← Chapters

အခန်း (၁၇၉-၁၈၀)

Vol. 18 Ch. 179-180

အခန်း (၁၇၉-၁၈၀)

Vol. 18 Ch. 179-180

အခန်း။ ၁၇၉

“ဒါ... ဒါ... ဒီ ကောင်းကင်လှိုင်းနတ်ဘုရားသားတော်ရဲ့ သတ်ဖြတ်လိုစိတ်က တကယ့်ကို ပြင်းထန်လွန်းလှချည်လား”

“တော်တော့”

ထိုအချိန်တွင် ဟိန်းဟောက်သံတစ်သံ ပေါက်ကွဲထွက်ပေါ်လာသည်။ မုန့်ဟဲတုန်းသည် အလွန်အမင်း ရုပ်ဆိုးလှသော မျက်နှာပေးဖြင့် ချန်ကျီရှင်းကို စိုက်ကြည့်လိုက်သည်။

“ဒါက ငါတို့ကြားက ကိစ္စပဲ တခြားသူတွေကို ဘာလို့ ဆွဲထည့်နေတာလဲ”

စကားအဆုံးတွင်…

ဒုန်း

မုန့်ဟဲတုန်းက မြေပြင်ကို နောက်တစ်ကြိမ် အားပြင်းပြင်းဖြင့် နင်းလိုက်ရာ မြေပြင်မှာ ပေါက်ကွဲပျက်စီးပြီး အက်ကြောင်းများ ထင်ကျန်ရစ်ခဲ့သည်။ မုန့်ဟဲတုန်းကိုယ်တိုင်မှာမူ ကောင်းကင်ယံသို့ ပျံတက်သွားပြီး တစ်ကိုယ်လုံး မီးလျှံများ ဖုံးလွှမ်းလျက် ချန်ကျီရှင်းရှိရာသို့ တစ်ဟုန်ထိုး ပြေးဝင်သွားပြန်သည်။

“ရှောင်ပင်း... မင်း အခုတော့ လွန်လာပြီ ဒီနေ့ တိုက်ပွဲက...”

“ကောင်းကင်ဘုံရဲ့ အလိုတော်အတိုင်းပဲ ဖြစ်ရမယ်”

မုန့်ဟဲတုန်း၏ နိမ့်ရှိုင်းသော ဟိန်းဟောက်သံနှင့်အတူ

“မီးလျှံကြယ်တာရာ ပေါက်ကွဲမှု”

မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏လက်ထဲမှ အနက်ရောင်ဓားလေးကြီးမှာ စီးဆင်းနေသော ချော်ရည်ပူများဖြင့် ဖုံးလွှမ်းသွားပြီး ချန်ကျီရှင်းရှိရာသို့ အားကုန်ခုတ်ပိုင်းလိုက်တော့သည်။ လေထုထဲတွင် အနက်ရောင်မီးပန်းများ ပွင့်အာလာ၏။

မုန့်ဟဲတုန်း၏ လက်ထဲမှ ချော်ရည်များ ရစ်ပတ်ထားသော ဓားလေးကြီးသည် မုန်တိုင်းတစ်ခုအလား ချန်ကျီရှင်းကို ဆက်တိုက်ဆိုသလို ရိုက်ခတ်တော့သည်။

ချလွမ်... ချလွမ်... ချလွမ်... ချလွမ်

ကြည်လင်ပြတ်သားသော အသံပေါင်းများစွာမှာ ချန်ကျီရှင်း၏ ခန္ဓာကိုယ်မှတစ်ဆင့် ပဲ့တင်ထပ်ထွက်ပေါ်လာသည်။

ဦးခေါင်း….

လည်ပင်း….

လက်မောင်း….

ရင်ဘတ်…

ပခုံးစွန်း….

မုန့်ဟဲတုန်း၏ အနက်ရောင်မီးလျှံဓားရှည်သည် ချန်ကျီရှင်း၏ ခန္ဓာကိုယ် အစိတ်အပိုင်း အသီးသီးကို လျင်မြန်စွာ ရိုက်ခတ်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် တောင်တောင်များကို ဖြိုခွဲနိုင်ပြီး မြေကမ္ဘာကို အက်ကွဲစေနိုင်သည့် ကြောက်မက်ဖွယ် စွမ်းအားကြီးမှာ ချန်ကျီရှင်း၏ ရုပ်ခန္ဓာပေါ်တွင် ပေါက်ကွဲနေတော့သည်။

မရေမတွက်နိုင်သော မီးလျှံများမှာ လွင့်စင်ထွက်လာပြီး မီးပွားများအလား ချန်ကျီရှင်း၏ ခန္ဓာကိုယ်အနှံ့ ပြန့်ကျဲနေ၏။ သို့သော် ချန်ကျီရှင်းမှာမူ သူ၏ရှေ့တွင် ရူးသွပ်နေသယောင် ရှိသော မုန့်ဟဲတုန်းကို စိုက်ကြည့်နေရုံသာ သူ၏ ရုပ်ခန္ဓာကို ထိုသူစိတ်ကြိုက် ဆက်တိုက် တိုက်ခိုက်နေခြင်းကို ခွင့်ပြုထားခြင်းပင်။

“ငါ ထင်ထားတာထက်တောင် ပိုပြီး အားနည်းနေပါလား"

“မင်းက ငါ့ကို မီးအပူပေးပြီး နှိပ်နယ်ပေးနေတာလား”

နောက်တစ်ခဏတွင်မူ ချန်ကျီရှင်းက လက်သီးတစ်ချက်ကို ရှေ့သို့ ထိုးနှံလိုက်တော့သည်။

ဒုန်း

ဟင်းလင်းပြင်ကြီးမှာ ချက်ချင်းပင် ပြိုလဲပျက်စီးသွားတော့ပေသတည်း။

“မီးလျှံနတ်ဘုရား ချပ်ဝတ်”

မုန့်ဟဲတုန်းက အသံခပ်နိမ့်နိမ့်ဖြင့် အော်ပြောလိုက်ရာ သူ၏ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားသော မီးလျှံများမှာ မီးလျှံပုံစံ အက္ခရာများ ထွင်းထုထားသည့် ထူထဲလှသော ချပ်ဝတ်တန်ဆာတစ်ခုအဖြစ် ချက်ချင်း ပြောင်းလဲသွားသည်။

ဖူး….

ထက်ရှသော ဓားတစ်လက်က အသားထဲသို့ တိုးဝင်သွားသကဲ့သို့ အသံတစ်သံ ထွက်ပေါ်လာ၏။

မုန့်ဟဲတုန်းမှာ ကြောင်အမ်းအမ်း ဖြစ်သွားပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖောက်ထွက်သွားသော လက်သီးကို ငုံ့ကြည့်လိုက်မိသည်။

“မဖြစ်နိုင်ဘူး”

မုန့်ဟဲတုန်းက ရုတ်တရက် အော်ဟစ်လိုက်ပြီး သူ၏ညာဘက်လက်က လက်ကွက်တစ်ခုကို ချက်ချင်း ဖော်ဆောင်လိုက်သည်။

ဘုန်း….

သူ၏ တစ်ကိုယ်လုံးမှာ စီးဆင်းနေသော ချော်ရည်များအဖြစ် ပြောင်းလဲသွားပြီး အနောက်ဘက်သို့ အမြန်ဆုံး ဆုတ်ခွာသွားတော့သည်။ ပေတစ်ထောင်ခန့် အကွာအဝေးသို့ ရောက်ရှိသွားမှသာ ထိုချော်ရည်များမှာ လူသားပုံသဏ္ဌာန်အဖြစ် ပြန်လည်စုစည်းသွားပြီး အလွန်အမင်း ဖြူဖျော့နေသော မုန့်ဟဲတုန်း ပြန်လည်ပေါ်ထွက်လာခဲ့သည်။

သူ၏ ရင်ဘတ်ပေါ်တွင်မူ ရှေ့မှနောက်သို့ တည့်တည့်ဖောက်ထွက်နေသော အပေါက်ကြီးတစ်ပေါက် ရှိနေ၏။ အသားစများမှာ ပြန်လည်ရှင်သန်လာပြီး ထိုဒဏ်ရာမှာ လျင်မြန်စွာ ပြန်လည်ကျက်သွားသော်လည်း မုန့်ဟဲတုန်း၏ မျက်ဝန်းများတွင်မူ ချန်ကျီရှင်းကို ကြောက်ရွံ့နေသည့် အရိပ်အယောင်များ ပေါ်ပေါက်လာခဲ့ပြီဖြစ်သည်။

ဒါ ဘယ်လိုမျိုး ရုပ်ခန္ဓာစွမ်းအားလဲ

ချန်ကျီရှင်းက အတင်းအကျပ် လိုက်လံတိုက်ခိုက်ခြင်း မပြုဘဲ စာနာသလိုလိုနှင့် ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

“ဆယ်နှစ်တာ ကျင့်ကြံလာတယ်ဆိုတာ ဒီလောက်ကလေးပဲလား။ စီနီယာအစ်မ လီရန်က မင်းကို အထင်သေးတာ မဆန်းပါဘူး"

“ငါသာ သူ့နေရာမှာဆိုရင်လည်း မင်းကို အထင်သေးမှာပဲ"

ထိုစကားများအဆုံးတွင်

[ဒုန်း သင်သည် ကောင်းကင်ဘုံရွေးချယ်ထားသော ဇာတ်လိုက်ကို စိတ်ဓာတ်ပျက်ပြားအောင် ပြုလုပ်နိုင်ခဲ့ပြီ။ ထိုသူ၏ ကံတရားနှင့် ပါရမီစွမ်းရည်အချို့ကို သင်က ဝါးမြိုသိမ်းပိုက်နိုင်မည် ဖြစ်သည်]

[ဒုန်း သင်၏ မူလကံတရားတန်ဖိုး ၄၀၀% မှ ၅၀% ထပ်မံတိုးလာပါပြီ။ စုစုပေါင်း ကံတရားတန်ဖိုး ၄၅၀%]

[သင်၏ လက်ရှိဘွဲ့အမည် - မဟာကံထူးရှင်]

[ဒုန်း ပြိုင်ဘက်၏ နတ်ဘုရားပညာရပ် - မီးလျှံကြယ်တာရာ ပေါက်ကွဲမှုကို သင် ရရှိသွားပါပြီ]

ကြာမြင့်စွာ ပျောက်ကွယ်နေခဲ့သော အေးစက်စက် အသိပေးချက်များမှာ ချန်ကျီရှင်း၏ အသိစိတ်ထဲ၌ ဆက်တိုက်ဆိုသလို ပဲ့တင်ထပ်လာတော့သည်။ ချန်ကျီရှင်းက မျက်ခုံးအသာပင့်လိုက်မိ၏။

မုန့်ဟဲတုန်းသည် အရာရာတိုင်း ချောမွေ့နေတတ်သည့် အခြားသော ဇာတ်လိုက်များနှင့် မတူပေ။ သူ ကျင့်ကြံခြင်းစတင်ကတည်းက သေဘေးနှင့် ရင်ဆိုင်ခဲ့ရသည့် အခြေအနေပေါင်းများစွာကို ကျော်ဖြတ်လာခဲ့ရသူ ဖြစ်သည်။ ထို့ကြောင့် သူ၏ စိတ်ဓာတ်မှာ အလွန်ခိုင်မာပြီး အရာရာတိုင်းက သူ့ကို တုန်လှုပ်စေရန် ခက်ခဲလှသည်။

သို့သော်လည်း မုန့်ဟဲတုန်း၏ ငယ်ဘဝတွင် နက်ရှိုင်းစွာ စိုက်ထူထားခဲ့သော လီရန်ဆိုသည့် ဆူးတစ်ချောင်းမှာမူ သူ၏ စိတ်ဓာတ်ကို အကြီးအကျယ် သက်ရောက်မှု ရှိနေပုံပင်။

ချက်ချင်းဆိုသလိုပင်

ဒုန်း….

ချန်ကျီရှင်းက မြေပြင်ကို နင်းလိုက်ရာ ဟင်းလင်းပြင်မှာ ချက်ချင်း ပြိုကျသွားတော့သည်။ သူ၏ တစ်ကိုယ်လုံးမှာ လျှပ်စီးတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး မုန့်ဟဲတုန်းရှိရာသို့ လက်သီးဖြင့် အရှိန်အဟုန်ပြင်းစွာ ဆင်းသက်လိုက်တော့သည်

“တုန်းအာ... အမြန်ဆုတ်တော့ မင်း သူနဲ့ မယှဉ်နိုင်ဘူး”

စိုးရိမ်ပူပန်နေသော အမျိုးသမီးတစ်ဦး၏ အသံမှာ မုန့်ဟဲတုန်း၏ စိတ်ထဲ၌ ဟိန်းထွက်လာတော့ပေသတည်း။

“အစ်ကိုမုန့်... ကျွန်မ ကူညီပေးဖို့ လိုမလား”

မုန့်ဟဲတုန်း၏ မျက်နှာထက်တွင် အပြင်းအထန် ရုန်းကန်နေရသည့် အရိပ်အယောင်များ ဖြတ်သန်းသွားပြီးနောက် သူက အံကြိတ်ကာ ပြောလိုက်သည်။

“မလိုဘူး”

“ငါ ဒီကနေ့ တိုက်ပွဲအတွက် ဆယ်နှစ်တောင် စောင့်ခဲ့ရတာ။ အခုမှတော့ ငါ ဘယ်လိုလုပ် နောက်ဆုတ်နိုင်မှာလဲ”

“လီရန် မျက်စိကျနေတဲ့သူ ကောင်းကင်လှိုင်း နတ်ဘုရားသားတော်ဆိုတဲ့ကောင်က ငါ့ထက် ဘာတွေများ ပိုသာနေလဲဆိုတာ ငါကိုယ်တိုင် ကြည့်ရသေးတာပေါ့”

စကားအဆုံးတွင် မုန့်ဟဲတုန်း၏ မျက်ဝန်းများအတွင်း၌ ပြတ်သားသော အကြည့်များ လက်ခနဲ ပေါ်လာသည်။

“မီးလျှံပညာရပ် မြေပြင်အကျဉ်းထောင်”

သူ၏ လက်နှစ်ဖက်က အလျင်အမြန် လက်ကွက်ဖော်လိုက်သည်။ တောင်တစ်တောင်ကို ခဏချင်း အရည်ပျော်စေနိုင်သည့် ကြောက်မက်ဖွယ် မီးလျှံများမှာ မြေပြင်မှ ရုတ်တရက် ထိုးထွက်လာပြီး မီးလျှံတံတိုင်းများအဖြစ် ပြောင်းလဲကာ ချန်ကျီရှင်းကို ပိတ်ဆို့လိုက်တော့သည်။

သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုမီးလျှံတံတိုင်းကြီးမှာ အရှိန်ပြင်းစွာ အထုခံလိုက်ရပြီး ဟာလာဟင်းလင်း အပေါက်ကြီးတစ်ခု ဖြစ်သွားသည်။

ချန်ကျီရှင်း၏ နက်မှောင်သော ဆံနွယ်များမှာ လွင့်ပျံနေပြီး ကောင်းကင်ဘုံ၏ အလင်းတန်းများ ရစ်သိုင်းနေသကဲ့သို့ ရှိနေ၏။ သူသည် မီးလျှံများကြားမှ တိုးထွက်လာကာ မုန့်ဟဲတုန်းရှိရာသို့ တစ်ရှိန်ထိုး ထပ်မံ၍ ပြေးဝင်လာပြန်သည်။

ထိုသို့ဖြစ်လာမည်ကို မုန့်ဟဲတုန်းက မအံ့သြဘဲ အသက်ကို ဝဝရှူလိုက်သည်။ သူ၏ ပတ်ဝန်းကျင် ဟင်းလင်းပြင်၌ ထူးဆန်းသော ခရမ်းရောင် ကြာပန်းများမှာ အလိုအလျောက် စုစည်းလာပြီး လွင့်မျောနေကြတော့သည်။

သူ၏ မျက်နှာပေးမှာ လျင်မြန်စွာပင် တည်ငြိမ်သွားပြီး သူ၏ အကြည့်များမှာလည်း နက်ရှိုင်းသွား၏။

“ငါ ဗောဓိပင်အောက်မှာ သုံးရက်တိုင်တိုင် တရားထိုင်ပြီး အသိအမြင်တွေ ရခဲ့ဖူးတယ်"

“လူတွေကတော့ အဲဒီသုံးရက်အတွင်းမှာ ငါ့ရဲ့ စစ်မှန်တဲ့ကိုယ်ထည်ကို ရှာဖွေတွေ့ရှိခဲ့ပြီး စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ထဲကို ဝင်ရောက်နိုင်ခဲ့တယ်လို့ပဲ သိထားကြတာ"

“တကယ်တော့ စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ထက် ပိုပြီးတန်ဖိုးရှိတဲ့ ငါ့ရဲ့အကြီးမားဆုံး ရလဒ်ကတော့ ငါကိုယ်တိုင် ဖန်တီးခဲ့တဲ့ ပညာရပ်ပဲဆိုတာ သူတို့မသိကြဘူး"

ဟူး….

မုန့်ဟဲတုန်းက အသက်ကို ခပ်ပြင်းပြင်း တစ်ချက် မှုတ်ထုတ်လိုက်သည်။ ထိုသို့ မှုတ်ထုတ်လိုက်ခြင်းမှာ သူ၏ ခန္ဓာကိုယ်အတွင်းမှ သံခြေချင်းတစ်ခုကို ဖြုတ်လိုက်သကဲ့သို့ပင်။

သူသည် မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်ပြီး တိုးတိတ်စွာ ပြောလိုက်သည်။

“ဒီပညာရပ်မှာ အမည်နာမ မရှိဘူး... လွန်ခဲ့တဲ့ ဆယ်နှစ်ပတ်လုံး ငါရခဲ့တဲ့ အသိအမြင်အားလုံးကို ပေါင်းစပ်ပြီး ဖန်တီးထားတာ"

“မူလကတော့ ဒီပညာရပ်ကို လီရန်နဲ့ ရင်ဆိုင်တဲ့အခါမှ သုံးဖို့ ရည်ရွယ်ထားတာပါ"

“နှမြောစရာကောင်းတာက သူက အားနည်းလွန်းနေတယ်။ ဒီပညာရပ်ကို သုံးဖို့အထိတောင် သူက မထိုက်တန်ခဲ့ဘူး"

“အခုတော့... ဒီပညာရပ်ကို မင်းအပေါ်မှာ ငါ စမ်းသပ်ပြရတော့မယ်”

ဒုန်း….

ခဏချင်းမှာပင် ကောင်းကင်နှင့် မြေကြီး၏ အရောင်အဝါများ ပြောင်းလဲသွားတော့သည်။ ဖော်ပြရန်ပင် ခက်ခဲလှသည့် ဧရာမ ကြောက်မက်ဖွယ် အရှိန်အဝါကြီးတစ်ခုမှာ မုန့်ဟဲတုန်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာတော့သည်။

ထူးဆန်းသော နိမိတ်များ ပေါ်ပေါက်လာ၏။ ပေတစ်သောင်းခန့်ရှိသော ကောင်းကင်ယံကြီးတစ်ခုလုံးမှာ မီးလျှံများကြောင့် နီရဲကာ တောက်လောင်သွားတော့သည်။

မြေပြင်မှ စိမ်းဖန့်ဖန့် မီးခိုးငွေ့များ ထွက်ပေါ်လာပြီး မြေမျက်နှာပြင်တစ်ခုလုံးမှာ အရည်ပျော်တော့မည့်အလား အလွန်အမင်း ပူပြင်းလာတော့သည်။ လေထု၏ အပူချိန်မှာလည်း လျင်မြန်စွာ မြင့်တက်လာပြီး နေရာအနှံ့အပြားတွင် မိုးကြိုးပစ်သကဲ့သို့ ပေါက်ကွဲသံများ တစ်ချက်တစ်ချက် ထွက်ပေါ်နေ၏။

ဘေးမှ ကြည့်ရှုနေကြသော လေလွင့်ကျင့်ကြံသူများနှင့် ကောင်းကင်လှိုင်းတပည့်များ၏ သူငယ်အိမ်များမှာ သိသိသာသာ ကျုံ့ဝင်သွားကြပြီး နှလုံးခုန်သံများမှာလည်း အလိုအလျောက် မြန်ဆန်လာကြသည်။ သဘာဝဘေးအန္တရာယ်ကြီးတစ်ခု ကျရောက်တော့မည့်အလား မရေရာသော အတိတ်နိမိတ်ဆိုးတစ်ခုကို လူတိုင်း ခံစားလိုက်ရသည်။

“အမြန်ဆုတ်ကြ”

ကွမ်းထျန်းယွီ၏ မျက်နှာပေးမှာ ရုတ်တရက် ပြောင်းလဲသွားပြီး ကောင်းကင်လှိုင်းတပည့်များကို ဦးဆောင်ကာ တောင်တံခါး၏ အနောက်ဘက်သို့ အလျင်အမြန် ဆုတ်ခွာသွားတော့သည်။ ၎င်းကို မြင်လိုက်ရသော လေလွင့်ကျင့်ကြံသူများမှာလည်း မျက်နှာများ ပျက်ကုန်ကြပြီး အနောက်ဘက်သို့ အလုအယက် ဆုတ်ခွာသွားကြတော့သည်။

နောက်တစ်ခဏတွင်

“ရှောင်ပင်း”

“ငါ မုန့်ဟဲတုန်းက ဒီနေ့မှာ ဆယ်နှစ်တာ အသိအမြင်အားလုံးကို ဒီတိုက်ကွက်တစ်ခုထဲမှာ စုစည်းလိုက်မယ်”

“လောကီမီးလျှံအားလုံးကို ငါအမိန့်ပေးတယ်... မင်းကို ထာဝရနှိမ်နင်းဖို့အတွက် တစ်ဆယ့်နှစ်ဆင့် ရွှေကြာပန်းကိုးပွင့်အဖြစ် ပြောင်းလဲစေစမ်း”

မုန့်ဟဲတုန်းသည် သူ၏မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်လိုက်ပြီး သူ၏ ခွန်အားရှိသမျှကို အသုံးပြုကာ တစ်ခါဖူးမျှ မကြားဖူးသော အော်ဟစ်သံကြီးဖြင့် အော်ဟစ်လိုက်တော့သည်။

“ထွက်ပေါ်လာစမ်း”

စကားအဆုံးတွင်

ဒုန်း….

နဂါးကြီးတစ်ကောင် လူးလွန့်လိုက်သကဲ့သို့ မြေပြင်တစ်ခုလုံးမှာ ရူးသွပ်မတတ် တုန်ခါလာတော့သည်။ ထို့နောက်တွင် မီးတောင်ပေါက်ကွဲမှုကြီးတစ်ခုအလား မုန့်ဟဲတုန်း၏ ခြေဖဝါးအောက်ရှိ မြေပြင်များမှာ အက်ကွဲကြောင်းများ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာ၏။ ထိုအက်ကွဲကြောင်းများအောက်တွင် နီရဲတောက်လောင်နေသော ချော်ရည်ပူများမှာ အရှိန်အဟုန်ဖြင့် စီးဆင်းနေကြသည်။

မကြာမီမှာပင် မြေပြင်မှ မီးလျှံတိုင်ကြီးများ ပေါက်ကွဲထွက်လာပြီး ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်လိုက်တော့သည်။ ပေတစ်သောင်းခန့်ရှိသော ထိုနီရဲနေသည့် ကောင်းကင်ယံထက်

တွင် ရွှေရောင်နေမင်း ကိုးစင်း ပေါ်ထွက်လာ၏။

မုန့်ဟဲတုန်း၏ နောက်ကျောဘက်တွင်မူ မီးလျှံများဖြင့်သာ ဖွဲ့စည်းထားသည့် ဧရာမ လူသားပုံသဏ္ဌာန်ကြီးတစ်ခုမှာ မြေပြင်မှ ထိုးထွက်လာခဲ့သည်။ ထိုဘီလူးကြီးမှာ လောကီမီးလျှံအားလုံးကို အုပ်စိုးသည့် နတ်ဘုရားတစ်ပါးအလား ရှိနေပြီး အရောင်အသွေးစုံလင်လှသော မီးလျှံများဖြင့် ရစ်ပတ်ထားသည်။ မီးလျှံများကြားတွင် မုန့်ဟဲတုန်းနှင့် တစ်ပုံစံတည်း တူညီသော ဝိုးတဝါးမျက်နှာတစ်ခုကိုလည်း မြင်တွေ့နိုင်သည်။

မြေအောက်မီးလျှံများ ထိုးတက်လာခြင်း…

နေမင်းကိုးစင်း ကောင်းကင်ကို ဖြတ်သန်းခြင်း….

မီးလျှံနတ်ဘုရား ဆင်းသက်လာခြင်း….

၎င်းမှာ မုန့်ဟဲတုန်း၏ အဆုံးစွန်သော ဓမ္မပုံရိပ်ဖြစ်သည့် ကောင်းကင်လောင်မြိုက်ခြင်းပင်။

“တကယ်ကို အားကောင်းလွန်းတယ်”

ဤအခိုက်အတန့်တွင် ကမ္ဘာပျက်တော့မည့်အလား မြင်ကွင်းကို စိုက်ကြည့်နေကြသော ကောင်းကင်လှိုင်းတပည့်များစွာမှာ မျက်နှာများ ဖြူဖျော့ကုန်ကြသည်။ သူတို့၏ နှလုံးသားများကို လက်ဝါးကြီးတစ်ဖက်က ဆုပ်ကိုင်ထားသကဲ့သို့ အသက်ရှူရကျပ်သော ခံစားချက်ကို ရရှိနေကြ၏။ ဤခံစားချက်မှာ ခန်ရုံနှင့် နတ်ဘုရားသားတော်တို့ တိုက်ခိုက်စဉ်က ခံစားခဲ့ရသော ခံစားချက်နှင့် ဆင်တူလှသည်။

“ဒီမုန့်ဟဲတုန်းက တကယ့်ကို ဒီခေတ်ရဲ့ ထိပ်တန်းပါရမီရှင်ဆိုတဲ့ နာမည်နဲ့ ထိုက်တန်တာပဲ... သူ့ရဲ့အစွမ်းက စီနီယာအစ်ကိုခန်နဲ့တောင် ယှဉ်နိုင်လောက်တယ်”

“မုန့်ဟဲတုန်းပဲဖြစ်ဖြစ်၊ စီနီယာအစ်ကိုခန်ပဲဖြစ်ဖြစ်၊ နတ်ဘုရားသားတော်အပါအဝင် သူတို့အားလုံးရဲ့ စွမ်းအားတွေက ငါတို့ရဲ့ နားလည်နိုင်စွမ်းထက် ကျော်လွန်နေပြီ။ ဘယ်သူက ပိုသန်မာသလဲဆိုတာ ခန့်မှန်းဖို့တောင် မဖြစ်နိုင်တော့ဘူး”

“စီနီယာအစ်ကိုခန်ရဲ့ စွမ်းအားက မုန့်ဟဲတုန်းထက် သာလွန်နေတယ်ဆိုရင်တောင်... မုန့်ဟဲတုန်းက အသက်နှစ်ဆယ်တောင် မပြည့်သေးဘူးဆိုတာကို မမေ့နဲ့ဦး။ သူက စီနီယာအစ်ကိုခန်ထက် ဆယ်နှစ်တောင် ငယ်သေးတာ”

“ဒီလို ပါရမီရှင်တွေအတွက်တော့ ဆယ်နှစ်ဆိုတဲ့ အချိန်အတိုင်းအတာအတွင်းမှာ အကြီးအကျယ် ပြောင်းလဲသွားနိုင်တာပဲ”

ကောင်းကင်လှိုင်းတပည့်များစွာ၏ မျက်နှာပေးမှာ အလွန်တရာ လေးနက်တည်ကြည်သွားတော့သည်။ အဝေးသို့ ဆုတ်ခွာသွားကြသော လေလွင့်ကျင့်ကြံသူများမှာမူ တိုးတိတ်စွာဖြင့် သက်ပြင်းချနိုင်ကြတော့သည်။

သူတို့မှာ အားပေးစကားများ ထုတ်မပြောရဲကြသော်လည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည့်အခါတွင်မူ သူတို့၏ မျက်နှာထက်၌ မသိမသာ ပြုံးယောင်သန်းနေသည်ကို အပြန်အလှန် မြင်တွေ့နေကြရသည်။

အခန်း။ ၁၈၀

ထိုအခိုက်အတန့်တွင် ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေတစ်ခုလုံးသည် ငရဲဘုံ၏ ကမ္ဘာပျက်ကပ်ကြီးတစ်ခုအလား ပြောင်းလဲသွားတော့သည်။ မြေပြင်တွင် ချော်ရည်များက တဟုန်းဟုန်းတောက်နေပြီး ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်ပေးထားသည့် မီးလျှံတိုင်ကြီးများမှာလည်း တစ်ချက်တစ်ချက် အရှိန်အဟုန်ဖြင့် ထိုးတက်နေကြသည်။

ပေတစ်ထောင်အမြင့်ရှိသော ကောင်းကင်ယံကြီးတစ်ခုလုံးမှာ နီရဲတောက်လောင်နေသည့် မီးတောက်များအဖြစ် ပြောင်းလဲသွားခဲ့ကာ တစ်လောကလုံးကို နီကျင့်ကျင့် အရောင်အသွေးများဖြင့် ဖုံးလွှမ်းထားသည်။

နဝမမြောက် ကောင်းကင်ယံထက်တွင် ရွှေရောင်နေမင်း ကိုးစင်းမှာ ယှဉ်တွဲလျက် တည်ရှိနေပြီး တည့်တည့်ပင် မကြည့်ရဲလောက်အောင် စူးရှတောက်ပသော ရွှေရောင်ရောင်ခြည်တန်းများကို ထုတ်လွှတ်နေသည်။

ထိုကောင်းကင်နှင့် မြေကြီးကြားရှိ ဟင်းလင်းပြင်အတွင်း၌မူ ခရမ်းရောင်မီးလျှံများဖြင့် ဖွဲ့စည်းထားသည့် ထူးဆန်းသော ကြာပန်းများမှာ တစ်ပွင့်ပြီးတစ်ပွင့် ဖြည်းညှင်းစွာ ပွင့်အာလာကြတော့သည်။

“ပေါင်းစည်းစမ်း”

မုန့်ဟဲတုန်း၏ နက်မှောင်သော ဆံနွယ်ရှည်များမှာ ရူးသွပ်မတတ် လွင့်ပျံနေပြီး သူက မိုးထစ်ချုန်းသံအလား ဟိန်းဟောက်လိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဟင်းလင်းပြင်တွင် လွင့်မျောနေသော ခရမ်းရောင်ကြာပန်းများမှာ အမိန့်ပေးခံလိုက်ရသည့်အလား အရပ်မျက်နှာအနှံ့မှ ပြေးဝင်လာကြပြီး မုန့်ဟဲတုန်း၏ရှေ့တွင် စုစည်းကာ အဆက်မပြတ် ပေါင်းစပ်သွားကြတော့သည်။

ကိုးဆင့်မြောက် တစ်ဆယ့်နှစ်ထပ် ရွှေကြာပန်းကြီးတစ်ပွင့်မှာ လောကအလယ်တွင် ရုတ်တရက် ပေါ်ထွက်လာခဲ့၏။ ထိုရွှေကြာပန်းတွင် ပွင့်ချပ်ကိုးခုနှင့် အရောင်အသွေး တစ်ဆယ့်နှစ်မျိုး ရှိနေပြီး ဟင်းလင်းပြင်၌ တည်ငြိမ်စွာ လွင့်မျောနေသည်။ ခရမ်းရောင်ကြာပန်းတစ်ပွင့် ထပ်မံပေါင်းစည်းသွားတိုင်း ၎င်း၏ အရှိန်အဝါမှာ ပိုမိုအားကောင်းလာခဲ့သည်။

ဟင်းလင်းပြင်ရှိ ကြာပန်းအားလုံး ထိုရွှေကြာပန်းကြီးအတွင်းသို့ ပေါင်းစပ်ဝင်ရောက်သွားသည့် အခါတွင်မူ

ဒုန်း…ရရရ

ကမ္ဘာကြီးကို ပျက်သုဉ်းစေနိုင်သည့် ဖျက်ဆီးခြင်းနှင့် ပြိုလဲခြင်း အငွေ့အသက်များမှာ ထိုတစ်ဆယ့်နှစ်ရောင်ခြယ် ကြာပန်းကြီးဆီမှ လွင့်ပျံထွက်ပေါ်လာတော့သည်။ လောကရှိ အရာအားလုံးမှာ မှေးမှိန်ပျောက်ကွယ်သွားသကဲ့သို့ ရှိနေပြီး လှပလွန်းလှသော ဤတစ်ဆယ့်နှစ်ရောင်ခြယ် ရွှေကြာပန်းကြီး တစ်ပွင့်တည်းသာ ကျန်ရှိတော့သယောင်ပင်။

“အမှုန့်ဖြစ်သွားစမ်း"

မုန့်ဟဲတုန်းက အေးစက်လှသော စကားလုံး သုံးလုံးကို ပြောလိုက်သည်။

ခဏချင်းမှာပင် ထိုတစ်ဆယ့်နှစ်ရောင်ခြယ် ရွှေကြာပန်းကြီးသည် ကြိတ်ဆုံကျောက်ကြီးတစ်ခုအလား လည်ပတ်လျက် ချန်ကျီရှင်းရှိရာသို့ တဟုန်ထိုး ပြေးဝင်ကာ ဖိချလိုက်တော့သည်။ ရွှေကြာပန်း ဖြတ်သန်းသွားရာလမ်းတစ်လျှောက်ရှိ ဟင်းလင်းပြင်မှာလည်း အသံတိတ်ဆိတ်စွာပင် ပြိုလဲပျက်စီးသွားခဲ့၏။

ဤမြင်ကွင်းကို ကြည့်နေကြသော ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေမှ တပည့်ပေါင်းများစွာမှာ သူငယ်အိမ်များ ကျုံ့ဝင်သွားကြပြီး ရင်တမမ ဖြစ်နေကြရသည်။ သူတို့သည် ဂိုဏ်းစောင့်အစီရင်စု၏ အကာအကွယ်အောက်တွင် ရှိနေသော်လည်း လွှမ်းမိုးလာသော အပူရှိန်ကို သိသိသာသာ ခံစားနေရဆဲပင်။

“အိုး”

ချန်ကျီရှင်းက မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ရင်း စိတ်ထဲမှ တိတ်တဆိတ် ချီးကျူးလိုက်မိသည်။ ဤအထွတ်အထိပ် နတ်ဘုရားပညာရပ်မှာ အမှန်တကယ်ပင် ထူးကဲလှသည်။ သူကိုယ်တိုင်ပင်လျှင် ရှားရှားပါးပါး ခြိမ်းခြောက်မှုတစ်ခုကို ခံစားလိုက်ရ၏။

ဒါကတော့ ငါတွေ့ဖူးသမျှထဲမှာ အသန်မာဆုံး ကောင်းကင်ဘုံရွေးချယ်ခံ ဇာတ်လိုက်ပဲ ဖြစ်လိမ့်မယ်။

ချန်ကျီရှင်းသည် စိတ်ထဲမှ ရေရွတ်လိုက်ရင်း ဟင်းလင်းပြင်ကို အက်ကြောင်းထင်စေကာ ကျရောက်လာသော ရွှေကြာပန်းကြီးကို ကြည့်လိုက်သည်။

ငါသာ မလှုပ်မယှက် တောက်ပသော ဘုရင်ကျမ်းစာကို မရထားဘူးဆိုရင် ဒီတိုက်ကွက်ကို ရင်ဆိုင်ဖို့ အားထုတ်မှုတစ်ခုခု လုပ်ရဦးမှာပဲ။

နှမြောစရာကောင်းတာက မင်းလာတာ အရမ်းနောက်ကျသွားပြီ။

ချန်ကျီရှင်းသည် လေပြင်းများကြားတွင် ဝတ်ရုံများ လွင့်ပျံနေလျက် တည်ငြိမ်စွာပင် လက်ကို ဆန့်ထုတ်လိုက်သည်။

“မလှုပ်မယှက် တောက်ပသော ဘုရင်ခန္ဓာ... နိုးထစမ်း”

ခဏချင်းမှာပင် ချန်ကျီရှင်း၏ မျက်ဝန်းအတွင်းရှိ သူငယ်အိမ်များမှာ ပျောက်ကွယ်သွားပြီး အနက်ရောင်သင်္ကေတနှစ်ခုက အစားထိုး နေရာယူလိုက်တော့သည်။ သူ၏ နက်မှောင်သော ဆံနွယ်ရှည်များမှာလည်း ရူးသွပ်မတတ် မြင့်တက်လာပြီး မြေပြင်အထိပင် ရောက်ရှိကာ ထူထဲ၍ လှပနေတော့၏။

သူ၏ ကျောက်စိမ်းကဲ့သို့ ဖြူစင်သော အသားအရေပေါ်တွင် အနက်ရောင် သက္ကတကျမ်းစာစာလုံးများမှာ လျင်မြန်စွာ ပေါ်ထွက်လာခဲ့သည်။ ကျမ်းစာစာလုံးတစ်လုံးချင်းစီ ပေါ်လာတိုင်း ၎င်းတို့မှာ ပါးလွှာသော အနက်ရောင် အကာအကွယ်အလွှာတစ်ခုအဖြစ် ဖွဲ့စည်းသွားကြတော့သည်။

“ဒါ... ဒါ... စီနီယာအစ်ကို ခန်ရုံရဲ့ မလှုပ်မယှက် တောက်ပသော ဘုရင်ခန္ဓာမဟုတ်လား”

ကောင်းကင်လှိုင်းတောင်တံခါးရှေ့တွင် မယုံကြည်နိုင်လောက်သော အာမေဍိတ်သံများ ဟိန်းထွက်သွားတော့သည်။ တပည့်ပေါင်းများစွာမှာ မျက်လုံးများ ပြူးကျယ်လျက် ချန်ကျီရှင်းကို ကြောင်တောင်တောင် စိုက်ကြည့်နေကြမိသည်။

အချိန်ဘယ်လောက်တောင် ရှိသေးလို့လဲ... နတ်ဘုရားသားတော်က စီနီယာအစ်ကိုခန်ရဲ့ ပြိုင်ဘက်ကင်းပညာရပ်ကို တတ်သွားရတာလဲ။

နောက်တစ်ခဏတွင် လူတိုင်း၏ စိတ်ကူးထဲ၌ ကြောက်မက်ဖွယ်ကောင်းသော အတွေးတစ်ခု ဝင်လာပြီး ကြက်သီးမွေးညင်းများပင် ထသွားရသည်။

နတ်ဘုရားသားတော်က အစကတည်းက အစွမ်းထက်လွန်းနေတာကို... အခု စီနီယာအစ်ကိုခန်ရဲ့ လောကကို တည်ငြိမ်စေမယ့် ပညာကိုပါ ရသွားပြီဆိုတော့ သူ ဘယ်လောက်အထိတောင် အစွမ်းကြီးသွားမလဲဆိုတာ တွေးကြည့်ရုံနဲ့တင် ကြောက်စရာပဲ။

ဒုန်း…..

လူတိုင်း မှင်တက်နေစဉ်မှာပင် နားကွဲမတတ် ပြင်းထန်သော ပေါက်ကွဲသံကြီးတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာသည်။

ကမ္ဘာပျက်ကပ်ကို သယ်ဆောင်လာသော ထိုရွှေကြာပန်းကြီးမှာ အဆုံးမဲ့သော အကွာအဝေးကို ဖြတ်ကျော်ကာ ချန်ကျီရှင်းရှိရာသို့ ဝုန်းခနဲ ပြေးဝင်တိုက်ခိုက်လိုက်ပြီ ဖြစ်သည်။ လူတိုင်းမှာ မည်သည့်အရာကိုမျှ လွဲချော်မသွားစေရန် ထိုမြင်ကွင်းကို အသက်ရှူအောင့်၍ အာရုံစိုက်ကြည့်နေကြတော့သည်။

ဟင်းလင်းပြင်ကိုပင် ပြိုလဲပျက်စီးစေခဲ့သည့် ထိုရွှေကြာပန်းကြီးမှာ ချန်ကျီရှင်း ဆန့်ထုတ်ထားသော အနက်ရောင်လက်ဝါးနှင့် ထိတွေ့မိသွားချိန်တွင်မူ ရှေ့သို့ တစ်လက်မမျှပင် ထပ်မတိုးနိုင်တော့ချေ။

ဒုန်း….

ရွှေကြာပန်းကြီးမှာ ချန်ကျီရှင်း၏ လက်ဝါးထက်၌ အပြင်းအထန် လည်ပတ်လျက် ဒေါသတကြီး ဟိန်းဟောက်ကာ ရိုက်ခတ်နေသည်။ သို့သော် ထိုရွှေကြာပန်းမှာ မည်မျှပင် ပြင်းထန်ပါစေ ချန်ကျီရှင်းကို ခြေတစ်လှမ်းမျှ နောက်ဆုတ်သွားအောင်ပင် မစွမ်းဆောင်နိုင်ခဲ့ချေ။

“ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

မုန့်ဟဲတုန်းမှာ အသက်ရှူရပ်မတတ် ဖြစ်သွားပြီး သူ၏ စိတ်ဓာတ်များမှာလည်း ဗရုတ်ဗရက် ဖြစ်ကုန်သည်။

သူသည် စစ်မှန်သောကိုယ်ပိုင်နယ်ပယ်၏ ပထမအဆင့်သာ ရှိသေးသော်လည်း ဤအထွတ်အထိပ် နတ်ဘုရားပညာရပ်ကို အသုံးပြု၍ တောင်တန်းတစ်သိန်းအတွင်းရှိ စစ်

မှန်သောကိုယ်ပိုင်နယ်ပယ် တတိယအဆင့်ထိပ်ဆုံးသို့ ရောက်နေသည့် ရုပ်ခန္ဓာ အလွန်သန်မာလှသော ရှေးဟောင်းသားရဲကြီးတစ်ကောင်ကို အသာအယာ သတ်ဖြတ်နိုင်ခဲ့ဖူးသည်။

သူ၏ အမြင်တွင် ကောင်းကင်လှိုင်း နတ်ဘုရားသားတော် ရှောင်ပင်း၏ ရုပ်ခန္ဓာမှာ မည်မျှပင် အစွမ်းထက်ပါစေ ဤတိုက်ကွက်အောက်တွင် ပျက်စီးသွားရမည်သာ။

အနည်းဆုံးတော့ အပြင်းအထန် ဒဏ်ရာရသွားရမှာကို... အခုကျတော့ သူက လက်တစ်ဖက်တည်းနဲ့တင် ဘာမှမဖြစ်သလိုမျိုး ဘယ်လိုဖြစ်ပြီး တားဆီးနိုင်နေရတာလဲ။

“မဖြစ်နိုင်ဘူး လုံးဝ မဖြစ်နိုင်ဘူး”

“ဒါက လှည့်စားမှုလား။ ကောင်းကင်လှိုင်း နတ်ဘုရားသားတော်ဟာ စိတ်စွမ်းအားကို အဓိကထားတဲ့ တောင်ဘက်တောင်ထိပ်က လာတာလို့ သတင်းတွေ ကြားဖူးတယ်”

“ဟုတ်တယ် ငါ သူ့ရဲ့ လှည့်စားမှုအောက်ကို ရောက်သွားတာပဲ ဖြစ်ရမယ်”

မုန့်ဟဲတုန်းက ခေါင်းကို အဆက်မပြတ် ခါယမ်းနေပြီး မျက်နှာမှာလည်း ဖြူဖျော့နေတော့သည်။ သူသည် ထိုလှည့်စားမှုနယ်ပယ်ထဲမှ အတင်းအကျပ် ရုန်းထွက်ရန် ကြိုးစားနေသကဲ့သို့ပင်။

“ဒါက မင်းရဲ့ နောက်ဆုံးလက်ကျန် ဖဲချပ်ပဲလား”

ချန်ကျီရှင်းသည် သူ၏ဦးခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်ရာ သူ၏ မြင်ကွင်းတစ်ခုလုံးတွင် တစ်ဆယ့်နှစ်ရောင်ခြယ် မီးလျှံများက ဖုံးလွှမ်းနေတော့သည်။

ကြယ်တာရာအပေါက် ၅၁၀ ရဲ့ အစွမ်းနဲ့ တိုက်ခိုက်တာကိုတောင် မလှုပ်မယှက် တောက်ပတဲ့ ဘုရင်ခန္ဓာနဲ့ ခုခံနိုင်ခဲ့တာပဲလေ။ အခုလို ကမ္ဘာပျက်ကပ် ရွှေကြာပန်းဆိုတာမျိုးကို ငါက အလေးထားနေမှာ မဟုတ်ဘူး"

လက်ရှိ ချန်ကျီရှင်း၏ ရုပ်ခန္ဓာမှာ မူလကပင် ထူးကဲလှပြီးဖြစ်ရာ မလှုပ်မယှက် တောက်ပသော ဘုရင်ခန္ဓာ၏ စွမ်းအားနှင့် ပေါင်းစပ်လိုက်သောအခါ မသေနိုင်သော အခြေအနေသို့ပင် နီးကပ်နေပြီဖြစ်သည်။ ၎င်းသည် ခန်ရုံ၏ အစွမ်းထက်မှုထက်ပင် သုံးဆမျှ ပိုမိုသာလွန်နေသည်။

“တကယ်လို့ ဒီလိုဆိုရင်တော့.....”

“မင်းရဲ့ ယုံကြည်မှုတွေကို အစိပ်စိပ်အမွှာမွှာ ချေဖျက်ပြီး အရာအားလုံးကို ငါ အဆုံးသတ်ပေးလိုက်မယ်”

စကားအဆုံးတွင် ချန်ကျီရှင်းသည် သူ၏ အခြားလက်တစ်ဖက်ကို မြှောက်လိုက်ပြီး ရှေ့သို့ အားပြင်းပြင်းဖြင့် ဆွဲဖြဲလိုက်တော့သည်။

ရှဲ….

ကမ္ဘာပျက်ကပ် ရွှေကြာပန်းစက်ဝန်းကြီးတစ်ခုလုံးမှာ ပါးလွှာသော စက္ကူချပ်တစ်ခုအလား အလွယ်တကူပင် ဆွဲဖြဲခြင်း ခံလိုက်ရတော့သည်။

ရွှေကြာပန်းကြီး ပျက်စီးသွားသည်နှင့်တစ်ပြိုင်နက် ခြေဖနောင့်အထိ ရှည်လျားသော ဆံနွယ်နက်များရှိပြီး တစ်ကိုယ်လုံးတွင် အနက်ရောင် ကျမ်းစာစာလုံးများ ဖုံးလွှမ်းနေသော ပုံရိပ်တစ်ခုမှာ ရှေ့သို့ တစ်လှမ်းတိုးကာ မုန့်ဟဲတုန်းရှိရာသို့ တစ်ရှိန်ထိုး ဆင်းသက်သွားတော့သည်။ သူ၏အရှိန်မှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီး အဆုံးမဲ့သော အကွာအဝေးကို မျက်စိတစ်မှိတ်အတွင်း ဖြတ်ကျော်ကာ မုန့်ဟဲတုန်း၏ အထက်တွင် ပေါ်လာခဲ့၏။

“အစ်ကိုမုန့်”

အဝေးတစ်နေရာမှ အဆိပ်နတ်မိမယ်လေး၏ မျက်နှာမှာ ချက်ချင်းပင် ဖြူလျော့သွားတော့သည်။ သူမသည် အံကိုကြိတ်ကာ ဝတ်ရုံလက်ကို ဝှေ့ယမ်းလိုက်ရာ မရေမတွက်နိုင်သော အဆိပ်အပ်များမှာ ချန်ကျီရှင်းရှိရာသို့ ရေတံခွန်ပမာ ပစ်လွှတ်လိုက်တော့သည်။

“မိန်းကလေးတွေကြားမှာ တော်တော်ရေပန်းစားတာပဲ မဟုတ်လား”

ချန်ကျီရှင်းက ထိုအရာကို ဂရုမစိုက်ဘဲ အောက်မှ မုန့်ဟဲတုန်းကိုသာ စိုက်ကြည့်နေသည်။

ဒုန်း ဒုန်း ဒုန်း….

မရေမတွက်နိုင်သော အဆိပ်အပ်များသည် ချန်ကျီရှင်း၏ ပတ်ဝန်းကျင် ပေတစ်ရာအတွင်းသို့ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် ဆွဲငင်အားဒဏ်ကြောင့် အမှုန့်များအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားတော့သည်။

ထိုအခိုက်အတန့်တွင် မုန့်ဟဲတုန်းမှာ နောက်ကျမှ ခေါင်းမော့ကြည့်နိုင်တော့ပြီး မျက်ဝန်းအတွင်း၌ အနက်ရောင်သင်္ကေတများရှိနေသော အပေါ်မှ လူငယ်ကို ငေးကြည့်နေမိသည်။

“ငါ...”

သူက အားအင်ကုန်ခမ်းစွာ ပါးစပ်ဟရုံသာ ရှိသေးသည်။

သူ စကားတစ်လုံးမျှ မပြောနိုင်မီမှာပင်…

“ဒီလှပတဲ့ ကမ္ဘာကြီးကို နှုတ်ဆက်လိုက်တော့"

ဒုန်း…..

လပြည့်ဝန်းအလား နောက်သို့ ဆွဲငင်လိုက်သော ချန်ကျီရှင်း၏ လက်သီးမှာ မုန့်ဟဲတုန်း၏ ဦးခေါင်းရှိရာသို့ ပြင်းထန်စွာ ကျရောက်သွားတော့သည်။

All Chapters