← Chapters

အခန်း (၃၃၁-၃၃၂)

Vol. 34 Ch. 331-332

အခန်း (၃၃၁-၃၃၂)

Vol. 34 Ch. 331-332

အခန်း။ ၃၃၁

ခဏအကြာတွင် ပုံရိပ်တစ်ခု ပန်းခြံထဲသို့ လှမ်းဝင်လာသည်။ အရပ်အမောင်း မြင့်မားကာ ခန့်ညားထည်ဝါသော အရှိန်အဝါရှိပြီး သူ၏ မျက်ဝန်းများမှာလည်း ထက်မြက်မှုတို့ဖြင့် တောက်ပနေသည်။ သူ၏ လမ်းလျှောက်ပုံမှာ နဂါးနှင့် ကျားကဲ့သို့ အရှိန်အဟုန်ပါလှသဖြင့် အဝေးကကြည့်ရုံနှင့်ပင် အလွန်ထင်ရှားလှသည်။

“ဂျူနီယာညီမလေးယို့... မတွေ့ရတာ ကြာပြီနော်”

ရိုးသားပွင့်လင်းသည့် အသံကြီး ထွက်ပေါ်လာသည်။

“စီနီယာအစ်ကိုဟန်”

ယို့ချင်းယီက တည်ငြိမ်စွာပင် ပြန်ထူးလိုက်သည်။

ထိုလူက စကားကို လိုရင်းကိုသာ ပြောလိုက်သည်။

“ညီမလေး ခရီးဝေးသွားတော့မယ်လို့ ငါကြားတယ်။ အခုအချိန်မှာ ဂိုဏ်းအပြင်ဘက်မှာ အန္တရာယ်တွေ အများကြီးရှိနေတာ။ ငါကိုယ်တိုင် လိုက်ပို့ပေးမယ်။ ညီမလေး အိမ်ကို ဘေးကင်းကင်းနဲ့ ရောက်သွားစေရမယ်လို့ အာမခံပါတယ်”

“စီနီယာအစ်ကိုဟန် အလုပ်ရှုပ်ခံစရာ မလိုပါဘူး။ ကျွန်မက ဝိညာဉ်သန့်စင်ခြင်း စတုတ္ထအဆင့်မှာပဲ ရှိပါသေးတယ်။ မိစ္ဆာကျင့်ကြံသူတွေက ကျွန်မကို ဘာလို့ အာရုံစိုက်နေမှာလဲ။ ဒါ့အပြင် စီနီယာအစ်မပိလည်း ကျွန်မနဲ့အတူ ရှိနေတာပဲ။ အစ်ကိုကြီး စိုးရိမ်စရာ မလိုပါဘူး"

“ဟေး... ငါတို့နှစ်ယောက်လုံးက ကျင်းမြို့ကပဲလေ။ တစ်နယ်တည်းသားအချင်းချင်း ကူညီကြတာက သဘာဝကျပါတယ် မဟုတ်ဘူးလား”

“မလိုအပ်ပါဘူး။ စီနီယာအစ်ကို ပြန်သွားပါတော့"

ယို့ချင်းယီက သူမ၏ သိက္ခာကိုပင် ငဲ့မနေဘဲ ဒဲ့ငြင်းလိုက်သည်။

စီနီယာအစ်ကိုဟန်သည် သူမကို နားချရန် အကြိမ်အနည်းငယ် ထပ်မံကြိုးစားခဲ့သော်လည်း ယို့ချင်းယီ၏ ရပ်တည်ချက်မှာ ခိုင်မာနေသည်ကို မြင်သောအခါ အနေခက်စွာပင် ပြန်လှည့်သွားရတော့သည်။

“တောက်... ချင်းယီကတော့ ဂိုဏ်းထဲမှာ တကယ် နာမည်ကြီးတာပဲ။ ငါ့ကိုကျတော့ ဘာလို့ တစ်ယောက်မှ လာပြီး မနှုတ်ဆက်ကြတာလဲ”

ပိယောင်ယောင်က စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါလိုက်သည်။

“နင့်အဖေရဲ့ ဒေါသက ဘယ်လောက်ကြီးလဲဆိုတာ အားလုံးသိကြတာပဲ။ အကယ်၍ နင့်

နောက်ကို တစ်ယောက်ယောက် လိုက်ကပ်နေတာကို နင့်အဖေသိလို့ အဲ့ဒီလူကို သဘောမကျဘူးဆိုရင် အဲ့ဒီလူရဲ့ ခြေလက်တွေ ကျိုးသွားနိုင်တယ်လေ"

ယို့ချင်းယီက အရှိကိုအရှိအတိုင်း ဖွင့်ချလိုက်သည်။

မကြာမီမှာပင် ယို့ချင်းယီကို အိမ်သို့ လိုက်ပို့လိုသည့် နောက်ထပ် လူနှစ်ဦး ရောက်လာပြန်သည်။

သူတို့၏ အတွေးမှာ ရိုးရှင်းသည်။ အကယ်၍ ယို့ချင်းယီကို အိမ်သို့ အရောက်လိုက်ပို့နိုင်လျှင် သူမ၏ မိသားစုနှင့် ရင်းနှီးခွင့်ရလိမ့်မည်။

စကားပုံတစ်ခု ရှိတယ် မဟုတ်ဘူးလား။

ခံတပ်တစ်ခုကို အထဲကနေ ဖောက်ထွင်းတာက ပိုလွယ်ကူတယ်ဆိုသလိုပင်။

သို့သော် ကံမကောင်းစွာဖြင့် ယို့ချင်းယီက သူတို့ကို အခွင့်အရေး လုံးဝမပေးခဲ့ချေ။

“ဒီယင်ကောင်တွေကတော့ နှာခေါင်း တော်တော်ပေါ်တာပဲ။ ငါပြန်မယ့်သတင်းကို ဘယ်လိုများ သိသွားကြသလဲ မသိဘူး"

“နာမည်စာရင်းသွင်းဆောင်က တစ်ယောက်ယောက်က သတင်းပေါက်ကြားလိုက်တာ ဖြစ်ရမယ်"

ဒေါက် ဒေါက် ဒေါက်

ကလေးငယ်မှာ အမောတကောနှင့် ချွေးဒိုင်ဒိုင်ကျလျက် ပြန်ပြေးလာပြန်သည်။

“နတ်သမီးလေးယို့... အပြင်မှာ နောက်ထပ် စီနီယာအစ်ကိုတစ်ယောက် တွေ့ချင်လို့ ရောက်နေပြန်ပြီဗျ...”

“သူ့ကို ပေးဝင်လိုက်ပါ"

ယို့ချင်းယီသည် အနည်းငယ် တုံ့ဆိုင်းသွားပြီးမှ ခေါင်းငြိမ့်ပြလိုက်သည်။

ပိယောင်ယောင်က သူမကို သံသယဖြင့် ကြည့်ကာ “သူတို့တွေက ယင်ကောင်တွေချည်းပဲဟာကို ဘာလို့ အချိန်ကုန်ခံနေတာလဲ” ဟု မေးလိုက်သည်။

ယို့ချင်းယီ၏ အမူအရာက မပြောင်းလဲဘဲ “တကယ်လို့ အရေးကြီးတဲ့ကိစ္စတစ်ခုခု ရှိနေရင်ကော” ဟုသာ ပြန်ပြောလိုက်သည်။

မျက်ခုံးထူထူနှင့် သူရဲကောင်းဆန်သော မျက်နှာရှိသည့် အမျိုးသားတစ်ဦး သူတို့ထံသို့ လျှောက်လာသည်။ ထိုအချိန်တွင် သူမ၏ သူငယ်ချင်းဖြစ်သူကို သံသယဖြင့် စောင့်ကြည့်နေသော ပိယောင်ယောင်သည် ယို့ချင်းယီ၏ မျက်ဝန်းထဲတွင် တစ်ခါမှ မမြင်ဖူးသည့် အရောင်အဝါလေးတစ်ခု လက်ခနဲ ဖြစ်သွားသည်ကို ရုတ်တရက် သတိပြုမိလိုက်သည်။

ဟယ်... နင် တကယ်ပဲ နင့်ရဲ့ ငယ်ချစ်ဦးကို စောင့်နေတာကိုး။ ငါတော့ အမိဖမ်းမိပြီဟေ့

ပိယောင်ယောင်သည် အလွန်ပင် စိတ်လှုပ်ရှားသွားပြီး စိတ်ဝင်စားစရာကောင်းသော လျှို့ဝှက်ချက်တစ်ခုကို ရှာဖွေတွေ့ရှိလိုက်သကဲ့သို့ ခံစားနေရသည်။

လုံယီ အနီးသို့ ချဉ်းကပ်လာသည်နှင့်အမျှ ယို့ချင်းယီ၏ ရင်ခုန်သံများမှာလည်း မြန်ဆန်လာသည်။

တကယ်လို့ သူက လိုက်ပို့ပေးမယ်လို့ ပြောလာရင်... ငါ သဘောတူရမလား ဒါမှမဟုတ် ငြင်းရမလား

အရင်ဆုံးတော့ ငြင်းလိုက်တာ အကောင်းဆုံးပဲ။ ဒါပေမဲ့ သူက အတင်းဇွဲနပဲနဲ့ လိုက်ပို့မယ်ဆိုရင်တော့ သူ့ကို အခွင့်အရေးပေးလိုက်တာကလည်း မဆိုးပါဘူး။

ဒါပေမဲ့ ငါက ငြင်းလိုက်လို့ သူက စိတ်ဆိုးပြီး ပြန်လှည့်သွားရင်ကော ဘယ်လိုလုပ်မလဲ

ယို့ချင်းယီမှာ အကောင်းဆုံး အဖြေတစ်ခုကို ရှာမရနိုင်ဘဲ စိတ်ထဲတွင် အကြီးအကျယ် ဝေခွဲမရ ဖြစ်နေတော့သည်။

“မယို့... မိန်းကလေးပိ"

လုံယီသည် သူတို့နှစ်ဦးလုံး ရှိနေသည်ကို မြင်သောအခါ မဆိုင်းမတွပင် နှုတ်ဆက်လိုက်သည်။

ယို့ချင်းယီနှင့် ပိယောင်ယောင်တို့မှာ တစ်ဦးက နှင်းကဲ့သို့ ဖြူဖွေးအေးစက်သော အရှိန်အဝါရှိပြီး နောက်တစ်ဦးက တောက်ပသော မျက်ဝန်းနှင့် ထင်ရှားသော ကိုယ်လုံးကိုယ်ပေါက်ရှိရာ သူတို့နှစ်ဦး ပူးတွဲနေသည်မှာ မြင်ရသူအဖို့ မျက်စိပသာဒ ဖြစ်လှသည်။

“ဂျူနီယာညီလေးလုံ... ဘာကိစ္စရှိလို့ ဒီအထိ ရောက်လာတာလဲ”

ပိယောင်ယောင်က ပြုံးလျက် မေးလိုက်သည်။

“ဪ... ကျွန်တော် တာဝန်ပေးအပ်ရေးခန်းမမှာ သင့်တော်တဲ့ တာဝန်တစ်ခု တွေ့လို့။ အဲ့ဒါ မယို့ဆီက အကူအညီ လာတောင်းတာပါ...”

လုံယီ စကားပင် မဆုံးသေးချေ။

ယို့ချင်းယီ၏ မျက်နှာမှာ ရုတ်ချည်းပင် သွေးဆုတ်ဖြူလျော်သွားတော့သည်။

သူမ၏ မျက်ဝန်းအစုံရှိ အရောင်အဝါများမှာ လုံးဝဥဿုံ မှေးမှိန်သွားတော့သည်။

ထို့နောက် ဒေါသရိပ်အချို့ ဖြတ်သန်းသွားပြီး "ကျွန်မက ဘာလို့ ရှင့်ကို ကူညီရမှာလဲ" ဟု ယို့ချင်းယီက အေးစက်စွာ မေးလိုက်သည်။

"ဟင်..."

လုံယီမှာ ကြောင်အမ်းသွားပြီး သူ့အနေဖြင့် မကြာသေးမီက သူမကို တစ်ခုခု ပြစ်မှားမိသလားဟုပင် တွေးတောမိသွားသည်။ ဘေးနားရှိ ပိယောင်ယောင်မှာမူ ရယ်ချင်စိတ်ကို မနည်းအောင့်ထားရသည်။

လုံယီသည် တာဝန်ပေးအပ်ရေးခန်းမ၌ သူ့အတွက် အလွန်သင့်တော်သော တာဝန်တစ်ခုကို တွေ့ရှိထားခြင်းပင်။

ယင်းဖုန်းတောင်တွင် သားရဲနှင့် ငှက်များက လူများကို ဆက်တိုက် တိုက်ခိုက်နေပြီး မိစ္ဆာများအဖြစ် ပြောင်းလဲသွားသည်ဟု သံသယရှိရသည်။ အန္တရာယ်ရှိသော သတ္တဝါအသစ်များ ပေါ်ပေါက်လာနိုင်သဖြင့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးရန် လိုအပ်သည်။ အန္တရာယ်နှင့် ကြုံပါက စိတ်လိုက်မာန်ပါ မလုပ်ဆောင်ရ။ (ဝိညာဉ်သန့်စင်ခြင်း အလယ်အလတ်အဆင့်များသာ၊ ကြာမြင့်ချိန် နှစ်လ၊ ဂုဏ်ပြုမှတ် ၇၀ ပေးအပ်မည်။)

ကျောက်နိုင်ငံ၏ အနောက်မြောက်ဘက်တွင်ရှိသော ယင်းဖုန်းတောင်သည် ညဖက်တွင် အဆိပ်ငွေ့များ အမြဲဖုံးလွှမ်းနေတတ်သည်။ အတွေ့အကြုံအရ ထိုတောင်ပေါ်တွင် ပေါက်ဖွားသော မိစ္ဆာများမှာ ယင်ဓာတ်ခံရှိသူများ ဖြစ်ကြသည်။ အကယ်၍ လုံယီသာ ထိုမိစ္ဆာများကို အားလုံးသတ်ဖြတ်နိုင်လျှင် သူ၏ ယင်ဓာတ်စွမ်းအားမှာ အဆမတန် မြင့်တက်လာမည်ပင်။

ထို့ကြောင့် အခြားသူများ ဦးမသွားစေရန် လုံယီက ယို့ချင်းယီထံသို့ အပြေးအလွှား လာရောက်အကူအညီတောင်းခြင်းပင်။ သို့သော် သူမ၏ တုံ့ပြန်မှုက သူထင်ထားသည်ထက် များစွာ ဆိုးရွားနေလိမ့်မည်ဟု သူ လုံးဝမမျှော်လင့်ထားခဲ့ပေ။

ဘာဖြစ်နေသည်ကို သေသေချာချာ မသိသော်လည်း လုံယီမှာ အလိုလိုက်ခံရသူ မဟုတ်သဖြင့် ခေါင်းခါလိုက်ပြီး ရုံရွှယ်ကျန့်ကို အကူအညီတောင်းရန် ပြန်လှည့်ထွက်ဖို့ ပြင်လိုက်သည်။

ထိုအခြင်းအရာကို မြင်လိုက်ရသည့် ခဏမှာပင် ယို့ချင်းယီ၏ မျက်ဝန်းအစုံမှာ ရုတ်ချည်း နီမြန်းလာတော့သည်။ မခံချင်စိတ်၊ ဝမ်းနည်းစိတ်နှင့် နောင်တတရားတို့က သူမ၏ ရင်ထဲတွင် ရောပြွမ်းသွားပြီး ထိန်းမနိုင်သိမ်းမရ ဖြစ်သွားရသည်။

ဘာလို့ ဒီအတိုင်းကြီး ထွက်သွားရတာလဲ

ငါ ဘာလို့ စိတ်ဆိုးနေတာလဲလို့လည်း မမေးဘူး... ငါ့ရဲ့ ခံစားချက်ကိုလည်း နည်းနည်းလေးတောင် ဂရုမစိုက်ဘူးလား...

ဟူး... ငါပဲ အများကြီး လျှောက်တွေးနေမိတာလား။ သူက ငါ့အပေါ်မှာ တကယ်ပဲ စိတ်မဝင်စားတာများလား...

ထိုအချိန်တွင် ယို့ချင်းယီမှာ သူမအရင်က ထင်ထားသလို လုံယီက သူမအပေါ် စိတ်မဝင်စားတာမျိုး ဖြစ်နိုင်ကြောင်း စတင်ရိပ်မိလာသဖြင့် ပို၍ပင် စိတ်မကောင်းဖြစ်သွားရသည်။ သူမသည် သူ့ကို ပြန်ခေါ်ချင်သော်လည်း သူမ၏ ပင်ကိုယ်အရှက်အကြောက်ကြီးမှုကြောင့် နှုတ်မှဖွင့်ပြောရန် ခက်ခဲနေသည်။

“ဂျူနီယာညီလေးလုံ... ဘာလို့ ဒီလောက် အလျင်စလို ပြန်လှည့်သွားရတာလဲ။ ချင်းယီက နင့်ကို မကူညီဘူးလို့ မပြောရသေးပါဘူး"

ထိုစဉ် ပိယောင်ယောင်က ကြားဝင်ပြောလိုက်သည်။

လုံယီက ပြန်လှည့်လာပြီး ယို့ချင်းယီကို ကြည့်လိုက်သည်။

ယို့ချင်းယီသည် သူမ၏ ခံစားချက်များကို အတင်းဖိသိပ်လိုက်ပြီး တည်ငြိမ်စွာပင် “အစ်ကိုလုံ... တာဝန်က ဘာလဲဟင်” ဟု မေးလိုက်သည်။

“ယင်းဖုန်းတောင်မှာ မိစ္ဆာသတ္တဝါတွေနဲ့ သောင်းကျန်းသူတွေ အများကြီး ပေါ်နေလို့ အကြောင်းရင်းကို စုံစမ်းရမှာပါ”

လုံယီက တာဝန်အကြောင်းကို အကျဉ်းချုပ် ရှင်းပြလိုက်သည်။

“ချင်းယီ... ယင်းဖုန်းတောင်က ယင်းမြို့နဲ့ မဝေးဘူးမလား။ ငါတို့သွားမယ့် လမ်းကြောင်းပေါ်မှာတင်ပဲလေ"

ပိယောင်ယောင်က မျက်လုံးလေးများ တောက်ပလျက် ပြောလိုက်သည်။

“ခင်ဗျားတို့က ယင်းမြို့ကို သွားကြမလို့လား”

“ဟုတ်တယ်လေ ချင်းယီက သူ့အဖွားဆီ အလည်ပြန်မလို့။ ဒါနဲ့ ငါတို့က နင့်ကို ဒီတာဝန်မှာ ကူညီပေးမယ်ဆိုရင် နင်ကရော တစ်ခုခု ပြန်လုပ်ပေးသင့်တယ် မဟုတ်ဘူးလား”

ပိယောင်ယောင်၏ မျက်ဝန်းထဲတွင် လည်ပတ်သော အရိပ်အယောင်များ လက်ခနဲ ပေါ်သွားသည်။

“ဘာလုပ်ပေးရမှာလဲ”

လုံယီက နားမလည်စွာ မေးလိုက်သည်။

“အခုတလော လမ်းခရီးက မသာယာဘူးလေ။ တာဝန်ပြီးသွားရင် နင်က ချင်းယီကို အိမ်အရောက် လိုက်ပို့ပေးသင့်တာပေါ့ ဟုတ်တယ်မလား”

“ဒါကတော့ လုပ်သင့်လုပ်ထိုက်တာပဲလေ"

လုံယီက အထွေအထူး စဉ်းစားမနေဘဲ အလွယ်တကူပင် သဘောတူလိုက်သည်။

လုံယီက သူမကို အိမ်အရောက် လိုက်ပို့ပေးမည်ဟု သဘောတူလိုက်သည်နှင့် ယို့ချင်းယီ၏ စိတ်အခြေအနေမှာ ၁၈၀ ဒီဂရီ ချက်ချင်း ပြောင်းလဲသွားတော့သည်။ သူမအတွက် နေရောင်ခြည်မှာပင် ပို၍ တောက်ပလာသကဲ့သို့ ခံစားရပြီး မျက်ဝန်းများမှာလည်း ပြန်လည် တောက်ပလာခဲ့သည်။

မကြာမီမှာပင် ယို့ချင်းယီနှင့် ပိယောင်ယောင်တို့သည် လုံယီ၏ တာဝန်ကို အတူတူ လက်ခံလိုက်ကြပြီး နောက်တစ်နေ့ မနက်တွင် ဂိုဏ်းမှ စတင်ထွက်ခွာရန် ချိန်းဆိုလိုက်ကြသည်။

...

နောက်တစ်နေ့ နံနက်ခင်း နေဝန်းနီ ထွက်ပေါ်လာချိန်တွင် လုံယီသည် ဝမ်တောက်တောင်ခြေသို့ စောစောစီးစီး ရောက်ရှိနေပြီး ယို့ချင်းယီနှင့် ပိယောင်ယောင်တို့ကို စောင့်နေခဲ့သည်။ သို့သော် သူ မရင်းနှီးသော အမျိုးသားကျင့်ကြံသူ သုံးဦးမှာလည်း ထိုနေရာသို့ ရောက်နှင့်နေသည်ကို တွေ့လိုက်ရသည်။

နှစ်ဦးမှာ အပြာရင့်ရောင် ဝတ်စုံများကို ဝတ်ဆင်ထားပြီး တစ်ဦးမှာ အပြာနုရောင်ကို ဝတ်ဆင်ထားရာ အမွေခံတပည့် နှစ်ဦးနှင့် အတွင်းစည်းတပည့် တစ်ဦးဖြစ်ကြောင်း သိသာလှသည်။ သူတို့ လေးဦးမှာ တစ်ဦးကိုတစ်ဦး တိတ်ဆိတ်စွာ ကြည့်နေကြပြီး လေထုထဲတွင် ထူးဆန်းသော အရှိန်အဝါတစ်ခု တဖြည်းဖြည်း လွှမ်းမိုးလာသည်။

ဘာတွေ ဖြစ်နေတာလဲ

လုံယီ တစ်ခုခုတော့ မှားနေပြီဟု ခံစားလိုက်ရသော်လည်း အတိအကျတော့ မပြောနိုင်ချေ။

“စီနီယာအစ်ကိုတို့... ဒါက ဘာဖြစ်လို့လဲခင်ဗျာ”

လုံယီက မေးလိုက်သည်။

“ဪ... ငါတို့လည်း လူတစ်ယောက်ကို စောင့်နေတာပါ"

အခန်း။ ၃၃၂

သူတို့အတော်ကြာ စကားစမြည်ပြောဖြစ်ကြပြီးနောက် လုံယီသည် သူတို့၏အမည်များကို သိရှိသွားခဲ့သည်။

အတွင်းစည်းတပည့်မှာ စူးယုံဖြစ်ပြီး အသားညိုညို၊ ခန္ဓာကိုယ် အနည်းငယ် ဝဝဖိုင့်ဖိုင့်နှင့် ရုပ်ရည်မှာ အထွေအထူး ပြောစရာမရှိလှပေ။ သို့သော် သူဝတ်ဆင်ထားသော အစီအရင်အင်းကွက်များ ပါရှိသည့် ဖိနပ်နှင့် သူ၏လေသံထဲမှ သိမ်မွေ့သော ယုံကြည်ချက်တို့ကို ကြည့်ရုံနှင့် သူ၏နောက်ခံမှာ မရိုးရှင်းကြောင်း သိသာလှသည်။

အမွေခံတပည့် နှစ်ဦးမှာမူ တစ်ဦးမှာ ဟူကျားဝေဖြစ်ပြီး အသားဖြူဖြူ၊ ရုပ်ရည်ချောမောကာ အေးအေးလူလူ စကားပြောတတ်သူဖြစ်သည်။ အခြားတစ်ဦးမှာ ဟန်ထောင်မုန့်ဖြစ်ပြီး ခန္ဓာကိုယ်ထွားကြိုင်းကာ စကားပြောရာတွင် အရှိန်အဝါပါလှသဖြင့် သူသည် ပုံမှန်အားဖြင့် ဇွတ်တရွတ်နိုင်သူတစ်ဦး ဖြစ်ကြောင်း ပြသနေသည်။

ခဏအကြာတွင် ပိယောင်ယောင်နှင့် ယို့ချင်းယီတို့ လက်ချင်းချိတ်ကာ ရောက်ရှိလာကြပြီး မြင်ကွင်းကို ကြည့်ကာ ကြောင်အမ်းသွားကြသည်။ လုံယီမှလွဲ၍ မနေ့က သူမတို့ ငြင်းပယ်ခဲ့သူအားလုံးနီးပါး ရောက်နေကြခြင်းပင်။

"ရှင့်တို့ ဘာလို့ ဒီကို ရောက်နေတာလဲ"

ယို့ချင်းယီက အေးစက်စွာ မေးလိုက်သည်။

"အခုအချိန်မှာ မိစ္ဆာကျင့်ကြံသူတွေ သောင်းကျန်းနေတော့ ဒီလမ်းကြောင်းက တကယ် မလုံခြုံဘူးလေ။ ဂျူနီယာညီမလေးယို့နဲ့ ဂျူနီယာညီမလေးပိတို့ကို အန္တရာယ်ကြားထဲ အထီးကျန်

အောင် ငါတို့က ဘယ်ပစ်ထားနိုင်မှာလဲ"

သုံးယောက်ထဲတွင် ရုပ်အချောဆုံးဖြစ်သည့် ဟူကျားဝေက ပြုံးလျက် ပြောလိုက်သည်။

"ဟုတ်တယ်"

ဟန်ထောင်မုန့်က အေးတိအေးစက် ထောက်ခံသည်။

"အတိအကျပါပဲ"

တစ်ဦးတည်းသော အတွင်းစည်းတပည့် စူးယုံကလည်း ခေါင်းကို တရစပ်ညိတ်ကာ သဘောတူသည်။

ယို့ချင်းယီနှင့် ပိယောင်ယောင်တို့မှာ ထိုအရှက်မရှိသော လူများကို ကြည့်ကာ ဆွံ့အသွားကြသည်။

"ကျွန်မတို့က ဒီတစ်ခေါက် တာဝန်နဲ့သွားမှာ။ ပြီးတော့ ဂျူနီယာညီလေးလုံကပဲ ဦးဆောင်မှာ။ ရှင့်တို့ လိုက်ချင်တယ်ဆိုရင် သူ့ရဲ့ ခွင့်ပြုချက်လိုလိမ့်မယ်"

ပိယောင်ယောင်က ဆုံးဖြတ်ချက်ကို လုံယီထံသို့ လွှဲချလိုက်သည်။

ထိုအကြောင်းကိုကြားတော့ ယို့ချင်းယီ စိတ်သက်သာရာ ရသွားသည်။ လုံယီကတော့ သူတို့ကို သေချာပေါက် ငြင်းလွှတ်လိမ့်မည်ဟု ပိယောင်ယောင်နှင့် ထပ်တူတွေးနေမိသည်။

မထင်မှတ်ဘဲ လုံယီ စကားမပြောရသေးမီမှာပင် အမျိုးသားကျင့်ကြံသူ သုံးဦးစလုံးက သူတို့၏ ဆန္ဒများကို အပြိုင်အဆိုင် ထုတ်ဖော်ကြတော့သည်။

"ညီလေး... တကယ်လို့ တစ်ခုခု အခက်အခဲရှိရင် ငါတို့က သေချာပေါက် ကူညီမှာပါ။ ပြီးတော့ မင်းရဲ့ တာဝန်ဂုဏ်ပြုမှတ်တွေကိုလည်း ငါတို့က ခွဲမယူပါဘူး"

ဟူကျားဝေက အားတက်သရော ပြောလိုက်သည်။

"ဟုတ်တယ်"

ဟန်ထောင်မုန့်က ထပ်မံထောက်ခံသည်။

"အတိအကျပဲ"

စူးယုံကလည်း နောက်ကနေ လိုက်ယောင်နေပြန်သည်။

ယို့ချင်းယီနှင့် ပိယောင်ယောင်တို့မှာ ထိုလူများက ဤမျှအထိ အရှက်မရှိ ဇွဲကောင်းနေလိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် အံ့အားသင့်ကာ ကျန်ရစ်ခဲ့တော့သည်။

ထိုအရာကို ကြားလိုက်ရသည့် လုံယီကတော့ စိတ်ထဲမှာ တော်တော်လေး သဘောကျသွားမိသည်။

ဒါက အလကားရတဲ့ သက်တော်စောင့် သုံးယောက် မဟုတ်ဘူးလား။ ငြင်းလိုက်တဲ့သူကမှ ငတုံးအစစ် ဖြစ်လိမ့်မယ်။

"ကောင်းပါပြီ... စီနီယာအစ်ကိုတို့က ကျွန်တော့်အပေါ် အခုလို အထင်ကြီးပေးကြတာ ဂုဏ်ယူမိပါတယ်"

လုံယီက လက်သီးဆုပ်ကာ အရိုအသေပေးရင်း ပြောလိုက်သည်။

သူက ငတုံးလည်း မဟုတ်ပေ။ ဒီလူတွေက ယို့ချင်းယီ ဒါမှမဟုတ် ပိယောင်ယောင်ကြောင့် ရောက်လာကြတာမှန်း ရိပ်မိသော်လည်း သူ့အတွက်တော့ ဘာမှ မထိခိုက်ပေ။ ယင်းဖုန်းတောင်က တာဝန်က သူ၏ ဝိညာဉ်အမြစ်ကို မြှင့်တင်ရန်အတွက် အလွန်အရေးကြီးရာ အဖွဲ့အင်အား တောင့်တင်းလေလေ၊ ပိုကောင်းလေလေပင်။

သို့နှင့် နဖူးတွင် ဦးချိုတစ်ခုစီပါရှိပြီး အပြာရောင်အမွေးအမှင်များရှိသော ထူးဆန်းသည့် မြင်းများကို စီးနင်းကာ လူခြောက်ဦးပါဝင်သည့် ထူးခြားသောအဖွဲ့ကြီးသည် တောင်အောက်သို့ ဆင်းလာခဲ့ကြတော့သည်။

လုံယီနှင့်အဖွဲ့ တောင်အောက်သို့ ဆင်းသွားပြီး မကြာမီမှာပင် အလောင်းခြောက်ထိန်းချုပ်ရေးဂိုဏ်းအနီးတွင် ချောင်းမြောင်းနေသော အရိပ်နှစ်ခုက ချုံပုတ်တစ်ခုအတွင်းမှ ထွက်ပေါ်လာသည်။

"ဗိုလ်ချုပ်ကြီးယို့ရဲ့သမီးတော့ နောက်ဆုံးတော့ ထွက်လာပြီပဲ။ ဒီမှာ စောင့်နေရတာ မဟန်တော့ဘူး"

"ဒါပေမဲ့ အလောင်းခြောက်ထိန်းချုပ်ရေးဂိုဏ်းက အမွေခံတပည့်တချို့လည်း ပါလာတယ်ဟ။ သတင်းပို့လိုက်ဦး... အစီအစဉ်ပြောင်းပြီ။ အင်အားထပ်ဖြည့်ဖို့ လိုမယ်"

တစ်ဖက်တွင်မူ မိုင်ပေါင်းတစ်ထောင်ဝေးသော ယင်းဖုန်းတောင်၌ ပေပေါင်းများစွာ မြင့်မားပြီး အကျယ်အဝန်း အတိအကျမသိနိုင်သော ဧရာမ ကျောက်ဂူကြီးတစ်ခုအတွင်းတွင် အမျိုးမျိုးသော သားရဲတိရစ္ဆာန်များက ငြိမ်သက်စွာ ရပ်နေကြသည်။

ထိုသားရဲများထဲတွင် နွားတစ်ကောင်ကဲ့သို့ ကြီးမားပြီး အမြီးရှည်လေးချောင်းပါသော မြေခွေးနက်ကြီး တစ်ကောင်၊ နဖူးတွင် ဦးချိုတစ်ခုပါရှိကာ တစ်ကိုယ်လုံး အမည်းရောင် အကြေးခွံများဖြင့် ဖုံးလွှမ်းနေသည့် ပေနှစ်ဆယ်၊ သုံးဆယ်ခန့် ရှည်လျားသော မြွေကြီးတစ်ကောင်၊

ရင်အုပ်ကြွက်သားများ သန်မာလှပြီး လူ့ခြေထောက်ထက်ပင် ပိုမိုတောင့်တင်းသော ခြေထောက်များရှိကာ တောင်ပံဖြန့်လိုက်လျှင် ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားနိုင်မည့် လင်းယုန်နက်ကြီး တစ်ကောင်...

ထိုသားရဲအားလုံးတွင် တူညီသောအချက်တစ်ခုမှာ သူတို့၏ ခန္ဓာကိုယ်များမှာ မင်ရည်ဖြင့် ဆိုးထားသည့်အလား တစ်ကိုယ်လုံး မည်းနက်နေခြင်းပင်။

ဝိညာဉ်များ သို့မဟုတ် မိစ္ဆာများအဖြစ် ကူးပြောင်းသွားကြပြီဖြစ်သော ထိုသားရဲအားလုံးသည် ဂူအလယ်ရှိ အမည်းရောင်မြူခိုးများ ဖုံးလွှမ်းနေသော ပုံရိပ်တစ်ခုကို ရိုသေစွာ ကြည့်နေကြသည်။

"ဘုရင်ကြီး... ကျွန်တော်တို့ အခုတလော တောင်ပေါ်သား တော်တော်များများကို ဒဏ်ရာပေးထားတာကြောင့် သတင်းက ပျံ့သွားပါပြီ။ မကြာခင်မှာပဲ လူသားကျင့်ကြံသူဂိုဏ်းတွေကနေ ဝိညာဉ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတွေကို စေလွှတ်လာကြလိမ့်မယ်။ ဒါပေမဲ့ အရမ်းအင်အားကြီးတဲ့သူတွေတော့ လွှတ်မှာမဟုတ်ဘူး"

အမြီးလေးချောင်းပါသော မြေခွေးက မကောင်းဆိုးဝါးဆန်သော အသံဖြင့် ပြောလိုက်ရာ ၎င်း၏ ပါးစပ်မှာ ပြုံးနေသည့်အလား ကွေးညွတ်သွားသည်။

လူသားစကားကို ပီပီသသ ပြောနိုင်ခြင်းမှာ ၎င်းသည် ကျင့်ကြံမှု အောင်မြင်နေသော မြေခွေးမိစ္ဆာဖြစ်ကြောင်း ထင်ရှားလှသည်။

"ကောင်းပြီ... ဝိညာဉ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတွေရဲ့ သွေးအဆီအနှစ်သာ လုံလောက်

မယ်ဆိုရင် ငါ မိစ္ဆာဗိုလ်ချုပ်အဆင့်ကို တက်လှမ်းနိုင်လိမ့်မယ်။ အဲ့ဒီကျရင် နောင်မှာ ဝံပုလွေပြာတောင်တန်းကို သွားရင်တောင် ငါတို့ ကိုယ်ပိုင်တောင်တစ်လုံးကို သိမ်းပိုက်နိုင်လိမ့်မယ်"

အမည်းရောင်မြူခိုးများထဲမှ မိုးခြိမ်းသံကဲ့သို့ ဟိန်းထွက်လာသော အသံကြီးတစ်ခု ပဲ့တင်ထပ်သွားတော့သည်။

“ဘုရင်ကြီး သက်တော်ရာကျော် ရှည်ပါစေ။ ဘုရင်ကြီး သက်တော်ရာကျော် ရှည်ပါစေ”

အနီးနားရှိ ကျီးကန်းမိစ္ဆာအချို့က တပြိုင်နက် အော်ဟစ်လိုက်ကြသည်။

“လူသားကျင့်ကြံသူတွေရဲ့ လှုပ်ရှားမှုကို သေချာစောင့်ကြည့်ထားကြ။ သတင်းရတာနဲ့ ချက်ချင်းပြန်လာပို့ရမယ်။ ဘုရင်ကြီးရဲ့ အရေးကြီးတဲ့ ကိစ္စတွေကို နှောင့်နှေးအောင် မလုပ်ကြနဲ့”

အမြီးလေးချောင်းပါ မြေခွေးက ၎င်း၏ အမြီးများကို ဝှေ့ယမ်းရင်း အခြားသားရဲများကို ဒေါသတကြီး အော်ဟစ်ကာ စေခိုင်းလိုက်သည်။

“ဟိုး ဟိုး”

“ဝူး... ဝူး...”

ကျောက်ဂူကြီးအတွင်း တိရစ္ဆာန်အော်ဟစ်သံများ ပဲ့တင်ထပ်သွားပြီး ဂူအမိုးပေါ်မှ ဖုန်မှုန့်များပင် တဖွဲဖွဲ လွင့်စင်ကျလာတော့သည်။

...

အခြားတစ်ဖက်တွင်မူ လုံယီတို့ လူခြောက်ဦးအဖွဲ့သည် ယင်းဖုန်းတောင်ဆီသို့ ခရီးဆက်နေကြပြီ ဖြစ်သည်။ သူတို့သည် အလွန်မြန်ဆန်လှသော လေဝိညာဉ်မြင်းများကို စီးနင်းလျက် နှစ်တန်းခွဲကာ သွားနေကြခြင်းပင်။

ရှေ့တန်းတွင် လုံယီသည် ယို့ချင်းယီ၊ ပိယောင်ယောင်တို့နှင့်အတူ ဘေးချင်းယှဉ်၍ သွားနေပြီး နောက်တန်းတွင် ဟန်ထောင်မုန့်၊ ဟူကျားဝေနှင့် စူးယုံတို့ ပါလာကြသည်။ လုံယီသည် ရှေ့မှ မိန်းကလေးနှစ်ဦးနှင့် စကားလက်ဆုံကျနေပြီး ပိယောင်ယောင်၏ ဆည်းလည်းသံကဲ့သို့ တခိခိရယ်သံများကို ကြားနေရသောအခါ နောက်မှ သုံးယောက်မှာ မနာလိုစိတ်ဖြင့် ရင်ထဲတွင် ပူလောင်နေကြပြီး လုံယီ၏နေရာတွင် သူတို့သာ ဖြစ်ချင်နေကြတော့သည်။

“ဒီကောင်က ဝိညာဉ်သန့်စင်ခြင်း ဒုတိယအဆင့်လေးနဲ့... ဘာလို့ နတ်သမီးလေးနှစ်ပါးနဲ့ ဒီလောက်နီးနီးကပ်ကပ် နေခွင့်ရနေတာလဲ”

ဟန်ထောင်မုန့်က သူ့ဘေးရှိ ဟူကျားဝေကို တိုးတိုးလေး ကပ်ပြောလိုက်သည်။

“ကြည့်နေလိုက် ငါ သူ့ကို အသာလေး ဘေးဖယ်ပစ်လိုက်မယ်”

ထို့နောက် ဟန်ထောင်မုန့်က သူ၏နှင်တံကို မြှောက်ကာ လေဝိညာဉ်မြင်းကို အရှိန်တင်လိုက်သည်။ သူသည် လုံယီနှင့် မိန်းကလေးနှစ်ဦးကြားထဲသို့ အတင်းတိုးဝင်ကာ လုံယီကို ဘေးသို့ တွန်းထုတ်ရန် ကြံစည်လိုက်ခြင်းပင်။

သို့သော်လည်း လုံယီ၏ နောက်စေ့တွင် မျက်လုံးပါနေသည့်အလားပင်။

ဟန်ထောင်မုန့်က ဘယ်ဘက်သို့ တိုးလျှင် သူက ဘယ်ဘက်သို့ ရောက်သွားသည်။ ဟန်ထောင်မုန့်က ညာဘက်သို့ ကွေ့လျှင် သူက ညာဘက်သို့ ရောက်နေပြန်ရာ လုံယီကို ကျော်တက်ရန်မှာ လုံးဝ မဖြစ်နိုင်ချေ။ ဟန်ထောင်မုန့်မှာ ဒေါသထွက်လွန်း၍ သွေးပင်အန်ချင်စိတ် ပေါက်သွားရသည်။

သူသည် ဟန်မပျက် ဆက်မနေနိုင်တော့ဘဲ သူ၏ ပင်ကိုယ်စွမ်းအားထိန်းချုပ်အလောင်းကို ရှေ့သို့ ပြေးထွက်ရန် ဆင့်ခေါ်လိုက်တော့သည်။

တစ်ချိန်တည်းမှာပင် သူက “အခုကတော့ သူ့ကို လမ်းလျှောက်တာ လေ့ကျင့်ပေးဖို့ အကောင်းဆုံးအချိန်ပဲ” ဟု အကြောင်းပြချက် ပေးလိုက်သည်။

ဟန်ထောင်မုန့်၏ အလောင်းမှာ အရပ်အမောင်း မြင့်မားကာ အရေပြားမှာ ကြေးနီရောင်သန်းနေပြီး ဆီသုတ်ထားသည့်အလား ပြောင်လက်နေသည်။ ၎င်း၏ လက်သည်းများမှာ ရှည်လျားမည်းနက်နေပြီး ပါးစပ်ဘေးမှ အဖြူရောင်အစွယ်များ ထွက်နေသည်မှာ ထင်ရှားလှသော ကြေးနီအလောင်းပင်။

ကြေးနီအလောင်းများသည် အလွန်လျင်မြန်ဖြတ်လတ်လှသည်မှာ လူတိုင်းသိသည့်ကိစ္စဖြစ်ရာ လမ်းလျှောက်လေ့ကျင့်ပေးသည်ဆိုသော ဟန်ထောင်မုန့်၏ အကြောင်းပြချက်မှာ ရယ်စရာကောင်းလှသည်။ သူ၏ အမိန့်ပေးမှုအောက်တွင် ထိုကြေးနီအလောင်းသည် ရှေ့သို့ ဝုန်းခနဲ ခုန်ဝင်သွားပြီး လက်မောင်းကို မြှောက်ကာ လုံယီ၏ ကျောပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။

ဝူး...

လေခွဲသံသဲ့သဲ့ ထွက်ပေါ်လာသည်။

ကြေးနီအလောင်းတစ်ခု၏ ခွန်အားမှာ သံအလောင်းထက် များစွာသာလွန်ပြီး ပေါင်ချိန် လေးငါးသောင်းခန့်ရှိသော အားအင်ကို ထုတ်ဖော်နိုင်စွမ်းရှိသည်။ သို့သော်လည်း ဟန်ထောင်မုန့်မှာ သတိကြီးစွာဖြင့် သူ၏ကြေးနီအလောင်းကို အားအနည်းငယ်သာ သုံးရန် စေခိုင်းထားခြင်းပင်။ သို့တိုင်အောင် ထိုမျှအားနှင့်ပင် သာမန်လူတစ်ဦးကို ထိမှန်ပါက မြင်းပေါ်မှ လွင့်စဉ်ကျကာ အရှက်ကွဲသွားမည်မှာ မြေကြီးလက်ခတ်မလွဲပင်။

ယို့ချင်းယီသည် သူမ၏ မျက်ခုံးနုနုလေးများကို တွန့်ချိုးလိုက်ပြီး ထိုအလောင်းကို တားဆီးရန် မန္တန်တစ်ခု ရွတ်ဆိုတော့မည့်အချိန်မှာပင် မထင်မှတ်ဘဲ လုံယီမှာ ပို၍ပင် မြန်ဆန်လှသည်။ သူသည် အသာအယာပင် လက်ကိုဆန့်ထုတ်လိုက်ပြီး သူ့ထံသို့ ရောက်ရှိလာသော ကြေးနီအလောင်း၏ လက်မောင်းကို ထိလိုက်သည်။

ဖပ်...

အသံခပ်တိုးတိုးတစ်ချက် ထွက်ပေါ်လာပြီး ကြေးနီအလောင်း၏ ခန္ဓာကိုယ်မှာ လေထဲတွင်ပင် ရုတ်ချည်း တောင့်တင်းသွားတော့သည်။ ထို့နောက် ဂျင်တစ်ခုပမာ လေထဲတွင် ဝှေ့ယမ်းကာ လည်ပတ်သွားပြီးနောက် ဘုန်းခနဲ အသံနှင့်အတူ မြေကြီးထဲသို့ စိုက်ဝင်သွားရာ ခန္ဓာကိုယ်

တစ်ဝက်ခန့်မှာ မြေကြီးထဲသို့ နစ်ဝင်သွားတော့သည်။

“ဝါး... စီနီယာအစ်ကိုဟန်ရဲ့ အလောင်းက ဂျွမ်းတောင် ထိုးတတ်တာလား”

ပိယောင်ယောင်က ဘေးမှနေ၍ လက်ခုပ်တီးကာ ချီးကျူးလိုက်သည်။

“အင်း... ဟားဟား ဒါက အပျော်သဘောပါပဲ”

ဟန်ထောင်မုန့်မှာ မျက်နှာပူထူသွားသလို စိတ်ထဲတွင်လည်း အကြီးအကျယ် တုန်လှုပ်သွားရသည်။

သူ့ကြေးနီအလောင်း မည်မျှသန်မာသည်ကို သူကိုယ်တိုင် အသိဆုံးပင်။ အစပိုင်းတွင် အားအနည်းငယ်သာ သုံးထားသော်လည်း ထိမှန်သွားသည်နှင့် အင်အားအပြည့်နှင့် ပြန်လည်

တိုက်ခိုက်ရန် ပြင်ဆင်ထားခဲ့သော်လည်း အခုတော့ အနည်းငယ်မျှပင် ပြန်မခုခံနိုင်ခဲ့ချေ။

လုံယီ၏ အလောင်းထိန်းချုပ်ခြင်းပညာမှာ မည်သူမျှ မမှန်းဆနိုင်သည့် ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရှိနေသည်ကို သူ မသိနိုင်ခဲ့ပေ။ လုံယီမှာ ကိုယ်ပိုင်ခွန်အား မသုံးဘဲနှင့်ပင် ထိုကြေးနီအလောင်းကို လုံးဝငြိမ်သက်သွားစေကာ သူ့စိတ်ကြိုက် ရုပ်သေးရုပ်ပမာ ကစားနိုင်စွမ်း ရှိနေခြင်းပင်။

လုံယီမှာ သာမန်မဟုတ်ကြောင်း သိရှိသွားပြီး သိက္ခာလည်း အနည်းငယ် ကျသွားရသဖြင့် ဟန်ထောင်မုန့်မှာ ဘာမှမပြောတော့ဘဲ အနောက်မှသာ တိတ်တဆိတ် လိုက်ပါလာတော့သည်။

သူ့ဘေးမှ ဟူကျားဝေကမူ “ဇွတ်တရွတ်နိုင်လွန်းတယ်။ ဒီလိုနဲ့ ဘယ်လိုလုပ် အရေးကြီးတဲ့ကိစ္စတွေကို အောင်မြင်နိုင်မှာလဲ” ဟု နှာခေါင်းရှုံ့လိုက်သည်။

သူသည် တိတ်တဆိတ်ပင် သူ၏ ဝိညာဉ်စွမ်းအားကို စုစည်းလိုက်ပြီး လေငြိမ်မန္တန်ဟု ခေါ်သော ဂါထာကို စတင်ရွတ်ဆို လိုက်သည်။ အမည်နှင့်အညီ ထိုလေဓာတ်မန္တန်သည် လေစီးကြောင်းကို ထိန်းချုပ်ကာ ပစ်မှတ်၏ လှုပ်ရှားမှုကို ဟန့်တားခြင်းပင်။

မမြင်နိုင်သော ယင်လေပြင်းများမှာ လုံယီနှင့် သူ၏မြင်းကို ရစ်ပတ်သွားသောကြောင့် သူတို့၏ အရှိန်မှာ သိသိသာသာ လျော့ကျသွားပြီး ယို့ချင်းယီနှင့် ပိယောင်ယောင်တို့၏ အနောက်သို့ ကျန်ရစ်ခဲ့တော့သည်။ ဟူကျားဝေကမူ ကျေနပ်စွာ ပြုံးလိုက်ပြီး မိန်းကလေးနှစ်ဦးကြားရှိ နေရာလွတ်သို့ အသာအယာ ဝင်ယူရန် ပြင်လိုက်သည်။

အတိအကျပင် ထိုအချိန်၌...

“အဟမ်း”

လုံယီဆီမှ ချောင်းဟန့်သံတစ်ချက် ထွက်ပေါ်လာပြီးနောက် မြင်သာထင်သာရှိသော အဖြူရောင်လေလှိုင်းများမှာ သူ့ပါးစပ်မှ ထွက်ပေါ်လာပြီး ရေလှိုင်းများပမာ ပတ်ဝန်းကျင်သို့ ပြန့်နှံ့သွားကာ သူ့ကို ရစ်ပတ်ထားသော ယင်လေပြင်းများကို လုံးဝဥဿုံ ဖယ်ရှားပစ်လိုက်တော့သည်။

“ဒါ ဘာကြီးလဲ”

အခြားလူငါးဦးစလုံးမှာ ကြောင်အမ်းသွားပြီး မယုံကြည်နိုင်သော မျက်လုံးများဖြင့် စိုက်ကြည့်နေကြတော့သည်။

All Chapters