အခန်း (၁၉၇)
Vol. 20 Ch. 197
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၁၉၇)
" ကျောက်ဖုန်းက စစ်တပ်ကို ရှေ့တန်းကနေ ဦးဆောင်ရမယ်။ ဝမ်ပင်းကတော့ ကျောက်နယ်စပ်စောင့်တပ်ရဲ့ မြင်းတပ်တွေကို တားဆီးဖို့ စစ်တပ်ကို ကွပ်ကဲရမယ်။ ယန်တွမ်ဟီကတော့ ရှေ့တန်းတပ်ဦးအတွက် လေးမြားနဲ့ ကူပစ်ပေးဖို့ လေးသည်တော်တွေကို ဦးဆောင်ရမယ်။ "
" ခြေလျင်တပ်သားတွေကတော့ ရှေ့တန်းတပ်ဖွဲ့တွေအတွက် နောက်တန်းကနေ ဝန်းရံပေးရမယ်။ ကျောက်ဖုန်းရဲ့ တပ်တွေ မြို့ထဲကို ထိုးဖောက်သွားတာနဲ့ သူတို့က အဲ့ဒီစစ်တပ်နောက်ကနေ မြို့ထဲကို လိုက်ဝင်ရမယ်။ "
" ကျွန်တော်မျိုး အမိန့်အတိုင်းပါ။ " ကျောက်ဖုန်းက ကျယ်လောင်စွာ ပြန်ဖြေလိုက်သည်။
" ကျွန်တော် ဟန်တန်မြို့ကို တိုက်ခိုက်တဲ့နေရာမှာ စစ်သူကြီးကျောက်နဲ့အတူ ရှေ့တန်းကနေ ပါဝင်တိုက်ခိုက်ခွင့်ပြုဖို့ တောင်းဆိုပါတယ်။ " ဝမ်ပင်းက သတ္တိအပြည့်နှင့် အံကျိတ်ကာ ပြောလိုက်သည်။
" မင်းဘာပြောတယ်။ " ဝမ်ကျန့်က ပြန်မေးလိုက်သည်။
" ကျွန်တော်မျိုး ဟန်တန်မြို့ကို တိုက်ခိုက်တဲ့နေရာမှာ စစ်သူကြီးကျောက်နဲ့အတူ ရှေ့တန်းကနေ ပါဝင်တိုက်ခိုက်ခွင့်ပြုဖို့ တောင်းဆိုပါတယ်။ "
" အတိတ်တုန်းက ကျွန်တော်က စစ်သေနာပတိချုပ် ဝမ်ဟီရဲ့ လက်အောက်မှာ တပ်မှူးတစ်ယောက်အဖြစ် အမှုထမ်းခဲ့ပြီး ဟန်တန်မြို့ရဲ့ သွေးစွန်းတိုက်ပွဲကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရပါတယ်။ အဲ့ဒီတိုက်ပွဲတုန်းက ကျွန်တော် အသက်နှစ်ဆယ်တောင် မပြည့်သေးပါဘူး။ တိုက်ပွဲမှာ ကျွန်တော်တို့ တပ်ဖွဲ့တစ်ခုလုံး ကျဆုံးခဲ့ပြီး ကျွန်တော်အပါအဝင် လူငါးရာလောက်ပဲ ဆုတ်ခွာနိုင်ခဲ့တယ်။ "
" စစ်သေနာပတိချုပ် ပြောတာ မှန်ပါတယ်။ ချင်စစ်သူကြီးတွေမှာ ကြောက်စိတ်မရှိရဘူး။ ဒီတစ်ခါတော့ အတိတ်က အရှက်ရမှုကို ဆေးကြောဖို့ စစ်သူကြီးကျောက်နဲ့အတူ ပူးပေါင်းချင်ပါတယ်။ ဟန်တန်မြို့ကို ထိုးဖောက်ဖို့ပါပဲ။ " ဝမ်ပင်းက ကျယ်လောသ်စွာ ပြောလိုက်သည်။
ယန်တွမ်ဟီကလည်း ဝမ်ပင်းကို အံ့ဩလေးစားမှုများဖြင့် ကြည့်လိုက်သည်။ သူက ဝမ်ပင်းထက် အသက်ယ်နှစ်ကျော် ပိုကြီးသော်လည်း စိတ်ဓာတ်ပိုင်းဆိုင်ရာ နိမ့်ကျနေသည်ဟု ခံစားလိုက်ရသည်။ ထို့နောက် သူက ကြောက်ရွံ့မှုမရှိသော ကျောက်ဖုန်းကို ကြည့်လိုက်သည်။
" ပြောတာကောင်းတယ် " ဝမ်ကျန့်က ကျေနပ်စွာ ပြုံးပြီး ပြောလိုက်သည်။ " မင်းငါ့ကို စိတ်မပျက်စေခဲ့ဘူး။ အတိတ်ကို လက်လွှတ်ပြီး လက်ရှိကို ရင်ဆိုင်တာက မင်းစိတ်ထဲက အမှောင်ထုကို ကျော်လွှားနိုင်ခဲ့ပြီ။ ဒါပေမယ်...."
" အမိန့်ထုတ်ပြီးပြီ။ မင်းရဲ့တာဝန်က ကျောက်နယ်စပ်စောင့်တပ်ကို တားဆီးဖို့နဲ့ မြို့သိမ်းတိုက်ပွဲမှာ ငါတို့တပ်ဖွဲ့တွေ အနှောက်အယှက်မရှိအောင် လုပ်ဖို့ပဲ။ ဒါက မင်းရဲ့ ကြီးမားတဲ့တာဝန်ပဲ။ "
လန်ထျန်းစခန်းတွင် နှစ်ပေါင်းများစွာ နေခဲ့ဖူးသဖြင့် ဝမ်ပင်းက သူ၏ ဖခင်မှာ အမိန့်ထုတ်ပြီးလျှင် ပြန်လည်ပြင်ဆင်လေ့မရှိသည်ကို သိထားသည်။
" အမိန့်အတိုင်းပါ။ " ဝမ်ပင်းက ဦးညွှတ်ပြီး ပြောလိုက်သော်လည်း သူ၏ စိတ်ထဲတွင် ပိုမိုကြည်လင်လာခဲ့သည်။
ညအချိန်တွင် ကျောက်ဖုန်း၏ စခန်း၌ လက်ထောက်စစ်သူကြီးနှစ်ယောက်နှင့် တပ်မှူးဆယ်ယောက်တို့က တဲအတွင်း.စုရုံးနေကြသည်။
" ငါတို့အမိန့်ရပြီ။ ငါတို့စစ်တပ်က ဟန်တန်မြို့ကို တိုက်ခိုက်တဲ့နေရာမှာ ရှေ့တန်းတပ်ဖွဲ့အနေနဲ့ တိုက်ခိုက်ရမယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။ " ဝူအန်းမြို့ကို တိုက်ခဲ့တာနဲ့ နှိုင်းယှဉ်ရင် ဒီတိုက်ပွဲက အများကြီး ပိုခက်ခဲလိမ့်မယ်။ ငါကိုယ်တိုင်အပါအဝင် ငါတို့ထဲက လူအများကြီး သေနိုင်တယ်။ "
သူ၏ စကားကို ကြားသောအခါ တုဆွေ၊ ကျန်းဟန်နှင့် တပ်မှူးအားလုံးက ကျောက်ဖုန်းကို ကြောက်ရွံ့မှုမရှိဘဲ ကြည့်လိုက်သည်။ သူတို့အားလုံးက ချက်ချင်း ဦးညွှတ်လိုက်ကြသည်။
" ကျွန်တော်တို့က စစ်သူကြီးနောက်ကို သေတဲ့အထိ လိုက်ဖို့ သစ္စာပြုပါတယ်။ "
" ကောင်းပြီ။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။ " ငါတို့ ဒီတိုက်ပွဲမှာနိုင်ရင် အားလုံးက ကြီးမားတဲ့ စွမ်းဆောင်မှုကို ရရှိပြီး အရှင်မင်းကြီးရဲ့ မျက်နှာသာပေးမှုနဲ့ ဆုလာဘ်တွေကို ရရှိလိမ့်မယ်။ ဒါပေမယ့် အဆိုးဆုံးဖြစ်လာခဲ့ရင် အသက်ရှင်ကျန်ရစ်သူတွေက တစ်ယောက်ရဲ့ မိသားစုကို တစ်ယောက်က စောင့်ရှောက်ပေးရမယ်။ "
" ငါ အသက်ရှင်ခဲ့ရင်လည်း မင်းတို့မိသားစုတွေကို ငါဘယ်တော့မှ ပစ်ထားမှာမဟုတ်ဘူး။ တကယ်လို့ ငါ တိုက်ပွဲမှာကျဆုံးသွားရင်လည်း ငါ့ရဲ့ အမေနဲ့ ညီမလေးကို စောင့်ရှောက်ပေးဖို့ မမေ့နဲ့။ "
သူပြောပြီးသည်နှင့် အားလုံးဧ အမူအရာများက လေးနက်သွားသည်။ သူတို့က ကျောင်ဖုန်းနောက်သို့ စတင်လိုက်ပါလာကတည်းက သူ့ကို ဤမျှလေးနက်သော ပုံစံနှင့် တစ်ခါမှမမြင်ဖူးကြသဖြင့် လာမည့်တိုက်ပွဲ၏ ခက်ခဲမှုကို ခန့်မှန်းမိသွားကြသည်။ သို့သော် သူတို့က ကြောက်ရွံ့မှုမရှိကြပေ။
" စစ်သူကြီးရဲ့ မိသားစုကလည်း ကျွန်တော်ရဲ့ မိသားစုပါပဲ။ ကျွန်တော် ဒီတိုက်ပွဲကနေ အသက်ရှင်ကျန်ရစ်ခဲ့ရင် သူတို့ကို ပစ်မထားပါဘူး။ " တုဆွေက ကျယ်လောင်စွာ ပြောလိုက်သည်။
" ကျွန်တော်လည်း အတူတူပဲ။ " ကျန်းဟန်ကလည်း လေးနက်စွာ ပြောလိုက်သည်။
ကျန်ရှိသော တပ်မှူးများကလည်း သဘောတူကြောင်း ခေါင်းညိမ့်လိုက်သည်။ ဤတိုက်ပွဲက ကျောက်ဖုန်း ဆင်နွှဲခဲ့သမျှ တိုက်ပွဲအားလုံးထက် ပို၍ ခက်ခဲသည်။ ဟန်တန်မြို့ထဲတွင် ကျောက်စစ်သည်သုံးသိန်းနီးပါးဖြစ်နေပြီး သူတို့အားလုံးက ထွက်ပြေးသူကို ကွပ်မျက်သော ကြီးကြပ်ရေးတပ်ဖွဲ့၏ စောင့်ကြည့်မှုအောက်တွင် ရှိနေသည်။ ဤတိုက်ပွဲက မြို့တံခါးကို ထိုးဖောက်ပြီးနောက်မှာပင် သွေးချောင်းစီးမည့်တိုက်ပွဲ ဖြစ်လာပေလိမ့်မည်။
" စစ်သေနာပတိချုပ်ရဲ့ အမိန့်အရ သုံးရက်နေရင် တိုက်ခိုက်ကြမယ်။ " ကျောက်ဖုန်းက လက်ဝှေ့ရမ်းပြီး ဆက်ပြောလိုက်သည်။ " သွားပြီး အနားယူကြတော့။ ပြီးတော့ အမိန့်ကို လက်ဆင့်ကမ်းလိုက်။ တကယ်လို့ စစ်သည်တွေက တောင်းဆိုမှုတစ်ခုခုရှိရင် တတ်နိုင်သမျှ ဖြည့်ဆည်းပေးလိုက်။ "
" ဟုတ်ကဲ့ပါ စစ်သူကြီး။ " အားလုံးက ဦးညွှတ်ပြီး ထွက်ခွာသွားကြသည်။
တဲအတွင်း ကျောက်ဖုန်းတစ်ယောက်တည်းသာ ကျန်နေခဲ့သည်။ " ငါ့ရဲ့ ကွပ်ကဲမှုအောက်မှာ စစ်သည်ရှစ်သောင်းကျော်ရှိတယ်။ ဒီတိုက်ပွဲပြီးရင် ဘယ်နှစ်ယောက် ကျန်မလဲမသိဘူး။ စစ်သူကြီးတစ်ယောက်ရဲ့ အောင်မြင်မှုက အရိုးတောင်ပေါ်မှာ တည်ဆောက်ထားတယ်လို့ ပြောကြတယ်။ ဒါပေမယ့် ငါဒါကို မခံစားနိုင်သေးဘူး။ ငါ မဦးဆောင်ပဲ အခြားသူဦးဆောင်ရင် အကျအဆုံးက ပိုများလိမ့်မယ်။ "
သုံးရက်အတွင်း ရောက်ရှိလာတော့မည့် သွေးချောင်းစီးတိုက်ပွဲအကြောင်းတွေးပြီး ကျောက်ဖုန်း၏ စိတ်ထဲတွင်တော့ မငြိမ်မသက် ဖြစ်နေသည်။
အချိန်များ ကုန်လွန်သွားခဲ့သည်။ ဟန်တန်မြို့၏ ရှေ့၌ ချင်စစ်တပ်က တိုက်ပွဲဝင်ရန် အသင့်အနေအထားတွင် ရှိနေပြီဖြစ်သည်။ ဝမ်ကျန့်က စစ်တပ်၏ ရှေ့မှ စစ်ရထားပေါ်တွင် ရပ်ပြီး ချင်စစ်သည်နှစ်သိန်းဘက်သို့ ကြည့်လိုက်သည်။
" ချင်စစ်သည်တို့.... "
" ဟေ့ ဟေ့ ဟေ့.... " စစ်သည်နှစ်သိန်းက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ လွှမ်းမိုးနိုင်စွမ်းရှိသော စိတ်ဓာတ်နှင့် သတ်ဖြတ်လိုသော အငွေ့အသက်များက ကောင်းကင်နှင့်မြေကြီး ကြီးစိုးထားသည်။
မြို့ရိုးပေါ်မှ ကျောက်စစ်သည်များက ချင်စစ်တပ်ကို အံ့အားသင့်စွာ ကြည့်ပြီး သူတို့၏ စိတ်ထဲတွင် စိုးရိမ်ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားသည်။ သို့သော် သူတို့၏ နောက်ကွယ်ရှိ ကြီးကြပ်ရေးတပ်ဖွဲ့ကို မြင်သောအခါ ထိုစိုးရိမ်မှုများကို ထုတ်မပြရဲတော့ပေ။
ယခုအချိန်တွင် ဟန်တန်မြို့ရှိ ကျောက်စစ်သည်တိုင်းက ဥပဒေအသစ်ကို သိရှိနေကြပြီဖြစ်သည်။ ရန်သူနှင့် ရင်ဆိုင်နေစဉ် ထွက်ပြေးသူများက ခေါင်းဖြတ်ကွပ်မျက်ခံရမည်ဖြစ်သည်။ တာဝန်ကျရာနေရာကို စွန့်ခွာသူများက ခေါင်းဖြတ်ကွပ်မျက်ခံရမည်ဖြစ်သည်။ စိတ်ဓာတ်ကို ပျက်ပြားစေသူများက ခေါင်းဖြတ်ကွပ်မျက်ခံရမည်ဖြစ်သည်။ စစ်မိန့်ကို တုန့်ဆိုင်းနေသူများက ခေါင်းဖြတ်ကွပ်မျက်ခံရမည်ဖြစ်သည်။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ကျောက်စစ်သည်အများအပြားကို ကြီးကြပ်ရေးတပ်ဖွဲ့က လူပုံအလယ်တွင် ခေါင်းဖြတ်ကွပ်မျက်ပြခြင်းဖြင့် ဖန်ရွှမ်၏ ကွပ်ကဲမှုအောက်ရှိ စစ်တပ်တစ်ခုလုံးကို ပြင်းထန်သော သတိပေးချက်အဖြစ် အသုံးချခဲ့သည်။
" ဝမ်ကျန့်..." ဖန်ရွှမ်က မြို့ရိုးထိပ်တွင် ရပ်ပြီး တိုးညှင်းစွာ ရေရွတ်လိုက်သည်။ ယခုအချိန်တွင် ချင်စစ်တပ်က တိုက်ခိုက်ခြင်းမပြုသေးသောကြောင့် သူကိုယ်တိုင် လာရောက်ကြည့်ရှုခြင်းဖြစ်သည်။ သူက မြို့ရိုးရှေ့မှ ချင်စစ်တပ်ကို အေးစက်စွာ ကြည့်နေပြီး သူ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နှက်နေသည်။
" ဝူအန်းမြို့က ရှုံးနိမ့်မှု။ ဒါက ငါတစ်သက်လုံး အမဲစက်ထင်စေတဲ့ အရှက်ရမှုပဲ။ ဒီတစ်ခါ ငါဖန်ရွှမ်က ချင်စစ်တပ်ကို ထိုက်တန်တဲ့ တန်ဖိုးကို ပေးဆပ်စေရမယ်။ "
" ချင်စစ်သည်တို့..." ဝမ်ကျန့်၏ အသံက ဟိန်းထွက်လာသည်။ " အခု မင်းတို့ရှေ့မှာရှိနေတာက ကျောက်နိုင်ငံရဲ့ မြို့တော်ပဲ။ ဒီမြို့တော်ကို ထိုးဖောက်လိုက်တာနဲ့ ကျောက်နိုင်ငံဆိုတာ ရှိတော့မှာမဟုတ်ဘူး။ ငါတို့ချင်က ကောင်းကင်အောက်က အရာအားလုံကို စုစည်းဖို့ အခြေခံအုတ်မြစ်ကို ပိုင်ဆိုင်သွားလိမ့်မယ်။ ပြီးတော့ ချင်လူမျိုးတွေရဲ့ ဆန္ဒကလည်း မင်းတို့ရဲ့ လက်ထဲမှာ အကောင်ထည်ဖော်နိုင်လိမ့်မယ်။ ဒီမြို့ကို ထိုးဖောက်ကြစမ်း။ လန်ထျန်းစခန်းက စစ်သည်အားလုံးရဲ့ နာမည်တွေကို လန်ထျန်းရဲ့ မှတ်တမ်းတွေမှာ ကမ္ပည်းတင်လိမ့်မယ်။ အနာဂတ်မှာ ဟွာရှတစ်ခုလုံးက လန်ထျန်းကို ဂုဏ်ယူစွာ ကြည့်ကြလိမ့်မယ်။ "
ဝမ်ကျန့်က သူ၏ ခါးမှ ဓားကို ဆွဲထုတ်လိုက်သည်။ သူက ဓားကို ဟန်တန်မြို့သို့ တိုက်ရိုက်ချိန်ရွယ်လိုက်သည်။
" လေးသည်တော်တို့ ငါ့အမိန့်ကို နာခံကြ။ ကျောက်လုံးပစ်စက်တပ်မှူးတို့ ငါ့အမိန့်ကို နာခံကြ။ ဒူးလေးကြီးတပ်မှူးတို့ ငါ့အမိန့်ကို နာခံကြ။ တိုက်စစ်ဖွင့်။ "
ထိုအမိန့်နှင့်အတူ စစ်မြေပြင်တွင် ခင်းကျင်းထားသော စစ်ကြာင်းများက လှုပ်ရှားလာကြသည်။ ကျောက်လုံးပစ်စက်များ၊ ဒူးလေးကြီးများနှင့် ထောင်သောင်းချီသော လေးသည်တော်များက ရှေ့သို့ တိုးလာကြသည်။
ချင်စစ်တပ်၏ ထိုးစစ်က ရင်းနှီးပြီးသား ဗျူဟာတစ်ခုနှင့် စတင်လာသည်။ ၎င်းမှာ ရန်သူများဆီသို့ အဝေးမှ မြားမိုးများဖြင့် အဆက်မပြတ် ပစ်ခတ်ခြင်းပင်ဖြစ်သည်။ တိုက်ပွဲရ စတင်ခဲ့ပြီး မြားများက တိုက်စစ်ကို ဦးဆောင်နေသည်။
" သတ်ကြ။ " စစ်ကြောင်းများမှ သတ်ဖြတ်ရန် အော်ဟစ်သံများက ကောင်းကင်ကို တုန်ခါသွားစေသည်။ မြားမိုးများက ဟန်တန်မြို့ပေါ်သ်ု့ ကျရောက်လာခဲ့ပြီး ကျောက်လုံးပစ်စက်များမှ ကျောက်ခဲများနှင့် ဒူးလေးကြီးများမှ မြားကြီးများကလည်း အလားတူပင်ဖြစ်သည်။