အကြီးအကဲရဲ့ လျှို့ဝှက်ချက်
Vol. 4 Ch. 47
လေပြည်စီးကြောင်း မျိုးနွယ်အပိုင် ရွှံ့ကျောက်သား နံရံတွေကြား စုမင်တစ်ယောက် တိတ်တဆိတ် လမ်းလျှောက်လာသည်။ သူ့ရှေ့မှ လမ်းပြဖြစ်သူ၏ မောက်မာ ထောင်လွှားနေသည့် အရိပ်အငွေ့များကို စုမင် သေချာမြင်တွေ့နေရ၏။
'သူ့မှာ ထောင်လွှားခွင့် ရှိတာကိုး ...'
စုမင်က အရှေ့မှ မြို့တော်နှင့် ရွှံကျောက်သားအိမ်များကို ကြည့်လိုက်သည်။ စိတ်ထဲတွင် သူတို့မျိုးနွယ်စု၏ သစ်သားအိမ်များ၊ သားရဲအရေများနှင့် တည်ဆောက်ထားသည့် အိမ်များကို သတိရမိသည်။ မျိုးနွယ်စုနှစ်ခုကြား နှိုင်းယှဉ်ရက်စရာ မရှိအောင် ကွာခြားချက် ကြီးလွန်းလှပေသည်။
ခရီးစဉ်အတွင်း စုမင်မှာ လေပြည်စီးကြောင်းမျိုးနွယ်ဝင် အမြောက်အမြားကို တွေ့ခဲ့ရသည်။ အမှန်ပြောရရလျှင် သူ့ဘဝ၏ (၁၆) နှစ်တာ ကာလအတွင်း ဤမျှလောက် များပြားသည့် မာန်စွမ်းအားရှင်များကို မတွေ့ဖူးပေ။ မြို့ကြီးမှာ လှုပ်ရှားသွားလာမှုတို့နှင့် သက်ဝင် နိုးကြားနေသည်။ အမျိုးသားများနှင့် အမျိုးသမီးများ ဝတ်ဆင်ထားသည် သားရဲအရေ အထည်များပင် စုမင်တို့ထက် အရည်အသွေးကောင်းနေ၏။
မျိုးနွယ်စုတွင် အကြီးအကဲများသာ ဝတ်ဆင်လေ့ရှိသည့် ချည်ထည်ကြမ်း ဝတ်ထားတဲ့သူ တချို့ကိုလည်း တွေ့ရသေး၏။ သူတို့အားလုံးတွင် အားကောင်းပြင်းထန်သည့် ချီစွမ်းအင်များ အသီးသီး ပိုင်ဆိုင်ထားကြလေ၏။
''အလယ်အလတ်တန်းစား မျိုးနွယ်...”
စုမင် ပတ်ဝန်းကျင်ကို ကြည့်ပြီး အဝေးက နံရံတွေထိ ရှုမျှော် ကြည့်လိုက်သည်။ လေထဲ၌ရှိခဲ့စဉ် နက်မှောင်တောင် မျိုးနွယ်စုကဲ့သို့ အခြား မျိုးနွယ်စုခြောက်ခုအား မြို့နံရံအပြင်ဘက်တွင် မြင်ခဲ့ရသည်။ မြို့သားများမှာ မြို့တွင်းတွင် အမြဲတမ်း နေထိုင်ခွင့် မရှိကြောင်း ထင်ရှား၏။ ၎င်းတို့မှာ မြို့ပြင်တွင် နေထိုင်ကြလေသည်။
ကုန်သွယ်ရေးအတွက် အသုံးပြုသည့် အိမ်အတော်များများကိုလည်း စုမင်တွေ့ခဲ့ရသည်။ အိမ်ထဲတွင် လူအများအပြား မရှိသော်ငြား အိမ်ထဲက ထွက်သူဝင်သူ အားလုံးကို ကြည့်ရင်း စုမင်ရင်မှာ ခုန်နေမိသည်။
သူတို့ လျှောက်နေသည့် မြေမှာ ဖုန်မှုန့်တို့နှင့် ပြုလုပ်ထားခြင်း မဟုတ်ဘဲ အမည်မသိ နည်းလမ်းများနှင့် ကျောက်တုံးတို့ကို ပြားချပ်နေအောင် ဖိကပ်ထားခြင်း ဖြစ်သည်။ စုမင် ထိုလမ်းပေါ် ခြေချမိသည့်အခါ မြေပြင်က မာကျောနေသည်။ ခါတိုင်း ပျော့ပျော့ပျောင်းပျောင်း မြေသားကို လျှောက်နေကျဖြစ်သည့် စုမင်အတွက် နေသားမကျ ဖြစ်နေသည်။
ရွှံကျောက်သားမြို့နံရံတို့၏ ပေတစ်ရာအထက်တွင် ချိတ်ဆွဲထားသည့် ကြီးမားလှသော လေးကိုင်း အမြောက်အမြားကိုလည်း စုမင်တွေ့ခဲ့ရသည်။ ၎င်းတို့မှာ ပကတိ အနက်ရောင်ဖြစ်ပြီး ရက်စက်ကြမ်းကြုတ်သည့် အရှိန်အဝါများ ထွက်ပေါ်နေ၏။ ကြည့်မိသူတိုင်း ကျောရိုးတစ်လျှောက် စိမ့်တက်သွားမည်မှာ အသေအချာပင်။
"မင်း ကြည့်လို့ ပြီးပြီလား”
စုမင် ဘေးပတ်ဝန်းကျင်အပေါ် အာရုံဝင်စားနေသည်ကို စူးရှသည့် အသံတစ်ခုက လှုပ်နိုးလိုက်သည်။ ၎င်းမှာ လေပြည်စီးကြောင်း မျိုးနွယ်စု၏ လမ်းပြဖြစ်ပြီး သူက စုမင်အား ပြုံးလျက် ကြည့်နေသည်ကို တွေ့လိုက်ရ၏။
သူ့အပြုံးတွင် မောက်မာသည့် အရိပ်အငွေ့များ ရှိနေခဲ့ခြင်းက ၎င်းအား လှောင်ပြုံးတစ်ခု ဖြစ်သွားစေသည်။ သူသည် စုမင်အား ရယ်မောနေခြင်း မဟုတ်ဘဲ ဒီကိုရောက်လာသည့် မျိုးနွယ်စုငယ်တိုင်း၏ တူညီသည့်အံ့ဩမှင်တက်မှုကို လှောင်ရယ်နေခြင်း ဖြစ်သည်။
"မင်းနောက်မှ ပြန်ကြည့်လို့ ရတယ်။ ဒီမှာ ခဏလောက် နေရဦးမှာမို့လို့ ကြိုက်တဲ့အချိန် လျှောက်ကြည့်ပေါ့။ ညဘက်မှ အိမ်အပြင်ထွက်ပြီး လမ်းလျှောက်ကြည့်ဖို့ အကြံပေးချင်တယ်။ မင်းတို့ မျိုးနွယ်စုငယ်တွေရဲ့ ညရှုခင်းက လေပြည် စီးကြောင်းလို ညရှုခင်းနဲ့ လုံးဝ ယှဉ်သာနိုင်မှာ မဟုတ်ဘူး”
"အခုတော့ ငါ့နောက်ကိုပဲ လိုက်ခဲ့ဦး။ အကြီးအကဲကို အကြာကြီး စောင့်ရစေလို့ မဖြစ်ဘူး”
အဆိုပါ မျိုးနွယ်ဝင်က စုမင်ပခုံးကို ပုတ်လိုက်သည်။ ထို့နောက် ပိုမိုမြန်ဆန်သော အလျင်နှင့် ဆက်လျှောက်သွားလေ၏။
စုမင်လည်း တိတ်တဆိတ် နောက်မှ လိုက်သွားလေသည်။
ရွှံ့ကျောက်မြို့တော် အလယ်ဗဟိုမှ ပဉ္စဂံပုံ ယဇ်တိုင်ကြီးအတွင်းတွင် လျှို့ဝှက်အခန်းငယ် သုံးခု ရှိလေသည်။ ရုပ်နယ်လွန်အဆင့် ရောက်ရှိထားသူ၊ လေပြည်စီးကြောင်း မျိုးနွယ်စု၏ အကြီးအကဲ ခရမ်းရောင်ဝတ် အမျိုးသားက လျှို့ဝှက် ခန်းတစ်ခုထဲတွင် တင်ပျဉ်ချိတ် ထိုင်နေ၏။ နက်မှောင်တောင်၏ အကြီးအကဲ မော့စန်းမှာ သူ့နှင့်မျက်နှာချင်းဆိုင်တွင် တည်ငြိမ်စွာ ထိုင်လျက် ရှိ၏။
သူတို့အလယ်တွင် စစ်တုရင်ပြားတစ်ချပ် ရှိနေသည်။ စစ်တုရင် နယ်ရုပ်များကို သားရဲအရိုးတို့နှင့် ပြုလုပ်ထားပြီး အစွန်းဘက်မှာ ကြမ်းတမ်းမာကျောနေ၏။ စစ်တုရင်ပြားကိုမူ ကျောက်တုံးကြီးတစ်ခုကိုယူလျက် စတုဂံပုံ ထွင်းထုထားခြင်း ဖြစ်သည်။
စစ်တုရင်ပြားအပြင် ၎င်းတို့၏ လက်တစ်ဖက်စီတွင် လက်သီးဆုပ်အရွယ် ရှိသည့် ကျောက်ခွက်တစ်ခုစီ ကိုင်ထား၏။ ခွက်များမှာ အငွေ့တထောင်းထောင်း ထနေပြီး မွှေးပျံ့လွန်းသည့် ရနံ့က အခန်းထဲ လွင့်ပျံ့လျက် ရှိသည်။
"မော့စန်း... မင်းပြန်လာတုန်းက ငါ့ကို ဒီစစ်တုရင်နဲ့ စစ်တုရင်နယ်ရုပ်တွေ ပေးသွားတယ်။ ဘယ်လို ကစားရလဲ ဆိုတာတောင် သင်ပေးတယ်။ အထီးကျန်ခြင်းကို ရှောင်ဖယ်လိုပြီး မင်းရဲ့ပျင်းရိမှုကို ကုသပေးမယ့်လူ တစ်ယောက်ယောက်ကို အလိုရှိနေတယ် မဟုတ်လား”
ခရမ်းရောင် ဝတ်စုံရှင် အမျိုးသားက နယ်ရုပ်တစ်ခုကို ကောက်ကိုင်လိုက်ပြီး စစ်တုရင်ပြား တစ်နေရာပေါ် တင်လိုက်သည်။ ထို့နောက် သူက ခေါင်းမော့ကာ ပြုံးလေ၏။
"ဒီစစ်တုရင် ကစားနည်းဟာ တာအီယမျိုးနွယ်စုက လာတယ်။ ငါကြားဖူးတာက တာအိယ မျိုးနွယ်ဝင်တစ်ယောက်က ဟိုးဝေးလံခေါင်သီတဲ့ ဒေသတစ်နေရာက ပစ္စည်းတစ်ခုရဲ့ ပုံစံအတိုင်း ပြုလုပ်ခဲ့တာတဲ့။ နှမြောစရာပဲ။ ငါဒါကို မထိတာ အတော်ကြာပြီ။ အခုမှတော့ မင်းကိုငါ အနိုင်မရနိုင်တော့ပါဘူး”
အကြီးအကဲက နယ်ရုပ်တစ်ခုကို စစ်တုရင်ပြား၏ ထောင့်တစ်ခုတွင် တင်ပြီး တိုးညင်းစွာ ပြောလိုက်၏။
“မော့စန်း၊ မင်းကိုငါ အမြဲတမ်း လေးစားခဲ့တယ်”
ခရမ်းရောင် ဝတ်စုံရှင်က မော့စန်း၏ အိုမင်းညှိုးရော်နေသည့် သွင်ပြင်ကိုကြည့်ရင်း သက်ပြင်းချသည်။ ငယ်စဉ်အခါ အမှတ်ရစရာများက သူ့ခေါင်းထဲ ပေါ်လာခဲ့သည်။ ထိုစဉ်က သူ့ရှေ့မှ လူသည် အင်အားကြီးပြီး မာန်မာန ထောင်လွှားသည်။ ရွယ်တူထဲတွင် သူ့နာမည်ကို မသိသူ မရှိခဲ့။ ဘယ်သူ ထင်မလဲ။ အတိတ်က ပါရမီရှင် တစ်ယောက် ယခုလို အိုမင်းရင့်ရော်သူ ဖြစ်သွားလိမ့်မယ်ဟု။
"မင်းဟာ နက်မှောင်တောင် မျိုးနွယ်စုမှာတောင် မမွေးလာသင့်ဘူး။ မင်းသာ အကြီးအကဲရဲ့ ကတိကို သဘောတူပြီး သူ့ရဲ့မာန်သားတော်အဖြစ် နေဖို့ သဘောတူခဲ့ရင် အခု လေပြည်စီးကြောင်း မျိုးနွယ်စုရဲ့ အကြီးအကဲက ငါမဟုတ်ဘဲ မင်းဖြစ်နေမှာ”
“ဒါ့အပြင် မင်းဟာ ခက်ခဲတဲ့ ကျင့်ကြံခြင်း နည်းလမ်းတွေကို ရွေးမယ်လို့ မထင်ထားခဲ့ဘူး။ ငါ့ထက်အလျင် ရုပ်နယ်လွန်အဆင့်ကို ရောက်ရှိခဲ့သင့်တာပဲ။ မင်းဟာ သူ့ဘဝ တစ်သက်တာမှာ ရိုးရေစတေးအဆင့်ကို ရောက်ဖို့ အလားအလာအရှိဆုံး လူတစ်ယောက် ဖြစ်တယ်လို့ အကြီးအကဲက ငါ့ကို ပြောဖူးတယ်”
“ရိုးရေစတေးအဆင့်အကြောင်း ပြောလိုက်ချိန် သူ့မျက်လုံးထဲမှ အလင်းရောင်မှာ တစ်ချက်လက်သွားပြီး လိုအင်တပ်မက်မှုများနှင့် ပြည့်နှက်သွားလေ၏။
"ရိုးရေစတေး... ရိုးရေစတေး ... ၁၃ ခုမြောက် ကျောရိုးကို စတေးပြီး ကံကြမ္မာရဲ့ တံဆိပ်ခတ်ခြင်းကို ချိုးဖျက်ရမယ်။ အဲဒီနောက် ၁၃ ခုမြောက် ကျောရိုးကို စစ်မှန်တဲ့ မာန် အရိုး အဖြစ် ပြောင်းလဲပစ်ရမယ်”
ထိုအကြောင်းများကို ပြောဆိုနေခိုက် ခရမ်းရောင် ဝတ်စုံရှင်၏ မျက်လုံးထဲမှ အလင်းရောင်မှာ မှိန်ဖျော့သွားလေသည်။
"ငါမလုပ်နိုင်ဘူး ... "
မော့စန်းမှာ တိတ်ဆိတ်နေသည်။ ရုပ်နယ်လွန်အဆင့်အကြောင်း ပြောသံကြားရသည့်အခါ သူ့မျက်နှာတွင် ခါးသီးမှုနှင့် လွမ်းဆွတ်မှုတို့ ရှိနေ၏။
"မင်းသာ အဲဒီနှစ်မှာ အကြီးအကဲရဲ့ ကတိတောင်းခံမှုကို သဘောတူတဲ့အနေနဲ့ ဝမ်ယန်ကို ဇနီးအဖြစ် လက်ခံပြီး လေပြည်စီးကြောင်း မျိုးနွယ်စုထဲ ဝင်လိုက်မယ်ဆိုရင် မင်း ရိုးရေစတေး အဆင့် ရောက်ဖို့ အကြီးအကဲက သူ့မှာရှိသမျှ ရင်းမြစ်တွေအကုန် အသုံးပြုပြီး မင်းကို ကူညီမှာ။ မင်းသာ ရိုးရေစတေးအဆင့် ရောက်လို့ကတော့ လေပြည်စီးကြောင်း မျိုးနွယ်စုက ဒီနေရာလေးမှာ ပုန်းကွယ်ပြီး ဘယ်နေရပါ့မလဲ”
ခရမ်းရောင် ဝတ်စုံရှင်က ခါးခါးသီးသီး ပြုံးလေသည်။
“ကျင်းနန်... အရာအားလုံးက အတိတ်မှာ ကျန်ရစ်ခဲ့ပါပြီ”
"ဒါမှန်တယ်၊ အခုတော့ အတိတ်ဖြစ်သွားပြီ”
မော့စန်းက သူ့နာမည်ခေါ်ပြီး ပြောလိုက်သည့်အခါ ခရမ်းရောင်ဝတ်ရုံရှင်မှာ ခေါင်းခါယမ်းရင်း သက်ပြင်းချလိုက်သည်။
"ဒီတစ်ခေါက် မင်းရဲ့ မိတ်ဆွေဟောင်းကြီးကို တွေ့ချင်ရတဲ့ အကြောင်းရင်းက မင်းရဲ့ဘေးမှာ ရပ်နေတဲ့ ကလေးကြောင့် မဟုတ်လား။ အဲဒီကလေးက အဲဒီနှစ်က မင်းခေါ်လာခဲ့တဲ့ ကလေးလေးပဲ ဖြစ်ရမယ်”
ကျင်းနန်က မော့စန်းကို ကြည့်ရင်း ခပ်ဖြည်းဖြည်း ပြောလိုက်သည်။
"အဲဒါက တစ်ခုပေါ့”
မော့စန်းက ကျောက်ခွက်ကို မြှောက်ရင်း မှုတ်လိုက်သည်။ အပူငွေ့တချို့ လွင့်ပြယ်သွား အပြီး ညင်သာစွာဖြင့် တစ်ငုံ ငုံလိုက်လေ၏။
"ဒီတစ်ခေါက် သွေးလွှမ်းလက မဟူရာတောင်နဲ့ ဆက်စပ်နေတယ် ဆိုတာကို ငါအတပ် ပြောနိုင်တယ်။ မဟူရာတောင်က ပိထူဟာ နည်းလမ်း ရှာတွေ့သွားပြီပဲ ဖြစ်ရမယ်”
အကြီးအကဲက ကျောက်ခွက်ကို ချရင်း ပြောလိုက်၏။
"မင်းကိုငါ ဖုံးကွယ်မထားပါဘူး မော့စန်း။ သူက အချိန်မရွေး ရုပ်နယ်လွန် အဆင့်ကို တက်ရောက်လာနိုင်တယ်။ မော့စန်း ... သူ့ကို သတ်ပေးပါလို့ မင်း တောင်းဆိုလာခဲ့ရင် ...”
ကျင်းနန် ခေတ္တမျှ တွေဝေသွားပြီး ခေါင်းကို တွင်တွင်ခါယမ်းလေသည်။
"သူသာ ရုပ်နယ်လွန် အဆင့်ကို ရောက်သွားမယ်ဆိုရင် လေပြည်စီးကြောင်းအတွက် အရမ်းကို အကျိုးရှိမှာပဲ။ လွန်ခဲ့တဲ့ နှစ်တွေတုန်းက ငါ့ရဲ့တောင်းဆိုမှုကို မင်း သဘောတူခဲ့ရင်တောင် ငါလုပ်ပေးနိုင်မယ် မထင်ဘူး"
"ရပါတယ်”
အကြီးအကဲက ပေါ့ပေါ့ပါးပါး ပြုံးရင်း ပြန်ပြောလိုက်သည်။ သူ ဒီအဖြေကိုပဲ မျှော်လင့်ထားပြီး ဖြစ်သည်။ ကျင်းနန်သည် ထင်သလောက် ခင်မင်ဖွယ်ကောင်းသူ မဟုတ်ပေ။ သူတို့နှစ်ယောက်ကြားက သဘောထား ကွဲလွဲမှုကို သူ အသိဆုံး ဖြစ်၏။
“မင်းမှာလည်း မင်းရဲ့ပြဿနာတွေ ရှိတယ်။ ငါနားလည်တယ်၊ ဒါက ငါနဲ့သူကြားက ကိစ္စပဲ။ နောက်ဆုံးကျရင် ပြီးဆုံးသွားပါလိမ့်မယ် အခု ငါဒီကို လာတာကတော့ မင်းနဲ့ ကုန်သွယ်မှု လုပ်ချင်လို့”
"အို ဆက်ပါဦး”
လေပြည်စီးကြောင်း၏ အကြီးအကဲ ကျင်းနန်၏ မျက်လုံးထဲ အလင်းရောင်တစ်ခု ဖြတ်ပြေးသွားသည်။
အကြီးအကဲက တိုးညင်းစွာ ဆိုလိုက်၏။ သူ့အသံကို ကျင်းနန်သာ ကြားနိုင်သည်။ စကား ကြားပြီးနောက် ကျင်းနန်၏ အမူအရာက ထူးထူးခြားခြား ပြောင်းလဲမသွားပေ။ သို့သော် သူက မျက်လုံးများကိုမှိတ်ပြီး လေးလေးနက်နက် စဉ်းစားနေလေ၏။
အကြီးအကဲက သူ့ကို မတိုက်တွန်းပေ။ ထိုအစား ကျောက်ခွက်ကို ယူရင်း ခပ်ဖြည်းဖြည်း သောက်နေခဲ့၏။
အချိန်များ တရွေ့ရွေ့ ကုန်လွန်လာသည့်နည်းတူ အခန်းတစ်ခုလုံး တိတ်ဆိတ်ခြင်းသာ တစစ မင်းမူလာတော့၏။ သူတို့ကိုယ်တိုင်ပင် အချိန်မည်မျှ ကြာမြင့်သွားမှန်း မသိကြ။ ထိုအခိုက် တံခါး အပြင်ဘက်မှ ရိုသေလေးစားစွာဖြင့် လျှောက်တင်လိုက်သော အသံကို ကြားလိုက်ရသည်။
"အကြီးအကဲ၊ စုမင်ကို ခေါ်လာပါပြီ"
“အထဲကို လွှတ်လိုက်”
ကျင်းနန်၏ မျက်လုံးများမှာ ပိတ်ထားဆဲပင်။
တိတ်ဆိတ်နေသည့် အခန်းအလယ်တွင် တဖျတ်ဖျတ် လျှောက်လှမ်းလာသော ခြေသံတို့ နီးကပ်လာ၏။
စုမင် အလွန် စိတ်လှုပ်ရှားနေရာ တစ်လှမ်းချင်း လျှောက်သွားလေ၏။ အခန်းထဲတွင် အလင်းရောင် သိပ်မရှိပေ။ အမှောင်ပင် သန်းနေ၏။ စင်္ကြံအဆုံးထိ တိုးသွားချိန် အကြီးအကဲနှင့် ခရမ်းရောင် ဝတ်စုံရှင်ကို စုမင် မြင်လိုက်ရလေသည်။
အကြီးအကဲကို မြင်လိုက်ရမှ စုမင် စိတ်သက်သာသွားဟန်နှင့် သက်ပြင်းချလိုက်၏။
"စုမင် ငါ့ဆီလာခဲ့”
အကြီးအကဲက စုမင်ကို ပြုံးပြီး လက်ဝှေ့ယမ်းပြသည်။ စုမင်က အလျင်အမြန် ရှေ့သို့ တိုးသွားပြီး အကြီးအကဲ၏ အနောက်တွင် ဘာစကားမှမပြောဘဲ ခေါင်းငုံ့ရင်း ရပ်နေလိုက်သည်။
"မင်းရဲ့ ဒုတိယ တောင်းဆိုမှုက ဘာလဲ”
ခဏအကြာ ကျင်းနန်က သူ့မျက်လုံးများကို ဖွင့်ပြီး မေးလိုက်၏။ သူ့မျက်လုံးထဲမှ အလင်းရောင်သည် ခေတ္တမျှ တောက်ပနေခဲ့သည်။ သူက အကြီးအကဲမော့စန်းအား ကြည့်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။
"ငါမင်းရဲ့ မာန်သွေးတစ်စက် လိုချင်တယ်”
အကြီးအကဲကလည်း ကျင်းနန်အား ကြည့်ရင်း ထပ်တူအမူအရာနှင့် ပြောဆိုလိုက်၏။
ကျင်းနန် ချက်ချင်း မျက်မှောင်ကြုတ်သွားသည်။ မာန်စွမ်းအားရှင် အားလုံးတွင် မာန်သွေးကိုယ်စီ ရှိကြသော်လည်း သူသည် ရုပ်နယ်လွန်အဆင့်ရှိသည့် အစွမ်းထက် မာန်စွမ်းအားရှင် တစ်ယောက် ဖြစ်သည်။ သူ့ မာန်သွေးတစ်စက်က အလွန် အဖိုးတန်သည်။ တစ်စက်ထုတ်ပေးသည်နှင့် ယင်းကိုအစားထိုး ပြန်ရနိုင်ရန် အကြာကြီး ကျင့်ကြံယူရ၏။ ထူးခြားသော စွမ်းရည်ရှိကာ အများထက် သာလွန်သည့် မျိုးနွယ်စုဝင်များကိုသာ သူ၏မာန်သွေးသက်ကို ချီးမြှင့်ခဲ့သည်။
ကျင်းနန်က မော့စန်းကို ကျော်ပြီး စုမင်အား ကြည့်လိုက်သည်။
စုမင် ခေါင်းငုံ့ထားသော်လည်း သူ့အပေါ် ကျရောက်လာသည့် လူ၏အကြည့်ကို ခံစားနေရသည်။
"ဒါက သူ့အတွက်လား။ ဒီကလေးက သာမန်ပဲ။ ငါ့သွေးတစ်စက်ကို သူ့သွေးကြောထဲကို စုပ်ယူနိုင်ဖို့တောင် သူအတော် ကြိုးစားရလိမ့်မယ်။ ဖြုန်းတီးရာ ရောက်လိမ့်မယ်။ တခြားဟာ တောင်းဆိုပါလား”
ကျင်းနန်က အကြည့်လွှဲရင်း တည်ငြိမ်စွာ ပြောလိုက်၏။
"ဒါတွေက ငါ့ရဲ့ တောင်းဆိုမှု နှစ်ခုပဲ။ ငါ မပြောင်းနိုင်ဘူး။ မင်းသာ သဘောတူရင် မင်းကို စစ်မှန်တဲ့ သက်ဝင်နိုးထခြင်း ရှေးဟောင်း မာန်ပညာရပ်ကို သင်ပေးမယ်”
မော့စန်းက ကျောက်ခွက်အား စုမင်ထံ လက်လွှဲပေးရင်း သောက်ရန် လက်ဟန်ပြလိုက်၏။
စုမင် ခွက်ကို ယူလိုက်သည်နှင့် တစ်ပြိုင်နက် တစ်ကျိုက်တည်း သောက်ချလိုက်သည်။ သူ့ခန္ဓာကိုယ်အနှံ့ အပူလှိုင်းတစ်ခုက သက်သောင့်သက်သာဖြင့် တစ်မုဟုတ်ချင်း ပျံ့နှံ့သွားလေ၏။
ကျင်းနန် မျက်မှောင် ကြုတ်လိုက်သည်။ မော့စန်းကို ပြန်မကြည့်ခင် အလေးအနက် တွေးတောနေ၏။ ပြီးမှ ရုတ်တရက် စကားဆိုလိုက်လေသည်။
"ကောင်းပြီလေ။ မင်းရဲ့ တောင်းဆိုချက် နှစ်ခုကို သဘောတူတယ်။ ဒါပေမဲ့ မာန်သွေးစက် အတွက်ကတော့ ... စမ်းသပ်မှုမှာ အဆင့်သုံးဆင့် ရှိတယ် ဆိုတာကို မင်း သိထားသင့်တယ်။ ငါ အဆင့်တိုင်းက ထိပ်ဆုံးသုံးယောက်ကိုပဲ ငါ့သွေးတစ်စက်စီ ပေးတယ်။ အကယ်၍ ဒီကလေးသာ ဒီစမ်းသပ်ပွဲရဲ့ ဘယ်အဆင့်မှာမဆို ထိပ်တန်း အယောက် ၄၀ ထဲ ဝင်နိုင်မယ်ဆိုရင် ငါသူ့ကို မာန်သွေးစက် ပေးလိုက်မယ်"
"သူသာ မဝင်နိုင်ခဲ့ရင် မင်းရဲ့ တောင်းဆိုချက်ကို ပြောင်းလဲပေးပါ "
အကြီးအကဲက သူပြောသမျှကို နားထောင်ပြီး သူ့ရှေ့မှလူ၏ တောင်းဆိုမှုကို စဉ်းစားလိုက်သည်။ ခဏအကြာတွင် သူခေါင်းညိတ်လိုက်၏။ တောင်းဆိုမှုကို ပြောင်းရလျှင်ပင် စုမင်အတွက် တူညီသော အကျိုးရှိမည့် နောက်ထပ် တောင်းဆိုမှုတစ်မျိုးကို စဉ်းစားနေလိုက်သည်။
စုမင်မှာ ဖလှယ်မှုအကြောင်းကို နားထောင်ရင်း အကြီးအကဲ ခေါင်းပေါ်မှ ဆံပင်ဖြူများနှင့် မျက်နှာပေါ်ရှိ အရေးအကြောင်းများကို ကြည့်ရှုနေခဲ့သည်။ နဂါးနက်တောင် မျိုးနွယ်စုမှ အမျိုးသမီးကြီး၏ လောလောလတ်လတ် လှောင်ပြောင်မှုနှင့် ပေလင်း၏ သဘောထား အကြောင်းကို စဉ်းစားမိသည်။ တစ်ဦးတည်းထိုင်၍ အထီးကျန်ဆန်ဆန် ညကောင်းကင်ယံအား ငေးမောကြည့်ရှုခဲ့ရသည့် ငယ်စဉ်အချိန်များကို တွေးတောမိသည်။ သားရေစာလိပ်ကို ကြည့်၍ ကောင်းကင်ကို ငေးမောရင်း စိတ်ကူးယဉ်ခဲ့သည်။ သူ့ဘဝကို လွှမ်းမိုးခဲ့သော ထိုစိတ်ကူးယဉ်အတွေးတို့သည် စုမင်ဘဝတွင် တစ်ခါမှ မရှိဖူးသည့် ခွန်အားနှင့် ပြတ်သားတည်ကြည်သော သန္နိဋ္ဌာန်များအဖြစ် ပြောင်းလဲခဲ့သည်။
စုမင်၏ စိတ်အစုံမှာ မာန်နတ်ဘုရား ရုပ်တုကို ကိုးကွယ် ပူဇော်စဉ်ကထက် တည်ကြည် ပြတ်သားနေလေ၏။
အကြီးအကဲက ထရပ်ပြီး အနောက်က လိုက်လာရန် စုမင်အား လက်ရိပ်ပြလိုက်သည်။ သူထွက်သွားခါနီး ကျင်းနန်က မော့စန်းအား ငေးကြည့်လိုက်သည်။ တဒင်္ဂ တွေဝေနေပြီးနောက် ရုတ်တရက် ပြောလိုက်လေ၏။
"မော့စန်း... ငါ့ကို နှစ်ပေါင်းများစွာ အနှောင့်အယှက် ပေးနေတဲ့ မေးခွန်းရှိတယ်။ ငါမင်းကို မေးမှဖြစ်မယ်။ အခု မင်းဟာ လေပြည်စီးကြောင်း မျိုးနွယ်ဒေသထဲကို ရောက်နေပြီ ဆိုတော့ ငါ့ရဲ့မေးခွန်းကို မင်းဖြေပေးမယ်လို့ ငါမျှော်လင့်တယ်”
အကြီးအကဲမှာ ရပ်တန့်မသွားခဲ့ချေ။ နောက်မှလိုက်လာသော စုမင်နှင့်အတူ ရှေ့သို့ ဆက်သွားနေခဲ့၏။ ကျင်းနန်၏အသံက အနောက်မှ ပျံ့လွင့်လာလေသည်။
"မင်းက သွေးကြော ကျောက်သားအဆင့်ရဲ့ အဆင့်ကိုးမှာပဲ ရှိသေးပေမဲ့ အရင်ကရော၊ အခုရောပါ မင်းဆီကနေ ရုပ်နယ်လွန်အဆင့်ရဲ့ အရှိန်အဝါဖျော့ဖျော့ကို ငါဘာကြောင့် ခံစားနေရတာလဲ"
ခရမ်းရောင်ဝတ်စုံရှင်က မြန်မြန်ဆန်ဆန် ပြောလိုက်၏။ သို့သော် မော့စန်း ကိုယ်တွင်းမှ သူခံစားမိရသည့် အရှိန်အဝါသည် သူ့အား အနည်းငယ် ထိတ်လန့်စေသည့် အချက်ကိုတော့ ထုတ်ဖော်မပြောပြခဲ့ချေ။
ယခင်အချိန်က ကြောက်ရွံ့သော ခံစားချက်မျိုး ရှိခဲ့သလို ယခုထိတိုင် ထပ်တူခံစားချက်မျိုး ရနေဆဲပင်။
***