← Chapters

အခန်း (၅၁-၅၂)

Vol. 6 Ch. 51-52

အခန်း (၅၁-၅၂)

Vol. 6 Ch. 51-52

အခန်း(51) ထုတ်ဖော်ပြောပြရန် ခက်ခဲသောအရာ

ကျောင်းသားများမှာ တစ်ဦးကိုတစ်ဦး တိုးတိုးတိတ်တိတ် ပြောဆိုနေကြပြီး မည်သူမျှ ရှေ့သို့ တိုးကာ လုကျစ်အန်းကို မသယ်ဝံ့ကြချေ။

သူတို့၏ စိတ်ထဲတွင် လုကျစ်အန်းမှာ ချမ်းသာသော မိသားစုမှဖြစ်ပြီး ပညာထူးချွန်ကာ ရုပ်လည်းချောသည့် နတ်ဘုရားတစ်ပါးကဲ့သို့ ပုဂ္ဂိုလ် ဖြစ်ပေသည်။

ယခု ဤကဲ့သို့ သနားစဖွယ် အခြေအနေကို မြင်ရသောအခါ ကျောင်းသားများမှာ အံ့သြသံသယ ဖြစ်မိရုံသာမကဘဲ သူတစ်ပါးသူ ဒုက္ခရောက်သည်ကို ဝမ်းသာသည့် စိတ်လည်း အနည်းငယ်ဖြစ်ပေါ်မိကြပေသည်။

လုကျစ်အန်းသည်က ပုံမှန်ဆိုလျှင် သူတို့ကို အထင်သေးလေ့ရှိသည်။

သူတို့၏ စံပြပုဂ္ဂိုလ်က စင်မြင့်ပေါ်မှ လဲကျသွားသည်ကို မြင်ရခြင်းမှာ သူတို့အတွက် ကျေနပ်စရာ ကောင်းနေပုံရပေသည်။

“ဘာရပ်ကြည့်နေကြတာလဲ၊ မြန်မြန် ခေါ်သွားကြစမ်း”

ကျိုးဟိုင်ပေါ်က ဒေါသတကြီး အော်လိုက်သည်။

ကျောင်းသားအချို့က ရှေ့သို့ လှမ်းလာပြီး လုကျစ်အန်းကို ဆေးပေးခန်းသို့ မ,သွားကြတော့သည်။

ကျိုးဟိုင်ပေါ်သည်လည်း လုကျစ်အန်း တစ်ခုခုဖြစ်သွားမည် စိုးသဖြင့် နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားတော့သည်။

ရန်ပိုင်ရှင်းမှာတော့ ခေတ္တမျှ တွန့်ဆုတ်သွားပြီးမှ ရုံးခန်းမှာပင် ကျန်ရစ်ခဲ့ပေသည်။

သူ့အနေဖြင့် ယခင်က ယောင်ပင်းအပေါ် ရိုင်းစိုင်းခဲ့မိသဖြင့် ပြန်လည် ကုစားနိုင်မည့် နည်းလမ်း ရှိ၊မရှိ ကြည့်ရှုရလိမ့်မည်။

၁၀ မိနစ်ခန့် ကြာပြီးနောက်။

ရှောင်တင်က လက်ဗွေနှိုင်းယှဉ်ချက် ရလဒ်များကို ကိုင်ဆောင်၍ ပြန်ရောက်လာခဲ့သည်။

“ရလဒ်က ဘယ်လိုလဲ”

ကပ္ပတိန်ကောင်းနှင့် ကျောင်းအုပ်ကြီးတို့က တစ်ပြိုင်နက်တည်း မေးလိုက်ကြ၏။

“နာရီပေါ်မှာ ယောင်ပင်းရဲ့လက်ဗွေရာ မရှိပါဘူး”

ရှောင်တင်မှာ တတိယထပ်သို့ တစ်ရှိန်ထိုး ပြေးတက်လာရသဖြင့် အမောတကော ပြောလိုက်သည်။

“ဒါပေမဲ့ ယောင်ပင်းရဲ့ စားပွဲပေါ်မှာတော့ လုကျစ်အန်းရဲ့ လက်ဗွေရာတွေကို တွေ့ရပါတယ်”

ရုံးခန်းအတွင်း ချက်ချင်းပင် တိတ်ဆိတ်သွားတော့သည်။

ရလဒ်မှာ ထင်ရှားလွန်းပေသည်။

ယောင်ပင်းသည်က လုကျစ်အန်း၏ နာရီကို လုံးဝ မခိုးခဲ့ပါ။ လုကျစ်အန်းက သူ့ကို မဟုတ်မမှန် စွပ်စွဲခဲ့ခြင်းသာ ဖြစ်ပေသည်။

အမှန်တရားက ပေါ်ပေါက်သွားချေပြီ။

ယောင်ပင်း ရဲကိုတိုင်ကြားသည့် အချိန်မှ ရလဒ်ထွက်လာသည့် အချိန်အထိ နှစ်နာရီပင် မပြည့်သေးချေ။

ရဲများ၏ အလုပ်လုပ်နှုန်းမှာ အံ့အားသင့်ဖွယ် ကောင်းလှပေသည်။

“ယောင်ပင်းမှာ အပြစ်မရှိတာ ထင်ရှားပါတယ်၊ လုကျစ်အန်းက သူ့ကို တမင်တကာ မဟုတ်မမှန် စွပ်စွဲခဲ့တာပါ!”

ကပ္ပတိန်ကောင်းက ကျောင်းအုပ်ကြီးနှင့် ရန်ပိုင်ရှင်းကို လေးနက်စွာ ပြောလိုက်သည်။

“ဒါပေမဲ့ အခြေအနေက သိပ်မပြင်းထန်တာကြောင့် ဒီကိစ္စကို ခင်ဗျားတို့ ကျောင်းမှာပဲ ကိုင်တွယ်ဖို့ ကျွန်တော် အကြံပြုချင်ပါတယ်”

သူသည်က ဤအခြေအနေတွင် ဝင်ရောက် စွက်ဖက်၍ မရချေ။

ကျောင်းအုပ်ကြီးက ချက်ချင်းပင် ခေါင်းညိတ်လိုက်သည်။

“ကောင်းပါပြီ.. ကျွန်တော်တို့ ကိုင်တွယ်လိုက်ပါ့မယ်”

ရန်ပိုင်ရှင်းကလည်း မြှောက်ပင့်ကာ ချက်ချင်း ခေါင်းညိတ်လိုက်၏။

“ကျွန်တော်တို့ အလေးအနက်ထားပြီး ကိုင်တွယ်ပါ့မယ်၊ ဒီလို ဆိုးရွားတဲ့ အပြုအမူမျိုးကို လုံးဝ သည်းမခံပါဘူး၊ ယောင်ပင်းရဲ့ ဂုဏ်သိက္ခာကိုလည်း သေချာပေါက် ပြန်လည် ရှင်းလင်းပေးပါ့မယ်”

ထို့နောက် ကပ္ပတိန်ကောင်းက မိုရှောက်ယောင်နှင့် ယောင်ပင်းကို နှုတ်ဆက်ကာ သူ၏လူများနှင့်အတူ ထွက်ခွာသွားတော့သည်။

မကြာမီ ရုံးခန်းအတွင်း၌ ကျောင်းအုပ်ကြီး၊ ရန်ပိုင်ရှင်း၊ ယောင်ပင်းနှင့် မိုရှောက်ယောင်တို့သာ ကျန်ရစ်တော့သည်။

ယောင်ပင်းက ထွက်ခွာရန် ပြင်လိုက်ပေသည်။

သူသည် လုကျစ်အန်းကို ဆုံးမပြီးပြီ ဖြစ်သဖြင့် ဤကိစ္စကို ဤမျှနှင့်ပင် အဆုံးသတ်ရန် ဆုံးဖြတ်လိုက်ပေသည်။

သူ၏အမေက သူ့ကို နှစ်ပေါင်းများစွာ ပြုစုပျိုးထောင်လာခဲ့သဖြင့် သူသည်ကား သည်းခံခြင်းနှင့် ထိန်းသိမ်းခြင်းကို တတ်မြောက်ထားပြီးဖြစ်ရာ ဤကိစ္စကို ထပ်မံ၍ လိုက်မနေလိုတော့ချေ။

သို့သော် မိုရှောက်ယောင်က သူ့ကို တားဆီးလိုက်သည်။

“ကျောင်းအုပ်ကြီး၊ ဒီကိစ္စကို ဘယ်လို ကိုင်တွယ်ဖို့ အစီအစဉ် ရှိလဲ”

မိုရှောက်ယောင်က ကျောင်းအုပ်ကြီးဘက်သို့ လှည့်ကာ အေးစက်စွာ မေးလိုက်သည်။

“ဒါက..”

ကျောင်းအုပ်ကြီးက ရန်ပိုင်ရှင်းကို အခက်တွေ့စွာ လှည့်ကြည့်လိုက်ပြီးမှ နောက်ဆုံး၌ ခက်ခဲစွာ ပြောလိုက်ရတော့သည်။

“ကျောင်းသားလုကျစ်အန်းက ကျောင်းသားယောင်ပင်းကို တမင်တကာ မဟုတ်မမှန် စွပ်စွဲခဲ့တာဖြစ်ပြီး အခြေအနေက ပြင်းထန်ပါတယ်၊ ကျောင်းဘက်က သူကို ကျောင်းထုတ်ပစ်ဖို့ တွေးထားပါတယ်”

မိုရှောက်ယောင်ကို စိတ်ကျေနပ်စေရန်အတွက် သူသည်က အခြားအရာများကို ဂရုမစိုက်နိုင်တော့ချေ။

လုမိသားစုက လာရှာလျှင်လည်း ထိုအချိန်မှသာ သူ ဖြေရှင်းတော့မည်။

ထို့အပြင် လုကျစ်အန်းက ဤတစ်ကြိမ်တွင် အမှန်တကယ်ပင် လွန်သွားခဲ့သဖြင့် လုမိသားစုအနေဖြင့်လည်း ပြောစရာ ရှိလိမ့်မည် မဟုတ်ချေ။

ရန်ပိုင်ရှင်းမှာ အံ့အားသင့်သွားပြီး သတိပေးစကားကို လွှတ်ခနဲ ပြောလိုက်မိသည်။

“ကျောင်းအုပ်ကြီး..”

ကျောင်းအုပ်ကြီးက သူ့စကားကို အေးစက်စွာ ဖြတ်ပြောလိုက်၏။

“ငါ ဆုံးဖြတ်ပြီးပြီ၊ ဒါက ငါပေးတဲ့ ပြစ်ဒဏ်ပဲ၊ ဒါရိုက်တာရန်၊ ဆရာကျိုးက အခု အလုပ်ရှုပ်နေတာဆိုတော့ ခင်ဗျား အခုပဲ အတန်း(6)ကို သွားပြီး ကျောင်းသားတွေ အားလုံးကို အမှန်တရားကို ပြောပြလိုက်၊ ယောင်ပင်းရဲ့ ဂုဏ်သိက္ခာကို ရှင်းလင်းပေးလိုက်၊

အိုး.. ပြီးတော့ စည်းကမ်းပိုင်းကိုလည်း ထပ်ပြီး အလေးပေးပြောလိုက်ဦး၊ ဒီလို ကိစ္စမျိုး နောက်တစ်ခါ ထပ်မဖြစ်စေရဘူး”

ကျောင်းအုပ်ကြီးက တရားမျှတစွာဖြင့် ပြောဆိုလိုက်ပေသည်။

ရန်ပိုင်ရှင်းသည်လည်း ခိုင်းသည့်အတိုင်း လုပ်ဆောင်ရန်သာတတ်နိုင်တော့သည်

အထက်တန်း အတန်း(6)။

လုကျစ်အန်းကို ဆေးပေးခန်းသို့ ခေါ်သွားခဲ့သော ကျောင်းသားအချို့က အတန်းထဲသို့ ပြန်ရောက်လာကြပြီး သူတို့ ကျောင်းအုပ်ကြီးရုံးခန်းတွင် မြင်တွေ့ခဲ့ရသည်များကို အတန်းဖော်များကို ပြောပြလိုက်ကြပေသည်။

ချက်ချင်းပင် ထိုကျောင်းသားက အခြားသူများကို ပြောပြလိုက်၏။

မကြာမီ အတန်း(6) တစ်ခုလုံးမှာ လုကျစ်အန်းတွင် ဝက်ရူးပြန်ရောဂါ ရှိနေကြောင်း သိသွားကြတော့သည်။

“မဖြစ်နိုင်တာ၊ အတန်းခေါင်းဆောင်မှာ တကယ်ပဲ ဝက်ရူးပြန်ရောဂါ ရှိတာလား၊ မယုံနိုင်စရာပဲ!”

“ငါ အရင်က သူ့ကို ငါ့ရဲ့ စံပြပုဂ္ဂိုလ်လို့ ထင်ခဲ့တာ၊ သူ့မှာ ဒီလို ရောဂါရှိလိမ့်မယ်လို့ တစ်ခါမှ မထင်ခဲ့ဘူး၊ စဉ်းစားကြည့်တာနဲ့တင် ကြောက်စရာကြီး”

ခဏချင်းမှာပင် တစ်ချိန်က မောက်မာခဲ့သော ပညာထူးချွန်သည့် စံပြပုဂ္ဂိုလ်မှာ လူတိုင်း၏ အတင်းအဖျင်း ပြောစရာ ဖြစ်သွားတော့သည်။

သို့သော်လည်း ဤတစ်ကြိမ်တွင် လုကျစ်အန်းမှာ အားကျနှစ်သက်ခြင်း ခံရသည့် နေရာမှ အထင်အမြင်သေးခြင်း ခံရသည့် နေရာသို့ ရောက်ရှိသွားတော့သည်။

ကျောင်းအုပ်ကြီး၏ ရုံးခန်း။

ကျောင်းအုပ်ကြီးက အလိုက်တသိဖြင့် အပြင်သို့ ထွက်သွားခဲ့သဖြင့် ရုံးခန်းအတွင်း၌ ယောင်ပင်းနှင့် မိုရှောက်ယောင်တို့သာ ကျန်ရစ်တော့သည်။

“ရှောက်ယောင်၊ ဒီနေ့ ကျွန်တော့်ကို ယုံကြည်ပေးလို့ တကယ်ပဲ ကျေးဇူးတင်ပါတယ်”

ယောင်ပင်းက သူမကို စိတ်ရင်းဖြင့် ကျေးဇူးတင်စကား ပြောလိုက်သည်။

“ပြီးတော့ ကျွန်တော့်ကို အဲဒီ အခက်အခဲထဲကနေ ကယ်ထုတ်ပေးခဲ့လို့လည်း ကျေးဇူးတင်ပါတယ်”

မိုရှောက်ယောင်က သူ့အပေါ်တွင် တွန့်ဆုတ်ခြင်းမရှိဘဲ ယုံကြည်ပေးခဲ့ခြင်းမှာ ယောင်ပင်းကို စိတ်လှုပ်ရှားစေရန် လုံလောက်ပေသည်။

ထို့အပြင် မိုရှောက်ယောင်သည်က သူ့ကို များစွာ ကာကွယ်ပေးခဲ့သည် မဟုတ်ပါလား။

သို့သော်လည်း မိုရှောက်ယောင်၏ ထက်မြက်မှုများမှာ ယောင်ပင်းကို သူမအား အမြင်သစ်ဖြင့် ကြည့်စေခဲ့ပေသည်။

အဆင့်မြင့် အသိုင်းအဝိုင်းမှ ကလေးများသည်က သူနှင့် များစွာ ကွာခြားလှကြောင်း သူ ရုတ်တရက် သတိပြုမိလိုက်ပေသည်။

ဤကဲ့သို့သော အဆင့်အတန်းရှိသည့် ကလေးများသည်က ပုံမှန်ဆိုလျှင် အေးအေးဆေးဆေး နေထိုင်တတ်ကြပြီး သူတို့၏ အရည်အချင်းများကို ဖုံးကွယ်ထားတတ်ကြသော်လည်း အရေးကြီးသော အချိန်များတွင်တော့ သူတို့၏ ဖုံးကွယ်ထားသော အရှိန်အဝါနှင့် ထက်မြက်မှုများမှာ ချက်ချင်းပင် ပေါက်ကွဲထွက်လာတတ်ကြပေသည်။

မိုရှောက်ယောင်မှာလည်း ထိုကဲ့သို့ပင် ဖြစ်ပေသည်။

မိုရှောက်ယောင်၏ မျက်နှာမှာ နီမြန်းသွားရသည်။

“ကျွန်မက ဒီကို ရောက်နေလို့ပါ၊ တကယ်လို့ ကျွန်မ မလာခဲ့ရင်တောင် ရှင်ကိုယ်တိုင် ဒါကိုကိုင်တွယ်နိုင်မှာပါပဲ”

သူမက ယောင်ပင်းကို အတော်လေး မျက်နှာသာ ပေးလိုက်သည်။

“ဒါနဲ့၊ ကျွန်မ ဒီနေ့ လာရတာက ရှင့်ကို ကျွန်မရဲ့ မွေးနေ့ပါတီကို ဖိတ်ဖို့အတွက် ကိုယ်တိုင်လာခဲ့တာ”

မိုရှောက်ယောင်က သူမ လာရသည့် အဓိက အကြောင်းရင်းကို ရုတ်တရက် သတိရသွားသည်။

“ရှင် သေချာပေါက် လာရမယ်နော်”

ယောင်ပင်းက ပြုံးပြီး ခေါင်းညိတ်၍ သဘောတူလိုက်သည်။

“သေချာပေါက် လာခဲ့ပါ့မယ်၊ ရှောက်ယောင်၊ မင်း ဒီနေ့ ကျွန်တော့်ကို လာရှာတာက ဒီကိစ္စလေးသက်သက်ကြောင့် မဟုတ်ဘူးမလား”

အဖိုးအိုမိုက သူ့ကို ယခင်ကတည်းက ဖိတ်ကြားခဲ့ပြီးဖြစ်ကာ သူကလည်း သဘောတူခဲ့ပြီးသား ဖြစ်ပေသည်။

မိုရှောက်ယောင်အနေဖြင့် ဤမျှအဝေးကြီးကို ကိုယ်တိုင်လာရန် မလိုအပ်ချေ။

ထို့ကြောင့် မိုရှောက်ယောင်က တစ်ခုခု အခက်အခဲနှင့် ကြုံတွေ့နေရမည်ဟု သူ ခန့်မှန်းလိုက်သည်။

“ကျွန်မမှာ တခြားကိစ္စ တစ်ခုရှိသေးတယ်”

မိုရှောက်ယောင်က သူမ၏ အသံကို နှိမ့်လိုက်ပြီး တွန့်ဆုတ်စွာဖြင့် ပြောလာသည်။

“ကျွန်မ.. ကျွန်မ ဒါကို ဘယ်လိုပြောရမှန်း မသိဘူး..”

ယောင်ပင်းက သူမကို အတင်းအကျပ် မမေးဘဲ အားပေးသည့် အကြည့်ဖြင့်သာ ကြည့်နေခဲ့သည်။

မိုရှောက်ယောင်ာ နောက်ဆုံး၌ စိတ်ကို တင်းလိုက်ပြီး နီရဲနေသောမျက်နှာဖြင့် ပြောလိုက်ပေသည်။

“ကျွန်မ.. ကျွန်မရဲ့ ခန္ဓာကိုယ်ပေါ်မှာ တစ်ခုခု ပေါက်နေလို့ပါ”

*

မိုရှောက်ယောင်က သူမ၏ ခန္ဓာကိုယ်ပေါ်တွင် တစ်ခုခု ပေါက်နေသည်ဟု ပြောလာခဲ့သည်။

ထိုသို့ပြောလိုက်ချိန်တွင် မိုရှောက်ယောင်မှာ သူမ၏ မျက်တောင်ရှည်များကို ချထားပြီး မျက်နှာတစ်ခုလုံး နီမြန်းနေကာ ပါးပြင်ပေါ်တွင် ပါးနီများ လိမ်းကျံထားသကဲ့သို့ အလွန်ပင် ဆွဲဆောင်မှု ရှိနေခဲ့သည်။

မိုရှောက်ယောင်၏ ရှက်သွေးဖြာနေသော ပုံစံကြောင့် ယောင်ပင်း၏ နှလုံးသားမှာ လှုပ်ခတ်သွားပြီး ခေတ္တမျှ ငေးကြည့်သွားမိ၏။

သို့သော် သူသည်က သတိကို ချက်ချင်းပြန်စုစည်းလိုက်ပြီး သိချင်စိတ်ဖြင့် မေးလိုက်သည်။

“မင်းကိုယ်ပေါ်မှာ ဘာပေါက်နေတာလဲ”

မိုရှောက်ယောင်င ဤကိစ္စအတွက် သူ့ထံသို့ အထူးတလည် လာရောက်ရှာဖွေခြင်း ဖြစ်၍ တစ်ခုခုတော့ ထူးခြားနေမည်မှာ သေချာသည်။

သူမကိုယ်ပေါ်တွင် ပေါက်နေသောအရာမှာ ရိုးရှင်းသည့်အရာ မဟုတ်လောက်ပေ။

မိုရှောက်ယောင်၏ မျက်နှာမှာ ပို၍ပင် နီမြန်းသွားတော့သည်။ သူမသည် ဖုန်းကို ထုတ်ယူလိုက်ပြီး ဓာတ်ပုံအယ်လ်ဘမ်ကို အမြန်ဖွင့်ကာ တိုးတိုးလေး ပြောလိုက်၏။

“ကျွန်မ ဓာတ်ပုံရိုက်ထားတယ်၊ ကြည့်ကြည့်ပါဦး

ဓာတ်ပုံကို ဖွင့်ပြီးနောက် မိုရှောက်ယောင်က ဖုန်းကို ယောင်ပင်းထံသို့ ကမ်းပေးလိုက်ပြီး သူ့ကို ကြည့်ရန် အချက်ပြလိုက်ပေသည်။

ဖုန်းကို ယောင်ပင်းထံသို့ ကမ်းပေးချိန်တွင် မိုရှောက်ယောင်၏ မျက်နှာမှာ သွေးများထွက်မတတ် နီမြန်းနေပြီး သူမ၏ လှပသော မျက်လုံးများမှာလည်း ယောင်ပင်းကို တည့်တည့်မကြည့်ဝံ့ဘဲ ဖြစ်နေရှာသည်။

ယခင်နှင့် လုံးဝမတူသော မိုရှောက်ယောင်၏ ရှက်ကိုးရှက်ကန်း အမူအရာကို မြင်သောအခါ ယောင်ပင်းလည်း လျှို့ဝှက်စွာ သိချင်စိတ် ဖြစ်ပေါ်လာပြီး ဓာတ်ပုံများကို အမြန်ကြည့်လိုက်လေသည်။

ဓာတ်ပုံများထဲတွင် မိုရှောက်ယောင်၏ ခန္ဓာကိုယ် အစိတ်အပိုင်းအချို့ကို ပြသထားပေသည်။

ပထမတော့ ဓာတ်ပုံထဲက အစိတ်အပိုင်းမှာ မည်သည့်နေရာဖြစ်ကြောင်းကို ယောင်ပင်း မပြောနိုင်ခဲ့ချေ။

*

အခန်း(52)

ဓာတ်ပုံထဲ၌ ဝိုင်းစက်ပြီး ဖြူဖွေးနေသော အသားစိုင်တစ်ခုပေါ်တွင် လူကြီးလက်မခန့်ရှိသော နီမြန်းသည့် အဖုကလေးတစ်ခုကို ယောင်ပင်း မြင်လိုက်ရသည်။

ထိုအဖုလေးမှာ ရှည်မျောမျောရှိပြီး အပြင်ဘက်တွင် ပန်းရောင်သန်းနေသော်လည်း အလယ်ဗဟိုတွင်တော့ မည်းနက်နေသည်။

တစ်ချက်ကြည့်လိုက်လျှင် ထိုအရာမှာ ရှည်မျောမျောရှိသော မျက်လုံးတစ်လုံးနှင့် တူနေခဲ့သည်။

ထို “မျက်လုံး” မှာ အနည်းငယ် မှိတ်ထားသကဲ့သို့ ရှိနေပြီး ပြုံးနေပုံရသည်။

ထို့အပြင် ထိုအပြုံးမှာ ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းသော အပြုံးမျိုး ဖြစ်ပေသည်။

ယောင်ပင်း ထိတ်လန့်သွားရသည်။

မိုရှောက်ယောင် အဘယ်ကြောင့် သူ့ထံ လာခဲ့ရသနည်းဆိုသည်ကို သူ ယခု သဘောပေါက်သွားချေပြီ။

သူ့အနေဖြင့် ထိုအရာကို ဓာတ်ပုံထဲတွင် ကြည့်ရုံမျှနှင့်ပင် စိတ်မသက်မသာ ဖြစ်ကာ ကြောက်ရွံ့မှုကို ခံစားရသည်ဆိုလျှင် မိုရှောက်ယောင်က သူမ၏ ခန္ဓာကိုယ်ပေါ်တွင် ပေါက်နေသည်ကို မြင်ရသည့်အတွက် သေချာပေါက် ထိတ်လန့်နေရလိမ့်မည်။

“ဒါက ဘယ်တုန်းက ပေါက်လာတာလဲ”

ယောင်ပင်းက ဓာတ်ပုံကို စိုက်ကြည့်ရင်း မေးလိုက်သည်။

“ဒါပေါက်လာတဲ့အချိန်တုန်းက ဘယ်လိုခံစားချက်ရလဲ၊ နာတာ၊ ယားတာမျိုးရော ရှိလား”

မိုရှောက်ယောင်က ခေါင်းခါပြလိုက်သည်။

“ဘယ်တုန်းက ပေါက်လာလဲဆိုတာ ကျွန်မလည်း မသိဘူး၊ ရေချိုးပြီးလို့ လိုးရှင်းလိမ်းတဲ့အချိန်ကျမှ ဒါကို စမ်းမိတာ၊ အဲဒါက မာမာလေးပဲ၊ နာလည်း မနာသလို ယားလည်း မယားဘူး၊ ဘာမှကို မခံစားရဘူး”

ယောင်ပင်း၏ မျက်ခုံးများမှာ ပို၍ပင် ကြုတ်သွားတော့သည်။

ဒီလောက်ကြီးတဲ့အရာတစ်ခု ပေါက်နေတာကို သူမက ဘာမှ မခံစားရဘူးလား။

တကယ်တမ်းတွင် မိုရှောက်ယောင်က ထိုအရာက မည့်သည့်အချိန်တုန်းက ပေါက်လာသည်ကိုပင် မသိခဲ့ချေ။

“ဒါက ဘယ်နေရာမှာ ပေါက်နေတာလဲ”

သူသည်က တစ်ခုခုကို ဖော်ထုတ်နိုင်ရန်အတွက် ထိုအရာကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုခဲ့သည်။

ဓာတ်ပုံမှာ အနီးကပ် ရိုက်ထားလွန်းသဖြင့် အစပိုင်းတွင် မည်သည့်နေရာတွင်ဖြစ်ကြောင်း သူ ချက်ချင်း မသိနိုင်ခဲ့ချေ။

“အဲဒါ ပေါက်နေတဲ့နေရာက..”

မိုရှောက်ယောင်၏ မျက်နှာမှာ ပို၍ပင် နီမြန်းသွားပြီး ခေါင်းကို ပိုငုံ့ထားကာ သူမ၏ အသံမှာလည်း သဲ့သဲ့မျှသာ ထွက်လာတော့သည်။

“ရှင်.. ရှင် ဒါကို မမေးသင့်ဘူး”

ယောင်ပင်း ကြောင်အမ်းသွားတော့သည်။

သူက နေရာကို မေးရုံပဲလေ။ မိုရှောက်ယောင်က ဘာလို့ ဒီလောက်အထိ ရှက်နေရတာလဲ။

သူ ခေတ္တမျှ နားမလည်ခဲ့ချေ။

ဓာတ်ပုံကို နောက်တစ်ကြိမ် ပြန်ကြည့်လိုက်မှသာ သူ ရုတ်တရက် သဘောပေါက်သွားတော့သည်။

ဓာတ်ပုံထဲက ဝိုင်းစက်ပြီး ဖြူဖွေးနေတဲ့ အစိတ်အပိုင်းက မိုရှောက်ယောင်ရဲ့ တင်ပါး ဖြစ်နေတာပဲ။

ပြီးတော့ အဲဒီအရာက မိုရှောက်ယောင်ရဲ့ တင်ပါးပေါ်မှာ ပေါက်နေတာ။

မိုရှောက်ယောင် ဓာတ်ပုံရိုက်လာပြီးနောက် နေရခက်ကာ ရှက်နေရခြင်းမှာ အံ့သြစရာ မဟုတ်တော့ချေ။

“ ကျွန်တော့်ကို လာရှာတာက..”

ယောင်ပင်း၏ အကြည့်မှာ ဓာတ်ပုံထဲမှ ထိုဖြူဖွေးသောအသားစိုင်ပေါ်သို့ မသိစိတ်ဖြင့် ကျရောက်သွားပြီး သူ တံတွေးကို မသိမသာ မျိုချလိုက်မိကာ စကားကို ခက်ခက်ခဲခဲပြောလိုက်ရပေသည်။

ဤမျှအထိ လျှို့ဝှက်ပြီး ဆွဲဆောင်မှုရှိသော နေရာတစ်၏ခုအကြောင်းကို တွေးမိသောအခါ ယောင်ပင်း၏ နှလုံးသားမှာ စိတ်လှုပ်ရှားမှုများစွာဖြင့် လှုပ်ခတ်သွားတော့သည်။

မိုရှောက်ယောင်သည်လည်း ရှက်လွန်းသဖြင့် ယောင်ပင်းကို မကြည့်ရဲဘဲ ခေါင်းငုံ့နေသော်လည်း ယောင်ပင်း၏ စကားကြောင့် ရုတ်တရက် ခေါင်းမော့ကြည့်လိုက်လေ၏။

သူမ၏ လှပသော မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေခဲ့သည်။

“ကျွန်မ.. ရှင့်ကို လာရှာတာက တစ်ယောက်ယောက်က ကျွန်မကို စောင့်ကြည့်နေသလို ခံစားနေရလို့၊ အဲဒီလူက အမှောင်ထဲမှာ ပုန်းနေပြီး ကျွန်မ ထမင်းစားတာဖြစ်ဖြစ်၊ အိပ်တာဖြစ်ဖြစ်..

ကျွန်မ ဘာပဲလုပ်လုပ် အမြဲတမ်း စောင့်ကြည့်နေသလိုပဲ၊ ပြီးတော့ အခုတလော ကျွန်မ ခဏခဏ အိပ်ပျော်ရင်း လမ်းလျှောက်တတ်လာတယ်၊ အဲဒီလို လမ်းလျှောက်တဲ့အချိန်မှာ ကျွန်မ အရင်က ဘယ်တော့မှ မလုပ်ခဲ့တဲ့ အပြုအမူတွေကို လုပ်မိနေတယ်”

မိုရှောက်ယောင်၏ အသံမှာ နောက်ပိုင်းတွင် အနည်းငယ် တုန်ရီနေပြီး သူမ၏ မျက်လုံးများမှာလည်း ထိတ်လန့်နေသော သမင်မလေးတစ်ကောင်ကဲ့သို့ သနားစဖွယ် ဖြစ်နေတော့သည်။

ယောင်ပင်းက သူမကို ဖက်ထားလိုသော စိတ်ကို ထိန်းချုပ်လိုက်ပြီး အံ့သြတကြီး မေးလိုက်သည်။

“အိပ်ပျော်ရင်း လမ်းလျှောက်တလား၊ မင်း အရင်ကရော ဒီလိုဖြစ်ဖူးလား”

မိုရှောက်ယောင်က ပြတ်ပြတ်သားသား ခေါင်းခါပြလိုက်သည်။

“ကျွန်မ အရင်က ဘယ်တော့မှ အိပ်ပျော်ရင်း လမ်းမလျှောက်ဖူးဘူး! ဒါက ကျွန်မကိုယ်ပေါ်မှာ ပေါက်နေတဲ့ အရာနဲ့ သက်ဆိုင်နေလိမ့်မယ်လို့ ကျွန်မ သံသယရှိတယ်”

ယောင်ပင်း ရုတ်တရက် ငြိမ်ကျသွားသည်။

ထိုအရာသည်က မျက်လုံးတစ်လုံးနှင့် တူနေသည် မဟုတ်ပါလား။

ထိုအရာက မိုရှောက်ယောင် ခံစားနေရသည့် တစ်စုံတစ်ဦးက စောင့်ကြည့်နေသည်ဟူသော ခံစားချက် သို့မဟုတ် မကြာသေးမီက သူမ၏ ပုံမှန်မဟုတ်သော အိပ်ပျော်ရင်း လမ်းလျှောက်တတ်သည့် အပြုအမူများနှင့် ဆက်စပ်နေသည်လား။

သို့သော်လည်း မိုရှောက်ယောင်၏ မိသားစုနောက်ခံအရ အကယ်၍ တစ်စုံတစ်ဦးက သူမကို အမှမ်တကယ် လျှို့ဝှက်စောင့်ကြည့်နေမည်ဆိုလျှင် သူမသည်က ထိုလူကို သေချာပေါက် ရှာတွေ့နိုင်ရလိမ့်မည်။

သို့သော် မိုရှောက်ယောင်က သူ့ကို အကူအညီ တောင်းရန် ရွေးချယ်ခဲ့သည်။

ဤသည်မှာ မိုရှောက်ယောင်က တစ်စုံတစ်ခုက မှားယွင်းနေပြီဟု သံသယရှိနေသည်ကို ဆိုလိုခြင်းသာဖြစ်၏။ သာမန်နည်းလမ်းများနဲ့ ဖြေရှင်းလို့ မရနိုင်ပေ။

“မင်းက ဒီမွေးနေ့ပွဲကို အသုံးချပြီး မင်းကို ဘယ်သူက ဒီလိုတွေ လုပ်ထားတာလဲဆိုတာကို ရှာခိုင်းချင်တာပေါ့ဟုတ်လား”

ယောင်ပင်းက မေးလိုက်သည်။

“ဟုတ်တယ်၊ အဲဒီနေ့မှာ လူတိုင်းနီးပါး ရောက်လာကြလိမ့်မယ်၊ သဲလွန်စတစ်ခုခု ရှာချင်တယ်ဆိုရင် ကျွန်မရဲ့ မွေးနေ့ပွဲက အကောင်းဆုံး အချိန်ပဲ”

မိုရှောက်ယောင်က ခေါင်းညိတ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်၏။

“အဘိုးကလွဲရင် ကျွန်မကို ကူညီနိုင်တဲ့သူက ရှင်တစ်ယောက်ပဲ ရှိတယ်”

ထိုသို့ပြောလိုက်စဉ် မိုရှောက်ယောင်၏ အသံတွင် အားကိုးရာမဲ့မှုနှင့် အားနည်းမှုတို့က မသိမသာ ပါဝင်နေပေသည်။

ယောင်ပင်းက သူမ၏ အသက်ကို ကယ်တင်ပေးခဲ့စဉ်ကတည်းက သူ့အပေါ်တွင် အားကိုးစိတ်နှင့် ယုံကြည်မှုများ တိုးပွားလာခဲ့ခြင်း ဖြစ်ပေသည်။

ယခုအချိန်တွင် ယောင်ပင်း တစ်ဦးတည်းသာ သူမကို ကူညီနိုင်မည်ဟု သူမ ခံစားနေရသည် ။

ထို့ကြောင့် မိုရှောက်ယောင်င တစ်ခုခု မှားယွင်းနေသည်ကို သတိထားမိသည်နှင့် ယောင်ပင်းထံသို့ ချက်ချင်း ရောက်လာခဲ့ခြင်း ဖြစ်ပေသည်။ သူမသည်က သူမ၏ အဘိုးကိုပင် မပြောပြရသေးချေ။

မိုရှောက်ယောင်မှာ ယောင်ပင်းကို မျှော်လင့်ချက်များနှင့် အတိုင်းအဆမရှိသော ယုံကြည်မှုများ ပြည့်နှက်နေသည့် လှပသော မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့သည်။

ယောင်ပင်းခည်း တွေဝေခြင်းမရှိဘဲ ခေါင်းညိတ်၍ သဘောတူလိုက်လေသည်။

“ကောင်းပြီ၊ ကျွန်တော် ကတိပေးပါတယ်”

ယောင်ပင်း သဘောတူသည်ကို မြင်သောအခါ မိုရှောက်ယောင်၏ လှပသော မျက်လုံးများထဲမှ ကြောက်ရွံ့မှုများ ပျောက်ကွယ်သွားပြီး၊ တိမ်တိုက်ကြားမှ နေရောင်ခြည် ဖြာထွက်လာသကဲ့သို့ တောက်ပသော အပြုံးတစ်ခု ပေါ်လာတော့သည်။

မိုရှောက်ယောင်၏ ထိုတောက်ပသော အပြုံးကြောင့် ယောင်ပင်းမှာ ကြောင်အမ်းသွားပြီး ငေးမောနေမိခဲ့၏။

ယောင်ပင်း၏ အကြည့်နှင့် ဆုံလိုက်သောအခါ မိုရှောက်ယောင်၏ မျက်နှာမှာ အနည်းငယ် နီမြန်းသွားပြီး သူမ၏ နှလုံးသားမှာလည်း လှုပ်ခတ်သွားလေသည်

သုံးရက်ကြာပြီးနောက်။

မိုမိသားစု၏ ကျင်းလဲ့ဗီလာ။

ကျင်းလဲ့ဗီလာသည် ကျင်းလဲ့တောင်၏ တောင်ခါးပန်းတွင် တည်ရှိပေသည်။

ကျင်းလဲ့တောင်မှာ ပင်းဟိုင်မြို့၏ တောင်ဘက်တွင် တည်ရှိပြီး ပင်လယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေကာ ပင်းဟိုင်တွင် မြေဈေးအကြီးဆုံး နေရာတစ်ခု ဖြစ်ပေသည်။

ထိုနယ်မြေ၏ တောင်ဘက်ပိုင်းတွင် ပင်းဟိုင်မှ စစ်တပ်အရာရှိကြီး အများစု နေထိုင်ကြပြီး၊ အခြားတစ်ဖက်တွင်မူ အထက်တန်းလွှာ သူဌေးကြီးများ နေထိုင်ကြသောကြောင့် နှစ်ဖက်လုံးမှာ လူ့မလိုင် အသိုင်းအဝိုင်းများ ဖြစ်ကြပေသည်။

ကျင်းလဲ့တောင်ပေါ်ရှိ ကျင်းလဲ့ဗီလာသည် ထိပ်တန်းစံအိမ်ကြီး ဖြစ်ရုံမျှမက အလွန်ပင် လျှို့ဝှက်သော နေရာတစ်ခုလည်း ဖြစ်သောကြောင့် ရင်းနှီးသော မိတ်ဆွေများသာ ဝင်ရောက်ခွင့် ရှိပေသည်။ သာမန်လူများမှာ လုံးဝ ဝင်ရောက်၍ မရချေ။

ကျင်းလဲ့ဗီလာသည်က တောင်ခါးပန်းတွင် တည်ရှိသဖြင့် မလှမ်းမကမ်းရှိ ပင်လယ်ပြင်ကြီးကို လှမ်းမြင်နိုင်ပေသည်။

ပင်လယ်ကို အပေါ်စီးမှ လှမ်းကြည့်နေရသော ပန်းရှန်းတောင်က အနှိုင်းမဲ့သော ပထဝီဝင် အားသာချက်ကို ပိုင်ဆိုင်ထားသည်။

ယောင်ပင်း ရောက်ရှိချိန်တွင် နံနက်စောစောပိုင်း ဖြစ်သည်။

သူ မော့ကြည့်လိုက်လျှင် တောင်ထိပ်မှာ မြူနှင်းများဖြင့် ဖုံးလွှမ်းနေပြီး နတ်ဘုံနတ်နန်းကဲ့သို့ပင်။

ယောင်ပင်း ပထမတော့ တက္ကစီ ငှားရန် ကြိုးစားခဲ့သော်လည်း တက္ကစီမှာ တောင်ခြေအထိသာ သွားရဲခဲ့ပြီး မည်မျှပင် ပိုက်ဆံပိုပေးစေကာမူ ရှေ့သို့ ဆက်မသွားဝံ့ချေ။

ယောင်ပင်းတစ်ယောက် ခြေကျင်တက်ရန်မှလွဲ၍ ရွေးချယ်စရာမရှိတော့ချေ။

ကံကောင်းစွာဖြင့် သူ၏ ခန္ဓာကိုယ်မှာ များစွာ ပြောင်းလဲမှုများ ရှိထားခဲ့ပြီဖြစ်ရာ၊ တောင်တက်လမ်းကို လျှောက်ရခြင်းမှာပင် သူ၏ ခြေလှမ်းများက ပေါ့ပါးနေပြီး လုံးဝ မပင်ပန်းခဲ့ချေ။

ယနေ့သည် မိုရှောက်ယောင်၏ မွေးနေ့ဖြစ်သဖြင့် ကျင်းလဲ့တောင်မှာ ပုံမှန်ထက် ပိုမို စည်ကားနေပေသည်။

မိုရှောက်ယောင်၏ မွေးနေ့ကို ကျင်းလဲ့ဗီလာသို့ လာရောက်ဆင်နွှဲကြသူများမှာ အားလုံးကပင် ချမ်းသာကြွယ်ဝပြီး အရှိန်အဝါရှိသူများ ဖြစ်ကြကာ တန်ဖိုးကြီးကားများဖြင့် ရောက်ရှိလာကြပေသည်။

ယောင်ပင်း တစ်ဦးတည်းသာ ခြေကျင် လာခဲ့ခြင်း ဖြစ်၏။

လမ်းတစ်လျှောက်တွင် သူသည်က ဖြတ်သွားဖြတ်လာများ၏ အာရုံစိုက်မှုကို ခံခဲ့ရပေသည်။

ယောင်ပင်းကတော့ ဂရုမစိုက်သကဲ့သို့ပင် ဗီလာဆီသို့ အေးအေးဆေးဆေး ဆက်လက် လျှောက်လှမ်းနေခဲ့ပေသည်။

ကျင်းလဲ့ဗီလာ၏ တံခါးဝသို့ ရောက်ခါနီးတွင် Porscheကားအချို့ သူ၏ဘေးမှ အရှိန်ပြင်းစွာ ဖြတ်မောင်းသွားတော့သည်။

ထို့နောက် ထိုကားများမှာ သူ၏ရှေ့ မလှမ်းမကမ်းတွင် ဘရိတ်အုပ်၍ ရပ်တန့်သွားကြ၏။

မကြာမီ Porscheကားတစ်စီးထဲမှ လူတစ်ယောက် ထွက်လာပြီး ကားတံခါးကို ပေါ့ပေါ့ပါးပါး မှီကာ ပြောလိုက်ပေသည်။

“ဟေး.. ဟေး ..ဒါ ဘယ်သူလဲ၊ ယောင်ပင်း မဟုတ်လား”

“မင်းက ဘာလို့ တောင်ပေါ်ကို လမ်းလျှောက်တက်နေတာလဲ၊ လေ့ကျင့်ခန်း လုပ်နေတာလား”

ထိုလူ၏ လေသံမှာ လှောင်ပြောင်သံများဖြင့် ပြည့်နှက်နေပြီး ရန်စလိုပုံ ရပေသည်။

ယောင်ပင်း ခြေလှမ်းများကို ရပ်လိုက်ပြီး ကြည့်လိုက်၏။ ကားပေါ်မှ ဆင်းလာသူမှာ အခြားသူမဟုတ်ဘဲ လွန်ခဲ့သော ရက်အနည်းငယ်က ကျင်းကျူ KTV တွင် သူနှင့် တွေ့ခဲ့ဖူးသော သခင်လေးဟောင်ပင် ဖြစ်ပေသည်။

သခင်လေးဟောင်သည်က ခေတ်မီအဝတ်အစားများကို ဝတ်ဆင်ထားပြီး နေကာမျက်မှန် တပ်ကာ၊ လက်နှစ်ဖက်ကို အိတ်ကပ်ထဲ ထည့်လျက် သူ့ကို လှောင်ပြောင်သော မျက်နှာထားဖြင့် ကြည့်နေသည်။

အခြားPorscheကားများ၏ မှန်များကိုလည်း ချလိုက်ကြပြီး လူအချို့က ခေါင်းပြူထွက်ကာ သခင်လေးဟောင်ကို သိချင်စိတ်ဖြင့် မေးလိုက်ကြသည်။

“သခင်လေးဟောင်၊ ဒီကောင်က ဘယ်သူလဲ၊ မင်း သိလို့လား”

“အို၊ ငါတို့ သခင်လေးဟောင်က ဘယ်တုန်းကစပြီး ဆင်းရဲသားတွေနဲ့ ပတ်သက်နေရတာလဲ၊ ဒီကောင့်ကို ကြည့်ရတာ သူ့ဆီမှာ ယွမ်တစ်ရာတောင် ရှိမှာ မဟုတ်ဘူး၊ မင်း ဒီလိုလူမျိုးနဲ့ ဘယ်မှာ သွားတွေ့ခဲ့တာလဲ”

“သခင်လေးဟောင်၊ မင်းက ဒီကောင်လည်း သခင်မလေးရဲ့ မွေးနေ့ပွဲကို လာတာလို့တော့ ငါ့ကို မပြောနဲ့ဦးနော်..”

*

All Chapters