မိုးကြိုးသွား
Vol. 4 Ch. 49
စုမင်မှာ အိမ်အပြင်ဘက် အမှောင်ထဲတွင် မုဆိုးတစ်ယောက်ပမာ ရပ်နေခဲ့၏။ ခဏတာ အိမ်အား စိုက်ကြည့်နေသေးသည်။ သူ မျက်မှောင်ကြုတ်လိုက်၏။ ထို့နောက် အိမ်နားသို့ သွားပြီး တံခါးကို ဖွင့်လိုက်သည်။ အိမ်ထဲတွင် မည်သူမျှ ရှိမနေ။
"စိတ်ဝင်စားစရာပဲ”
စုမင် ရေရွတ်လိုက်၏။ ပတ်ဝန်းကျင်အား လှည့်ပတ် ကြည့်လိုက်သည်။ အိမ်၏ အစွန်းပိုင်း မြေပေါ်တွင် တွင်းပေါက်တစ်ခု ရှိနေသည်ကို တွေ့လိုက်ရ၏။
သူ ခေတ္တ တွန့်ဆုတ်နေပြီး တွင်းပေါက်နားတွင် ထိုင်ချကာ လေ့လာကြည့်လိုက်သည်။ တွင်းပေါက်နံရံများကို ထိကြည့်သည့်အခါ နံရံများကို ဖုန်မှုန့်တို့နှင့် ပြုလုပ်ထားပြီး ခြောက်သွေ့လျက် ရှိသည်ကို တွေ့လိုက်ရ၏။ တွင်းပေါက်ရှိနေသည်မှာ ကြာပြီ ဖြစ်မည်။
သူ့မျက်လုံးများ တောက်ပသွားပြီး တွင်းထဲသို့ ခုန်ချလိုက်၏။ အထဲတွင် ဥမင်လိုဏ်ခေါင်းတစ်ခု ရှိနေသည်။ စုမင် အသံတစ်စက်မှ မထွက်ဘဲ ဥမင်တစ်လျှောက် ပြေးသွားလိုက်၏။ ဥမင်လိုဏ်ခေါင်းသည် ရွှံ့မြေကျောက်သားမြို့တော် အပြင်ဘက်သို့ လမ်းပေါက်ရမည်။
ဥမင်ထဲတွင် ခြေရာများ ရှုပ်ထွေးနေ၏။ စုမင်မှာ ခဏခဏရပ်ပြီး ခြေရာများကို လေ့လာ၏။ ခြေရာများကို လေ့လာပြီး လူဘယ်နှစ်ယောက် ရှိမည်ကို ခန့်မှန်းကြည့်လိုက်သည်။
''လူခုနစ်ယောက် ဒါမှမဟုတ် ရှစ်ယောက်လောက် ရှိမယ်”
စုမင် ခဏ စဉ်းစားပြီး စပါးအုံးဦးချိုကို ထုတ်လိုက်၏။ ရှေ့ဆက်သွားရင်း လမ်းတစ်လျှောက်တွင် မြေကျင်းများ နက်နက် တူးပစ်ခဲ့၏။ မြေမှာ အပျော့သားဖြစ်ပြီး ဦးချိုကလည်း ချွန်ထက်လှသည်မို့ အခက်အခဲမရှိ တူးနိုင်လေသည်။
ခေါင်းမော့ ကြည့်လိုက်သည့်အခါ ဥမင်၏ မျက်နှာကြက်အား သစ်သားတိုင်နှင့် ထောက်ကန်ထားသည်ကို တွေ့လိုက်ရ၏။ လိုဏ်ခေါင်းပြိုမည်ကို ကြောက်ရွံ့၍ ဖြစ်ရမည်။ ထောက်တိုင်များကိုကြည့်ရင်း စုမင် နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားသည်။
ဥမင်ထဲ ပေ ၁၀၀၀ ခန့် အရောက်တွင် စုမင် ရပ်လိုက်၏။ ခပ်နီးနီးတွင် လရောင်ကို မြင်လိုက်ရ၍ ထွက်ပေါက်နှင့် နီးကပ်နေပြီးဟု သဘောပေါက်လိုက်သည်။
ထိုအခိုက် ထွက်ပေါက် အပြင်ဘက်မှ ပျံ့လွင့်လာသော အသံတစ်သံကို ကြားလိုက်ရသည်။
အသံမှာ ဂါထာမန္တန်တစ်ခုကို ရွတ်ဆိုနေသည်နှင့်တူပြီး ထူးခြားဆန်းကြယ်မှုများ ပါဝင်နေသည်။ အသံမှာ အနီးကလေးမှ ထွက်ပေါ်နေခြင်း ဖြစ်၏။ စုမင်က ခေါင်းကို ငုံ့ရင်း ထွက်ပေါက်နားသို့ ကပ်သွားလိုက်သည်။ ထွက်ပေါက်နားရောက်သည်နှင့် အပြင်ဘက်သို့ ခေါင်းကို အလျင်အမြန် ကြည့်လိုက်၏။ ထို့နောက် ချက်ချင်း နောက်ပြန်ဆုတ်လိုက်လေသည်။
လသာနေသည်ဖြစ်၍ တစ်ချက်ကြည့်ရုံနှင့် လူတစ်ယောက် တင်ပျဉ်ချိတ် တရား ထိုင်နေတာကို အသာအယာ တွေ့နိုင်သည်။ ထိုလူသည် ထွက်ပေါက်ကို စောင့်ကြပ်နေသည့်လူ ဖြစ်ရမည်။
''သူ့ရဲ့ချီအရ အစောင့်ဟာ အဆင့် ၄ ပဲ ရှိဦးမယ်”
စုမင် စိတ်ကိုငြိမ်ငြိမ်ထားလိုက်သည်။ ရှေသို့ ခြေတစ်လှမ်း လှမ်းပြီး ခုန်ထွက်လိုက်၏။ ခုန်ထွက်လာသော သူ့ကိုမြင်သည်နှင့် အပေါက်ဝမှ လေပြည်စီးကြောင်း မျိုးနွယ်ဝင် အစောင့်မှာ အလန့်တကြားနှင့် အံ့အားသင့်သွားလေသည်။
သူအံ့အားသင့်သွားသည့် အခိုက်အတန့်လေးအတွင်း စုမင်က ညာလက်ကိုမြှောက်ပြီး ညင်သာစွာ ဝှေ့ယမ်းလိုက်၏။ အစောင့်၏ ခန္ဓာကိုယ်တွင် အဆက်မပြတ် နာကျင်ကိုက်ခဲမှုများ ဖြစ်ပေါ်လာ၏။ သူ့ရှေ့တည့်တည့်မှ အနီရောင် မီးပွားငယ်လေးများက မရေမတွက် နိုင်အောင် များပြားလှသည့် အပ်ဖျားများပမာ သူ့ခန္ဓာကိုယ်အား ထိုးစိုက်ဝင်လာ၍ သွေးပွက်ပွက် အန်ထွက်သွားလေ၏။ သူ နာကျင်လွန်း၍ အော်ဟစ်မည်အပြု အေးစက် သန်မာလွန်းသည့် လက်ဖဝါးတစ်ခုက သူ့ပါးစပ်အား ပိတ်လိုက်၏။ သူ့မှာ အော်ပင် မအော်နိုင်တော့ဘဲ ညည်းသံတစ်ချက်သာ ပြုနိုင်လေတော့၏။
မကြာခင် သူ့ခန္ဓာကိုယ် တွန့်လိမ်ပြီး သတိလစ် သွားတော့သည်။
၎င်းအား ညင်သာစွာ ချထားလိုက်၏။ စုမင်မှာ တည်ငြိမ်နေဆဲပင်။ ဒူးတုပ်ထိုင်ရင်း ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်၏။ အချိန်က ညဉ့်သန်းခေါင်ယံ ရောက်နေပြီ။ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ခြင်းသာ လွှမ်းခြုံထား၏။ ရွှံ့မြေကျောက်သားမြို့တော်၏ ကောက်ကြောင်းနှင့် လက်အောက်ခံမျိုးနွယ်စုတို့၏ မီးပုံအလင်းရောင်များကို အဝေးတွင် လှမ်းမြင်နေရ၏။
တစ်ခြားအရပ်တစ်ခုမှ မီးပုံ အလင်းရောင်တစ်ခုကို တွေ့ရပြန်သည်။ သို့သော် ၎င်းမှ ထွက်နေသည့် အလင်းရောင်မှာ အနီရောင် မဟုတ်ဘဲ အစိမ်းရောင် ဖြစ်နေ၏။ လရောင်အောက်မှ မီးအစိမ်းရောင်မှာ တစ်မူထူးခြားနေပြီး ကြောက်စရာ ကောင်းလှ၏။
မန္တာန်ရွတ်ဖတ်သံများက အစိမ်းရောင်မီးပုံနားမှ ထွက်ပေါ်နေကြောင်း တွေ့လိုက်ရ၍ စုမင် မျက်မှောင်ကြုတ်သွားသည်။ သူက မီးပုံနားသို့ အသံမထွက်ဘဲ ဖြည်းဖြည်းချင်း ချဉ်းကပ် သွား၏။ အနားရောက်သည့်အခါ သူ ဒူးတုပ်ထိုင်ချလိုက်သည်။ မီးပုံနားတွင် နှလုံးကို လှပ်ခနဲ ဖြစ်သွားစေသည့် မြင်ကွင်းကို မြင်လိုက်ရလေ၏။
အစိမ်းရောင်မီးပုံမှာ သစ်ကိုင်းများကြောင့် အရှိန်ပြင်းပြင်းနှင့် လောင်ကျွမ်းနေ၏။ မီးပုံထဲတွင် လူသေအလောင်းအချို့ကိုလည်း တွေ့လိုက်ရသည်။ ၎င်းတို့မှာ အသက်မဲ့နေသည်မှာ ကြာပြီဖြစ်ဟန် တူ၏။ မီးပုံထဲတွင် အလောင်းများ လောင်ကျွမ်းနေချိန် တဖျိုးဖျိုး တဖျောက်ဖျောက် မြည်သံများက ထွက်ပေါ်နေလေ၏။
မီးပုံဘေးတွင် လူခုနစ်ယောက် ထိုင်နေကြသည်။ ခုနစ်ယောက်ထဲမှ တစ်ယောက်က မီးပုံရှေ့ တည့်တည့်တွင် ထိုင်နေ၏။ ကျန်လူခြောက်ယောက်မှာ သုံးယောက်တစ်ဖွဲ့ မီးပုံဘေးတွင် ထိုင်နေကြ၏။ ၎င်းတို့ထဲမှ တစ်ယောက်မှာ ပေလင်း ဖြစ်သည်။
မီးပုံရှေ့တည့်တည့်တွင် ထိုင်နေတဲ့သူမှာ အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက် ဖြစ်သည်။ လူငယ်မှာ ခေါင်းတုံးပြောင်နှင့် ဖြစ်ပြီး အံ့မခန်း ချောမော ခန့်ညားလှ၏။ သို့သော် မီးအလင်းရောင်အောက်တွင် လူငယ်၏ပုံမှာ အနည်းငယ် ဆိုးယုတ်သည့်ဟန် ပေါ်နေ၏။
စုမင်အသံ တစ်ချက်မှမထွက်ဘဲ ဒူးတုပ်ပြီး ကြည့်နေလိုက်သည်။ တဖြည်းဖြည်းနှင့် ဖြစ်ပျက်နေသမျှကို ဆက်စပ်ပုံဖော်မိလာသည်။ မကြာမီ မီးပုံမှ မီးလုံး ၆ ခု ထွက်လာ၏။ ၎င်းအငွေ့များမှာ ခေါင်းတုံးလူ၏ဘေးတွင် ထိုင်နေကြသော လူခြောက်ဦး၏ နား၊ နှာခေါင်း၊ မျက်စိ၊ လျှာတို့၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။ မီးလုံးများ ဝင်သွားသည်နှင့် ၎င်းတို့၏ ခန္ဓာကိုယ်များမှာ တုန်ခါလာပြီး မျက်နှာများက သွေးဆုတ်ဖြူရော်သွားကြလေသည်။
ခဏအကြာတွင် ခြောက်ယောက်ထဲမှ တစ်ယောက် ထလာပြီး ခေါင်းတုံးနှင့် လူငယ်ထံ ထွက်သွား၏။ ထိုလူငယ်က ဒူးထောက်ထိုင်ချပြီး လက်နှစ်ဖက်နှင့် မိမိဝမ်းဗိုက်အား ပြင်းပြင်းထန်ထန် ထုရိုက်လေ၏။ သူ့ခန္ဓာကိုယ်မှာ ပိုမို တုန်ယင်လာပြီး မျက်ခုံးကြားမှ သွေးတစ်စက် ထွက်လာလေသည်။ တစ်ချိန်တည်းတွင် ခေါင်းတုံးလူငယ်၏ မျက်ခုံးမှ လက်သည်းခွံအရွယ်ခန့်ရှိသည့် အစိမ်းရင့်ရောင် သွေးတစ်စက် ထွက်လာပြီး ရှေ့မှလူငယ် ဆက်သနေသည့် သွေးတို့နှင့် ပေါင်းစပ်မိသွားလေ၏။
အစိမ်းရောင်သွေးနှင့် ပေါင်းစပ်သွားချိန် ခေါင်းတုံးနှင့်လူငယ်၏ ခန္ဓာကိုယ်မှ များပြားလှသည့် သွေးကြောမျှင်များ ပေါ်ထွက်လာသည်။ သွေးကြောမျှင်တို့မှ အစိမ်းရောင် ဖျော့ဖျော့သန်းနေကြ၏။
စွမ်းအားပြင်းသည့် ချီ အရှိန်အဝါက ခေါင်းတုံးနှင့် လူငယ်လေး ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲ ထွက်လာသည်။ စုမင်မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သူ ဆုံးဖြတ်ချက်မှားသွားပြီဟု သဘောပေါက်လိုက်သည်။ ခေါင်းတုံးနှင့်လူ၏ သွေးကြော ကျောက်သား အဆင့် အစစ်အမှန်မှာ အဆင့် ၈ မဟုတ်သလို အဆင့် ၇ လည်း မဟုတ်ဘဲ အဆင့် ၆ သာ ဖြစ်၏။
၎င်းသည် အဆင့် ၆ ထိပ်ဆုံးအဆင့်တွင် ရှိပြီး အဆင့် ၇ ရောက်ရှိရန် လက်မတင်လေး လိုတော့သည်။
''ကြည့်ရတာ ငါတော့ လေပြည်စီးကြောင်းကို သက်သက် အထင်ကြီးမိတာ ထင်ပါတယ်”
စုမင်က မလှုပ်မယှက်နှင့် ပေလင်းကိုသာ အာရုံစိုက်ကြည့်နေ၏။ ပေလင်းမှလွဲ၍ တခြားသူများက မျက်ခုံးမှ သွေးတစ်စက် ထုတ်လိုက်ကြ၏။ ပြီးလျှင် မောပန်းနေသည့်ဟန်နှင့် သူတို့နေရာဆီ ပြန်လာကြသည်။
"ဝူစန်း ... လွန်ခဲ့တဲ့ ရက်တွေထဲမှာပဲ မင်းကို မီးစုန်းသွေးတွေ အများကြီး ပေးခဲ့ပြီးပြီ။ အခုငါ အရမ်း အားနည်းနေတယ်။ စမ်းသပ်ပွဲက မနက်ဖြန်ဆို စတော့မှာ။ ဒီနေ့ မင်းကို တစ်စက်ပဲ ပေးလို့ရမလား”
ပေလင်းက မျက်လုံးဖွင့်ပြီး ဒုက္ခများနေသည့်အကြည့်နှင့် ခေါင်းတုံးနှင့်လူငယ်အား အသံနိမ့်နိမ့်ဖြင့် ပြောဆိုလိုက်သည်။
"ဟမ်”
ခေါင်းတုံးနှင့် လူငယ်သည် ဝူစန်း ဖြစ်သည်။ ပေလင်းအား ကြည့်လိုက်သည့် လူငယ်၏ မျက်လုံးတွင် အစိမ်းရောင် အလင်းဖျော့ဖျော့ တောက်ပနေ၏။
“မင်းရဲ့ကတိကို ချိုးဖျက်တော့မလို့လား။ မင်းသာ ငါ့ကို အဆင့် ၇ ရောက်အောင် ကူညီပေးရင် ငါထိပ်တန်း အဆင့်ထဲဝင်ပြီး အကြီးအကဲရဲ့ သွေးစက်ရတဲ့အခါ မင်းကို အနည်းငယ် မျှပေးမယ်လို့ အရင်ကတည်းက ပြောထားဖူးတာပဲ။ အရင်က ပြောထားခဲ့သလိုပဲ မင်းက ပထမအဆင့်နှစ်ခုမှာ မယှဉ်ပြိုင်ဘဲ နေနိုင်တယ်။ နောက်ဆုံးအဆင့်အတွက် မင်းကို သွေးစက်ပေးမယ်။ ဒါဆိုရင် မင်းက အသာအယာလေးပဲ နောက်ဆုံးအဆင့်ရဲ့ ထိပ်တန်း အဆင့် ၅၀ ထဲကို ဝင်သွားမယ်”
“ဒါ ...”
ပေလင်း စိတ်မှာ အသည်းအသန် ဗျာများရင်း တွေဝေနေသည်။ မကြာခင် သွားကို တင်းတင်းစေ့ရင်း ဝူစန်းရှေ့တွင် ဒူးထောက် ထိုင်ချလိုက်၏။ လက်နှစ်ဖက်နှင့် ဝမ်းဗိုက်ကို ထုရိုက်စဉ် သူ့ကိုယ်ခန္ဓာမှာ ချက်ချင်း တုန်ယင်လာ၏။ သူ့မျက်ခုံးကြားထဲမှ သွေးတစ်စက် ထွက်လာလေသည်။
ပေလင်းမှာ ပင်ပန်းနွမ်းနယ်နေပြီး လဲကျတော့မလို ဖြစ်နေသည်။ သွေးထွက်သွားသည်နှင့် ပြန်လည်ကုသရန် နောက်အဆုတ်တွင် ဝူစန်း၏ မျက်လုံးအစုံက လင်းလက်သွားလေ၏။ သူ့ညာလက်ကို မြှောက်ပြီး အကာအကွယ်မဲ့နေသော ပေလင်း၏ နဖူးအား ထိလိုက်လေသည်။
"မင်း”
ပေလင်းတစ်ယောက် အပြင်းအထန် တုန်လှုပ်သွားပြီး ခုခံရန်ကြိုးစားလိုက်သော်လည်း နဖူးနှင့် လက်ချောင်း ထိသွားချိန် မျက်ခုံးနှစ်ခုကြားမှ နေရာသည် ပွင့်လာပြီး သွေးတို့ ဒလဟောစီးကျလာ၏။
"စိတ်မပူပါနဲ့.... ငါတို့ သူငယ်ချင်းတွေပါ။ ငါမင်းကို မသတ်ပါဘူး။ မင်းမှာရှိသမျှ အရာအားလုံး ထုတ်ပြီး ငါ့ကို မတွန့်မဆုတ် ကူညီနိုင်ဖို့ နည်းနည်းလေး ကူပေးဖို့ တောင်းဆိုရုံပါပဲ”
ဝူစန်းက ထူးဆန်းသောအပြုံးနှင့် သူ့လက်ချောင်းများကို ပြန်ရုပ်သွား၏။ လက်ထဲမှ အစိမ်းရောင် သွေးလုံးနှင့် ပေလင်းနဖူးမှ ရလာသောသွေးတို့ကို ပေါင်းစပ်ရန်အလုပ် သူ့ကိုယ်ခန္ဓာမှာ သိမ့်ခနဲ လှုပ်ရှားသွား၏။ သူ့မျက်လုံးများ တစ်မုဟုတ်ချင်း ပြူးကျယ် သွားလေသည်။
သူ့ခန္ဓာကိုယ်ထဲသို့ အစိမ်းရင့်ရောင် သွေးဘောလုံး ပြန်ထည့်ချိန် မရလိုက်ပေ။ အလန့်တကြားနှင့် နောက်ဆုတ်လိုက်ချိန် မီးပုံထဲ ကျသွားလေ၏။
အနက်ရောင် အလင်းထုတစ်ခု ထွက်ပေါ်လာလေသည်။ လေကို ထိုးခွဲသွားသံနှင့်အတူ ရှည်လျားလှသည့် အနက်ရောင်လှံတံတစ်စင်းက နဂါးနက်တစ်ကောင်ပမာ သူတို့ထံကို အရှိန်ပြင်းပြင်းနှင့် ပျံသန်းတိုးဝင်လာလေ၏။ ပေလင်းနှင့်ကျန်လူအားလုံးကို ကျော်ဖြတ်သွားပြီး ဝူစန်းထံ တည့်တည့် တိုးဝင်သွားလေသည်။
မသဲမကွဲအသံတချို့ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာသည်။ မီးပုံမှာ ပေါက်ကွဲထွက်သွားပြီး မြောက်မြားစွာသော အစိမ်းရောင် မီးတောက်များ အနီးတစ်ဝိုက်သို့ ပျံ့လွင့်သွား၏။ ကိုယ်ခန္ဓာ ကြံ့ခိုင်သန်မာလွန်းသည့် လူတစ်ယောက် မည်သည့်နေရာကမှန်း မသိ ရုတ်တရက် ပေါ်ထွက်လာသည်။ ထိုလူ၏ အရှိန်နှုန်းမှာ အလွန်လျင်မြန်လွန်း၍ မီးပုံ ပေါက်ကွဲသွားသည့် အချိန်လေးအတွင်း ပေလင်းရှေ့သို့ ရောက်လာသည်။ ပေလင်း၏ လတ်လတ်ဆတ်ဆတ် သွေးနှင့် ဝူစန်း၏ အစိမ်းရင့်ရောင်သွေးတို့အား ထိုလူက ညာလက်နဲ့ ဖမ်းဆုပ်လိုက်လေ၏။
ထိုလူမှာ မကြာခင်ကမှ ရုပ်ပြောင်းထားသော စုမင် ဖြစ်သည်။
"လတ်ဆတ်တဲ့သွေးက ကောင်းတယ်။ ငါယူလိုက်မယ်”
စုမင်က အက်ကွဲနေသော အသံနှင့် ပြောလိုက်၏။ သူ့ဘယ်လက်ကို ဝှေ့ယမ်းလိုက်ချိန် မြေပြင်တွင် စိုက်ဝင်နေသောလှံတံမှာ သူ့လက်ထဲကို ပြန်ရောက်ရှိလာပြီး အနက်ရောင် အခိုးအငွေ့များအဖြစ် ပြောင်းလဲသွားလေ၏။
စုမင်က ခပ်ဖြည်းဖြည်း ပြောလိုက်၏။ မီးတောက်များ လွင့်စဉ်သွားစဉ် နောက်ဆုတ်သွားသော ဝူစန်းအား ကြည့်လိုက်၏။ ဝူစန်း မျက်နှာမှာ တင်းမာခက်ထန်နေပြီး ရက်စက်ကြမ်းကြုတ်တော့မည့် အရိပ်အမြွက်ကို တွေ့လိုက်ရလေ၏။
"သေချင်နေတာပဲ”
ဝူစန်း ကြွေးကြော်လိုက်သည်နှင့် ခန္ဓာကိုယ်မှ အစိမ်းရောင် အခိုးအငွေ့များ ထွက်ပေါ်လာပြီး သူ့ဘေးပတ်လည်ကို လွှမ်းခြုံသွားလေ၏။ အစိမ်းရောင် အငွေ့အသက်များကြောင့် ပေ ၃၀ မျှရှိသည့် လူထွားကြီးတစ်ယောက်အဖြစ် ပြောင်းလဲသွားလေ၏။ အစိမ်းရောင်နှင့်ဝူစန်းက ခေါင်းမော့ရင်း ကောင်းကင်ယံထက် ကြွေးကြော် လိုက်သည်။ ထို့နောက် သူ့လက်များကို ဖုတ်ကောင်တစ်ကောင်အလား လေထဲတွင် တန်းလန်း မြှောက်ရင်း စုမင်ထံ ခုန်ဝင်လာလေ၏။
ထိုအခိုက် ကျန်လူများကလည်း ခန္ဓာကိုယ်ထဲမှ ချီကို သက်ဝင်နိုးထစေလိုက်၏။ သို့သော် မီးစုန်းသွေးတို့ကို ထပ်ခါထပ်ခါ ဆက်သထားသောကြောင့် ယခုထိတိုင် အားနည်းဆဲ ရှိသေး၏။ သူတို့ လှုပ်ရှားလာတော့မည်အလုပ် စုမင်က အေးစက်စွာဖြင့် မဲ့ပြုံးပြုံးရင်း လက်ထဲက လှံတံကို မြေပေါ် စိုက်ချလိုက်သည်။
သူ့ခန္ဓာကိုယ်တွင်းမှ ချီများ ရုတ်ချည်း လှံရှည်ထဲ ဝင်ရောက်သွားပြီး အနက်ရောင် အခိုးအငွေ့ အမြောက်အမြား လှံတံမှ ထွက်ပေါ်လာလေသည်။ လှံတံ မြေပေါ် စိုက်ဝင်သွားသည်နှင့် ဆူညံသံများ ထွက်ပေါ်လာပြီး မြေပြင်တစ်ခုလုံး တုန်ခါသွားလေသည်။ အရှိန်အဝါတစ်ခုသည် စုမင်အား အလယ်ဗဟိုပြုလျက် ဘေးပတ်ဝန်းကျင်ထံ ဖြာထွက်သွားရာ စွမ်းအင်အဆင့်နိမ့်သူများ အလိုလို နောက်ဆုတ်သွားရလေ၏။
ထို့နောက် စုမင်မှာ ချက်ချင်းဆိုသလို လက်ထဲတွင် လှံတံကိုကိုင်ရင်း အလင်းကဲ့သို့ အရှိန်နှုန်းနှင့် ဝူစန်းထံ တိုးဝင်သွားလေ၏။ အနက်ရောင် အခိုးအငွေ့တွေဟာ ကောင်းကင်ဆီ ထိုးတက်သွားပြီး သိမ်းငှက် တစ်ကောင်အသွင် ခပ်မှိန်မှိန် ပေါ်ပေါက်လာတယ်။ ၎င်းဟာ တောင်ပံတွေကို ဖွင့်လိုက်ပြီး လေပြင်းမုန်တိုင်း အသွင်နဲ့ ဖုတ်ကောင်သဏ္ဌာန် အရာထံကို တိုးဝင် သွားတော့တယ်။
ထိုအချိန်တွင် တောက်ပနေသော လရောင်အား မည်သူမျှ သတိမထားမိကြပေ။ လ၏ ငွေမင်ရောင်အလင်းတန်းတစ်ခု ရုတ်တရက် ပေါ်လာပြီး အစိမ်းရောင် လူသားအား ကူညီတိုက်ခိုက်လေတော့၏။
မိုးခြိုမ်းသံကြီး ပေါ်ထွက်လာ၍ စုမင် နောက်ပြန်လှည့်လိုက်သည်။ ခြေတစ်လှမ်း နှစ်လှမ်းမျှ ယိမ်းယိုင်သွားပြီး ဥမင်လိုဏ်ခေါင်းထံ နောက်ပြန်ပြေးတော့သည်။
သူ ဆုတ်ခွာလိုက်သည်နှင့် ဒေါသတကြီး ကြွေးကြော်သံကြီးကို ကြားလိုက်ရသည်။ အစိမ်းရောင် လူသားကြီးမှာ လဲပြိုသွားပြီး ဝူစန်း၏ မျက်နှာမှာ အလွန်အမင်း နာကျင်မှုကြောင့် ရှုံ့တွနေ၏။ သူ့ရင်ဘတ်တွင် ဒဏ်ရာ တစ်ခုရှိနေပြီး ၎င်းမှ သွေးစိမ်းရှင်ရှင် ထွက်နေလေသည်။
"ငါ့ကို နာကျင်အောင် လုပ်ရဲတယ်ပေါ့လေ”
သူ့မျက်လုံးထဲက အစိမ်းရောင် အလင်းတန်းမှာ အမည်းရောင်သန်းသွားပြီး စုမင်အား ဖမ်းဆီးရန် ရှေ့သို့ အလျင်အမြန် တိုးသွားလေ၏။
ဝူစန်း သူ့နောက် လိုက်လာချိန် စုမင်က ရှေ့ဆက်ပြေးသည်။ မျက်စိတစ်မှိတ်အတွင်း သူတို့ ဥမင်လိုဏ်ခေါင်းထဲ ဝင်ရောက် ပျောက်ကွယ်သွားကြလေ၏။ ပေလင်းအပါအဝင် အခြားသူများမှာ အံ့ဩတကြီးနှင့် ကြက်သေသေရင်း ကျန်ရစ်ခဲ့ကြလေသည်။ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသော်လည်း ဉမင်ထဲ ပြေးဝင်သွားသည့် လူနှစ်ယောက်အနောက်သို့ မည်သူမျှ မလိုက်ရဲကြချေ။
မကြာခင်မှာ ဥမင်လိုဏ်ခေါင်း ပြိုကျသွားသလို မြည်သံကြီးတစ်ခု ထွက်ပေါ်လာ၏။ ခပ်ဝေးဝေးမှ ဒေါသတကြီး အော်ဟစ်ကျိန်ဆဲနေသံကိုလည်း ကြားရလေသည်။ တစ်အောင့်လောက်အကြာတွင် ထွက်ပေါက်မှ မည်းမှောင်နေသော မျက်နှာနှင့် ထွက်လာသော ဝူစန်းကို တွေ့လိုက်ရ၏။ သူပုံစံမှာ မယုံနိုင်လောက်အောင် သနားစရာကောင်းနေပြီး ဒေါသလည်း ထိန်းမနိုင်သိမ်းမရ ထွက်နေ၏။ သို့သော် ဒေါသနှင့်အတူ တခြားသူများ အလွယ်တကူ ကြည့်၍မမြင်နိုင်သော စိုးရိမ်ပူပန်မှုများလည်း ရှိနေပြန်သည်။
"ငါ့ အလောင်းကောင်သွေးထုကို ပြန်ယူလာနိုင်ပေမဲ့ ဒီညတော့ စင်ကြယ်ရှင်းသန့်ခြင်း မလုပ်တော့ဘူး။ အဲဒီလူကိုရှာ။ မင်းတို့ သူ့ကို ရှာတွေ့မှဖြစ်မယ်။ အဲဒီကောင်က လေပြည်စီးကြောင်း မျိုးနွယ်က မဟုတ်ဘူး။ ရှာကြ။ ဒီကောင့်လည်ပင်းကို ငါ့လက်နဲ့ ညှစ်သတ်ပစ်မယ်”
***