အခန်း (၁၉၄)
Vol. 20 Ch. 194
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၁၉၄)
ကျောက်ယန်အတွက် ပြည်သူများ၏ ရှင်သန်မှုက အရေးမကြီးပေ။ သူက သူ၏ ထီးနန်းနှင့် အာဏာကိုသာ ဂရုစိုက်သည်။ သူက ချင်ကို တွန်းလှန်းနိုင်ပြီး သူ၏ ထီးနန်းကို ကာကွယ်နိုင်သရွေ့ မည်သည့်တန်ဖိုးကို ပေးဆပ်ရသည်ဖြစ်စေ ထိုက်တန်သည်ဟု ယူဆထားသည်။
ထို့အပြင် ကျောက်နိုင်ငံကျဆုံးပြီး ချင်၏ ထက်ထဲသို့ ကျရောက်သွားလျှင် ထိုပြဿနာများက ချင်၏ ပြဿနာများ ဖြစ်ပေလိမ့်မည်။ အကယ်၍ ချင်နိုင်ငံက ၎င်းကို ကောင်းကောင်းမကိုင်တွယ်နိုင်လျှင် ကျောက်ပြည်သူများက ချင်ကို နားကျည်းမုန်းတီးသွားကြပေလိမ့်မည်။
" အရှင်မင်းကြီး ဒါက ပြည်သူတွေကို ဒေါသဖြစ်စေခဲ့ရင် ချင်ကို ခုခံတဲ့နေရာမှာ အတားအဆီးဖြစ်သွားနိုင်ပါတယ်။ " ကျောက်ယိက ထပ်မံဖျောင့်ဖျရန် ကြိုးစားလိုက်သည်။
" ဝန်ကြီးကျောက်ယိ " ကောခိုင်က ကြားဖြတ်ပြောလိုက်သည်။ " ငါတို့ နိုင်ငံတစ်ခုလုံးက အန္တရာယ်နဲ့ ရင်ဆိုင်နေရတာ။ တကယ်လို့ ပြည်သူတွေက မကျေမနပ်ဖြစ်ရင် အဲ့ဒါက အရှင်းမင်းကြီးကိုမဟုတ်ဘဲ ချင်ကိုပဲ ပစ်မှတ်ထားသင့်တယ်။ ဒါတွေအားလုံးက ချင်ရဲ့ အပြစ်တွေပဲ။ "
" ဝန်ကြီးချုပ်က ငါ့ရဲ့ အကျိုးစီးပွားကို အမြဲကြည့်ပေးတယ်။ " ကျောက်ယန်က ကျေနပ်စွာ ပြုံးလိုက်သည်။
" ကဲတော်ပြီ။ ဝန်ကြီးချုပ် ဒီကိစ္စကို အကောင်ထည်ဖော်လိုက်။ ညီလာခံသိမ်းမယ်။ " ကျောက်ယန်က ပြောပြီး ချက်ချင်း ထွက်ခွာသွားသည်။
ကျောက်ဘုရင်၏ ကိုယ်ပိုင်ခန်းမအတွင်း။
" လီမုက ဘာလို့အခုထိမရောက်သေးတာလဲ။ " ကျောက်ယန်က ကောခိုင်ကို ကြည့်ပြီး မေးလိုက်သည်။
" အရှင်မင်းကြီး " ကောခိုင်က လေးနက်စွာ ပြောလိုက်သည်။ " လီမုက စစ်အာဏာကို လွှဲပြောင်းပေးဖို့ ငြင်းဆန်နေပါတယ်။ "
" ငါထင်တဲ့အတိုင်းပဲ။ " ကျောက်ယန်က နှာခေါင်းရှုံ့လိုက်သည်။
" အရှင်မင်းကြီး စိတ်ချပါ။ " ကောခိုင်က ပြန်ပြောလိုက်သည်။ " ကျွန်တော်မျိုး သူ့ကို စီရင်ပြီးပါပြီ။ စစ်သူကြီးယန်ကျူးက စစ်တပ်ကို ထိန်းချုပ်နိုင်ခဲ့သလို ဟန်တန်ကနေ ခေါ်လာတဲ့ သစ္စာရှိတပ်မှူးတွေက လီမုရဲ့ လူယုံတွေနေရာမှာ အစားထိုးပြီးပါပြီ။ နယ်စပ်စောင့်စစ်တပ်တစ်ခုလုံးက အခုကျွန်တော်မျိုးတို့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပါပြီ။ "
" မင်း ကောင်းကောင်း လုပ်နိုင်ခဲ့တာပဲ။ " ကျောက်ယန်က ချီးကျူးလိုက်သည်။ " လီမု သေသွားပြီဆိုရင်လည်း သေပါစေတော့။ "
လီမု၏ သေဆုံခြင်းက သူ့အပေါ် မည်သည့်ရိုက်ခတ်မှုမှမရှိပေ။ ကျောက်ယန်အတွက် လီမုက သူ၏ အာဏာကို ခြိမ်းခြောက်နိုင်သော ပြိုင်ဘက်တစ်ယောက်သာ ဖြစ်သည်။
" အရှင်မင်းကြီး လီမုက သေသွားပေမယ့် သူ့ရဲ့ ဂုဏ်သတင်းက လျန်ပိုနဲ့ယှဉ်နိုင်ပါတယ်။ သူ့ရဲ့ သေဆုံးမှုကို ချင်ရဲ့ လက်ချက်လို့ အပြစ်ပုံချဖို့ အကြံပြုပါတယ်။ ဒါဟာ စစ်သည်တွေရဲ့ စိတ်ဓာတ်ကို ပိုပြီး လှုံ့ဆော်နိုင်ပါလိမ့်မယ်။ "
" ဝန်ကြီးချုပ်က အမြော်အမြင်ရှိတာပဲ။ ဒီကိစ္စကို မင်းပဲကိုင်တွယ်လိုက်တော့။ " ကျောက်ယန်က ခေါင်းညိမ့်ပြီး ပြောလိုက်သည်။
ကျန်းထိုင်နန်းတော်မှ ထွက်လာပြီးနောက် ဝန်ကြီးချုပ်အိမ်တော်အတွင်း။
" အရှင်သွမ်လော " ကောခိုင်က သွမ်လောကို ရိုသေစွာ ပြောလိုက်သည်။ " ကျုပ် လီမုနဲ့ စစ်မာရှန်းဆီက စစ်အာဏာကို သိမ်းယူလိုက်ပြီါ သူတို့ကို သတ်ဖို့ လူတွေလည်း လွှတ်ခဲ့တယ်။ ဒါပေမယ့် အခြေအနေက ပြောင်းလဲသွားတယ်။ လီမုနဲ့ စစ်မာရှန်းတို့က လမ်းမှာ ကယ်ထုတ်ခြင်း ခံလိုက်ရတယ်။ "
" ဒါပေမယ့် ကျုပ်ကတော့ သူတို့သေပြီလို့ လိမ်လည်ပြီး သတင်းပို့ထားပါတယ်။ အရှင်မင်းကြီးကတော့ ဘာမေးခွန်းမှ မထုတ်ပါဘူး။ ဒါပေမယ့် သူတို့ကို ဘာ်သူကယ်သွားလဲဆိုတာ တကယ်မသိရပါဘူး။ "
" လီမုနဲ့ စစ်မာရှန်းတို့ကို ကယ်သွားတာလား။ " သွမ်လောက မျက်မှောင်ကြုတ်သွားသည်။ " ဒါက ကျောက်နိုင်ငံက တစ်ယောက်ယောက်ဖြစ်နိုင်လား။ "
" မဟုတ်ပါဘူး။ " ကောခိုင်က ပြန်ဖြေလိုက်သည်။ " လီမုကို လုပ်ကြံဖို့က ကျုပ်တစ်ယောက်တည်း စီစဉ်ထားတဲ့ ထိပ်တန်းလျို့ဝှက်ချက်ပဲ။ အခြားဘယ်သူမှ ဒါကို သိနိုင်စရာ အကြောင်းမရှိဘူး။ ပြီးတော့ သူတို့ကို ကယ်သွားတာက သာမန်လူတွေ မဟုတ်ဘူး။ သူတို့ထဲက တစ်ယောက်ချင်းစီက အဆင့်မြင့် တိုက်ခိုက်ရေးသမားတွေပဲ။ သူတို့က ကျုပ်ရဲ့ ခရိုင်စောင့်စစ်သည်ငါးရာကျော်ကို သတ်ပြီး တစ်ယောက်မှ အထိအခိုက်မရှိဘဲ ဆုတ်ခွာသွားကြတယ်။ "
ကျောက်ယန်ရှေ့တွင် သူက လိမ်ညာနိုက်သော်လည်း သူ၏ အသက်ကို ဆုပ်ကိုင်ထားသော သွမ်လော၏ ရှေ့တွင် ကောခိုင်က စကားတစ်ခွန်းမှမလိမ်ရဲပေ။ မည်သို့ပင်ဖြစ်စေ သူက အသက်ရှင်လိုပြီး ကြွယ်ဝချမ်းသာချင်ပေသည်။
သွမ်လော၏ အမူအရာက လေးနက်သွားသည်။ " သူတို့က ဘယ်လောက်တောင်များလို့လဲ။ "
" တိုက်ပွဲအခြေအနေအရဆို သူတို့က လူငါးရာထက်မပိုပါဘူး။ " ကောခိုင်က ပြန်ဖြေလိုက်သည်။
" လူငါးရာက ကျောက်ခရိုင်စစ်သည် သုံးထောင်ကို ထိပ်တိုက်ရင်ဆိုင်ပြီး လူငါးရာကျော်ကို သတ်ခဲ့တဲ့အပြင် တစ်ယောက်မှအထိအခိုက်မရှိဘဲ ပြန်ဆုတ်သွားတာလား။ အဲ့ဒါက ဘယ်လိုအင်အားစုမျိုးလဲ။ သူတို့က ဘာလို့အဲ့လောက်တောင် အစွမ်းထက်နေတာလဲ။ " သွမ်လောက စိတ်ထဲမှ တုန်လှုပ်သွားသည်။
သူ၏ ဟေးပင်းထိုင်မှ အဖွဲ့ဝင်များပင် သူတို့အတွက် အရေအတွက်များစွာ သာလွန်သော ခရိုင်တပ်ဖွ့ကို အကျအဆုံးမရှိဘဲ ထိပ်တိုက်ရင်ဆိုင်နိုင်မည်မဟုတ်ပေ။ သို့သော် ထိုလူများက တစ်ယောက်မှ မကျဆုံးပဲ အထိအခိုက်မရှိ ဆုတ်ခွာသွားကြသည်။
" သူတို့ရဲ့ ထူးခြားချက်တွေနဲ့ သူတို့သုံးတဲ့ လက်နက်တွေကို စုံစမ်းလိုက်ပါ။ ပြီးရင် ငါ့ကို ပြန်ပြီးသတင်းပို့။ " သွမ်လောက ခဏစဉ်းစားပြီး ကောခိုင်ကို ညွှန်းကြားလိုက်သည်။
" ဟုတ်ကဲ့ပါ။ " ကောခိုင်က ချက်ချင်း သဘောတူလိုက်သည်။
" အဲ့ဒီအဖွဲ့က ဘာမှန်းမသိဘဲ ပေါ်လာမှာတော့မဟုတ်ဘူး။ ဒါက ကောင်းကောင်း လေ့ကျင့်ထားတဲ့ အဖွဲ့တစ်ခု ဖြစ်ရမယ်။ ဘယ်နိုင်ငံက သူတို့ကို လေ့ကျင့်ပေးထားတာလဲဆိုတာ ငါမသိတာခက်တယ်။ " သွမ်လောက တွေးလိုက်သည်။
ဟေးပင်းထိုင်၏ ခေါင်းဆောင်တစ်ယောက်အနေဖြင့် သူက ထိုအင်အားစုနှင့်ပက်သက်၍ အထူးသတိထားနေသည်။
ဟန်တန်မြို့၏ အပြင်ဘက် ငါးမိုင်အကွာတွင် ချင်စစ်တပ်က စနစ်တကျ စခန်းချနေသည်။ စစ်သေနာပတိချုပ်၏ တဲအတွင်း၌ ကျောက်ဖုန်းက အတွင်းသို့ ဝင်လာသောအခါ ဝမ်ပင်းနှင့် ယန်တွင်ဟီတို့က သူ့ကို ကြည့်လိုက်ကြသည်။
" စစ်သေနာပတိချုပ်၊ စစ်သူကြီးတို့။ " ကျောက်ဖုန်းက ပြုံး၍ နှုတ်ဆက်လိုက်သည်။
"ထိုင်ပါဦး။ " ဝမ်ကျန့်က ပြုံးလိုက်သည်။ ကျောက်ဖုန်းကို ကြည့်သော သူ၏ အကြည့်များကတော့ နူးညံ့နေခဲ့သည်။
သူ၏ ယောက်ဖဖြစ်သူ ဝမ်ပင်းကလည်း သူ့ကို လေးစားသော အမူအရာနှင့် ကြည့်နေသည်။
" ဝူအန်းမြို့ကို သိမ်းပိုက်နိုင်ခဲ့တဲ့ အဓိကဂုဏ်ပြုထိုက်သူကတော့ စစ်သူကြီးကျောက်ပဲ။" ယန်တွမ်ဟီက ပြုံး၍ ပြောလိုက်သည်။ " ငါမင်းကို ဂုဏ်ပြုစကား ပြောချင်နေခဲ့တာ။ ဒါပေမယ့် မင်းရဲ့ တပ်တွေကို ဦးဆောင်ပြီး ဒီလောက်မြန်မြန် လိုက်လံတိုက်ခိုက်လိမ်းမယ်လို့ မထင်ထားဘူး။ "
" စစ်သူယန်က မြှောက်နေပြန်ပါပြီ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။ " ရန်သူမြို့တွေကို သိမ်းပိုက်တာက ကျုပ်ရဲ့ တာဝန်ပါပဲ။ "
" ဒီအောင်မြင်တွေနဲ့ ပက်သက်ပြီး မြှောက်ပင့်ပြောနေဖို့ မလိုတော့ဘူး။ ငါအရှင်မင်းကြီးကို သတင်းပို့ထားပြီးပြီ။ " ဝမ်ကျန့်က ပြုံး၍ ပြောလိုက်သည်။ " ကျောက်နိုင်ငံကို ချေမှုန်းပြီးရင်တော့ မင်းရဲ့ စွမ်းဆောင်မှုတွေအတိုင်း ဆုလာဘ်တွေ ရရှိလိမ့်မယ်။ "
"ကျေးဇူးတင်ပါတယ် စစ်သေနာပတိချုပ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" ကောင်းပြီ။ " ဝမ်ကျန့်၏ အသံက လေးနက်သွားသည်။ " အခု ငါတို့ရဲ့ စစ်တပ်သုံးခုလုံး ဟန်တန်မြို့မှ စုမိပြီဆိုတော့ ဝူအန်းမြို့မှာ လုပ်ခဲ့သလိုမျိုး မြို့ကို သိမ်းပိုက်မယ့် အစီအစဉ်ကို ဆွေးနွေးဖို့ အချိန်တန်ပြီ။ "
" ဟန်တန်မြို့က ကာကွယ်ဖို့ လွယ်ပေမယ့် တိုက်ခိုက်ဖို့ ခက်ခဲတယ်။ ဟန်တန်က ကြောက်စရာကောင်းတဲ့ ခံတပ်တစ်ခုပဲ။ ဟန်တန်ကို ဝူအန်းမြို့လို့ တံခါးသုံးခုလုံးကနေ တစ်ပြိုင်နက် တိုက်ခိုက်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ။ ဖန်ရွှမ်က သူ့ရဲ့ တပ်ဖွဲ့တွေအားလုံးကို ဟန်တန်မြို့ထဲမှာပဲ ထားမှာမဟုတ်လောက်ဘူး။ " ကျောက်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။ " ကျွန်တော်မမှားဘူးဆိုရင် ကျောက်နယ်စပ်စောင့်တပ်က လှုပ်ရှားနေလောက်ပြီ။"
" မင်းပြောတာမှန်တယ်။ " ဝမ်ကျန့်က လေးနက်စွာ ပြောလိုက်သည်။ " ကျောက်နယ်စပ်စောင့်တပ်က တကယ်ပဲ လှုပ်ရှားလာပြီ။ ဒါ့အပြင် လီမုသေဆုံးသွားပြီဆိုတဲ့ သတင်းကိုလည်း ငါရထားတယ်။ "
ထိုစကားကို ကြားသောအခါ ဝမ်ပင်းနှင့် ယန်တွင်ဟီတို့၏ အမူအရာများက ပြောင်းလဲသွားကြသည်။ ခဏထိတ်လန့်သွားပြီးနောက် သူတို့က ဝမ်းသာသွားကြသည်။
" လီမုက ကျောက်ရဲ့ ထိပ်တန်းစစ်သေနာပတိချုပ်တစ်ယောက်ပဲ။ သူမရှိတော့ရင် ကျောက်နိုင်ငံက လက်တစ်ဖက် ဆုံးရှုံးသွားတာပဲ။ ဒါက ချင်အတွက် သတင်းကောင်းပဲ။ "
" အရင်က လျန်ပို၊ အခုလီမု ကျောက်နိုင်ငံမှာ ဖန်ရွှမ်တစ်ယောက်သာ ကျန်တော့တယ်။ ဒါက တကယ်ကို ဝမ်းသာစရာပဲ။ လီမုက မဦးဆောင်တော့ရင် နယ်စပ်စောင့်တပ်ဖွဲ့က သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းအားကို ဘယ်လောက်ထိပြသနိုင်ဦးမလဲဆိုတာ သိချင်မိတယ်။ " လီမု၏ သေဆုံးမှုက ဝမ်ပင်းတို့အားလုံးကို ဝမ်းသာသွားစေခဲ့သည်။
" ကောခိုင်က လီမုကို သေပြီလို့ သတင်းပို့ခဲ့ပုံရတယ်။ သူကယ်ထုတ်ခံလိုက်ရတာကို ထည့်မပြောဘူးထင်တယ်။ ကောခိုင် မင်းက အရင်လို ပါးနပ်နေတုန်းပဲ။ ဒါပေမယ့် ငါတို့က ကျောက်ရဲ့ အတွင်းရေးတွေကို ဒီလောက်သိနေတာဆိုတော့ ကောခိုင်က ချင်ဘုရင်ရဲ့ ထိန်းချုပ်မှုအောက် ရောက်နေပြီထင်တယ်။ " ကျောက်ဖုန်းက တွေးလိုက်သည်။
" အဲ့ဒါကြောင့် ဖြစ်ရမယ်။ ငါ သူ့ကို တုဆွေလက်ထဲ အပ်ခဲ့တာ နောက်တော့ သူက ချင်ဘုရင်ဆီ ရောက်သွားတယ်။ အဲ့ဒီအချိန်မှာကတည်းက သူက ထိန်းချုပ်ခံလိုက်ရတာဖြစ်ရမယ်။ တကယ်ပဲ သမိုင်းထဲက ချင်ရဲ့ စစ်နတ်ဘုရားပဲ။ အရင်က လျန်ပိုကို ပစ်မှတ်ထားခဲ့တယ်။ အခု လီမုကို လုပ်ကြံခဲ့တယ်။ ချင်က နောက်ကွယ်က ကြိုးကိုင်နေတာပဲ ဖြစ်ရမယ်။ ဒါတွေအားလုံးက ကောခိုင်ရဲ့ လက်ချက်ပဲ ဖြစ်ရမယ်။ "