← Chapters

အခန်း (၁၇၁-၁၇၂)

Vol. 18 Ch. 171-173

အခန်း (၁၇၁-၁၇၂)

Vol. 18 Ch. 171-173

အခန်း။ ၁၇၁

“စီနီယာအစ်ကိုကွမ်း... ကျွန်တော် အရေးကြီးကိစ္စတစ်ခု ပေါ်လာလို့။ စီနီယာအစ်မလီဆီကို အရင်သွားနှင့်လိုက်ပါ။ နောက်မှ ကျွန်တော် မူးယစ်နတ်သက်ကြွေ စားသောက်ဆောင်မှာ လိုက်လာခဲ့ပါ့မယ်"

ချန်ကျီရှင်းမှာ ထိုသို့အလျင်အစလို ပြောကြားပြီးနောက် လျင်မြန်စွာပင် ထွက်ခွာသွားတော့သည်။

“ဟေ့... နေဦးလေ...”

ကွမ်းထျန်းယွီ စကားပြောရန် ပြင်လိုက်သော်လည်း ချန်ကျီရှင်းမှာ သူ၏မြင်ကွင်းအတွင်းမှ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

“ညီလေးရှောင်ကတော့ တစ်နေ့ထက်တစ်နေ့ ပိုပြီး လျှို့ဝှက်ချက်တွေ များလာပါလား"

သူသည် တစ်ဦးတည်း ရေရွတ်ရင်း ခေါင်းခါယမ်းကာ လီရန်၏ အိမ်တော်ရှိရာသို့ လျှောက်လှမ်းသွားတော့သည်။

ကျွတ်စ်။

အနက်ရောင် တိမ်တိုက်ပုံစံနှင့် အဖြူရောင်အောက်ခံပါသော ဖိနပ်တစ်စုံမှာ ခြောက်သွေ့နေသော သစ်ကိုင်းတစ်ခုကို နင်းခြေလိုက်ရာ သစ်ကိုင်းမှာ အပိုင်းပိုင်း ပြတ်တောက်သွားခဲ့သည်။

ချန်ကျီရှင်းမှာ ခြေလှမ်းရပ်လိုက်ပြီး ပတ်ဝန်းကျင်၌ လူသူကင်းရှင်းကြောင်း သေချာမှသာ သူ၏ခါးမှ ဆက်သွယ်ရေးအဆောင်ကို ထုတ်ယူလိုက်သည်။ သူသည် ပထမဆုံးအနေဖြင့် မိသားစုထံမှ လာသော သတင်းကို ဖွင့်ဖတ်လိုက်၏။

ထိုသတင်းမှာ အကြီးအကဲမဟူရာထံမှ ဖြစ်ပြီး အတော်လေးကို ရိုးရှင်းသည်။ ပထမပိုင်းတွင် ချန်ကျီရှင်း၏ ကျန်းမာရေးနှင့် ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေရှိ သူ၏နေထိုင်မှုဘဝကို ခင်မင်ရင်းနှီးစွာ မေးမြန်းထားခြင်းပင်။ ထို့နောက်တွင်မူ သူမိသားစုထံ ပြန်လာသည့်အခါ အကြီးအကဲမင်ဆိုသူကို သတိထားရန် သတိပေးချက် ပါဝင်နေသည်။ အကြီးအကဲမင်မှာ အလွန်ပင် ကောက်ကျစ်စဉ်းလဲသူဖြစ်သဖြင့် လုံးဝမယုံကြည်သင့်ကြောင်း ရေးသားထား၏။

ဤသည်မှာ ချန်ကျီရှင်း၏ မျက်နှာကို ထူးဆန်းသွားစေသည်။

ငါမှတ်မိတာတော့ အကြီးအကဲမင်နဲ့ အကြီးအကဲမဟူရာက သေအတူရှင်မတူ သစ္စာဆိုထားတဲ့ ညီအစ်ကိုတွေပါပဲ။ အခုကျမှ ဘာဖြစ်လို့ အကြီးအကဲမင်ကို နောက်ကျောက ဓားနဲ့ထိုးတဲ့ စကားတွေ ရေးနေရတာလဲ။

သူသည် ခေါင်းခါယမ်းကာ ဆက်လက်ဖတ်ရှုလိုက်သည်။ နောက်ထပ်ပါဝင်သော အကြောင်းအရာများမှာ ပိုမိုလေးနက်ပြီး ချင်းထျန်းကျန့်ကို သတိထားရန်နှင့် သူ၏ထောင်ချောက်အတွင်းသို့ မကျဆင်းစေရန် အဓိက တိုက်တွန်းထားခြင်းပင်။

ဤအချက်က ချန်ကျီရှင်းကို ရယ်ချင်စိတ်ဖြစ်ပေါ်စေသည်။ သူ၏အဖိုးမှာ သူ့ကို သူများက မြှူဆွယ်၍ ခေါ်ဆောင်သွားမည်ကို စိုးရိမ်နေခြင်းပင်။

ထိုမျှနှင့်ပင် ထိုသတင်းစကားမှာ ပြီးဆုံးသွားသည်။

“မိသားစုက လူကြီးတွေ ဒီရက်ပိုင်း တော်တော်လေး အားနေကြပုံပဲ"

ချန်ကျီရှင်းမှာ ခေါင်းခါယမ်းလိုက်ပြီးနောက် ဒုတိယမြောက် ဆက်သွယ်ရေးအဆောင်ကို ထုတ်ယူလိုက်သည်။ ဤအဆောင်အတွင်းရှိ အကြောင်းအရာမှာ အလွန်တိုတောင်းပြီး စာတစ်ကြောင်းတည်းသာ ပါရှိ၏။

[နောက်ဆယ်ရက်ကြာရင် မုန့်ဟဲတုန်းက ချင်းကျိုးနယ်မြေကနေ ထွက်ပြီး ကျန်းကျိုးရဲ့ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေကို ဦးတည်ပြီးလာလိမ့်မယ်]

ဤသည်ကို မြင်လိုက်ရသောအခါ ချန်ကျီရှင်း၏ မျက်လုံးများမှာ တဖြည်းဖြည်း မှေးကျဉ်းသွားတော့သည်။

“နောက်ဆုံးတော့ စတော့မှာပေါ့”

ချန်ကျီရှင်း၏ အကြည့်များမှာ အနည်းငယ် လှုပ်ခတ်သွားသည်။ နွေဦးကာလရောက်ရန် ရက်ပေါင်းနှစ်ဆယ်ထက်မပိုတော့ပေ။ နောက်ဆုံး ရက်ပေါင်းနှစ်ဆယ်အတွင်း ကောင်းကင်ဘုံက ရွေးချယ်ထားသော အဓိကဇာတ်လိုက် ကိုးဦးအနက် တစ်ဦးဖြစ်သည့် မုန့်ဟဲတုန်းမှာ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေသို့ ရောက်ရှိလာတော့မည် ဖြစ်သည်။

သူမှတ်မိသလောက်ဆိုလျှင် ထိုအချိန်မှစ၍ ကံကြမ္မာ၏ စက်ဝန်းမှာ စတင်လည်ပတ်တော့မည် ဖြစ်သည်။ မုန့်ဟဲတုန်းမှာ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေ တစ်ခုလုံးကို အနိုင်ယူပြီး အရှေ့နက်နဲသောနယ်ပယ်၏ နံပါတ်တစ် ပါရမီရှင်အဖြစ် သူ့ကိုယ်သူ ခိုင်မာစွာ သက်သေပြလိမ့်မည်။

ဆန့်ကျင်ဘက်အနေဖြင့် လီရန်မှာမူ ထိုအချိန်မှစ၍ ကျရှုံးသွားကာ ဝေးလံသောအရပ်သို့ ဆုတ်ခွာသွားရလိမ့်မည်။ ကောင်းကင်လှိုင်း နတ်မိမယ်ဆိုသည့် သူမ၏အမည်မှာလည်း နောက်နောင်တွင် ဘယ်သောအခါမှ ကြားရတော့မည် မဟုတ်ပေ။

“ဒီဘဝမှာတော့...”

“လီရန်က ငါ့အပေါ် မကောင်းတာ တစ်ခုမှ မရှိခဲ့ဘူး။ ဒါကြောင့် လီရန်အတွက်ပဲဖြစ်ဖြစ် ငါ့အတွက်ပဲဖြစ်ဖြစ် ဒီဇာတ်ကြောင်းကို ငါ သေချာပေါက် ပြောင်းလဲပစ်ရမယ်"

ချန်ကျီရှင်းမှာ တစ်ဦးတည်း ရေရွတ်လိုက်ပြီးနောက် သူ၏မျက်နှာထက်တွင် ဖျတ်ခနဲ အပြုံးတစ်ခု ပေါ်လာခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ဖြန့်ကြက်ထားခဲ့သော ကွန်ရက်ကြီးကို ယခုအခါ ပြန်လည်ရုပ်သိမ်းရန် အချိန်တန်ပြီဖြစ်သည်။

နာရီဝက်ခန့် ကြာပြီးနောက်။

ချန်ကျီရှင်းသည် မူးယစ်နတ်သက်ကြွေ စားသောက်ဆောင်သို့ ရောက်ရှိလာခဲ့သည်။

ကွမ်းထျန်းယွီနှင့် လီရန်တို့မှာ ပြတင်းပေါက်ဘေးတွင် ထိုင်နေကြပြီး သူတို့အပြင် အခြားဝိုင်းများ၌လည်း တောင်ဘက်နှင့် မြောက်ဘက်တောင်ထိပ်မှ တပည့်အချို့ ရှိနေကြသည်။

“နတ်ဘုရားသားတော်”

ချန်ကျီရှင်း ရောက်လာသည်ကို မြင်လျှင် တပည့်များမှာ အလျင်အမြန် မတ်တတ်ရပ်ကာ ရိုသေစွာ ဦးညွှတ်နှုတ်ဆက်ကြသည်။

“အင်း"

ချန်ကျီရှင်းက ခေါင်းငြိတ်ပြကာ တုံ့ပြန်လိုက်ပြီး ပြတင်းပေါက်ဘေးရှိ ဝိုင်းတွင် ဝင်ထိုင်လိုက်သည်။

“ညီလေးရှောင်... နောက်ဆုံးတော့ ရောက်လာပြီပဲ။ လာပါဦး... မင်းရဲ့ စီနီယာအစ်မလီကို ကူပြီး ဖျောင်းဖျပေးပါဦး။ ကြည့်စမ်း... သူ တစ်ကိုယ်လုံး စိတ်နဲ့ကိုယ်နဲ့ မကပ်သလို ဖြစ်နေတယ်”

ကွမ်းထျန်းယွီက အလျင်အမြန်ပင် ပြောလိုက်သည်။

ချန်ကျီရှင်းသည် လီရန်ကို တစ်ချက်ကြည့်လိုက်ရာ သူမ၏ မျက်ဝန်းများမှာ ငိုက်စိုက်ကျနေပြီး မျက်နှာမှာ အနည်းငယ် ဖြူဖျော့ကာ စိတ်ဓာတ်ကျနေသည့် အမူအရာ ပေါ်လွင်နေသည်ကို တွေ့လိုက်ရသည်။ သူမသည် အရင်ကကဲ့သို့ တက်ကြွလန်းဆန်းပြီး ပေါ့ပေါ့ပါးပါး ရှိလှသော ပုံစံနှင့် လုံးဝကို ကွာခြားနေတော့သည်။

“ဘာဖြစ်လို့လဲ”

ချန်ကျီရှင်းက မျက်ခုံးပင့်ကာ မေးမြန်းလိုက်သည်။

လီရန်သည် ထိုစကားကို ကြားသောအခါ ခေါင်းမော့ကြည့်လာပြီး မချိပြုံး ပြုံးပြကာ “ဘာမှမဟုတ်ပါဘူး... ငါ့ရဲ့ ပုဂ္ဂိုလ်ရေးကိစ္စလေးတွေပါ။ စိတ်ပူစရာ မရှိပါဘူး...”

လီရန် စကားမဆုံးမီမှာပင်

“မင်းကတော့လေ... ညီလေးရှောင်ရှေ့မှာတောင် ဘာလို့ ဟန်ဆောင်နေရတာလဲ”

ကွမ်းထျန်းယွီက လီရန်ကို စိတ်မရှည်သလို ကြည့်လိုက်ပြီးနောက် ချန်ကျီရှင်းဘက်သို့ လှည့်ကာ ပြောလိုက်သည်။

“ညီလေးရှောင်... အကြောင်းရင်းကတော့ ချင်းကျိုးနယ်မြေ မုန့်မျိုးနွယ်စုက မုန့်ဟဲတုန်းကိစ္စပဲ။ မင်းလည်း သူ့ကို မှတ်မိတယ် မဟုတ်လား”

“အဲဒီလူက ငါတို့ရဲ့ စီနီယာအစ်မလီကို စိန်ခေါ်ဖို့ ငါတို့ရဲ့ ဂိုဏ်းဆီကို လာနေတယ်တဲ့"

“တကယ်တော့ ဒါက အဓိကပြဿနာ မဟုတ်ပါဘူး။ သူလာရင်လည်း ငါတို့ ပြန်တိုက်မှာပေါ့၊ ဘာကြောက်စရာ ရှိလို့လဲ”

“အဓိက ပြဿနာက ကျင့်ကြံခြင်းလောကထဲမှာ သတင်းတွေ ပွက်လောရိုက်နေတာပဲ။ ငါတို့ရဲ့ စီနီယာအစ်မလီက လူအကဲမခတ်တတ်လို့ ပါရမီရှင်တစ်ယောက်ကို လက်လွတ်ဆုံးရှုံးခဲ့ရတယ်ဆိုတာမျိုး၊ လီရန်က အရမ်းမာနကြီးခဲ့လို့ အခုတော့ ဝဋ်ပြန်လည်နေပြီဆိုတာမျိုး... အဲဒီလို ကဲ့ရဲ့လှောင်ပြောင်တဲ့ စကားတွေ အနှံ့အပြား ဖြစ်နေတာ"

“အတိုချုပ်ပြောရရင် ဘယ်သူ့ဆီကမှ ကောင်းတဲ့စကား တစ်ခွန်းမှ ထွက်မလာဘူး။ လူအများစုက စီနီယာအစ်မလီ အရှက်ရမှာကိုပဲ ထိုင်စောင့်နေကြတာ"

“ဒီလူတွေက မုန့်ဟဲတုန်း ဘယ်လောက်ပဲ တော်နေပါစေ စီနီယာအစ်မလီကတော့ ဒီစေ့စပ်မှုကို ဖျက်သိမ်းမှာပဲဆိုတာကို နားမလည်ကြဘူး။ စီနီယာအစ်မလီက တစ်ခါမှ မမြင်ဖူးတဲ့လူနဲ့ လက်မထပ်ချင်တာက သဘာဝမကျဘူးလား”

ကွမ်းထျန်းယွီမှာ ပြောရင်းဆိုရင်း ပို၍ ဒေါသထွက်လာကာ ချန်ကျီရှင်းဘက်သို့ လှည့်၍ ဆက်ပြောသည်။

“ညီလေးရှောင်... ငါတော့ လုံးဝ နားမလည်နိုင်ဘူး။ မုန့်ဟဲတုန်းက ဝတ္ထုထဲက ဇာတ်လိုက်မို့လို့

လား။ ဒီလောကကြီးက သူ့ကိုပဲ ဗဟိုပြုပြီး လည်ပတ်နေရမှာလား။ ဘယ်သူကမှ သူ့ကို ငြင်းပယ်လို့ မရဘူးလား။ သူ့ကို ငြင်းလိုက်တာနဲ့ပဲ မှားသွားတာလား။ အဲဒါက ပြစ်မှုတစ်ခုလား”

“မုန့်ဟဲတုန်းက အခု အရှေ့နက်နဲသောနယ်ပယ်ရဲ့ နံပါတ်တစ် ပါရမီရှင်ဖြစ်နေပြီဆိုတာကို အသိအမှတ်ပြုပေးရမယ်ဆိုရင်တောင် ဘာဖြစ်လဲ။ ငါတို့က သူ့ရဲ့ အရိပ်အောက်မှာ နေနေရတာမှ မဟုတ်တာ။ သူက သန်မာတယ်ဆိုရင်လည်း ကောင်းပြီလေ... ငါတို့က သူ့ကို သွားပြီး မနှောင့်ယှက်ရင် ပြီးတာပဲ မဟုတ်လား”

“ညီလေးရှောင်... မင်းရော ငါ့စကားကို သဘောတူတယ် မဟုတ်လား”

ချန်ကျီရှင်းမှာ တိတ်ဆိတ်စွာပင် ခေါင်းညိတ်ပြလိုက်သည်။ သူသည် လီရန်ကို ကြည့်ရင်း အရင်က မဟာကျင့်ကြံခြင်းဇာတ်လမ်းထဲတွင် အဘယ်ကြောင့် လီရန်က မုန့်ဟဲတုန်းကို ရှုံးနိမ့်ပြီးနောက် ဂိုဏ်းမှ ထွက်ခွာသွားပြီး နောက်ဆုံး၌ ဝမ်းနည်းကြေကွဲစွာဖြင့် ကွယ်လွန်သွားခဲ့ရသည်ကို နားလည်သွားတော့သည်။

လီရန်ကို အမှန်တကယ် ချိုးနှိမ်ဖျက်ဆီးလိုက်သည်မှာ မုန့်ဟဲတုန်း မဟုတ်ဘဲ လောကကြီး၏ ပျံ့နှံ့နေသော ကောလာဟလ စကားများသာ ဖြစ်ပေလိမ့်မည်။

“စီနီယာအစ်မလီ... အကယ်၍ အကူအညီလိုအပ်တဲ့ အချိန်ရှိရင် ကျွန်တော့်ကို ပြောပါ။ ကျွန်တော် ကူညီပေးပါ့မယ်”

ချန်ကျီရှင်းက လေးနက်စွာ ပြောလိုက်သည်။

ထိုစကားကြောင့် လီရန်မှာ အံ့အားသင့်သွားပြီး ချန်ကျီရှင်းကို မော့ကြည့်လိုက်မိသည်။ ချန်ကျီရှင်း၏ လေးနက်သော မျက်နှာထားကို မြင်သောအခါ လီရန်၏ ရင်ထဲ၌ နွေးထွေးမှုတစ်ခုကို ခံစားလိုက်ရ၏။

“မောင်လေးရှောင်... ရပါတယ် ငါ့ဘာသာငါ ဖြေရှင်းနိုင်ပါတယ်...”

လီရန်က ချန်ကျီရှင်းကို ဤကိစ္စများထဲသို့ ဆွဲမသွင်းလိုသဖြင့် အတင်းအကျပ် ပြုံးပြကာ ငြင်းပယ်လိုက်သည်။

ချန်ကျီရှင်းမှာ ထပ်ပြီး မတိုက်တွန်းတော့ဘဲ လီရန်ကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကာ ခေါင်းညိတ်ပြလျက် ပြုံးလိုက်သည်။

“ဒါဆိုလည်း ကောင်းပါပြီ"

“ကဲ... ထားလိုက်ကြပါတော့ ဒီအကြောင်းတွေ ပြောမနေဘဲ တခြား ပျော်စရာကောင်းတာလေးတွေပဲ ပြောကြရအောင်”

ကွမ်းထျန်းယွီက ကြားဝင်ပြောဆို လိုက်သည်။

အချိန်ကာလက တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့သည်။

ချန်ကျီရှင်း၊ လီရန်နှင့် ကွမ်းထျန်းယွီတို့ မူးယစ်နတ်သက်ကြွေ စားသောက်ဆောင်တွင် ဆုံတွေ့ခဲ့ကြသည်မှာ အချိန်အားဖြင့် လဝက်ခန့် ရှိခဲ့ပြီဖြစ်သည်။

ထိုလဝက်အတွင်း ချန်ကျီရှင်းသည် ကျင့်ကြံခြင်းအခန်းအတွင်း၌သာ အချိန်ကုန်ဆုံးစေခဲ့ပြီး မလှုပ်မယှက် တောက်ပသော ဘုရင်ကျမ်းစာနှင့် နွားနတ်ဆိုး ကြယ်တာရာကျင့်စဉ်တို့ကို အားသွန်ခွန်စိုက် ကျင့်ကြံခဲ့သည်။ ထိုကျင့်စဉ်နှစ်ခုမှာ တစ်ခုနှင့်တစ်ခု အထောက်အကူပြုနေသဖြင့် ကျင့်ကြံမှုမှာ အဆပေါင်းများစွာ ပိုမိုထိရောက်ခဲ့သည်။

တိုတောင်းလှသော လဝက်အတွင်းမှာပင် ချန်ကျီရှင်း၏ ခန္ဓာကိုယ်အတွင်းရှိ နွားနတ်ဆိုးအစွမ်းများ ကိန်းအောင်းရာ ကြယ်တာရာအမှတ်အသားများမှာ ၅၁၂ ခုမှ ၅၃၀ အထိ လျင်မြန်စွာ တိုးတက်လာခဲ့သည်။ ဤသည်မှာ ချန်ကျီရှင်းအတွက် စံချိန်တင် ကျင့်ကြံမှုအရှိန်ပင်။

ထိုအရှိန်ကြောင့်ပင် ချန်ကျီရှင်း၏ ခွန်အားမှာ နေ့စဉ်နှင့်အမျှ တော်လှန်ရေးတစ်ရပ်သဖွယ် ပြောင်းလဲနေပြီး ရုပ်ခန္ဓာအင်အားမှာလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးတက်လာခဲ့သည်။

ထို့အပြင် တုကူးနီသည်လည်း အရှေ့ပင်လယ်အောက်ခြေမှ ပြန်လည်ရောက်ရှိလာခဲ့ပြီး ချန်ကျီရှင်းအတွက် ကောင်းကင်ဆွဲငင်အားကျောက်တုံးအမြောက်အမြားကို သယ်ဆောင်လာခဲ့သည်။ ယခုအခါ ချန်ကျီရှင်း၏ ဆွဲငင်အားထိန်းချုပ်မှုမှာ စတုရန်းဧရိယာတစ်ခုအတွင်း ပေါင်ချိန်သန်းပေါင်းနှစ်ဆယ်အထိ ရှိလာခဲ့ပြီဖြစ်သည်။

ဂိုဏ်းတွင်းပြိုင်ပွဲပြီးဆုံးချိန်မှစ၍ တစ်လမပြည့်မီသော အချိန်အတွင်းမှာပင် ချန်ကျီရှင်း၏ အစွမ်းမှာ နယ်ပယ်အသစ်တစ်ခုသို့ လုံးဝရောက်ရှိသွားပြီဟု ဆိုနိုင်သည်။

“စစ်မှန်သောကိုယ်ပိုင် စတုတ္ထအဆင့်ကို ချိုးဖျက်ဝင်ရောက်ဖို့ အချိန်တန်ပြီ"

ချန်ကျီရှင်းသည် သူ၏မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ သူ၏မျက်ဝန်းများအတွင်း၌ တောက်ပသော ကြယ်တာရာအလင်းတန်းများ စီးဆင်းနေပြီး လူသားနှင့်မတူဘဲ နတ်ဘုရားတစ်ပါးကဲ့သို့ ခန့်ညားထည်ဝါနေတော့သည်။ သူသည် အသက်ကို ဝဝရှူထုတ်လိုက်ပြီးနောက် ရုပ်ခန္ဓာ၏ မဟာတာအိုမျိုးစေ့ကို စုစည်းရန် ပြင်ဆင်လိုက်သည်။

ထိုစဉ်မှာပင် အိမ်တော်အပြင်ဘက်မှ ဆူညံသံများနှင့် ရုတ်ရုတ်သဲသဲ ဖြစ်နေသံများကို ကြားလိုက်ရသည်။

“အင်း”

ချန်ကျီရှင်းသည် မျက်ခုံးပင့်လိုက်ပြီး သူ၏အကြည့်များဖြင့် ဟင်းလင်းပြင်ကို ဖောက်ထွက်ကာ အိမ်တော်အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။

“မြန်မြန်... မြန်မြန်သွားကြစမ်း ချင်းကျိုးနယ်မြေ မုန့်မျိုးနွယ်စုက မုန့်ဟဲတုန်း ရောက်လာပြီ”

“မုန့်ဟဲတုန်းက တောင်ခြေကိုတောင် ရောက်တော့မယ်ထင်တယ်”

“ဟား... လူတွေအများကြီး လာနေကြတာပဲ။ နယ်ပယ်အသီးသီးက ကျင့်ကြံသူတွေ အကုန်ရောက်နေကြတာ”

“ဒီတစ်ခါတော့ နတ်မိမယ်လေး ဒုက္ခရောက်တော့မှာပဲ”

“သွားကြစို့ မုန့်ဟဲတုန်းက ငါတို့နတ်မိမယ်ကို အနိုင်ယူပြီး အရှက်ခွဲချင်တယ်ဆိုရင် ငါတို့အားလုံးကို အရင်ကျော်ဖြတ်သွားရမယ်”

“ဟုတ်တယ် ငါတို့ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေမှာ လူမရှိဘူးလို့ သူထင်နေတာလား။ သူစိမ်းတစ်ယောက်က ငါတို့နတ်မိမယ်ကို လာပြီးစော်ကားတာကို ငါတို့က ဒီအတိုင်း ထိုင်ကြည့်နေရမှာလား”

“ညီအစ်ကိုတို့... မုန့်ဟဲတုန်းကို အရင်ဆုံး သင်ခန်းစာကောင်းကောင်း ပေးလိုက်ကြရအောင်”

“တောင်ထိပ်သခင်လည်း တရားရှုမှတ်ရာကနေ ထွက်လာပြီတဲ့”

“တောင်ဘက်တောင်ထိပ်က ညီအစ်ကိုတို့... ငါတို့ကို စောင့်ဦး လီရန်က ငါတို့ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေ တစ်ခုလုံးရဲ့ နတ်မိမယ်ပဲ။ ပုံမှန်ဆိုရင် ငါတို့ တောင်ထိပ်နှစ်ခုကြားမှာ အဖုအထစ်တွေ ရှိခဲ့ရင်တောင် အခုချိန်မှာတော့ ငါတို့က မိသားစုဝင်တွေပဲ ပြင်ပရန်သူကို အတူတူ တိုက်ထုတ်ကြမယ်”

“မှန်တယ် မြောက်ဘက်တောင်ထိပ်ကလည်း ကူညီဖို့ ရောက်လာပြီ”

တောင်ဘက်နှင့် မြောက်ဘက် တောင်ထိပ်နှစ်ခုလုံးမှာ ဆူညံပွက်လောရိုက်နေတော့သည်။ တပည့်ပေါင်းများစွာမှာ သူတို့၏ ဂူများအတွင်းမှ ထွက်လာကြပြီး တောင်တံခါးဝရှိရာသို့ အင်တိုက်အားတိုက် ချီတက်သွားကြသည်။ ထိုစဉ်က ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေအတွင်းရှိ တပည့်များမှာ ရှားရှားပါးပါးပင် တညီတညွတ်တည်း ဖြစ်နေကြပြီး ရန်သူကို အတူတူ တိုက်ထုတ်လိုသည့် စိတ်ဓာတ်များဖြင့် ပြည့်နှက်နေကြသည်။

ချန်ကျီရှင်းသည် သူ၏အကြည့်ကို ပြန်လည်ရုပ်သိမ်းကာ ဖြည်းဖြည်းချင်း မတ်တတ်ရပ်လိုက်သည်။

“လင်းယုန်ပေါက်လေးကတော့ ပျံသန်းဖို့ အသင့်ဖြစ်နေပြီပဲ"

“မုန့်ဟဲတုန်း... နောက်ဆုံးတော့ မင်းရောက်လာပြီပေါ့”

ကျွီ….

တံခါးကို တွန်းဖွင့်လိုက်ပြီးနောက် ချန်ကျီရှင်းသည် အိမ်တော်အတွင်းမှ တစ်လှမ်းချင်း လှမ်းထွက်လာခဲ့တော့သည်။

...

...

တစ်ချိန်တည်းမှာပင် ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေ၏ တောင်တံခါးခြေရင်း၌။

မုန့်ဟဲတုန်းမှာ ရောက်မလာသေးသော်လည်း နယ်ပယ်အသီးသီးမှ မြောက်မြားစွာသော ကျင့်ကြံသူများမှာ ဆယ်နှစ်တာ ကြာမြင့်ခဲ့သည့် ဤတိုက်ပွဲကို ကြည့်ရှုရန် အလိုအလျောက် စုရုံး၍ ရောက်ရှိနေကြပြီဖြစ်သည်။ သူတို့သည် တောင်တံခါးခြေရင်းတွင် ရပ်နေကြပြီး မျက်နှာများထက်တွင် ကဲ့ရဲ့လိုသော အပြုံးများဖြင့် ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေ၏ အရှက်ရမည့် ပွဲကြီးပွဲကောင်းကို စောင့်ကြည့်ရန် အသင့်ဖြစ်နေကြသည်။

ထိုလူအများစုမှာ ကျင့်ကြံခြင်းလောက၏ အောက်ခြေအဆင့်မှ လူများ၊ အဆင့်နိမ့် ကျင့်ကြံသူများနှင့် မည်သည့်နောက်ခံမျှမရှိသော လေလွင့်ကျင့်ကြံသူများသာ ဖြစ်ကြသည်။ သူတို့အတွက် ကျင့်ကြံခြင်းလမ်းခရီးမှာ မှေးမှိန်နေပြီဖြစ်ရာ သူတို့ထက် အဆင့်အတန်းမြင့်မားပြီး လက်လှမ်းမမီသော သူများမှာ အောက်သို့ ပြုတ်ကျသွားကာ နင်းချေခံရသည်ကို မြင်တွေ့ရခြင်းမှာ သူတို့အတွက် အကြီးမားဆုံးသော ကျေနပ်မှုပင်။

အထူးသဖြင့် မုန့်ဟဲတုန်း၏ နိမ့်ကျရာမှ အောင်မြင်လာသည့်ဇာတ်လမ်းမှာ သူတို့ကိုယ်တိုင် မုန့်ဟဲတုန်း ဖြစ်သွားသကဲ့သို့ ခံစားချက်ကို ပေးစွမ်းနေသည်။

“ကောင်းကင်လှိုင်း နတ်မိမယ်ဆိုတာ ဘာများလဲ ငါ့အမြင်မှာတော့ အမြင်ကျဉ်းမြောင်းတဲ့ မိန်းမမိုက်တစ်ယောက်ပဲ”

“ဟားဟား... မှန်တယ် မှန်တယ်။ လီရန်က စေ့စပ်မှုကို ဖျက်သိမ်းတုန်းက မုန့်ဟဲတုန်းရဲ့ ကျင့်ကြံခြင်းက နောက်ပြန်ဆုတ်နေလို့ ဘယ်တော့မှ ပြန်တက်မလာတော့ဘူးလို့ ထင်ခဲ့တာနေမှာပေါ့။ မုန့်ဟဲတုန်းက အသုံးမကျတဲ့လူ ဖြစ်မသွားတဲ့အပြင် ဒီခေတ်ရဲ့ ထိပ်တန်းပါရမီရှင် ဖြစ်လာလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။ လီရန်တော့ အခု တော်တော်နောင်တရနေမှာပဲ ဟုတ်တယ်မလား”

“ဟွန်း... ဟိုတုန်းက ငါလည်း မိန်းကလေးတစ်ယောက်ကို သဘောကျခဲ့ဖူးတယ်။ ဝမ်းနည်းစရာကောင်းတာက အဲဒီမိန်းမက လီရန်လိုပဲ ငါ့ရဲ့ ပါရမီက သာမန်ပဲရှိပြီး ကျင့်ကြံခြင်းကလည်း နိမ့်တယ်ဆိုပြီး မင်းမျိုးမင်းနွယ်သားတစ်ယောက်ကို အဖော်အဖြစ် ရွေးသွားခဲ့တာ။ တကယ့်ကို မုန်းစရာကောင်းတယ်”

“ဟုတ်တယ် အဲဒီလို မိန်းမမျိုးတွေက သေသင့်တာ။ ငါတို့က ပါရမီမရှိရုံ၊ မင်းမျိုးမင်းနွယ် မဟုတ်ရုံနဲ့ ဘာလို့ အနှိမ်ခံရမှာလဲ”

“မုန့်ဟဲတုန်း အောင်မြင်လာတာကို မြင်ရင် လီရန် ဘယ်လောက်တောင် နောင်တတွေ ရမလဲဆိုတာ မင်းတို့ စဉ်းစားကြည့်စမ်း”

လူတိုင်းက လှောင်ပြောင်ကဲ့ရဲ့နေကြစဉ်မှာပင် လူအုပ်၏ အနောက်ဘက်မှ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သံ ထွက်ပေါ်လာခဲ့သည်။

“မုန့်ဟဲတုန်း ရောက်လာပြီ”

အခန်း။ ၁၇၂

သစ်ပင်ထက်ရှိ သစ်ရွက်စိမ်းကလေးများသည် စိမ်းစိုသော ကျောက်စိမ်းများသဖွယ် အဆင်တန်ဆာ ဆင်ထားကြပြီး ထောင်သောင်းမကသော သစ်ကိုင်းနွယ်တို့သည် ပိုးသားကြိုးများအလား အောက်သို့ တွဲလောင်းကျနေကြသည်။

တိတ်ဆိတ်ငြိမ်သက်စွာ ရွာသွန်းနေသော နွေဦးမိုးပြေကလေးနှင့်အတူ မိုးစက်မိုးပေါက်များက ညင်သာစွာ ကျဆင်းနေ၏။ အရင်က ခြောက်သွေ့ညှိုးနွမ်းပြီး ဆောင်းဦးရာသီကဲ့သို့ ဖုန်းဆိုးတောပြင် ဖြစ်နေခဲ့သော မြေကမ္ဘာမှာ တစ်ညတာအတွင်း ပြန်လည်နိုးထလာခဲ့သကဲ့သို့ပင်။

ခြောက်သွေ့အေးစက်လှသော လမ်းမကြီး၏ ဘေးတစ်ဖက်တစ်ချက်တွင် လေနှင့်အတူ အအေးဓာတ်အချို့ ပါဝင်နေဆဲ ဖြစ်သော်လည်း ကျောက်တုံးကြားမှ တိုးထွက်လာသော မြက်ပင်ကလေးများမှာ နုပျိုလန်းဆန်းသော အစိမ်းရောင်ကို ဖော်ဆောင်နေကြသည်။ လမ်းမကြီးနှင့် အလှမ်းဝေးသော လယ်ကွင်းများဆီတွင်မူ ဂျုံပင်ပေါက်ကလေးများမှာ စိမ်းစိုလာပြီး မိုးကုပ်စက်ဝိုင်းအထိ တမျှော်တခေါ် ကျယ်ပြန့်နေသည်မှာ အစိမ်းရောင်လှိုင်းလုံးကြီးများအလား ထင်မှတ်ရသည်။

အဝေးတစ်နေရာမှ လူရိပ်နှစ်ခုသည် တဖြည်းဖြည်းချင်း ချဉ်းကပ်လာကြသည်။

အစပိုင်းတွင် ထိုလူနှစ်ဦး၏ အရှိန်မှာ အလွန်ပင် လျင်မြန်လှသော်လည်း တိမ်ပင်လယ်များအကြားမှ ပေါ်ထွက်လာသော လမင်းပမာ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေကို အဝေးမှ စတင်မြင်တွေ့လိုက်ရချိန်တွင်မူ သူတို့၏ ခြေလှမ်းများမှာ တဖြည်းဖြည်းချင်း မှန်မှန်ကန်ကန် နှေးကွေးသွားခဲ့သည်။

“အစ်ကိုမုန့်... ဟိုးရှေ့မှာ မြင်နေရတာ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေပဲ”

ချန်ချိုးအာက ခပ်ပါးပါး ပြုံးလျက် “မကြာခင်မှာပဲ အစ်ကိုမုန့်က လွန်ခဲ့တဲ့ ဆယ်နှစ်က သစ္စာဆိုခဲ့တဲ့အတိုင်း လူအများကြီးရဲ့ ရှေ့မှောက်မှာ နင်းခြေခံခဲ့ရတဲ့ ကိုယ့်ရဲ့ သိက္ခာကို ကိုယ်တိုင်ကိုယ်ကျ ပြန်လည်ရယူနိုင်တော့မှာပေါ့။ တော်တော်လေးတော့ စိတ်လှုပ်ရှားနေမှာပဲ မဟုတ်လား”

မုန့်ဟဲတုန်းသည် ထိုစကားကို ကြားသော်လည်း ပြန်မဖြေဘဲ တိမ်ပင်လယ်များအကြား ဖုံးကွယ်နေသော ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေကိုသာ မှိုင်တွေစွာ ငေးကြည့်နေမိသည်။

“ပုဖူ... ငါ အခုချိန်မှာ နည်းနည်းလေးမှ မပျော်ဘူးလို့ ပြောရင် မင်း ယုံမလား”

မုန့်ဟဲတုန်းက ရုတ်တရက် တိုးတိတ်စွာ ပြောလိုက်သည်။

“အင်း ဘာဖြစ်လို့လဲ”

ချန်ချိုးအာမှာ အံ့အားသင့်သွားရ၏။

မုန့်ဟဲတုန်းက ဘာမှရှင်းမပြဘဲ ခေါင်းခါယမ်းလိုက်ပြီး ပြုံးလျက် စကားလမ်းကြောင်း လွှဲလိုက်သည်။

“ငါ့ကို အခုလို မြင်လိုက်ရတဲ့အချိန်မှာ လီရန်က ဘယ်လိုမျက်နှာပေးမျိုး ရှိနေမလဲ။ အရမ်းကို နောင်တရနေမလား ဒါမှမဟုတ် အရင်တုန်းကလိုပဲ မာနတွေ ထောင်လွှားနေဦးမလား”

ချန်ချိုးအာက အဝေးသို့ လှမ်းကြည့်ရင်း ပြုံးလိုက်သည်။

“အခုဆိုရင် အစ်ကိုမုန့်က အရှေ့နက်နဲသောနယ်ပယ်ရဲ့ ကျော်ကြားတဲ့ ပါရမီရှင်တစ်ယောက်၊ လူတွေကြားထဲက နဂါးတစ်ကောင် ဖြစ်နေပြီပဲ။ ရေတွက်လို့မရတဲ့ မိန်းကလေးတွေက အစ်ကို့ကို ကြည်ညိုနေကြတာ။ အစ်ကို့ဘက်က အနည်းငယ် အရိပ်အယောင်ပြလိုက်ရုံနဲ့တင် ဘယ်လောက်တောင်များတဲ့ မင်းမျိုးမင်းနွယ်သမီးပျိုတွေနဲ့ ဂိုဏ်းပေါင်းစုံက နတ်မိမယ်တွေဟာ အစ်ကို့ဆီကို အလုအယက် ရောက်လာကြမလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ။ လီရန်သာ အစ်ကို့ရဲ့ အခုလို အောင်မြင်မှုတွေကို သိသွားရင်တော့ သေချာပေါက် နောင်တအကြီးအကျယ် ရနေမှာပါပဲ"

“တကယ်ပဲလား အဲဒီလိုပဲ ဖြစ်ပါစေလို့ မျှော်လင့်ရတာပဲ"

မုန့်ဟဲတုန်းက ပြုံးလိုက်ပြီးနောက် ပြန်လည်တိတ်ဆိတ်သွားပြန်သည်။ ချန်ချိုးအာသည်လည်း ဘာမှမပြောဘဲ ငြိမ်သက်နေမိသည်။

ယခုအခါ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေနှင့် တစ်ကီလိုမီတာခန့်သာ ဝေးတော့သည်။ အဝေးမှ လှမ်းမြင်နေရသော တောင်တံခါးဝတွင် အရပ်မျက်နှာအသီးသီးမှ စုရုံးရောက်ရှိလာကြသော ကျင့်ကြံသူများဖြင့် ပြည့်နှက်နေတော့သည်။

မုန့်ဟဲတုန်းသည် ခေတ္တမျှ ဝေခွဲမရဖြစ်နေပြီးမှ ရှုပ်ထွေးသော မျက်နှာပေးဖြင့် ဖြည်းညှင်းစွာ ပြောလိုက်သည်။

“တကယ်တော့ လီရန်နဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက ငါ့ရင်ထဲမှာ အငြိုးအတေးတွေ၊ မကျေနပ်ချက်တွေနဲ့ အတော်လေး ဒေါသထွက်ခဲ့မိတာ အမှန်ပဲ။ သူ ဘာလို့ ငါ့ကို အထင်သေးရတာလဲ ဘာလို့ ဒီလောက်အထိ ရိုင်းရိုင်းစိုင်းစိုင်း လုပ်ရတာလဲလို့ တွေးနေခဲ့မိတာ"

ချန်ချိုးအာက မုန့်ဟဲတုန်းကို ကြည့်လိုက်သည်။ မုန့်ဟဲတုန်း၏ မျက်ဝန်းများတွင် အတိတ်ကို ပြန်လည်တမ်းတသည့် အရိပ်အယောင်များ ပေါ်လာပြီး ခပ်ပါးပါး ပြုံးလိုက်ကာ

“အဲဒီတုန်းက ငါက ငယ်သေးတော့ စိတ်လိုက်မာန်ပါ ရှိခဲ့တာပေါ့။ သူတစ်ပါးထက် ကိုယ့်

အကြောင်းကိုယ်ပဲ ပိုတွေးခဲ့မိတယ်။ ဘယ်အရာမှာမှ အလျှော့အတင်း မရှိခဲ့ဘူး။ ဟိုလူက ငါ့အပေါ် မှားနေတယ်။ ဒီလူက ငါ့အပေါ် မကောင်းဘူးဆိုပြီး လောကကြီးအပေါ် အမြဲတမ်း အပြစ်တင်နေခဲ့မိတာ"

“လီရန်က စေ့စပ်မှုကို လာဖျက်သိမ်းတုန်းက တကယ်တော့ ငါ့ရင်ထဲမှာ သဘောတူခဲ့ပါတယ်။ သူက တစ်ခါမှ မမြင်ဖူးတဲ့သူနဲ့ မလက်ထပ်ချင်သလို ငါကရော ဘာလို့ သူစိမ်းတစ်ယောက်နဲ့ လက်ထပ်ချင်ရမှာလဲ”

“ဒါပေမဲ့ ဘာကြောင့်မှန်းမသိဘဲ ငါ့စိတ်ထဲမှာ ခံရခက်နေခဲ့တယ်။ ဒါကြောင့် မခံချင်စိတ်နဲ့ ပြိုင်ဆိုင်လိုစိတ်တွေကြားမှာ မြစ်တစ်စင်းရဲ့ အရှေ့ဘက်မှာ အနှစ်သုံးဆယ်၊ အနောက်ဘက်မှာ အနှစ်သုံးဆယ်... လူငယ်တစ်ယောက်ရဲ့ ဆင်းရဲနိမ့်ကျမှုကို ဘယ်တော့မှ အထင်မသေးနဲ့ဆိုတဲ့ စကားတွေကို ပြောပြီး လီရန်နဲ့ ဆယ်နှစ်တာ ကတိတစ်ခုကို သစ္စာဆိုခဲ့မိတာပေါ့"

ခဏမျှ ရပ်လိုက်ပြီးနောက် မုန့်ဟဲတုန်းက ခေါင်းငုံ့လိုက်ကာ သူ့ကိုယ်သူ လှောင်ပြောင်သကဲ့သို့ ရယ်မောလိုက်ပြီး

“ဒါပေမဲ့ အခုတော့ ငါလည်း အသက်နည်းနည်း ရလာပြီ။ လူတွေနဲ့ အကြောင်းအရာတွေကို ပိုပြီး မြင်တွေ့လာရပြီဆိုတော့ ငယ်စဉ်က ရှိခဲ့တဲ့ မာနထောင်လွှားမှုတွေလည်း တဖြည်းဖြည်း လျော့ပါးသွားခဲ့ပါပြီ။ အခုတော့ စိတ်က ပိုပြီး တည်ငြိမ်လာသလို တဖက်လူရဲ့ ခံစားချက်ကိုလည်း စာနာတတ်လာပြီ"

“အခု ပြန်တွေးကြည့်ရင် အဲဒီတုန်းက ကိစ္စတွေက တကယ်တော့ လီရန်ရဲ့ အမှားမဟုတ်ပါဘူး"

“ဘယ်သူကများ တစ်ခါမှ မတွေ့ဖူးတဲ့လူတစ်ယောက်ဆီကနေ မရေရာတဲ့ အရာတစ်ခုကို ထိုင်စောင့်နေမှာလဲ။ ဘာလို့များ တခြားသူတစ်ယောက်ကို ငါ့ကိုပဲ လက်ထပ်ရမယ်လို့ အတင်းအကျပ် တောင်းဆိုနေရမှာလဲ”

“စေ့စပ်မှုကို ဖျက်သိမ်းချင်တာက သူ့ရဲ့ဆန္ဒပဲလေ။ ဒီလောက်အထိ ကြီးမားလှတဲ့ တစ်သက်တာလုံးဆိုင်တဲ့ ကိစ္စကြီးကို ငါ့အပေါ်မှာပဲ ပုံအပ်ထားဖို့ မျှော်လင့်နေလို့ ဘယ်ဖြစ်ပါ့မလဲ”

“ညီအစ်ကိုပုဖူ... မင်းရော ငါ့စကားကို သဘောတူတယ် မဟုတ်လား”

ထိုစကားကို ကြားသောအခါ ချန်ချိုးအာသည် မုန့်ဟဲတုန်းကို ထူးဆန်းသလို ကြည့်လိုက်ပြီး အံ့အားသင့်စွာ မေးလိုက်သည်။

“မင်း သူ့ကို မမုန်းတော့ဘူးလား”

“နည်းနည်းပါးပါး စိတ်ဆိုးတာမျိုးတော့ ရှိနိုင်သေးပေမဲ့ မုန်းတီးနေတာမျိုးကတော့ မရှိတာ ကြာပါပြီ"

မုန့်ဟဲတုန်းက လက်ကို ဝှေ့ယမ်းလိုက်ပြီး လွတ်လပ်ပေါ့ပါးစွာ ရယ်မောလိုက်သည်။

“ပြန်စဉ်းစားကြည့်ရင် သူသာ စေ့စပ်မှုကို မဖျက်သိမ်းခဲ့ဘူးဆိုရင် ငါလည်း ဒီနှစ်တွေထဲမှာ ဒီလောက်အထိ အပင်ပန်းခံ၊ အားသွန်ခွန်စိုက် ကြိုးစားဖြစ်မှာ မဟုတ်သလို အခုလို ငါ့ဘဝမျိုးလည်း ရောက်လာမှာ မဟုတ်ဘူး"

ချန်ချိုးအာက မျက်မှောင်ကြုတ်လိုက်ပြီး “ဒါဆိုရင် မင်း ဒီတစ်ခါ ဘာလို့ လာခဲ့တာလဲ...”

သူတို့ စကားပြောနေရင်းမှာပင် ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေ၏ တောင်တံခါးဝသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ချက်ချင်းဆိုသလိုပင် အားကျကြည်ညိုသော အကြည့်ပေါင်းများစွာမှာ မုန့်ဟဲတုန်းထံသို့ ကျရောက်လာတော့သည်။

“ပါရမီရှင်မုန့် ရောက်လာပြီဟေ့”

“ဟားဟား... ပါရမီရှင်မုန့်က ကျင့်ကြံခြင်းမှာ ထူးချွန်ရုံတင်မကဘူး။ ရုပ်ရည်ကလည်း တကယ့်ကို ခန့်ညားတာပဲ။ လီရန်တော့ နောင်တတွေရလို့ မျက်နှာစိမ်းနေလောက်ပြီ”

“ပါရမီရှင်မုန့်... ဒီနေ့တော့ လီရန်ကို ခြေဖဝါးအောက်မှာ နင်းချေပြီး မင်းရဲ့ မကျေနပ်ချက်တွေကို အားရပါးရ ဖွင့်ထုတ်ပစ်လိုက်စမ်း”

“ပါရမီရှင်မုန့်... မင်းကတော့ ငါတို့အားလုံးအတွက် စံပြပုဂ္ဂိုလ်ပဲဗျာ”

မြောက်မြားစွာသော ကျင့်ကြံသူများမှာ စိတ်လှုပ်ရှားစွာဖြင့် ဝိုင်းဝန်းပြောဆိုနေကြသည်။

မုန့်ဟဲတုန်းသည် ထိုအားကျသော အကြည့်များနှင့် စိတ်အားထက်သန်သော စကားလုံးများကို လုံးဝ ဂရုမစိုက်ဘဲ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေ၏ တောင်တံခါးရှေ့တွင် ငြိမ်သက်စွာ ရပ်နေခဲ့သည်။

“ဆယ်နှစ်တာ အချိန်ဆိုတာ ဝတ္ထုထဲကလို မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားတာမျိုး မဟုတ်ဘူး။ စာတစ်ကြောင်းတည်းနဲ့ ဖော်ပြလို့ရတာလည်း မဟုတ်ဘူး။ ဒါဟာ တကယ့်ကို ရက်ပေါင်း သုံးထောင်ခြောက်ရာ့ငါးဆယ်ရဲ့ နေ့ရက်တွေနဲ့ ညတာတွေပဲ"

“ဘာပဲဖြစ်ဖြစ်... ဒီဆယ်နှစ်တာကာလအတွက် အဆုံးသတ်တစ်ခုကိုတော့ ငါ သေချာပေါက် ဆွဲရလိမ့်မယ်”

မုန့်ဟဲတုန်းက ချန်ချိုးအာကို ခပ်ပါးပါး ပြုံးပြလိုက်ပြီးနောက် အလှမ်းဝေးလှသော ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေသို့ မော့ကြည့်လိုက်သည်။

သူသည် အသက်ကို ဝဝရှူလိုက်ပြီး စွမ်းအင်များကို ချက်တွင်း၌ စုစည်းကာ မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်လိုက်သည်။

ဤဆယ်နှစ်တာအတွင်း သူသည် မိသားစုကို ခွဲခွာ၍ တစ်ဦးတည်း ထွက်လာခဲ့ပြီး အန္တရာယ်ရှိသော နယ်မြေများသို့ သွားရောက်ကာ တောင်နက်များအတွင်း၌ ကျင့်ကြံခြင်း၊ တောင်ဘက်နယ်စပ်ဒေသတစ်ခွင်သို့ ခရီးနှင်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။

ငယ်စဉ်က ခံခဲ့ရသော အရှက်နှင့် ဒေါသများကို ရင်ဝယ်ပိုက်လျက် သေဘေးနှင့် ကြုံတွေ့ရတိုင်း အံကြိတ်ကာ အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ခဲ့ရသည်။

ငယ်စဉ်က ရင်ဝယ်ပိုက်ခဲ့သော မခံချင်စိတ်တစ်ခုတည်းကိုသာ အရင်းတည်၍ မည်သူမျှ မတွေးဝံ့စရာ အခက်အခဲပေါင်းများစွာကို သူ ကျော်ဖြတ်ခဲ့ရခြင်းပင်။

လောကကြီးက မုန့်ဟဲတုန်းကို ကောင်းကင်အောက်ဝယ် ပြိုင်ဘက်ကင်းသော ပါရမီရှင်၊ ခေတ်တစ်ခေတ်၏ ထိပ်တန်းလူရည်ချွန်အဖြစ်သာ သိကြသော်လည်း ထိုဂုဏ်ပုဒ်များနောက်ကွယ်၌ သူ မည်မျှ ပေးဆပ်ခဲ့ရသည်ကိုမူ မည်သူမျှ မသိကြပေ။

မီးပုံစံပုရွက်ဆိတ်များ ကိုက်ခဲခြင်းကို ခံခဲ့ရသည့် ဂိုဘီသဲကန္တာရထဲမှ အချိန်များကို သူ ကောင်းကောင်းမှတ်မိနေသေးသည်။ ထိုစဉ်က ဆေးဖော်စပ်ခြင်းပညာရပ်၏ အထွတ်အထိပ်ပညာရှင်များပင် သူ သေရတော့မည်ဟု အတပ်ဟောခဲ့ကြသည်။ သို့သော် ကံကောင်းထောက်မစွာဖြင့် သူ၏ စိတ်ဝိညာဉ်ပင်လယ်အတွင်းရှိ ရှေးဟောင်းပညာရှင်ကြီး၏ အကူအညီ၊ အဆိပ်နတ်မိမယ်လေးက မိုင်ပေါင်းထောင်ချီ ခရီးနှင်ကာ ဆေးဘုရင်ဂူဗိမာန်မှ ဆေးဘုရင်ကို အားသွန်ခွန်စိုက် တောင်းခံပေးခဲ့မှုတို့ကြောင့်သာ သူ သေတွင်းမှ လွတ်မြောက်ခဲ့ရခြင်းပင်။

တောင်ဘက်နယ်စပ်ဒေသ၏ အနက်ရှိုင်းဆုံးနေရာတွင် ရတနာရှာဖွေရင်း မတော်တဆ သားရဲလှိုင်းလုံးကြီးကို နှိုးဆွမိခဲ့စဉ်ကလည်း သားရဲဘုရင်ပေါင်းများစွာ၏ လိုက်လံတိုက်ခိုက်ခြင်းကို ခံရကာ ထိုနေရာ၌ပင် အသက်ပျောက်လုနီးပါး ဖြစ်ခဲ့ရသည်ကိုလည်း သူ မမေ့သေးပေ။ ယခု သူ၏ကျောထက်တွင် လွယ်ထားသော နက်မှောင်မီးလျှံ နတ်ဘုရားဓားကို ရရှိရန် ကြိုးပမ်းစဉ်ကလည်း ယွမ်ပုဖူကသာ သူ၏အသက်ကိုရင်း၍ လမ်းဖွင့်ပေးခဲ့ခြင်း မရှိပါက သူသည် မိစ္ဆာတာအိုသမားများ၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

ထိုကဲ့သို့သော အဖြစ်အပျက်များမှာ များပြားလွန်းသည်။

အတိတ်မှ မြင်ကွင်းများမှာ သူ၏ အသိစိတ်အာရုံထဲတွင် တရိပ်ရိပ် ပြန်လည်ပေါ်ပေါက်လာသည်။

“ငါဟာ ခက်ခဲကြမ်းတမ်းတဲ့ ခရီးလမ်းကို လျှောက်လှမ်းခဲ့ပြီး မရေမတွက်နိုင်တဲ့ ဆင်းရဲဒုက္ခတွေကို ခံစားခဲ့ရတယ်။ အခုတော့ မင်းရဲ့ရှေ့မှာ ဂုဏ်သိက္ခာအပြည့်နဲ့ ငါ မတ်တတ်ရပ်နေနိုင်ပြီ"

“ဒီပွဲကို ဒီအတိုင်း အလွယ်တကူနဲ့တော့ အဆုံးသတ်လို့ မဖြစ်ဘူး"

မုန့်ဟဲတုန်းက တစ်ဦးတည်း ရေရွတ်ရင်း သူ၏မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ သူသည် အမြင်ကျဉ်းမြောင်းသူတစ်ဦး မဟုတ်ပေ။ အတိတ်က အမုန်းတရားများမှာလည်း ကွယ်ပျောက်ခဲ့သည်မှာ ကြာလှပြီ ဖြစ်သည်။ သို့သော် ဤတိုက်ပွဲသည် သူတစ်ဦးတည်းအတွက်သာမက အရှက်ခွဲခြင်းကို အတူတူခံခဲ့ရသည့် မုန့်မျိုးနွယ်စုအတွက်လည်း ဖြစ်သလို၊ လေလွင့်ခဲ့ရသော ဤဆယ်နှစ်တာကာလအတွက်လည်း ဖြစ်သည်။

ထို့ကြောင့် ယနေ့တိုက်ပွဲမှာ ရှောင်လွှဲ၍ မရနိုင်တော့ပေ။ ယနေ့တွင် သူသည် လီရန်နှင့်တကွ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေတစ်ခုလုံးကို သူ၏ ခြေဖဝါးအောက်တွင် အပြတ်အသတ် နင်းချေပြရလိမ့်မည်။

နောက်တစ်ခဏ၌ မုန့်ဟဲတုန်း၏ မျက်နှာပေးမှာ တည်ငြိမ်သွားပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။

“ချင်းကျိုးနယ်မြေ မုန့်မျိုးနွယ်စုမှ... မုန့်ဟဲတုန်း...”

သူ၏အသံမှာ တဖြည်းဖြည်း ပိုမိုကျယ်လောင်လာခဲ့သည်။ မကြာမီမှာပင် ကောင်းကင်နှင့်မြေကြီးကို တုန်ဟည်းသွားစေသည့် အသံကြီးတစ်ခုမှာ ကောင်းကင်ယံအနှံ့ ပေါက်ကွဲထွက်ပေါ်သွားတော့သည်။

“ကတိအတိုင်း... စိန်ခေါ်တိုက်ခိုက်ဖို့ ရောက်ရှိလာခဲ့ပြီ”

All Chapters