← Chapters

အခန်း (၅၅-၅၆)

Vol. 6 Ch. 55-56

အခန်း (၅၅-၅၆)

Vol. 6 Ch. 55-56

အခန်း(55) မွေးနေ့လက်ဆောင်

မိုလီချွအ်၏စကားကြောင့် သခင်လေးဟောင်နှင့် အခြားလူများမှာလည်း လုံးဝ ဆွံ့အသွားကြတော့သည်။

သူတို့သည် ဤအခွင့်အရေးကို အသုံးချကာ ပြဿနာရှာရန်နှင့် ယောင်ပင်းကို အရှက်ခွဲပြီး မိုမိသားစုက ကျုံးလဲ့ဗီလာမှ နှင်ထုတ်ပစ်သည်ကို မြင်တွေ့ရန် ကြံစည်ခဲ့ကြခြင်း ဖြစ်ပေသည်။

သို့သော် ယောင်ပင်းကို အဘိုးအိုနှင့် မိုရှောက်ယောင်တို့ ကိုယ်တိုင် ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး ဖိတ်စာပင် မလိုကြောင်း သူတို့ လုံးဝ မထင်မှတ်ထားခဲ့ကြချေ။

သခင်လေးလျို့၏ ဖိတ်စာကို ကပ်ပါလာကြသော သူတို့နှင့် ယောင်ပင်းမှာ အဆင့်အတန်းချင်း လုံးဝ မတူညီတော့ပေ။

သခင်လေးဟောင်နှင့်အတူ ဆူညံခဲ့ကြသော လူငယ်များမှာလည်း သခင်လေးဟောင်ကို တိတ်တဆိတ် ဒေါသထွက်သွားကြတော့သည်။

ယောင်ပင်း၏ နောက်ခံကိုပင် သေချာမသိဘဲနှင့် သူ့ကို ပြဿနာသွားရှာရသည်လား။

ကံကောင်းစွာဖြင့် သူတို့သည် ဆိုးရွားသော အပြုအမူတစ်ခုခု မလုပ်ခဲ့မိပေ။ သို့မဟုတ်လျှင် သူတို့ပါ ပြီးဆုံးသွားလိမ့်မည်။

သခင်လေးဟောင်မှာတော့ ယောင်ပင်းကို ဒေါသတကြီး စိုက်ကြည့်ရင်း နောက်ထပ် အခွင့်အရေးကိုသာ စောင့်ဆိုင်းနေရုံသာတတ်နိုင်တော့သည်။

​ညနေစောင်းချိန် ရောက်သောအခါ .

​မွေးနေ့ပွဲမှာ အရှိန်အဟုန် အမြင့်ဆုံးသို့ ရောက်ရှိလာခဲ့သည်။ ကိတ်မုန့်လှီးဖြတ်ခြင်းပြီးနောက်တွင် မိုရှောက်ယောင်ကို လက်ဆောင်များ ပေးအပ်ချိန်သို့ရောက်လာခဲ့သည်။

​ဤသည်က မွေးနေ့ပွဲ၏ အတောက်ပဆုံး အချိန်ပင် ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် မိုမိသားစုအား မျက်နှာချိုသွေးလိုသူများအတွက် သူတို့၏ အရည်အချင်းကို ပြသနိုင်မည့် အခွင့်အရေး ဖြစ်သောကြောင့်ပင်။

​အကယ်၍ သူတို့ပေးသော လက်ဆောင်ကို မိုရှောက်ယောင်က သဘောကျမည်ဆိုလျှင် မိုမိသားစုအတွင်းသို့ ဝင်ရောက်ခွင့် ရရှိလိုက်သကဲ့သို့ဖြစ်လာလိမ့်မည်။

ထိုအခါ ပင်းဟိုင်တွင် သူတို့ လျင်မြန်စွာ ထိပ်တန်းသို့ တက်လှမ်းနိုင်မည် မဟုတ်ပါလား။

​ပထမဦးစွာ အဖိုးအိုမိုက မိုရှောက်ယောင်အား ပြိုင်ကားတစ်စီး လက်ဆောင်ပေးအပ်လိုက်သည်။

​ထို့နောက် ဧည့်သည်များက တစ်ဦးပြီးတစ်ဦး လက်ဆောင်များ ပေးအပ်လာကြတော့သည်။

​အချို့က တကယ့် ထန်ယင်လက်ရေးလှပန်းချီကားချပ်များကို ပေးကြသည်။

​အချို့က ကန့်သတ်ထုတ်လုပ်ထားသော အိတ်များနှင့် လက်ဝတ်ရတနာများကို ပေးကြသည်။

​တစ်စုံတစ်ဦးကဆိုလျှင် မိုရှောက်ယောင်၏ ရုပ်ပုံလွှာအတိုင်း စိန်များဖြင့် ပြုလုပ်ထားသော အရုပ်လေးများကို ပေးအပ်ခဲ့ပေသည်။၎င်းမှာ အီတလီမှ ကျော်ကြားသော ပညာရှင်များက သေချာစွာ ထုဆစ်ထားခြင်း ဖြစ်၏။

ရောက်ရှိနေသူ အားလုံးမှာ မိုရှောက်ယောင် စိတ်ကျေနပ်စေရန် နည်းမျိုးစုံဖြင့် အစွမ်းကုန် ကြိုးစားနေကြသည်ဟု ဆိုနိုင်ပေသည်။

သို့သော် မည်သို့သော လက်ဆောင်မျိုးကိုမဆို မိုရှောက်ယောင်က နှုတ်ဖြင့် ကျေးဇူးတင်စကား ပြောဆိုသော်လည်း သူမ၏ မျက်နှာထားမှာတော့ များစွာ ပြောင်းလဲခြင်း မရှိခဲ့ချေ။

နောက်ဆုံးတော့ မိုမိသားစုမှ လာသူဖြစ်ရာ သူမ မမြင်ဖူးသော ရတနာဆိုသည်မှာ ရှားလှပေလိမ့်မည်။ အမြင်များလေလေ၊ ထူးခြားသောအရာဟူ၍ မရှိသလောက် ဖြစ်လာလေလေဖြစ်ပုံရသည်။

ယွီချီကျား လက်ဆောင်ပေးအပ်ချိန် ရောက်မှသာ အခြေအနေမှာ ပြောင်းလဲသွားတော့သည်။

ယွီချီကျားသည်က သူ၏လက်ဆောင်ကို တမင်တကာ နောက်ဆုံးမှ ပေးအပ်ခဲ့ခြင်း ဖြစ်ပေသည်။

သူ၏လက်ဆောင်မှာ ဤမွေးနေ့ပွဲ၏ အတောက်ပဆုံးအရာ ဖြစ်လာမည်ဖြစ်ပြီး အဖိုးအိုနှင့် မိုရှောက်ယောင်တို့၏ မျက်နှာသာပေးမှုကို ရရှိနိုင်မည်ဟု သူ ယုံကြည်နေပေသည်။

သူက ရှေ့သို့ လှမ်းလာပြီး ယဉ်ကျေးစွာဖြင့် လက်ဆောင်ဘူးကို ဖွင့်ပြလိုက်၏။

လက်ဆောင်ဘူးအတွင်းရှိ အရာကို လူတိုင်း မြင်လိုက်ရသောအခါ တညီတညွတ်တည်း အံ့သြတကြီး အော်ဟစ်လိုက်ကြတော့သည်.

“ဒီ ပယင်းက သွေးပယင်းပဲ၊ ဒါက နှစ်ပေါင်း ထောင်ချီမှ တစ်ခါပဲ ပေါ်လာတတ်တဲ့ ရှားပါးရတနာလေ!”

“ကျွန်တော် အရင်က သွေးနီရောင် ပယင်းတစ်ခုကို မြင်ဖူးတယ်၊ ဒါပေမဲ့ အရည်အသွေးက ဒီလောက်မကောင်းဘူး၊ အဲဒါတောင် သန်းနဲ့ချီ တန်တာ၊ ဒီ သွေးနီရောင် ပယင်းရဲ့ တန်ဖိုးကတော့ ဖြတ်လို့တောင် ရမှာမဟုတ်ဘူး”

“ယွီချီ ပေးတဲ့လက်ဆောင်က ဒီလောက်တောင် တန်ဖိုးကြီးတာဆိုတော့ သခင်မလေးအပေါ်မှာ ထားတဲ့ သူ့ရဲ့ စိတ်ရင်းကို သိသာစေတာပဲ”

လူတိုင်း၏ တုံ့ပြန်မှုများကို မြင်သောအခါ ယွီချီကျားသည်က ယနေ့ သူ အောင်နိုင်ပြီဟု သိလိုက်လေသည်။

သူပေးသော လက်ဆောင်မှာ ယနေ့ည၏ အဖိုးတန်ဆုံးနှင့် အရှားပါးဆုံးအရာ ဖြစ်ပေသည်။

“အစ်ကိုယွီချီ၊ လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်၊ ကျွန်မ အရမ်းသဘောကျတယ်”

မိုရှောက်ယောင်သည် လက်ဆောင်ဘူးကို ကိုင်၍ သွေးပယင်းကို သေချာစွာ စစ်ဆေးကြည့်ပြီး ယွီချီကျားအား ချိုသာစွာ ပြုံးပြလိုက်ပေသည်။

ထိုအပြုံးမှာ ပန်းပေါင်းတစ်ရာ ပွင့်လန်းလာသကဲ့သို့ အလွန်ပင် လှပလွန်းလှပေသည်။

လက်ဆောင်အားလုံးထဲတွင် ယွီချီကျား၏ လက်ဆောင်ကို မိုရှောက်ယောင် အနှစ်သက်ဆုံးဖြစ်ကြောင်း ထင်ရှားလွန်းပေသည်။

“ရှောက်ယောင်၊ မင်း ပျော်မယ်ဆိုရင် ငါ ဘယ်လိုအရာကိုမဆို လုပ်ပေးဖို့ အသင့်ပဲ”

ယွီချီကျားက မိုရှောက်ယောင်ကို ချစ်မြတ်နိုးသော အကြည့်ဖြင့် ကြည့်ကာ ပြောလာသည်။

“မွေးနေ့မှာ ပျော်ရွှင်ပါစေ”

တစ်လလုံးလုံး အချိန်ယူ ရှာဖွေခဲ့ရသော ဤလက်ဆောင်မှာ နောက်ဆုံး၌ ထိုက်တန်သွားပြီ ဖြစ်ကြောင်း သူ သိလိုက်ရသည်။

မိုရှောက်ယောင်သာ သဘောကျမည်ဆိုလျှင် သူ မည်သည့်အရာကိုမဆို လုပ်ဝံ့ပေသည်။

သူက လုံလောက်အောင် တော်နေပြီဖြစ်၍ မိုရှောက်ယောင် အရွယ်ရောက်လာမည်ကိုသာ စောင့်ရန် ကျန်တော့သည်။

သူ ယွီချီကျား တစ်ဦးတည်းသာလျှင် မိုရှောက်ယောင်နှင့် ထိုက်တန်သည်ဟု သူ ယုံကြည်ထားပေသည်။

ထိုအချိန်မှာပင် လူအုပ်ကြီး၏ နောက်ဘက်မှ မသာယာလွန်းသော အသံတစ်ခု ထွက်ပေါ်လာသည်။

“ယောင်ပင်း၊ မင်းလည်း သခင်မလေးရဲ့ မွေးနေ့ပွဲကို လာတာပဲ မဟုတ်လား၊ မင်းရော သူ့အတွက် ဘယ်လိုလက်ဆောင်မျိုး ပြင်ဆင်လာလဲ”

ထိုသူ၏ စကားကြောင့် လူတိုင်း၏ အာရုံမှာ လူအုပ်နောက်ဘက်ရှိ ယောင်ပင်းထံသို့ ချက်ချင်း ရောက်ရှိသွားတော့သည်။

ယောင်ပင်း အနည်းငယ် ကြောင်အမ်းသွားရ၏။

သူသည်က ဤကဲ့သို့သော ပွဲလမ်းသဘင်မျိုးကို မည်သည့်အချိန်ကမှ မနှစ်သက်ခဲ့ခြင်းမရှိပါချေ။ မိုရှောက်ယောင်အတွက်ကြောင့်သာ နေနေခဲ့ခြင်း ဖြစ်ပေသည်။

ထို့အပြင်ပြင် ယနေ့တွင် သူ လုပ်ဆောင်ရမည့် အလုပ်နှစ်ခု ရှိပေသည်။

တစ်ခုမှာ မိုရှောက်ယောင်အတွက် သံသယဖြစ်စရာ လူများကို ရှာပေးရန်ဖြစ်ပြီး၊ နောက်တစ်ခုမှာ စနစ်မျက်နှာပြင်က ပြောထားသော လှပသော အမျိုးသမီးအလောင်းကို ရှာရန်ပင် ဖြစ်ပေသည်။

သို့သော် ဧည့်သည်များကို အကြာကြီး စောင့်ကြည့်နေသော်လည်း သံသယဖြစ်စရာ လူတစ်ဦးမျှ ရှာမတွေ့ခဲ့သဖြင့် ယောင်ပင်း အနည်းငယ် စိတ်ပျက်နေခဲ့သည်။

ထိုစဉ်မှာပင် လူတိုင်း၏ အာရုံက သူ့ထံသို့ ရုတ်တရက် ရောက်လာခဲ့ခြင်း ဖြစ်ပေသည်။

ဤသည်က ယောင်ပင်းကို အံ့သြသွားစေပေသည်။

“ဟုတ်သားပဲ၊ သူက မိုသခင်မလေးရဲ့ မွေးနေ့ပွဲကို လာတာဆိုတော့ အနည်းဆုံးတော့ လက်ဆောင်တစ်ခုခု ပါရမှာပေါ့”

“သူ့ရဲ့ စုတ်ပြတ်နေတဲ့ ရုပ်ကို ကြည့်ဦး၊ ဘယ်လိုလက်ဆောင်မျိုး ပေးနိုင်မှာလဲ၊ ရှေ့က တန်ဖိုးကြီးလက်ဆောင်တွေနဲ့ ယှဉ်ရင်တော့ သူ ဘာပေးပေး အရှက်ကွဲမှာပဲ”

မိုရှောက်ယောင်၏ ပွဲကို လက်ဆောင်မပါဘဲ လာခြင်းမှာ အမှန်တကယ်ပင် တရားလွန်လွန်းပေသည်။

လူအုပ်ကြီးသည်က ယောင်ပင်း အရှေ့သို့တက်ကာ လက်ဆောင်ပေးနိုင်ရန်အတွက် လမ်းဖယ်ပေးလိုက်ကြလေ၏။

ယောင်ပင်းက မိုရှောက်ယောင်ကို အားနာစွာ ပြုံးပြလိုက်ပြီး ပြောလာသည်။

“ရှောက်ယောင်၊ ကျွန်တော် ဒီနေ့ တကယ်ပဲ လက်ဆောင် ဘာမှ မပြင်ဆင်လာခဲ့မိဘူး”

သူ၏ စကားကြောင့် လူအုပ်ကြီးကြားတွင် ဆူညံသွားတော့သည်။

“မွေးနေ့ပွဲကို လက်ဆောင်မပါဘဲ လာတာလား၊ ဒါက ဘယ်လိုလူမျိုးလဲ”

“ငါ့အထင်တော့ သူက မပြင်ဆင်ချင်တာ မဟုတ်ဘူး၊ သူ့မှာ ပိုက်ဆံ မရှိတာပဲ ဖြစ်ရမယ်၊ သူ့ကို ကြည့်ရတာ ယွမ်တစ်ရာတန်တာတောင် ဝယ်နိုင်မှာ မဟုတ်ဘူး”

ယွီချီကျားက ယောင်ပင်းကို အေးစက်သော အပြုံးဖြင့် ကြည့်နေပေသည်။

အဘိုးမိုနှင့် မိုရှောက်ယောင်တို့ကိုယ်တိုင် ဖိတ်ကြားခဲ့သော ဤလူမှာ မည်သည့်အရာက ထူးခြားနေသည်လဲဆိုသည်ကို သူ မြင်ချင်နေပေသည်။

သို့သော် ယခုကြည့်ရသည်မှာတော့ သူသည် အဆင့်အတန်းမရှိသော ဆင်းရဲသားတစ်ဦးသာ ဖြစ်ပုံရပြီး စိုးရိမ်စရာ မရှိချေ။

လူတိုင်းက ယောင်ပင်းကို လှောင်ပြောင်နေကြစဉ်မှာပင် မိုရှောက်ယောင်က အမြန်ပင် ပြုံး၍ သူ့ကို ကူညီလိုက်ပေသည်။

“ရပါတယ်၊ ရှင် ရောက်လာပေးတာကပဲ ကျွန်မအတွက် အကောင်းဆုံး မွေးနေ့လက်ဆောင်ပါပဲ”

သူမ အနည်းငယ် အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရပေသည်။

ယောင်ပင်းကို ဤကဲ့သို့သော ပွဲမျိုးသို့ မဖိတ်သင့်ခဲ့ချေ။ ဤသည်က သူ့အတွက် ပထမဆုံးအကြိမ်ဖြစ်ရာ သူ သေချာပေါက် နေရခက်နေပေလိမ့်မည်။

ယခုတွင်တော့ သူသည်က လူတိုင်း၏ လှောင်ပြောင်ခြင်းကို ခံနေရချေပြီ။ ယောင်ပင်း စိတ်မသက်မသာ ဖြစ်နေမည်မှာ သေချာလှပေသည်။

မိုရှောက်ယောင်က ယောင်ပင်းကို ကာကွယ်ပေးနေသည်ကို မြင်သောအခါ အဖိုးအိုမိုက အဓိပ္ပာယ်ပါပါ ပြုံးလိုက်ပြီး ယောင်ပင်းအား လက်ယပ်ခေါ်လိုက်သည်။

“မင်း ရောက်နေတာပဲ၊ ဘာလို့ နောက်မှာ ရပ်နေတာလဲ၊ လာခဲ့.. အဘိုးရဲ့ ဘေးမှာ လာရပ်လိုက်”

မြင်ကွင်းတစ်ခုလုံး ပြန်လည် တိတ်ဆိတ်သွားပြန်သည်။

မိုရှောက်ယောင်က ယောင်ပင်းကို ကူညီပေးသည်မှာ တစ်ကဏ္ဍသာဖြစ်ပေ၏။ သို့သော် အဘိုးအိုမိုက ဤသို့ လုပ်ဆောင်လိုက်ခြင်းမှာ မည်သည့်အရာကို ဆိုလိုသနည်း။

ဤသည်မှာ ယောင်ပင်း၏ အဆင့်အတန်းမှာ ထူးခြားကြောင်း လူသိရှင်ကြား ကြေညာလိုက်ခြင်းသာဖြစ်သည်။

လွန်ခဲ့သော နှစ်များအတွင်း မိုမိသားစုဝင်များမှလွဲ၍ လေးယောက်မြောက် သခင်မလေး တစ်ဦးတည်းသာ အဖိုးအိုမို၏ ဘေးတွင် ရပ်ခွင့်ရခဲ့သည် မဟုတ်ပါလား။

ယခုတွင် အဖိုးအိုမိုက ယောင်ပင်းကို သူ၏ဘေးတွင် ရပ်ရန် ဖိတ်ခေါ်နေသည်တဲ့လား။

ဒီကောင်လေးက ဘယ်သူလဲ။

မိုရှောက်ယောင်နှင့် သူမ၏ အဘိုးတို့က သူ့ကို ဤမျှအထိ ကာကွယ်ပေးနေကြသည်ကို မြင်သောအခါ ယောင်ပင်းသည်လည်း မငြင်းသာတော့ဘဲ အဖိုးအိုမို၏ ဘေးသို့ ရိုသေစွာ လျှောက်သွားလိုက်ပေသည်။

ထို့နောက် သူက စိတ်ရင်းဖြင့် ပြောလိုက်၏။

“အဘိုးမို၊ အဘိုးက ရှောက်ယောင်ကို အချစ်ဆုံးဆိုတာ ကျွန်တော် သိပါတယ်၊ တကယ်လို့ အဘိုးသာ ပျော်ရွှင်မယ်ဆိုရင် ရှောက်ယောင်လည်း သေချာပေါက် ပိုပြီးပျော်ရွှင်မှာပဲ၊

ကျွန်တော်က ဒီနေ့ ရှောက်ယောင်အတွက် လက်ဆောင် မပြင်ဆင်လာခဲ့ပေမဲ့ အဘိုးမိုအတွက်တော့ လက်ဆောင်တစ်ခု ပြင်ဆင်လာခဲ့ပါတယ်”

*

အခန်း(56) သက်တမ်း (၁၀)နှစ် လက်ဆောင်ပေးခြင်း

ယောင်ပင်း၏ စကားကြောင့် လူအုပ်ကြီးမှာ ပထမတော့ အထင်သေးသွားကြလေ၏။ ထို့နောက်တွင်တော့ ဝေခွဲမရ ဖြစ်သွားကြပြန်သည်။

သူက မိုရှောက်ယောင်၏ မွေးနေ့မှာ အဘိုးအိုမိုကို လက်ဆောင်ပေးမယ် ဟုတ်လား။

ထို့အပြင် အဖိုးအိုမိုသည်က စစ်တပ်တွင် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ပြီး ချမ်းသာကြွယ်ဝမှုနှင့် အခွင့်အာဏာအားလုံးကို ပိုင်ဆိုင်ထားသူ ဖြစ်ရာ အရာအားလုံးကို မြင်ဖူးပြီးသား ဖြစ်ပေသည်။

ယွီချီကျားက တန်ဖိုးမဖြတ်နိုင်သော သွေးပယင်းကို ပေးအပ်ချိန်မှာပင် ထိုအဘိုးအိုမှာ အနည်းငယ်မျှသာ ပြုံးခဲ့သည် မဟုတ်ပါလား။

လူတိုင်းက ယောင်ပင်းအနေဖြင့် အဘိုးအိုကို ထူးခြားသော အရာတစ်ခုခု ပေးနိုင်လိမ့်မည်ဟု မယုံကြည်ကြချေ။

“ဒီလောက် စကားတွေ အရှည်ကြီး ပြောနေတာ.. နောက်ဆုံးတော့ မင်းက ဘာလက်ဆောင် ပေးမှာလဲ”

တစ်စုံတစ်ဦးက ယောင်ပင်းကို မေးလိုက်တော့သည်။

ကျန်လူများကလည်း လိုက်လံ မေးမြန်းကြ၏။

ယွီချီကျားကလည်း ယေရှိနေသောမည်သည့်ဘယ်လို လက်ဆောင်မျိုး ပေးမည်ကို မြင်ချင်သဖြင့် သေသေချာချာ စိုက်ကြည့်နေပေသည်။

“အဘိုးမို၊ ကျွန်တော့်ဆီမှာ ပေးဖို့အတွက် ကောင်းမွမ်တဲ့အရာ ဘာမှ မရှိပါဘူး”

ယောင်ပင်းက နောက်ဆုံး၌ ပြောလိုက်သည်။

“ကျွန်တော် အဘိုးကို သက်တမ်း ၁၀ နှစ် လက်ဆောင်ပေးပါ့မယ်!”

ယောင်ပင်း စကားပြောလိုက်သည်နှင့် တစ်ခန်းလုံး တိတ်ဆိတ်သွားတော့သည်။

လူတိုင်းက သူတို့ နားကြားမှားသည်လားဆိုပြီး တစ်ဦးကိုတစ်ဦး ဝေခွဲမရစွာ ကြည့်လိုက်ကြ၏။ ယောင်ပင်းက အဖိုးအိုမိုကို ပေးမယ့် လက်ဆောင်က သက်တမ်း (၁၀) နှစ် တဲ့လား။

ဒီပွဲကို တက်လာတဲ့ ဧည့်သည်တွေဟာ ချမ်းသာကြွယ်ဝပြီး အရှိန်အဝါရှိသူတွေဖြစ်ကာ ဗဟုသုတလည်း ကြွယ်ဝကြသူတွေ ဖြစ်ပေသည်။

လက်ဆောင်အမျိုးမျိုးကို မြင်ဖူးခဲ့ကြသော်လည်း တစ်ပါးသူ၏ သက်တမ်းကို လက်ဆောင်အဖြစ် ပေးသည်ကိုတော့ တစ်ခါမှ မကြားဖူးခဲ့ကြချေ။

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် တစ်စုံတစ်ဦးက မေးမြန်းလိုက်သည်။

“မင်းက အကြီးအကဲမိုကို သက်တမ်း ၁၀ နှစ် ပေးမယ်လို့ ပြောတာလား၊ ဒါကို ဘယ်လိုလုပ်ပေးမှာလဲ”

“ယမမင်းကသာ လူတွေရဲ့ အသက်နဲ့ သေခြင်းကို စိုးမိုးတာလေ၊ မင်းက အကြီးအကဲကို သက်တမ်း တိုးပေးနိုင်တယ်ဆိုရင် မင်းကိုယ်တိုင်က ယမမင်းပဲပေါ့ ဟုတ်လား”

ယွီချီကျားက ပြုံးလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။

“လူငယ်လေး၊ မင်းက အဘိုးနဲ့ ရှောက်ယောင်ကို စိတ်ကျေနပ်အောင် လုပ်ချင်တယ်ဆိုတာ ငါသိပါတယ်၊ ဒါပေမဲ့ တစ်ခုခု ပေးချင်ရင် ကိုယ့်စွမ်းနိုင်တဲ့ အရာကိုပဲ ပေးပါ၊ မဟုတ်တာတွေ လျှောက်ပြောပြီး အဘိုးနဲ့ ရှောက်ယောင်ကို စိတ်အနှောင့်အယှက် မပေးပါနဲ့”

သူ့စကားရဲ့ ဆိုလိုရင်းကတော့ ရှင်းနေသည်။

ယောင်ပင်းအနေဖြင့် မိုက်မဲသောအရာများကို မလုပ်ဖို့ သတိပေးလိုက်ခြင်းပင်။

ယွီချီကျား၏ စကားကြောင့် ဧည့်သည်များကြားမှာလည်း ဝေဖန်သံတွေ ဆူညံလာပြီး အများစုက ယောင်ပင်းရဲ့ လုပ်ရပ်ကို သံသယဝင်နေကြသည်။

ထိုဆူညံသံများကြားမှ တုန်ရီနေသော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။

“မင်း.. မင်း တကယ်ပြောတာလား၊ ငါ့ကို သက်တမ်း (10)နှစ် တကယ်ပေးမှာလား”

ထိုအသံ ထွက်ပေါ်လာသည်နှင့် ဆူညံသံများ ချက်ချင်းပင် ရပ်တန့်သွားတော့၏။ အဘယ်ကြောင့်ဆိုသော် ထိုအသံရှင်မှာ အကြီးအကဲမို ဖြစ်နေသောကြောင့်ပင်။

အကြီးအကဲမိုက တုန်တုန်ချိချိဖြင့် ထရပ်လိုက်ပြီး ယောင်ပင်းထံသို့ လျှောက်လာခဲ့သည်။ သူ၏မျက်လုံးများက မျက်ရည်များ ဝိုင်းလျက်ရှိနေကာ လက်များမှာလည်း အနည်းငယ် တုန်ရီနေပေသည်။

ထိုအချိန်၌ အကြီးအကဲမို ခံစားနေရသော ခံစားချက်ကို မည်သူမျှ နားလည်နိုင်မည် မဟုတ်ချေ။

သူသည်က သူ၏ တစ်သက်လုံးကို စစ်မြေပြင်တွင် အချိန်ကုန်လွန်စေခဲ့ပြီး မိုမိသားစု၏ အင်ပါယာကို တည်ဆောက်ခဲ့သူ ဖြစ်ပေသည်။

သို့သော် ယခု တခြားမိသားစုများ အင်အားကြီးထွားလာပြီး မိုမိသားစု၏ ရာထူးကိုပင် ခြိမ်းခြောက်လာကြချိန်တွင် သူကတော့ အိုမင်းမစွမ်း ဖြစ်နေရသည်။ သူ၏ ရည်မှန်းချက်များကလည်း မပြည့်ဝသေးချေ။

ပို၍ ဆိုးသည်မှာ သူ၏ ကိုယ်ပိုင်ဆရာဝန်က သူ၏ ခန္ဓာကိုယ်လုပ်ဆောင်ချက်များမှာ အလွန်ပင် ယိုယွင်းနေပြီဖြစ်သဖြင့် မကြာမီ လေဖြတ်ပြီး အိပ်ရာထဲသို့ လဲတော့မည်ဟု သတိပေးထားခြင်းပင် ဖြစ်ပေသည်။

မပြည့်ဝသေးသော ရည်မှန်းချက်နှင့် အိုမင်းနေသော ခန္ဓာကိုယ် ..

ဤသည်မှာ အဖိုးအိုမို၏ အကြီးမားဆုံးသော ကြေကွဲစရာပင် ဖြစ်ပေလိမ့်မည်။ ယခုတွင်တော့ ယောင်ပင်းက သူ့ကို သက်တမ်း ဆယ်နှစ် ပေးမည်ဟု ဆိုလာပြီ။

၁၀ နှစ် ..

မိုမိသားစုရဲ့ အရှိန်အဝါကို ခိုင်မာအောင် လုပ်ဖို့ သူ့အတွက် လုံလောက်တဲ့ အချိန်ပဲ။

သူ ဘယ်လိုလုပ်ပြီး စိတ်မလှုပ်ရှားဘဲ နေနိုင်မှာလဲ။

ယောင်ပင်းက မိုရှောက်ယောင်ကို သေမင်း၏လက်ထဲမှ ပြန်ခေါ်လာနိုင်သည်ကို သူကိုယ်တိုင် မြင်တွေ့ခဲ့ရပြီးဖြစ်ပေ၏။ ထို့ကြောင့် ယောင်ပင်းက သူ့ကိုလည်း သက်တမ်းတိုးပေးနိုင်မည်ဟု သူ အခိုင်အမာ ယုံကြည်နေပေသည်။

“အဘိုးမို၊ ကျွန်တော်က ပြောပြီးရင် သေချာပေါက် လုပ်ပေးပါ့မယ်”

ယောင်ပင်းက လေးနက်စွာ ပြောလိုက်၏။

“အဘိုးရဲ့ နာမည်အပြည့်အစုံကို ပြောပြပေးပါ”

“မိုချန်ကျုံး”

“ခဏလောက် စောင့်ပေးပါဦး”

ယောင်ပင်းသည် သူ၏ စနစ်အတွင်းရှိ ‘ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကျမ်း’ ကို ဖွင့်ကြည့်လိုက်ပြီး မိုချန်ကျုံး၏ အမည်ကို အမြန်ပင် ရေးသွင်းလိုက်သည်။

မကြာမီမှာပင် ထိုကျမ်း၌ ပေါ်လာခဲ့သည်။

__မိုချန်ကျုံး၊ ၁၉၅၄ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့တွင် မွေးဖွားသည်၊ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့တွင် သေဆုံးမည်။

ကံကြမ္မာအရဆိုလျှင် မိုချန်ကျုံးသည် နောက်ထပ် တစ်နှစ်ခန့်သာ အသက်ရှင်ရန် ကျန်တော့ပေသည်။ ယောင်ပင်း အသက်ပြင်းပြင်းရှူလိုက်ပြီး ‘ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကျမ်း’ ပေါ်၌ ၂၀၁၉ ကို ၂၀၂၉ ဟု ပြောင်းလဲရေးသားလိုက်လေသည်။

ထို့နောက် သူပ စိတ်ရှည်စွာ စောင့်ဆိုင်းနေခဲ့သည်။ အကြီးအကဲမိုကလည်း အသက်ပင် မရှူဝံ့ဘဲ တိတ်ဆိတ်စွာ စောင့်နေ၏။

ခန်းမထဲရှိ အခြားသူများလည်း အသံ မထွက်ဝံ့ဘဲ ငြိမ်သက်နေကြသည်။

တစ်မိနစ်ခန့် ကြာပြီးနောက်..

၂၀၂၉ ဆိုသည်က ပြောင်းလဲသွားခြင်း မရှိချေ။

သူ့အနေဖြင့် ကံကြမ္မာကို အောင်မြင်စွာ ပြောင်းလဲနိုင်ခဲ့ပြီး အကြီးအကဲမိုအနေဖြင့် နောက်ထပ် သက်တမ်း ၁၀ နှစ် တိုးလာပြီဖြစ်ကြောင်း ဆိုလိုခြင်း ဖြစ်ပေသည်။

ယောင်ပင်း မျက်လုံးကို ဖွင့်လိုက်ပြီး အဖိုးအိုကို ခေါင်းညိတ်ပြလိုက်သည်။

“အဘိုးမို.. ပြီးပါပြီ”

“ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်!”

အဘိုးအိုက စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်လိုက်ပြီး မည်သည့်စကားကို ပြောရမှန်းပင် မသိတော့ချေ။

ကျန်ရှိနေသူများကတော့ တစ်ဦးကိုတစ်ဦး ဝေခွဲမရစွာ ကြည့်နေကြသည်။

ဒါပဲလား။ ယောင်ပင်းက ဘာမှမလုပ်ဘဲ မျက်လုံးခဏ မှိတ်လိုက်ရုံနဲ့ အဖိုးအိုကို သက်တမ်း ဆယ်နှစ် ပေးလိုက်တာလား။

ဒါက နောက်နေတာ မဟုတ်ဘူးလား။

ယွီချီကျားက ဇဝေဇဝါ ဖြစ်နေသော်လည်း ထုတ်မပြောခဲ့ချေ။

အဘိုးအိုရဲ့ စရိုက်ကို သူသိသည်။ အကယ်၍ သူက ပြန်မေးခွန်းထုတ်လျှင် အဘိုးအို သေချာပေါက် စိတ်ဆိုးလိမ့်မည်။

ထို့ကြောင့် ပွဲပြီးမှသာ ယောင်ပင်း၏နောက်ခံကို တိတ်တဆိတ် စုံစမ်းဖို့ ဆုံးဖြတ်လိုက်သည်။

သို့သော် သခင်လေးဟောင်ကတော့ ငြိမ်မနေနိုင်ခဲ့ချေ။ သူက မကျေမနပ်ဖြင့် မေးခွန်းထုတ်လိုက်သည်။

“ယောင်ပင်း၊ မင်းက အဘိုးကို သက်တမ်း ဆယ်နှစ် ပေးတယ်လို့ ပြောတယ်၊ ဒါကို ဘယ်လို သက်သေပြမှာလဲ”

သူ စကားပြောလိုက်သည်နှင့် ယောင်ပင်းကို မယုံကြည်သူများကလည်း ဝိုင်း၍ ပြောဆိုလာကြတော့သည်။

“ဟုတ်တယ်၊ ဒီလိုမျိုးက သက်သေပြလို့မှ မရတာ၊ သူပြောချင်တာတွေ လျှောက်ပြောနေတာပဲ ဖြစ်မှာပါ!”

“ဒီကောင်က ဟန်ပြနေတာပဲ ဖြစ်ရမယ်၊ သူ ဘာမှလည်း မလုပ်ဘဲနဲ့ မျက်လုံးခဏ မှိတ်လိုက်ရုံနဲ့ အကြီးအကဲမိုကို သက်တမ်း ဆယ်နှစ် တိုးပေးလိုက်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလား”

ခဏအတွင်းမှာပင် တိတ်ဆိတ်သွားသော ခန်းမကြီးမှာ ပြန်လည် ဆူညံလာပြန်သည်။

လူတိုင်းက ယောင်ပင်းကို သံသယဝင်နေကြ၏။ ယောင်ပင်းအနေဖြင့် မတတ်သာတော့ဘဲ သခင်လေးဟောင်ကို မေးလိုက်ရသည်။

“ဒါဆို မင်း ယုံကြည်လာအောင် ငါ ဘာလုပ်ပေးရမလဲ”

သခင်လေးဟောင်က နှာခေါင်းရှုံ့လိုက်သည်။

“မင်း သက်သေပြနိုင်မှယုံမှာပေါ့”

သက်တမ်းတိုးပေးတာကို ဘယ်သူကများ သက်သေပြနိုင်မှာလဲ။

နောက်ထပ် ဆယ်နှစ်ဆိုတာကို ဘယ်သူမှ ကြိုမမြင်နိုင်ဘူးလေ။ ထို့ကြောင့် သူက ယောင်ပင်းကို တမင်တကာ အခက်တွေ့အောင် လုပ်နေခြင်း ဖြစ်ပေသည်။

ယောင်ပင်း ခေတ္တမျှ တိတ်ဆိတ်သွား၏။ သခင်လေးဟောင်ကတော့ အောင်နိုင်သူတစ်ဦးကဲ့သို့ ထပ်မံ ပြောဆိုလိုက်သည်။

“ဘာလဲ၊ မင်း ကြောက်သွားပြီလား၊ သက်သေမပြဝံ့တော့ဘူးလား

ဒါမှမဟုတ် မင်းမှာ သက်သေပြစရာ နည်းလမ်း လုံးဝ မရှိတာလား”

ယောင်ပင်းက သူ့ကို မော့ကြည့်လိုက်သည်။

“မင်းမှာ သွေးထွက်သံယိုဖြစ်မယ့် ကံကြမ္မာ ရှိနေတယ်”

သခင်လေးဟောင်က သက်သေပြခိုင်းနေသဖြင့် သူသည်က သက်သေပြရန် နည်းလမ်းတစ်ခုကို ရှာရမည် မဟုတ်ပါလား။

သက်တမ်းဆိုသည်မှာ မမြင်နိုင်၊ မထိတွေ့နိုင်သော အရာဖြစ်သဖြင့် သက်သေပြရန် ခက်ခဲသော်လည်း၊ သွေးထွက်သံယို ဖြစ်မည့်ကိစ္စကိုတော့ သူ သက်သေပြနိုင်ပေသည်။

သခင်လေးဟောင်က ချက်ချင်းပင် ဒေါသထွက်သွားသည်။

“ဒုက္ခရောက်မှာက မင်းပဲ! စကားလမ်းကြောင်း လွှဲမနေနဲ့၊ အဘိုးကို သက်တမ်းတိုးပေးခဲ့တယ်ဆိုတာကိုပဲ အမြန် သက်သေပြစမ်း”

ယောင်ပင်းက သူ့ကို ဂရုမစိုက်တော့ဘဲ ပါးစပ်မှ စတင်ရေတွက်လိုက်သည်။

“သုံး!”

“ဟန်ဆောင်မနေနဲ့၊ မင်းရဲ့ မဟုတ်မဟတ် စကားတွေကို ငါမယုံဘူး!”

“နှစ်!”

“ယောင်ပင်း၊ မင်း ကြောက်ပြီးပြေးတော့မှာလား”

“တစ်!”

မျက်စိတစ်မှိတ်အတွင်း ယောင်ပင်း ‘တစ်’ ဟု ရေတွက်ပြီးချိန်မှာပင် သခင်လေးဟောင်၏ ခေါင်းပေါ်ရှိ ဖန်သားမီးဆိုင်းကြီးမှာ အချက်ပေးခြင်းမရှိဘဲ ပြုတ်ကျလာပြီး သူ၏ အပေါ်သို့ အရှိန်ပြင်းစွာ ကျရောက်သွားတော့သည်။

သခင်လေးဟောင်၏ ခေါင်းကို တည့်တည့်ကြီး မှန်သွားခြင်း ဖြစ်ပေသည်။ သခင်လေးဟောင်မှာ ထိုမီးဆိုင်းကြီးအောက်တွင် လဲကျသွားပြီး ခေါင်းကို ကိုင်ကာ နာကျင်စွာ ညည်းတွားနေတော့သည်။

ခန်းမတစ်ခုလုံးတွင်လည်း သွေးညှီနံ့များ ချက်ချင်းပင် ပြန့်နှံ့သွားတော့၏။ လူတိုင်းက ပါးစပ်အဟောင်းသားဖြင့် မယုံကြည်နိုင်စွာ စိုက်ကြည့်နေကြသည်။

ထိုမီးဆိုင်းကြီးမှာ အလွန်ပင် ကြီးမားလှသည်။ ထိုအောက်တွင် သခင်လေးဟောင်အပြင် အခြားသူများလည်း အနားမှာ ရှိနေခဲ့ကြသည်။

သို့သော် ထိုမီးဆိုင်းကြီးမှာ မျက်လုံးပါသကဲ့သို့ပင် သခင်လေးဟောင်ကိုသာ တည့်တည့်မှန်သွားပြီး အခြားသူများကိုတော့ မည်သည့်အရာမှ မဖြစ်ခဲ့ချေ။

သွေးထွက်သံယို မတော်တဆမှုကြီး..

တကယ့်ကို တိကျလွန်းလှပေသည်။

မယုံကြည်နိုင်စရာလည်းကောင်းသည်။

ယခုအခါတွင်တော့ မည်သူမျှ စကားတစ်ခွန်းမှ မပြောဝံ့တော့ပါချေ။

*

All Chapters