သူတော်စင်သခင်၏ စကားလုံးများ
Vol. 33 Ch. 344
ကျန်းယန်က ဆင်ခြေပေးနေခြင်းသာဖြစ်မှန်း သူတော်စင်သခင်သိသော်လည်း သူစိတ်မပူပေ။
သူသည် နှစ်ထောင်ချီသက်တမ်းရှိသော အတွေ့အကြုံရင့် ကပ်ဘေးဖြတ်ကျော်ခြင်းတစ်ယောက်သာ ဖြစ်၏။ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ၃ယောက်ပေါင်းတိုက်လျှင်တောင် သူ့ကိုအလျင်အမြန် အနိုင်ယူနိုင်မှာတော့ မဟုတ်ပေ။ ထို့အပြင် သူ့နောက်တွင် လန်ကျားအထွတ်အမြတ်မြေက နီးနီးလေးတွင်ရှိနေသောကြောင့် အချိန်မရွေး စစ်ကူခေါ်နိုင်သေးသည်။
ဤအခြေအနေတွင် တိုက်ပွဲဖြစ်ခြင်းက အဇူရာတိမ်ဂိုဏ်း၏ ဖွံ့ဖြိုးမှုကိုထိခိုက်သွားစေနိုင်မှန်း သူသိသောကြောင့် သူသိပ်လည်း စိတ်မပူပေ။
ခေါင်းခါလိုက်ပြီး သူကျန်းယန်ကိုကြည့်ကာ ပြောလိုက်၏။
“ဆိုတော့ မင်းကကျန်းယန်ပေါ့ ငါမင်းနဲ့တွေ့ချင်နေတာ ကြာပြီ…မင်းကတကယ်ပဲ လန်ကျားအထွတ်အမြတ်မြေကို ခက်ခဲတဲ့အခြေအနေထဲ တွန်းပို့နိုင်ခဲ့တာပဲ”
စကားအဆုံးတွင် သူအကူအညီမဲ့စွာ ရယ်မောခဲ့သည်။
ဂိုဏ်းကြီးတစ်ဂိုဏ်းကို အခုလို အခုလိုအခြေအနေထိ ရောက်အောင်တွန်းပို့နိုင်ခဲ့သော ကျန်းယန်က ပါရမီရှိတယ်ဆိုတာကိုတော့ သူလက်ခံရပေလိမ့်မည်။
ကျန်းယန် လေးလေးနက်နက်ပြန်ပြောလိုက်၏။
“သူတော်စင်သခင် ဒီစကားကသိပ်တော့မမှန်ဘူးမလား ကျွန်တော်က ဘယ်လိုလုပ် လန်ကျားအထွတ်အမြတ်မြေကို ထောင်ချောက်ဆင်ရမှာလဲ”
“ငါ့သားကုန်းရှို့ပင်းက မင်းဆီကို အလည်လာရုံလေးပဲ လာတာကို မင်းကသူ့ကိုသွေးအန်တဲ့ထိ ဒေါသထွက်အောင် လုပ်ခဲ့တယ် ပြီးတော့ အဲ့ဒီအဇူရာတိမ်သတင်းစာက သတင်းတွေ မင်းတကယ်ကြီး ဒါတွေက မင်းစီစဉ်ထားတာမဟုတ်ဘူးလို့ ပြောမလို့လား” သူတော်စင်သခင် မေးလိုက်သည်။
ကျန်းယန် လက်ချောင်းများကိုမြှောက်ကာ ရေတွက်လိုက်ပြီးပြောလိုက်၏။
“အဇူရာတိမ်ဂိုဏ်းနဲ့ ရင်ဆိုင်ဖို့ လန်ကျားအထွတ်အမြတ်မြေက နည်းဗျူဟာတွေ အများကြီးသုံးခဲ့တယ် သူလျှိုတွေ ပျားရည်ထောင်ချောက်တွေ … ကျွန်တော်ကတော့ တစ်ခုတည်း သုံးခဲ့တာပါ”
“သူ့အရိုးနဲ့ သူ့ပြန်ထိုးတဲ့ နည်းဗျူဟာလား”
“အတိအကျပဲ” ကျန်းယန် ခေါင်းငြိမ့်ပြလိုက်သည်။
“ဆိုတော့ ကျွန်တော်က လန်ကျားအထွတ်အမြတ်မြေကို ထောင်ချောက်ဆင်တာမဟုတ်ပါဘူး လန်ကျားအထွတ်အမြတ်မြေက သူ့အရိုးနဲ့ သူပြန်ထိုးခံလိုက်ရတာပါ”
သူတို့သည် နန်းကုန်းချီယုကို သူတို့ဆီပါလာဖို့ သွေးဆောင်ခဲ့ပြီး စစ်ထူမင်ယွဲ့ကိုလက်ထပ်ဖို့ ကြိုးစားခဲ့သည့်အပြင် သူလျှိုများလည်း ထည့်ထားခဲ့သေးသည်။ အားလုံးက လန်ကျားအထွတ်အမြတ်မြေ၏ အကြံအစည်များသာ ဖြစ်၏။
အတန်ကြာ စိုက်ကြည့်ပြီးနောက် သူတော်စင်သခင် ရုတ်တရက်ရယ်မောလိုက်လေသည်။
“မင်းကကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး တာအိုကိုလေ့လာရမယ့်အစား နည်းဗျူဟာတွေကို လေ့လာနေတာပဲ … ဒါမျိုးက ကျောင်းတော်သားတစ်ယောက်ရဲ့ အလုပ်နဲ့ ပိုတူတယ်”
ကျန်းယန် ကြိတ်သာ ပြုံးလိုက်မိသည်။
ထို့နောက် သူတော်စင်သခင် ချင်းယွင်ကျိကို ကြည့်ကာ သက်ပြင်းချလိုက်၏။
“မင်းက တပည့်ကောင်းတစ်ယောက်ရှာတွေ့ထားတာပဲ”
ချင်းယွင်ကျိ အသာအယာပြုံးလိုက်ကာ
“ကောင်းကင်က အဇူရာတိမ်ဂိုဏ်းရဲ့ ထိခိုက်ခံစားနေရပုံကိုမကြည့်ရက်လို့ ငါတို့ဆီ သူ့ကိုပို့လိုက်တာနေမှာ”
ရာစုနှစ်ပေါင်းများစွာအထိ အဇူရာတိမ်ဂိုဏ်းသည် ဖိနှိပ်ခံခဲ့ရ၏။
သူတော်စင်သခင် သက်ပြင်းချလိုက်ပြန်သည်။
“ငါဘယ်တုန်းကမှ ကိစ္စတွေကို ဒီလောက်အထိဖြစ်မသွားစေချင်ခဲ့ဘူးလို့ ပြောရင် မင်းယုံမှာလား”
“မယုံဘူး” ကျန်းယန် ချက်ချင်း ဖြေလိုက်၏။
ချင်းယွင်ကျိ သူ့ကိုတစ်ချက်ကြည့်လိုက်ပြီး အသာအယာခေါင်းငြိမ့်ပြလိုက်သည်။ သူ့ပုံစံက သဘောတူတာလား မတူတာလား သဲကွဲမနေပေ။
“ခေတ်ကာလရဲ့ တွန်းပို့မှု” သူတော်စင်သခင်လေးလေးနက်နက်ပြောလိုက်၏။
“ပထမအချက်အေနနဲ့ လန်ကျားအထွတ်အမြတ်မြေမှာ အင်အားစုတွေရှိတယ် သူတို့က အဇူရာတိမ်ဂိုဏ်းကို ဆန့်ကျင်ချင်ကြတဲ့အခါ ငါသူတို့ကို မငြင်းဆန်နိုင်ဘူး
ဒုတိယအချက်ကတော့ ကမ္ဘာကြီးပဲ ဂိုဏ်းကြီး ၈ဂိုဏ်းလုံးက အဇူရာတိမ်ဂိုဏ်းကို ပစ်မှတ်ထားနေတဲ့အခါ လန်ကျားအထွတ်အမြတ်မြေက တောင့်မခံနိုင်တော့ဘူး
အဲ့တာကြောင့် ငါတို့ သူတို့နောက်က လိုက်ခဲ့ရတာ
နောက်ဆုံးအချက်ကတော့ ပိုကောင်းတဲ့ကျင့်ကြံခြင်းကမ္ဘာကြီးပဲ တကယ်လို့ အဇူရာတိမ်ဂိုဏ်းကသာ ကျဆင်းဖို့ ကံကြမ္မာသတ်မှတ်ခံထားရရင် အနှေးနဲ့အမြန် ဖြစ်သွားမှာပဲ သူ့ရဲ့ပျက်ဆီးခြင်းကနေ ပိုကောင်းတဲ့ အင်အားစုတစ်ခုပေါ်လာပြီး အပြောင်းအလဲတွေကို ယူဆောင်လာပေးလိမ့်မယ်”
သူခဏရပ်လိုက်ပြီးနောက် မောက်မာစွာ ပြောလိုက်၏။
“ငါဒါေတွကို အဇူရာတိမ်ဂိုဏ်းကို ခယဖို့ပြောနေတာမဟုတ်ဘူး အတိတ်ကိုရှင်းပြနေတာ
ဒီနေ့ တွေ့ဆုံမှုဆိုတာကလည်း အဲ့ဒီတွန်းပို့မှုကြောင့်ပဲ
အဇူရာတိမ်ဂိုဏ်းက သူ့အောက်ဆုံးအခြေအနေထိ ကျဆင်းပြီးပြီ အခုက အားမာန်အပြည့်နဲ့ အမြင့်ဆုံးကို ပြန်တက်နေတဲ့ အချိန်ပဲ”
“ဒါပေမယ့် ဂိုဏ်းရဲ့လက်ရှိအဟုန်ကို နှောင့်ယှက်ခံလိုက်ရရင် အကျိုးဆက်တွေကဆိုးရွားသွားလိမ့်မယ်”
သူတော်စင်သခင် ကျန်းယန်ကို ကြည့်လိုက်သည်။
“အဇူရာတိမ်ဂိုဏ်းရဲ့ ဦးဆောင်သူတစ်ယောက်အနေနဲ့ မင်းငါပြောတာကို သဘောတူလား”
ကျန်းယန်ပြုံးသာပြုံးလိုက်ပြီး ဘာမှ ပြန်မပြောခဲ့ပေ။
သူတော်စင်သခင်မှန်ကြောင်း သူသိ၏။ လက်ရှိ အဇူရာတိမ်ဂိုဏ်းအခြေအနေက အချိန်မရွေး ပြိုကွဲသွားနိုင်သည့် အခြေအနေမျိုးတွင်သာ ရှိနေသေးခြငိးဖြစ်ပြီး သူတို့ အောင်မြင်မှုက မခိုင်မာသေးပေ။ သို့သော် သူတော်စင်သခင်ကသူ့ကိုခြိမ်းခြောက်နေခြင်းမဟုတ်ဘဲ ညှိနှိုင်းရာမှာ အသာစီးရစေဖို့ ဖိအားထည့်ပေးနေခြင်းသာ ဖြစ်မှန်း ကျန်းယန်သိပေသည်။
ထို့ကြောင့် ကျန်းယန် ဘာမှမပြောဘဲ သူ့ကိုသာပြောခွင့်ပေးထားခြင်း ဖြစ်၏။
ချင်းယွင်ကျိကတော့ ထိုအရာကိုမမြင်နိုင်ပေ။ သူသည် ကျင့်ကြံရာတွင်သာ အစွမ်းထက်ခြင်းဖြစ်ပြီး ညှိနှိုင်းရာ၌ မကျွမ်းကျင်ပေ။ သူ့သက်တမ်းအများစုကို မိစ္ဆာနှင့်တိုက်ခိုက်ရာ၌သာ အသုံးပြုခဲ့ရသူဖြစ်သောကြောင့် သူသည်လူ့သဘောလူ့မနောကို နားမလည်ပေ။
အခုလိုစကားများကိုကြားလိုက်ရသောအခါ သူမျက်မှောင်ကြုံ့သွားပြီး မေးလိုက်သည်။
“လက်ရှိ အခြေအနေတွေအပေါ် မင်းအမြင်က ဘယ်လိုလဲ”
အခြေအနေများက သူလိုသလိုဖြစ်လာသောအခါ သူတော်စင်သခင်ပြုံး၍ ပြောလိုက်၏။
“ကျင့်ကြံခြင်းကမ္ဘာကြီးတစ်ခုလုံးက အပြောင်းအလဲကို စောင့်နေကြတာ
အဲ့ဒီအပြောင်းအလဲက တောင်တစ်သိန်းတောင်တန်းက မွန်းစတားတွေပြောထားတဲ့ နောက်နှစ် ၂၀အေပါ်မူတည်နေတယ် ပြီးတော့ အဇူရာတိမ်ဂိုဏ်းရဲ့ ပြောင်းလဲမှုရောပေါ့
ငါမမှားရင် နောက် ၂၀ကြာတဲ့အခါ ကမ္ဘာကြီးတစ်ခုလုံးက ဖရိုဖရဲပြန်ဖြစ်လာလိမ့်မယ်
တကယ်လို့အဇူရာတိမ်ဂိုဏ်းက ရှင်သန်ချင်တယ်ဆိုရင် အဲ့ဒီနှစ် ၂၀အတွင်း လုံလောက်တဲ့ခွန်အားရှိလာအောင် ကြိုးစားထားရမယ် အတွင်းရေး ပဋိပက္ခတွေ လုံး၀ရှိလာလို့ မရဘူး
တကယ်လို့ အတွင်းရေးပဋိပက္ခတွေရှိလာရင်တော့ အနှေးနဲ့အမြန် ပြိုကွဲသွားရမှာပဲ”
သူပြောနေရင်း မိစ္ဆာနှစ်ကောင်ကိုတစ်ချက်ကြည့်ကာ ထိုမိစ္ဆာများက သူတို့အတွင်းရေးပဋိပက္ခဖြစ်လာနိုင်မည့် အဓိကအရင်းအမြစ်များဟု သဲလွန်စပေးလိုက်သည်။
ချင်းယွင်ကျိ အေးဆေးသာဖြစ်နေခဲ့၏။ အရာအားလုံးက ကျန်းယန်၏အစီအစဉ်အတိုင်းသာ သွားနေခဲ့ခြင်းဖြစ်သည်။ ငါးနှစ်တာ အစီအစဉ်ကလည်း ကျန်းယန်စီစဉ်ထားသည့်အတိုင်း ဆက်ဖြစ်နေဆဲဖြစ်လေရာ သူဘာကို စိတ်ပူရပါမည်နည်း။
သူတော်စင်သခင်ကတော့ ထူးဆန်းသလိုခံစားလိုက်ရ၏။ သူတမင်ထိုအချက်ကို ထောက်ပြခဲ့ခြင်းဖြစ်သော်လည်း ချင်းယွင်ကျိကတော့ အေးဆေးသာ ဖြစ်နေခဲ့သည်။
သူကျန်းယန်ကိုကြည့်ပြီး ဆက်ပြောလိုက်၏။
“ငါအဇူရာတိမ်သတင်းစာကိုဖတ်ပြီးပြီ အဲ့ဒီလက်နက်တွေက တကယ်အံ့ဩစရာပဲ သူတို့ကို ဘယ်လိုထုတ်လုပ်သလဲ ငါမသိပေမယ့် ထုတ်လုပ်မှုမှာ အကန့်အသတ်တော့ ရှိနေမှာပဲ
ဂိုဏ်းကြီးအားလုံးကိုရင်ဆိုင်ဖို့ အဲ့ဒီအရာအပေါ်ပဲ အားကိုးနေတာက လက်တွေ့မကျဘူး မင်းမှာအခြားအဖြေတွေ လိုမယ်”
ချင်းယွင်ကျိ စိတ်သောကရောက်သွားခဲ့သည်။ သူပြောတာ ဟုတ်၏။ ကောင်းကင်အခြေပြုလက်နက်နှင့် ဖျက်ဆီးသူ ၁ လိုလက်နက်မျိုးက အကန့်အသတ်နှင့်သာ ထုတ်လုပ်၍ ရခြင်းဖြစ်ပေသည်။
သူဆက်မေးဖို့ ပြင်လိုက်ချိန်တွင် ကျန်းယန် ပြုံးကာ စကားဖြတ်ပြောလိုက်၏။
“ကျွန်တော်လည်း လန်ကျားသတင်းစာကိုဖတ်ပြီးပါပြီ အတော်လေး အထင်ကြီးစရာပဲ စီနီယာတို့လည်း သေနတ်တွေ တပ်ဆင်ပေးပြီးသွားပြီနော် ဆက်လုပ်ပါ နောက်ဆို ဖျက်ဆီးသူ ၁ လို လက်နက်မျိုးတွေကိုတောင် ထုတ်လုပ်လို့ရလာနိုင်တယ် စီနီယာတို့ကျင်းပမယ့် စစ်ရေးပြပွဲကို ကျွန်တော်မျှော်လင့်နေပါတယ်”
ထိုအခိုက်တွင် သူတော်စင်သခင်ပင် နင်သွားခဲ့သည်။
ထိုကလေးသည် တမင်သက်သက် သူ့စကားအရှိန်ပျက်သွားအောင် လုပ်နေခဲ့ခြင်း ဖြစ်၏။