အကိုဗုဒ္ဓနိုင်ငံကိုရောက်တာ အတော်ကြာပြီလို့ကြားတယ်။ ဘာကြောင့်ဂိုဏ်းကို ပြန်မလာတာလဲ"
"အင်း..လူတစ်ယောက်ကို မတော်တဆ ဒေါသထွက်အောင်လုပ်မိလို့ပါ။ ဒါကြောင့်အမယွမ်က ဗုဒ္ဓနိုင်ငံမှာ သွားလေ့ကျင့်ဖို့ အကြံပေးခဲ့တာ။
ပြီးတော့ အချိန်မသေမျိုးရဲ့ သဲလွန်စကိုလည်း ရှာရင်းပေါ့"
လုယန် အံ့အားသင့်သွားသည်။
"အမယွမ်တောင် ကာကွယ်မပေးနိုင်ဘူးဆိုတော့ အကိုက ဘယ်သူ့ကို ဒေါသထွက်အောင်လုပ်မိတာလဲ"
"အမယွမ်ကိုလေ"
...ဒါဆို အကိုနှစ်က နယ်နှင်ခံထားရတာပေါ့...
လုယန် မှတ်မိသေးသည်။ မသိနားမလည်သည့် ငယ်ရွယ်စဉ်အချိန်က အမယွမ်၏အသက်ကို မဆင်မြင်စုံစမ်းမိသည်။ ထို့ကြောင့် အမယွမ်ကသူ့ကို နယ်စပ်တောအုပ်သို့ပို့သည်။ နတ်ဆိုးသားရဲများနှင့်တိုက်ခိုက်ပြီး ပြိုင်ဘက်ကင်းသန္ဓေကို တည်ဆောက်ခဲ့သည်။
"အချိန်မသေမျိုးနဲ့ပတ်သက်လို့ ဘာသဲလွန်စရထားလို့လဲ"
"နှစ်တိုင်း နှစ်သစ်ကူးချိန်ရောက်ရင် ညံသားရဲက အနောက်ဘက်ကပဲ အမြဲလာတာကို အမယွမ်သတိထားမိတယ်။ ညံသားရဲက လောကထဲလည်ပတ်ပြီးရင် အနောက်ဘက်ကို ပြန်သွားတယ်။ ဒီသားရဲက အချိန်မသေမျိုးဖန်တီးထားတယ်ဆိုတဲ့ ဒဏ္ဍာရီလည်းရှိတယ်။
ဒီတော့ ဗုဒ္ဓနိုင်ငံမှာ အချိန်မသေမျိုးနဲ့ပတ်သက်တဲ့ သဲလွန်စတွေရှိမယ်လို့ အမယွမ်က ယူဆတယ်"
လုယန် မျက်နှာအမူအရာ ပြောင်းသွားသည်။ တကယ်တိုက်ဆိုင်နေသည်။ သူလည်း ညံသားရဲကြောင့် မိုးပျံဘုံကျောင်းသို့ ရောက်လာခြင်းဖြစ်သည်။ သို့သော် သူ့ကိုအောက်သို့ချပေးပြီးနောက် ညံသားရဲများ ဘယ်ရောက်သွားသည်တော့မသိ။
"ဗုဒ္ဓနိုင်ငံအကြောင်း စကားစပ်မိလို့ပြောဦးမယ်။ ဒီကိုလာခဲ့တာ တကယ်အမြင်ပွင့်တယ်ကွ။ ကျင့်စဉ်လမ်းတွေက ငါတို့မဟာရှားနဲ့ လုံးဝကွဲပြားနေတယ်။ ဒီမှာ ဗုဒ္ဓကျင့်စဉ်လမ်းတွေပဲ ရှိတယ်။ သူတို့တန်ဖိုးအထားဆုံးက မဟာကတိသစ္စာကျင့်စဉ်ပါ။
ပုံမှန်အားဖြင့် နတ်ဝိညာဉ်အဆင့်ရောက်ရင် ဗုဒ္ဓကျင့်ကြံသူတွေက ဗုဒ္ဓဝါဒမြှင့်တင်ဖို့ ကတိသစ္စာတစ်ခုပြုရတယ်။ ကတိသစ္စာရဲ့ အသေးစိတ်အချက်တွေက တစ်ယောက်နဲ့တစ်ယောက် ကွဲပြားတယ်။ အဲဒီ့ကတိသစ္စာက ဗုဒ္ဓဝါဒအတွက် အရေးပါလေ ရလာတဲ့ဗုဒ္ဓယုံကြည်မှုစွမ်းအင် အားကောင်းလေပဲ။
အရိုးရှင်းဆုံး အသုံးအများဆုံး ကတိသစ္စာကတော့ ဗုဒ္ဓရွှေခန္ဓာတည်ဆောက်တာပေါ့။ ဒါကြောင့်လည်း အလှူခံတဲ့ကိုယ်တော်တွေကို နေရာတိုင်းတွေ့ရတာ။ အလှူခံလို့ရတဲ့ငွေနဲ့ ဗုဒ္ဓရွှေခန္ဓာတည်ဆောက်ပြီး ကတိသစ္စာကိုဖြည့်ဆည်းကြတာ"
မဟာကတိသစ္စကျင့်စဉ်နှင့်ပတ်သက်၍ ခိုင်ဟွမ်ဘုံကျောင်းကိုယ်တော် တွမ်ချန်းထံမှ လုယန် နည်းနည်းသိထားပြီးဖြစ်သည်။ သို့သော် သူ့အကိုရှင်းပြသလောက်တော့ အသေးစိတ်မသိခဲ့။
"ဗုဒ္ဓနိုင်ငံက ဘုံကျောင်းတွေမှာ မြူတွေဆိုင်းပြီး မသန့်စင်တဲ့စွမ်းအင်တွေပြည့်နေတာ ငါမြင်ခဲ့တယ်။ ကိုယ်တော်တွေက ကောင်းကောင်းမကျင့်ကြံကြဘူး။ မိုးပျံဘုံကျောင်းအကြီးအကဲတွေက ပိုတောင်ဆိုးသေးတယ်။
ငါ့ကိုတွေ့ရင် စကားနည်းနည်းပဲပြောရသေးတယ်။ သူတို့တိုက်ခိုက်ကြတယ်။ ဒါဟာ ဒေါသစွန့်ပယ်ရမယ်ဆိုတဲ့ သီလကိုချိုးဖောက်တာပဲလေ။
ဒီတော့ ငါ့ဩဇာအရှိန်အဝါနဲ့ အဲဒီ့အကြီးအကဲတွေရဲ့ မာနတွေ၊ မတည်ငြိမ်မှုတွေ၊ ဒေါသတွေကို ပယ်ရှားနိုင်အောင်၊ သူတို့စိတ်ဓာတ်တွေ ပိုပြီးအဆင့်မြင့်လာအောင် ကူညီမယ်လို့ ငါသစ္စာဆိုခဲ့တယ်။ ဒါမှ ငါ့ကိုတွေ့တဲ့အချိန် သူတို့စိတ်ဓာတ်တွေ ပိုပြီးတည်ငြိမ်လာမှာလေ။
ဒီကတိသစ္စာကို ဖြည့်ဆည်းနိုင်တဲ့အချိန်ရောက်ရင် ငါရလာမယ့်ယုံကြည်မှုစွမ်းအားဟာ ကူးဖြတ်ခြင်းအဆင့်ကိုရောက်ဖို့ လုံလောက်မယ်ထင်ပါတယ်။ ကူးဖြတ်ခြင်းအဆင့်ရဲ့ ဘယ်အတိုင်းအတာထိရောက်မယ်ဆိုတာပဲ သေချာမသိတာ"
ခိုင်ဟွမ်ဘုံကျောင်းတိုးတက်ရေးအတွက် ကိုယ်တော်တွမ်ချန်းပြုခဲ့သည့် ကတိသစ္စာက ကြိုတင်သတ်မှတ်ချက်များရှိသည်။ သတ်မှတ်ချက်ပြည့်သွားသဖြင့် လေဟာနယ်သနင့်စင်အဆင့်သို့ သူရောက်ခဲ့သည်။ ယဲ့ဇီကျင်း၏ ကတိသစ္စာက ထိုသတ်မှတ်ချက်မျိုးမရှိသဖြင့် အကြမ်းဖျင်းလောက်သာ သူခန့်မှန်းနိုင်သည်။
လုယန်တွေးနေသည်။ သူ့အကိုနှစ်၏ ကတိသစ္စာက နည်းနည်းမြင့်လွန်းနေသည်ဟု ထင်မိသည်။ တကယ်ရော ဖြည့်ဆည်းနိုင်ပါ့မလားမသိ။
"နေပါဦး အကိုနှစ်၊ အကိုက ဘုန်းကြီးမှမဟုတ်တာ။ မဟာကတိသစ္စာကျင့်စဉ်ကို ကျင့်လို့ရလို့လား"
ထိုကျင့်စဉ်တွင် ကန့်သတ်ချက်တစ်ခုခုတော့ ရှိရမည်။
"ငါဘုန်းကြီးမဟုတ်ဘူးလို့ ဘယ်သူပြောလဲ"
ယဲ့ဇီကျင်းက ဆံပင်တုကို ဖျတ်ခနဲဆွဲချွတ်လိုက်သည်။ သီလလက္ခဏာအမှတ်အသားကိုးခုနှင့် ပြောင်လက်နေသည့်ကတုံး ပေါ်လာသည်။
"ငါခုနက ခုန်ရှင်းလို တမင်ဟန်ဆောင်ခဲ့တာလို့ မင်းထင်နေလား။ ငါက ဗုဒ္ဓနိုင်ငံမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ ဘုန်းကြီးပါ"
ထိုသို့ပြောရင်း ယဲ့ဇီကျင်း ဆံပင်တုတပ်၍ မှတ်ပုံတင်အတုတစ်ခု ထုတ်ပြသည်။ မှတ်ပုံတင်ရန် ရုပ်ဖျက်ဖို့သုံးခဲ့သည့် ပစ္စည်းများလည်း ထုတ်ပြသည်။
ဗုဒ္ဓနိုင်ငံသည် ဥပဒေစည်းမျဉ်းကို ဦးစားမပေး။ ထို့ကြောင့် စာရွက်စာတမ်းအတုလုပ်သည့်ကိစ္စကို ယဲ့ဇီကျန်းစိတ်ထဲ စနိုးစနောင့် လုံးဝမဖြစ်။
"ဒါပေမယ့် မှတ်ပုံတင်တာတို့ ကတုံးရိတ်တာတို့က အပေါ်ယံကိစ္စတွေပါ။ အရေးကြီးဆုံးက စိတ်သန္တာန်မှာ ဗုဒ္ဓရှိနေဖို့ပဲ"
ယဲ့ဇီကျန်း အော်မီတော်ဖော်ရွတ်သည်။ တကယ့်ဉာဏ်အလင်းရကိုယ်တော်တစ်ပါးနှင့် တူနေသည်။ အပြင်ထွက်၍သာ လိမ်စားမည်ဆိုလျှင် လူအားလုံးကိုလိမ်နိုင်လောက်သည်။
"စိတ်ထဲမှာဗုဒ္ဓရှိရမယ်ပေါ့..."
သိစိတ်နယ်မြေတွင် နတ်မယ်က ကုတင်ပေါ်တွင် ခေါင်းဦးတစ်လုံးဖြင့် လူးလှိမ့်နေသည်။ ဣန္ဒေသိက္ခာ တစ်စက်မှမရှိ။ ယဲ့ဇီကျင်းစကားကိုကြားပြီးနောက် သူစိတ်ဝင်စားလာသည်။
"ရှောင်ယန်၊ ငါကနင့်စိတ်ထဲမှာ အခုရှိနေတာပဲလေ။ ဒီတော့နင်က အစစ်မှန်ဆုံးဗုဒ္ဓကျင့်ကြံသူပဲ"
သိစိတ်နယ်မြေတွင်နေထိုင်သည့် လောကအရှင်က နေ့ရောညပါ တရားပြနေသည်။ လုယန်ထက်ပိုစစ်မှန်သည့် ဗုဒ္ဓကျင့်ကြံသူဟူ၍ မရှိနိုင်တော့။
"ပြီးတော့ သေဟန်တောင်ပညာလည်း ငါ့ဆီကသင်ထားတယ်။ ဒီတော့ နင်က ငါ့တပည့်ပဲ။ လောကမှာရှိတဲ့ ဗုဒ္ဓကျင့်ကြံသူအားလုံး နင့်ကို ဘိုးဘေးကိုယ်တော်လို့ ခေါ်ရမှာပါ"
ရှောင်ယန်ထိုအဆင့်အတန်းမျိုး ရထားသဖြင့် သူပျော်သည်။
လုယန် မျက်ခုံးလှုပ်သွားသည်။ နတ်မယ်ပြောသည့်စကားများက ယုတ္တိကျသည်။ သို့သော် တစ်ခုခုတော့ လွဲနေသလို ခံစားရသည်။
"ငါဗုဒ္ဓနိုင်ငံကိုရောက်တာ နှစ်တွေကြာတော့ ဗုဒ္ဓနိုင်ငံက အမြဲဖုံးဖိထားခဲ့တဲ့ လျှို့ဝှက်ချက်ကြီးတစ်ခုကို ငါသိလာတယ်"
"ဘာလျှို့ဝှက်ချက်လဲ"
"ကျောင်းထိုင်ကိုယ်တ်ောမိန်ယုကို သိတယ်မဟုတ်လား။ အပြင်လူတွေကသူ့ကို ကူးဖြတ်ခြင်းထိပ်တန်းအဆင့်လို့ပဲ ထင်ကြတာ။ ဒါပေမယ့် တကယ်တော့သူက အရိယဖလသန္ဓေရထားတဲ့ မသေမျိုးတစ်ဝက်ပဲ"
"ဪ...အင်း..ဒါဆို လျှို့ဝှက်ချက်ဆိုတာက ဘာလဲ"
ယဲ့ဇီကျင်း တွေးမရအောင်ဖြစ်သွားသည်။ သူ့ညီက အပြင်လောကမသိကြသည့် မသေမျိုးတစ်ဝက်အကြောင်းကို ဘာကြောင့်သာမန်ကိစ္စလို ပြောနေသည်မသိ။
"အချိန်မသေမျိုးနဲ့ ပတ်သက်တာတစ်ခုခုရှိမယ်လို့ ယူဆရတဲ့ သဲလွန်စတစ်ခုလည်းတွေ့ထားပါတယ်"
နောက်ကိစ္စတစ်ခု သူထပ်ပြောလိုက်ရသည်။
"ဘယ်မှာရှိတာလဲ"
"မိုးပျံဘုံကျောင်းရဲ့ မဟာဝိဟာရခန်းမမှာပဲ။ အဲဒီ့မှာ အချိန်မသေမျိုးရဲ့ မှော်ရတနာတစ်ခုရှိမယ်ထင်တယ်။ ဒါပေမယ့် အကာအကွယ်တင်းကြပ်လွန်းတော့ ငါအထဲကိုခိုးဝင်လို့မရဘူး"
ယဲ့ဇီကျင်းက သူ့ခန့်မှန်းချက်ကို ယုံကြည်ထားသည်။
"နတ်မယ်၊ မဟာဝိဟာရခန်းမက တစ်ခုခုထူးခြားတာရှိလား'
နတ်မယ်က မသေမျိုးအာရုံဖြန့်၍ အကာအကွယ်မှော်စက်ဝန်းများကို ထိုးဖောက်ပြီး မဟာဝိဟာရခန်းမကို စစ်ဆေးကြည့်သည်။
"ဘာမှမထူးခြားပါဘူး။ ငါ့ဖန်တီးထားတဲ့ခန်းမထက် နည်းနည်းပိုကြီးတာပဲရှိတယ်"
"တစ်ခြားသဲလွန်စတွေ့သေးလား"
"ကျမ်းစာတိုက်ကလည်း ပုံမှန်မဟုတ်ဘူး။ ပထမထပ်မှာ လောကအရှင်ဉာဏ်အလင်းပုံရိပ်တို့၊ အချိန်မသေမျိုးရဲ့မှော်ရတနာတို့ ဝက်ထားတယ်လို့ ကောလဟာလကြားတယ်။ ဒီည ကျမ်းစာတိုက်ကို ငါခိုးဝင်ပြီး ရှာကြည့်တယ်။
ဒါပေမယ့် ဘာမှရှာမတွေ့ခင် တံမျက်စည်းလှည်းတဲ့ကိုယ်တော်တစ်ယောက်က ငါ့ကိုမိသွားတယ်လေ"
ဉာဏ်အလင်းပုံရိပ်ပန်းချီအကြောင်း နတ်မယ်ထံမှ လုယန်သိထားသည်။ ဗောဓိပင်အောက်မှ ဗုဒ္ဓ၏ဝိုးတဝါးပုံရိပ်တစ်ခုသာဖြစ်သည်။ ဘာမှထူးဆန်းသည်မဟုတ်။ ယင်ထန်မသေမျိုး၏ပုံရိပ်ကို တိုက်ရိုက်အာရုံသွင်းသလောက် အကျိုးမရှိ။ မှော်ရတနာဆိုသည်ကလည်း အချိန်မသေမျိုးနှင့် ပတ်သက်ချင်မှပတ်သက်မည်။
ကျမ်းစာတိုက်ပထမထပ်မဆိုထားနှင့်။ ကျမ်စားတိုက်တစ်ခုလုံးရှာခဲ့သည့် နတ်မယ်ပင် အဖိုးတန်ပစ္စည်း ဘာမှမတွေ့ခဲ့။
"တစ်ခြားဘာသိထားသေးလဲ"
"နောက်ဆုံးသဲလွန်စတစ်ခုရှိသေးတယ်။ မျိုးပျံဘုံကျောင်းမှာ ကိုယ်တော်မိန်ယုပဲသိတဲ့ လျှို့ဝှက်မြေတစ်ခုရှိတယ်။ နှစ်တိုင်း အခြေတည်အဆင့်ကိုယ်တ်ောတွေကိုစုစည်းပြီး လျှို့ဝှက်မြေတစ်ခုကို ခေါ်သွားတယ်။ အထဲမှာဘာရှိလဲ ဘယ်သူမှမသိဘူး။
ဝင်သွားတဲ့ကိုယ်တော်တွေလည်း ပြန်ထွက်လာရင် ဘာမှမမှတ်မိကြတော့ဘူး။ မှတ်ဉာဏ်အားလုံးပျောက်သွားတယ်။ အဲဒီ့လျှို့ဝှက်မြေမှာ အချိန်မသေမျိုးချန်ထားခဲ့တာတစ်ခုခု ရှိနိုင်တယ်"
*************************************
အခန်း (၁၀၄၁) နားလည်သလား
"လျှို့ဝှက်မြေလား။ ဒါဆိုရင် အထဲဝင်ဖို့ နည်းလမ်းတစ်ခုရှာမှထင်တယ်"
လုယန် သူ့ဘာသာရေရွတ်သည်။ သူ့အကိုနှစ်သည် နှစ်ပေါင်းများစွာ ဗုဒ္ဓနိုင်ငံတွင် စုံစမ်းခဲ့သော်လည်း အသုံးတည့်မည့် သဲလွန်စ တစ်ခုမှမရှာနိုင်ခဲ့။
ရှင်းတင်းက အရည်ချင်းရှိ၍ တော်သေးသည်။
"မင်းမှာနည်းလမ်းရှိလား"
"ချင်ဖုန်းဓားထဲမှာ ဘယ်သူမှအာရုံမခံနိုင်အောင် ကျုပ်ပုန်းလို့ရတဲ့ ကမ္ဘာငယ်တစ်ခုရှိတယ်။ မိုးပျံဘုံကျာင်းမှာ ကျုပ်ကို လျှို့ဝှက်မြေထဲ ခေါ်သွားပေးနိုင်တဲ့ ကိုယ်တော်လေးတစ်ယောက်နဲ့လည်း ကျုပ်ရင်းနှီးတယ်"
"ဒါဆိုကွက်တိပေါ့"
ယဲ့ဇီကျန်း ပြုံးလိုက်သည်။ လျှို့ဝှက်မြေသို့ဝင်ဖို့ကိစ္စ သူအတော်ခေါင်းစားနေခဲ့သည်။ ကိုယ်တော်တစ်ယောက်ကို ဝင်ပူးကပ်ဖို့ပင် စဉ်းစားခဲ့သည် ယခု သူ့ညီက သူ့ထက်ခြေလှမ်းသွက်နေသည်။
အမယွမ်သူ့ဆီပို့သည့်စာထဲတွင် သူ့ညီအကြောင်း ချီးကျူးထားသည်။ ကံကြမ္မာလည်း အတော်ကောင်းမွန်ကြောင်း အမွှန်းတင်ထားသည်။
လူတစ်ယောက်အပေါ် အမယွမ်၏အကဲဖြတ်မှုက ခါတိုင်းလိုပင် တိကျနေဆဲဖြစ်သည်။
"လျှို့ဝှက်မြေက ဘယ်တော့ဖွင့်မှာလဲ"
"နောက်နှစ်လအတွင်းဖွင့်မှာ"
"ဒါဆို ဗုဒ္ဓနိုင်ငံမှာ ကျုပ်ဆက်နေရဦးမယ့်ပုံပဲ"
အစက သူပြန်ဖို့ပြင်ထားသည်။ ရှင်းတင်းကိုလည်း ကောင်းကင်သခင်လက်ထဲ လွှဲပေးထားပြီးဖြစ်သည်။
ညီအကိုချင်းတွေ့ရခဲသည်ဖြစ်၍ ယဲ့ဇီကျင်းက အကိုကြီးတစ်ယောက်အနေဖြင့် လုယန်ကို ကောင်းကောင်းဧည့်ခံချင်သည်။
"သွားမယ် သွားမယ် သွားမယ်။ မင်းက မိုးပျံဘုံကျောင်းမှာ အမြဲပုန်းနေခဲ့ရတာဆိုတော့ အနောက်ကောင်းကင်မြို့တော်ထဲ လျှောက်မလည်ဖူးသေးဘူးမဟုတ်လား။ ငါမင်းကို လိုက်ပို့ပေးမယ်"
လုယန် မငြင်းတော့။ မိုးပျံဘုံကျောင်းမှ သူတို့ထွက်ခဲ့သည်။
"မဟုတ်ဘူး မဟုတ်ဘူး။ ဒီနေရာကတော့ လုံးဝအဆင်မပြေဘူး"
မီးရောင်းများလင်းထိန်ပြီး လူစည်ကားသည့် အိမ်တော်တစ်ခုရှေ့တွင် လုယန်ရပ်လိုက်သည်။ ရှေ့သို့ ခြေလှမ်းလုံးဝမတိုးတော့။
"ငါ့ညီက လူပျိုဘဝကို တကယ်တန်ဖိုးထားတဲ့ပုံပဲ"
ယဲ့ဇီကျင်းက ပြုံး၍စနောက်သည်။ လုယန်နည်းနည်းရှက်လာသဖြင့် စကားလမ်းကြောင်း အမြန်ပြောင်းလိုက်သည်။
"အကို၊ ဘာလို့ မိုးပျံဘုံကျောင်းခြေရင်းမှာ ဆောင်ကြာမြိုင်ရှိနေရတာလဲ"
ယဲ့ဇီကျင်းက ရယ်သည်။
"အနောက်ကောင်းကင်မြို့တာ်ကလူတိုင်း ဘုန်းကြီးမဟုတ်ဘူးလေ။ ဒီမြို့ဟာ အိမ်တိုင်းမှာ ဗုဒ္ဓရုပ်ထုတွေပူဇော်ကြတဲ့ ဗုဒ္ဓမြို့တ်ောတစ်ခုလို့ မင်းထင်ကောင်းထင်လိမ့်မယ်။ ဒါပေမယ့် တကယ်ယုံကြည်သက်ဝင်တဲ့လူတွေ ဘယ်လောက်များများရှိလို့လဲ။ အများစုက ဟန်ပြသက်သက်ပါပဲ။
လိုအပ်ချက်ရှိလာရင် စီးပွားရေးလုပ်ငန်းလည်း ရှိလာတယ်။ တစ်ခြားနေရာကလူတွေ ကောင်းကင်မြို့တော်မှာ အခြေချဖို့ နည်းလမ်းစုံသုံးပြီး ကြိုးစားကြတယ်။ မိုးပျံဘုံကျောင်းနဲ့နီးအောင် ကြိုးစားကြတယ်။
ယုံကြည်သက်ဝင်လွန်းလို့ သူတို့ဒီလိုလုပ်တယ်ထင်နေလား။ ဘယ်ဟုတ်မလဲ။ စိတ်သက်သာရာရဖို့ စိတ်အေးချမ်းဖို့ ဝင်ခိုလှုံရုံလောက်ပါပဲ။ စိတ်အေးချမ်းအောင် ဘယ်လိုလုပ်သလဲ။ မွှေးတိုင်တွေ မီးရှို့၊ ဆုတောင်းစာတွေရွတ်၊ မွှေတိုင်အလှူငွေ့ထည့်ရုံပဲလေ။ ကျန်တာအားလုံး ဗုဒ္ဓကတာဝန်ယူသွားမှာလေ"
ယဲ့ဇီကျင်း ပုခုံးတစ်ချက်တွန့်ပြသည်။
"အနည်းဆုံးတော့ သူတို့ယုံကြည်ထားတာ အဲလိုမျိုးပါပဲ။ ငါလည်း လူပျိုဘဝကို တန်ဖိုးထားတဲ့ ကျင့်ကြံသူပါ။ ဒါပေမယ့် ဆောင်ကြာမြိုင်တွေက သတင်းစုံစမ်းဖို့ အလွယ်ဆုံးနေရာလေ။ အဲလိုသတင်းရဖို့အတွင် ငါ့ကိုယ်ငါ အနစ်နာခံပြီး ဒီကိုလာရတာပါ"
"အကို့ရဲ့အသွင်ပြောင်းပညာနဲ့ဆို ကိုယ်တော်တစ်ယောက်ယောက်လို အသွင်ပြောင်းပြီး မိုးပျံဘုံကျောင်းကို ဝင်လို့မရဘူးလား"
လုယန် စဉ်းစားမရ။ အကိုနှစ်၏ အသွင်ပြောင်းပညာသည် မယုံနိုင်လောက်အောင် အဆင့်မြင့်သည်။ ဘုံကျောင်းအကြီးအကဲများကို သေချာပေါက်လှည့်စားနိုင်သည်။ ထိုနည်းလမ်းက သတင်းရဖို့ ပိုလွယ်ကူမည်ထင်သည်။
ယဲ့ဇီကျင်း သက်ပြင်းချသည်။
"ငါအဲလို မစမ်းကြည့်ခဲ့ဖူးထင်လို့လား အစက ငါ့ကျင့်စဉ်အဆင့်ကိုနှိမ့်ပြီး ဆွမ်းချက်ဆောင်ကိုယ်တော်အဖွဲ့ထဲ ဝင်ရောတယ်။ တစ်ခါတစ်လေ ငါ့စွမ်းအားကို မသိမသာထုတ်ပြပြီး တစ်ခြားလူတွေကို ထိန်းတာကလွဲရင် အမြဲတမ်းခပ်လျှိုလျှိုနေခဲ့တယ်။ စွမ်းချက်ဆောင်ကိုယ်တော်တွေ လုံးဝမရိပ်မိဘူး။
ဒါပေမယ့် တစ်နေ့တော့။ စားဖိုမှူးကိုယ်တော်က ထမင်းချက်တာ နည်းသွားတယ်။ သိုင်းကိုယ်တော်အဖွဲ့ခေါင်းဆောင်အလှည့်ရောက်တော့ ထမင်းလုံးဝမကျန်တော့ဘူး။ ဘုံကျောင်းတစ်ခုလုံးမှာ မစားရတာဆိုလို့ သူတစ်ယောက်ပဲကျန်တာ။ အခြေအနေက အတော်ကမောက်ကမဖြစ်လာတယ်။
ငါက အဆင်ပြေအောင် ဖြန်ဖြေတဲ့အနေနဲ့ သူ့ကိုသွားပြောလိုက်တယ်။ "လူပျောက်မသွားဘဲ ထမင်းခွက်ပျောက်တာမို့လို့ တော်သေးတာပေါ့"လို့လေ။ အဲဒီမှာ ငါ့ကို ရိပ်မိသွားကြတာပဲ။
ငါအဲလိုပြောဖို့ ရည်ရွယ်ခဲ့တာမဟုတ်ပါးဘူး။ စကားလုံးတွေက ငါ့ပါးစပ်ထဲရောက်မှ ပြောင်းသွားတာပါ"
အကြပ်ရိုက်နေဟန်ဖြင့် ယဲ့ဇီကျင်းခေါင်းခါသည်။ သက်ပြင်းချ၍ လုယန်ကို ရှင်းပြသည်။
"အဲဒါ ရွှေသန္ဓေအဆင့်ကနေ စွဲကပ်လာတဲ့ အကျင့်ဆိုးပဲ။ စုစည်းခြင်းအဆင့်ရောက်တဲ့အထိ ဒီအကျင့်ဆိုးက ကျန်နေတယ်။ ဒါကြောင့်လည်း တစ်ခါတစ်လေ အခြေအနေနဲ့မသင့်တော်တဲ့စကားတွေ ငါပြောမိတာ။
မင်းက လူ့သဘာဝကို အတော်နားလည်တဲ့လူပဲ။ ငါပြောတာကို နားလည်တယ်မဟုတ်လား ညီလေး"
"...ကျုပ်သိပ်တော့ နားမလည်သလို"
ညီဖြစ်သူက ဆောင်ကြာမြိုင်သို့ မသွားလိုသဖြင် ယဲ့ဇီကျင်း ဟော့ပေါ့ဆိုင်တစ်ခုသို့ ခေါ်သွားသည်။
"ဒါဗုဒ္ဓနိုင်ငံရဲ့ အထူးအစားအသောက်ပါ။ တစ်ခြားနေရာတွေမှာ ရှာမတွေ့တိုင်ဘူး။ ဗုဒ္ဓတစ်နိုင်ငံလုံးမှာ အစစ်မှန်ဆုံး ဟူဟူဟော့ပေါ့ပဲ"
မဟာရှားမှတစ်ဆင့် ပြန့်နှံ့လာသည့် ဟော့ပေါ့အမျိုးအစားဖြစ်သည်။ ဗုဒ္ဓနိုင်ငံသို့ရောက်ပြိးနောက် ဉာဏ်ရည်မြင့်သူများက ကြိုးစားပမ်းစား ပြုပြင်ပြောင်းလဲကြသည်။
ပြုပြင်ပြောင်းလဲမှုက အဆင့်မြှင့်လွန်းသဖြင့် မဟာရှားမှလူများပင် ထိုဟော့ပေါ့ကို သူတို့နိုင်ငံမှပြန့်နှံ့လာသည့် ဟော့ပေါ့်ဖြစ်မှန်း မသိကြတော့။
ပွက်ပွက်ဆူနေသည့် ညိုညစ်ညစ်အိုးကိုကြည့်၍ လုယန် စားချင်စိတ်ကုန်သွားသည်။
သို့သော် မစားလျှင်လည်း သူ့အကိုကို အားနာစရာကောင်းသည်။
သူအလျင်စလို မစားရဲ။ ဘေးပတ်လည်ကို မျက်လုံးဝေ့ကြည့်သည်။ စားသောက်နေသူအားလုံး ကျင့်ကြံသူများဖြစ်နေသည်ကို တွေ့လိုက်ရသည်။
"အကို၊ ဒီဆိုင်က ကျင့်ကြံသူတွေအတွက် သီးသန့်-.."
သူအမေးမဆုံးမီ ယဲ့ဇီကျန်းက ပွက်ပွက်ဆူနေသည့်အိုးထဲမှ အသားတုံးများကို နှိုက်ဆယ်လိုက်သည်။ ထို့နောက် အူတူတူမျက်နှာဖြင့် မော့ကြည့်လာသည်။
"ခုနက ဘာမေးတာလဲ"
"ဘာမှမဟုတ်ပါဘူး"
ကြည့်နေရင်း လုယန် မျက်ခုံးလှုပ်လာသည်။ ကျင့်ကြံသူများသာ လာစားကြသည်မှာ မဆန်းတော့။ ကျင့်စဉ်စွမ်းအားမရှိလျှင် စားပင်စားနိုင်မည်မဟုတ်။
ကန္တာရထူပြောပြီး စိုက်ပျိုးသီးနှံရှားပါးသဖြင့် ဗုဒ္ဓနိုင်ငံမှလူများ လက်ဖြင့်စားသောက်သည်ကို အကျင့်ဖြစ်လာသည်။
ယဲ့ဇီကျင်းက စားနေသဖြင့် လုယန်လည်း မတတ်သာတော့။ လည်ပင်းကိုဆန့်၍ တစ်ခြားလူများလို အိုးထဲမှအစားအသောက်ကို လက်ဖြင့်နှိုက်လိုက်သည်။
စားသောက်ပုံနှင့်ပတ်သက်သည့် စိတ်ဖိအားကို ကျော်လွှားပြီးနောက် အရသာကို ကျော်လွှားဖို့ ကြိုးစားရပြန်သည်။
တကယ်ဆိုးဝါးလှသည့်။
"ငါမြည်းကြည့်ရမလား"
နတ်မယ် စိတ်ဝင်စားမှုမြင့်တက်လာသည်။ ခန္ဓာကိုယ်လွှဲယူပြီး အိုးထဲမှအစားအသောက်ကို လက်ဖြင့်နှိုက်ဆယ်သည်။
"အား...တကယ်ဆိုးဝါးတာပဲ"
ဆိုးဝါးသည့်အစားအသောက်ကို ကြိတ်မှိတ်မျိုချပြီးနောက် နောက်ထပ်ထူးထူးဆန်းဆန်းနေရာများသို့ သူ့အကိုဆက်ခေါ်သွားမည်စိုးသဖြင့် ဆက်သွယ်ရမည့်နည်းလမ်းတစ်ခု ချန်ထားပြီး ထွက်သွားရန် အကြောင်းပြချက်တစ်ခုရှာသည်။
"အကို၊ နောက်နှစ်လလောက်နေရင် ကျုပ်ဂိုဏ်းကိုပြန်မျာ။ အကိုကျုပ်နဲ့အတူ ပြန်လိုက်ခဲ့မလား"
လျှို့ဝှက်မြေမှာပင် အချိန်မသေမျိုး၏သဲလွန်စမတွေ့လျှင် ဗုဒ္ဓနိုင်ငံတွင် ဆက်နေစရာမကြောင်းမရှိတော့ဟု လုယန်ယူဆသည်။
အချိန်အတော်ကြာပြီဖြစ်၍ အမယွမ်လည်း စိတ်ပူနေလောက်သည်။
ယဲ့ဇီကျင်း ခဏစဉ်းစားသည်။
"အဲဒါကောင်းမယ်ထင်တယ်။ ဂိုဏ်းကိုမပြန်ဖြစ်တာ အတော်ကြာပြီ။ ဪ ဒါနဲ့..ဆရာက ခါတိုင်းလိုပဲ ဂိုဏ်းမှာမရှိဘူးမဟုတ်လား"
"မရှိဘူး။ ဆရာနဲ့မတွေ့တာ နှစ်နှစ်ရှိကြီ။ အပြင်လောကမှာ ရန်သူတွေနဲ့ရင်ဆိုင်ဖြေရှင်းရင်း အလုပ်များနေတယ်ကြားတယ်။ ပြန်လာဖို့အချိန်ရဘူးတဲ့"
"အဲလိုဆို ကောင်းတာပေါ့"
ယဲ့ဇီကျင်း စိတ်သက်သာရာရသွားသည်။
"ဗုဒ္ဓနိုင်ငံမှာ ကူးဖြတ်ခြင်းအဆင့်တစ်ချို့ကို ဒေါသထွက်အောင် ငါအမှတ်တမဲ့ လုပ်လိုက်မိတယ်။ ဒီတော့ သူတို့ကို ဆရာ့ဆီ အာရုံလွှဲပေးလိုက်ရတယ်"
"...ဆရာ့ရန်သူအရေအတွက် လျော့မသွားတာ မဆန်းတော့ပါဘူး"
လုယန် သိုင်းကိုယ်တော်အဖွဲ့သို့ပြန်သည်။ ရှင်းတင်းက အိပ်ပျော်နေသည်။
အစောပိုင်းက ယဲ့ဇီကျန်းနှင့် ဘုံကျောင်းအကြီးအကဲများ ကောင်းကင်၍တိုက်ခိုက်ချိန်တွင် ဆူဆူညံညံအသံများကြောင့် ရှင်းတင်းနိုးလာသည်။ သို့သော် အသံကာမှော်စက်တန်းတစ်ခုဖန်တီးပြီး သူဆက်အိပ်သည်။
ယဲ့ဇီကျင်းတို့တိုက်ပွဲသည့် သူ့အတွက်အရေးမကြီး။ အထူးတလည်ထကြည့်နေစရာ အကြောင်းမရှိ။
ချင်ဖုန်းဓားကမ္ဘာငယ်သို့ ဝင်လာချိန်တွင် လှပသေသပ်သည့် သစ်သားအိမ်ငယ်တစ်လုံးရှိနေသည်ကို လုယန်တွေ့လိုက်ရသည်။ တကယ်အပင်ပန်းခံကြိုးစားထားသည့် လက်ရာဖြစ်သည်။
ချင်ယန်က လက်ဝါးနှစ်ဘက်ပွတ်၍ ပြုံးဖြီးဖြီးမျက်နှာဖြင့်ပြောသည်။
"ဒီမှာ နေစရာဘာမှမရှိတော့ သခင်တို့အဆင်မပြေဖြစ်မှာ စိုးရိမ်လို့ ဒီသစ်သားအိမ်လေးကို ကျုပ်တို့ဆောက်လိုက်တာပါ။ ဒီအိမ်လေးကို သခင်လေးတို့သဘောကျရင် ကျုပ်တို့ကြေနပ်ပါပြီ။
တကယ်လို ဒီဇိုင်းပုံစံကို သဘောမကျဘူးဆိုရင်လည်း ကျုပ်တို့သုံးယောက် အသစ်ပြန်ဆောက်ပေးပါ့မယ်"
*******************************