← Chapters

အခန်း (၅၉-၆၀)

Vol. 6 Ch. 59-60

အခန်း (၅၉-၆၀)

Vol. 6 Ch. 59-60

အခန်း(59) ငါက အိပ်ယာအပြောင်းအလဲကြောင်း အိပ်မပျော်တာပါ

တံခါးပွင့်မလာမီ တစ်စက္ကန့်အလိုမှာပင် ရှောင်ချင်းက ယောင်ပင်းကို ဘေးသို့ တွန်းဖယ်လိုက်ပြီး ပြတင်းပေါက်ဆီသို့ အပြေးအလွှား သွားကာ အပြင်သို့ ခုန်ချလိုက်တော့သည်။

တစ်ချိန်တည်းမှာပင် ဧည့်ခန်းတံခါးမှာ ဝုန်းခနဲ ပွင့်သွားတော့၏။ ထို့နောက်တွင် လူခုနစ်ယောက်၊ ရှစ်ယောက်ခန့်က တပြိုင်နက်တည်း ဝင်လာကြသည်။

ဦးဆောင်လာသူမှာ မျက်နှာတစ်ခုလုံးအေးစက်နေသော ယွီချီကျားဖြစ်ပေသည်။ သူ၏နောက်တွင်တော့ တည်ငြိမ်လေးနက်သော မျက်နှာဖြင့် မိုလီချွမ်နှင့် လုံခြုံရေးဝန်ထမ်းအချို့ ပါလာကြသည်။

ယွီချီကျားသည်က ယောင်ပင်းမှာ လောင်ကော်၏ အချစ်တော်ဇနီး ရှောင်ချင်းနှင့် ညဉ့်နက်သန်းခေါင်ကြီး အခန်းထဲတွင် လူမသိသူမသိ ပတ်သက်နေသည်ဟူသော သတင်းကို ရရှိခဲ့သဖြင့် ချက်ချင်းပင် လူများကိုခေါ်၍ လာရောက်ဖမ်းဆီးခြင်း ဖြစ်ပေသည်။

ဤနေရာမှာ မိုမိသားစု၏ လဲ့ရှန်ဗီလာ ဖြစ်ပေသည်။

အကယ်၍ ယောင်ပင်းသာ အရှက်မဲ့သော ကိစ္စမျိုးကို လုပ်ဆောင်နေချိန် လက်ပူးလက်ကြပ် အမိခံရမည်ဆိုပါက ထိုသတင်းမှာ မိုရှောက်ယောင်၏ နားထဲသို့ ချက်ချင်းရောက်သွားမည်ဖြစ်ပြီး ယောင်ပင်း၏ ဂုဏ်သိက္ခာမှာလည်း လုံးဝ ပျက်စီးသွားပေလိမ့်မည်။

ထို့ကြောင့် သူသည်က မိုလီချွမ်ကို သက်သေအဖြစ် တမင်ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်ပေသည်။ မိုလီချွမ် ရှိနေမှသာ ယောင်ပင်း၏ ယုတ်ညံ့သော လုပ်ရပ်များမှာ ပို၍ လျင်မြန်စွာ ပြန့်နှံ့သွားမည် မဟုတ်ပါလား။

ထိုအခါမှသာ ယောင်ပင်းကို မိုမိသားစုက လုံးဝ အထင်သေးစက်ဆုပ်သွားမည် ဖြစ်ပေသည်။

သို့သော်လည်း သူတို့ ယုံကြည်ချက်အပြည့်ဖြင့် တံခါးကို တွန်းဖွင့်လိုက်ချိန်တွင် အခန်းထဲ၌ မည်သူမျှ မရှိသည်ကို တွေ့လိုက်ရပေသည်။

ယောင်ပင်းသည်က ရေချိုးသုတ်ပုဝါကို ပတ်လျက် ခုတင်ပေါ်တွင် သက်သောင့်သက်သာ လဲလျောင်းကာ ဖုန်းကစားနေခဲ့သည်။

“ဘာလို့ မင်းတစ်ယောက်တည်း ဖြစ်နေတာလဲ”

ယွီချီကျားမှာ ကြောင်အမ်းသွားတော့သည်။

“မဟုတ်ရင် ဘယ်နှယောက် ရှိရမှာလဲ”

ယောင်ပင်းက ဝေခွဲမရသည့် မျက်နှာဖြင့် မော့ကြည့်လိုက်သည်။

“ဒီလောက် ညဉ့်နက်ကြီးမှာ ကျွန်တော့်အခန်းထဲ ဘယ်သူ ရှိနေရမှာလဲ”

“ဒါဆို တံခါးက ဘာလို့ ပွင့်နေရတာလဲ”

“ကျွန်တော် သော့ခတ်ဖို့ မေ့သွားလို့လေ”

“မင်း ဘာလို့ အခုထိ မအိပ်သေးတာလဲ”

“အိပ်မပျော်လို့.. ဒီခုတင်က ကျွန်တော် အိပ်နေကျမဟုတ်ဘူးလေ”

ယွီချီကျား မည်သည်ကိုပင် မေးပါစေ ယောင်ပင်းမှာ အနှောင့်အယှက်မရှိ တည်ငြိမ်နေပေသည်။ နောက်ဆုံးတွင် ယောင်ပင်းက ပြန်လည် မေးခွန်းထုတ်လိုက်၏။

“ဒီလောက် ညဉ့်နက်ကြီးမှာ သခင်လေးယွီချီနဲ့ ဦးလေးတို့ ကျွန်တော့်အခန်းကို လာတာက ကျွန်တော် အိပ်ပျော်၊မပျော် လာကြည့်တာလား”

ယွီချီကျားမှာ ပြောစရာစကားပျောက်သွားတော့သည်။ မိုလီချွမ်မှာလည်း နေရခက်သွားရပေသည်။

*

ယောင်ပင်း၏အခန်းထဲမှ လူအုပ်စုကြီးထွက်သွားပြီး မကြာမီအချိန်..

ရှောင်ချင်းအနေဖြင့် သူမ၏ အကြောင်းကို သိရှိသူအား ဤလောကတွင် ရှိနေခွင့် မပြုနိုင်ပါချေ။

ယောင်ပင်းက လှုပ်ရှားခြင်းမရှိဘဲ ဖုန်းကိုသာ အေးအေးဆေးဆေး ကြည့်နေခဲ့သည်။

ထိုခဏအတွင်းမှာပင် ရှောင်ချင်း၏ ရှည်လျားသော လက်သည်းများက သူ့ကို တိုက်ခိုက်လာခဲ့လေ၏။ အလွန်ပင် လျှင်မြန်နေခဲ့ပေသည်။

“ငါ မင်းကို တကယ် မထိရဲဘူးလို့ ထင်နေတာလား”

ယောင်ပင်းက နောက်ဆုံး၌ ဖုန်းကို ချလိုက်ပြီး ရှောင်ချင်းကို ပြန်ကြည့်လိုက်ပေသည်။ သူ၏ မျက်လုံးများမှာ ဓားကဲ့သို့ ထက်ရှနေလေ၏။

အခန်းအတွင်း၌ အေးစက်သော အရှိန်အဝါများက ချက်ချင်း ဖုံးလွှမ်းသွားခဲ့သည်။ မတိုင်မီကမှ အန္တရာယ်ကင်းပုံရသော လူငယ်လေးမှာ ခဏအတွင်း တိမ်တိုက်ကို စီးနင်းသော ဘုရင်တစ်ပါးအဖြစ် အသွင်ပြောင်းလဲသွားတော့သည်။

ရှောင်ချင်းမှာ တကယ်ပင် တုန်လှုပ်သွားရပေသည်။ သူမ တုံ့ပြန်နိုင်ခြင်း မရှိမီမှာပင် ယောင်ပင်း လှုပ်ရှားလိုက်ချေပြီ။ သူသည်က လက်တစ်ဖက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။ ထို့နောက် ထိုလက်မှာ ရှောင်ချင်း၏ ဦးခေါင်းဆီသို့ ဖြည်းဖြည်းချင်း လှမ်းလာခဲ့၏။

အရှိန်မှာ သိပ်ပြီး မမြန်လှချေ။

ရှောင်ချင်းက အလေးမထားဘဲ ခန္ဓာကိုယ်ကို ရှေ့သို့ ရုတ်တရက် တိုးလိုက်ပေသည်။ သို့သော် သူမ လှုပ်ရှားလိုက်သည့် ခဏမှာပင် ယောင်ပင်း၏ လက်မှ ဖျော့တော့သော ရွှေရောင်အလင်းတန်းတစ်ခု ဖြာထွက်လာသည်ကို မြင်လိုက်ရ၏။

ထိုအလင်းတန်းမှာ တဖြည်းဖြည်း ကြီးထွားလာပြီးနောက် ရှောင်ချင်းကို ဝန်းရံထားသော ရွှေရောင် စက်ဝိုင်းကြီးတစ်ခု ဖြစ်သွားတော့သည်။

ပြင်းထန်လှသော နာကျင်မှုတစ်ခုမှာ ရှောင်ချင်း၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားတော့သည်။ ပုရွက်ဆိတ် ထောင်သောင်းချီ၍ သူမကို ဝိုင်းကိုက်နေသကဲ့သို့ပင်။

“ယ.. ယမမင်းရဲ့ ရွှေရောင်အလင်းဒိုင်းလား.. ရှင်.. ဘယ်သူလဲ”

ယောင်ပင်း၏ လက်ဖဝါးမှ ထွက်ပေါ်လာသော ရွှေရောင်အလင်းတန်းကို မြင်သောအခါ ရှောင်ချင်းမှာ ထိတ်လန့်သွားတော့သည်။ ယောင်ပင်း စကားမပြောမီမှာပင် သူမက အားနည်းစွာ စကားဆက်လိုက်သည် ။

“ကျွန်မ .. ကျွန်မ မှားသွားတယ်ဆိုတာ သိပါပြီ၊ ဒါပေမဲ့ ကျွန်မ လူ့လောကမှာ ကျန်နေခဲ့တာက လူတွေကို ဒုက္ခပေးဖို့ မဟုတ်ပါဘူး၊ ကျွန်မ ကလဲ့စားချေဖို့ပါ”

ယောင်ပင်း အနည်းငယ် အံ့သြသွားသည်။

“ကလဲ့စားချေဖို့.. ဘယ်လို ကလဲ့စားမျိုးလဲ”

“ကျွန်မ လျို့ချင်းကို သတ်ချင်တယ်”

ရှောင်ချင်း၏ လှပသော မျက်လုံးများထဲတွင် ဒေါသနှင့် နာကျည်းမှုများ တောက်လောင်နေပေသည်။

“သူက ကျွန်မတို့အိမ်ကို လုယူခဲ့တယ်၊ ကျွန်မရဲ့ မိသားစုတစ်ခုလုံးကို သတ်ခဲ့တယ်၊ ကျွန်မရဲ့ ညီမလေးတွေကိုလည်း စော်ကားခဲ့တယ် ကျွန်မကိုလည်း သူက မသေမချင်း မတရားကျင့်ခဲ့တာ၊

အဲဒီ တိရစ္ဆာန်က အခုထိ ကောင်းကောင်းမွန်မွန် အသက်ရှင်နေတုန်းပဲ၊ ကျွန်မ.. ကျွန်မ မကျေနပ်ဘူး၊ သူ့ကို အပိုင်းပိုင်း ဆွဲဖြဲပစ်ချင်တယ်!”

ထိုစကားများကို သူမ၏ သွားကြားထဲမှ ညှစ်ထုတ်ပြောလိုက်ခြင်း ဖြစ်ပေသည်။ သူမ၏ နာကျည်းမှုမှာ အရိုးထဲအထိ စွဲနေသည်မှာ ထင်ရှားလှပေသည်။

ယောင်ပင်းက သက်ပြင်းအနည်းငယ် ချလိုက်ပြီး မေးလိုက်သည်။

“မင်း ကလဲ့စားချေချင်တာကို ငါ နားလည်ပါတယ်၊ ဒါပေမဲ့ မင်း လောင်ကော်ရဲ့ ယန်စွမ်းအင်ကို ယူနေတာက အဆင်မပြေဘူး၊ ဒီအတိုင်းဆက်သွားမေရင် သူ့ကို တစ်နေ့နေ့မှာ သေသွားစေလိမ့်မယ်”

ရှောင်ချင်းက သူ့ကို စိုက်ကြည့်ရင်း အံကြိတ်၍ မေးလိုက်သည်။

“ကျွန်မလို အားနည်းတဲ့ မိန်းမတစ်ယောက်က ယောင်္ကျားတစ်ယောက်ကို အားမကိုးဘဲ ဘယ်လို ကလဲ့စားချေနိုင်မှာလဲ၊ လျို့ချင်းက အခု အရမ်း အောင်မြင်နေတာ၊ သူက ပင်းဟိုင်မှာ နံပါတ်တစ် မြေအောက်အဖွဲ့အစည်းရဲ့ ခေါင်းဆောင်ပဲ၊ ကျွန်မ သူ့ကို ဘယ်လိုမှ မထိနိုင်ဘူး”

သူမ အလွန်ပင်နာကျည်းပေသည်။ ရန်သူက သူမ၏ ရှေ့မှာတွင် ရှိနေသော်လည်း ကလဲ့စားချေရန် နည်းလမ်း မရှိသည်မှာ ခါးသီးစရာကောင်းလွန်းသည်။

“ဒီလိုလုပ်လိုက်၊ မင်း လောင်ကော်ရဲ့ ဘေးကနေ ထွက်သွားမယ်လို့ ကတိပေးရင်.. မင်းရဲ့ ကလဲ့စားချေမှုအတွက် ငါ ကူညီပေးမယ်၊ ဘယ်လိုလဲ”

ယောင်ပင်းက သူ၏လက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး လေးလေးနက်နက် ပြောလိုက်သည်။

“ဒါပေမဲ့ မင်း ငါ့ကို အညံ့ခံရမယ်၊ နောက်ပြီး တခြား ဘာရည်ရွယ်ချက်မှ မရှိရဘူးလို့ ကတိပေးရမယ်”

ရှောင်ချင်းမှာ နာကျည်းမှုများ ပြည့်နှက်နေလေ၏။ သူမက ယင်အလောင်းတစ်ခု ဖြစ်နေသောကြောင့် သူမကို လူ့လောကတွင် လွတ်လပ်စွာ ကျင်လည်ခွင့်ပြုပါက လူများစွာ ဒုက္ခရောက်နိုင်ပေသည်။

ယမမင်းရဲ့ ရွှေရောင်အလင်းဒိုင်းကို သုံးနိုင်သူမှာ ဤလောကတွင် တစ်ဦးတည်းသာ ရှိပသည်။ သူမ ဤအခွင့်အရေးကို ဆုပ်ကိုင်ရမည်။

ထို့ကြောင့် ရှောင်ချင်းသည် ဆက်လက်စဉ်းစားမနေတော့ဘဲ ချက်ချင်းပင် ဒူးထောက်လိုက်တော့သည်။

“တကယ်လို့ ရှင်သာ ကျွန်မရဲ့ ကလဲ့စားချေမှုကို ကူညီပေးနိုင်မယ်ဆိုရင်.. ကျွန်မ ရှောင်ချင်း ရှင့်ကို အညံ့ခံပါ့မယ်၊ တခြား ဘာရည်ရွယ်ချက်မှလည်း မရှိစေရဘူးလို့ ကတိပေးပါတယ်”

သူမ၏ ကြီးမားသော နာကျည်းမှုကို ကလဲ့စားချေနိုင်မည်ဆိုလျှင် အညံ့ခံရခြင်းမှာ အသေးအဖွဲ့သာဖြစ်လေ၏။

ထို့အပြင် ယောင်ပင်းသည်လည်း လူဆိုးတစ်ယောက် မဟုတ်လောက်ပေ။

ရှောင်ချင်း ဒူးထောက်လိုက်သည့် ခဏမှာပင် စနစ်မျက်နှာပြင်ပေါ်၌ အကြောင်းကြားချက်တစ်ခု ပေါ်လာတော့သည်။

_ဂုဏ်ယူပါသည်၊ ယင်အလောင်းကို အောင်နိုင်ခဲ့ပါပြီ! သင်သည် မြေအောက်လောကသုံးငွေ တစ်သန်း ရရှိပြီး၊ အောက်ပါ ပါရမီများထဲမှ တစ်ခုကို ရွေးချယ် အသက်သွင်းနိုင်ပါသည်။

ယောင်ပင်း စနစ်မျက်နှာပြင်ကို မသိစိတ်ဖြင့် လှမ်းကြည့်လိုက်ပြီးနောက် သူ ရွေးချယ်နိုင်သော ပါရမီများကို မြင်လိုက်ရသည့်အခါတွင်တော့ မဆဲဘဲ မနေနိုင်တော့ချေ။

“ဟာ သောက်ကျိုးနည်းပဲ!”

*

စနစ်မျက်နှာပြင်ပေါ်တွင် အကြောင်းကြားချက်တစ်ခု ပေါ်လာသည်_ “ယင်အလောင်းကို အောင်နိုင်ခဲ့သဖြင့် သင်သည် အောက်ပါ အခြေခံစွမ်းရည်များကို ရွေးချယ်နိုင်ပါပြီ -

စွမ်းရည်(1) - မြင်သမျှကို မမေ့သော မှတ်ဉာဏ် ၊

စွမ်းရည် (2)- အဆမတန် သန်မာသောခွန်အား ၊

စွမ်းရည် (3)- များပြားလွန်းသော အချစ်ကံ ။

ယောင်ပင်းသည်က ပထမစွမ်းရည်နှစ်ခုကို နားလည်သော်လည်း၊ တတိယမြောက် စူပါစွမ်းရည်ကိုတော့ နားမလည်ဘဲ ကြောင်အနေရသည်။

အရင်က တစ္ဆေတွေကို အောင်နိုင်တုန်းက ဆုလာဘ်တွေက မြေအောက်ကမဘာသာာသုံးငွေတွေနဲ့ နန်းတော်တွေပဲလေ။ အခုကျမှ ဘာလို့ စူပါ ပါဝါဖြစ်နေရတာလဲ။

ဒါက ဘယ်လိုမျိုး အလုပ်လုပ်တာလဲ။

ယောင်ပင်း ခေတ္တစဉ်းစားပြီးနောက် “မြင်သမျှကို မမေ့နိုင်သော မှတ်ဉာဏ်” ကို ရွေးချယ်လိုက်သည်။

သူ ရွေးချယ်လိုက်သည်နှင့် စနစ်က ထပ်မံမေးမြန်းလာသည်။

“သင်ရွေးချယ်လိုက်သော စူပါ ပါဝါ ‘မြင်သမျှကို မမေ့သော မှတ်ဉာဏ်’ သည် ထာဝရ တည်မြဲသွားလိမ့်မည် အတည်ပြုပါသလား”

ယောင်ပင်းတစ်ယောက် စိတ်ထဲမှ ရယ်လိုက်မိသည်။

ဒီစွမ်းရည်သာ ရှိရင် စာကျက်တာ၊ ပညာသင်တာတွေက အများကြီး ပိုလွယ်သွားမှာပဲလေ။ ဘာလို့ ငြင်းပယ်ရမှာလဲ။

သူ တွေဝေခြင်းမရှိဘဲ အတည်ပြုလိုက်သည်။

ရှောင်ချင်းကတော့ ထိုအကြောင်းများကို မမြင်ရပေ။ သူမ မြင်လိုက်ရသည်မှာ ယောင်ပင်းက ကျိန်ဆဲလိုက်ပြီးနောက် ခေတ္တမျှ ကြောင်အသွားပြီး မျက်လုံးများ ဝေဝါးသွားသည်ကိုသာ ဖြစ်ပေသည်။ သူမ ထိတ်လန့်သွားပြီး စိုးရိမ်တကြီး မေးလိုက်သည် ။

“ဘာဖြစ်လို့လဲ”

“ဘာမှမဖြစ်ဘူး”

ယောင်ပင်း သတိပြန်ဝင်လာပြီး ပြန်ဖြေလိုက်သည်။

“စိတ်မပူပါနဲ့၊ မင်းအတွက် ငါ သေချာပေါက် ကလဲ့စားချေပေးပါ့မယ်”

“ဒီရှောင်ချင်းက သခင်ကို ကျေးဇူးတင်ပါတယ်”

“ငါ့ကို သခင်လို့ မခေါ်ပါနဲ့၊ ယောင်ပင်း လို့ပဲ ခေါ်ပါ!”

“ဟုတ်ကဲ့ပါ သခင်!”

“..”

ရှောင်ချင်း၏ အခေါ်အဝေါ်ကို ပြင်ပေး၍ မရနိုင်တော့သည်ကို မြင်သောကြောင့် ယောင်ပင်းက ဤအတိုင်းပင် လွှတ်ထားလိုက်တော့သည်။

“အပြင်လူတွေရှေ့မှာတော့ အဲဒီလို မခေါ်နဲ့ပေါ့ ပြီးတော့ လောင်ကော်ကိုလည်း မင်း ရှင်းပြဖို့ လိုလိမ့်မယ်”

ရှောင်ချင်းက နာခံစွာ ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။

“ဟုတ်ကဲ့ပါ”

ထို့နောက် ရှောင်ချင်း လှည့်ထွက်သွားတော့သည်။ သူမ ထွက်သွားခါနီးမှာပင် ယောင်ပင်းက လှမ်းခေါ်လိုက်သည်။

“နေဦး! နေ့ခင်းက မင်း မာစတာလျို့ အကြောင်းကို ပြောခဲ့တယ်မလား”

*

အခန်း(60)မိန်းမပျိုတစ်ယောက်၏အခန်း

“ဟုတ်ပါတယ် ..မာစတာလျို့က အရမ်းစွမ်းအားကြီးတယ်၊ ယင်ယန် လျှို့ဝှက်ပညာရပ်တွေကိုလည်း ကျွမ်းကျင်နှံ့စပ်တယ်လို့ သိရပါတယ်၊

သူက ချီစွမ်းအင်ကို ထိန်းချုပ်တဲ့အဆင့်အထိ ရောက်နေပြီး၊ မြေကမ္ဘာအဆင့်အစောပိုင်းအထိ ရောက်နေပြီလို့ ပြောကြတယ်၊ သူ့ကိုဘယ်သူမှ မယှဉ်နိုင်ဘူးတဲ့

ဒါပေမဲ့ အဲဒီမာစတာလျို့က အရမ်းလျှို့ဝှက်တယ်၊ သာမန်လူတွေ တွေ့ဖို့က အတော်လေးခက်ခဲပါတယ်၊ လောင်ကော်လည်း အကြိမ်ကြိမ် ကြိုးစားဖူးပေမဲ့ သူ့ကို ခေါ်လို့ မရခဲ့ဘူး”

မာစတာလျို့၏အကြောင်းကို အကျဉ်းချုပ် ရှင်းပြပြီးနောက် ရှောင်ချင်းက သိချင်စိတ်ဖြင့် ပြန်မေးလိုက်သည်။

“သခင်ကရော မာစတာလျို့ကို သိလို့လား”

ယောင်ပင်းက ခေါင်းခါလိုက်သည်

“ကြားဖူးတာပါ၊ လူချင်းတော့ မမြင်ဖူးဘူး တခြား ဘာမှမရှိတော့ရင် မင်း သွားလို့ ရပါပြီ”

ရှောင်ချင်းက သဘောတူပြီး အလျင်အမြန်ပင် ထွက်ခွာသွားတော့သည်။

ယောင်ပင်း အတွေးနက်သွားရလေသည်။

ဟောင်ထျန်းချိုင်က ယခင်က ပြောခဲ့ဖူးသည်။

ကျန်းရှောင်ပေကို မာစတာလျို့ခေါ်သွားခွင်းဖြစ်သည်ဟူ၏။ မာစတာလျို့မှာ မာစတာချင်၏ စီနီယာအစ်ကိုပင်။

မာစတာလျို့က သူ့၏ဂျူနီယာအတွက် ယောင်ပင်းကို သတ်ပြီး ကလဲ့စားချေချင်နေသည်ဟူ၍လည်းပြောခဲ့သည်။

သူပြောသည့် မာစတာလျို့နှင့် ရှောင်ချင်းပြောသည့် မာစတာလျို့က တစ်ယောက်တည်း ဖြစ်ပေလိမ့်မည်။

ရှောင်ချင်း၏ပြောစကားအရ ထိုမာစတာလျို့က ဆရာကြီးတစ်ယောက်ဖြစ်လိမ့်မည်။

မဟုတ်သေးချေ။ ဆရာကြီးတွေထဲကမှ ဆရာကြီးဖြစ်လိမ့်မည်။

အခွင့်အရေးရရင် ဒီမာစတာလျို့နဲ့ သေချာပေါက် တွေ့ကြည့်ကြတာပေါ့။

*

နောက်တစ်နေ့။

ကျုံးလဲ့ဗီလာရှိ အကြီးအကဲမို၏ အခန်းထဲတွင် သူ၏ ကိုယ်ပိုင်ဆရာဝန်က ထုံးစံအတိုင်း နံနက်ခင်း ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်နေပေသည်။

ခေတ္တမျှအကြာတွင် ဆရာဝန်၏ မျက်လုံးများမှာ မယုံကြည်နိုင်လောက်အောင် ပြူးကျယ်သွားပြီး ပြောလာစည်။

“ဒါ.. ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ၊ ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ!”

သူက တိုးတိုးလေး ရေရွတ်နေတော့သည်။ အကြီးအကဲမို မမေးရသေးမီမှာပင် ဆရာဝန်က အခြားသော ကျန်းမာရေးစစ်ဆေးမှုများကို အလျင်အမြန် ဆက်တိုက် ပြုလုပ်လိုက်ပြန်သည်။

“ဒေါက်တာကျိုး၊ ဘာဖြစ်လို့လဲ”

အမြဲတမ်း တည်ငြိမ်လှသော သူ၏ ကိုယ်ပိုင်ဆရာဝန်၏ မျက်နှာထား ရုတ်တရက် ပြောင်းလဲသွားသည်ကို မြင်သောအခါ အဖိုးအိုမို စိတ်မအေး ဖြစ်သွားရသည်။

“ကျွန်တော့် ခန္ဓာကိုယ်မှာ တစ်ခုခု ထပ်ဖြစ်ပြန်ပြီလား”

“မဟုတ်ပါဘူး၊ မဟုတ်ပါဘူး!”

“အကြီးအကဲမိုရဲ့ ခန္ဓာကိုယ်မှာ ဘာမှမဖြစ်တဲ့အပြင် ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက် အားလုံးက ရုတ်တရက်ကြီး ဆယ်နှစ်လောက် ပိုပြီး ငယ်ရွယ်သွားသလို ဖြစ်နေတာပါ၊

ဒါ.. ဒါက ဆေးပညာလောကရဲ့ အံ့ဖွယ်တစ်ခုပဲ! ကျွန်တော် တစ်သက်လုံးမှာ ဒီလိုမျိုး တစ်ခါမှ မကြုံဖူးဘူး!”

ဒေါက်တာကျိုး၏ အသံမှာ စိတ်လှုပ်ရှားမှုကြောင့် တုန်ရီနေပြီး လက်နှစ်ဖက်ကို ပွတ်သပ်ရင်း မျက်လုံးများမှာလည်း တောက်ပနေတော့သည်။

သူ၏ ဆယ်စုနှစ်ပေါင်းများစွာ ဆေးပညာသက်တမ်းအတွင်း ဤကဲ့သို့သော ပြန်လည်နုပျိုလာသည့် ဖြစ်ရပ်မျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ချေ။

ထို့ကြောင့် စိတ်မလှုပ်ရှားဘဲ မနေနိုင်ပါချေ။

အကယ်၍သာ တခြားလူနာဆိုလျှင် သူသည်က ဆေးရုံသို့ ချက်ချင်းဖုန်းဆက်ပြီး လူသားသုတေသနပြုလုပ်ရန် သေချာပေါက် တောင်းဆိုလိုက်လိမ့်မည်။

အကြီးအကဲမိုက ခေတ္တမျှ ကြောင်အမ်းသွားပြီးနောက် အိပ်ရာပေါ်မှ ဝုန်းခနဲ ထထိုင်လိုက်ပြီး ဒေါက်တာကျိုးကို စိုက်ကြည့်ကာ မေးလိုက်သည်။

“ဒေါက်တာကျိုး၊ အခု ကျွန်တော့်ရဲ့ ခန္ဓာကိုယ်လုပ်ဆောင်ချက်တွေက ဆယ်နှစ်လောက် ပိုငယ်သွားပြီလို့ ပြောလိုက်တာလား”

“ဟုတ်ပါတယ်! အကြီးအကဲမို မယုံရင် ခင်ဗျားရဲ့ တောင်ဝှေးကို လွှင့်ပစ်ကြည့်လိုက်ပါလား!”

ဒေါက်တာကျိုးသည် ကလေးတစ်ယောက်ကဲ့သို့ စိတ်လှုပ်ရှားနေပြီး အဖိုးအိုကို တောင်ဝှေးမပါဘဲ လမ်းလျှောက်ကြည့်ရန် တိုက်တွန်းနေတော့သည်။

အကြီးအကဲမိုလည်း အသက်ပြင်းပြင်းရှူလိုက်ပြီး သူ၏ တောင်ဝှေးကို ဖြည်းညှင်းစွာ လွှတ်ပစ်လိုက်ကာ အားယူ၍ ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်။

သူ၏ ခြေလှမ်းများမှာ တည်ငြိမ်ပြီး ပေါ့ပါးသွက်လက်နေပေသည်။ ယခင်က ခံစားခဲ့ရသော အားနည်းမှုနှင့် နုံးချည့်မှုများမှာ လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်ပေသည်။

“သူက တကယ့်ကို နတ်ဘုရားတစ်ပါးပဲ၊ နတ်ဘုရားတစ်ပါးပဲ”

အကြီးအကဲမိုမှာ ဝမ်းသာလွန်းသဖြင့် မျက်ရည်များပင် ဝိုင်းလာတော့သည်။

“သူက ငါ့ ဆယ်နှစ်လောက် ပေးခဲ့မယ်ဆိုရင်.. ငါတို့ မိုမိသားစုရဲ့ အင်ပါယာကတော့ သေချာပေါက် ခိုင်မာသွားပြီပေါ့”

“ဒါက ငါတို့ မိုမိသားစုအပေါ် ထားတဲ့ ကြီးမားလှတဲ့ ကျေးဇူးတရားပါပဲ”

ကျုံးလဲ့တောင်ရှိ ဗီလာ၏ ဥယျာဉ်။

ယောင်ပင်းက လောင်ကော်၏ လူများ ဦးဆောင်မှုဖြင့် ဥယျာဉ်အတွင်းရှိ အပန်းဖြေဆောင်လေးထဲသို့ ဝင်ရောက်လာခဲ့သည်။ ဇရပ်အတွင်း၌ လောင်ကော်က စောင့်ဆိုင်းနေခဲ့လေ၏။

သူ၏ နောက်ကွယ်တွင် အဖြူရောင် ပိုးသားဝတ်စုံများကို ဝတ်ဆင်ထားသော လူငယ်အချို့ ရပ်နေကြသည်ဝ

ထိုလူငယ်များမှာ တည်ငြိမ်သော အကြည့်နှင့် သန်မာသော ခန္ဓာကိုယ် ရှိကြသဖြင့် ကိုယ်ခံပညာကျွမ်းကျင်သူများဖြစ်ကြောင်း သိသာလွန်းပေသည်။

“လောင်ကော်၊ တစ်ခုခု ကိစ္စရှိလို့လား”

ယောင်ပင်းသည် အဆောင်အတွင်းသို့ ဝင်လာပြီး လောင်ကော်ကို ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။

သူ့အနေဖြင့် နံနက်စာ စားပြီးခါစမှာပင် လောင်ကော်၏ လူများက သူ့ကို လာရှာပြီး လောင်ကော်က ဥယျာဉ်ထဲတွင် စောင့်နေကြောင်းနှင့် အရေးကြီးသော ကိစ္စ ဆွေးနွေးစရာ ရှိသည်ဟု ပြောခဲ့သဖြင့် အပြေးအလွှား လာခဲ့ခြင်း ဖြစ်ပေသည်။

ယောင်ပင်း ဝင်လာသည်ကို မြင်သည်နှင့် လောင်ကော်က ချက်ချင်းပင် ထရပ်ပြီး သူ့ကို ခါးကိုညွတ်၍ ရိုသေစွာဦးညွှတ်လိုက်ပေသည်။ သူ၏နောက်မှ လူငယ်များမှာတော့ တစ်ဦးကိုတစ်ဦး ဝေခွဲမရစွာ ကြည့်လိုက်ကြလေ၏။

သူတို့၏ အကြီးအကဲက ဤမျှ ငယ်ရွယ်သော လူငယ်လေးတစ်ဦးကို ဤမျှအထိ ရိုသေစွာဦးညွှတ်နေရသည်လား။

“လောင်ကော်၊ ဘာတွေလုပ်နေတာလဲ.. ကျွန်တော့်ကို အားနာရအောင်မလုပ်ပါနဲ့”

ယောင်ပင်းက အလျင်အမြန်ပင် သွားရောက်တွဲထူလိုက်ရသည်။

လောင်ကော်သည်က သူ၏ အဘိုးအရွယ်ရှိသည် မဟုတ်ပါလား။ ဤကဲ့သို့ ကြီးမားသော ဂါရဝပြုမှုကို သူ မခံယူဝံ့ချေ။

သို့သော် လောင်ကော်ကတော့ ဦးညွှတ်ရန်သာ အတင်းလုပ်နေခဲ့သည်။

“မင်းက ငါ့ရဲ့ အသက်သခင် ကျေးဇူးရှင်လေ၊ ဒီလောက် ဦးညွှတ်ရတာ ဘာမှ မဟုတ်ပါဘူး”

မနေ့ညက ရှောင်ချင်းက သူ့ကို အမှန်အတိုင်း ပြောပြခဲ့ပေသည်။ လောင်ကော်မှာ ချွေးအေးများပင်ပြန်လာခဲ့ရသည်။

သူနှင့် နှစ်ပေါင်းများစွာ အတူအိပ်ခဲ့သော လှပသည့် ဇနီးသည်က တကယ်တမ်းတွင် အလောင်းတစ်လောင်း ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ချေ။

လောင်ကော် ထိတ်လန့်တုန်လှုပ်နေချိန်မှာပင် ရှောင်ချင်းက ယောင်ပင်းမှ သူမကို ထွက်သွားခိုင်းသဖြင့် သူမ ထွက်သွားရမည်ဖြစ်ကြောင်း ပြောခဲ့သည်။

လောင်ကော်မှာလည်း ဥာဏ်ရည်ထက်မြက်ပြီး ပါးနပ်သော လူတစ်ဦး ဖြစ်သည့်အတွက် အရာအားလုံးကို ပြန်လည် စဉ်းစားကြည့်ပြီးနောက် ရှောင်ချင်း ထွက်သွားနိုင်ခဲ့ခြင်းမှာ ယောင်ပင်းကြောင့်ဖြစ်ပြီး ယောင်ပင်းသည်ကသူ၏ အသက်ကို ကယ်တင်ပေးခဲ့ခြင်း ဖြစ်ကြောင်း သူ ချက်ချင်း သဘောပေါက်သွားခြင်း ဖြစ်ပေသည်။

“ရှောင်ချင်း ဘယ်မှာလဲ”

ယောင်ပင်းက မေးလိုက်သည်။

“သူ ဒီမနက်ပဲ ထွက်သွားပါပြီ”

လောင်ကော်က ယောင်ပင်းကို အဆောင်ထဲတွင် ထိုင်ရန် ဖိတ်ခေါ်လိုက်ပြီး သက်ပြင်းချ၍ပြောလိုက်သည်။

“သူ ငါနဲ့ အတူရှိနေတုန်းက သူပိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ အဆင့်မြင့် ကလပ်တစ်ခုရှိခဲ့တာဆိုတော့ သူ့အနေနဲ့ ရှာဖွေစားသောက်ဖို့အတွက် ပြဿနာ ရှိမှာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ငါ့ စိတ်ထဲမှာတော့ မသက်မသာ ဖြစ်နေတုန်းပဲ..”

နှစ်ပေါင်းများစွာ အတူနေလာခဲ့သဖြင့် လောင်ကော်သည်က ရှောင်ချင်းအပေါ်တွင် သံယောဇဉ် ရှိနေဆဲ ဖြစ်ပေသည်။

ယောင်ပင်းက လူများကို နှစ်သိမ့်ပေးတတ်သည်မဟုတ်သောကြောင့် လောင်ကော် ပြောသမျှကိုသာ တိတ်တဆိတ် နားထောင်ပေးနေခဲ့ပေသည်။

နာရီဝက်ခန့် ကြာပြီးနောက် ယောင်ပင်းက ထွက်ခွာရန် ပြင်လိုက်သည်။

ယောင်ပင်း ထွက်သွားခါနီးတွင် လောင်ကော်က သူ၏ လူများကို အချက်ပြလိုက်လေ၏။ ထို့နောက် လူတစ်ယောက်က ကတ်တစ်ခုကို ယူဆောင်လာခဲ့သည်။ ထိုကတ်မှာ ရွှေအစစ်ဖြင့် ပြုလုပ်ထားပြီး အပေါ်တွင် “ကော်”ဟူသော စာလုံးကို ရှေးဟောင်း စာလုံးပုံစံဖြင့် ရေးထွင်းထားပေသည်။

“ဒါက VIP ကတ်ပါ၊ တစ်နိုင်ငံလုံးမှာ လက်ချိုးရေလို့ရတဲ့ ပမာဏပဲ ရှိပါတယ်၊ ကျေးဇူးပြုပြီး ဒါကို ယူထားပြီး သုံးစွဲပါ ကျေးဇူးရှင်”

လောင်ကော်က ထို VIP ကတ်ကို ယောင်ပင်းထံသို့ လက်နှစ်ဖက်ဖြင့် ရိုသေစွာ ကမ်းပေးလိုက်ပြီး ရှင်းပြလေသည်။

“ကော်မိသားစု ပိုင်ဆိုင်တဲ့ ဘယ်လုပ်ငန်းမှာမဆို မင်း ကြိုက်သလောက် အကန့်အသတ်မရှိ သုံးစွဲနိုင်ပါတယ်၊ ဒါက မင်းအတွက် အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ်”

လောင်ကော်ကဲ့သို့ အလွန်ချမ်းသာသော သူဌေးကြီးတစ်ဦးအတွက် ပိုက်ဆံဆိုသည်မှာ အသက်ထက် အရေးမကြီးပါချေ။

ပို၍ အရေးကြီးသည်မှာ သူ၏ စီးပွားရေးအင်ပါယာကြီး ဖြစ်ပေသည်။

ယောင်ပင်းသည်က အကြီးအကဲမို၏ သက်တမ်းကို ဆယ်နှစ် တိုးပေးနိုင်ခဲ့သည့်အပြင်၊ ယင်အလောင်းတစ်ခုကိုလည်း မည်သူမှ မသိအောင် အောင်နိုင်ခဲ့သည်။

ဤသည်က အံ့သြဖွယ်ရာပင် ဖြစ်ပေ၏။

သူသည်က ယောင်ပင်းအား အသက်ကယ်သည့်ကျေးဇူးအတွက် ကျေးဇူးတင်ရုံမျှမက ယောင်ပင်းကို သူ၏ဘက်တော်သားလည်း ဖြစ်စေချင်နေခဲ့သည်။

ထို့ကြောင့်ပင် လောင်ကော်က ယောင်ပင်းအပေါ်တွင် ဤမျှအထိ ရိုသေလေးစားပြီး ယဉ်ကျေးပျူငှာနေခြင်း ဖြစ်ပေသည်။

ယောင်ပင်းက လောင်ကော်ကို ယဉ်ကျေးစွာ နှုတ်ဆက်ပြီးနောက် ထို VIP ရွှေကတ်ကို လက်ခံလိုက်ပေသည်။ ထို့နောက် လောင်ကော်ကို နှုတ်ဆက်ကာ မိုရှောက်ယောင်ကို ရှာရန် ထွက်လာခဲ့တော့သည်။

ယမန်နေ့က ဧည့်သည်များက အလွန်များလွန်းသဖြင့် သူ အစွမ်းကုန် ကြိုးစားသော်လည်း မိုရှောက်ယောင်ကို ဒုက္ခပေးနိုင်သည့် သံသယဖြစ်စရာ လူမျိုးကို ရှာမတွေ့ခဲ့ချေ။

ထိုအချိန်မှာပင် အစေခံတစ်ဦး အပြေးအလွှား ရောက်လာပြီး ယောင်ပင်းကို အရေးတကြီး ပြောလိုက်သည်။

“သခင်လေးယောင်၊ သခင်မလေးမို တစ်ခုခု ဖြစ်လို့ပါ.. မြန်မြန် လာကြည့်ပေးပါဦး”

ထိုစကားကို ကြားလိုက်သည်နှင့် ယောင်ပင်းက မိုရှောက်ယောင် နေထိုင်ရာဆီသို့ ချက်ချင်းပင် ပြေးသွားတော့သည်။

သူ ရောက်ရှိသွားချိန်တွင် မိုရှောက်ယောင်၏ အခန်းအပြင်ဘက်၌ လူအုပ်စုတစ်စု ရပ်နေကြချေပြီ။

အကြီးအကဲမို၊ မိုလီချွမ်နှင့် သူ၏ ဇနီး၊ ယွီချီကျား နှင့် တခြား မရင်းနှီးသော မျက်နှာအချို့..

သူတို့ အားလုံးမှာ တည်ငြိမ်လေးနက်နေပြီး ထိတ်လန့်တုန်လှုပ်နေကြပုံရပေသည်။

မိုရှောက်ယောင်တွင် တစ်စုံတစ်ခု အကြီးအကျယ် ဖြစ်သွားလောက်ပေပြီ။

“အဘိုးမို၊ ရှောက်ယောင် ဘာဖြစ်လို့လဲ”

ယောင်ပင်း၏ ရင်ထဲတွင် တင်းကျပ်သွားပြီး အကြီးအကဲမိုကို အမြန်ပင် မေးလိုက်သည်။

“အထဲဝင်ကြည့်လိုက်ပါဦး”

ယောင်ပင်းကို မြင်လိုက်ရသည်နှင့် အကြီးအကဲမို၏ မျက်လုံးများ တောက်ပသွားပြီး ယောင်ပင်းကို မိုရှောက်ယောင်၏ အခန်းထဲသို့ တွန်းပို့လိုက်တော့သည်။

“သူ အခု အခန်းထဲမှာ ရှိတယ် .. မင်း အထဲရောက်ရင် သိလာမှာပါ”

ယောင်ပင်းသည်က မိုရှောက်ယောင်၏ အခန်းထဲသို့ တွန်းပို့ခြင်း ခံလိုက်ရလေသည်။

ယောင်ပင်း အခန်းထဲသို့ ဝင်လိုက်သည်နှင့် ချက်ချင်းပင် ကြောင်အမ်းသွားတော့သည်။

ကြီးမားလွန်းသော အခန်းတစ်ခုလုံးမှာ လုံးဝကို ရှုပ်ပွနေပြီး ပစ္စည်းများနှင့် အဝတ်အစားများမှာ နေရာအနှံ့ ပျံ့ကျဲနေပေသည်။

ထိုအထဲတွင် အချို့သော အတွင်းခံ အဝတ်အစားများလည်း ပါဝင်နေခဲ့သဖြင့် ယောင်ပင်းမှာ မျက်နှာတစ်ခုလုံးနီမြန်းသွားပြီး ရင်ခုန်သံများလည်း မြန်လာရတော့သည်။

*

All Chapters