← Chapters

အခန်း (၂၀၀)

Vol. 20 Ch. 200

အခန်း (၂၀၀)

Vol. 20 Ch. 200

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၂၀၀)

" ချင်စစ်တပ်က မြို့ရိုးကို မဖောက်နိုင်တာ သေချာတယ်မဟုတ်လား။ " ကျောက်ယန်က ချက်ချင်း ပြန်မေးလိုက်သည်။

အခြားနိုင်ငံတစ်နိုင်ငံဖြစ်လျှင် သူက ဤမွ် ထိတ်လန့်နေမည်မဟုတ်ပေ။

သို့သော် ယခုအခါ သူ ငယ်စဉ်ကတည်းက နှိပ်စက်ခဲ့သော သူ၏ ရန်သူတော် ချင်နိုင်ငံမှ ရင်ကျန့်နှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။ မြို့ကျဆုံးသွားသည်နှင့် ရင်ကျန့်ကို နှိပ်စက်ခဲ့သော သူက ဆိုးရွားသော ကံကြမ္မာနှင့် ရင်ဆိုင်ရပေလိမ့်မည်။

" အဲ့လိုတော့မဖြစ်နိုင်ပါဘူး။ ဒါက စစ်သေနာပတိချုပ်ကိုယ်တိုင် ခုခံနေတာပဲ။ " ကောခိုင်က ခဏတုန့်ဆိုင်းသွားပြီး ပြောလိုက်သည်။

သူကိုယ်တိုင်လည်း မြို့အပြင်ဘက်မှ အခြေအနေကို သိပ်မသိသေးပေ။ အမှန်တကယ် သူကလည်း အနည်းငယ် ထိတ်လန့်နေသည်။ ဖန်ရွှမ်ကို စစ်အာဏာ ပေးအပ်ထားရုံသာမက ရိက္ခာများကိုပါ ထိန်းချုပ်ခွင့်ပေးထားသဖြင့် သူက အနေရခက်သော အခြေအနေတွင် ရှိနေသည်။ သူက ချင်ကို ကူညီချင်တောင် မကူညီနိုင်တော့သဖြင့် မြို့ထဲတွင် ငြိမ်ငြိမ်လေး စောင့်နေရုံသာ တတ်နိုင်သည်။

" ဝန်​ကြီးချုပ် မြို့ထဲမှာ တစ်ခုခုဖြစ်တာနဲ့ စစ်သေနာပတိချုပ်ကို ငါ့ဆီ ချက်ချင်း အစီရင်ခံဖို့ လူလွှတ်ပြီး ပြောလိုက်စမ်း။ " ကျောက်ယန်က အမိန့်ပေးလိုက်သည်။

သူက သူ၏ အသက်အတွက်သာ စိုးရိမ်နေခြင်းဖြစ်သည်။ အကယ်၍ ချင်စစ်တပ်က မြို့ကို အမှန်တကယ် ထိုးဖောက်နိုင်ခဲ့လျှင် သူက ဟန်တန်မှ တိုက်နယ်မြေသို့ ထွက်ပြေးရန် နှစ်ခါစဉ်းစားနေမည်မဟုတ်ပေ။ ယခုအခါ သူက လီမုကို ရှင်းထုတ်ပြီး စစ်အာဏာကလည်း သူ၏ လက်ထဲတွင် ရှိနေသဖြင့် ကျောက်ယန်အနေဖြင့် စိုးရိမ်စရာမရှိတော့ပေ။

" အမိန့်အတိုင်းပါ အရှင်မင်းကြီး။ " ကောခိုင်က အမိန့်ကို ချက်ချင်း နာခံလိုက်သည်။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးလာခဲ့သည်။ ဟန်တန်မြို့မှ တိုက်ပွဲက သုံးရက်သုံးညတိုင်တိုင် ပြင်းထန်နေခဲ့သည်။ သို့သော် မြို့ရိုးများကို ချင်စစ်တပ်က သိမ်းပိုက်ထားနိုင်ခဲ့ပြီဖြစ်သည်။ ချင်စစ်သည်နှစ်သိန်းက မြို့ထဲသို့ ဝင်ရောက်လာပြီး ဟန်တန်၏ အပြင်ဘက်မြို့က ပြိုလဲလုနီးပါး ဖြစ်နေပြီဖြစ်သည်။

အပြင်မြို့ကို ခုခံရန် မျှော်လင့်ချက်မရှိသည်ကို မြင်သောအခါ ဖန်ရွှမ်က အတွင်းမြို့ကို ခုခံရန် အင်အားလုံးကို ဆုတ်ခွာရန် အမိန့်ပေးခဲ့သည်။

" စစ်သေနာပတိချုပ် " ကျောက်စစ်သူကြီးတစ်ယောက်က ဖန်ရွှမ်ကို အစီရင်ခံလိုက်သည်။ " ချင်စစ်တပ်က သူတို့ရဲ့ ထိုးစစ်ကို ခဏရပ်ထားပါတယ်။ သုံးရက်တိုက်ခိုက်ပြီးတဲ့နောက်မှာ သူတို့တွေ ပင်ပန်းနေပုံရတယ်။ မြို့အပြင်ဘက်မှာလည်း ကျွန်တော်တို့ နယ်စပ်စောင့်မြင်းတပ်တွေက အကြီးအကျယ် ကျဆုံးခဲ့ပါတယ်။ "

" ချင်စစ်တပ်ရဲ့ တိုက်ခိုက်ရေးစွမ်းအားက ကြောက်စရာကောင်းတယ်။ ကျောက်က ဘယ်လိုမှမယှဉ်နိုင်ဘူး။ " ဖန်ရွှမ်က သက်ပြင်းချလိုက်သည်။ တစ်ချိန်က ကျောက်ယန်ကို ပြသခဲ့သော သူ၏ ယုံကြည်မှုများက ပျောက်ကွယ်သွားပြီး စိတ်ဓာတ်ကျဆင်းမှုများသာ ကျန်နေတော့သည်။

သုံးရက်အတွင်း အပြင်မြို့ကို ဆုံးရှုံးခဲ့ရသည်။ ထို့အပြင် သူက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့သည်။ သူက ချင်၏ ထိုးစစ်ကို အစွမ်းကုန် ခုခံခဲ့သော်လည်း နောက်ဆုံးတွင် သူတို့ကို မတားဆီးနိုင်ခဲ့ပေ။

" စစ်သေနာပတိချုပ် ကျွန်တော်တို့ တကယ်ပဲ တောင့်ခံနိုင်ပါဦးမလား။ " ကျောက်တပ်မှူးတစ်ယောက်က မေးလိုက်သည်။

" ဝူအန်းမြို့မှာတုန်းက ငါတို့အားလုံး ထွက်ပြေးခဲ့ရတယ်။ " ဖန်ရွှမ်က သက်ပြင်းချလိုက်သည်။ " ဒါပေမယ့် ဒါက ကျောက်ရဲ့ မြို့တော်ပဲ။ ငါတို့မှာ ဆုတ်ခွာစရာနေရာမရှိဘူး။ "

" အရှင်မင်းကြီးကလည်း နေ့တိုင်း ရလဒ်ကို တောင်းဆိုနေတယ်။ ဒါပေမယ့် ကျွန်တော် တိုက်ပွဲရဲ့ အခြေအနေမှန်ကို အစီရင်မခံရသေးဘူး။ " စစ်သူကြီးက လေးနက်စွာ ပြောလိုက်သည်။ " တကယ်လို့ ကျွန်တော်တို့ တောင့်မခံနိုင်​တော့ရင် အရှင်မင်းကြီးကိုလည်း.... "

" မှန်တယ်။ တိုင်းပြည်ရဲ့ လက်အောက်ခံတစ်ယောက်အနေနဲ့ ငါက အရှင်မင်းကြီးကို ဘယ်လိုလုပ်မကာကွယ်ဘဲနေမလဲ။ " ဖန်ရွှမ်က ခါးသီးစွာ ပြုံးလိုက်သည်။ " အရှင်မင်းကြီးက ဒီလူအိုကြီးကို ယုံကြည်လို့ ဟန်တန်ရဲ့ စစ်သည်သုံးသိန်းလုံးကို လွှဲပေးခဲ့တယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ ငါသူ့ကို စိတ်ပျက်အောင် လုပ်မိပြီ။ "

" စစ်သူကြီးဝူ မင်း ဝန်ကြီးချုပ်ဆီကို လူလွှတ်ပြီး အကြောင်းကြားလိုက်။ အရှင်းမင်းကြီးအနေနဲ့ တော်ဝင်မိသားစုဝင်တွေကို ခေါ်ပြီး ကျောက်နိုင်ငံ အသက်ဆက်နိုင်ဖို့အတွက် တိုက်နယ်မြေကို ဆုတ်ခွာဖို့ တောင်းဆိုလိုက်ပါ။ "

" တိုက်နယ်မြေက လွင်ပြင်တစ်ခုပဲ။ အဲ့ဒါက ကျောက်မြင်းတပ်တွေအတွက် ဖန်တီးထားတဲ့ နေရာပဲ။ " ဖန်ရွှမ်က လေးနက်စွာ ပြောလိုက်သည်။ " ချင်ရဲ့ မြင်းတပ်တွေတောင် ကျောက်ရဲ့ မြင်းစီးမြားပစ်သူတွေကို ယှဉ်နိုင်မှာမဟုတ်ဘူး။ အဲ့ဒါက တိုင်းပြည်ကို ကာကွယ်ဖို့ လုံလောက်တာထက် ပိုပါတယ်။ "

" စစ်သေနာပတိချုပ်က ဒီမှာ ခုခံရင်း အသေခံဖို့ ပြင်ဆင်ထားတာလား။ " ကျောက်စစ်သူကြီးက မေးလိုက်သည်။ " စစ်သေနာပတိချုပ် ပြောသလိုပဲ ကျောက်က နယ်စပ်စောင့်တပ်နဲ့အတူ တိုက်နယ်မြေမှာ တိုင်းပြည်ကို ဆက်ပြီး ထိန်းထားနိုင်ပါသေးတယ်။ စစ်သေနာပတိချုပ်လည်း ကျောက်ရဲ့ အခြေခံအုတ်မြစ်ကို ကာကွယ်ဖို့ အရှင်မင်းကြီးနဲ့အတူ ဆုတ်ခွာလို့ရတာပဲ။ "

" ငါက တစ်ခါထွက်ပြေးပြီးပြီ။ နောက်ထပ် မပြေးချင်တော့ဘူး။ " ဖန်ရွှမ်က ပြတ်သားစွာ ပြောလိုက်သည်။ " ဒီတစ်ခါတော့ ကျောက်အတွက် ငါ့ရဲ့ နောက်ဆုံးတာဝန်ကို ထမ်းဆောင်မယ်။ "

" ငါ့အမိန့်ကို ထုတ်ပြန်လိုက်။ " ဖန်ရွှမ်က ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။ " ကင်းစောင့်တပ်သားတွေကလွဲရင် ကျန်တဲ့စစ်သည်အားလုံးကို ဝအောင်စားသောက်ခိုင်းထားလိုက်။ "

" နားလည်ပါပြီ။ " ကျောက်တပ်မှူးများက ပြန်ဖြေလိုက်ကြသော်လည်း တိုက်ခိုက်လိုစိတ် ပျောက်ဆုံးနေသည်မှာ ထင်ရှားသည်။

" ဝန်ကြီးချုပ် " ဖန်ရွှမ်၏ အမိန့်အရ စစ်သူကြီးက ကောခိုင်ကို အစီရင်ခံလိုက်သည်။ " စစ်သေနာပတိချုပ်က သတင်းပို့လိုက်ပါတယ်။ ချင်ရဲ့ ထိုးစစ်က ပြင်းထန်လွန်းတယ်။ အတွင်းမြို့က နောက်ထပ် ရက်အနည်းငယ်ထိ တောင့်ခံနိုင်မှာမဟုတ်ဘူး။ အရှင်မင်းကြီးအနေနဲ့ ဝန်ကြီးတွေနဲ့ ​တော်ဝင်မိသားစုတွေကို ခေါ်ပြီး တိုက်နယ်မြေကို ဆုတ်ခွာဖို့အတွက် အရှင်မင်းကြီးဆီ အစီရင်ခံပေးဖို့ တောင်းဆိုလိုက်ပါတယ်။ စစ်သေနာပတိချုပ်ကတော့ နောက်ဆုံးအထိ တိုက်ခိုက်သွားပါမယ်။ "

ထိုစကားကို ကြားသောအခါ ကောခိုင်က စိတ်ထဲမှ အလွန်ဝမ်းသာသွားသော်လည်း သူ၏ အမူအရာက ပြောင်းလဲခြင်းမရှိပေ။

" နားလည်ပြီ။ " ကောခိုင်က ခေါင်းညိမ့်လိုက်သည်။ " အရှင်မင်းကြီး ပြင်ဆင်နိုင်အောင် ငါချက်ချင်း အစီရင်ခံလိုက်မယ်။ "

" ကျွန်တော်မျိုး​ကို ခွင့်ပြုပါဦး။ " ကျောက်စစ်သူကြီးက ရိုသေစွာ ပြောပြီး ထွက်ခွာသွားသည်။

" ချင်ဘုရင်က ကျောက်ယန်ကို အရိုးထဲက မုန်းတီးနေတာပဲ။ တကယ်လို့ ကျောက်ယန်သာ ထွက်ပြေးလွတ်မြောက်သွားရင် ချင်ဘုရင်က သေချာပေါက် စိတ်ပျက်ရလိမ့်မယ်။ သူ့ကို ထွက်ပြေးခွင့်မပေးနိုင်ဘူး။ ငါဒီကိစ္စကို ဖုံးကွယ်ပြီး လက်ရှိအခြေအနေကို မသိအောင် လုပ်ထားရမယ်။ ချင်စစ်တပ်က နန်းတော်ကို ဝင်စီးချိန်မှဆိုရင် အားလုံးနောက်ကျသွားပြီ။ " ကောခိုင်က စိတ်ထဲဲမှ လှောင်ပြုံးပြုံးလိုက်သည်။

လက်ရှိတွင် ကျောက်နန်းတော်ကို တော်ဝင်ကိုယ်ရံတော်တစ်သောင်းက စောင့်ကြပ်ထားသည်။ တိုက်ပွဲအခြေအနေကို အချိန်နှင့် တပြေးညီ အစီရင်ခံရန် ကျောက်ယန်၏ အမိန့်ရရှိထားသော ကောခိုင်မှလွဲ၍ အခြားအရာရှိကြီးငယ်အားလုံး နန်းတော်အတွင်း ရှိနေကြသည်။

၎င်းမှာ ထိုအရာရှိများက ချင်စစ်တပ်သို့ သတင်းအချက်အလက်များ မပေးနိုင်အောင် တားဆီးထားခြင်းလည်း ဖြစ်သည်။ သို့သော် ကျောက်နိုင်ငံ၏ ဝန်ကြီးချုပ်ကိုယ်တိုင်က သူ၏ နိုင်ငံကို သစ္စာဖောက်ပြီးကြောင်း ဘယ်သူမှမသိကြပေ။

အပြင်မြို့၏ ရှေ့တန်းစစ်မျက်နှာတွင် ကျောက်ဖုန်း၏ ချပ်ဝတ်၊ ဆံပင်နှင့် မျက်နှာတို့တွင် သွေးများဖြင့် နီရဲနေသည်။ ထိုတိုက်ပွဲတွင် သူက ကျောက်စစ်သည်မည်မျှ သတ်ခဲ့သိကို မသိတော့ပေ။

ရလဒ်ကတော့ ဟန်တန်၏ အပြင်မြို့က သိမ်းပိုက်ခံလိုက်ရပြီဖြစ်သည်။ ကျောက်စစ်တပ်နှင့် နှိုင်းယှဉ်လျှင် ချင်စစ်တပ်၏ စိတ်ဓာတ်က မြင့်မားနေဆဲ ဖြစ်ပြီး ကျောက်ဖုန်း၏ စစ်သည်များက ပို၍ တက်ကြွနေကြသည်။

" စစ်သူကြီး။ " တုဆွေနှင့် ကျန်းဟန်တို့က ကျောက်ဖုန်းအနီးသို့ ရောက်လာကြသည်။ " အနားယူတာ နှစ်နာရီရှိပါပြီ။ "

" ငါတို့ဘက်က အကျအဆုံးဘယ်လောက်ရှိလဲ။ ခန့်မှန်းခြေသိရပြီလား။ " ကျောက်ဖုန်းက မေးလိုက်သည်။

" စစ်သူကြီး စိတ်မကောင်းစရာပါပဲ။ " တုဆွေ၏ မျက်လုံးများထဲတွင် ဝမ်းနည်းသော အရိပ်အယောင်များ ပေါ်လာသည်။ " အစက ကျွန်တော်တို့မှာ စစ်သည်ရှစ်သောင်းကျော်ရှိတာ အခုတော့ လေးသောင်းတောင် မပြည့်တော့ဘူး။ ကျွန်တော်တို့စစ်တပ်က အကျအဆုံး လေးသောင်းကျော် ရှိလိမ့်မယ်။ တပ်မှူးနှစ်ယောက်လည်း တိုက်ပွဲမှာ ကျဆုံးသွားခဲ့တယ်။ "

" ဘယ်သူတွေလဲ။ " ကျောက်ဖုန်းက မျက်မှောင်ကြုတ်သွားသည်။

" တပ်မှူးလျိုဝမ်နဲ့ တပ်မှူးချီရှန်းတို့ပါ။ " တုဆွေက အံကျိတ်ပြီး ပြောလိုက်သည်။

၎င်းကို ကြားသောအခါ ​ကျောက်ဖုန်းက ခဏတိတ်ဆိတ်သွားပြီး သွေးရောင်လွှမ်းနေသော သူ၏ မျက်လုံးများတွင် ဝမ်းနည်းသော အရိပ်အယောင်များ ပေါ်လာသည်။

" ငါတို့ သူတို့ကို ပေးထားတဲ့ ကတိကို မှတ်ထားကြ။ ငါတို့ ဒီတိုက်ပွဲကို အောင်နိုင်ရမယ်။ " ကျောက်ဖုန်းက မတ်တပ်ရပ်ပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။ သူ၏ အကြည့်က အတွင်းမြို့ရှိ နန်းတော်ရှိရာသို့ ရောက်သွားသည်။

" ကျောက်စစ်တပ်ရဲ့ စိတ်ဓာတ်က ပြိုလဲနေပြီ။ ငါတို့စစ်တပ်က ကောင်းကောင်းအနားယူထားတယ်။ ဒီအားသာချက်ကို အသုံးချရမယ်။ ဒါက နောက်ဆုံးတိုက်ပွဲပဲ။ ငါတို့ပစ်မှတ်က ကျောက်နန်းတော်ပဲ။ ကျောက်ဘုရင်ကို ဖမ်းမိတာနဲ့ ဒီတိုက်ပွဲကို အဆုံးသတ်နိုင်ပြီ။ "

" ညီအကိုတို့ မင်းတို့ တိုက်နိုင်သေးရဲ့လား။ " ကျောက်ဖုန်းက ပတ်ဝန်းကျင်ကို ကြည့်ပြီး ဟိန်းဟောက်လိုက်သည်။

" တိုက်နိုင်ပါတယ်။ " မြေပြင်တွင် ထိုင်နေသော တပ်မှူးများနှင့် စစ်သည်များက သူတို့၏ လက်နက်များကို မြှောက်ပြီး ကျောက်ဖုန်းကို စိတ်အားထက်သန်စွာ ကြည့်လိုက်ကြသည်။

" ဒီတစ်ပွဲတည်းနဲ့ အားလုံးကို ဆုံးဖြတ်ကြမယ်။ ညီအကိုတို့ ငါ့နောက်ကို လိုက်ပြီး တိုက်ခိုက်ကြ။ "

All Chapters