အခန်း (၁၉၃)
Vol. 20 Ch. 193
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၁၉၃)
" အရှင်မင်းကြီး စိတ်ချပါ။ ဝူအန်းမြို့မှာ ရှုံးခဲ့တာက မြို့တံခါးတစ်ခု ကျဆုံးသွားလို့ပါ။ ပြိုကွဲသွားတဲ့ စစ်သည်တွေက ဖရိုဖရဲဖြစ်ကုန်ပြီး ကျန်တဲ့တံခါးနှစ်ခုရဲ့ ကာကွယ်ရေးမှာပါ ရှုပ်ထွေးမှုတွေ ဖြစ်ခဲ့ပါတယ်။ ဒီတိုက်ပွဲအတွက် ကျွန်တော်မျိုးက အမှားအယွင်းမရှိတဲ့ မဟာဗျူဟာတစ်ခုကို ပြင်ဆင်ထားပါတယ်။ "
" ထွက်ပြေးတဲ့ စစ်သည်တွေနဲ့ ပက်သက်ပြီး စစ်ကြောင်းအသီးသီးမှာ လူတစ်ရာပါတဲ့ ကြီးကြပ်ရေးအဖွဲ့နဲ့ တပ်ဖွဲ့တစ်ခုအတွက် လူတစ်ထောင်ပါတဲ့ ကြီးကြပ်ရေးအဖွဲ့တွေ ဖွဲ့စည်းဖို့ ကျွန်တော်မျိုး ဆုံးဖြတ်ထားပါတယ်။ တကယ်လို့ ရှုပ်ထွေးမှုတစ်စုံတစ်ရာ ပေါ်ပေါက်လာရင် ကြီးကြပ်ရေးအဖွဲ့က ထွက်ပြေးတဲ့ စစ်သည်တွေကို အဲ့ဒီနေရာမှာတင် ချက်ချင်း ကွပ်မျက်ပါလိမ့်မယ်။ "
" ဒါ့အပြင် ကြီးကြပ်ရေးတပ်ဖွဲ့တိုင်းရဲ့ မိသားစုတွေကို စာရင်းအတိအကျ မှတ်တမ်းတင်ထားမှာပါ။ တကယ်လို့ ကြီးကြပ်ရေးအဖွဲ့ဝင်တစ်ယောက်က ထွက်ပြေးရဲရင် သူတို့ရဲ့ ဆွေမျိုးခုနှစ်ဆက်လုံးကို သတ်ပစ်ပါတယ်။ " ဖန်ရွှမ်က ပြတ်သားစွာ ပြောလိုက်သည်။
၎င်းကို ကြားသောအခါ ကျောက်ယန်၏ မျက်လုံးများက ဝမ်းသာမှုများနှင့် တောက်ပသွားသည်။ " စစ်သေနာပတိချုပ်က စစ်တပ်ကွပ်ကဲတဲ့နေရာမှာ တကယ်ကို ထူးချွန်တာပဲ။ ဒီနည်းလမ်းနဲ့ဆိုရင် ကြီးကြပ်ရေးအဖွဲ့ဝင်တွေက ထွက်ပြေးရဲမှာမဟုတ်တော့ဘူး။ ကြီးကြပ်ရေးအဖွဲ့ ရှိရင် စစ်သည်တွေကြောင့် ဖြစ်ရတဲ့ စစ်ရှုံးမှုမျိုး ကြုံရတော့မှာမဟုတ်တော့ဘူး။ "
" ဒါက ကျွန်တော်မျိုး သေချာစဉ်းစားထားတဲ့ နည်းဗျူဟာပါ။ " ဖန်ရွှမ်က လေးနက်စွာ ပြောလိုက်သည်။ " ဒီလိုလုပ်မှသာ ကျောက်ရဲ့ စစ်သည်တွေက ကြောက်စရာကောင်းတဲ့ ရန်သူကို တွန်းလှန်ဖို့ စည်းလုံးကြမှာပါ။ "
" စစ်သေနာပတိချုပ်ရဲ့ အစီအစဉ်အတိုင်း ဆက်လုပ်ပါ။ " ကျောက်ယန်က ပြောလိုက်သည်။ " ဟန်တန်မှာ စစ်သည်သုံးသိန်းနီးပါးရှိတယ်။ ဝူအန်းမြို့ကနေ မင်းပြန်ခေါ်လာတဲ့ စစ်သည်နှစ်သိန်းကျော်အပြင် ငါ့ရဲ့ ကိုယ်ရံနေတပ်ဖွဲ့ဝင် ငါးသောင်းလည်း ရှိသေးတယ်။ အခုလို နိုင်ငံအန္တရာယ်နဲ့ ကြုံတွေ့နေရတဲ့အချိန်မှာ မြို့တော်အတွင်းမှာရှိတဲ့ စစ်အာဏာအားလုံးကို ငါမင်းလက်ထဲ အပ်နှင်းလိုက်မယ်။ "
ထို့နောက် ကျောက်ယန်က ဖြည်းညင်းစွာ ထရပ်ကာ စားပွဲပေါ်မှ သေတ္တာတစ်လုံးကို ယူပြီး ခန်းမအလယ်ရှိ ဖန်ရွှမ်ဆီသို့ လျှောက်သွားခဲ့သည်။
" စစ်သေနာပတိချုပ်ကို ကျားတံဆိပ်အပ်နှင်းလိုက်တယ်။ " ကျောက်ယန်က ကျားတံဆိပ်ပါသော သေတ္တာကို ဖန်ရွှမ်လက်ထဲသို့ ထည့်ပေးလိုက်သည်။ " မင်းက ဒီတံဆိပ်နဲ့အတူ တပ်ဖွဲ့အားလုံး ကွပ်ကဲခွင့်ရှိပြီး ငါ့ကို တိုက်ရိုက် အစီရင်ခံရမယ်။ တကယ်လို့ မြို့ထဲမှာ တစ်ယောက်ယောက်က မင်းအမိန့်ကို မနာခံရင် စစ်တပ်ရဲ့ စိတ်ဓာတ်ကို ပျက်ပြားစေရင် စစ်ဥပဒေအရ တိုက်ရိုက်စီရင်ပိုင်ခွင့်ရှိတယ်။ "
" ကျွန်တော်မျိုး အရှင်မင်းကြီးအပေါ် သေတဲ့အထိ သစ္စာရှိရှိ အမှုထမ်းပါမယ်။ " ဖန်ရွှမ်က လေးနက်စွာ ဦးညွှတ်လိုက်သည်။
" ဟန်တန်က စစ်သည်သုံးသိန်းအပြင် တိုက်နယ်မြေက နယ်စပ်စောင့်မြင်းစီးတပ်သားတစ်သိန်းကိုလည်း ပြောင်းရွှေ့ဖို့ အမိန့်ပေးထားတယ်။ " ကျောက်ယန်က ပြောလိုက်သည်။ " သူတို့က ငါတို့ကျောက်ရဲ့ အထူးတပ်ဖွဲ့ဝင်တွေပဲ။ နောက်နှစ်ရက်အတွင်း သူတို့ ရောက်လာလိမ့်မယ်။ သူတို့ကို စစ်သေနာပတိချုပ် သဘောအတိုင်း စီစဉ်လိုက်ပါ။ "
" အရှင်မင်းကြီးက အမြော်အမြင်ကြီးလှပါတယ်။ " ဖန်ရွှမ်က ပြောလိုက်သည်။ " ကျွန်တော်မျိုးတို့ ကျောက်ရဲ့ မြင်းစီးမြားပစ်ပညာက ကမ္ဘာပေါ်မှာ ပြိုင်ဘက်ကင်းပါတယ်။ ဒီနယ်စပ်စောင့် မြင်းစီးတပ်သား တစ်သိန်းပါရင်တော့ ဟန်တန်ကို အောင်အောင်မြင်မြင် ကာကွယ်နိုင်မယ့်အပြင် ချင်စစ်တပ်ကိုပါ ချေမှုန်းနိုင်လိမ့်မယ်လို့ ကျွန်တော်မျိုး ယုံကြည်ပါတယ်။ "
" စစ်သေနာပတိချုပ်ရဲ့ စကားတွေကြောင့် ငါ ပိုပြီး စိတ်အေးသွားပါပြီ။ " ကျောက်ယန်က ကျေနပ်စွာ ပြောလိုက်သည်။ ထို့နောက် သူက ဝန်ကြီးများကို ကြည့်ပြီး သူ၏ အကြည့်က ကျောက်ယိအပေါ်တွင် ခဏ ရပ်တန့်သွားသည်။
" ဝန်ကြီးတို့ " ကျောက်ယန်က အေးစက်စွာ ပြောလိုက်သည်။ " နိုင်ငံတော် အန္တရာယ်ကြုံနေပြီ။ ချင်စစ်တပ်က မြို့တံခါးဝ ရောက်နေပြီ။ ငါစကားတွေ အများကြီးမပြောချင်ဘူး။ ချင်နဲ့ ပူးပေါင်းတာဖြစ်ဖြစ် ကျောက်ကို သစ္စာဖောက်တာဖြစ်ဖြစ် လုပ်ရဲတဲ့သူက ဆွေမျိုးခုနှစ်ဆက်လုံး သတ်ခံရမယ်။ "
ကျောက်ယန်က အမြော်အမြင်ရှိသော အုပ်ချုပ်သူတစ်ယောက်မဟုတ်သော်လည်း နိုင်ငံအကျပ်အတည်းနှင့် ရင်ဆိုင်နေရချိန်တွင် သူက သဘာဝအတိုင်း ဘုရင်တစ်ပါး၏ အရှိန်အဝါများ ထွက်ပေါ်လာသည်။
မည်သို့ပင်ဖြစ်စေ သူ၏ ရှင်သန်မှုက ၎င်းအပေါ် မူတည်နေခြင်းဖြစ်သည်။ ဟန်တန်ကျဆုံးသွားလျှင် သူလည်း အသက်ရှင်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့်ပင် သူက ဤအချိန်တွင် အလေးအနက်ထားနေခြင်းဖြစ်သည်။
" အရှင်မင်းကြီးနဲ့ ကျောက်အပေါ် သေတဲ့အထိ သစ္စာရှိပါမယ်လို့ ကျိန်ဆိုပါတယ်။ " လုံထိုင်နန်းတော်ခန်းမရှိ ဝန်ကြီးများက အော်ဟစ်လိုက်ကြသည်။
" အရှင်မင်းကြီး " ဖန်ရွှမ်က ထပ်ပြောလိုက်သည်။ " ဟန်တန်မှာ ကာကွယ်ဖို့အတွက် အရမ်းအရေးကြီးတဲ့ နောက်ထပ်ကိစ္စတစ်ခု ရှိနေပါတယ်။ "
" ပြောပါ စစ်သေနာပတိချုပ်။ " ကျောက်ယန်က ပြောလိုက်သည်။
" နယ်စပ်စောင့်မြင်းစီးစစ်သည်တစ်သိန်းနဲ့ သူတို့ရဲ့ မြင်းတွေကိုပါ ထည့်တွက်ရင် ဟန်တန်မှာ လုံလောက်တဲ့ ရိက္ခာနဲ့ ထောက်ပံ့ရေးပစ္စည်းတွေ လိုအပ်ပါတယ်။ " ဖန်ရွှမ်က ရိုသေစွာ ပြောလိုက်သည်။ " စစ်သည်သုံးသိန်းကျော်က နေ့စဉ် ရိက္ခါအမြောက်အများ စားသုံးပါတယ်။ တကယ်လို့ ချင်စစ်တပ်က မြို့ကို ဝိုင်းထားရင် ဟန်တန်က လှောင်အိမ်ထဲက သားရဲတစ်ကောင်လိုဖြစ်သွားမှာ ကျွန်တော်မျိုး စိုးရိမ်မိပါတယ်။ ဒါကြောင့် ရိက္ခာကိစ္စကို အထူးကိုင်တွယ်ရပါမယ်။ မြို့ရဲ့ ရိက္ခာတွေကို ဝန်ကြီးချုပ်က မကိုင်တွယ်ဘဲ ကျွန်တော်မျိုးရဲ့ တိုက်ရိုက်ကွပ်ကဲမှုအောက်မှာ ထားပေးဖို့ တောင်းဆိုပါတယ်။ "
၎င်းကို ကြားသောအခါ ကောခိုင်က စိုးရိမ်သွားသည်။ သူက အမြဲတမ်း ရိက္ခာကိစ္စကို တာဝန်ယူခဲ့ပြီး ၎င်းမှ ရရှိသော အကျိုးအမြတ်က မည်မျှရှိကြောင်း သူတစ်ယောက်သာ သိထားသည်။ သူက ၎င်းကို အလွယ်တစ်ခု လွှဲပေးနိုင်မည်မဟုတ်ပေ။ ထို့အပြင် ၎င်းက ချင်အတွက် လုပ်ပေးနိုင်သည့် စွမ်းဆောင်မှုတစ်ခုလည်း ဖြစ်သည်။
" စစ်သေနာပတိချုပ်က ကျုပ်ရဲ့ ထောက်ပံ့ရေးစီမံခန့်ခွဲမှုကို မယုံကြည်လို့လား။ " ကောခိုင်က လက်မခံဘဲ ပြန်မေးလိုက်သည်။
" ဝန်ကြီးချုပ်က ချဲ့ကားပြောနေပြန်ပါပြီ။ ဒါက ယုံကြည်မှုကိစ္စမဟုတ်ပါဘူး။ အခြေအနေအရပ်ရပ်ကို ဦးစားပေးတာပါ။ " ဖန်ရွှမ်က ကျောက်နိုင်ငံအတွက် စိုးရိမ်သော အမူအရာနှင့် ပြောလိုက်သည်။
" မြို့ထဲက ရိက္ခာတွေက သုံးလေးလစာလောက်ပဲ ရှိတာပါ။ မြို့ထဲမှာ ချင်သူလျိုတွေရှိနေမှာကတော့ အသေအချာပါပဲ။ သူတို့ကို အခွင့်အရေး မပေးနိုင်ဘူး။ တကယ်လို့ ကျုပ်တို့ရဲ့ ရိက္ခာတွေသာ တစ်ခုခုဖြစ်သွားရင် ကျောက်နိုင်ငံက ကြီးမားတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်ရလိမ့်မယ်။ "
" စစ်သေနာပတိချုပ်..." ကောခိုင်က ဆက်လက်ငြင်းဆိုရန် ပြင်လိုက်သည်။
သို့သော် ထိုအချိန်တွင် ကျောက်ယန်က လက်မြှောက်ပြလိုက်သည်။
" စစ်သေနာပတိချုပ်ပြောတာမှန်တယ်။ ဒါက ကျောက်ရဲ့ ရှင်သန်မှုနဲ့ သက်ဆိုင်နေတယ်။ ငါတို့ သတိကြီးကြီးထားပြီး လုပ်ဆောင်ရမယ်။ ဟန်တန်နဲ့ ပက်သက်တဲ့ စစ်အာဏာအားလုံးအပြင် ကျောက်ရဲ့ ကံကြမ္မာကိုပါ စစ်သေနာပတိချုပ်ရဲ့ လက်ထဲ ထည်ပေးမယ်လို့ ငါပြောပြီးသားပဲ။ ငါတို့ရဲ့ ရိက္ခာတွေကို စစ်တပ်တစ်ခု စောင့်ကြပ်နေမှသာ လုံခြုံလိမ့်မယ်။ "
" ဝန်ကြီးချုပ်က အခုကစပြီး အခြားမြို့တွေကနေ ရိက္ခာတွေပေးပို့ဖို့ တာဝန်ယူရမယ်။ ရိက္ခာတွေ ဟန်တန်ကို ရောက်လာတာနဲ့ အဲ့ဒါတွေကို လုံလုံခြုံခြုံသိမ်းဆည်းဖို့ စစ်သေနာပတိချုပ်ကို လွှဲပြောင်းပေးရမယ်။ " ကျောက်ယန်က အမိန့်ပေးလိုက်သည်။
" အမိန့်အတိုင်းပါ။ " ကောခိုင်က အခြားရွေးချယ်စရာမရှိသဖြင့် လက်ခံလိုက်ရတော့သည်။
ဖန်ရွှမ်က ကျောက်ယန်၏ ယုံကြည်မှုကြောင့် အလွန်စိတ်လှုပ်ရှားသွားပြီး ဒူးထောက်လိုက်သည်။ " ကျွန်တော်မျိုးက အရှင်မင်းကြီးအပေါ် သေတဲ့အထိ သစ္စာရှိမှာဖြစ်သလို အရှင်မင်းကြီးကို ဘယ်တော့မှ စိတ်ပျက်စေမှာမဟုတ်ပါဘူး။ "
" ဝန်ကြီးချုပ်။ " ကျောက်ယန်က လေးနက်စွာ ပြောလိုက်သည်။ " စစ်သေနာပတိချုပ် သတိပေးတာ တော်သေးတယ်။ ဟန်တန်မှာရှိတဲ့ ရိက္ခာတွေက စစ်တပ်အတွက် လေးလစာတောင် မပြည့်ချင်ဘူး။ မင်း အမြန်ဆုံး ရိက္ခာတွေ စုဆောင်းရမယ်။ "
" အရှင်မင်းကြီး " ကောခိုင်က ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။ " ကျွန်တော်မျိုးက မစုဆောင်းတာမဟုတ်ပါဘူး။ ရှာစရာရိက္ခာကို မရှိတော့တာပါ။ ကျောက်က အခုအချိန်မှာ စစ်မီးတောက်လောင်နေပါတယ်။ ကျွန်တော်မျိုးတို့က ယန်နိုင်ငံနဲ့ လပေါင်းများစွာ တိုက်ခဲ့ရလို့ မရေတွက်နိုင်တဲ့ ရိက္ခာတွေ ကုန်ခဲ့ပါတယ်။ အခုလည်း ချင်ရဲ့ ကျူးကျော်မှုကြောင့် ကျန်တဲ့မြို့တွေက ရိက္ခာတွေက ချင်စစ်တပ်ရဲ့ လက်ထဲ ရောက်သွားပါတယ်။ "
" နိုင်ငံတည်တံ့ဖို့အတွက် ကျောက်ပြည်သူတိုင်မှာ ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိတယ်။ " ကျောက်ယန်က အမိန့်ပေးလိုက်သည်။ " ငါ့ရဲ့ အမိန့်ကို ထုတ်ပြန်လိုက်။ ငါတို့ အခွန်တွေ ပိုတိုးကောက်မယ်။ ရလာတဲ့ငွေနဲ့ ဆန်စကားတွေကို ရိက္ခာဝယ်ဖို့ သုံးစွဲရမယ်။ "
" အရှင်မင်းကြီး " ကျောက်ယိက ကြားဖြတ်ဝင်ပြောလိုက်သည်။ " ကျောက်ရဲ့ အခွန်က အခုတောင် ၇၀ ရာခိုင်နှုန်း ရှိနေပါပြီ။ ထပ်တိုးမယ်ဆိုရင် အနည်းဆုံး ၈၀ ရာခိုင်နှုန်း ဖြစ်သွားပါလိမ့်မယ်။ သာမန်ပြည်သူတွေက အသက်ရှင်ရပ်တည်နိုင်မှာ မဟုတ်တော့ဘူး။ "
ကျောက်ယန်နှင့်မတူဘဲ ကျောက်ယိက ကျောက်နိုင်ငံ၏ ပြည်သူများအပေါ် ကိုယ်ချင်းစာစိတ်ရှိနေဆဲ ဖြစ်သည်။
" ချင်က ဘယ်လောက်တောင် ရက်စက်ကြမ်းကြုတ်လဲဆိုတာ ငါ အထူးတလည် ရှင်းပြနေဖို့ မလိုဘူး။ " ကျောက်ယန်က ပြန်ပြောလိုက်သည်။ " ချန်ဖျင်တိုက်ပွဲကို မှတ်မိသေးလား။ ကျောက်စစ်သည်လေးသိန်း လက်နက်ချပြီးတဲ့နောက်မှာ ချင်က တစ်ကမ္ဘာလုံးကို တုန်လှုပ်စေခဲ့တဲ့ လူသတ်ပွဲကြီးကို ကျူးလွန်ခဲ့တာပဲ။ တကယ်လို့ ချင်က ငါတို့မြို့တော်ကို ထိုးဖောက်နိုင်ခဲ့ရင် ငါတို့ရဲ့ ပြည်သူသန်းနှစ်ဆယ်နီးပါးက ကျွန်ပြုခံရလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် ဘယ်နှစ်ယောက်တောင် သေကြမလဲ။ "
" ကျောက်ရှင်သန်ရေးအတွက် ဒါက ပြည်သူတိုင်း ထမ်းဆောင်ရမယ့် တာဝန်ပဲ။ အခွန်က မြင့်နေတာမှန်တယ်။ ဒါပေမယ့် ချင်ကို တွန်းလှန်ပြီးရင် ငါတို့က သဘာဝအတိုင်း သူတို့ကို ပြန်ပေးဆယ်မယ်။ " ကျောက်ယန်က အမူအရာမပြောင်းလဲဘဲ ပြောလိုက်သည်။