အခန်း (၁၇၃-၁၇၄)
Vol. 18 Ch. 173-174
အခန်း။ ၁၇၃
“ချင်းကျိုးနယ်မြေ မုန့်မျိုးနွယ်စုမှ မုန့်ဟဲတုန်း...”
“စိန်ခေါ်တိုက်ခိုက်ဖို့ ထွက်လာခဲ့စမ်း”
ထိုအခိုက်အတန့်တွင် ထိုအသံကြီးမှာ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေ တစ်ခုလုံးကို ဟိန်းထွက်တုန်ခါသွားစေသည်။
တောင်ဘက်တောင်ထိပ်၊ တောင်ထိပ်အထက်တွင် ခရမ်းနုရောင် နန်းတွင်းဝတ်စုံကို ဆင်မြန်းထားပြီး ငွေဖြူရောင် ခါးပတ်ကလေးဖြင့် သူမ၏ ခန္ဓာကိုယ်အလှကို ပေါ်လွင်စေသော အမျိုးသမီးတစ်ဦးမှာ တိတ်ဆိတ်စွာ တင်ပလ္လင်ခွေ ထိုင်နေသည်။
သူမ၏ မျက်ခုံးအစုံမှာ အဝေးမှ စိမ်းစိုနေသော တောင်တန်းကြီးများအလား လှပနေပြီး မျက်ဝန်းများမှာ ကြယ်နှင့်လပမာ တောက်ပနေ၏။ ပါးလွှာသော မိတ်ကပ်ခြယ်သထားသည့် သူမ၏ မျက်နှာနှင့် ဝင်းမွတ်နေသော အသားအရေမှာ အေးချမ်းတည်ငြိမ်သော အလှကို ဖော်ဆောင်နေသည်။ တောင်ပေါ်လေပြင်းမှာ သူမ၏ နူးညံ့သော ဆံနွယ်များကို ညင်သာစွာ ဝေ့ယမ်းနေတော့သည်။
“ရန်အာ... အဲဒီတုန်းက ဆရာကိုယ်တိုင် မင်းနဲ့အတူ မုန့်မျိုးနွယ်စုဆီ သွားပြီး စေ့စပ်မှုကို ဖျက်သိမ်းပေးခဲ့တာ။ အခု မုန့်ဟဲတုန်း ရောက်လာပြီဆိုမှတော့ ဒါကို ဆရာပဲ ကိုင်တွယ်သင့်တယ်"
“သူ့ကို ဆရာကပဲ တားဆီးပေးလိုက်ရင် ဘယ်လိုလဲ”
ဖြူစင်သန့်ရှင်းသော ဝတ်ရုံကို ဆင်မြန်းထားသည့် မုယွဲ့မေသည် လီရန်၏ရှေ့တွင် ရပ်ကာ တိုးတိတ်စွာ ပြောလိုက်သည်။
သူမ၏ မျက်ဝန်းများထဲတွင် ချစ်ခင်ကြင်နာမှုများ ပြည့်နှက်နေ၏။ သူမ၏ တပည့်မလေးမှာ အရင်က မုန့်မျိုးနွယ်စုဆီသို့ စေ့စပ်မှုသွားဖျက်သိမ်းခဲ့ရုံမျှသာ ဖြစ်သည်။
ထို့အပြင် မုန့်မျိုးနွယ်စုသို့ သွားစဉ်ကလည်း သူမသည် သူမ၏ အပြုအမူနှင့် လုပ်ရပ်များမှာ ရိုးသားဖြောင့်မတ်သည်ဟု ယုံကြည်ခဲ့သည်။ သူမသည် မြောက်မြားစွာသော ကောင်းကင်ဘုံရတနာများနှင့် မြေကမ္ဘာရတနာများကို ယူဆောင်သွားခဲ့ပြီး နှိမ့်ချသော အမူအရာကိုလည်း ထိန်းသိမ်းခဲ့သည်။
အခုကျမှ ဘာဖြစ်လို့ လူတွေက ငါ့တပည့်မလေးအပေါ် ဒီလောက်အထိ ရက်ရက်စက်စက် ပြောဆိုနေကြတာလဲ။
တစ်ခါမှ မမြင်ဖူးသော သူတစ်ယောက်အပေါ် လူအချို့က အဘယ်ကြောင့် ဤမျှအထိ မုန်းတီးစိတ်များ ထားရှိနိုင်ကြသည်ကို သူမ နားမလည်နိုင် ဖြစ်နေရသည်။
“ဆရာ... ကျွန်မ အဆင်ပြေပါတယ်။ ကျွန်မဘာသာ ကျွန်မ ရင်ဆိုင်နိုင်ပါတယ်"
လီရန်က ညင်သာစွာ ပြုံးလိုက်သည်။
“အဲဒီတုန်းက ဆရာကို ကျွန်မနဲ့အတူ မုန့်မျိုးနွယ်စုဆီ လိုက်ခဲ့ခိုင်းတာက ကျွန်မရဲ့ အမှားပါ။ အခုလည်း ဆရာကို ဝင်ပါခိုင်းလိုက်ရင် လူတွေက ကျွန်မတို့ ဂိုဏ်းအပေါ်မှာရော ဆရာအပေါ်မှာရော ဘယ်လိုတွေ ပြောကြမလဲ”
မုယွဲ့မေက ထိုစကားကို ကြားသောအခါ ခေါင်းခါယမ်းလိုက်ပြီး “ရန်အာ... ဆရာရဲ့ ဘဝတစ်လျှောက်မှာ ဆရာနဲ့ မသက်ဆိုင်တဲ့သူတွေရဲ့ အမြင်တွေကို ဘယ်တော့မှ ဂရုမစိုက်ခဲ့ဘူး။ အကယ်၍ ဒါဟာ ကောလာဟလ စကားတွေဆိုရင် ဆရာကတော့ လျစ်လျူရှုလိုက်မှာပဲ။ ဒါပေမဲ့ တစ်စုံတစ်ယောက်က ဆရာရဲ့ ရှေ့မှာတင် လာပြီး ဝေဖန်စော်ကားရဲတယ်ဆိုရင်တော့ သူ့ရဲ့ခေါင်းကို ဖြုတ်ပစ်လိုက်မှာပဲ။ ဘယ်နှစ်ယောက်များ ခေါင်းပြတ်ချင်သေးလဲဆိုတာ ကြည့်ရသေးတာပေါ့"
ထိုစကားကို ကြားသောအခါ လီရန်မှာ ခေတ္တမျှ ကြောင်အသွားပြီးနောက် အားကျသော အပြုံးဖြင့် ပြောလိုက်သည်။
“ကျွန်မသာ ဆရာလိုမျိုး လွတ်လပ်ပေါ့ပါးတဲ့ စိတ်ဓာတ်ရှိရင် သိပ်ကောင်းမှာပဲ"
သူမ ခေတ္တမျှ ရပ်လိုက်သည်။
လီရန်သည် တောင်ဘက်တောင်ထိပ်၏ အောက်ဘက်ရှိ တောင်တံခါးဝဆီသို့ ငုံ့ကြည့်လိုက်ရာ သူမ၏ လှပသောမျက်ဝန်းများအတွင်း၌ ထက်မြက်သော အရောင်အဝါတစ်ခု ဖျတ်ခနဲ လက်သွားခဲ့သည်။
သူမ၏ နှုတ်ခမ်းအစုံမှာ ခပ်ပါးပါး ပြုံးယောင်သန်းသွား၏။
“ဆရာ... မမေ့ပါနဲ့ဦး။ ကျွန်မကလည်း ကောင်းကင်လှိုင်း နတ်မိမယ်တစ်ယောက်ပဲလေ။ ကျွန်မရဲ့ အစွမ်းက မုန့်ဟဲတုန်းကို သေချာပေါက် ရှုံးနိမ့်လိမ့်မယ်လို့ ဘယ်သူပြောလို့လဲ”
ထိုသို့ပြောရင်း လီရန်သည် ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်သည်။
သူမ၏ ခန္ဓာကိုယ်အတွင်းမှ တိုက်ခိုက်လိုသော စိတ်ဆန္ဒများမှာလည်း တရိပ်ရိပ် မြင့်တက်လာခဲ့သည်။ လီရန်၏ ပြတ်သားသော မျက်နှာပေးကို မြင်လိုက်ရသောအခါ မုယွဲ့မေသည် သူမ ပြောဆိုရန် ပြင်ထားသော စိုးရိမ်ပူပန်မှု စကားလုံးအားလုံးကို ပြန်လည်မျိုချလိုက်ရတော့သည်။
“ကောင်းပြီ ငါ့ရဲ့ တပည့်မဟာ တခြားသူတွေထက် ဘယ်တော့မှ အားမနည်းစေရဘူး”
မုယွဲ့မေက လီရန်ကို နွေးထွေးစွာ ပြုံးပြလိုက်သည်။
သူမသည် အရင်က သူမ၏တပည့်မလေးကို ပြန်လည်အမှတ်ရမိသွား၏။
အဲဒီတုန်းက ခန်ရုံကလွဲရင် သူမကို နိုင်ပါတယ်လို့ ဘယ်သူကများ သတ္တိရှိရှိ ထုတ်ပြောရဲခဲ့လို့လဲ။
ယခုမူ ပင်းအာ၏ တောက်ပမှုက လီရန်၏ အရောင်အဝါကို ဖုံးလွှမ်းသွားခဲ့ခြင်းသာ ဖြစ်သည်။
သို့သော် လီရန်သည် အားနည်းသူတစ်ဦး လုံးဝမဟုတ်ပေ။
နောက်တစ်ခဏ၌ လီရန်သည် တောင်အောက်သို့ တစ်လှမ်းချင်း လှမ်းဆင်းသွားတော့သည်။
...
...
ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေ၊ တောင်တံခါးဝ၌။
မြောက်ဘက်နှင့် တောင်ဘက်တောင်ထိပ်မှ တပည့်များမှာ တောင်တံခါးဝတွင် ရပ်နေကြပြီး အဝေးမှ ရောက်ရှိလာကြသော လေလွင့်ကျင့်ကြံသူတစ်စုကို အေးစက်စွာ ကြည့်နေကြသည်။
ထိုလေလွင့်ကျင့်ကြံသူများမှာလည်း ဂိုဏ်းဝင်တပည့်များ၏ အကြည့်အောက်တွင် မနေရဲဘဲ ခေါင်းငုံ့ကာ အသံများကို တိုးနိုင်သမျှ တိုးထားကြရတော့သည်။
မုန့်ဟဲတုန်းကမူ မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်ပြီး သူ၏အကြည့်များကို ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေအတွင်းသို့ ဝေ့ဝဲကာ ကြည့်ရှုနေခဲ့သည်။ သူ၏ ကျင့်ကြံခြင်းအဆင့်ထက် များစွာသာလွန်သော စွမ်းအားရှင်များ၏ အကြည့်ပေါင်းများစွာမှာ သူ၏အပေါ်၌ ကျရောက်နေသည်ကို သူ ခံစားသိရှိနေရ၏။
“ကြင်ယာတော်လုံ... အားလုံး အဆင်ပြေရဲ့လား”
မုန့်ဟဲတုန်းက တိုးတိတ်စွာ ရေရွတ်လိုက်သည်။
ချက်ချင်းဆိုသလိုပင် သူ၏လက်ညှိုးရှိ လက်စွပ်မှာ မှောင်မည်းသော အလင်းတန်းတစ်ခု ဖျတ်ခနဲ ထွက်ပေါ်လာသည်။
ရင့်ကျက်သော အမျိုးသမီးတစ်ဦး၏ အသံမှာ သူ၏ အသိစိတ်အာရုံထဲ၌ ပဲ့တင်ထပ်သွားတော့ပေသတည်း။
“စိတ်မပူပါနဲ့... ဒီအကြည့်တွေထဲမှာ သတ်ဖြတ်လိုတဲ့ အငွေ့အသက်တွေ မပါပါဘူး။ အကယ်၍ တစ်ခုခုဖြစ်လာခဲ့ရင်တောင် ငါ့ရဲ့စွမ်းအား ၅၀ ရာခိုင်နှုန်း ပြန်ပြည့်နေပြီမို့လို့ မင်းကို ဘေးကင်းအောင် ခေါ်ထုတ်သွားပေးနိုင်ပါတယ်"
ထိုစကားကို ကြားမှပင် မုန့်ဟဲတုန်းသည် သက်ပြင်းတစ်ချက်ကို တိုးတိတ်စွာ ချလိုက်နိုင်တော့သည်။
နောက်တစ်ခဏ၌ ရင့်ကျက်သော အမျိုးသမီးအသံမှာ ရုတ်တရက် ပြန်လည်ထွက်ပေါ်လာပြန်သည်။
“ဟဲတုန်း... လူတစ်ယောက်ကိုတော့ သတိထားပါ။ ဒီဂိုဏ်းသားတွေထဲမှာ ငါ့အတွက်ပါ ကြီးမားတဲ့ ခြိမ်းခြောက်မှုဖြစ်စေနိုင်တဲ့လူ တစ်ယောက်ရှိနေတယ်။ ဒါ့အပြင် အဲဒီလူဆီကနေ ရင်းနှီးနေတဲ့ အငွေ့အသက်တစ်ခုကိုလည်း ငါ ခံစားနေရတယ်... တကယ့်ကို ထူးဆန်းတာပဲ”
“ရင်းနှီးနေတဲ့ အငွေ့အသက် ဟုတ်လား ဘယ်သူလဲ”
မုန့်ဟဲတုန်းမှာ အနည်းငယ် အံ့အားသင့်သွားရသည်။ သူ၏လက်စွပ်အတွင်းရှိ ကြင်ယာတော်လုံမှာ ရှေးဟောင်းခေတ်က အထွတ်အထိပ် ပုဂ္ဂိုလ်တစ်ဦးပင်။
ဒီခေတ်ထဲက လူတစ်ယောက်က ကြင်ယာတော်လုံကို ဘာလို့ အဲဒီလို ခံစားချက်မျိုး ပေးနိုင်ရတာလဲ။
နောက်တစ်ခဏ၌ မုန့်ဟဲတုန်းသည် သူ၏လက်ညှိုးကို တစ်စုံတစ်ဦးရှိရာဘက်သို့ အသာအယာ လှည့်လိုက်သည်။
သူသည် ကြင်ယာတော်လုံ၏ လမ်းညွှန်မှုအတိုင်း လိုက်လံကြည့်ရှုလိုက်ရာ ဂိုဏ်းသားများအကြားတွင် တောင်နှင့်ရေပုံရိပ်များ ရေးခြယ်ထားသည့် ဆီးနှင်းပမာ ဖြူဖွေးသော ဝတ်ရုံကို ဆင်မြန်းထားသည့် အမျိုးသားတစ်ဦးကို မြင်တွေ့လိုက်ရသည်။
မြောက်ဘက်တောင်ထိပ်ရော တောင်ဘက်တောင်ထိပ်ပါ တပည့်အားလုံးမှာ ထိုအမျိုးသားအပေါ် အလွန်အမင်း ရိုသေလေးစားနေကြပြီး သူတို့၏ အကြည့်များတွင်လည်း ကြည်ညိုလေးစားမှုများ ပြည့်နှက်နေသည်ကို တွေ့ရ၏။
မုန့်ဟဲတုန်း၏ နားများမှာ အနည်းငယ် လှုပ်ခတ်သွားပြီး ဂိုဏ်းဝင်တပည့်များက ထိုသူကို "နတ်ဘုရားသားတော်" ဟု ခေါ်ဝေါ်နေကြသည်ကို ချက်ချင်းပင် ကြားလိုက်ရသည်။
“ကောင်းကင်လှိုင်း နတ်ဘုရားသားတော်... ရှောင်ပင်းလား”
မုန့်ဟဲတုန်းမှာ မျက်လုံးများကို မှေးကြည့်လိုက်မိသည်။
ထိုစဉ်မှာပင် မုန့်ဟဲတုန်း၏ အကြည့်များမှာ ချန်ကျီရှင်းထံ၌ ကျရောက်နေစဉ် ချန်ကျီရှင်းသည်လည်း တစ်စုံတစ်ခုကို သိရှိသွားဟန်ဖြင့် ကွမ်းထျန်းယွီနှင့် စကားပြောနေရင်းမှ မုန့်ဟဲတုန်းထံသို့ ခဏမျှ လှမ်းကြည့်လိုက်သည်။
သူတို့နှစ်ဦး၏ အကြည့်များမှာ လေထုထဲတွင် ခေတ္တမျှ ဆုံစည်းသွားခဲ့ကြသည်။
ချန်ကျီရှင်းက မုန့်ဟဲတုန်းကို အဓိပ္ပာယ်ပါပါ ပြုံးပြလိုက်၏။
မုန့်ဟဲတုန်းမှာလည်း အလျင်အမြန်ပင် အကြည့်ကို ပြန်လည်ရုပ်သိမ်းကာ ခေါင်းငုံ့လိုက်ပြီး မျက်မှောင်ကို အသည်းအသန် ကြုတ်လိုက်မိသည်။ ဘာကြောင့်မှန်းမသိဘဲ သူ၏ရင်ထဲတွင် စိုးရိမ်ပူပန်မှု တစ်ခုက စတင်အခြေတည်လာတော့သည်။
သူသည် ကောင်းကင်လှိုင်း နတ်ဘုရားသားတော် ရှောင်ပင်းနှင့် တစ်ခါမှ မဆုံဖူးသော်လည်း တစ်ချက်မျှ လှမ်းကြည့်လိုက်ရုံဖြင့် သူ၏ရင်ထဲ၌ ကြီးမားသော ဂယက်ထခြင်းများ ဖြစ်ပေါ်လာခဲ့သည်။
ထိုခံစားချက်မှာ အမှောင်ရိပ်ထဲမှနေ၍ အဆိပ်စွယ်များကို ဖော်ထုတ်ပြသနေသည့် မြွေဆိုးတစ်ကောင်နှင့် တိုးမိလိုက်သကဲ့သို့ပင်။
ပင်ကိုယ်သိစိတ်အရ ရွံရှာမုန်းတီးမှု၊ စက်ဆုပ်မှုနှင့် အဓိပ္ပာယ်ဖော်မပြနိုင်သော အလျင်အမြန် ထွက်ပြေးလိုစိတ်တို့က သူ၏ရင်ထဲ၌ ရောပြွမ်းနေတော့သည်။
“အဲဒါ မုန့်ဟဲတုန်းလား”
မုန့်ဟဲတုန်း၏ တုံ့ပြန်မှုနှင့် ဆန့်ကျင်ဘက်အနေဖြင့် ချန်ကျီရှင်းမှာမူ သူ၏အကြည့်ကို ဖုံးကွယ်မထားဘဲ ပွင့်လင်းစွာပင် ကြည့်ရှုနေခဲ့သည်။ သူ၏ သူငယ်အိမ် အနက်ရှိုင်းဆုံးနေရာ၌ ပုံရိပ်ပေါင်းများစွာ လှုပ်ခတ်သွားပြီး ရွှေရောင်ရှေးဟောင်းကျမ်းတစ်စောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ထိုရွှေရောင်ကျမ်းပေါ်တွင် စာလုံးများမှာ တရွေ့ရွေ့ဖြင့် ပေါ်ထွက်လာခဲ့သည်။
[တောက်ပသော ရွှေရောင်ကံကြမ္မာ - မီးတာအိုဧကရာဇ်]
[တောက်ပသော ရွှေရောင်ကံကြမ္မာ - လူသားတို့ကြားမှ နဂါး]
[ခရမ်းရောင် ဧကရာဇ်ကံကြမ္မာ - ကံကောင်းခြင်းရှင်သန်ရာ ကလေးငယ်]
“အိုး... ရွှေရောင်ကံကြမ္မာနှစ်ခုနဲ့ ခရမ်းရောင်ဧကရာဇ်ကံကြမ္မာ တစ်ခုပေါ့ ဟုတ်လား”
ချန်ကျီရှင်းမှာ မျက်ခုံးပင့်လိုက်မိသည်။
မုန့်ဟဲတုန်းအကြောင်း ပြောရလျှင် ဤကောင်းကင်ဘုံက ရွေးချယ်ထားသော ဇာတ်လိုက်ကြီး ကိုးဦးအနက် သူ၏ အထူးစွမ်းအားမှာ အင်အားအကြီးဆုံးထဲတွင် မပါဝင်ပေ။ ပြန်လည်မွေးဖွားလာသူ နင်ချန်းယွီနှင့် အနာဂတ်ကို ကြိုမြင်သူ ရှုဖန်တို့နှင့် နှိုင်းယှဉ်လျှင်ပင် မုန့်ဟဲတုန်း၏ စွမ်းအားမှာ အတော်လေး ရိုးရှင်းသည်ဟု ဆိုရမည်။
သို့သော် မုန့်ဟဲတုန်း၏ အောင်မြင်မှုများမှာမူ ဇာတ်လိုက် ကိုးဦးအနက် ထိပ်တန်းစာရင်းဝင် ဖြစ်ခဲ့သည်။ အနည်းဆုံးတော့ ချန်ကျီရှင်း၏ အမြင်၌ မုန့်ဟဲတုန်း၏ အောင်မြင်မှုများမှာ ရှုဖန်နှင့် နင်ချန်းယွီတို့ထက်ပင် သာလွန်ခဲ့သည်။
ချန်ကျီရှင်းသည် ခဏမျှ စဉ်းစားလိုက်ပြီးနောက် မုန့်ဟဲတုန်း၏ အနောက်ဘက်တွင် ရပ်နေသော လူတစ်ဦးထံသို့ အကြည့်ကို ရွှေ့လိုက်သည်။ ထိုသူမှာ ပတ်တီးများဖြင့် တစ်ကိုယ်လုံး ရစ်ပတ်ထားကာ မျက်လုံးတစ်ဖက်တည်းသာ ဖော်ထားသည့် ဝတ်ရုံနက်နှင့် ထူးဆန်းသော ပုဂ္ဂိုလ်ပင်။
ထိုထူးဆန်းသောသူ၏ အကြည့်မှာလည်း ချန်ကျီရှင်းနှင့် ဆုံစည်းသွားခဲ့သည်။
သူတို့နှစ်ဦး၏ အကြည့်များမှာ လေထုထဲ၌ ခဏမျှ ဖြတ်သန်းသွားကြသည်။ ချန်ကျီရှင်းက အလျင်စလိုလုပ်ရန် မလိုကြောင်း အချက်ပြသည့်အနေဖြင့် ခေါင်းကို အနည်းငယ် ငြိတ်ပြလိုက်ရာ ထိုထူးဆန်းသောသူကလည်း အသာအယာ ပြန်လည်ခေါင်းငြိတ်ပြခဲ့သည်။ သူတို့အကြား စကားတစ်လုံးမှ မဖလှယ်ခဲ့ကြသော်လည်း စက္ကန့်ပိုင်းအတွင်း တစ်ချက်ကြည့်လိုက်ရုံဖြင့် အချင်းချင်း နားလည်မှု ရရှိသွားကြသည်။
ထိုစဉ်မှာပင်
ရှဲ
တောင်တံခါးအပြင်ဘက်ရှိ မြောက်မြားစွာသော လေလွင့်ကျင့်ကြံသူများမှာ အံ့အားသင့်စရာ တစ်စုံတစ်ခုကို မြင်လိုက်ရသကဲ့သို့ တောင်ဘက်တောင်ထိပ်ရှိရာသို့ လှည့်ကြည့်လိုက်ကြသည်။
နတ်သမီးတစ်ပါးအလား အေးချမ်းတည်ငြိမ်သော အလှတရားများ ပိုင်ဆိုင်ထားသည့် ရင်သပ်ရှုမောဖွယ် အမျိုးသမီးတစ်ဦးမှာ တောင်အောက်သို့ ညင်သာသိမ်မွေ့စွာဖြင့် ဆင်းလာသည်။
အခန်း။ ၁၇၄
ခဏချင်းမှာပင် တောင်ပေါ်မှ တစ်လှမ်းချင်း ဆင်းသက်လာသော လီရန်ထံသို့ မရေမတွက်နိုင်သော အကြည့်များ ကျရောက်သွားတော့သည်။
“သူက လီရန်လား”
“ကောင်းကင်လှိုင်း နတ်မိမယ် လီရန်က ငါးကို နစ်စေပြီး ငှက်ကို ကြွေစေလောက်တဲ့ အလှမျိုး ရှိတယ်လို့ ကောလာဟလတွေ ကြားဖူးတယ်။ အခုကြည့်ရတာ အပိုပြောတာ မဟုတ်ဘူးပဲ”
“နှမြောစရာပဲ အလှတရားကတော့ ရှိပါရဲ့... ဒါပေမဲ့ မျက်စိမှောက်သွားလို့ အခွင့်အရေးကောင်းကြီးကို လက်လွှတ်လိုက်ရတယ်”
“အကယ်၍ လီရန်သာ အဲဒီတုန်းက မုန့်ဟဲတုန်းနဲ့ လက်ထပ်ဖို့ သဘောတူခဲ့ရင် ချင်းကျိုးမုန့်မျိုးနွယ်စုနဲ့ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေဟာ အခုဆိုရင် မဟာမိတ်တွေတောင် ဖြစ်နေလောက်ပြီ မဟုတ်လား။ လီရန်နဲ့ မုန့်ဟဲတုန်းကလည်း ကျင့်ကြံခြင်းလောကမှာ လိုက်ဖက်ညီတဲ့ စုံတွဲတစ်တွဲ ဖြစ်နေမှာပဲ”
“ဟွန်း ဘယ်သူ့အမှားလဲ လီရန်ရဲ့ အမြော်အမြင် မရှိမှုကိုပဲ အပြစ်တင်ရမှာပေါ့”
အရပ်မျက်နှာအသီးသီးမှ လေလွင့်ကျင့်ကြံသူများက တစ်ယောက်တစ်ပေါက် တိုးတိုးဖော်ဖော် ပြောဆိုနေကြသည်။
“နတ်မိမယ်”
မြောက်ဘက်နှင့် တောင်ဘက်တောင်ထိပ်မှ တပည့်များအားလုံး လီရန်ကို ကြည့်လိုက်ကြသည်။ လီရန်က ခေါင်းကို အသာအယာ ငြိတ်ပြလိုက်ပြီးနောက် မုန့်ဟဲတုန်းကို လှမ်းကြည့်လိုက်၏။
မုန့်ဟဲတုန်း၏ မျက်နှာသွင်ပြင်တွင် အရင်က ငယ်ရွယ်နုပျိုပြီး မြစ်တစ်စင်းရဲ့ အရှေ့ဘက်မှာ အနှစ်သုံးဆယ်၊ အနောက်ဘက်မှာ အနှစ်သုံးဆယ်... လူငယ်တစ်ယောက်ရဲ့ ဆင်းရဲမှုကို လှောင်ပြောင်ခြင်းမပြုနဲ့ဆိုသည့် စာသားများကို စိတ်အားထက်သန်စွာ ရေးသားခဲ့သည့် ကောင်လေး၏ ပုံရိပ်ကို ဝိုးတဝါး ပြန်လည်မြင်ယောင်နေမိသည်။
သို့သော်လည်း ထိုအချိန်က ကောင်လေးမှာ ယခုအခါတွင်မူ ကလေးကလားဆန်မှုများကို လုံးဝဖယ်ခွာထားခဲ့ပြီဖြစ်ပြီး သူ၏ အမူအရာမှာ တည်ငြိမ်ရင့်ကျက်ကာ မျက်ဝန်းများအတွင်း၌လည်း မည်သည့်ခံစားချက်ကိုမျှ ဖော်ပြခြင်း မရှိတော့ပေ။
မုန့်ဟဲတုန်းကလည်း လီရန်ကို စိုက်ကြည့်နေမိသည်။ သူ၏ ရင်ခုန်သံမှာ အလိုအလျောက်ပင် တစ်ချက်မျှ ခုန်သွားခဲ့၏။
တစ်ချိန်က လောကကြီးကို အထင်သေးစွာ ကြည့်တတ်ပြီး သူမ၏ ခံစားချက်များကို ပွင့်လင်းစွာ ပြသတတ်သည့် မိန်းကလေးငယ်မှာ ယခုအခါ၌မူ မည်သူနှင့်မျှ မနှိုင်းယှဉ်နိုင်သော အလှတရားများ ပိုင်ဆိုင်ထားသည့် ကျော့ရှင်းလှပသော အမျိုးသမီးကြီးတစ်ဦးအဖြစ် ကြီးပြင်းလာခဲ့သည်။ ရုပ်ရည်ပိုင်းအရဆိုလျှင် သူမသည် သူ၏ အနီးကပ် အမျိုးသမီးအဖော်များထက်ပင် သာလွန်နေသေးသည်။
“လာပါ... မင်းရဲ့ အစွမ်းတွေ ဒီဆယ်နှစ်အတွင်း ဘယ်လောက်တိုးတက်လာလဲဆိုတာ ငါ့ကို ပြစမ်းပါ”
လီရန်က တည်ငြိမ်အေးဆေးသော မျက်နှာပေးဖြင့် ပြောလိုက်သည်။
မုန့်ဟဲတုန်းက ခေါင်းငြိတ်ပြလိုက်ပြီး စကားပြောရန် ပြင်လိုက်စဉ်မှာပင် လူအုပ်ကြီးထဲမှ စူးရှသော အမျိုးသမီးအသံတစ်ခု ထွက်ပေါ်လာသည်။
“အစ်ကိုမုန့်... သူ့ကို စကားအများကြီး ပြောမနေပါနဲ့။ အရင်တုန်းက သူ အစ်ကို့ကို နှိပ်စက်ခဲ့တာတွေကို လက်စားချေတဲ့အနေနဲ့ သူ့ကို နာနာလေးသာ ဆုံးမပေးလိုက်ပါ”
လူအုပ်အတွင်း၌ ဆံပင်ကို အထုံးကလေး ထုံးထားပြီး အဝါရောင်ဝတ်စုံကို ဆင်မြန်းထားသည့် ချစ်စဖွယ် မိန်းကလေးတစ်ဦးမှာ သူမ၏ လက်သီးငယ်လေးများကို ဆုပ်ကိုင်ရင်း အော်ဟစ်လိုက်ခြင်းပင်။
“အဆိပ်နတ်မိမယ်လေးလား”
ချက်ချင်းဆိုသလိုပင် လူအပေါင်း၏အကြည့်တို့မှာ အဝါရောင်ဝတ်စုံနှင့် မိန်းကလေးထံသို့ ကျရောက်သွားပြီး သူမ၏မည်သူမည်ဝါဖြစ်ကြောင်းကို တန်းသိသွားကြတော့သည်။
“အဆိပ်နတ်မိမယ်လေး... မင်းလည်း ဒီကိုရောက်နေလိမ့်မယ်လို့ ငါမထင်ထားဘူး”
မုန့်ဟဲတုန်းက အဝါရောင်ဝတ်စုံနှင့် မိန်းကလေးကို ကြည့်လိုက်ရာ သူ၏မျက်ခုံးအစုံကြားတွင် ဝမ်းသာရိပ်အချို့ ယှက်သန်းသွားသည်။
“ဒါက အစ်ကိုမုန့်ရဲ့ အရေးကြီးတဲ့ကိစ္စပဲလေ။ ကျွန်မကတော့ သေချာပေါက် လာကြည့်ရမှာပေါ့”
အဝါရောင်ဝတ်စုံနှင့် မိန်းကလေးက နောက်ပြောင်သလို ပြုံးလိုက်ရာ သွားစွယ်ကလေးတစ်ဖက် ပေါ်လာပြီး သူမ၏မျက်ဝန်းများမှာ လခြမ်းကွေးကလေးများအလား ဖြစ်သွားသည်။
“ကောင်းပြီ”
မုန့်ဟဲတုန်းက ခေါင်းငြိတ်ပြလိုက်ပြီး အသက်ကို ဝဝရှူလိုက်သည်။ သူ၏အကြည့်များမှာ လျှပ်စီးပမာ စူးရှသွားပြီး လီရန်ကို စိုက်ကြည့်ကာ အသံခပ်နိမ့်နိမ့်ဖြင့် ပြောလိုက်သည်။
“လီရန်... လွန်ခဲ့တဲ့နှစ်တွေက မင်းငါ့ကို အရှက်ခွဲခဲ့လို့ ငါ့မျက်နှာပျက်ခဲ့ရသလို ငါ့ရဲ့မုန့်မျိုးနွယ်စုဟာလည်း တစ်ချိန်က လူရယ်စရာ ဖြစ်ခဲ့ရတယ်”
“ဒီနေ့က အဲဒီအရာအားလုံးကို ပြန်ပေးရမယ့်နေ့ပဲ”
စကားအဆုံးတွင် မုန့်ဟဲတုန်းသည် သူ၏ကျောထက်မှ အနက်ရောင် အနားလေးလံသော ဓားရှည်ကြီးကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်သည်။
စစ်မှန်သောကိုယ်ပိုင်နယ်ပယ်၏ အရှိန်အဝါများမှာ မြင့်တက်လာတော့သည်။ ထူးဆန်းသည်မှာ ပတ်ဝန်းကျင်တစ်ခုလုံး၏ အပူချိန်မှာလည်း လျင်မြန်စွာ မြင့်တက်လာသကဲ့သို့ ခံစားလိုက်ရခြင်းပင်။
လီရန်၏ ဝတ်စုံစကလေးများမှာ လေတွင်လွင့်နေပြီး သူမ၏မျက်ခုံးနှင့် မျက်ဝန်းများမှာ ရေခဲပမာ အေးစက်နေ၏။
“အဲဒီတုန်းက ငါစေ့စပ်ပွဲကိုလာဖျက်တာက ငါ့ရဲ့အိမ်ထောင်ရေးကို တခြားသူတွေ ဆုံးဖြတ်တာမျိုး မလိုချင်လို့နဲ့ မင်းရဲ့အဖော်မဖြစ်ချင်လို့ပဲ။ အဲဒါက မင်းကိုစော်ကားတာလို့ ဘယ်လိုလုပ် သတ်မှတ်လို့ရမှာလဲ။ မင်းက အခုအချိန်မှာ ခေတ်တစ်ခေတ်ရဲ့ ပါရမီရှင်ဖြစ်နေရင်တောင် ငါ့မှာ နောင်တဆိုတာမရှိဘူး။ နောက်တစ်ကြိမ် အခွင့်အရေးရရင်လည်း ငါဒီစေ့စပ်ပွဲကို ဖျက်မှာပဲ”
လီရန်က စကားကို ခဏရပ်လိုက်ပြီး ခေါင်းခါယမ်းကာ ပြောလိုက်သည်။
“ထားပါတော့... မင်းဘာပဲတွေးတွေး မင်းရဲ့အမြင်ပဲလေ”
ရှဲ….
လီရန်က လက်ကိုဆန့်ထုတ်လိုက်ရာ ငွေပြာရောင် ရေလှိုင်းပုံစံ နတ်ဘုရားဓားတစ်စင်းမှာ တောင်ထိပ်ပေါ်မှ ပျံသန်းလာပြီး သူမ၏လက်ဖဝါးအတွင်းသို့ ကျရောက်လာခဲ့သည်။
“စကားတွေ အများကြီး ပြောမနေနဲ့တော့။ ဓားချင်းပဲ အရှုံးအနိုင် ဆုံးဖြတ်ကြရအောင်”
မုန့်ဟဲတုန်းမှာ မည်သည့်ခံစားချက်မျှမရှိသော မျက်နှာပေးဖြင့် မြေပြင်ကို ခြေတစ်ဖက်ဖြင့် အသာအယာ နင်းလိုက်သည်။
ဒုန်း….
မြေပြင်မှာ တုန်ခါသွားပြီး ပင့်ကူအိမ်သဏ္ဌာန် အက်ကြောင်းများမှာ လျင်မြန်စွာ ပျံ့နှံ့သွားသည်။ မြေပြင်ထက်တွင် မီးလျှံများပါဝင်နေသော ခြေရာများ ပေါ်ထွက်လာတော့သည်။
မုန့်ဟဲတုန်းသည် လေထဲသို့ ခုန်တက်သွားပြီး လီရန်ရှိရာဆီသို့ ပြင်းထန်စွာ ခုတ်ပိုင်းလိုက်တော့သည်။
စစ်မှန်သောကိုယ်ပိုင်နယ်ပယ်၏ အရှိန်အဝါများသည် သူ့ကိုဗဟိုပြု၍ ဒီရေလှိုင်းလုံးကြီးများအလား ပြင်းထန်စွာ ပေါက်ကွဲကာ ထွက်ပေါ်လာ၏။
“လာစမ်း လီရန်... ငါ ဒီတိုက်ပွဲအတွက် ဆယ်နှစ်တောင် စောင့်ခဲ့ရတာ”
မုန့်ဟဲတုန်း၏ အနက်ရောင်ဝတ်စုံမှာ လေထဲတွင် တဖျတ်ဖျတ်လွင့်နေပြီး သူ၏မျက်ဝန်းများအတွင်း၌ တိုက်ခိုက်လိုစိတ်များ ပြင်းထန်စွာ လက်လှမ်းနေသည်။
ဝူး….
ဓားချက်က ကျမလာသေးမီမှာပင် ပြင်းရှသော မီးလျှံများသည် ဓားတစ်ပြင်လုံးကို ရစ်ပတ်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော မီးနဂါးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။
လီရန်က အကြည့်ကို မြှင့်လိုက်ပြီး မြေပြင်ကို ခြေဖျားဖြင့် အသာအယာ ပုတ်လိုက်သည်။
ချက်ချင်းဆိုသလိုပင် သူမ၏ ခန္ဓာကိုယ်မှာ ပုံရိပ်ပေါင်းများစွာအဖြစ် ကွဲထွက်သွားပြီး အထက်မှ ခုတ်ပိုင်းလာသော မုန့်ဟဲတုန်းထံသို့ တစ်ပြိုင်နက်တည်း ပြေးဝင်သွားတော့သည်။
ချလွမ်….ချလွမ်….ချလွမ်….
ဟင်းလင်းပြင်အတွင်း၌ ကြည်လင်ပြတ်သားသော အသံများ ဆက်တိုက်ထွက်ပေါ်လာသည်။ လီရန်၏ ရေလှိုင်းပုံစံဓားရှည်နှင့် မုန့်ဟဲတုန်း၏ အနက်ရောင်ဓားလေးကြီးတို့မှာ ခုနစ်ကြိမ်တိုင်တိုင် ဆက်တိုက်ထိတွေ့ခဲ့ကြ၏။
ထိတွေ့မှုတိုင်းတွင် မုန့်ဟဲတုန်း၏ ဓားပေါ်၌ရှိသော စွမ်းအားအချို့မှာ လွင့်စင်သွားခဲ့ရသည်။ ခုနစ်ကြိမ်မြောက် အပြီးတွင်မူ မုန့်ဟဲတုန်း၏ အနက်ရောင်ဓားရှည်ပေါ်မှ ပြင်းရှသော မီးလျှံများမှာ လုံးဝငြိမ်းသတ်ခြင်း ခံလိုက်ရသည်။
ရှူး…
လီရန်၏ ပုံရိပ်ခုနစ်ခုမှာ ချက်ချင်းပင် တစ်ခုတည်းအဖြစ် ပြန်လည်ပေါင်းစည်းသွားပြီး မုန့်ဟဲတုန်း၏ နောက်ကျောဘက်တွင် ပေါ်လာခဲ့သည်။
“ရပ်တန့်စေ”
လီရန်၏ မျက်နှာပေးမှာ အေးစက်နေပြီး သူမ၏ ကျယ်ပြောလှသော စိတ်ဝိညာဉ်အသိတို့မှာ ချက်ချင်းပေါက်ကွဲထွက်လာကာ မုန့်ဟဲတုန်း၏ အသိစိတ်ပင်လယ်ကို တိုက်ခိုက်လိုက်သည်။ တစ်ချိန်တည်းမှာပင် လီရန်သည် သူမ၏ဓားဖြင့် မုန့်ဟဲတုန်း၏ နောက်ကျောကို လျင်မြန်စွာ ထိုးနှံလိုက်တော့သည်။
“ဒီလောက်နဲ့တင် ပြီးသွားပြီလား”
တောင်တံခါးဝရှိ မြောက်မြားစွာသော တောင်ဘက်တောင်ထိပ်တပည့်များ၏ မျက်လုံးများမှာ ဝင်းလက်သွားကြသည်။
ကွမ်းထျန်းယွီကလည်း “ဂျူနီယာညီမလေးလီက စိတ်ဝိညာဉ်အသိလမ်းစဉ်ကို တိုက်ခိုက်ရေးပညာရပ်တွေထဲမှာ အစီအစဉ်တကျ ပေါင်းစပ်နိုင်ခဲ့တာပဲ။ တကယ့်ကို အပြစ်ပြောစရာမရှိအောင် ပြည့်စုံလွန်းတယ်။ မုန့်ဟဲတုန်းတော့ အထိနာတော့မှာပဲ” ဟု ချီးကျူးလိုက်သည်။
ချန်ကျီရှင်းမှာမူ မျက်မှောင်ကြုတ်လျက် လေထဲတွင် တိုက်ခိုက်နေသော နှစ်ဦးကို ကြည့်ရင်း တိုးတိတ်စွာ ပြောလိုက်သည်။
“စီနီယာအစ်မလီက ပထမဆုံးအနေနဲ့ မျက်လှည့်ပညာကိုသုံးပြီး မုန့်ဟဲတုန်းရဲ့ အဆုံးအဖြတ်ကို နှောင့်ယှက်ခဲ့တယ်။ ပြီးတော့ နှုတ်ထွက်အမိန့်နဲ့ မုန့်ဟဲတုန်း အာရုံပျံ့လွင့်နေတုန်းမှာ ခန္ဓာကိုယ်ကို တောင့်တင်းသွားအောင် လုပ်လိုက်တယ်။ နောက်ဆုံးမှာတော့ အဆုံးသတ်တိုက်ချက်ကို အကောင်အထည်ဖော်လိုက်တာပဲ"
“စဉ်းစားပုံက မှန်ကန်သလို လုပ်ဆောင်ပုံကလည်း အရမ်းထူးချွန်တယ်။ လှုပ်ရှားမှုတွေကလည်း သဘာဝကျကျ စီးဆင်းနေတာပဲ"
ချန်ကျီရှင်းက ခေါင်းခါယမ်းလိုက်ရင်း
“ဒါပေမဲ့... အင်အားကွာခြားချက်က ကြီးမားလွန်းနေတယ်”
ချန်ကျီရှင်း၏ စကားအဆုံး၌ပင် လေထုအလယ်ဝယ် မုန့်ဟဲတုန်း၏ မျက်ဝန်းများအတွင်း အပြာရောင်မီးလျှံများ ဖျတ်ခနဲလက်သွားပြီး လီရန်၏ ထိုးနှံချက်ကို ရင်ဆိုင်ရန် ကိုယ်ကိုလှည့်လိုက်သည်။
ထိုစက္ကန့်ပိုင်းအတွင်းမှာပင်
“မီးနတ်ဘုရားချပ်ဝတ်”
မုန့်ဟဲတုန်း၏ အသိစိတ်ပင်လယ်မှာ နာကျင်မှုကြောင့် တဆစ်ဆစ်တုန်ခါသွားပြီး ခေတ္တမျှ ထုံထိုင်းသွားသော်လည်း သူ၏ခန္ဓာကိုယ်အတွင်းမှ မရေမတွက်နိုင်သော မီးလျှံများ တိုးထွက်လာကာ အရေပြားမျက်နှာပြင်ထက်တွင် ထူထဲလှသော မီးလျှံပုံစံ ချပ်ဝတ်တန်ဆာအဖြစ် အလျင်အမြန် စုစည်းသွားတော့သည်။
ချလွမ်….
လီရန်၏ ဓားချက်မှာ ကြေးနီသံမဏိနံရံကြီးတစ်ခုကို သွားတိုက်မိသကဲ့သို့ ဖြစ်သွားပြီး မီးပွားများသာ တဖျတ်ဖျတ်လွင့်စင်သွားကာ လက်မဝက်ခန့်ပင် ထိုးဖောက်နိုင်ခြင်း မရှိခဲ့ပေ။
လီရန်၏ မျက်နှာရိပ်မှာ အနည်းငယ် ပြောင်းလဲသွားပြီး သူမအနေဖြင့် တိုက်ကွက်ကို မပြောင်းလဲနိုင်မီမှာပင်
“ကိုးဆင့်လှိုင်း”
မုန့်ဟဲတုန်း၏ မျက်ဝန်းများမှာ မီးလျှံများဖြင့် တောက်လောင်လာပြီး ချုပ်နှောင်မှုများမှ ရုန်းထွက်ကာ သူ၏ဓားကို အနောက်ဘက်သို့ ပြင်းထန်စွာ ဝေ့ယမ်း၍ ခုတ်ပိုင်းလိုက်တော့သည်။
ခဏချင်းမှာပင် အနက်ရောင်မီးလျှံလွှာများသည် ဒီရေတက်လာသကဲ့သို့ တစ်လှိုင်းပြီးတစ်လှိုင်း လီရန်ရှိရာသို့ ပြင်းထန်စွာ ရိုက်ခတ်သွားတော့သည်။
“ရေပြာဒိုင်း”
လီရန်၏ မျက်နှာပေးမှာ လေးနက်သွားပြီး သူမ၏ ညာဘက်လက်က အလျင်အမြန်ပင် လက်ကွက်များ ဖော်ဆောင်လိုက်ရာ ဟင်းလင်းပြင်အနှံ့မှ ရေစီးကြောင်းများမှာ စုစည်းလာကြသည်။ ထိုရေစီးကြောင်းများသည် သူမ၏ရှေ့တွင် အပြာရင့်ရောင် ကြည်လင်သော ရေဒိုင်းတစ်ခုအဖြစ် လျင်မြန်စွာ ပုံဖော်လိုက်၏။
ဝူး... ဒုန်း
ရုန်းရင်းဆန်ခတ်ဖြစ်နေသော မီးလျှံလှိုင်းများသည် ရေဒိုင်းကို ပြင်းထန်စွာ ရိုက်ခတ်လိုက်သည်။ မရေမတွက်နိုင်သော ရေစက်များ လွင့်စင်သွားပြီး မီးလျှံများမှာလည်း အရပ်မျက်နှာအနှံ့ ပျံ့လွင့်သွားခဲ့သည်။
ပထမတစ်ဆင့်….
ဒုတိယတစ်ဆင့်…..
တတိယတစ်ဆင့်……
ကိုးဆင့်လှိုင်းမှာ ဒီရေတက်လာသကဲ့သို့ တစ်လှိုင်းထက်တစ်လှိုင်း ပိုမိုပြင်းထန်လာခဲ့သည်။ သတ္တမမြောက်လှိုင်းသို့ ရောက်သောအခါ လီရန်၏ရှေ့မှ ရေဒိုင်းမှာ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားတော့သည်။
ထို့နောက်တွင်မူ ကျန်ရှိနေသော လှိုင်းသုံးဆင့်မှာ ကြီးမားသော မီးလျှံပေါက်ကွဲမှုကြီးတစ်ခုအဖြစ် ပေါင်းစည်းသွားပြီး လီရန်ရှိရာသို့ အရှိန်အဟုန်ဖြင့် ပြင်းထန်စွာ ရိုက်ခတ်သွားတော့သည်။