ကစားခံလိုက်ရသော သူတော်စင်သခင်
Vol. 33 Ch. 345
ကျန်းယန် သူတော်စင်သခင်ကို ပြုံးပြလိုက်သည်။
“ကျွန်တော်တို့က အခုမှတွေ့တာဆိုပေမယ့် စီနီယာ့ရဲ့စကားတွေကြောင့် ကျွန်တော်စီနီယာ့ကို အများကြီးအထင်ကြီးလေးစားမိသွားပြီ
အရင်ကတော့ လန်ကျားအထွတ်အမြတ်မြေမှာ အရှက်မရှိတဲ့သူတွေနဲ့ပဲ ပြည့်နေတာလို့ကျွန်တော်ကထင်ခဲ့တာ ဒါပေမယ့် စီနီယာ့လို ဖြောင့်မတ်မှန်ကန်တဲ့ နွံထဲကကြာလို့ ပုဂ္ဂိုလ်မျိုးရှိနေလိမ့်မယ်လို့ ထင်မထားခဲ့မိဘူး တကယ်ပဲ သူတော်စင်ဆိုတဲ့ ဘွဲ့ထူးနဲ့ထိုက်တန်ပါပေတယ်”
သူတော်စင်သခင် တိတ်ဆိတ်သွားခဲ့သည်။
ထိုစကားလုံးများက သူ့ကိုချီးကျူးနေပုံရသော်လည်း အဘယ်ကြောင့် စကားတစ်လုံးချင်းစီတိုင်းက သူ့နှလုံးသားကို လာထိမှန်နေသလို ခံစားနေရပါသနည်း။
ကျန်းယန် အတော်လေးခံစားနေရဟန်ဖြင့် ဆက်ပြောခဲ့၏။
“စီနီယာ့ရဲ့ အဇူရာတိမ်ဂိုဏ်းအပေါ်စိုးရိမ်ပေးမှုက ကျွန်တော့်ကိုတကယ်ကို ခံစားသွားရစေပါတယ်
ရာစုနှစ်ပေါင်းများစွာ ကျွန်တော်တို့က အမိမဲ့သားရေနည်းငါးဆိုသလို အနိုင်ကျင့်ခံခဲ့ကြရတယ်
ဒီနေ့တော့ ကျွန်တော်တို့ကို တကယ်ဂရုစိုက်တဲ့အကြီးအကဲတစ်ယောက်နဲ့ ဆုံခဲ့ရပြီ ကျေးဇူးတင်ပါတယ် စီနီယာ”
သူတော်စင်သခင် ကြောင်သွားခဲ့သည်။ သူသည် အဇူရာတိမ်ဂိုဏ်းကို ဖိအားပေးဖို့ ကြိုးစားနေခြင်း မဟုတ်ပါလော။ အဘယ်ကြောင့် သူတို့ကို စိတ်ရင်းမှန်ဖြင့် ဂရုစိုက်နေပုံ ပေါ်နေရပါသနည်း။
သူအားတင်း၍ မျက်နှာတည်ထားလိုက်ပြီး ပြောလိုက်သည်။
“ကျေးဇူးတင်ဖို့ မလိုပါဘူး”
ကျန်းယန် လေးလေးနက်နက်ပြောလိုက်၏။
“ကျွန်တော်တို့က ကျေးဇူးတင်ရမှာပါ တကယ်ဆို အသက်အရွယ်နဲ့တွက်မယ်ဆိုရင် ကျွန်တော့်ဆရာကတောင် စီနီယာ့ကို စီနီယာလို့ ခေါ်ရမှာ မဟုတ်လား”
“ငါနဲ့မင်းဆရာနှစ်ယောက်လုံးက ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တွေချည်းပါပဲ ရွယ်တူတွေလို့ ပြောလို့ရပါတယ်” သူတော်စင်သခင် အမြန်ပြောလိုက်သည်။
ကျန်းယန်သည် သူ့ကို စီနီယာအကြီးအကဲနေရာသို့ တွန်းပို့နေခြငိးဖြစ်မှန်း သူသတိထားမိနေခဲ့ချေပြီ။ အကယ်၍သူသာ အမြန်မငြင်းလျှင် ထိုနေရာတွင် ပိတ်မိသွားပေလိမ့်မည်။
“အို့” ကျန်းယန် မျက်လုံးများ ပြူးကျယ်သွားခဲ့၏။
“ဒါဆို ကျွန်တော်စီနီယာ့ကို ဦးလေးသူတော်စင်လို့ခေါ်သင့်တာပေါ့ ဦးလေးသူတော်စင် ဦးလေးသူတော်စင် ကောင်းကင်ကြီးလောက် အသက်ရှည်ပါစေလို့ ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ် ဦးလေးသူတော်စင်ရဲ့ ဂျူနီယာကျန်းယန်က ဂါရ၀ပြုပါတယ်”
သူတော်စင်သခင် တောင့်တင်းသွားခဲ့သည်။
သူသည်ရုတ်တရက်ကြီး ဘယ်လို ဦးလေး ဖြစ်သွားရပါသနည်း။
ပြီးတော့ ဤဦးညွတ်မှုတွင်လက်နှစ်ဖက်ကိုဆန့်တန်းထားခြင်းက သူ့ဆီက လက်ဆောင်ပြန်တောင်းနေခြင်း မဟုတ်ပါလော။
တခဏကြာ အတွေးလွန်ဆွဲပြီးနောက် သူတော်စင်သခင် စိတ်ဝိညာဉ်အဆင့် စုတ်တံတစ်ချောင်းကိုထုတ်ကာ ကျန်းယန် လက်ထဲထည့်ပေးလိုက်ရ၏။
သူ့တွင်ရှိသမျှက တန်ဖိုးကြီးပစ္စည်းများသာဖြစ်သောကြောင့် ဈေးပေါသောအရာလည်း ပေးမရပေ။
သူအခုထိ ဤတွေ့ဆုံမှုမှ ဘာမှမရသေးသော်လည်း စိတ်ဝိညာဉ်လက်နက်တစ်ခု ပေးလိုက်ရချေပြီ။
ကျန်းယန် ချက်ချင်းခါးမတ်သွားပြီး ပြုံးကာ ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် ဦးလေးသူတော်စင်”
သူတော်စင်သခင် အားတင်းကာ ပြုံးလိုက်ပြီး
“မင်းက ယဉ်ကျေးလွန်းနေပါပြီ”
ထို့နောက် ကျန်းယန် ချင်းယွင်ကျိဘက်လှည့်ကာ လေးလေးနက်နက်ပြောလိုက်၏။
“ဆရာ ကျွန်တော်အခုနားလည်သွားပြီ ဦးလေးသူတော်စင်ရဲ့ ရည်ရွယ်ချက်က ရှင်းပါတယ် အဇူရာတိမ်ဂိုဏ်းက လန်ကျားအထွတ်အမြတ်မြေနဲ့ မဟာမိတ်ဖွဲ့သင့်တယ်”
ချင်းယွင်ကျိ သူတော်စင်သခင်ကို ထူးဆန်းစွာ ကြည့်လိုက်မိသည်။ ဤကိစ္စကြီးတစ်ခုလုံးက မဟာမိတ်ဖွဲ့ဖို့အတွက်ပေလော။
သူတော်စင်သခင် ထခုန်မိမတတ်လန့်သွားခဲ့သည်။
“ငါဘယ်တုန်းက အဲ့လိုပြောခဲ့မိလို့လဲ”
ကျန်းယန် အံ့အားသင့်သွားခဲ့၏။
“အစကတည်းက ဦးလေးသူတော်စင်က ကျွန်တော်တို့အခြေအနေကို စိုးရိမ်နေတာလေ အခြေအနေတွေကို ခွဲခြမ်းစိတ်ဖြာပြပြီး ကျွန်တော်တို့ကိုတောင် စိတ်ပူပေးခဲ့သေးတယ် အဲ့ဒီလိုတွေးကြည့်တော့ အဲ့ဒီကြင်နာမှုအတွက် ကျွန်တော်တို့ ပြန်ပေးနိုင်တာက မဟာမိတ်ဖွဲ့ပေးဖို့ပဲ ရှိတော့တာလေ”
သူတော်စင်သခင် ဒေါသတကြီး ပြန်ပြောလိုက်သည်။
“ငါဘယ်တုန်းကမှ မဟာမိတ်ဖွဲ့မယ်လို့ မပြောခဲ့ဘူး”
သူ့တွင်ထိုအတွေးရှိသော်လည်း အခုက ညှိနှိုင်းဆဲအဆင့်သာရှိနေခြင်းဖြစ်ပြီး အဇူရာတိမ်ဂိုဏ်းနှင့်မဟာမိတ်ဖွဲ့ဖို့ မဆုံးဖြတ်ရသေးပေ။
သူတော်စင်သခင် အမူအရာပျက်နေတာကိုကြည့်ပြီး ချင်းယွင်ကျိ ထူးဆန်းစွာပင် ကျေနပ်သလို ခံစားနေခဲ့ရဧ။။် သူတော်စင်သခင်လို တည်ငြိမ်သူမျိုးပင် ဤအခြေအနေထိ တွန်းပို့ခံရခြင်းကို ကြည့်နေရသည်က ကျေနပ်စရာ ကောင်းလှသည်။
“ကျွန်တော်အထင်လွဲသွားတာလား” ကျန်းယန် သူတို့နှစ်ယောက်ကို အပြစ်ကင်းသော မျက်နှာထားလေးဖြင့် အူကြောင်ကြောင်ပြန်ကြည့်နေခဲ့၏။
“မင်းအထင်လွဲသွားတာ” သူတော်စင်သခင်ပြတ်ပြတ်သားသား ပြောလိုက်သည်။
ချင်းယွင်ကျိကတော့ ချောင်းအနည်းငယ်သာ ဟန့်လိုက်ပြီး ဘာမှမပြောခဲ့ပေ။ ကျန်းယန်၏ ပြောစကားများအရ သူသူတော်စင်သခင်၏ရည်ရွယ်ချက်ကို အနည်းငယ်တော့ ဖမ်းဆုပ်မိနေပြီ ဖြစ်သည်။ ထိုကဲ့သို့သော ကိစ္စမျိုးကို သူ့တပည့်နှင့်လွှဲထားလိုက်ခြင်းကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
သူတော်စင်သခင် ကျန်းယန်၏ရှုပ်ထွေးနေပုံကိုကြည့်ပြီး သူကပဲ ကိစ္စများကိုဖော်ပြရာမှာ အားနည်းနေသလားဟု သံသယ၀င်လာခဲ့မိ၏။
သူခေါင်းပင် ကိုက်လာခဲ့သည်။ အဇူရာတိမ်ဂိုဏ်းတွင် ဒီလောက်ရင်ဆိုင်ရခက်သည့်သူ အဘယ်ကြောင့် ရှိနေရပါသနည်း။
သူေတွးနေစဉ် ကျန်းယန် ရုတ်တရက် မေးလိုက်သည်။
“ဦးလေးသူတော်စင် မဟာမိတ်ဖွဲ့ဖို့အတွက် လိုအပ်တဲ့အခြေအနေတွေက ဘာတွေလဲ”
“အခြေအနေလား” သူတော်စင်သခင် ရုတ်တရက် ထောင်ချောက်အငွေ့အသက်ကို ခံစားလိုက်ရ၏။
“ကျေးဇူးပြုပြီး စိတ်မတိုပါနဲ့” ကျန်းယန် ကြင်နာစွာ ပြောလိုက်သည်။
“ဦးလေးသူတော်စင်နဲ့ ဆရာတို့တွေ့ဖို့ဆိုတာ မလွယ်ဘူးလေ တကယ်လို့ မဟာမိတ်ဖွဲ့တဲ့ကိစ္စရှိမလာဘူးဆိုရင်တောင် ကျွန်တော်တို့တွေ ဒီနေရာမှာ အေးအေးဆေးဆေး လက်ဖက်ရည်လေး အတူတူသောက်ပြီး စကားစမြည်လေး ပြောကြတာပေါ့”
သူပြောနေရင်း မြေကြီးပေါ်တွင် စားပွဲတစ်လုံးနှင့်ကုလားထိုင်နှစ်လုံး ချလိုက်ပြီး စားပွဲပေါ်တွင် လက်ဖက်ရည်အိုးနှင့်ခွက်များပါ တည်ခင်းလိုက်လေသည်။
“ဆရာ ဦးလေးသူတော်စင် ကျေးဇူးပြုပြီးထိုင်ကြပါ”
ချင်းယွင်ကျိ ယဉ်ကျေးစွာ လက်ဟန်ပြလိုက်၏။
“ကျေးဇူးပြုပြီး”
သူတော်စင်သခင် ကုလားထိုင်ကိုကြည့်နေရင်း ရုတ်တရက် သူ့သား အဇူရာတိမ်ဂိုဏ်းတွင် ဘယ်လိုခံခဲ့ရသလဲဆိုတာ တွေးမိသွားခဲ့သည်။ ထိုအခိုက်တွင် ဤကုလားထိုင်ပေါ်၌ ဓားသွားများထောင်ထားသလို သူခံစားလိုက်ရ၏။
အကယ်၍ သူထိုင်လိုက်လျှင် ထိုကလေးက သူ့ကိုမှတ်တမ်းတင်ထားတော့မည်လော။
သို့သော် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ပညာရှင်တစ်ယောက်ကို အလွယ်တကူတော့ အရူးလုပ်မရပေ။ သူထိုင်လိုက်ပြီးသည်နှင့် သူ့ခန္ဓာကိုယ်ကို တာအိုစွမ်းအားဖြင့် ဝေဝါးသွားအောင်လုပ်ထားလိုက်ပြီး သူမှန်းသိစေနိုင်သည့် သဲလွန်စနည်းနည်းတောင် မကျန်တော့ပေ။
ကျန်းယန်ကတော့ ကြိတ်၍ လှောင်ရယ်လိုက်၏။
ခင်ဗျားသားကိုလုပ်ထားပြီးသား လှည့်ကွက်ကို ခင်ဗျားအပေါ် ပြန်သုံးစရာလား!
မိစ္ဆာနှစ်ကောင်ကတော့ ကျန်းယန် သူတော်စင်သခင်၏စကားအရှိန်ကို ကြုံရင်ကြုံသလိူ ကြားက ၀င်၀င်ဖျက်နေတာကို ကြည့်ရှုနေခဲ့သည်။
သူ့ရည်ရွယ်ချက်က ရှင်းပေသည်။ သူတော်စင်သခင်ကို သက်တောင့်သက်သာမဖြစ်အောင် လုပ်ဖို့သာ ဖြစ်၏။
ထိုစဉ် ချင်းယွင်ကျိကေတာ့ သာမန်အတိုင်းသာပြောနေခဲ့သည်။ ဤတစ်ကြိမ်က သူ၏ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တစ်ယောက်နှင့် ပထမဆုံးအကြိမ် စကားပြောဖူးခြင်းဖြစ်သောကြောင့် ဘာပြောရမလဲ သူသေချာမသိပေ။
သူတော်စင်သခင် ကျန်းယန်ကိုသတိထားနေရင်း သူ့စကားလုံးများကို ချင်းယွင်ကျိကိုသာ ဦးတည်၍ ပြောနေခဲ့ဧ။။်
သို့သော် သူအဓိကတစ်ချက်ကိုတော့ လွတ်သွားခဲ့သည်။
သူဘာပဲပြောနေနေ တစ်ဖက်လူက သူ့စကားများကို လိုချင်သလို အဓိပ္ပာယ်ကောက်နေခဲ့ခြင်း ဖြစ်၏။
ဤအရာက ကျန်းယန်၏ အဓိကရည်ရွယ်ချက်သာ ဖြစ်ပေသည်။
သူသည် ဤအခြေအနေကို အင်တာဗျူးတစ်ခုအဖြစ် မှတ်ယူနေခြင်း ဖြစ်၏။