နံပါတ် (၆) ခု
Vol. 4 Ch. 48
ထိုစကားကို စုမင်ကြားပြီး တုန်လှုပ်သွားသည်။ စုမင်တို့ အကြီးအကဲနှင့် လေပြည်စီးကြောင်းမျိုးနွယ်စု အကြီးအကဲတို့ကြား ဆက်ဆံရေးမှာ ထင်သလောက် မရိုးရှင်းဟု ခံစားနေရသည်။ အတိတ်တွင် သူတို့နှစ်ဦးကြား အငြင်းပွားဖွယ် ဖြစ်စဉ်များ ရှိခဲ့နိုင်သည်။
ထိုကိစ္စကြောင့် အကြီးအကဲသည် လေပြည်စီးကြောင်း မျိုးနွယ်စုထံ သွားရောက်ရန် စဉ်ဆက်မပြတ် ငြင်းဆိုခဲ့ခြင်း ဖြစ်နိုင်သည်။ တစ်ချိန်တည်းတွင် လေပြည်စီးကြောင်းမျိုးနွယ်စု အကြီးအကဲထံတွင် စိုးရိမ်ပူပန်မှုများ ရှိနေ၍သာ သွေးကြောကျောက်သားအဆင့်သာ ရှိသည့် မော့စန်းအကြီးအကဲကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံနေခြင်း ဖြစ်ရမည်။
စုမင်တို့လူစု စပါးအုံးမြွေကြီးပေါ် ရှိနေစဉ် ခရမ်းရောင်ဝတ်စုံရှင်နှင့် အကြီးအကဲတို့နှစ်ဦး လေပေါ်လမ်းလျှောက်နေသည့် မြင်ကွင်းကို စုမင် ပြန်သတိရမိသည်။ သူ့နှလုံးသားမှာ တဒိန်းဒိန်း ခုန်သွားလေ၏။
"နောက်တော့ သိရမပေါ့”
အကြီးအကဲက ပြန်မဖြေခဲ့ချေ။ စကားကို အေးအေးဆေးဆေး ပြောရင်း စုမင်အား ပဉ္စဂံပုံ ယဇ်တိုင်ထဲမှ ခေါ်ထုတ်လာခဲ့၏။
ယဇ်တိုင်အတွင်း ကျန်ရစ်ခဲ့သည့် ကျင်းနန်မှာ တိတ်ဆိတ်၍နေသည်။ ထွက်ခွာသွားသည့် မော့စန်းကို ကြည့်ရင်း သူ့စိတ်ထဲ ဗလောင်ဆူနေ၏။ အချိန်အနည်းငယ် ကြာမြင့်ပြီးနောက် ရင်ဘတ်ထဲမှ ပုလင်းတစ်လုံးကို ထုတ်ယူလိုက်သည်။ ပုလင်းလေးမှာ ခရမ်းရောင်ဖြစ်ပြီး အံ့မခန်း လှပလေသည်။ သူက ပုလင်းလေးကို ကိုယ်နှင့်မကွာထားသည်ကို ကြည့်ခြင်းအားဖြင့် အလွန် အဖိုးတန်ကြောင်း ထင်ရှားလေသည်။
ပုလင်းကို ဖွင့်လိုက်သည်နှင့် ထူးခြားကောင်းမွန်သည့် ဆေးနံ့က လှိုင်ခနဲ ထွက်ပေါ် လာသည်။ ပုလင်းထဲတွင် ဆေးလုံးတစ်လုံး ရှိနေ၏။ ၎င်းမှာ မြူမှုန်ထိုးခွဲဆေးလုံး ဖြစ်တယ်။
''ဆေးက တစ်လုံးပဲရှိတာ နှမြောစရာပဲ။ ငါ့အတွက် ဆေးတစ်လုံးတည်းက အကျိုး သက်ရောက်မှု မရှိသလောက် နည်းတယ်။ ရှစ်လုံးလောက်သာ ရှိရင် ..."
ကျင်းနန် မျက်လုံးထဲ လိုချင်တပ်မက်သည့် အရိပ်အငွေ့များ ဖြတ်ပြေး သွားသည်။
"ဖော်စပ်ခဲ့တဲ့ မိုးကျရွှေကိုယ် မာန်စွမ်းအားရှင်ကို ရှာဖွေရမယ်။ ဘာပဲ စတေးရစတေးရ သူ့ကိုရအောင် ရှာရမယ်။ ဒီပတ်ဝန်းကျင် တစ်ခုလုံးကို စည်းတံဆိပ် ချပြီးသား။ ဒီတစ်ကြိမ်တော့ သူဘယ်လိုမှ မလွတ်စေရဘူး”
'' ငါ ခံစားနေရတယ်။ သူက အနီးအနားမှာပဲ ရှိရမယ် ... ငါနဲ့ အရမ်းနီးတဲ့နေရာမှာ ရှိနေတာကို ခံစားနေရတယ်”
အပြင်တွင် မှောင်မိုက်နေလေပြီ။ ညရောက်တော့မည် ဖြစ်သော်လည်း ရွှံ့ကျောက်သားမြို့တော်ကြီးမှာ ပျားပန်းခပ်မျှ လှည့်လည်သွားလာနေကြသော မြို့သူမြို့သားများကြောင့် မြို့ကြီးတစ်ခုလုံး ကြက်ပျံမကျ စည်ကားသက်ဝင်နေလေ၏။ မြို့အနှံ့ မီးရောင်တို့က ထိန်ထိန်လင်းနေသည်။ မီးသီးများမှာ စုမင်တစ်ခါမျှ မမြင်ဖူးတဲ့ အရာများဖြစ်ပြီး လေထဲတွင် လွင့်ဝဲရင်း တစ်မြို့လုံးကို အလင်းဆောင်ပေးထားလေ၏။
ရှေ့တွင် လျှောက်လှမ်းနေသော အကြီးအကဲနောက်မှ စုမင်က နောက်မှ လိုက်လာခဲ့သည်။ သူတို့နှစ်ယောက်စလုံး မည်သည့်စကားမှ မဆိုမိဘဲ ရှေ့သို့သာ သွားနေကြ၏။
"လေပြည်စီးကြောင်း စမ်းသပ်ပွဲက ၇ ရက်အတွင်း စတင်လိမ့်မယ်။ ဒီစမ်းသပ်ပွဲကို လေပြည်စီးကြောင်း မျိုးနွယ်စုက ကြီးမှူးကျင်းပတာ။ အဲဒီစမ်းသပ်ပွဲမှာ နှစ်စဉ်နှစ်တိုင်း အခွန်ပဏ္ဍာဆက်သနေရတဲ့ မျိုးနွယ်စုငယ်အားလုံးက သက်ဆိုင်ရာ မျိုးနွယ်ကိုယ်စားပြု တစ်ယောက်စီ စေလွှတ်ကြရတယ်။ ဒီပွဲဟာ လူငယ်တွေအတွက် အထူးကျင်းပပေးတဲ့ပွဲပေါ့”
"မင်းကို ဒီပွဲမှာ ဝင်ပြိုင်စေချင်တယ်။ မင်းရဲ့အစွမ်းတွေ ပေါ်သွားမှာကိုလည်း စိုးရိမ်နေစရာ မလိုဘူး။ ငါအကုန် စီစဉ်ထားပြီးပြီ။ ဒါကို ယူလိုက်။ ကျင်းနန်ကလွဲရင် ဘယ်သူမှ သတိပြုမိမှာ မဟုတ်ဘူး"
"စုမင် မင်းကိုငါ ဒီလောက်ပဲ ကူညီပေးနိုင်တယ်။ ကျန်တဲ့အရာ အားလုံးက မင်းအပေါ် မူတည်သွားပြီ”
အကြီးအကဲက စုမင် ဆံပင်များကိုဖွရင်း ကြင်နာစွာနှင့် ပြောလိုက်၏။ သူ့ညာလက်ကို ဝှေ့ယမ်းလိုက်ချိန် ချီစွမ်းအင် အနည်းငယ်မျှ ပေါ်ထွက်လာလေသည်။ ချက်ချင်းပင် ပြန်လည် ပျောက်ကွယ်သွားပြီး အကြီးအကဲ၏လက်ထဲသို့ အနက်ရောင် ကောက်ရိုးဦးထုပ် တစ်ခု ရောက်လာလေသည်။
"လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက မျိုးနွယ်စုကြီး တစ်ခုစီသွားတုန်းမှာ ငါဒါကို ရလာခဲ့တာပဲ။ မာန်သွေးကြောမျှင်လို့ ယူဆချင်လည်း ယူဆပေါ့။ မင်းရဲ့ သွေးကြောထဲ ဝင်သွားအောင် စုပ်ယူလိုက်နိုင်ရင် မင်းရဲ့ခန္ဓာကိုယ်နဲ့ ရုပ်ဆင်းသွင်ပြင်ကို အနည်းငယ် ပြောင်းလဲ သွားစေလိမ့်မယ်။ မင်းအရင်ပုံစံနဲ့ တူတော့မှာ မဟုတ်ဘူး။ ငါငယ်ငယ်တုန်းကတော့ အတော် ကြိုက်ခဲ့တဲ့ ပစ္စည်းပဲ”
"ဒီပစ္စည်းလေးက ငါ့အပေါ် အကြိမ်ပေါင်းများစွာ အမှုထမ်းခဲ့ပေမဲ့ အခုငါ့အတွက် အသုံးမဝင်တော့ပါဘူး။ အခု မင်းကို ပေးလိုက်မယ်”
အကြီးအကဲက စုမင် ခေါင်းပေါ် ကောက်ရိုး ဦးထုပ်နက်ကို ရိုက်ချလိုက်ချိန် သူ့ခန္ဓာကိုယ် ဒယီးဒယိုင် ဖြစ်သွားသလို ခံစားလိုက်ရသည်။ ကိုယ်ထဲသို့ အအေးဓာတ်တစ်မျိုး ဝင်ရောက်လာပြီး ကောက်ရိုးဦးထုပ်နက်မှာ ချက်ချင်း ပျောက်ကွယ်သွားလေသည်။
ဦးထုပ်နက် ပျောက်ကွယ်သွားသော်လည်း ထိုအရာမှာ သူ့သွေးတို့နှင့် ပေါင်းစည်းသွားပြီး ခန္ဓာကိုယ်နှင့် တစ်သားတည်းကျသွားသလို ခံစားလိုက်ရသည်။ ထို့နောက် ၎င်းပစ္စည်းနှင့် ရုပ်သွင် ပြောင်းလဲခြင်း လုပ်ကိုင်ပုံကို အကြီးအကဲက သင်ပေးလေ၏။
"စမ်းသပ်ပွဲရောက်ရင် ငါတို့နောက်က မလိုက်နဲ့။ အိမ်ထဲမှာပဲနေ။ ငါတို့ ထွက်သွားပြီးတာနဲ့ မင်းရုပ်ကို ပြောင်းလိုက်။ မင်းကို စမ်းသပ်ပွဲလုပ်တဲ့နေရာ ခေါ်သွားဖို့ တစ်ယောက်ယောက်ကို စီစဉ် ပေးထားခဲ့မယ်”
အကြီးအကဲက စိတ်လက် ပေါ့ပါးစွာ ပြုံးရင်း ပြောလိုက်သည်။
စုမင် တစ်ခုခု ပြောချင်သော်လည်း အဆုံးသတ်တွင် တွေဝေနေပြီး ဘာမှမပြောဘဲ ရေငုံနှုတ်ပိတ် နေလိုက်၏။ မည်သို့ပင်ဖြစ်စေ သူ့ရှိသမျှ စွမ်းအားအကုန် ထုတ်သုံးပြီး အကြီးအကဲ စိတ်မပျက်အောင် ကြိုးစားမည်ဟု ဆုံးဖြတ်ချက် ချလိုက်လေ၏။
''ထိပ်တန်း အယောက်၄၀ ... ထိပ်တန်း အယောက်၄၀”
စုမင် အံကို တင်းတင်း ကြိတ်လိုက်သည်။
“စုမင် ... ငါမင်းကို ငယ်ငယ်ကတည်းက စဉ်းစားဆင်ခြင်နိုင်ဖို့နဲ့ လေ့လာဆန်းစစ်ဖို့ အမြဲ ညွှန်ကြားခဲ့တယ်။ အဲဒါက မင်းကို အများကြီး ကူညီလိမ့်မယ်။ အခု ငါမင်းကို မေးခွန်း တစ်ခုမေးမယ်။ ငါ့ရဲ့ လာစုလေးက ဒါကို သိနိုင်မလား ကြည့်ရအောင်”
အကြီးအကဲက စုမင်အား ကြင်နာစွာ ကြည့်လိုက်သည်။ ပြီးလျှင် မျက်စေ့တစ်ဖက်ကို မှိတ်ရင်း စကားဆိုလိုက်၏။
"သေချာ နားထောင် ... စုမင် မင်းကို တစ်ခါတည်းပဲ ပြောမယ်။ ၃၂၊ ၇၉၊ ၂၄၈၊ ၃၇၁၊ ၅၆၃၊ ၇၈၁"
စုမင် အလွန် အံ့အားသင့်သွားသည်။ အသက်ပြင်းပြင်း ရှူရင်း နံပါတ် ၆ ခုကို ရွတ်ဆို နေလိုက်၏။ သို့သော် နံပါတ်များ၏ နောက်ကွယ်မှ အဓိပ္ပာယ်ကို လုံးဝ နားမလည်နိုင်ဘဲ ရှိနေသည်။ အကြီးအကဲ၏ အပြုံးကို ကြည့်ရုံနှင့် အကြီးအကဲလည်း သူ့ကို ချက်ချင်း ပြောပြမည် မဟုတ်မှန်း သဘောပေါက်လိုက်သည်။ စုမင်မှာ နံပါတ် ၆ ခုကို အလွတ်ကျက်မှတ်ရင်း နက်နက်ရှိုင်းရှိုင်း တွေးတောနေတော့၏။
တောက်ပစွာ ကျရောက်လာသော လရောင်ကြောင့် သူတို့၏ အရိပ်များပင် ရှည်လျားလာပြီ ဖြစ်၏။ အရိပ်တို့ တဖြည်းဖြည်း မှေးမှိန်လာသည်နှင့်အမျှ အမျှ စုမင်တို့လည်း အဝေးသို့ ရောက်သွားကြလေသည်။
မကြာခင် (၆) ညမြောက်သို့ ရောက်ရှိလာခဲ့၏။ မနက်လင်းသည်နှင့် လေပြည်စီးကြောင်းမျိုးနွယ်၏ ကြီးကျယ်ခမ်းနားလှသော မျိုးနွယ်စုံ စမ်းသပ်ပွဲကြီးကို ကျင်းပတော့မည် ဖြစ်သည်။
ခြောက်ရက်တာ ကာလအတွင်း စုမင်မှာ လေပြည်စီးကြောင်းမှ နေရာချပေးထားသည့် နက်မှောင်တောင် မျိုးနွယ်စုအိမ်တွင်သာ နေထိုင်ခဲ့၏။ တရားထိုင်ပြီး ခန္ဓာကိုယ်တွင်းမှ ချီကို သက်ဝင်နိုးထကာ ကိုယ်ထဲတွင် လှည့်လည်နေလိုက်၏။ စုမင်က ချီများကို အလွန် သတိထားပြီး လှည့်လည်လိုက်၏။ လှည့်လည်နေစဉ်အတွင်း သူ့အား တစ်စုံတစ်ယောက်က စောင့်ကြည့်နေသလို ခံစားနေရသည်။
စောင့်ကြည့်ခံနေရသည်ဟု ခံစားမိတိုင်း သူ့ကျင့်ကြံမှုကို အတင်းအကျပ် ရပ်တန့်ကာ လဲလျောင်းနေလိုက်သည်။ နံပါတ် ၆ ခု အကြောင်း မျက်လုံးမှိတ် စဉ်းစားရင်း အိပ်ပျော်သွားသည်။ သို့သော် မည်မျှပင် စဉ်းစားစဉ်းစား ပဟေဠိကို အဖြေညှိ၍ မရနိုင်သေးပေ။
ငါးရက်မြောက်နေ့တွင် သူ့အား စောင့်ကြည့်နေသည့် တစ်စုံတစ်ယောက် မရှိတော့သလို ခံစားလိုက်ရသည်။ စုမင်မှာ ထိုကိစ္စနှင့် ပတ်သက်၍ စိတ်လှုပ်ရှားနေမိသည်။ သူ့အား မည်သူက စောင့်ကြည့်နေသနည်း။ အဘယ့်ကြောင့်နည်း။ ထိုအခိုက် လူတစ်ယောက်၏ ပုံရိပ် သူ့ခေါင်းထဲ ပေါ်လာသည်။ သို့သော် သူ့ခန့်မှန်းချက် မှန်မမှန် အတည်ပြုရန် လိုသေးသည်။
လွန်ခဲ့တဲ့ရက်ပိုင်းအတွင်း လေ့ချန်က စုမင်ထံ မကြာခဏ လာတွေ့သော်လည်း သကောင့်သားက ကျန်အချိန်တွင် ဝူလနှင့် ကုန်ဆုံးနေတတ်သည်။ လေ့ချန်မှာ အကြီးအကဲ၏ လမ်းညွှန်မှုနှင့် စမ်းသပ်ပွဲမတိုင်မီ လေ့ကျင့်မှုများ ပြုလုပ်နေရသည်။ အလည်အပတ် ကြိုက်သော သူ၏ ပင်ကိုစရိုက်အရ လေ့ကျင့်မှုပြီးသည်နှင့် စုမင်အား အတင်းဆွဲခေါ်ပြီး ရွှံမြေကျောက်သား မြို့တော်အနှံ့ လျှောက်သွားတော့သည်။ စုမင် မလိုက်ချင်သည့်အခါမျိုးတွင် သူတစ်ကိုယ်တည်း ထွက်သွားတတ်၏။ ပြန်လာတိုင်းလည်း သူ့မျက်နှာပေါ်တွင် ထူးခြားသော အရိပ်အယောင်တစ်မျိုး ကပ်ငြိနေတတ်သည်။
“စုမင်၊ မင်း နားမလည်ဘူး၊ ဒီလေပြည်စီးကြောင်း မျိုးနွယ်စုမှာ ဒီလိုနေရာမျိုး ရှိမယ်လို့ ငါမထင်ထားခဲ့ဘူး။ ငါ့ဘဝမှာ ဒီလောက် များပြားတဲ့ မိန်းမတွေ ဘယ်တုန်းကမျှ မတွေ့ခဲ့ဖူးဘူး”
"စုမင်၊ ဒီနေရာမှာ ဝိုင်လို့ခေါ်တဲ့ ရေအမျိုးအစား တစ်မျိုး ရှိတယ်။ သူ့အရသာကလေ ... မင်း စမ်းကြည့်ချင်လား"
"စုမင်၊ ဒီနေ့ ငါ ဘာတွေ့လာလဲ ခန့်မှန်းကြည့်စမ်း။ မိုးတိမ်မည်းကြီးနဲ့ ရောက်ချလာတဲ့ မဟူရာတောင် မျိုးနွယ်စုကို ငါမြင်လိုက်တယ်။ ဒါပေမဲ့ သူတို့ အကြီးအကဲတော့ မပါလာဘူး။ သူတို့ကို ခေါ်လာပေးတာက သူတို့မျိုးနွယ်စု ခေါင်းဆောင်တဲ့"
“စုမင် အိပ်ပဲ အိပ်မနေဘဲနဲ့ ငါပြောတာ နားထောင်စမ်းပါ။ ဒီနေ့ ဝိုင်သောက်တဲ့ နေရာမှာ မဟူရာတောင် မျိုးနွယ်စုဝင် တစ်ယောက်နဲ့ တွေ့ခဲ့တယ်။ သူကငါတို့နဲ့ အရွယ်တူလောက်ပဲကို မောက်မာ ထောင်လွှားလိုက်တာကွာ။ ရန်မဖြစ်ရဘူးဆိုတဲ့ စည်းမျဉ်းသာမရှိလို့ကတော့ အဲဒီကောင်ကို သေအောင် ရိုက်သတ်လိုက်တယ်"
"စုမင်... ငါဒီနေ့ ပိုင်လင်းကို တွေ့တယ်။ ဒါပေမဲ့ ထူးဆန်းတယ်ကွ ...။ သူက ငါတို့ရဲ့ လှိမ့်လုံးအောက်မှာ တကယ်ကြီး လှည့်စားခံလိုက်ရတာလား။ ငါ့ကိုတွေ့တော့ ကျောက်ဒင်္ဂါးပြားတွေအကြောင်း မမေးဘဲ မင်းအကြောင်းကို မေးနေသေးတယ်"
"စုမင်၊ ငါ တစ်ယောက်ယောက်ကို ကြိုက်နေမိပြီ ထင်တယ်။ မနေ့ကမင်းကို ပြောပြတဲ့ တစ်ယောက်လေ... ပိုင်လင်းကို တွေ့ခဲ့တယ် မဟုတ်လား။ သူ့ဘေးမှာ ကောင်မလေး တစ်ယောက် ပါတယ်ကွ။ သူလည်း နဂါးနက်တောင် မျိုးနွယ်ဝင်ကပဲ။ မဒီလေးက ကိုယ်လုံး ကိုယ်ထည် ဖွံ့ဖြိုးပြီး ပိုင်လင်းထက်လည်း အများကြီး လှတယ်"
“စုမင်၊ ငါနောက်ဆုံးတော့ သူ့နာမည် သိလာရပြီ။ ပိုင်ဖန်းတဲ့။ ဘယ်လောက်လှတဲ့ နာမည်လေးလဲ"
လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း လေ့ချန်တစ်ယောက် သူမြင်ခဲ့၊ တွေ့ခဲ့၊ ကြားခဲ့သမျှကို စုမင်အား မမောနိုင်မပန်းနိုင် ဖောက်သည်ချနေသည်။ အထူးသဖြင့် စမ်းသပ်ပွဲ မတိုင်ခင် နောက်ဆုံးရက်များတွင် ဖြစ်၏။ သူ့ပါးစပ်က ထွက်သမျှ စကားလုံးတိုင်းတွင် ပိုင်ဖန်းဆိုသော ကောင်မလေးနာမည် မပါလျှင် မပြီးတော့ချေ။
ပေလင်းကတော့ အများအားဖြင့် အပြင်မှာ နေလေ့ရှိသည်။ သူအိမ်တွင်ရှိသည့်အခါ လေပြည်စီးကြောင်း မျိုးနွယ်ဝင်မှ လူငယ်အမြောက်အမြား လာရောက်တွေ့ဆုံတတ်၏။ ပေလင်းနှင့် လူငယ်များမှာ အလွန်ရင်းနှီးသည့်ဟန် ရှိကြလေသည်။
သို့သော် ခြောက်ရက်မြောက်နေ့၌ လမင်းအားကြည့်ရန် စုမင် အပြင်ထွက်လာသည့်အခါ လေပြည်စီးကြောင်း မျိုးနွယ်ဝင်များနှင့် ပါသွားသည့် ပေလင်းအား အဝေးမှ လှမ်းမြင်လိုက်ရ၏။ ပေလင်းပုံစံမှာ ၎င်းတို့နှင့် လိုက်ချင်ပုံ မရပေ။
"ဒီနေ့ငါ မသွားချင်ဘူး”
ပေလင်းက တံခါးဝတွင်ရပ်နေရင်း အနည်းငယ် တွေဝေနေသည့်ဟန်နှင့် ပြောလိုက်၏။
"မလိုက်ချင်ဘူးလား။ သေချာလား။ မင်းကို ဝူစန်း ကိုယ်တိုင် ရိုးရာပွဲတော်မှာ ပါဝင်ဖို့ ဖိတ်ထားတာနော်။ မင်းမလိုက်ဘူးဆိုရင် ငါတို့အကြီးအကဲရဲ့ မာန်သွေးစက်ကို ရနိုင်မှာ မဟုတ်ဘူး"
"အရင်တစ်ခေါက်က ထိပ်တန်းအယောက် ၅၀ ထဲ ဘယ်လိုဝင်နိုင်ခဲ့တယ်ဆိုတာ မမေ့နဲ့ဦး”
ပိုင်လင်းအား ဆွဲခေါ်နေသူမှာ (၂၀) ဝန်းကျင်အရွယ် ရှိလေသည်။ သူဟာ ပြုံးပြီး စကားကို ဖြည်းဖြည်းသာ ပြောလိုက်၏။
သူတို့နှင့်အတူ တခြား နှစ်ယောက်လည်း ရှိသေးသည်။ သူတို့က ပေလင်းအား လှောင်ပြောင်သရော်လိုသည့် မျက်လုံးများနှင့် ကြည့်နေကြ၏။
ပေလင်းမှာ နှုတ်ဆိတ်သွားပြီး နောက်ဆုံး ခေါင်းညိတ်ပြလိုက်သည်။ ပေလင်းမှာ သူတို့ သုံးယောက်နောက် လိုက်သွားပြီး များမကြာမီ အမှောင်ထဲ တိုးဝင်ပျောက်ကွယ်သွားလေ၏။
စုမင်မှာ မနီးမဝေး တစ်နေရာမှ မျက်မှောင်ကြုတ်လျက် စောင့်ကြည့်နေလိုက်သည်။ အားလုံး တိတ်ဆိတ်ငြိမ်သက်သွားမှ ကောင်းကင်ပေါ်က လကို ကြည့်ရင်း အိမ်ထဲမှ ထွက်လာလိုက်လေသည်။
'ဝူစန်း ...'
၎င်းနာမည်နှင့် ပတ်သက်၍ ပိုင်လင်း တစ်ခါက ပြောဖူးသည်ကို စုမင် မှတ်မိနေသည်။ ပေလင်း ပြောပုံအရ ဝူစန်းသည် လေပြည်စီးကြောင်းမျိုးနွယ်စု၏ လူငယ် မျိုးဆက်တွင် အစွမ်းထက်ဆုံး မာန်စွမ်းအားရှင် သုံးဦးထဲမှ တစ်ဦးဖြစ်သည်။ သူသည် စမ်းသပ်ပွဲ၏ အဆင့် သုံးဆင့်လုံးတွင် ထိပ်တန်း ၃ ယောက် အဆင့် ချိတ်မည့်လူဟု လူတိုင်းနီးပါး၏ ထင်မြင်မှုကို ခံနေရသူ ဖြစ်သည်။
သူ့အကြောင်း အသေးစိတ်ကို ပေလင်းက မရှင်းပြခဲ့ချေ။ ထိုစဉ်က ခပ်တိုတိုသာ ပြောပြပြီး နောက်တစ်ယောက်အကြောင်း ရောက်သွားခဲ့လေ၏။
နေရာအနှံ့ ထိန်လင်းနေသော ရွှံ့မြေကျောက်သား မြို့တော်၏ အမှောင်ကျနေသော အပိုင်းမှ ဖြတ်လျှောက်နေရင်း စုမင်၏ခန္ဓာကိုယ်မှာ ပြောင်းလဲသွားလေသည်။ ခဏအကြာ သူ့အရပ်မှာ ၇ လက်မ ရှည်ထွက်လာပြီး သူ့ခန္ဓာကိုယ်ကလည်း ပိုမို ကြီးမားလာသည်။ ဆံပင်များလည်း ရှည်လာ၏။ အရင်လို သန့်ရှင်းစင်ကြယ် ချောမောသော မျက်နှာလေးအစား သာမန် ရွက်ကြမ်းရေကျိုဆန်သွားသည်။ အင်အားကြီးမားသည့် အရှိန်အဝါမျိုး ထွက်ပေါ်နေပြီး ယခင်လို ချည့်နဲ့နဲ့ ပုံစံမျိုး လုံးဝ မဟုတ်တော့ချေ။
ပြောရလျှင် စုမင်၏ အဝတ်အစားကအစ ပြောင်းလဲသွားသည်။ ၎င်းမှာ အလွန်တရာ ထူးဆန်းလွန်းပေသည်။
စုမင်က သူ့ကိုယ်ကို လှုပ်ရှားကြည့်ရာ ပုံစံအသစ်နှင့် လိုက်လျောညီထွေစာ လှုပ်ရှားနိုင်သည်ကို တွေ့လိုက်ရ၏။ အရာအားလုံး ပုံမှန်အတိုင်းပင်။ ချီ စွမ်းအင်အား သက်ဝင်နိုးထလိုက်ချိန် သွေးကြော ၄၉ ခု ပေါ်မလာသော်လည်း ခန္ဓာကိုယ်မှ ကြီးမားသော စွမ်းအားအရှိန်အဝါတစ်ခုက ပေါက်ကွဲထွက်လာသည်။
''လရောင်အောက်မှာဆိုရင် ... သွေးကြော ကျောက်သား အဆင့် ၅ ရှိတဲ့သူတောင် ငါ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး။ ပြီးတော့ ငါ့မှာ မာန်သွေးကြောမျှင် လှံတံလည်း ရှိတယ်။ အဆင့် ၆ မာန်စွမ်းအားရှင်တောင် ငါ့ကို ယှဉ်ပြိုင်နိုင်ပါ့မလား”'
စုမင် မျက်လုံးများ တဖျတ်ဖျတ် အရောင်လက်လာပြီး လမင်းကို မော့ကြည့်လိုက်သည်။
"ပေလင်းက သွေးကြော ကျောက်သား ကျင့်စဉ်ရဲ့အဆင့် ၆ ထဲ ချင်းနင်းဝင်ရောက်နေပြီ။ သူ့အဖေ အစောင့်အရှောက်ခေါင်းဆောင်နဲ့ အမဲလိုက်အဖွဲ့ခေါင်းဆောင်ဆိုရင် အဆင့် ၈ ရောက်နေကြပြီ။ လူငယ်မျိုးဆက်ထဲမှာ အဆင့် ၈ ရောက်တဲ့သူက အင်မတန်ရှားတယ်။ သူတို့ အဆင့်တွေကို ကျော်လွှားနိုင်ဖို့ အခုန်အပျံလေးတွေ လုပ်ဖို့လိုအပ်တယ်။ ဝူစန်းနဲ့ တခြားသူနှစ်ယောက်က စွမ်းအားအဆင့်ချင်း အတူတူလောက်ရှိတာမို့ သူတို့တွေ ကျင့်စဉ်အဆင့် ၈ ကို ရောက်ဦးမှာ မဟုတ်ဘူး”
စုမင်က ခြေလှမ်းကို ပုံမှန်အတိုင်းသာ လှမ်းသွား၏။ သူက အမှောင်ကျနေသည့် နေရာများသာ ရွေးပြီးသွားနေ၏။ သူက ပေလင်းနှင့် အခြားသုံးယောက်အား အဝေးမှသာ စောင့်ကြည့်ရင်း နောက်ယောင်ခံ လိုက်လာခဲ့လေ၏။
အခြားလူ သုံးယောက်မှာ သွေးကြော ကျောက်သား အဆင့်ငါးသာ ရှိဦးမည် ဖြစ်သော်လည်း ပေလင်း၏ စိုးရိမ်နေသည့် မျက်နှာထားအရ ဝူစန်းသည် သူတို့အားလုံးထက် အဆင့်ပိုများမည်မှာ သေချာသည်။ အဆင့် ၈ မရောက်သေးသော်လည်း အဆင့် ၅ နိမ့်ကျမည်လည်း မဟုတ်ပေ။ ဝူစန်း၏ သွေးကြော ကျောက်သားအဆင့်မှာ အဆင့် ၇ သာ ဖြစ်ရမည်။
“ငါ့အနေနဲ့ အဆင့် ၇ သမားကို နိုင်မှာမဟုတ်ပေမဲ့ လရောင်အကူအညီတော့ ရှိတယ်။ ငါတို့ တိုက်ခိုက်ဖြစ်ကြရင်တောင် ငါ့ကို အတင်းအကြပ် ဖိအားပေးပြီး ဖမ်းဆီးထားနိုင်မှာ မဟုတ်ဘူး''
စုမင်က သူ့အမြန်နှုန်းနှင့် ပတ်သက်၍ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲနေသည်။
စုမင်မှာ သူတို့အကြောင်း စပ်စုလို၍ နောက်ယောင်ခံ လိုက်လာခဲ့သည် မဟုတ်ပေ။ ပေလင်း၏ပုံစံက မလိုက်ချင်သည့် အမူအရာရှိ၍ သူနောက်ယောင် လိုက်လာခဲ့ခြင်း ဖြစ်သည်။ ပေလင်းအား အစ်ကိုကြီးတစ်ယောက်ပမာ ဆက်ဆံခဲ့ဖူးသည့် ငယ်သံယောဇဉ် မပြတ်နိုင်သေး၍လည်း ဖြစ်သည်။
အချိန်များ ဖြည်းဖြည်းချင်း ကုန်ဆုံးသွားသည်။ ကောင်းကင်ထက်တွင် လမင်းကြီးက ထိန်ထိန်ညီးနေ၏။ များမကြာမီ ပေလင်းနှင့် အခြားသုံးယောက်မှာ မြို့စွန်ရှိ သာမန်ပုံစံနှင့် ရွှံ့ကျောက်သား အိမ်တစ်လုံးထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားကြလေ၏။
***