အခန်း (၃၃၉-၃၄၀)
Vol. 34 Ch. 339-340
အခန်း။ ၃၃၉
ဟူကျားဝေ၏ အဆိုပြုချက်ကို ယို့ချင်းယီနှင့် ပိယောင်ယောင်တို့က သဘာဝကျစွာပင် ကန့်ကွက်ရန်မရှိခဲ့ကြချေ။
ဟန်ထောင်မုန့်မှာမူ အနည်းငယ် ဇဝေဇဝါဖြစ်နေသော်လည်း သူသည် အစောဆုံး သတိလစ်သွားသူဖြစ်ပြီး နောက်ဆက်တွဲတိုက်ပွဲတွင် ပါဝင်နိုင်ခဲ့ခြင်းမရှိသဖြင့် ပညာရှိစွာပင် နှုတ်ဆိတ်နေလိုက်သည်။
“ကောင်းပါပြီ"
လုံယီမှာလည်း အားနာခြင်းမရှိဘဲ ဝိညာဉ်လက်နက် ၄ ခု၊ ဝိညာဉ်စွမ်းအင်စုပ်ယူဆေး ၄ ပုလင်း၊ ယင်လေပြင်းအဆောင်စက္ကူ ၁၀ ရွက်နှင့် ငွေစ ၁၀,၀၀၀ ကို ယူလိုက်သည်။ ၎င်းမှာ စုစုပေါင်းပစ္စည်းများ၏ ၅၀ ရာခိုင်နှုန်းအောက် အနည်းငယ်လျော့နည်းသော်လည်း ထိုပမာဏနှင့် များစွာမကွာခြားလှပေ။
ယခင်တစ်ခေါက်က မိစ္ဆာကျင့်ကြံသူတစ်ဦးကို သတ်ဖြတ်ပြီးနောက် သူ၏လက်ထဲတွင် ပိုမိုအရည်အသွေးကောင်းမွန်သော မှိုပုံသဏ္ဌာန်ဝိညာဉ်လက်နက်တစ်ခု ရှိနှင့်နေပြီးဖြစ်ရာ ယခုရရှိသော အလားတူလက်နက်များမှာ သူ၏အတွက် မလိုအပ်လှပေ။
သို့သော် ယို့ချင်းယီတို့၏ ပြောပြချက်အရ ထိုပစ္စည်းများကို ဂိုဏ်းသို့ အပ်နှံ၍ ဂိုဏ်းအကျိုးပြုမှတ်များလဲလှယ်နိုင်သလို အခြားဂိုဏ်းသားများနှင့်လည်း ပစ္စည်းချင်းဖလှယ်နိုင်ကြောင်း သိရသည်။
ကျန်ရှိသော ပစ္စည်း ၅၀ ရာခိုင်နှုန်းကျော်ကိုမူ ဟူကျားဝေနှင့် ဟန်ထောင်မုန့်တို့က အများစုကို ခွဲဝေယူကြပြီး ပိယောင်ယောင်နှင့် ယို့ချင်းယီတို့က အနည်းငယ်စီ ရရှိကြသည်။
အတွင်းစည်းတပည့် စူးယုံမှာ မထင်မှတ်ဘဲ အသက်ဆုံးရှုံးခဲ့ရသော်လည်း မိစ္ဆာကျင့်ကြံသူအုပ်ချုပ်သူတစ်ဦးကို အရှင်ဖမ်းမိခဲ့သလို ရတနာအချို့လည်း ရရှိခဲ့သဖြင့် ဤခရီးစဉ်မှာ အတိုင်းအတာတစ်ခုအထိ အကျိုးအမြတ်ရှိခဲ့ရာ သူတို့၏ စိတ်အစဉ်မှာ အနည်းငယ် ပေါ့ပါးသွားကြသည်။
သူတို့ ဂိုဏ်းသို့ပြန်ရန် ပြင်ဆင်နေကြစဉ်မှာပင်...
“ကွိ...”
လုံယီ၏စိတ်ထဲရှိ လင်းယုန်ငှက်က အန္တရာယ်ရှိကြောင်း သတိပေးသည့်အနေဖြင့် စူးရှစွာ ဟစ်ကြွေးလိုက်သည်။ သူသည် အရှေ့တောင်ဘက်ရှိ ကောင်းကင်ယံသို့ ရုတ်ချည်းလှည့်
ကြည့်လိုက်ပြီး “အန္တရာယ်ရှိတယ် အမြန်ပုန်းကြ” ဟု တိုးညှင်းစွာ သတိပေးလိုက်သည်။
“ဟင်”
အားလုံးမှာ မှင်တက်သွားကြပြီး စိတ်အခြေအနေမှာ ချက်ချင်း ပြန်လည်တင်းမာသွားတော့သည်။ သို့သော် သူတို့ မလှုပ်ရှားနိုင်မီမှာပင် ကောင်းကင်မိုးကုပ်စက်ဝိုင်း၌ တောက်ပသော အနီရောင်တစ်ခု ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုအနီရောင်မှာ သူတို့၏အပေါ်ယံ ကောင်းကင်သို့ နီးကပ်လာပြီး ၎င်း၏ ပုံသဏ္ဌာန်ကို မြင်တွေ့လိုက်ရသည်။
၎င်းမှာ ပေ ၂၀ ခန့် ရှည်လျားသော ပျံသန်းနိုင်သောလှေတစ်စင်းဖြစ်ပြီး လှေ၏ ဘေးတစ်ဖက်တစ်ချက်စီတွင် ပါးလျသော အနီရောင် မီးတောက်များမှာ အတောင်ပံများအလား တောက်လောင်နေသည်။
လှေ၏ ရှေ့ဆုံးတွင် ဝတ်စုံနက်ဝတ်ထားသော အမျိုးသားတစ်ဦး ရပ်နေပြီး သူ၏ တစ်ကိုယ်လုံးကို ဝေဝါးနေသော အနီရောင်အလင်းတန်းများက ဝန်းရံထားသဖြင့် ရုပ်ရည်ကို အသေအချာ မမြင်ရချေ။
“နေနီဂိုဏ်းက ကျွမ်းကျင်သူတစ်ယောက် ရောက်လာတာလား”
ဟူကျားဝေသည် မျှော်လင့်ချက်ကင်းမဲ့နေသော မျက်ဝန်းများဖြင့် ထိုစကားကို အံကြိတ်၍ ပြောလိုက်သည်။
လုံယီအပါအဝင် ကျန်ရှိသူများအားလုံးမှာလည်း ရင်ထဲ၌ လေးလံသွားကြတော့သည်။ မြင်တွေ့ရသည့် အနေအထားအရ ရောက်ရှိလာသူမှာ အခြေခံတည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူတစ်ဦး ဖြစ်ရန် ၉၀ ရာခိုင်နှုန်း သေချာနေ၏။
အခု ဒီနေရာမှာ ရှိနေတဲ့သူတွေက အဲဒီလို ပုဂ္ဂိုလ်မျိုးကို ဘယ်လိုလုပ်ပြီး တောင့်ခံနိုင်မှာလဲ။
“ဖေဖေ”
ဤကဲ့သို့ တင်းမာလှသော အခြေအနေအတွင်း၌ ပိယောင်ယောင်သည် ရုတ်တရက်ပင် ကောင်းကင်ယံသို့ ဝမ်းသာအားရ လက်ဝှေ့ယမ်းပြလိုက်သည်။
“ဟင်”
လုံယီနှင့် ကျန်လူများမှာ သူမကို အံ့ဩတကြီး ကြည့်လိုက်ကြသော်လည်း ရင်ထဲမှ အလုံးကြီးကျသွားကာ နောက်ဆုံးတွင် စိတ်သက်သာရာ ရသွားကြတော့သည်။ အလောင်းခြောက်ထိန်းချုပ်ရေးဂိုဏ်းတွင်လည်း မီးဓာတ် အခြေခံတည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူများ ရှိကြသော်လည်း ၎င်းတို့မှာ များသောအားဖြင့် ဂမ္ဘီရတစ်သောင်းတောင်ထိပ်တွင်သာ ရှိနေတတ်ကြသဖြင့် မြင်တွေ့ရခဲလှသည်။
“ဟွန်း မင်းက ငါ့ကို ဖေဖေလို့ အခုထိ မှတ်မိနေသေးတာလား။ ခရီးဝေးသွားတော့မယ်ဆိုတာကို ငါ့ကို တစ်ခွန်းတောင် အသိမပေးခဲ့ဘဲနဲ့ အန္တရာယ်တွေ့မှပဲ ငါ့ကို သတိရတော့တယ်”
မီးလျှံဝိညာဉ်လှေမှာ လျင်မြန်စွာ ဆင်းသက်လာပြီး အသက် ၄၀ ဝန်းကျင်ခန့်ရှိသော လူလတ်ပိုင်းအမျိုးသားတစ်ဦးမှာ လှေပေါ်မှ ခုန်ဆင်းလာခဲ့သည်။ သူ၏ ခန္ဓာကိုယ်မှာ ကိုယ်ခံပညာရှင်တစ်ဦးကဲ့သို့ မြင့်မားသန်စွမ်းပြီး ထင်ရှားသော မျက်ခုံးရိုးများနှင့် ပြည့်နှက်နေသော မျက်နှာထားရှိသည်။ သူ၏ ကျားပုံစံမျက်လုံးများမှာ အမြဲတမ်း ခြိမ်းခြောက်မှုအရှိန်အဝါများ ထွက်ပေါ်နေသဖြင့် မြင်ရသူအဖို့ ခန့်ညားထိတ်လန့်ဖွယ် ကောင်းလှသည်။
“ဖေဖေကလည်း... သမီးက အမြဲတမ်း ဖေဖေ့အရိပ်အောက်မှာပဲ ပုန်းနေလို့ မရဘူးလေ။ ဟုတ်တယ်မလား”
ပိယောင်ယောင်မှာ ထိုအမျိုးသားထံသို့ ပြေးသွားကာ လက်မောင်းကို ချွဲနွဲ့စွာ ဆွဲကိုင်လိုက်သည်။
ထိုလူလတ်ပိုင်းအမျိုးသား၏ မျက်နှာအမူအရာမှာ အနည်းငယ် ပျော့ပြောင်းသွားပြီး ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရာ အံ့ဩရိပ်တစ်ခု ပေါ်လာတော့သည်။
“တိုက်ပွဲကတော့ တော်တော်လေး ပြင်းထန်ခဲ့ပုံပဲ။ မင်းတို့မှာလည်း စွမ်းရည်အတော်အတန် ရှိကြတာပဲကိုး"
“ဒါက သမီးရဲ့ အရမ်းတော်တဲ့ အဖော်တွေကြောင့်ပါ”
ပိယောင်ယောင်က ချီးကျူးစကားဆိုရင်း သူမ၏ အကြည့်မှာ လုံယီထံသို့ မသိမသာ ရောက်ရှိသွားတော့သည်။
ဤပုဂ္ဂိုလ်မှာ အလောင်းခြောက်ထိန်းချုပ်ရေးဂိုဏ်း၊ ဂမ္ဘီရတစ်သောု်းတောင်ထိပ်မှ အကြီးအကဲတစ်ဦး ဖြစ်သည်ကို သိရှိသွားကြသဖြင့် လုံယီနှင့် ကျန်လူများမှာ လေးစားစွာဖြင့် ရှေ့သို့တိုးကာ ဂါရဝပြုလိုက်ကြသည်။
“အကြီးအကဲပိ”
“တပည့်တွေ အကြီးအကဲကို ဂါရဝပြုပါတယ်”
အကြီးအကဲပိမှာ ခေါင်းကို အနည်းငယ် ငြိမ့်ပြလိုက်သော်လည်း မျက်နှာမှာ မည်သည့်ခံစားချက်မျှ မပြဘဲ ကျွမ်းကျင်သူပီပီ ခန့်ညားတည်ငြိမ်စွာ ရပ်နေသည်။ ထို့နောက် ပိယောင်ယောင်က သူတို့ရင်ဆိုင်ခဲ့ရသော အန္တရာယ်များကို အကျဉ်းချုပ် ရှင်းပြလိုက်ရာ အထူးသဖြင့် မိစ္ဆာကျင့်ကြံသူများ၏ ယုတ်မာကောက်ကျစ်ပုံကို ကြားရသောအခါ အကြီးအကဲပိ၏ မျက်နှာမှာ အေးစက်သွားတော့သည်။
“သူက မိစ္ဆာကျင့်ကြံသူလား”
မြေပြင်ပေါ်တွင် ခွေးသေတစ်ကောင်ပမာ လဲလျောင်းနေသော မိစ္ဆာကျင့်ကြံသူ အုပ်ချုပ်သူမှာ လုံယီ၏ လက်ချက်ကြောင့် အလယ်ဒန်ထျန်နှင့် အကြောအခြင်များ ပျက်စီးနေပြီဖြစ်ရာ ယခုအခါ သာမန်လူတစ်ယောက်ထက်ပင် ပိုမိုဆိုးရွားနေပြီဖြစ်သည်။ သို့သော် အကြီးအကဲပိသည် သူ့အပေါ် မည်သည့်သနားညှာတာမှုမျှ မရှိချေ။
သူသည် လက်ကို ဝှေ့ယမ်းလိုက်ရုံဖြင့် ထိုအုပ်ချုပ်သူကို သူ၏ရှေ့ သုံးပေခန့်အကွာ လေထဲ၌ တွဲလောင်း ဆွဲတင်လိုက်လေတော့သည်။
ထို့နောက် သူသည် ထိုသူ၏ ဦးခေါင်းကို လက်ညှိုးဖြင့် ထိုးလိုက်ရာ လက်ထိပ်မှနေ၍ ကြောက်မက်ဖွယ်ကောင်းသော အမည်းရောင်အလင်းတန်းများ ထွက်ပေါ်လာတော့သည်။
“အား...”
မိစ္ဆာကျင့်ကြံသူ အုပ်ချုပ်သူသည် လောကတွင် အကြောက်ရွံ့ဆုံးအရာနှင့် ရင်ဆိုင်လိုက်ရသကဲ့သို့ မျက်နှာတစ်ခုလုံး အစွမ်းကုန် ရှုံ့မဲ့သွားပြီး ရင်ကွဲမတတ် အော်ဟစ်လေတော့သည်။ နောက်ဆုံးတွင်မူ သူ၏ ခန္ဓာကိုယ်မှ မနှစ်မြို့ဖွယ် အနံ့အသက်များပင် ထွက်ပေါ်လာရာ ၎င်းမှာ အလွန်အမင်း ထိတ်လန့်သွားသဖြင့် မစင်ပင် ထွက်ကျသွားခြင်းပင်။
ဝိညာဉ်ရှာဖွေခြင်းအတတ်လား
ကျန်ရှိသည့်အဖွဲ့သားများမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ဤသည်မှာ အလွန်ပင် ရက်စက်ကြမ်းကြုတ်သော နည်းပရိယာယ်တစ်ခုဖြစ်ကြောင်း နားလည်လိုက်ကြသည်။ ဤအတတ်ကို အသုံးပြုနိုင်ရန် သတ်မှတ်ချက်မှာ အလွန်မြင့်မားလှပြီး များသောအားဖြင့် အခြေခံတည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူများမှသာ ပြုလုပ်နိုင်ခြင်းပင်။
ထို့ပြင် အသုံးပြုသူနှင့် အသုံးပြုခံရသူနှစ်ဦးကြားတွင် ကျင့်ကြံခြင်းစွမ်းအား အလွန်အမင်း ကွာခြားရန်လည်း လိုအပ်သည်။ ဤအတတ်ကို အသုံးပြုခံရသူမှာ ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကို ခံစားရမည်ဖြစ်ပြီး နေရာမှာပင် သေဆုံးသွားနိုင်သည်အထိ ပြင်းထန်လှသည်။
အကြီးအကဲပိသည် ထိုမိစ္ဆာကျင့်ကြံသူကို ရွံရှာဖွေစွာဖြင့် မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။ ထို့နောက် သူ၏ လက်ထိပ်မှ ပဲစေ့အရွယ်အစားခန့်ရှိသော အနီရောင် မီးတောက်လေးတစ်ခုကို ထုတ်လွှတ်လိုက်ရာ ၎င်းမှာ ထိုသူ၏ကိုယ်ပေါ်သို့ ကျရောက်သွားပြီး ပြင်းထန်စွာ လောင်ကျွမ်းတော့သည်။ ခဏချင်းအတွင်းမှာပင် ထိုသူမှာ ပြာအဖြစ်သို့ ပြောင်းလဲသွား၏။
“ဟင်”
ထိုမိစ္ဆာကျင့်ကြံသူ သေဆုံးသွားသည်နှင့် လုံယီ၏ စွမ်းရည်ပြမျက်နှာပြင်ပေါ်
တွင် အသိပေးချက်တစ်ခု ပေါ်လာပြန်သည်။
[စုဆောင်းရရှိနိုင်သော အရာများကို တွေ့ရှိပါသည်။ အောက်ပါ ရွေးချယ်စရာ သုံးခုအနက် တစ်ခုကို ရွေးချယ်ပေးပါ]
[စွမ်းအင်- ၉၁ မှတ်]
[ယင်ဓာတ်ခံ အနည်းငယ် တိုးမြင့်လာမည်]
[သွေးဖြင့် ဝိညာဉ်အသွင်ပြောင်းလဲခြင်းအတတ်]
[ရွေးချယ်လိုပါသလား]
လုံယီသည် တစ်ခါမှမကြားဖူးသော ထိုအတတ်ပညာကို ကြည့်လိုက်ရာ စာမျက်နှာပေါ်တွင် ၎င်း၏ ဖော်ပြချက် ပေါ်လာတော့သည်။
[သွေးဖြင့် ဝိညာဉ်အသွင်ပြောင်းလဲခြင်းအတတ်သည် မိမိ၏ ပင်ကိုယ်အသက်သွေးကို အသုံးပြု၍ သွေးဝိညာဉ်များကို သန့်စင်စေခြင်းပင်။ ရန်သူများကို သွေးရည်အဖြစ် ပြောင်းလဲပစ်နိုင်ပြီး ၎င်းတို့၏ အသက်သွေးများကို စုပ်ယူကာ မိမိကိုယ်ကိုယ် ကြီးထွားစေနိုင်သည်။ သို့သော် သွေးဝိညာဉ် ပိုမိုသန်မာလာလေလေ ပြန်လည်တိုက်ခိုက်ခံရနိုင်ခြေပိုမိုများပြားလေလေဖြစ်သဖြင့် သတိထား၍ အသုံးပြုရန် လိုအပ်သည်]
ဒီအတတ်က တော်တော်လေး ကောင်းတာပဲ ငါ့အတွက် အဆင်ပြေတယ်
လုံယီသည် ၎င်း၏ အကျိုးအာနိသင်ကို မြင်တွေ့ရသောအခါ မဆိုင်းမတွပင် တတိယမြောက် ရွေးချယ်စရာကို ယူလိုက်တော့သည်။ ဤသည်မှာ မိစ္ဆာလမ်းစဉ် ကျင့်စဉ်တစ်ခု ဖြစ်နေသော်လည်း သူကမူ လုံးဝ ဂရုမစိုက်ပေ။
ပထမအချက်အနေဖြင့် သူသည် ကျင့်စဉ်များကို အဆင့်မြှင့်တင်ရန် စွမ်းရည်ပြမျက်နှာပြင်မှ အမှတ်များကိုသာ လိုအပ်ခြင်းဖြစ်ပြီး မည်သည့်ယုတ်မာရက်စက်သော လုပ်ရပ်မျိုးကိုမျှ လုပ်ဆောင်ရန် မလိုပေ။
ဒုတိယအချက်မှာ အတတ်ပညာဟူသည်မှာ ကောင်းခြင်း၊ ဆိုးခြင်းဟူ၍ ခွဲခြားထားခြင်းမရှိဘဲ အသုံးပြုသူ၏ စရိုက်အပေါ်၌သာ လုံးဝမူတည်ခြင်းကြောင့်ပင်။ သူ့ကိုယ်သူ ထိခိုက်စေနိုင်သည်ဟူသော အကြောင်းပြချက်ဖြင့် ထက်မြက်သော ဓားတစ်လက်ကို အသုံးမပြုဘဲ နေမည်မဟုတ်ပေ။
အတတ်ပညာသစ်ကို ရရှိပြီးနောက် လုံယီ၏ စိတ်အာရုံမှာ လက်တွေ့လောကသို့ ပြန်လည်ရောက်ရှိလာသည်။ ထိုအချိန်တွင် အကြီးအကဲပိ၏ ဒေါသတကြီး ပြောဆိုသံကို ကြားလိုက်ရသည်။
“ဒီလို ရေမြောင်းထဲက ကြွက်တွေက သူတို့ ဘယ်နေရာမှာ နေသင့်တယ်ဆိုတာကို သိအောင် သင်ခန်းစာ ပေးရမယ်”
“မင်းတို့အားလုံး လှေပေါ်တက်ကြ။ ဒီအနီးအနားမှာ သူတို့ လျှို့ဝှက်အခြေစိုက်ထားတဲ့နေရာကို ငါ သိပြီ”
ထိုသို့ပြောပြီးနောက် အကြီးအကဲပိသည် သူ၏ မီးလျှံဝိညာဉ်လှေကို ဆင့်ခေါ်လိုက်ပြီး လုံယီနှင့် ကျန်လူများကို လှေပေါ်သို့ တက်စေလိုက်သည်။ ဝူးဟူသော အသံနှင့်အတူ ဝိညာဉ်လှေမှာ ထိုနေရာမှ ပျောက်ကွယ်သွားတော့သည်။
ဝိညာဉ်လှေပေါ်၌ ရပ်နေသော လုံယီတို့အဖွဲ့မှာ အောက်ဘက်ရှိ ရှုခင်းများ တဖြည်းဖြည်း သေးငယ်သွားသည်ကို မြင်တွေ့နေရသည်။ ထို့ပြင် လှေ၏ ဘေးပတ်ပတ်လည်တွင် တစ်ပိုင်းတစ်စ ကြည်လင်နေသော အဖြူရောင် အလင်းဒိုင်းတစ်ခု ပေါ်ပေါက်လာသဖြင့် လေတိုးသံကိုပင် လုံးဝမခံစားရချေ။
မြေပြင်မှ လွတ်မြောက်သွားသော ခံစားချက်နှင့် ရုတ်တရက် အရှိန်မြှင့်လိုက်မှုကြောင့် လုံယီမှာ သူ၏ယခင်ဘဝက လေယာဉ်စီးရသည့် ခံစားချက်ကို ပြန်လည်ရရှိသွားသကဲ့သို့ ဖြစ်နေတော့သည်။ အရှိန်အဟုန်အရဆိုလျှင်လည်း ဤဝိညာဉ်လှေမှာ သာမန် လေယာဉ်ပျံများထက်ပင် မနိမ့်ကျလှပေ။
အမွှေးတိုင်တစ်တိုင်စာခန့် ကြာပြီးနောက်တွင်မူ သူတို့သည် သာမန်ကျေးရွာလေးတစ်ခု၏ အထက်သို့ ရောက်ရှိလာကြသည်။ အောက်ဘက်တွင် အမည်းရောင်သန်းသည့် ရွှံ့အုတ်အိမ်များစွာ ရှိနေပြီး မီးခိုးများမှာလည်း လွင့်ပျံနေကြသည်။ လမ်းများပေါ်တွင် ရိုးရိုးအဝတ်အစားများ ဝတ်ဆင်ထားသော အမျိုးသား၊ အမျိုးသမီးအချို့ ဟိုဟိုဒီဒီ သွားလာနေကြသည်ကို မြင်တွေ့ရသည်။
“ဒါ မိစ္ဆာကျင့်ကြံသူတွေရဲ့ လျှို့ဝှက်စခန်းပဲ”
အကြီးအကဲပိက အေးစက်စွာ ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ အားလုံး၏ မျက်နှာတွင် အံ့ဩရိပ်များ ပေါ်လာကြသည်။ အပေါ်ယံကြည့်လျှင်မူ ထိုနေရာမှာ ထူးခြားမှုတစ်စုံတစ်ရာမရှိသော သာမန်ကျေးရွာလေးတစ်ခုနှင့်သာ တူနေသောကြောင့်ပင်။
သို့သော် လုံယီကမူ မျက်မှောင်ကြုတ်လိုက်မိသည်။ သူ၏ အာရုံငါးပါးမှာ အလွန်ပင် ထက်မြက်လှရာ ပေရာပေါင်းများစွာ ကွာဝေးနေသော်လည်း ရွာထဲမှ ထွက်ပေါ်လာသော သွေးညှီနံ့သဲ့သဲ့ကို ခံစားနေရသည်။ သူသည် အသက်ရှူခြင်းအတတ်ကို အသုံးပြုကာ စစ်မှန်သောခွန်အားများကို မျက်ဝန်းများဆီသို့ ပို့လွှတ်လိုက်ရာ သူ၏မျက်လုံးများမှာ နီရဲသော အလင်းတန်းများ ထွက်ပေါ်လာတော့သည်။
သူ၏ရှေ့မှ ရွာကလေးမှာ မီးခိုးရောင် လွင်ပြင်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ သို့သော် ထိုသာမန်ရွာသားများဟု ထင်ရသူများမှာမူ သာမန်လူသားများထက် များစွာအားကောင်းသော ဇီဝစွမ်းအားများကို ထုတ်လွှတ်နေကြပြီး နီရဲတောက်ပသော စွမ်းအင်များဖြင့် ပြည့်နှက်နေကြသည်။
အားလုံးက ဝိညာဉ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတွေပဲ။
ဝိညာဉ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများသည် ခန္ဓာကိုယ်ကျင့်ကြံခြင်းကို အထူးပြု၍ မလုပ်ဆောင်သော်လည်း သူတို့၏ ချီစွမ်းအင်မှာ သာမန်လူများထက် များစွာ အားကောင်းလှသည်။
သူတို့အတွင်းရှိ များပြားလှသော ဝိညာဉ်စွမ်းအားများနှင့် ပေါင်းစပ်လိုက်သောအခါ မျက်စိအချက်အချာကို ဖွင့်ထားသော လုံယီ၏ မျက်လုံးထဲတွင်မူ သူတို့မှာ မီးသီးများပမာ တောက်ပစွာ ပေါ်လွင်နေတော့သည်။
အခန်း။ ၃၄၀
လုံယီက အသေအချာ ထပ်မံကြည့်ရှုလိုက်ရာ သူ၏ မျက်နှာအမူအရာမှာ ချက်ချင်း ပြောင်းလဲသွားတော့သည်။
အချို့သော အိမ်များအတွင်း၌ လူပုံသဏ္ဌာန်နှင့် မတူဘဲ အလင်းတန်းများ ထွက်ပေါ်နေသော ပုံရိပ်များကို သူ မြင်တွေ့နေရသည်။ မိစ္ဆာကျင့်ကြံသူများသည် လူသားတို့၏ အသားနှင့် သွေးများကို အသုံးပြုကာ အလွန်တရာ ယုတ်မာလှသော မိစ္ဆာကျင့်စဉ်များကို ကျင့်ကြံနေကြခြင်းမှာ ထင်ရှားလှသည်။
ဤမြင်ကွင်းများကို အခြေခံတည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူကြီး၏ မျက်လုံးများကလည်း အလိုအလျောက် မြင်တွေ့နေရမည်သာ ဖြစ်သည်။
အကြီးအကဲပိ၏ မျက်ဝန်းများတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ လက်ခနဲ ပေါ်လာပြီးနောက် သူ၏ ညာဘက်လက်ညှိုးနှင့် လက်ခလယ်ကို ပူးကာ ရှေ့သို့ ညွှန်ပြလိုက်သည်။ ပေ ၃၀ ခန့်ရှိသော လေဟာနယ်အတွင်း၌ ပျံလွှားဓားမြောင်တစ်လက်မှာ အသံတစ်ချက်မျှ မထွက်ဘဲ ပေါ်ပေါက်လာတော့သည်။
ဓားတစ်ကိုယ်လုံးမှာ ဖန်သားဖြင့် ပြုလုပ်ထားသကဲ့သို့ နီရဲတောက်ပနေပြီး ၎င်း၏ ပတ်လည်တွင် မီးလျှံများမှာ အဆက်မပြတ် ဖြစ်ပေါ်ကာ ပျောက်ကွယ်နေကြသည်။ ဓားသွားပေါ်၌ ရှုပ်ထွေးလှသော အစင်းကြောင်းများမှာလည်း ကြည့်ရှုသူများကို ရီဝေမူးနောက်သွားစေလောက်အောင်ပင် ထွင်းထုထားသည်။
“ဒါ အကြီးအကဲပိရဲ့ နာမည်ကျော် ဝိညာဉ်လက်နက် နဂါးနီမီးလျှံဓားပဲ”
ဟူကျားဝေက စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်သည်။
“သတင်းတွေအရဆိုရင် ဒီဓားအောက်မှာ သူနဲ့ အဆင့်တူ ကျင့်ကြံသူ အနည်းဆုံး ငါးယောက်လောက် သေဆုံးခဲ့ဖူးတယ်။ တခြားလူတွေဆိုရင် ဒီဓားကို မြင်တာနဲ့တင် တုန်လှုပ်နေကြရတာ”
သူ၏ စကားအဆုံးမှာပင် အကြီးအကဲပိ၏ လက်ချောင်းများမှာ ကောင်းကင်ယံသို့ ဦးစွာ ညွှန်ပြလိုက်ပြီးနောက် အောက်ဘက်ရှိ ဘာမှသတိမထားမိသေးသော ကျေးရွာလေးထံသို့ ရုတ်ချည်း ဝှေ့ယမ်းလိုက်သည်။
နဂါးနီမီးလျှံဓားသည် ကောင်းကင်ယံသို့ ပိုမိုမြင့်မားစွာ ပျံတက်သွားပြီး အံ့မခန်းဖွယ် အနီရောင်အလင်းတန်းများကို ထုတ်လွှတ်လိုက်ရာ လေဟာနယ်အတွင်း၌ ဧရာမ ကြာပန်းပုံသဏ္ဌာန် မီးလျှံကြီးတစ်ခု ချက်ချင်း ဖြစ်ပေါ်လာပြီး ကောင်းကင်တစ်ဝက်ခန့်မှာ နီရဲသွားတော့သည်။
သူတို့မှာ အတော်အတန် ဝေးကွာသော နေရာ၌ ရှိနေပြီး ဝိညာဉ်လှေ၏ အကာအကွယ်အစီအရင်အောက်တွင် ရှိနေသော်လည်း လှိုင်းတံပိုးများပမာ တိုးဝှေ့လာသော အပူရှိန်ကို အားလုံး ခံစားနေကြရသည်။
ပျံလွှားဓားမြောင်သည် လမ်းကြောင်းပြောင်းကာ အောက်ဘက်သို့ တည့်တည့်မတ်မတ် ဦးတည်လိုက်ချိန်တွင်မူ ထိုဧရာမ ကြာပန်းမီးလျှံကြီးမှာ ပေတစ်ထောင်ခန့် ရှည်လျားသော နဂါးနီမီးလျှံကြီးတစ်ကောင်အဖြစ် လျင်မြန်စွာ ပြောင်းလဲသွားပြီး ကျေးရွာလေးဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဆင်းသွားတော့သည်။
“မကောင်းတော့ဘူး။ ကျင့်ကြံသူကြီးတစ်ယောက်က ချောင်းမြောင်းတိုက်ခိုက်နေပြီ”
“အမြန်ပြေးကြ”
ရွာသားများအဖြစ် ဟန်ဆောင်ထားသော မိစ္ဆာကျင့်ကြံသူများသည် ထိတ်လန့်တုန်လှုပ်ကာ မျက်နှာများ ဖြူလျော့သွားကြပြီး ဖရိုဖရဲဖြစ်ကာ ထွက်ပြေးကြတော့သည်။
ဒါပေမဲ့ သူတို့ ဘယ်လောက်ပဲ မြန်တယ်ဆိုဦးတော့ အခြေခံတည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ရဲ့ ဝိညာဉ်လက်နက်ထက် ပိုမြန်နိုင်ပါ့မလား"
နီရဲသော မီးနဂါးကြီးမှာမူ မည်သည့်ညှာတာမှုမျှမရှိဘဲ အောက်ဘက်သို့ ထိုးဆင်းသွားတော့သည်။
ရွာမြေပြင်ပေါ်၌ အပြာစိမ်းရောင် အစင်းကြောင်းများပါရှိသော ဧရာမ စက်ဝိုင်းပုံစံ အစီရင်ခံမန္တန်တစ်ခု ရုတ်တရက် ပေါ်ပေါက်လာပြီး ကောင်းကင်ယံသို့ ပင့်တက်ကာ ကြည်လင်သော အကာအကွယ်ဒိုင်းတစ်ခုအဖြစ် အသွင်ပြောင်းလဲလိုက်သည်။ သို့သော် ထိုဒိုင်းမှာ နှစ်စက္ကန့်မျှပင် မခံဘဲ အစိတ်စိတ်အမွှာမွှာ ကြေမွသွားတော့သည်။
ဝုန်း
ကျေးရွာအတွင်းရှိ ရွှံ့အုတ်အိမ်များအားလုံးမှာ ထိုတိုက်ခိုက်မှုအောက်တွင် ပေါက်ကွဲထွက်သွားပြီး အုတ်နီခဲများနှင့် ဖုန်မှုန့်များ နေရာအနှံ့ လွင့်စင်သွားတော့သည်။ ရွာအတွင်းရှိ သစ်ပင်ပန်းမန်များမှာလည်း တစ်ခဏချင်းမှာပင် ပြာအဖြစ်သို့ ပြောင်းလဲသွားပြီး နီရဲသော မီးပင်လယ်ကြီးအဖြစ်သို့ ကူးပြောင်းသွားကာ ထူထပ်သော မီးခိုးမည်းကြီးများမှာ ကောင်းကင်ယံသို့ လွင့်ပျံတက်သွားသည်။
လမ်းငယ်များပေါ်တွင် သွားလာနေသူဖြစ်စေ၊ အိမ်ထဲတွင် ပုန်းကွယ်နေသူဖြစ်စေ ထိုမိစ္ဆာကျင့်ကြံသူ အားလုံးမှာ ထိုတိုက်ခိုက်မှုအရှိန်အောက်တွင် ချက်ချင်း အရည်ပျော်ကာ အငွေ့ပျံသွားကြရပြီး ကိုယ်ခန္ဓာအစိတ်အပိုင်း အပြည့်အစုံ ကျန်ရစ်သူဟူ၍ပင် မရှိတော့ချေ။
ရှူး...
လူတစ်ဦးတည်းသာလျှင် ထိုငရဲမီးထဲမှ လွတ်မြောက်သွားပြီး သွေးအရိပ်တစ်ခုအဖြစ် အဝေးသို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားသည်။ သူ ဘေးကင်းရာသို့ ရောက်ရှိတော့မည့် ဆဲဆဲမှာပင်...
ကောင်းကင်ယံမှ ဧရာမ ငွေရောင်ပိုက်ကွန်ကြီးတစ်ခု ဆင်းသက်လာပြီး သူ့ကို ရစ်ပတ်ဖမ်းဆီးကာ ကြည့်ရှုနေသူများ၏ ရှေ့မှောက်သို့ လျင်မြန်စွာ ပြန်လည်ဆွဲခေါ်လာခဲ့သည်။ ထိုသူမှာ အလွန်ပင် စုတ်ပြတ်သတ်နေပြီး လက်တစ်ဖက် ပြတ်တောက်နေရုံသာမက မျက်နှာ၊ လည်ပင်းနှင့် အခြားသော ပေါ်ထွက်နေသည့် အရေပြားများမှာလည်း မီးလောင်ကျွမ်း၍ မည်းတူးနေပြီ ဖြစ်သည်။
သို့သော် သူ၏ အရှိန်အဝါမှာ အစောပိုင်းက အုပ်ချုပ်သူထက် များစွာပိုမိုအားကောင်းနေပြီး အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့သည့်အနေအထားပင်။ သို့သော် ထိုခြေတစ်လှမ်းမှာပင် ကွာခြားချက်က မိုင်တိုင်ပေါင်းများစွာ ရှိနေ၏။
“လူကြီးမင်း... ကျွန်တော်တို့ ဟွမ်ကျင်းအဖွဲ့က ခင်ဗျားတို့ဂိုဏ်းနဲ့ ရန်သူဖြစ်ဖို့ ရည်ရွယ်ချက် လုံးဝမရှိပါဘူး”
ကျန်ရစ်သူ မိစ္ဆာကျင့်ကြံသူက အော်ဟစ်လိုက်သည်။ သူ၏ ရင်ထဲမှ ထိတ်လန့်မှုကို ဤသို့ အော်ဟစ်လိုက်မှသာ ထုတ်ဖော်နိုင်ပုံပင်။
“ရေမြောင်းထဲက ကြွက်တွေကများ ဆင်ခြေပေးချင်နေသေးတယ်ပေါ့လေ”
အကြီးအကဲပိ၏ မျက်ဝန်းများတွင် အေးစက်သော အလင်းတန်းတစ်ခု လက်ခနဲ ပေါ်လာပြီး သူ၏ ဝတ်စုံလက်အင်္ကျီကို ခါယမ်းလိုက်ရုံဖြင့် ထိုမိစ္ဆာကျင့်ကြံသူ၏ ခေါင်းမှာ ပြတ်တောက်သွားတော့သည်။ ၎င်းမှာ အလွန်ပင် မြန်ဆန်လှသဖြင့် လုံယီပင်လျှင် ဝေဝါးသော ပုံရိပ်အကြွင်းအကျန်ကိုသာ မြင်လိုက်ရသည်။
“ပြန်ကြစို့”
အကြီးအကဲပိက တိုးညှင်းစွာ ပြောလိုက်သည်။
အောက်ဘက်ရှိ ကျေးရွာလေးမှာမူ မီးပင်လယ်ကြီးအဖြစ်သို့ ပြောင်းလဲသွားပြီဖြစ်ရာ ဆက်လက်စစ်ဆေးရန်ပင် မလိုအပ်တော့ချေ။ အကြီးအကဲပိ၏ ဝိညာဉ်လှေပေါ်၌ ထိုင်ရင်း အားလုံးမှာ ဂိုဏ်းသို့ ပြန်လည်ထွက်ခွာလာကြသည်။ သို့သော် ထိုကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုကြီး၏ အရှိန်အဝါကိုမူ သူတို့၏ စိတ်ထဲမှ ဖျောက်ဖျက်၍ မရနိုင်သေးချေ။
ပြင်းထန်စွာ တုန်လှုပ်သွားသော လုံယီအပါအဝင် အားလုံးမှာ အခြေခံတည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူတစ်ဦး၏ စွမ်းအားကို ယခင်ကထက် ပိုမိုနက်နက်ရှိုင်းရှိုင်း နားလညသဘောပေါက်သွားကြတော့သည်။
အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေက တကယ်ကို သန်မာတာပဲ။ ဝိညာဉ်သန့်စင်ခြင်းအဆင့်နဲ့ဆိုရင် ကောင်းကင်နဲ့မြေကြီးလို ကွာခြားတာပဲ။ အခု ငါ့အခြေအနေနဲ့ဆိုရင် ဝိညာဉ်သန့်စင်ခြင်း အထွတ်အထိပ်အဆင့် တစ်ယောက်ကို ယှဉ်နိုင်ပေမဲ့ အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်ဖို့ကတော့ အလှမ်းဝေးနေသေးတယ်။
ဒါပေမဲ့ ဂိုဏ်းကို စဝင်တုန်းကနဲ့ ယှဉ်ရင်တော့ ငါ့ရဲ့ခွန်အားက အများကြီး တိုးတက်လာခဲ့ပြီ။ အခုဆိုရင် သူတို့ရဲ့ တိုက်ခိုက်မှုကို တစ်ချက်လောက်တော့ ခံနိုင်ရည် ရှိနေပြီပဲ။
ဒါတောင် တစ်ချက်ပဲ ခံနိုင်မှာပါ။ နောက်ထပ်ဆိုရင်တော့ သေမှာပဲ ထွက်ပြေးဖို့တောင် ခက်ခဲလိမ့်မယ်။
တတိယမြောက် ကိုယ်ခံပညာကျင့်စဉ်ကို ရှာဖွေဖို့က အခု ငါ့အတွက် အရေးကြီးဆုံး ဖြစ်လာပြီ။
ယခုအချိန်အထိ လေးပြင်လယ်အဖွဲ့ဆီကနေ ဖုန်းကျိုယွဲ့နဲ့ ပတ်သက်ပြီး ဘာသတင်းမှ ထွက်မလာသေးချေ။ သို့သော် လုံယီ့အတွက် အခြားရွေးချယ်စရာ လမ်းစမရှိသည်တော့ မဟုတ်ပေ။ ယခင်က သူသွားရောက်ခဲ့သည့် ယန်နိုင်ငံရှိ လမ်းစဉ်မှာ ပေါင်းစပ်ခြင်းကျင့်စဉ်ဟုခေါ်သော ကွဲပြားခြားနားသည့် ကိုယ်ခံပညာ ကျင့်ကြံခြင်းနည်းလမ်းတစ်ခု ရှိနေသည်။
ပေါင်းစပ်ခြင်းကျင့်စဉ်သည် ခန္ဓာကိုယ်ကျင့်ကြံသည့် စစ်မှန်သောသွေးဂိုဏ်း၏ ကျင့်စဉ်ကို အတုယူ၍ ဖန်တီးထားခြင်းပင်။ ပင်ကိုယ်စစ်မှန်သော သွေးမရှိဘဲ အစွမ်းထက်သည့် မိစ္ဆာသားရဲများ၏ အသက်သွေးများကို ခန္ဓာကိုယ်အတွင်းသို့ သွတ်သွင်းကာ သာမန်လူသားများထက် သာလွန်သော အင်အားကို ရရှိစေရန် ထိုသွေးများ၏ အစွမ်းကို ဖော်ထုတ်သည့် နည်းလမ်းပင်။
လုံယီအနေဖြင့် သူ၏ သွေးသန့်စင်မှုကို ထိခိုက်စေမည့် မိစ္ဆာသားရဲသွေးများကို ခန္ဓာကိုယ်
အတွင်းသို့ ထည့်သွင်းရန် ဆန္ဒမရှိသော်လည်း အကယ်၍ ကိုယ်ခံပညာ တိုးတက်မှုက ရှေ့မဆက်နိုင်ဘဲ ရပ်တန့်နေမည်ဆိုလျှင်မူ ရွေးချယ်စရာ ရှိလိမ့်မည်မဟုတ်ပေ။
ဘာပဲဖြစ်ဖြစ် ကိုယ်ခံပညာသည် လက်ရှိတွင် သူ၏ အကြီးမားဆုံးသော အားကိုးရာဖြစ်ပြီး နောက်ထပ် ဆယ်စုနှစ်အနည်းငယ်အထိလည်း သိသိသာသာ ပြောင်းလဲသွားဖွယ် မရှိသောကြောင့်ပင်။
နာရီအနည်းငယ် ကြာပြီးနောက် ဝိညာဉ်လှေသည် ဧည့်ကြိုတောင်ထိပ်သို့ ပြန်လည်ဆင်းသက်လာသည်။
“ကျွန်တော်တို့ကို လိုက်ပို့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အကြီးအကဲပိ”
လုံယီ၊ ဟူကျားဝေနှင့် ဟန်ထောင်မုန့်တို့မှာ လှေပေါ်မှ ဆင်းကာ ရိုသေစွာ ဂါရဝပြုလိုက်ကြသည်။
ပိယောင်ယောင်နှင့် ယို့ချင်းယီတို့မှာမူ အခြားတောင်ထိပ်များဆီသို့ ဆက်လက်ပျံသန်းမည့် အကြီးအကဲပိနှင့်အတူ ဝိညာဉ်လှေပေါ်၌ ကျန်ရစ်ခဲ့ကြသည်။
“တကယ်တော့ နတ်သမီးလေးပိက တော်တော်လေး စိတ်ကောင်းရှိတာ။ ရုပ်လည်းလှသလို သူ့အဖေကလည်း အကြီးအကဲ တစ်ယောက်လေ”
“အကယ်၍သာ သူ့ရဲ့ ကျင့်ကြံဖော် ဖြစ်ခွင့်ရမယ်ဆိုရင် ရှေ့ဆက်ရမယ့် ဘဝခရီးမှာ နှစ်ပေါင်းများစွာ သက်သာသွားမှာပဲ”
ဟူကျားဝေက မချင့်မရဲဖြင့် ရေရွတ်လိုက်သည်။
“ဒါပေမဲ့ အကြီးအကဲပိရဲ့ စံနှုန်းတွေက အရမ်းမြင့်တာ။ အဆင့်မမီတဲ့သူကများ သူ့သမီးကို လိုက်ဖို့ ကြိုးစားမယ်ဆိုရင် သူ့ရဲ့ နဂါးနီမီးလျှံဓားရဲ့ ဒေါသကို မြည်းစမ်းရမှာ အမှန်ပဲ”
မည်သူ့ဆီမှ တုံ့ပြန်မှုမရသဖြင့် ဟူကျားဝေက ဘေးသို့ ဝေခွဲမရစွာ ကြည့်လိုက်ရာ လုံယီနှင့် ဟန်ထောင်မုန့်တို့က သူ့ကို ရွံရှာဖွေစွာ ကြည့်နေကြသည်ကို တွေ့လိုက်ရသဖြင့် အူကြောင်ကြောင်ဖြင့် ရယ်မောလိုက်ရသည်။
“အထင်မမှားကြပါနဲ့ ငါ့နှလုံးသားက အမြဲတမ်း နတ်သမီးလေးယို့ ဆီမှာပဲ ရှိတာပါ”
ဂိုဏ်းသို့ ပြန်ရောက်ပြီး မကြာမီမှာပင် တာဝန်ပေးဆောင်မှ လုံယီနှင့် ကျန်လူများကို ယခုခရီးစဉ်၏ အသေးစိတ် အချက်အလက်များကို တင်ပြရန် ဆင့်ခေါ်လိုက်သည်။ ဆိုရိုးရှိသည့်
အတိုင်း အဆက်အသွယ်ရှိခြင်းက အရာရာကို ပိုမိုလွယ်ကူစေသည်။
အကြီးအကဲတစ်ဦးအား မိစ္ဆာကျင့်ကြံသူစခန်းကို ရှာဖွေဖျက်ဆီးရာတွင် ကူညီပေးခဲ့သည့်အတွက် လူတိုင်းသည် တာဝန်ပေးဆောင်ထံမှ အပိုဆောင်း ဂိုဏ်းအကျိုးပြုမှတ် ၁၀၀ စီ ရရှိခဲ့ကြသည်။
သို့သော် ယို့ချင်းယီမှာမူ အနည်းငယ် မပျော်မရွှင် ဖြစ်နေဆဲပင်။ ယခုကဲ့သို့ ကြီးမားသော ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘေးကင်းလုံခြုံရေးအရ သူမအနေဖြင့် ခရီးဝေးမသွားနိုင်တော့ရာ သူမ အဘွား၏ မွေးနေ့ပွဲသို့ တက်ရောက်ခွင့် လွဲချော်သွားသောကြောင့်ပင်။
လုံယီသည် တပည့်တောင်ထိပ်ရှိ သူ၏ ဂူကျောင်းသို့ ပြန်ရောက်သောအခါ ယခုခရီးစဉ်မှ ရရှိလာသော အကျိုးအမြတ်များကို သေချာစွာ စတင်စစ်ဆေးတော့သည်။ သူသည် သူ၏ စွမ်းရည်ပြမျက်နှာပြင်ကို ကြည့်လိုက်သည်။
[အမည်- လုံယီ]
[အသက်- ၂၃/၁၆၀]
[အဆင့်- ကိုယ်ခံပညာဆရာသခင် အထွတ်အထိပ် (၇၅/…)၊ ကိုယ်ခံပညာရှင် အထွတ်အထိပ် (၅၀/….)၊ ဝိညာဉ်သန့်စင်ခြင်း အဆင့် (၂) (၁၄၁/၆၀၀)]
[ကျင့်စဉ်- အဝါရောင်အစွန်းရောက် အသက်ရှူခြင်းအတတ် (ဒုတိယအဆင့်၊ ပြီးပြည့်စုံခြင်း)၊ အရေပြားသန့်စင်ခြင်းအတတ် (အနည်းငယ်အောင်မြင်မှု ၀/၅၀၀၀ + သွေးခြံဆီခဲ ၁ ခု)၊ နက်နဲသောယင်ကျင့်စဉ် (ကျွမ်းကျင်မှု ၀/၁၀၀၀ + လရောင်နှင်းစက်)]
[အတတ်ပညာများ- လုံမျိုးနွယ် ပုဆိန်အတတ် (ပြီးပြည့်စုံခြင်း) ...]
[မန္တန်များ- အလောင်းထိန်းချုပ်ခြင်းအတတ် (ပြီးပြည့်စုံခြင်း)၊ ယင်စွမ်းအင်မြှား (ပြီးပြည့်စုံခြင်း)၊ လေညင်းခြေလှမ်းမန္တန် (မစတင်ရသေး)၊ ယင်လေပြင်းမန္တန် (မစတင်ရသေး)၊ သွေးဖြင့် ဝိညာဉ်အသွင်ပြောင်းလဲခြင်းအတတ် (မစတင်ရသေး)၊ ယင်အလင်းဒိုင်း (မစတင်ရသေး)၊ မိုးရွာစေသောမန္တန် (ပြီးပြည့်စုံခြင်း)၊ သွေးနှောင်ကြိုးမန္တန် (မစတင်ရသေး)၊ ဓားထိန်းချုပ်ခြင်းအတတ် (မစတင်ရသေး)]
[စွမ်းအင်- ၃၄,၂၃၄]
အခြားသော ကဏ္ဍများတွင် ပြောင်းလဲမှု သိပ်မရှိသော်လည်း မန္တန်အသစ် သုံးခုဖြစ်သော လေညင်းခြေလှမ်းမန္တန်၊ ယင်လေပြင်းမန္တန်နှင့် သွေးဖြင့် ဝိညာဉ်အသွင်ပြောင်းလဲခြင်းအတတ်တို့ တိုးလာခဲ့သည်။ ဤမန္တန်များအတွက် လိုအပ်ချက်မှာ သိပ်မမြင့်လှသဖြင့် သူ ယခုပင် စတင်ကျင့်ကြံနိုင်သည်။
သူ့ထံတွင် ကျင့်ကြံခြင်းကို အထောက်အကူပြုမည့် ရတနာတစ်ခုလည်း ရှိနေကာ လုံယီသည် ဂူ၏ ထောင့်တစ်နေရာ၌ ငြိမ်သက်စွာ ထိုင်နေသော သူ၏ ပင်ကိုယ်အလောင်း လုံအာကို ကြည့်လိုက်သည်။ လက်ရှိတွင် လုံအာ၏ တိုက်ခိုက်နိုင်စွမ်းမှာ မထိရောက်သေးသဖြင့် ယခုခရီးစဉ်သို့ သူ ခေါ်မသွားခဲ့ခြင်းပင်။
လုံအာ၏ ယင်အေးစွမ်းအင်များမှာ ပိုမိုအားနည်းလာပြီး မျက်နှာမှာ ပန်းရောင်သန်းကာ အရေပြားမှာလည်း ပိုမိုနူးညံ့လာရာ သာမန်လူသားတစ်ဦးနှင့်ပင် သိပ်မခြားနားတော့ချေ။ ၎င်း၏ ရင်ဘတ်ပေါ်ရှိ တတိယမြောက် ဇီးပန်းပွင့် အမှတ်အသားမှာ ပိုမိုထင်ရှားလာပြီး သံအလောင်း(အဆင့်သို့ တက်လှမ်းရန် မဝေးတော့ကြောင်း ပြသနေသည်။
“ပုတီးစေ့ကို ဒီယူခဲ့စမ်း”
လုံယီက အမိန့်ပေးလိုက်သည်။
လုံအာသည် မွဲပြာရောင် ပုတီးစေ့တစ်ခုကို ထွေးထုတ်လိုက်ပြီး သူ၏သခင် လုံယီထံသို့ ကမ်းပေးလိုက်သည်။ မွဲပြာရောင် ပုတီးစေ့ကို လက်ထဲတွင် ဆုပ်ကိုင်ထားလိုက်သည်နှင့် လုံယီ၏ စိတ်အာရုံမှာ တစ်ခဏချင်းအတွင်းမှာပင် အလွန်အမင်း တည်ငြိမ်အေးချမ်းသွားတော့သည်။
လောကတွင်ရှိသမျှ အရာအားလုံးသည် သူနှင့် ဝေးကွာသွားသကဲ့သို့ ခံစားရပြီး ဤကျယ်ပြောလှသော စကြဝဠာကြီးအတွင်း၌ သူတစ်ယောက်တည်းသာ ရှိနေတော့သည့်အလားပင်။
တစ်ချိန်တည်းမှာပင် မန္တန်များအပေါ် သူ၏ နားလည်သဘောပေါက်နိုင်စွမ်းမှာလည်း အရှိန်အဟုန်ဖြင့် မြင့်တက်လာတော့သည်။