အခန်း (၅၇-၅၈)
Vol. 6 Ch. 57-58
အခန်း(57)
“တစ်ယောက်ယောက် သူ့ကို ဆေးရုံ ပို့လိုက်ကြစမ်း!”
အကြီးအကဲမိုက အေးစက်စွာ လက်ဝှေ့ယမ်း၍ အမိန့်ပေးလိုက်သည်။
သခင်လေးဟောင်၏ မောက်မာသော စကားများနှင့် မိုရှောက်ယောင်၏ မွေးနေ့ပွဲတွင် သွေးထွက်သံယို ဖြစ်သွားခြင်းမှာ အဖိုးအိုကို များစွာ စိတ်အနှောင့်အယှက် ဖြစ်စေခဲ့ပေသည်။
သူသည်က သူ၏ မြေးမလေး မျက်နှာကို ထောက်ထားသဖြင့်သာ ဒေါသကို ထိန်းထားခြင်း ဖြစ်ပေသည်။
ယောင်ပင်းပေးသော သက်တမ်း ဆယ်နှစ်ဆိုသည်မှာ အမှန်လား၊ အမှားလား ဆိုသည်ကိုတော့ သူကိုယ်တိုင် စစ်ဆေးနိုင်သည့် နည်းလမ်း ရှိပေသည်။ အခြားသူများ ဝင်ရောက် စွက်ဖက်ရန် မလိုအပ်ချေ။
အဖိုးအို၏ အမိန့်အရ လုံခြုံရေးများက သခင်လေးဟောင်ကို အပြင်သို့ အမြန်သယ်ထုတ်သွားကြတော့သည်။
သခင်လေးဟောင်နှင့်အတူ ပါလာသော လူငယ်များမှာလည်း ဤမြင်ကွင်းကို မြင်သောအခါ တိတ်ဆိတ်သွားကြပြီး နောက်ထပ် စကားတစ်ခွန်းမှ မပြောဝံ့တော့ချေ။
အခြားသူများကလည်း အံ့သြတကြီးဖြင့် ကြည့်နေကြရုံသာ တတ်နိုင်တော့သည်။ ယောင်ပင်း၏ အရည်အချင်းမှာ သူတို့ နားလည်နိုင်စွမ်းထက် ကျော်လွန်နေပြီ ဖြစ်ပေသည်။
မိုရှောက်ယောင် တစ်ဦးတည်းသာ ယောင်ပင်းကို ပြုံးလျက် ကြည့်နေပေသည်။ သူမ၏ မျက်လုံးများမှာ ကြယ်ပွင့်လေးများ ပြည့်နှက်နေသကဲ့သို့ တောက်ပနေ၏။
မိုရှောက်ယောင်က ယောင်ပင်းကို ကြည့်နေသည့်အကြည့်ကို မြင်သောအခါ ယွီချီကျား၏ မျက်နှာမှာ တဖြည်းဖြည်း မည်းမှောင်သွားတော့သည်။
သူ့ဘက်က အချိန်အကြာကြီး ကြိုးစားခဲ့ရသည်ဖြစ်၍ မည်သူ့ကိုမျှ ဝင်ရောက် နှောင့်ယှက်ခွင့် ပေးမည် မဟုတ်ချေ။
ထိုစဉ်မှာပင် အိုမင်းသော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
“လူငယ်လေး၊ ကျေးဇူးပြုပြီး ငါ့ကိုလည်း တစ်ချက်လောက် ကြည့်ပေးပါဦးလား”
ထိုအသံမှာ ခန်းမအတွင်းရှိ တစပြင်ကဲ့သို့ တိတ်ဆိတ်မှုကို ဖြတ်ကျော်လိုက်ပြီး လူတိုင်း၏ အာရုံကို ဖမ်းစားလိုက်ပေသည်။ စကားပြောသူကို သိလိုက်ရချိန်တွင် လူအုပ်ကြီးမှာ အံ့သြတကြီး အော်ဟစ်လိုက်ကြပြန်သည် ။
“ဒါ လောင်ကော်ပဲ! လောင်ကော် ဒီနေ့ ဒီကို ရောက်လာလိမ့်မယ်လို့ မထင်ထားဘူး၊ သူက တကယ်ပဲ ဒီကောင်လေးကို ယုံကြည်တာလား”
“လောင်ကော်က ဒီကောင်လေးကို ဘာကြည့်ခိုင်းချင်တာလဲဆိုတာ မင်းတို့ သိလား”
“ငါ့အထင်တော့ သူ သားရဦးမလားဆိုတာ ကြည့်ခိုင်းတာ ဖြစ်ရမယ်၊ သူ့ဘေးက မြေခွေးမလေးကို ကြည့်ဦးလေ!”
လူအုပ်ကြီးမှာ တစ်ယောက်တစ်ပေါက် ပြောဆိုနေကြပြီး လောင်ကော်နှင့် သူ၏ဘေးမှ လှပသော အမျိုးသမီးငယ်လေးဆီသို့ အာရုံရောက်နေကြသည်။
လောင်ကော်သည်က ပင်းဟိုင်မြို့တွင် အကြီးအကဲမိုနှင့် အဆင့်အတန်း တူညီလုနီးပါး ရှိသော်လည်း သူကတော့ စီးပွားရေးသမားတစ်ဦး ဖြစ်ပေသည်။ သူက ပင်းဟိုင်၏ ထိပ်တန်းသူဌေးကြီးတစ်ဦးဖြစ်ကာ ပိုင်ဆိုင်မှုများစွာ ရှိသည်။ သူ၏ တစ်ခုတည်းသော အားနည်းချက်မှာ သားသမီး မရှိခြင်းပင် ဖြစ်ပေသည်။
ထို့ကြောင့် လောင်ကော်သည်က အသက် ငါးဆယ်အရွယ်တွင် သူနှင့် အသက် သုံးဆယ်ခန့် ကွာခြားသော ယခု ဇနီးသည် ရှောင်ချင်းနှင့် လက်ထပ်ခဲ့ခြင်း ဖြစ်လ၏။
သူမက အရပ်ရှည်ပြီး ဆွဲဆောင်မှု ရှိလှပေသည်။ သို့သော်လည်း လက်ထပ်ပြီး နှစ်အတော်ကြာသည်အထိ သူတို့တွင် သားသမီး မထွန်းကားခဲ့ချေ။
ထို့ကြောင့် လူတိုင်းက လောင်ကော်တစ်ယောက် မျိုးဆက် ပြတ်မပြတ်ကို မေးမြန်းချင်နေခြင်းဖြစ်သည်ဟု ခန့်မှန်းနေကြခြင်း ဖြစ်ပေသည်။
ကံမကောင်းစွာဖြင့် လောင်ကော်၏ အမေးစကားကို သူတို့ မကြားလိုက်ရမီမှာပင် အဖိုးအိုမိုက သူတို့ကို ခန်းမအပြင်သို့ ယဉ်ကျေးစွာ နှင်ထုတ်လိုက်သည်။ ခန်းမအတွင်း၌ အဖိုးအိုမို ယုံကြည်ရသော လူအနည်းငယ်သာ ကျန်ရစ်တော့၏။
ဤသည်က လောင်ကော်၏ ဂုဏ်သိက္ခာနှင့် သက်ဆိုင်နေသဖြင့် သူ အလေးအနက်ထားရမည် မဟုတ်ပါလား။
လောင်ကော်က အကြီးအကဲမိုကို ကျေးဇူးတင်စွာဖြင့် ခေါင်းညိတ်ပြလိုက်ပြီး ယောင်ပင်းအား လေးလေးနက်နက် ပြောလိုက်သည်။
“လူငယ်လေး၊ ကျေးဇူးပြုပြီး ကြည့်ပေးပါဦး၊ ငါ့ရဲ့ ကော်မိသားစုက တကယ်ပဲ မျိုးဆက်ပြတ်သွားတော့မှာလား၊ ရှောင်ချင်းက ငယ်ရွယ်ပြီး ကျန်းမာတယ်၊ ငါကလည်း ကျန်းမာနေတာပဲ၊ ဒါဆို ဘာလို့ သားသမီး မရနိုင်ရတာလဲ”
သူသည်က အကြီးအကဲမိုနှင့် ဆယ်စုနှစ်ပေါင်းများစွာ သိကျွမ်းလာခဲ့သူ ဖြစ်ရာ အဖိုးအိုကို ကောင်းကောင်း သိသည်ပင်။ အကယ်၍ ထူးခြားသည့် အရည်အချင်းသာ မရှိခဲ့ပါက အဖိုးအိုမိုက ကလေးတစ်ယောက်ကို ဤမျှလလောက်အထိ အရေးပေးမည် မဟုတ်ကြောင်းကို သူသိနေပေသည်။
ထို့ကြောင့် လောင်ကော်က အရှက်ကို ဖယ်ကာ ယောင်ပင်းထံ သားသမီးကိစ္စကို လာရောက် မေးမြန်းခြင်း ဖြစ်ပေသည်။
သို့သော် သူ၏ ဇနီးသည် ရှောင်ချင်းကတော့ မကျေမနပ်ဖြစ်နေခဲ့သည်။
“လောင်ကော်၊ ရှင်က ဒီကလေးလေးကို ယုံနေတာလား၊ တခြားနေ့မှ မာစတာလျို့ဆီ သွားပြရအောင်၊ ဒီမှာ လူတွေ အများကြီးနဲ့..”
သို့သော်လည်း သူမက လောင်ကော်ကို မတားနိုင်ခဲ့ဘဲ ပျက်ယွင်းသောမျက်နှာဖြင့်သာ စောင့်ဆိုင်းနေခဲ့ရပေသည်။
ယောင်ပင်းကတော့ ရှောင်ချင်း၏ သံသယနှင့် အေးစက်မှုကို ဂရုမစိုက်ခဲ့ချေ။ သူသည်က လောင်ကော်နှင့် ရှောင်ချင်းတို့၏ အမည်များကို မေးမြန်းလိုက်ပြီး ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကျမ်း၌ အမြန်ပင် ရေးသွင်းလိုက်သည်။
ခေတ္တမျှအကြာတွင် ယောင်ပင်း၏ မျက်နှာက အနည်းငယ် ပြောင်းလဲသွားပြီး တိုးတိုးလေး ပြောလိုက်၏။
“လောင်ကော်၊ ကျွန်တော်နဲ့အတူ တခြားတစ်နေရာကို လိုက်ခဲ့ပေးနိုင်မလား၊ အဲဒီမှာ အကြောင်းပြချက်ကို ပြောပြပါ့မယ်”
“ဘာလို့ တခြားနေရာ သွားမှာလဲ၊ ဒီမှာပဲ ပြောစမ်းပါ”
ရှောင်ချင်းက အေးစက်စွာ တားဆီးလိုက်သည်။
“ဒီလိုမျိုး လျှို့ဝှက်နေတာကို ကြည့်ရုံနဲ့ နင်ဘာပြောမလဲဆိုတာ ငါ သိချင်နေပြီ”
ယောင်ပင်း မျက်မှောင်ကြုတ်လိုက်သည်။
“မင်း တကယ်ပဲ ဒီမှာ ပြောစေချင်တာလား”
ရှောင်ချင်းက ပြတ်ပြတ်သားသား ဖြေလိုက်သည် ။
“ဒီမှာပဲ ပြော!”
“ကောင်းပြီလေ”
ယောင်ပင်းက နှာခေါင်းရှုံ့လိုက်သည်။
“မင်း နောင်တရသွားစေရမယ်”
ရှောင်ချင်း၏ သဘောထားမှာ ပြတ်သားလွန်းသဖြင့် ယောင်ပင်းသည်လည်း အတင်းအကျပ် မလုပ်တော့ချေ။
သူက တည်ငြိမ်စွာဖြင့်ပင် ပြောခဲ့သည်။
“၂၀၀၂ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်၊ မနက် ၉ နာရီ ၅၀ မိနစ်”
သူသည်က ရှောင်ချင်း၏ ဂုဏ်သိက္ခာကို ငဲ့ကွက်သောအားဖြင့် သီးသန့်နေရာတွင် စကားပြောရန် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သော်လည်း သူမက ငြင်းဆိုခဲ့သည်။ ထို့ကြောင့် လူများကြားထဲတွင် ထုတ်ပြောရန်သာတတ်နိုင်တော့သည်။
သို့သော်လည်း သူသည်က ရှောင်ချင်းအတွက် လမ်းစအချို့ ချန်ထားပေးခဲ့ပေသည်။ ထိုရက်စွဲကို ကြားလိုက်သည်နှင့် သူမ နားလည်သွားလိမ့်မည်ဟု သူ ယုံကြည်ထားသည်။
သူ ထင်ထားသည့်အတိုင်းပင်။ ထိုရက်စွဲကို ကြားလိုက်ရချိန်တွင် ရှောင်ချင်း၏ မျက်နှာမှာ လူသေတစ်ယောက်ကဲ့သို့ ဖြူလျော်သွားပြီး သူမ၏ လှပသော မျက်လုံးများထဲတွင် ထိတ်လန့်မှုများ ဖြတ်ပြေးသွားတော့သည်။
သူမ၏ အသံမှာလည်း အနည်းငယ် တုန်ရီနေခဲ့သည်။
“မင်း. မင်းက ဘယ်သူလဲ ဘာလုပ်ချင်တာလဲ”
သူမ၏ ခန္ဓာကိုယ်မှာလည်း အနည်းငယ် တုန်ရီနေလေ၏။
ယောင်ပင်းက အနည်းငယ် ပြုံးလိုက်ပြီးဆက်မေးခဲ့သည်။
“ဘာလဲ၊ ကျွန်တော့်ကို ဆက်ပြောစေချင်သေးတာလား”
‘ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကျမ်း’ တွင် ရှင်းလင်းစွာ ဖော်ပြထားသည်။
__ ချန်ရှောင်ချင်း၊ ၂၀၀၂ ခုနှစ် ဇူလိုင်လ ၁၈ ရက် မနက် ၉ နာရီ ၅၀ မိနစ်တွင် သေဆုံးသည်။
သေဆုံးပြီးသားလူတစ်ယောက်သည်က သေချာပေါက် သားသမီး မရနိုင်ချေ။ ဤသည်မှာ လောင်ကော်နှင့် ရှောင်ချင်းတို့ လက်ထပ်ခဲ့သည်မှာ နှစ်အတော်ကြာသော်လည်း သားသမီး မရရှိခဲ့သည့် အကြောင်းရင်းပင် ဖြစ်ပေသည်။
“လောင်ကော်မှာ နှလုံးရောဂါ ရှိတယ်”
ရှောင်ချင်း၏ မျက်နှာမှာ ဖြူလျော်နေသော်လည်း သူမကိုယ်သူမ တည်ငြိမ်အောင် အစွမ်းကုန် ကြိုးစားနေခဲ့သည်။ သူမသည် လောင်ကော်ကို ဂရုစိုက်ဟန်ဆောင်ကာ ပြောလာသည်။
“ဒီနေ့က သခင်မလေးရဲ့ မွေးနေ့လေ၊ သခင်မလေးကပဲ အဓိကဖြစ်သင့်တယ်၊ အချိန်ရတဲ့အခါကျရင် လောင်ကော်ကို ကျွန်မကိုယ်တိုင်ပဲ ပြောလိုက်ပါ့မယ်”
အခြေအနေများမှာ ရုတ်တရက် ဖြစ်ပျက်သွားသဖြင့် သူမအနေဖြင့် အချိန်ဆွဲရန် နည်းလမ်းရှာရမည် မဟုတ်ပါလား။
ပထမတော့ ရှောင်ချင်းသည်က ယောင်ပင်းကို လုံးဝ အထင်မကြီးခဲ့ချေ။
အထက်တန်းကျောင်းသားတစ်ယောက်က ဘယ်လောက်အထိ အစွမ်းထက်နိုင်မှာလဲ။
သို့သော် မမျှော်လင့်ဘဲ ယောင်ပင်းက သူမ သေဆုံးခဲ့သည့် အချိန်အတိအကျကို စက္ကန့်အထိ ပြောပြနိုင်ခဲ့ပေသည်။ ထိုအချိန်တွင်မှသာ သူမက ပြိုင်ဘက်ကောင်းနှင့် တွေ့ပြီဖြစ်ကြောင်း သိလိုက်ရသည်။
ဤပြိုင်ဘက်မှာ သူ၏ ပုံပန်းသဏ္ဌာန်ထက် များစွာ ပိုမို အင်အားကြီးမားပေသည်။
ထိုအကြောင်းကို သိလိုက်ရသည်နှင့် သူမက ချက်ချင်းပင် အားနည်းဟန်ဆောင်ရန် ရွေးချယ်လိုက်ပြီး လောင်ကော်၏ နှလုံးရောဂါကို အကြောင်းပြကာ ယောင်ပင်း၏ ပါးစပ်ကို ပိတ်လိုက်ခြင်း ဖြစ်ပေသည်။
နောက်ထပ် ဆက်လုပ်ရမည့်အရာများကိုတော့ သူမတွင် အစီအစဉ် ရှိပြီးသား ဖြစ်ပေသည်။
ယောင်ပင်းနှင့် ရှောင်ချင်းတို့၏ စကားပြောဆိုပုံမှာ ထက်ရှနေကြပြီး ရန်စလိုသော အသွင်ဆောင်နေပေသည်။ ရောက်ရှိနေသည့် အခြားသူများမှာတော့ လုံးဝ ဝေခွဲမရဖြစ်နေကြတော့သည်။
အထူးသဖြင့် လောင်ကော်ပင် ။ ရှောင်ချင်းသည်က ခုနလေးတင်ကမှ မည်သည့်အရာကိုမျှ ဂရုမစိုက်သကဲ့သို့ ရှိနေခဲ့သည်။ သို့သော်လည်း ယောင်ပင်းက ရက်စွဲတစ်ခုကို ပြောလိုက်ပြီးနောက် အဘယ်ကြောင့် သူမ၏ မျက်နှာထားက ရုတ်တရက် ပြောင်းလဲသွားရသည်လဲ။
ယောင်ပင်း ပြောလိုက်သော ရက်စွဲမှာ ထူးခြားနေသည်လား။
“ရှောင်ချင်း၊ ၂၀၀၂ ခုနှစ် ဇူလိုင်လ ၁၈ ရက်က ဘာဖြစ်လို့လဲ”
ရှောင်ချင်းနှင့် ယောင်ပင်းတို့ သဘောတူညီမှု ရသွားချိန်တွင် လောင်ကော်က သိချင်စိတ်ဖြင့် မေးလိုက်ပေသည်။
“လောင်ကော်”
ရှောင်ချင်း၏ မျက်နှာမှာ ဖြူလျော်နေပြီး ကိုယ့်ကိုယ်ကိုဖိအားပေးကာပြုံးလိုက်ရပေသည်။
“ဒီမှာ လူတွေ အရမ်းများတော့ ပြောရတာ အဆင်မပြေလို့ပါ၊ နောက်မှ ကျွန်မ ရှင့်ကို ပြောပြပါ့မယ်”
ထိုသို့ပြောပြီးနောက် ရှောင်ချင်းက လောင်ကော်ကို ခန်းမအပြင်ဘက်သို့ ဆွဲခေါ်သွားတော့သည်။ လောင်ကော်မှာလည်း ယောင်ပင်းပြောသော ရက်စွဲ၏ ထူးခြားသော အဓိပ္ပာယ်ကို သိလိုသဖြင့် ရှောင်ချင်း၏ ထူးဆန်းသော အပြုအမူကို သတိမထားမိဘဲ သူမ၏နောက်သို့ အလျင်အမြန် လိုက်သွားတော့သည်။
ခန်းမထဲမှ ထွက်ခွာသွားချိန်တွင် ရှောင်ချင်းက နောက်သို့လှည့်ကာ ယောင်ပင်းကို နက်နက်ရှိုင်းရှိုင်း တစ်ချက်ကြည့်လိုက်သည်။
သူမ၏ မျက်လုံးများထဲတွင် ရှုပ်ထွေးသော ခံစားချက်များ ပြည့်နှက်နေတော့၏။
ညဉ့်နက်လာခဲ့ချေပြီ။
မိုရှောက်ယောင်က ယောင်ပင်းကို ကျုံးလဲ့ဗီလာတွင် ညအိပ်ရန် ဖိတ်ခေါ်ခဲ့လေ၏။ သူမက ယောင်ပင်းကိုဖိတ်ခေါ်ရန်အတွက် မိုမိသားစုနှင့် ရင်းနှီးသော အခြားဧည့်သည်အချို့ကိုလည်း ထိုနေရာတွင်ပင် အိပ်ရန် အကြောင်းပြချက်တစ်ခု ပေးခဲ့ပေသည်။
သန်းခေါင်ယံအချိန်။
ကျုံးလဲ့ဗီလာ၏ နောက်ဖေးခြံဝင်း၊ ပထမထပ်ရှိ ဧည့်သည်ခန်း။
ဒေါက်၊ ဒေါက်၊ ဒေါက်...
ယောင်ပင်း ရေချိုးပြီးခါစမှာပင် တံခါးကို ရုတ်တရက် လာခေါက်သံ ကြားလိုက်ရပေသည်။
“ဘယ်သူလဲ!”
ယောင်ပင်းက သတိကြီးစွာဖြင့် မေးလိုက်သည်။
ကျုံးလဲ့ဗီလာတွင် ယောင်ပင်းအနေဖြင့် မိုမိသားစုဝင် အနည်းငယ်ကိုသာ သိရှိပြီး ကျန်သူများနှင့် မရင်းနှီးချေ။
မိုရှောက်ယောင်မှာလည်း ခုနလေးတင်မှ ထွက်သွားခြင်းဖြစ်ရာ သူမ ပြန်လာလိမ့်မည် မဟုတ်သည်က သေချာပေသည်။
ဒီလို ညဉ့်နက်သန်းခေါင်ကြီးမှာ ဘယ်သူက သူ့ကို လာရှာတာလဲ။
သူ မေးပြီးသည်နှင့် တံခါးဝမှ ဆွဲဆောင်မှုရှိသော အသံတစ်ခု ထွက်ပေါ်လာသည်။
“ကျွန်မပါ...ရှောင်ချင်း”
*
အခန်း(58) မွှေးကြိုင်လွန်းသောရနံ့
ယောင်ပင်းက အနည်းငယ် ပြုံးလိုက်ပြီး တံခါးကို ပေါ့ပေါ့ပါးပါးပင် ဖွင့်ပေးလိုက်သည်။ ရှောင်ချင်းက လောင်ကော်ကို ချော့မော့ပြီးနောက် သူ့ထံသို့ လာရောက်ကာ “နက်နက်ရှိုင်းရှိုင်း စကားပြော” လိမ့်မည်ဖြစ်ကြောင်းကို သူ ခန့်မှန်းထားပြီးသား ဖြစ်ပေသည်။
သို့သော်လည်း ရှောင်ချင်းက ဤမျှ ညဉ့်နက်သန်းခေါင်ကြီးတွင် သူ့ကို လာရှာလိမ့်မည်ဟုတော့ သူ မထင်မှတ်ထားခဲ့ချေ။
ပို၍ အံ့သြစရာကောင်းသည်မှာ ညဉ့်နက်ချိန်တွင် သူ့ကို လာတွေ့သော ရှောင်ချင်းမှာ နေ့ခင်းဘက်ကထက် ပိုမိုလှပပြီး ဆွဲဆောင်မှုရှိနေခြင်းပင်။
သူမသည် အနက်ရောင် ပိုးသားညဝတ်အင်္ကျီကို ဝတ်ဆင်ထားပြီး၊ သူမ၏ လှပဖြူဖွေးသော ပုခုံးပေါ်တွင်လည်း ကောက်ကွေးသော ဆံနွယ်များကို ချထားခဲ့သည်။
ဖြူဖွေးသောအသားအရေ၊ ဆွဲဆောင်မှုရှိသော မျက်လုံးများနှင့် နီမြန်းသော နှုတ်ခမ်းလွှာတို့မှာ အလွန်ပင် ဖမ်းစားနိုင်သည်။
ညို့ယူဖမ်းစားနိုင်သော အရှိန်အဝါများက သူမထံမှ ပြည့်လျှံနေတော့သည်။
“ဘာလဲ၊ ကျွန်မကို အထဲဝင်ဖို့ မဖိတ်ဘူးလား”
ရှောင်ချင်းက ယောင်ပင်း၏ မျက်နှာထားကို ကြည့်ကာ ခပ်တိုးတိုးရယ်လိုက်ပြီး အခန်းထဲသို့ လှမ်းဝင်လိုက်သည်
သူတို့နှစ်ဦး ဘေးချင်းယှဉ်၍ ဖြတ်ကျော်သွားကြချိန်တွင်
သင်းပျံ့သော ရနံ့တစ်ခုက လေထဲတွင် ပြည့်နှက်သွားတော့သည်။
အခန်းထဲသို့ ရောက်သောအခါ ရှောင်ချင်းက ဦးဆောင်၍ ယောင်ပင်း၏ ခုတင်ပေါ်တွင် ပေါ့ပေါ့ပါးပါးပင် ထိုင်လိုက်ဘေသည်။ သူမ၏ မျက်နှာပေါ်တွင် ညို့ယူဖမ်းစားနိုင်သော အပြုံးတစ်ခု ရှိနေလလ၏။
“ပြောစမ်းပါဦး၊ ရှင်က ကျွန်မရဲ့ အကြောင်းကို ဘယ်လိုသိတာလဲ”
လူ့လောကတွင် သူမ ကျင်လည်နေချိန်အတွင်း သူမ၏အကြောင်းကို ပထမဆုံးအကြိမ် ထုတ်ဖော်ခံလိုက်ရခြင်း ဖြစ်ပေသည်။ ပို၍ ထူးခြားသည်မှာ သူမ၏ လျှို့ဝှက်ချက်ကို သိရှိသွားသူမှာ အထက်တန်း ကျောင်းသားတစ်ဦး ဖြစ်နေခြင်းပင်။
ဤသည်က ယောင်ပင်းအပေါ် ရှောင်ချင်း၏ သိချင်စိတ်ကို အလွန်အမင်း ပြင်းပြစေခဲ့သည်။
“မင်းရဲ့အကြောင်းကို ဘယ်လိုသိလဲဆိုတာ ထားလိုက်ပါတော့”
ယောင်ပင်းသည်ကား ဤမျှ တိတ်ဆိတ်သော ညအချိန်တွင် အရွယ်ရောက်ပြီး လှပသော အမျိုးသမီးတစ်ဦးနှင့် အခန်းထဲတွင် နှစ်ယောက်တည်း ရှိနေသဖြင့် ရင်ခုန်သံများမြန်ဆန်လာခဲ့သည်။
“ကျွန်တော့်ကို ပြောပြပါဦး၊ မင်းက သေပြီးသား အလောင်းတစ်လောင်းပဲလေ၊ ဘာလို့ အသက်ရှင်နေတဲ့လူတွေနဲ့ အတူနေထိုင်နေတာလဲ”
လူသေနှင့် သက်ရှိလူက လမ်းကြောင်း မတူညီပါချေ။
ရှောင်ချင်း၏ လုပ်ရပ်ကြောင့် နောက်ဆုံးတွင် လောင်ကော်ကို သေဆုံးစေလိမ့်မည်။
“ဒီနားကိုလာပါဦး
ရှောင်ချင်းက ယောင်ပင်းကို လက်ယပ်ခေါ်လိုက်ပေသည်။ သူမ၏ အပြုံးမှာ အလွန်ပင် ဆွဲဆောင်မှု ရှိနေခဲ့၏။
ယောင်ပင်းသည် မသိစိတ်ဖြင့် ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးသွားမိသည်။ ခုတင်ဘေးသို့ ရောက်သောအခါ ယောင်ပင်းတစ်ယောက် ခုတင်အစွန်းမှ တွဲလောင်းကျနေပြီး အရှေ့အနောက် လှုပ်ရမ်းနေသော ရှောင်ချင်း၏ ဗလာဖြစ်နေသည့်ခြေဖဝါးလေးများကို မြင်လိုက်ရသဖြင့် ရင်ခုန်သံများ ပိုမို မြန်လာတော့သည်။
သူမ၏ ခြေဖဝါးလေးများမှာ ဖြူဖွေးသွယ်လျနေပြီး ခြေချောင်းလေးများမှာလည်း တောက်ပနေခဲ့ကာ.. မြင်ရသူကို စိတ်လှုပ်ရှားစေသော မြင်ကွင်းတစ်ခု ဖြစ်စေသည်
“အနီးကို လာခဲ့လေ”
ရှောင်ချင်းက ထပ်မံ ဖိတ်ခေါ်လိုက်ပြန်သည်။ သူမ၏ မျက်လုံးများမှာ ညို့ဓာတာများကိန်းအောင်းနေပြီး သူမ၏ ဘေးရှိ နေရာလွတ်ကို ညွှန်ပြလိုက်၏။
“ဒီမှာ ထိုင်ပါဦး၊ ပြီးရင် ဘာကြောင့်လဲဆိုတာကို ပြောပြမယ်”
ယောင်ပင်း ခေတ္တမျှ တွန့်ဆုတ်သွားပြီးမှ ထိုင်လိုက်ပေသည်။
မမျှော်လင့်ဘဲ သူ ထိုင်လိုက်သည်နှင့် ရှောင်ချင်းက ရုတ်တရက် လှည့်လာပြီး သူမ၏ မြွေကဲ့သို့ သွယ်လျသော လက်မောင်းများဖြင့် ယောင်ပင်း၏ လည်ပင်းကို သိုင်းဖက်ကာ သူ့ကို သူမ၏အောက်သို့ ဖိချလိုက်တော့သည်။
သူမက သူ့ထံသို့ ဖြည်းဖြည်းချင်း တိုးကပ်လာပြီး ဆွဲဆောင်မှုရှိသော အသံဖြင့် ပြောလိုက်သည်။
“ကျွန်မ ဘာလို့ အသက်ရှင်နေတဲ့လူနဲ့ အတူနေချင်လဲဆိုတာ သိချင်တယ်မလား”
သူမ၏ မျက်လုံးများမှာ ညို့ငင်မှုများပြည့်နေပြီး၊ နီမြန်းသော နှုတ်ခမ်းများမှာလည်း အလွန်ပင် ဆွဲဆောင်မှု ရှိနေပေသည်။
ထို့အတူ သင်းပျံ့သော ရနံ့တစ်ခုမှာလည်း လေထဲတွင် လွင့်ပျံနေခဲ့လေ၏။ ပိုးသားညဝတ်အင်္ကျီ ပါးပါးလေးအောက်မှပင် သူမ၏ ရင်သားအစုံ၏ ကောက်ကြောင်းများကို ယောင်ပင်း ခံစားသိရှိနေရပေသည်။
“ဟုတ်..ဟုတ်တယ်”
ယောင်ပင်းသည်ကား ကျန်းရှောင်ပေနှင့် တွဲစဉ်က လက်ကိုင်ရုံမျှသာ ရှိခဲ့ဖူးသည်။ ဤကဲ့သို့သော မြင်ကွင်းမျိုးကို သူ တစ်ခါမှ မကြုံဖူးခဲ့ချေ။
သူသည် ချက်ချင်းပင် စိတ်လှုပ်ရှားလာပြီး စကားပင် ကောင်းကောင်း မပြောနိုင်တော့ချ။
“ လူပျိုပေါက်လေးက တကယ်ကို ရိုးသားတာပဲ!”
ယောင်ပင်း၏ စိတ်လှုပ်ရှားမှုကို သတိပြုမိသွားသော ရှောင်ချင်းက တခစ်ခစ်ရယ်မောလိုက်ပြီး သူ၏ ခန္ဓာကိုယ်ပေါ်သို့ ဖြည်းဖြည်းချင်း တက်လာတော့သည်။
သူမ၏ နီမြန်းသော နှုတ်ခမ်းများသည်လည်း သူ၏ နှုတ်ခမ်းများထံသို့ တိုးကပ်လာပြီး သူမ၏ အသက်ရှူထုတ်သည့်လေများမှာလည်း သစ်ခွပန်းကဲ့သို့ မွှေးပျံ့နေခဲ့သည်။
“ကျွန်မ ရှင့်ကို ယောကျ်ားတစ်ယောက် ဖြစ်အောင် သင်ပေးရမလား”
သူတို့နှစ်ဦးမှာ အလွန်ပင် နီးကပ်နေကြပြီး တစ်ဦး၏ အသက်ရှူသံကို တစ်ဦးက ခံစားနေရသည်။
ယောင်ပင်းမှာ ရှောင်ချင်း၏ ညို့ယူသော မျက်လုံးများနှင့် နီမြန်းသော နှုတ်ခမ်းများအောက်တွင် လုံးဝ နစ်မွန်းသွားရပြီး စကားပြောရန်ပင် မေ့လျော့နေတော့သည်။
သူသည်က လူပျိုစစ်စစ်တစ်ဦးဖြစ်သည့်အတွက် ဤကဲ့သို့သော အလှတရားမျိုးကို တောင့်ခံနိုင်ခြင်းမရှိပေ။
ရှောင်ချင်း၏ နီမြန်းသော နှုတ်ခမ်းများမှာ ယောင်ပင်း၏ နားရွက်အနားသို့ ဖြည်းဖြည်းချင်း တိုးကပ်သွားပြီး တိုးတိုးလေး ပြောလိုက်သည်။
“တကယ်လို့ လောင်ကော်နဲ့ မိုမိသားစုဝင်တွေသာ ရှင် ကျွန်မကို စော်ကားဖို့ ကြိုးစားနေတာကို သိသွားရင် ဘာဖြစ်မယ် ထင်လဲ..
အိုး .. ဟုတ်သားပဲ၊ ပြီးတော့ မိုမိသားစုက သခင်မလေးသာ ရှင်က ညဉ့်နက်သန်းခေါင်ကြီးမှာ ကျွနာမကို အခန်းထဲခေါ်ပြီး ရိုင်းစိုင်းတာတွေ လုပ်တယ်လို့ သိသွားရင် သူ ဘယ်လောက်တောင် စိတ်မကောင်း ဖြစ်သွားမလဲနော်”
ရှောင်ချင်း၏ အသံမှာ အလွန်ပင် နူးညံ့နေပြီး သူမ၏ အသက်ရှူသည့်လေများမှာလည်း မွှေးပျံ့နေဆဲ ဖြစ်ပေသည်။
သို့သော် ထိုစကားများမှာ ယောင်ပင်း၏ ခေါင်းပေါ်သို့ ရေအေးဖြင့် လောင်းချလိုက်သကဲ့သို့ပင်။ မတိုင်ခင်က တောက်လောင်နေသော စိတ်လှုပ်ရှားမှုများမှာ ချက်ချင်းပင် ငြိမ်းသတ်ခြင်း ခံလိုက်ရတော့သည်။
“မင်းက တမင်သက်သက်လုပ်နေတာပဲ”
ယောင်ပင်း ရုတ်တရက် သဘောပေါက်သွားသည်။
“မင်း ညဉ့်နက်သန်းခေါင်ကြီးမှာ ငါ့အခန်းကို တမင် လာတာ၊ အင်္ကျီကိုလည်း ဒီလိုမျိုး တမင် ဝတ်လာတာ၊ အဲဒါက ငါ့ကို မြှူဆွယ်ဖို့အတွက်ပဲ မဟုတ်လား”
ရှောင်ချင်းက တခစ်ခစ်ရယ်လိုက်သည်။
“မှန်တာပေါ့! ရှင်က ကျွန်မရဲ့ လျှို့ဝှက်ချက်ကို သိသွားတယ်၊ ကျွန်မရဲ့ လမ်းကို ပိတ်တယ်၊ ပြီးတော့ ကျွန်မရဲ့ဘဝကို နှောင့်ယှက်တယ်လေ၊ ဒါကြောင့် ကျွန်မက မင်းကို ဖယ်ရှားပစ်ဖို့ လိုတယ်!
ဘယ်သူမှ သံသယမဖြစ်အောင် ရှင့်ကို ဖယ်ရှားဖို့ဆိုရင်၊ ကော်မိသားစုနဲ့ မိုမိသားစုကို သုံးပြီး လုပ်ခိုင်းတာက အကောင်းဆုံး မဟုတ်ဘူးလား”
ရှောင်ချင်းက အောင်နိုင်သူတစ်ဦးကဲ့သို့ ရယ်မောလိုက်ပေသည်။
ဤသည်မှာ ရှောင်ချင်း ညဉ့်နက်သန်းခေါင်ကြီးတွင် ယောင်ပင်းကို လာတွေ့ရသည့် တကယ့် အကြောင်းရင်းပင် ဖြစ်ပေသည်။
ယောင်ပင်းကို မြှူဆွယ်ပြီးနောက်၊ လောင်ကော်နှင့် မိုမိသားစုကို သုံး၍ သူ့ကို ဖယ်ရှားပစ်ရန်ပင် ဖြစ်ပေသည်။ သူမ၏ လက်များမှာတော့ စင်ကြယ်နေဦးမည် မဟုတ်ပါလား၊
“ဒါနဲ့၊ ရှင် ကျွန်မရဲ့ လျှို့ဝှက်ချက်ကို ဘယ်လိုသိတာလဲဆိုတာ ခုထိ မပြောရသေးဘူးနော်”
ရှောင်ချင်း အလွန်ပင် သိချင်နေခဲ့သည်။ သူမက ကိုယ်ယောင်ဖျောက်သည့်နေရာတွင် အလွန်ပင်တော်လွန်းလှပေသည်။
သို့သော် ယောင်ပင်းက သူမ အလောင်းတစ်လောင်း ဖြစ်ကြောင်း သိရှိသွားသည်။
“ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ကတော့ မကြာခင် သေရတော့မှာပဲလေ၊ ဒါကို ပြောပြတာနဲ့ မပြောပြတာ ဘာထူးမှာလဲ”
ယောင်ပင်းက သက်ပြင်းအနည်းငယ် ချလိုက်သည်။
“မင်းက ကျွန်တော်ကို ဒီလိုမျိုး ထောင်ချောက်ဆင်ခဲ့တာဆိုတော့၊ မင်းကို တစ်သက်လုံး သိချင်စိတ် ပြင်းပြနေအောင်ပဲ ထားခဲ့တော့မယ်”
ရှောင်ချင်း ဒေါသထွက်သွားရသည်။
“မင်း!”
ထိုအချိန်မှာပင် ဧည့်ခန်းအပြင်ဘက်မှ အလျင်စလို ပြေးလာသော ခြေသံများကို ကြားလိုက်ရပေသည်။
ထိုခြေသံများနှင့်အတူ အသံအချို့လည်း ပါလာသည်။
“မြန်မြန်လုပ်ကြစမ်း!”
“ဒီမှာပဲ၊ မြန်မြန်လာ!”
လူတွေ လာနေကြပြီ ။
အရာအားလုံးမှာ ရှောင်ချင်း၏ အစီအစဉ်အတိုင်းပင် ဖြစ်ပေသည်။
ညဉ့်နက်ချိန်တွင် ယောင်ပင်း၏ အခန်းသို့ လာသည်၊ တမင် မြှူဆွယ်သည်၊ ထို့နောက် အခြားသူများကို ဆွဲဆောင်လိုက်သည်။
အစီအစဉ်မှာ တိကျလွန်းလှပေသည်!
“ကောင်းပြီ၊ အခုတော့ မင်းက အဖြေကို ပြောပြချင်ရင်တောင် ငါ စိတ်မဝင်စားတော့ဘူး!”
ရှောင်ချင်းက လှောင်ပြောင်လိုက်သည်။ ထို့နောက် သူမက ယောင်ပင်းကို ရုတ်တရက် သိုင်းဖက်ကာ ကိုယ်ကို လှည့်လိုက်ပြီး သူတို့၏ အနေအထားကို ပြောင်းလဲလိုက်ပေသည်။ ယခုတွင်တော့ ယောင်ပင်းက အပေါ်တွင်ဖြစ်ပြီး သူမက အောက်တွင် ဖြစ်နေခဲ့သည်။
အကယ်၍ တစ်စုံတစ်ဦးက တံခါးကို တွန်းဖွင့်လိုက်မည်ဆိုပါက အရာအားလုံးမှာ ရှင်းလင်းသွားတော့မည် မဟုတ်ပါလား။
ယောင်ပင်း၏ အပြစ်မှာလည်း အတည်ဖြစ်သွားတော့မည်။
ရှောင်ချင်းမှာ ဂုဏ်ယူဝင့်ကြွားနေချိန်မှာပင် ယောင်ပင်းက အနည်းငယ် ပြုံးလိုက်ပြီး မေးလာခဲ့သည်။
“အရာအားလုံးက မင်းရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်လို့ မင်း ထင်နေတာလား”
“မဟုတ်ဘူးလား”
“ငါ လောင်းကြေးထပ်ရဲတယ်၊ ခဏနေလို့ သူတို့ တံခါးဖွင့်ဝင်လာတဲ့အခါ နောင်တရမယ့်သူက မင်းပဲ ဖြစ်လိမ့်မယ်”
“ရှင် ဘာကို ဆိုလိုတာလဲ”
ရှောင်ချင်း ပထမတော့ ကြောင်အမ်းသွားပြီးနောက် ထိတ်လန့်သွားရသည်။
“မင်း အခု ဘာလုပ်လိုက်တာလဲ”
ယောင်ပင်းက တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည် ။
“မင်း မကြာခင် သိလာမှာပါ”
ယောင်ပင်းက အလွန်ပင် တည်ငြိမ်အေးဆေးနေဆဲ ဖြစ်ပေသည်။
ရှောင်ချင်းမှာ မျက်မှောင်အနည်းငယ်ကြုတ်သွားပြီး သူမ၏ ဦးနှောက်ထဲတွင် အစီအစဉ်တစ်ခုလုံးကို အမြန်ပြန်လည်သုံးသပ်ကြည့်နေမိသည်။
သူမ တစ်နေရာရာတွင် အမှားအယွင်းများ ရှိခဲ့သည်လား။
သို့သော်လည်း သူမ မည်မျှပင် စဉ်းစားလျှင်ပင် မည်သည့်နေရာက မှားသွားကြောင်းကို ရှာမတွေ့ခဲ့ချေ။
အပြင်ဘက်မှ ခြေသံများမှာ ပိုမိုနီးကပ်လာပြီဖြစ်၍ မီတာအနည်းငယ်သာ လိုတော့သည်။
ဧည့်ခန်းတံခါးမှာလည်း တမင်ဟထားခဲ့ခြင်းဖြစ်ပြီး သော့ခတ်မထားချေ။
မကြာမီ သူမ ရည်ရွယ်ချက်ရှိရှိ ဆွဲဆောင်ထားသော လူအုပ်ကြီးမှာ အခန်းထဲသို့ အတင်းဝင်လာကြတော့မည်။
ယခုအခြေအနေမှာ သူမအတွက် သေရေးရှင်ရေးသဖွယ် ဖြစ်နေပေပြီ။
ရှောင်ချင်းသည် ယောင်ပင်းကို ထပ်မံကြည့်လိုက်ပြန်သည်။
ယောင်ပင်းမှာတော့ အေးအေးဆေးဆေးပင် ရှိနေပြီး သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ရှိနေကာ လူမိတော့မည့်အရေးကို လုံးဝ ထိတ်လန့်ဟန် မရှိချေ။
ခုနလေးတင်မှ အောင်ပွဲခံတော့မည်ဟု ယုံကြည်ချက်အပြည့်ရှိနေသော ရှောင်ချင်းမှာ ယခုတွင်တော့ သူမကိုယ်သူမ သေချာမှု မရှိတော့ချေ။
ဒုန်း ဒုန်းဒုန်း..
အပြင်ဘက်မှ ဆူညံသော ခြေသံများမှာ ဧည့်သည်ခန်း၏တံခါးဝသို့ ရောက်ရှိနေပြီ ဖြစ်ပေသည်။
“သူတို့ ဝင်လာတော့မယ်၊ မင်း ထွက်ပြေးဖို့ စက္ကန့်နည်နည်းပဲ လိုတော့တယ်”
ယောင်ပင်းက ပြုံးလျက် သတိပေးလိုက်သည် ။
“ဒါ မင်းအတွက် နောက်ဆုံးအခွင့်အရေးပဲ”
သူ၏အပြုံးမှာ နူးညံ့သော်လည်း အလွန်ပင် ယုံကြည်မှု ရှိနေပေသည်။
ထိုခဏမှာပင် ရှောင်ချင်းမှာ လုံးဝ တုန်လှုပ်သွားတော့သည်။ ဆူညံသော ခြေသံများမှာ တံခါးဝသို့ အမှန်တကယ် ရောက်ရှိလာခဲ့ပြီ။
လူတစ်စုက တံခါးကို တွန်းဖွင့်၍ အထဲသို့ ဝင်လာကြတော့သည်။
*