← Chapters

အခန်း (၁၇၅-၁၇၆)

Vol. 18 Ch. 175-176

အခန်း (၁၇၅-၁၇၆)

Vol. 18 Ch. 175-176

အခန်း။ ၁၇၅

ဒုန်း…..

ကောင်းကင်ယံထက်တွင် မီးခိုးရောင် မှိုပွင့်ပုံစံ တိမ်တိုက်ကြီးတစ်ခု အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာသည်။ ထို့နောက် ချက်ချင်းဆိုသလိုပင် အနက်ရောင်မီးလျှံများမှာ အဝိုင်းလိုက် ပျံ့နှံ့သွားပြီး ကောင်းကင်တစ်ခုလုံးကို ခဏချင်းမှာပင် မီးပင်လယ်ကြီးအဖြစ် ပြောင်းလဲပစ်လိုက်တော့သည်။

နန်းတွင်းဝတ်စုံနှင့် ကျော့ရှင်းသော ပုံရိပ်တစ်ခုမှာ မီးပင်လယ်အတွင်းမှ အနောက်ဘက်သို့ လွင့်စင်ထွက်လာခဲ့ပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားသည်။ သူမသည် ခြေလှမ်းအတော်များများ နောက်ဆုတ်လိုက်ရပြီးမှသာ ဟန်ချက်ကို ပြန်ထိန်းနိုင်တော့သည်။

“မုန့်ဟဲတုန်း...”

လီရန်၏ မျက်နှာမှာ ဖြူဖျော့နေပြီး သူမ၏လက်ထဲရှိ ရေလှိုင်းပုံစံဓားရှည်ထက်တွင်လည်း မီးလျှံများကြောင့် လောင်ကျွမ်းထားသည့် အမည်းစက်များ ထင်ကျန်နေခဲ့သည်။ သူမ၏ လက်ကောက်ဝတ်မှာလည်း အနည်းငယ် တုန်ယင်နေ၏။

တစ်ချိန်က ကျရှုံးသွားခဲ့ဖူးသော ပါရမီရှင်မှာ ယခုအခါတွင်မူ သူ၏အစွမ်းများကို အပြည့်အဝ ထုတ်ဖော်နိုင်ခဲ့သည်။

“နတ်မိမယ်လေး”

“ဂျူနီယာညီမလေးလီ”

မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေမှ တပည့်များ၏ မျက်နှာရိပ်များ ပြောင်းလဲသွားပြီး အလျင်အမြန်ပင် ရှေ့သို့ တိုးလာကြသည်။

“ကျွန်မ အဆင်ပြေပါတယ်"

လီရန်က အသက်ကို ဝဝရှူလိုက်ပြီး လူတိုင်းကို အနားမလာရန် လက်ပြတားမြစ်လိုက်သည်။

လေထုအလယ်ဝယ် မုန့်ဟဲတုန်း၏ အနက်ရောင်ဝတ်ရုံမှာ လေထဲတွင် တဖျတ်ဖျတ်လွင့်နေပြီး သူ၏မျက်ဝန်းများအတွင်း၌ မီးလျှံနှစ်ခုမှာ ကခုန်နေကြသည်။ သူသည် လီရန်ကို ငုံ့ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

“ဒီဆယ်နှစ်အတွင်းမှာ မင်းနဲ့ ရင်ဆိုင်ရမယ့်အချိန်ကို ငါ အကြိမ်ကြိမ် စိတ်ကူးယဉ်ခဲ့ဖူးတယ်။ ဒါပေမဲ့ အခု တကယ်တမ်း ဆုံတွေ့ရတဲ့အခါ မင်းရဲ့အစွမ်းတွေက ငါ့ကို နည်းနည်းတော့ စိတ်ပျက်စေတယ်”

ထိုစကားကြောင့် တောင်တံခါးရှေ့ရှိ မရေမတွက်နိုင်သော လေလွင့်ကျင့်ကြံသူများမှာ မြင်ကွင်းကို ကြည့်ရှုရင်း မျက်လုံးများ ဝင်းလက်သွားကြကာ အားရပါးရ အော်ဟစ်ကာ အားပေးကြတော့သည်။

“ဟားဟားဟား... ကောင်းကင်လှိုင်း နတ်မိမယ်ဆိုတာ ဒါပဲလားဗျာ”

“ပါရမီရှင်မုန့်ကို ယှဉ်ဖို့တောင် မနီးစပ်ပါလား”

“ဒီလောက်လေးနဲ့များ ပါရမီရှင်မုန့်နဲ့ စေ့စပ်တာကို ဖျက်ရဲတယ်ပေါ့လေ”

“ကောင်းတယ် လီရန်ရဲ့ ရင်ထဲမှာ အခု ဘယ်လောက်တောင် ရှုပ်ထွေးနေမလဲဆိုတာ ငါလောင်းရဲတယ်”

“ဟီးဟီး... ငါသာ လီရန်ဆိုရင်တော့ နောင်တတွေရလွန်းလို့ ရင်ကွဲသေလောက်ပြီ”

“ပါရမီရှင်မုန့်ကတော့ ပြိုင်ဘက်ကင်းပဲ”

“ယောက်ျားကောင်းဆိုတာ ဒီလိုဖြစ်ရမှာပေါ့”

“ဓားတစ်စင်းကို ဆယ်နှစ်တိုင်တိုင် သွေးခဲ့ပြီးမှ အခုမှ စမ်းသပ်ခွင့်ရတာပဲ။ ဒီနေ့တော့ မင်းကို ငါပြလိုက်ပြီ ဘယ်သူကများ ငါ့ကို ဆန့်ကျင်ရဲသေးလဲ ဟားဟားဟား... တကယ့်ကို အားရစရာကြီးပဲ”

လေလွင့်ကျင့်ကြံသူများမှာ အားရပါးရ ရယ်မောနေကြပြီး လေထဲရှိ မုန့်ဟဲတုန်းကို ကြည်ညိုလေးစားသော မျက်နှာများဖြင့် ငေးကြည့်နေကြသည်။

ဤအခိုက်အတန့်တွင် မုန့်ဟဲတုန်းသည် လူအပေါင်း၏ အားကိုးရာ၊ ကောင်းကင်ဘုံ၏ အလိုတော်ကို ဆောင်သူကြီးအလားပင်။ အောက်ခြေလူတန်းစား ကျင့်ကြံသူပေါင်းများစွာ အိပ်မက်မက်ခဲ့သော်လည်း တစ်ခါမှ မအောင်မြင်ခဲ့သော ပုံရိပ်လွှာကို သူက ကိုယ်စားပြုနေတော့သည်။

တောင်တံခါးဝတွင်မူ ချန်ကျီရှင်းသည် ထိုမြင်ကွင်းကို ကြည့်ရင်း အလိုအလျောက်ပင် ခေါင်းကို အနည်းငယ် ခါယမ်းလိုက်မိသည်။ သူ၏ နှုတ်ခမ်းထောင့်တွင် အဓိပ္ပာယ်ဖော်မပြနိုင်သော ခပ်ပါးပါး အပြုံးတစ်ခု ပေါ်လာ၏။

“ကောင်းကင်ဘုံက ရွေးချယ်ထားတဲ့ ဇာတ်လိုက်ကြီးပီသပါပေတယ်။ ဇာတ်ကွက်ကို တကယ့်ကို အပီအပြင် ကစားပြသွားတာပဲ"

လူအုပ်ကြီးထဲတွင် ဝါရောင်ဝတ်စုံနှင့် အဆိပ်နတ်မိမယ်လေးမှာလည်း သူမ၏ မျက်နှာလေးထက်တွင် ကြည်ညိုမှုများ ပြည့်နှက်နေသည်။

“အစ်ကိုမုန့်ပဲ... တကယ့်ကို အံ့သြဖို့ကောင်းလွန်းတယ်”

သူမက ဝမ်းသာအားရ ပြောလိုက်သည်။

နောက်တစ်ခဏတွင် အဆိပ်နတ်မိမယ်လေးက လီရန်ကို ကြည့်ကာ နှာခေါင်းလေးရှုံ့ပြီး မာနတကြီးဖြင့် အော်ပြောလိုက်ပြန်သည်။

“မင်းလို မိန်းမယုတ်မ... အရင်တုန်းက အစ်ကိုမုန့်ကို အထင်သေးခဲ့တယ်လေ။ အခုတော့ ဝဋ်လည်ပြီ မဟုတ်လား”

“အရင်က မင်း လျစ်လျူရှုခဲ့တဲ့ အစ်ကိုမုန့်က အခုချိန်မှာတော့ မင်း လက်လှမ်းမှီနိုင်တဲ့ အဆင့်မှာ မရှိတော့ဘူး”

လီရန်သည် ထိုစကားကို ကြားသောအခါ အဆိပ်နတ်မိမယ်လေးကို ကြည့်ပြီး ခေါင်းကို အသာအယာ ခါယမ်းလိုက်မိသည်။ သူမအမြင်တွင် ဤမိန်းကလေးမှာ ဘာမှမသိနားမလည်သေးသော ကလေးမလေးတစ်ယောက်သာ ဖြစ်သည်။ အရာရာကို တစ်ဖက်သတ်အမြင်ဖြင့်သာ ကြည့်တတ်သူမို့ ထိုသို့သော ကလေးမလေးနှင့် ငြင်းခုံနေခြင်းမှာ အကျိုးမရှိပေ။

“ဒါနဲ့ပဲ... မင်း နိုင်သွားပြီလို့ ထင်နေတာလား”

လီရန်က သူမ၏ နှုတ်ခမ်းထောင့်မှ သွေးစကလေးကို ညင်သာစွာ သုတ်လိုက်ပြီး မုန့်ဟဲတုန်းကို ကြည့်ကာ တည်ငြိမ်စွာ မေးလိုက်သည်။

“အို”

မုန့်ဟဲတုန်းက မျက်ခုံးပင့်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။

“မင်း အခုချိန်မှာ အရှုံးပေးမယ်ဆိုရင် ငါ အငြိုးအတေး မထားတော့ဘူးလို့ အစက တွေးထားတာ"

“နှမြောစရာပဲ... မင်းကတော့ အရင်အတိုင်း ခေါင်းမာနေတုန်းပဲ။ အခုထိတောင် မင်းက ငါ့ရဲ့ ပြိုင်ဘက်လို့ ထင်နေတုန်းလား”

လီရန်က ဘာမှပြန်မပြောဘဲ မတုန်မလှုပ်သော စိတ်ဓာတ်ဖြင့် မုန့်ဟဲတုန်းကိုသာ စိုက်ကြည့်နေသည်။ ထိုအကြည့်ကို မြင်သောအခါ မုန့်ဟဲတုန်းမှာလည်း ခေါင်းကို အသာအယာ ခါယမ်းလိုက်မိတော့၏။

“ကောင်းပြီလေ... မင်းက ဒီလောက်တောင် အမှားနဲ့အမှန်ကို မခွဲခြားနိုင်ဘဲ ယောင်ချာချာ ဖြစ်နေမှတော့...”

ဒုန်း

သူ၏ မျက်ဝန်းများအတွင်း မီးလျှံများ တောက်လောင်လာပြီး မျက်နှာထက်တွင် ဒေါသအရိပ်အယောင်များ ဖြတ်သန်းသွားသည်။

“ဒီနေ့ မင်းကို ငါ အပြတ်အသတ် ဖျက်ဆီးပစ်လိုက်ရင်တော့ ငါ့ကို အပြစ်မတင်နဲ့တော့”

ထိုစကားသံ ဆုံးသည်နှင့်တစ်ပြိုင်နက် မုန့်ဟဲတုန်းသည် လောင်မြိုက်နေသော ဥက္ကာခဲကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကာ ဟင်းလင်းပြင်ကို ဖောက်ထွက်လျက် လီရန်ရှိရာသို့ ပြင်းထန်စွာ ခုတ်ပိုင်းလိုက်တော့သည်။

“လွဲချော်စေ”

လီရန်၏ မျက်နှာပေးမှာ အေးစက်သွားပြီး အားကောင်းလှသော စိတ်ဝိညာဉ်စွမ်းအားများ ထပ်မံ၍ ပေါက်ကွဲကာ ထွက်ပေါ်လာသည်။

လီရန်ကို ခုတ်ပိုင်းရန် ဆင်းသက်လာသော မုန့်ဟဲတုန်းမှာ ရုတ်တရက် မျက်နှာပျက်သွားပြီး သူ၏ အနက်ရောင်ဓားလေးကြီးမှာ လမ်းကြောင်း အနည်းငယ် လွဲချော်သွားကာ တောင်တံခါးရှေ့ရှိ အပြာရောင် ကျောက်ခင်းမြေပြင်ပေါ်သို့ အရှိန်အဟုန်ဖြင့် ကျရောက်သွားတော့သည်။

ဂျွမ်း

ဓားချက်ကျရောက်ရာနေရာမှ ကြီးမားသော အက်ကြောင်းကြီးတစ်ခုမှာ မြေပြင်တစ်ခုလုံးကို နှစ်ပိုင်းပိုင်းပစ်တော့မည့်အလား ချက်ချင်းပင် ပျံ့နှံ့သွားသည်။ လေပြေအေးကလေးတစ်ခု ဝေ့တိုက်သွားပြီးနောက် ကျန်ရှိနေသော စွမ်းအားလှိုင်းများမှာ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။ ၎င်းမှာ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေ၏ ဂိုဏ်းစောင့်ကြပ်ရေး အစီရင်ခံစွမ်းအားကြောင့်ပင်။

“လွဲချော်စေတာလား ငါ့ရဲ့ အာရုံခံစားမှုကို ခေတ္တလွဲမှားသွားအောင် သူက စိတ်ဝိညာဉ်အသိကို သုံးလိုက်တာလား”

မုန့်ဟဲတုန်းသည် မျက်ခုံးအသာပင့်လိုက်ပြီး အခြေအနေအားလုံးကို လျင်မြန်စွာ နားလည်သွားခဲ့သည်။

“ဒါဆိုရင် ဒါကိုရော ဘယ်လိုလုပ်မလဲ”

မုန့်ဟဲတုန်းက သူ၏လက်ချောင်းငါးချောင်းကို လက်သည်းသဏ္ဌာန် ရုတ်တရက် ဆုပ်လိုက်သည်။

“မီးလျှံပညာရပ် မြေပြင်အကျဉ်းထောင်”

ရှဲ

မျက်စိတစ်မှိတ်အတွင်းမှာပင် မြေပြင်မှ အနက်ရောင်မီးလျှံပေါင်းများစွာမှာ သောင်းကျန်းစွာ ထိုးထွက်လာတော့သည်။ အသက်တစ်ရှူစာအတွင်းမှာပင် မြေပြင်မှ ပေါက်ကွဲထွက်လာသော ထိုမီးလျှံများမှာ မီးတံတိုင်းများနှင့် အကာအကွယ်များအဖြစ် ပြောင်းလဲသွားပြီး လီရန်ကို အရပ်မျက်နှာအနှံ့မှ အကျဉ်းထောင်တစ်ခုသဖွယ် ပိတ်ဆို့လိုက်တော့သည်။

“ပြိုလဲစေ”

မုန့်ဟဲတုန်းက သူ၏ညာဘက်လက်ကို အောက်သို့ဖိချလိုက်ကာ စကားတစ်လုံးကို အော်ပြောလိုက်သည်။

ဒုန်း

မီးတံတိုင်းများနှင့် အကာအကွယ်များမှာ လီရန်ရှိရာသို့ တစ်ပြိုင်နက်တည်း ပြိုလဲကျသွားပြီး သူမကို မီးလျှံများအတွင်း ဝါးမြိုပစ်လိုက်တော့သည်။ တောင်တံခါးပတ်ဝန်းကျင် ပေတစ်ထောင်ခန့် ဧရိယာတစ်ခုလုံးမှာ ပြင်းထန်သော မီးပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားတော့၏။

မြင်ကွင်းကို ကြည့်နေကြသော ကျင့်ကြံသူပေါင်းများစွာမှာ ဘေးသင့်မည်ကို စိုးရိမ်သဖြင့် အနောက်သို့ အလျင်အမြန် ဆုတ်ခွာသွားကြသည်။ ချန်ကျီရှင်းမှာမူ လက်တစ်ဖက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ သူ၏ရှေ့ မီတာအတော်အဝေး၌ပင် ထိုကြောက်မက်ဖွယ် မီးလျှံများမှာ မမြင်ရသော အတားအဆီးတစ်ခုနှင့် တိုးမိသွားသကဲ့သို့ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

နောက်တစ်ခဏတွင် ချန်ကျီရှင်းသည် မီးပင်လယ်ရှိရာသို့ တည်ငြိမ်စွာ လှမ်းကြည့်လိုက်သည်။

ဤတိုက်ပွဲတွင် လီရန်သည် မုန့်ဟဲတုန်း၏ ပြိုင်ဘက် ဖြစ်လာမည်မဟုတ်ပေ။ ဤရလဒ်မှာ ကြိုတင်သတ်မှတ်ထားပြီးသား ဖြစ်သည်။ သို့သော် လီရန်သည်လည်း ဤမျှလွယ်လွယ်နှင့် အရှုံးပေးမည့်သူ မဟုတ်ပေ။ သို့မဟုတ်ပါက သူမသည် ကောင်းကင်လှိုင်း နတ်မိမယ်ဟူသော ဘွဲ့ထူးကို ခံယူထားလိမ့်မည် မဟုတ်ပေ။

“လပြည့်ဝန်း အဟုန်”

ဟုန်းဟုန်းတောက်နေသော မီးပင်လယ်ကြီးအတွင်းမှ ကောင်းကင်ပြာရောင် နန်းတွင်းဝတ်စုံနှင့် ပုံရိပ်တစ်ခုမှာ ကောင်းကင်ယံသို့ ပျံတက်လာခဲ့သည်။

“ရေဓာတ်ပညာရပ် အသွင်တစ်ထောင် ပြောင်းလဲခြင်း”

လီရန်၏ ညာဘက်လက်က လက်ကွက်ဖော်လိုက်ရာ ဝိုးတဝါးပုံရိပ်ပေါင်း ဒါဇင်နှင့်ချီ၍ ထပ်မံထွက်ပေါ်လာပြီး မုန့်ဟဲတုန်းရှိရာသို့ တစ်ပြိုင်နက်တည်း ပြေးဝင်၍ တိုက်ခိုက်တော့သည်။

“အသေးအဖွဲ လှည့်ကွက်တွေပဲ"

မုန့်ဟဲတုန်းက ရုတ်တရက် ခေါင်းမော့လိုက်ပြီး သူ၏ညာဘက်လက်ကို လက်သည်းသဏ္ဌာန် ထပ်မံဆုပ်လိုက်ပြန်သည်။

“နဂါးရစ်ပတ်ခြင်း”

ရှူး

အောက်ဘက်ရှိ ကျယ်ပြောလှသော မီးပင်လယ်ကြီးမှာ ချက်ချင်းပင် ခဲသွားသကဲ့သို့ ဖြစ်သွားပြီး ကောင်းကင်သို့ ထိုးတက်လာသော မီးနဂါးကြီးများအဖြစ် ပြောင်းလဲသွားကာ အရပ်မျက်နှာအနှံ့မှ လီရန်၏ ပုံရိပ်ယောင်များကို ဝိုင်းရံ၍ တိုက်ခိုက်တော့သည်။

ဖတ်

လီရန်၏ ပုံရိပ်ယောင်များမှာ မီးနဂါးများ၏ အကိုက်အခဲကို ခံရကာ တစ်ခုပြီးတစ်ခု ပျက်စီးသွားပြီး ရေစီးကြောင်းများအဖြစ် အရည်ပျော်ကျသွားခဲ့သည်။ ထိုအခိုက်အတန့်မှာပင် တကယ့် လီရန်အစစ်မှာ မုန့်ဟဲတုန်းရှိရာသို့ အရှိန်အဟုန်ဖြင့် ဆင်းသက်လာခဲ့သည်။ သူတို့နှစ်ဦးကြား အကွာအဝေးမှာ လျင်မြန်စွာ ကျုံ့ဝင်သွား၏။

ဒုန်း

မီးနဂါးတစ်ကောင်မှာ လီရန်နှင့် တည့်တည့်တိုးမိသွားသည်။ လီရန်၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ခါသွားသော်လည်း သူမသည် အံကိုကြိတ်ကာ အောက်သို့ ဆက်လက်တိုးဝင်ခဲ့သည်။

နောက်တစ်ခဏတွင်

“စိတ်အာရုံ ဖန်တီးမှု မျက်လှည့်”

လီရန်သည် မုန့်ဟဲတုန်း၏ရှေ့တွင် ခိုင်ခံ့စွာ ရပ်လိုက်သည်။ မုန့်ဟဲတုန်းက မော့ကြည့်လိုက်ရာ လီရန်၏ အကြည့်နှင့် မတော်တဆ ဆုံစည်းသွားခဲ့သည်။ ချက်ချင်းဆိုသလိုပင် မုန့်ဟဲတုန်းသည် လောကကြီးတစ်ခုလုံး ပျောက်ကွယ်သွားပြီး ကောင်းကင်နှင့် မြေကြီးကြားတွင် လီရန်၏ မျက်ဝန်းများသာ ကျန်ရှိတော့သကဲ့သို့ ခံစားလိုက်ရသည်။

ထိုမျက်ဝန်းများတွင် အဆုံးမဲ့ မှော်ဆန်မှုများ ကိန်းအောင်းနေသယောင် ရှိ၏။ တစ်ချက်မျှ ကြည့်လိုက်ရုံဖြင့် သူ၏ သူငယ်အိမ်များမှာ ကျယ်လာပြီး အကြည့်များမှာ ဝေဝါးသွားကာ အာရုံမှားစေသော နယ်ပယ်တစ်ခုအတွင်းသို့ ကျဆင်းသွားတော့သည်။

“အဆုံးသတ်ရမယ့် အချိန်ရောက်ပြီ"

လီရန်၏ မျက်နှာမှာ ဖြူဖျော့နေပြီး နဖူးထက်မှ ချွေးစက်ကြီးများမှာ လိမ့်ဆင်းနေကာ နှုတ်ခမ်းမှလည်း သွေးများ စီးကျနေသည်။

နောက်တစ်ခဏတွင် သူမသည် ခက်ခဲစွာဖြင့် လက်ကို မြှောက်လိုက်ပြီး မုန့်ဟဲတုန်း၏ မျက်ခုံးအစုံကြားသို့ လှမ်း၍ ထိုးနှံလိုက်သည်။

ထိုစဉ်မှာပင်

“ဟုတ်တယ်... အဆုံးသတ်ရမယ့် အချိန်ရောက်ပြီ"

ဝေဝါးထွေပြားနေသော မုန့်ဟဲတုန်း၏ မျက်ဝန်းများမှာ ရုတ်တရက် ကြည်လင်လာပြီး သူ၏ လက်ကြီးကို ဆန့်ထုတ်ကာ လီရန်ကို ဖမ်းဆွဲလိုက်တော့သည်။

“ဒါပေမဲ့...”

“အဆုံးသတ်သွားမယ့်သူက မင်းပဲ”

အခန်း။ ၁၇၆

ဒုန်း….

မုန့်ဟဲတုန်း၏ လက်ဝါးကြီးအတွင်းမှ အဆုံးမဲ့သော အနက်ရောင်မီးလျှံများ တိုးထွက်လာသည်။ ထိုမီးလျှံများသည် တစ်လွှာပြီးတစ်လွှာ စုစည်းသွားကြပြီးနောက် ထပ်မံ၍ အဆင့်ဆင့် ဖိသိပ်ခြင်း ခံလိုက်ရသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် မုန့်ဟဲတုန်း၏ လက်မောင်းတစ်ခုလုံးမှာ အနက်ရောင် ချော်ရည်ပူများဖြင့် ရစ်ပတ်ထားသော ဧရာမလက်မောင်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။ အရည်အဖြစ် ဖိသိပ်ထားသော ထိုမီးလျှံများသည် ပျစ်ခဲနေသော ချော်ရည်များအဖြစ် ပြောင်းလဲကာ မုန့်ဟဲတုန်း၏ လက်ဝါးမှ တစက်စက် ကျဆင်းနေပြီး မြေပြင်ပေါ်သို့ ကျရောက်သည့်အခါ နက်ရှိုင်းသော ကျင်းကြီးများကို ဖြစ်ပေါ်စေသည်။

မုန့်ဟဲတုန်း၏ လက်ဝါးအတွင်းမှ ကြောက်မက်ဖွယ်ကောင်းလှသော အန္တရာယ်အငွေ့အသက်များ ထွက်ပေါ်နေတော့၏။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”

လီရန်၏ သူငယ်အိမ်များမှာ သိသိသာသာ ကျုံ့ဝင်သွားပြီး သူမ၏ လှပသော မျက်နှာထက်တွင် မယုံကြည်နိုင်စရာ ကောင်းလှသော အမူအရာများ ပေါ်ထွက်လာသည်။

သူမ၏ စိတ်ဝိညာဉ်စွမ်းအားသည် မုန့်ဟဲတုန်း၏ အသိစိတ်ပင်လယ်ကို လုံးဝ ထိုးဖောက်

ဝင်ရောက်နိုင်ခဲ့ပြီဟု သူမ ကိုယ်တိုင် တွက်ဆထားခဲ့သည်။

သူက အာရုံမှားတွေထဲမှာ နစ်မျောနေရမှာပဲလေ... ဘာလို့ ဒီလောက်တောင် မြန်မြန်ဆန်ဆန် နိုးထလာနိုင်ရတာလဲ။

“ငါ ဒီတိုက်ပွဲအတွက် ဆယ်နှစ်တောင် စောင့်ခဲ့ရတာ... ငါ ဘာမှ ပြင်ဆင်မထားဘူးလို့ မင်း ထင်နေတာလား”

မုန့်ဟဲတုန်း၏ နှုတ်ခမ်းဖျားတွင် ကဲ့ရဲ့လိုသော အပြုံးတစ်ခု ပေါ်လာသည်။

နောက်တစ်ခဏတွင်

“မီးလျှံကြယ်တာရာ ပေါက်ကွဲမှု”

ချက်ချင်းဆိုသလိုပင် အနက်ရောင် ချော်ရည်များ စီးဆင်းနေသော မုန့်ဟဲတုန်း၏ လက်မှာ လက်သီးအဖြစ် ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး လီရန်၏ ဝမ်းဗိုက်ဆီသို့ အားကုန် ထိုးနှံလိုက်တော့သည်။

ဒုန်း

မြေကမ္ဘာကို တုန်ဟည်းစေမည့် ကြောက်မက်ဖွယ် အသံကြီးနှင့်အတူ လီရန်သည် ဧရာမ တူကြီးတစ်လက်နှင့် အထုခံလိုက်ရသကဲ့သို့ သူမ၏ ကျော့ရှင်းသော ခန္ဓာကိုယ်မှာ ပုစွန်ထုပ်တစ်ကောင်အလား ကွေးညွတ်သွားတော့သည်။

“ပေါက်ကွဲစမ်း”

မုန့်ဟဲတုန်းက အသံနိမ့်နိမ့်ဖြင့် ဟိန်းဟောက်လိုက်သည်။

ဒုန်း ဒုန်း ဒုန်း

ချော်ရည်များ ဖုံးလွှမ်းနေသော လက်သီးပေါ်တွင် အလွန်အမင်း ဖိသိပ်ထားသော မီးလျှံပေါင်းများစွာမှာ တစ်ပြိုင်နက်တည်း ပေါက်ကွဲထွက်သွားတော့သည်။ ဤစွမ်းအားမှာ မီးတောင်ပေါက်ကွဲမှုကြီးတစ်ခုနှင့်ပင် တူလှသည်။

ယခုအခါ ထိုစွမ်းအားအားလုံးမှာ လီရန်၏ ခန္ဓာကိုယ်အတွင်း၌ ပေါက်ကွဲသွားခဲ့ပြီ ဖြစ်သည်။

ဒုန်း

လီရန်သည် အနောက်ဘက်သို့ ချက်ချင်းပင် လွင့်စင်ထွက်သွားခဲ့ရပြီး နတ်သမီးတစ်ပါးအလား တင့်တယ်လှပသော သူမ၏ ရုပ်ခန္ဓာမှာလည်း ကြေမွပျက်စီးတော့မည့် အရိပ်အယောင်များ ဝိုးတဝါး ပြသနေတော့သည်။

လီရန်သည် လေထဲတွင် ဝဲပျံသွားသော ဂုန်နီအိတ်ဟောင်းတစ်လုံးအလား အရှိန်ပြင်းစွာဖြင့် တောင်တံခါးရှိရာသို့ လွင့်စင်ကျလာခဲ့သည်။

“စိတ်မကောင်းပါဘူး... ဒါပေမဲ့ ငါ ဒီပွဲကို သေချာပေါက် နိုင်မှဖြစ်မယ်”

မုန့်ဟဲတုန်းက လီရန်ကို တစ်ချက်ကြည့်လိုက်ပြီး သူ၏လက်သီးကို ပြန်ရုပ်ကာ ခေါင်းကို အသာအယာ ခါယမ်းလိုက်သည်။

လီရန်သည် ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေတောင်တံခါးဝရှိ မြောက်ဘက်နှင့် တောင်ဘက်တောင်ထိပ်မှ တပည့်များကြားထဲသို့ အရှိန်ပြင်းစွာဖြင့် ပစ်ကျတော့မည့် ဆဲဆဲ ရုတ်တရက်ဆိုသလိုပင် ဆီးနှင်းပမာ ဖြူစင်သော ဝတ်ရုံကို ဆင်မြန်းထားသည့် ပုံရိပ်တစ်ခုမှာ မည်သည့်အချိန်က ရောက်ရှိနေမှန်းမသိဘဲ လူအုပ်ကြားမှ ထွက်ပေါ်လာခဲ့သည်။

ချက်ချင်းပင် ရှည်လျားသော လက်ချောင်းများ၊ ထင်ရှားသော လက်ဆစ်များနှင့် ကျောက်စိမ်းကဲ့သို့ ဖြူစင်ဝင်းမွတ်သော လက်တစ်ဖက်က ဆန့်ထွက်လာကာ လီရန်၏ ခါးကလေးကို ညင်သာစွာ ဆွဲဖက်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်အတွင်း ကျန်ရှိနေသော အရှိန်အဟုန်အားလုံးကို လွင့်စင်သွားစေပြီးနောက် နွေးထွေးသော ရင်ခွင်တစ်ခုအတွင်းသို့ ဆွဲသွင်းကာ သူမ ပြုတ်ကျတော့မည့်အန္တရာယ်မှ တားဆီးပေးလိုက်သည်။

နောက်တစ်ခဏ၌ လီရန်သည် ထိုနွေးထွေးသော လက်မှတစ်ဆင့် သူမ၏ ခန္ဓာကိုယ်အတွင်းသို့ သိပ်သည်းနူးညံ့သော စွမ်းအားတစ်ခု စီးဝင်လာသည်ကို ခံစားလိုက်ရသည်။ ထိုစွမ်းအားက သူမ၏ ခန္ဓာကိုယ်အတွင်း ရုန်းရင်းဆန်ခတ်ဖြစ်နေသော ဝိညာဉ်စွမ်းအင်များကို ငြိမ်သက်သွားစေ၏။

လီရန်က မော့ကြည့်လိုက်ရာ နက်ရှိုင်းသော မျက်ဝန်းများနှင့် တည်ငြိမ်သော မျက်နှာပေးပိုင်ရှင် တစ်ဦးကို မြင်တွေ့လိုက်ရသည်။

“ဂျူနီယာမောင်လေးရှောင်”

လီရန်က မော့ကြည့်ရင်း ထိုမျက်နှာကို ငေးမောကာ တိုးတိတ်စွာ ခေါ်လိုက်မိသည်။

“စီနီယာအစ်မ... ကျွန်တော့်ကိုပဲ လွှဲပေးလိုက်တော့မလား”

ချန်ကျီရှင်းသည် ရွှေရောင်စက္ကူအလား ဖြူဖျော့နေပြီး မျက်စိ၊ နား၊ နှာ၊ ပါး ခုနစ်ပေါက်မှ သွေးများ ယိုစီးနေသော သူမ၏ မျက်နှာကို ငုံ့ကြည့်ကာ သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်သည်။

လီရန်၏ ဒဏ်ရာမှာ ယခုအချိန်တွင် အလွန်ပြင်းထန်နေပြီဖြစ်ကြောင်း သူ ကောင်းကောင်း ခံစားမိသည်။ စိတ်ဝိညာဉ်အသိလမ်းစဉ်ကို ကျင့်ကြံသူဖြစ်သည့်အတွက် သူမ၏ ရုပ်ခန္ဓာမှာ တူညီသော ကျင့်ကြံခြင်းနယ်ပယ်ရှိ အခြားသူများထက် အားနည်းပြီးသား ဖြစ်သည်။ ဆက်တိုက်ဆိုသလို တိုက်ခိုက်ခံရမှုများကြောင့် သူမသည် ပြိုလဲလုနီးပါး ဖြစ်နေသော်လည်း စိတ်ဓာတ်ခိုင်မာမှုတစ်ခုတည်းဖြင့်သာ တောင့်ခံနေခြင်းပင်။

“မှတ်မိသေးလား ကျွန်တော် စီနီယာအစ်မထက် ပိုပြီး သန်မာလာတဲ့နေ့ကျရင် စီနီယာ့ကို ကျွန်တော် စောင့်ရှောက်ပေးမယ်လို့ ပြောခဲ့တာလေ”

ချန်ကျီရှင်းက လီရန်ကို ညင်သာစွာ ထူမပေးလိုက်ပြီး သူ၏ မျက်နှာထက်တွင် နွေးထွေးသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။

လီရန်သည် ချန်ကျီရှင်းကို ကြောင်တောင်တောင် ငေးကြည့်နေမိပြီး သူမ၏ မျက်ဝန်းများမှာ တဖြည်းဖြည်း နီမြန်းလာကာ မျက်ရည်များ ဝဲတက်လာခဲ့သည်။ သူမ၏ ရင်ထဲ၌ နွေးထွေးသော ခံစားချက်တစ်ခုက အရှိန်အဟုန်ဖြင့် စီးဆင်းသွား၏။

ဘာကြောင့်မှန်းမသိဘဲ ထိုအခိုက်အတန့်တွင် သူမ အားရပါးရ ငိုချလိုက်ချင်မိသည်။

“မောင်လေး... အစ်မ အခုပုံစံက တကယ့်ကို ကြည့်ရဆိုးနေတယ် မဟုတ်လား...”

လီရန်က သူမ၏ နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး မငိုမိအောင် အတင်းထိန်းထားရရှာသည်။

ချန်ကျီရှင်းက ဘာမှပြန်မပြောဘဲ သူ၏လက်မဖြင့် လီရန်၏ မျက်နှာပေါ်မှ သွေးစများကို ညင်သာစွာ သုတ်ပေးလိုက်သည်။

“မဆိုးပါဘူး... လုံးဝ ကြည့်မဆိုးပါဘူး”

ချန်ကျီရှင်းက လေးနက်စွာ ပြောလိုက်သည်။

ထိုအချိန်မှာပင် ဂိုဏ်းဝင်တပည့်အားလုံးမှာ အသိပြန်ဝင်လာကြပြီး တုန်လှုပ်ခြောက်ခြားစွာ အော်ဟစ်လိုက်ကြတော့သည်။

“ဂျူနီယာညီမလေး”

“နတ်မိမယ်လေး”

မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေမှ တပည့်များ၊ အထူးသဖြင့် တောင်ဘက်တောင်ထိပ်မှ တပည့်များမှာ ထိတ်လန့်တကြား အော်ဟစ်ကြပြီး သူတို့၏ မျက်ဝန်းများမှာလည်း ဒေါသကြောင့် နီမြန်းလာကြတော့သည်။

သူတို့ဂိုဏ်းတံခါးဝရှေ့တင် လူအများကြီးကြားထဲမှာ သူတို့ရဲ့ နတ်မိမယ်လေး ဒီလောက်အထိ အနှိပ်စက်ခံရတာကို မြင်လိုက်ရတော့ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေက တပည့်တွေ ဘယ်လိုလုပ် သည်းခံနိုင်တော့မှာလဲ။

ဂိုဏ်းဝင်တပည့်များ၏ ဒေါသတကြီး ဖြစ်နေမှုနှင့် ဆန့်ကျင်ဘက်အနေဖြင့် တောင်တံခါးအပြင်ဘက်ရှိ မုန့်ဟဲတုန်းကို ထောက်ခံအားပေးနေကြသည့် မြောက်မြားလှစွာသော လေလွင့်ကျင့်ကြံသူများမှာမူ ဝမ်းသာအားရ အော်ဟစ်လိုက်ကြတော့သည်။

“ဟားဟားဟား... ပြိုင်ဘက်ကင်းပဲဟေ့”

“ပါရမီရှင်မုန့်က ပြိုင်ဘက်ကင်းပဲ”

“ဒါလား ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေရဲ့ နတ်မိမယ်ဆိုတာ ဒီလောက်အထိ အားနည်းပြီး နုနယ်လှချည်လား”

“အရှေ့ပိုင်း လျှို့ဝှက်ဆန်းကြယ်နယ်မြေတစ်ခုလုံးမှာရှိတဲ့ မျိုးဆက်သစ်လူငယ်တွေထဲမှာ ပါရမီရှင်မုန့်ကို ယှဉ်နိုင်တဲ့သူ ရှိဦးမှာလား”

“ကောင်းကင်လှိုင်း နတ်မိမယ် စေ့စပ်ပွဲကို ဖျက်တာဟုတ်လား ဟက်”

“ပါရမီရှင်မုန့်က ဒီမျိုးဆက်ရဲ့ နံပါတ်တစ် ပါရမီရှင်ဆိုတဲ့ ဘွဲ့ထူးနဲ့ တကယ့်ကို ထိုက်တန်ပါတယ်”

“ဒါမျိုးပဲ ဖြစ်ရမှာ လွန်ခဲ့တဲ့နှစ်တွေက လီရန်တစ်ယောက် လူသိရှင်ကြား စေ့စပ်ပွဲဖျက်ပြီး မောက်မာခဲ့တာတွေအတွက် အခုလိုဖြစ်တာက သူနဲ့ ထိုက်တန်ပါတယ်”

“ဒါကို ဝဋ်လည်တယ်လို့ ခေါ်တာပဲ ဟားဟားဟား”

“ဒီနေ့ပြီးရင် ပါရမီရှင်မုန့်က မျိုးဆက်သစ်လူငယ်တွေရဲ့ ထိပ်ဆုံးကို တက်လှမ်းနိုင်တော့မှာ အသေအချာပဲ”

ဒီရေလှိုင်းလုံးကြီးများအလား တစ်လှိုင်းပြီးတစ်လှိုင်း တက်လာသော အားပေးသံများမှာ ကောင်းကင်ယံအနှံ့ ပဲ့တင်ထပ်သွားတော့သည်။

အဆိပ်နတ်မိမယ်လေးမှာလည်း လူအုပ်ထဲမှ ဝမ်းသာအားရ ထွက်လာပြီး မုန့်ဟဲတုန်း၏ ရင်ခွင်ထဲသို့ တိုးဝင်လိုက်သည်။

“အစ်ကိုမုန့်... အစ်ကိုက တကယ့်ကို အံ့သြစရာကောင်းလွန်းတယ်”

အဆိပ်နတ်မိမယ်လေးသည် ကြည်ညိုမြတ်နိုးမှုများ ပြည့်နှက်နေသည့် လခြမ်းကွေးမျက်ဝန်းလေးများဖြင့် မုန့်ဟဲတုန်းကို မော့ကြည့်လိုက်၏။

“ဒါက အစပဲ ရှိသေးတာပါ”

မုန့်ဟဲတုန်းက ပြုံးလိုက်ပြီး အဆိပ်နတ်မိမယ်လေး၏ ချစ်စဖွယ် နှာတံကလေးကို အသာအယာ တို့လိုက်သည်။

နောက်တစ်ခဏ၌ မုန့်ဟဲတုန်းသည် ခေါင်းမော့လိုက်ပြီး သူ့ကို ဒေါသတကြီး စိုက်ကြည့်နေကြသော ဂိုဏ်းဝင်တပည့်များဘက်သို့ လှည့်ကာ အေးစက်စွာ ပြောလိုက်သည်။

“ငါ့ကို အဲဒီလိုမျက်နှာပေးနဲ့ ကြည့်နေဖို့ မလိုပါဘူး။ ငါက လီရန်ဆီက ရခဲ့တာတွေကို သူ့ဆီပဲ ပြန်ပေးလိုက်တာပဲ ရှိတာ"

သူ ခဏမျှ ရပ်လိုက်ပြီးနောက်

“ပြီးတော့ ငါပြောခဲ့သလိုပဲ... ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေရဲ့ မျိုးဆက်သစ်တွေထဲမှာ သူ့အတွက် ထွက်ပြီး တိုက်ပေးချင်တဲ့သူရှိရင် ငါ အကုန်လုံးကို လက်ခံပေးမယ်"

“ဒါမှမဟုတ်ရင်လည်း...”

မုန့်ဟဲတုန်း၏ အကြည့်များမှာ ဂိုဏ်းဝင်တပည့်တစ်ဦးချင်းစီ၏ မျက်နှာထက်သို့ တည်ငြိမ်စွာ ဝေ့ဝဲသွားပြီးနောက်

“မင်းတို့ အကုန်လုံး တစ်ပြိုင်နက်တည်း တက်လာခဲ့ကြလည်း ရတယ်။ ဒီနေ့ မုန့်ဟဲတုန်းက မင်းတို့ အားလုံးကို တစ်ယောက်တည်း ရင်ဆိုင်ပေးမယ်”

စကားအဆုံးတွင်

ဒုန်း

မုန့်ဟဲတုန်း၏ မျက်ဝန်းအစုံမှ ပြာလဲ့သော မီးလျှံများ ပေါက်ကွဲထွက်လာပြီး သူ၏ တစ်ကိုယ်လုံးကို ချက်ချင်းပင် ဖုံးလွှမ်းသွားတော့သည်။

“မောက်မာလှချည်လား”

“ရိုင်းစိုင်းလိုက်တာ”

“လူရမ်းကား... မင်းရဲ့ မောက်မာမှုတွေကို ရပ်တန်းကရပ်လိုက်စမ်း”

“လာခဲ့... မင်း ဘယ်လောက်တောင် စွမ်းလဲဆိုတာ ငါကိုယ်တိုင် ကြည့်ရသေးတာပေါ့”

ခဏချင်းမှာပင် ကောင်းကင်လှိုင်းတပည့်တိုင်းမှာ မထိန်းချုပ်နိုင်လောက်အောင် ဒေါသပေါက်ကွဲသွားကြသည်။ ကွမ်းထျန်းယွီ၏ မျက်နှာမှာလည်း အေးစက်သွားပြီး လူအုပ်ထဲမှ ထွက်ကာ ကိုယ်တိုင် ကိုင်တွယ်ရန် ပြင်လိုက်တော့သည်။

ဤမြင်ကွင်းကို ကြည့်ရင်း ချန်ကျီရှင်းမှာမူ ခေါင်းကို အသာအယာ ခါယမ်းလိုက်မိသည်။ ဤဇာတ်ကွက်မျိုးက သူ့အတွက် အလွန်ပင် ရင်းနှီးနေသည်။

ဒါက ငါ့အတိတ်ဘဝက ဖတ်ခဲ့ဖူးတဲ့ ဝတ္ထုတွေထဲကလို ဇာတ်လိုက်က အောက်ခြေကနေ ရုန်းထွက်ပြီး တောက်ပလာတဲ့ အချိန်မျိုးပဲ မဟုတ်ဘူးလား။

နိမ့်ကျသူက ရုန်းထွက်လာပြီး ဂိုဏ်းတစ်ခုလုံးကို အနိုင်ယူကာ ရှေးဟောင်းသန့်စင်ရာနယ်မြေကြီးကို ခြေဖဝါးအောက် နင်းခြေပြသည့် အခိုက်အတန့်ဖြစ်ပြီး ပတ်ဝန်းကျင်က လူတွေကလည်း ထင်ထားသည့်အတိုင်း လက်ခုပ်တီး အားပေးနေကြသည်။

နောက်ဆုံးတွင် ဇာတ်လိုက်၏အမည်က တစ်ကမ္ဘာလုံးကို တုန်ဟည်းသွားစေပြီး အလှနတ်သမီးလေး၏ အချစ်ကိုလည်း သိမ်းပိုက်နိုင်လိမ့်မည်။ ခန့်ညားထည်ဝါလှသော ရှေးဟောင်းသန့်စင်ရာနယ်မြေကြီးကမူ ဇာတ်ပို့ အဖြစ်အပျက်ကလေးတစ်ခုအဖြစ်သာ ကျန်ရစ်တော့မည်။

တပည့်များ၏ “ရမ်းကားလှချည်လား”၊ “မောက်မာလှချည်လား” ဟူသော အော်ဟစ်သံများနှင့် ပေါင်းစပ်လိုက်သည့်အခါ…..

ဝါး...

တကယ့်ကို စိတ်ကူးယဉ်စွမ်းအားပြ ဝတ္ထုတစ်ပုဒ်၏ အထွတ်အထိပ်သို့ ရောက်ရှိရန် ပြင်ဆင်မှု အပြည့်အစုံပင်။

ဒီရေလှိုင်းလုံးကြီးများအလား တက်လာသော အားပေးသံများမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားတော့သည်။

All Chapters