← Chapters

အခန်း (၃၃၅-၃၃၆)

Vol. 34 Ch. 335-336

အခန်း (၃၃၅-၃၃၆)

Vol. 34 Ch. 335-336

အခန်း။ ၃၃၅

ဝံပုလွေမိစ္ဆာ၊ ဝက်ဝံမိစ္ဆာ၊ သမင်မိစ္ဆာနှင့် မြွေမိစ္ဆာများမှာ တစ်ကိုယ်လုံး မင်ရည်ကဲ့သို့ မည်းနက်နေပြီး အရပ်အမောင်းမှာလည်း အလွန်ပင် ထွားကြိုင်းလှသည်။ သူတို့၏ ကြောက်မက်ဖွယ်ကောင်းသော မျက်လုံးများနှင့် ပုပ်စော်နံလှသော အနံ့အသက်များမှာ အော့အန်ချင်စရာပင် ကောင်းလှသည်။

ဝူး...

သံမြှားပိုးကောင်ကို မြေကြီးထဲ စိုက်ဝင်အောင် ရိုက်ချခဲ့သော လုံယီ၏ ဥက္ကာခဲသံပုဆိန်မှာ လေထဲသို့ ပျံတက်သွားပြန်သည်။ ၎င်းသည် ပိယောင်ယောင်ထံသို့ ခုန်အုပ်လာသော သစ်ကျားနက်ကြီးတစ်ကောင်၏ ဝမ်းဗိုက်ကို ဖြတ်သန်းသွားရာ အူများနှင့် ကလီစာများ၊ သွေးစများမှာ မြေပြင်ပေါ်သို့ ပန်းထွက်ကျလာတော့သည်။ ထို့နောက် ပုဆိန်သည် လုံယီ၏ လက်ထဲသို့ အလိုအလျောက် ပြန်ရောက်လာသည်။

ထိုအချိန်တွင် အရိုးဆူးကျားမိစ္ဆာကြီးသည် မိစ္ဆာကျင့်ကြံသူများ၏ စခန်းကို ဖျက်ဆီးပြီးနောက် အလောင်းခြောက်ထိန်းချုပ်ရေးဂိုဏ်းသားများရှိရာသို့ တစ်လှမ်းချင်း လျှောက်လာနေပြီ ဖြစ်သည်။

ဘုန်း... ဘုန်း... ဘုန်း

ကျားမိစ္ဆာသည် မြေပြင်ကို တမင်တကာ ပြင်းထန်စွာ နင်းဖြတ်လာခြင်းဖြစ်ရာ ခြေလှမ်းတိုင်းတွင် မြေကြီးမှာ တုန်ခါသွားပြီး သတ္တိရှိသူများကိုပင် ထိတ်လန့်သွားစေကာ သတ္တိနည်းသူများကိုမူ ကြောက်စိတ်များ ပိုမိုဝင်လာစေသည်။

“ငါ သူ့ကို တားထားမယ်။ မင်းတို့ အခွင့်အရေးရတာနဲ့ အမြန်ပြေးကြ မဟုတ်ရင် တစ်ယောက်မှ လွတ်မှာမဟုတ်ဘူး”

ဟန်ထောင်မုန့်က အော်ပြောလိုက်ပြီးနောက် သူ၏ရှေ့တွင် ကြေးနီရောင် အရိပ်တစ်ခု ပေါ်လာသည်။

“ရှောင်အား... သတ်ပစ်စမ်း”

ဝူး...

လေခွဲသံ ပြင်းပြင်းတစ်ချက် ထွက်ပေါ်လာ၏။

ရှောင်အားဟု အမည်ပေးထားသော ကြေးနီအလောင်းမှာ ထိုနေရာမှ ရုတ်ချည်း ပျောက်ကွယ်သွားပြီး အရိုးဆူးကျားမိစ္ဆာကြီးထံသို့ ဝေဝါးသော အရိပ်တစ်ခုအဖြစ် အလွန်လျှင်မြန်စွာ ပြေးဝင်သွားတော့သည်။

အရပ် ၁၀ ပေကျော်မြင့်ပြီး အမည်းရောင် အမွေးထူထူများ ဖုံးလွှမ်းနေသော ဝက်ဝံမိစ္ဆာနှစ်ကောင်က တားဆီးရန် သူတို့၏ လက်သည်းများဖြင့် လွှဲရိုက်လိုက်ကြသော်လည်း ကြေးနီအလောင်း၏ တိုက်ခိုက်မှုအောက်တွင် လွယ်လွယ်ကူကူပင် လွင့်စဉ်သွားကြကာ အနီးနားရှိ လူနှစ်ဖက်စာခန့်ရှိသော သစ်ပင်ကြီးများကို ဝင်တိုက်ပြီး ကျိုးပဲ့သွားစေသည်။

ကြေးနီအလောင်း၏ ခွန်အားမှာ ပေါင်ချိန် သုံးလေးသောင်းထက်ပင် သာလွန်ပြီး လျင်မြန်မှုမှာလည်း ထိပ်တန်းကိုယ်ခံပညာရှင်များထက် များစွာ သာလွန်လှသည်။ ထို့ပြင် ဓားမတိုး၊ သေနတ်မတိုးသော ခန္ဓာကိုယ်ကြောင့် ၎င်းကို စစ်ပွဲသုံးစက်ရုပ်ကြီးတစ်ရုပ်အဖြစ်ပင် တင်စားနိုင်သည်။

ဤသည်ကို မြင်လိုက်ရသောအခါ ပိယောင်ယောင်၊ ယို့ချင်းယီနှင့် အခြားသူများ၏ မျက်ဝန်းထဲတွင် မျှော်လင့်ချက်အရိပ်အယောင်များ ပေါ်လာကြသည်။ အကယ်၍ ကျားမိစ္ဆာကိုသာ သတ်ဖြတ်နိုင်လျှင် သို့မဟုတ် ပြင်းထန်စွာ ဒဏ်ရာရအောင် လုပ်နိုင်လျှင် မိစ္ဆာအုပ်စုမှာ အလိုအလျောက် ဖရိုဖရဲဖြစ်သွားမည်ဖြစ်ရာ အားလုံးအတွက် အသက်ရှင်ရန် အခွင့်အရေး ရရှိလာမည် ဖြစ်သည်။

ကြေးနီအလောင်းသည် လေပြင်းတစ်ပမာ ကျားမိစ္ဆာထံသို့ ပြေးဝင်သွားပြီး မီးခိုးရောင်အလင်းတန်းများ ထွက်ပေါ်နေသော သူ၏လက်သီးကို မြှောက်လိုက်ချိန်တွင် ကျားမိစ္ဆာ၏ မျက်ဝန်းထဲ၌မူ အထင်သေးရိပ်တစ်ခု ဖြတ်သန်းသွားတော့သည်။

ကျားမိစ္ဆာသည် ကြိတ်ဆုံကျောက်တစ်ခုထက်ပင် ကြီးမားလှသော သူ၏ အမည်းရောင် ခြေဖဝါးကြီးကို မြှောက်လိုက်ပြီး နှေးကွေးသည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင် အလွန်မြန်ဆန်လှသော အရှိန်ဖြင့် ကြေးနီအလောင်းကို ရိုက်ချလိုက်သည်။

ဘုန်း

နောက်တစ်ခဏတွင် ကြေးနီအလောင်း၏ လက်မောင်းမှာ ရှေ့သို့ ဆက်မတိုးနိုင်တော့ဘဲ ကျားမိစ္ဆာ၏ ခြေဖဝါးနှင့် ခွန်အားချင်း ပြင်းထန်စွာ ယှဉ်ပြိုင်နေရတော့သည်။ သို့သော် သိသိသာသာပင် ၎င်းမှာ တစ်ပန်းရှုံးနေပြီး လက်မောင်းမှာ တဖြည်းဖြည်း နောက်သို့ ဆုတ်လာရကာ ခန္ဓာကိုယ်ပါ လွင့်စဉ်ထွက်သွားတော့သည်။

ဘုန်း... ဘုန်း... ဘုန်းနှင့် သစ်ပင်ကြီးများစွာကို ဆက်တိုက် တိုက်မိကျိုးပဲ့သွားစေသည်။

ကျားမိစ္ဆာသည်လည်း ဝေဝါးသော အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားကာ ဟန်ချက်ပျက်နေသော ကြေးနီအလောင်း၏ အပေါ်သို့ ရောက်ရှိလာပြီး ပြင်းထန်စွာ နင်းချလိုက်တော့သည်။

ဝုန်း

မြေပြင်ပေါ်တွင် ဧရာမ ကျင်းကြီးတစ်ခု ရုတ်ချည်းပေါ်လာပြီး ဖုန်မှုန့်များနှင့် ကျောက်ခဲများမှာ ရေလှိုင်းများပမာ အရပ်မျက်နှာအသီးသီးသို့ လွင့်စင်သွားသည်။ ကြေးနီအလောင်းမှာ ကျားမိစ္ဆာ၏ ခြေဖဝါးအောက်တွင် အဆက်မပြတ် နင်းခြေခံထားရပြီး ငါးပါးသီလတောင်အောက်

တွင် အနှိပ်စက်ခံထားရသော မျောက်မင်းကဲ့သို့ပင် ပြန်လည်ရုန်းကန်နိုင်စွမ်း မရှိတော့ချေ။

ဖျက်ဆီး၍မရနိုင်အောင် မာကျောလှသည်ဟု နာမည်ကြီးသော ၎င်း၏ ခန္ဓာကိုယ်မှာလည်း နေရာအနှံ့ ပုံပျက်ကာ ရှုံ့တွသွားတော့သည်။ ၎င်း၏ ခန္ဓာကိုယ်ပေါ်ရှိ အမည်းရောင်မျဉ်းကြောင်းများမှာ အကာအကွယ်ပေးရန်အတွက် အစီအရင်အတိုင်း စီးဆင်းနေသော်လည်း ဒဏ်ရာများထဲမှ ငွေရောင်အလင်းတန်းများ ပါရှိသော မီးခိုးရောင် အရည်များမှာ အမြောက်အမြား စီးကျလာနေဆဲပင်။

“တောက်”

ဟန်ထောင်မုန့်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

“ငါ့ရဲ့ ရှောင်အားကို လွှတ်လိုက်စမ်း မိုင်တစ်ထောင် အရိုးစားလေပြင်း”

လေဟာနယ်ထဲတွင် အချင်း လေးငါးမီတာခန့်ရှိသော မီးခိုးရောင် လေပွေကြီးတစ်ခု ဖြစ်ပေါ်လာပြီး ကျားမိစ္ဆာထံသို့ တဝူးဝူးမြည်လျက် ပြေးဝင်သွားသည်။ ထိုလေပြင်းနှင့် ထိမိသမျှ သစ်ပင်များ၊ ငှက်များနှင့် ပိုးမွှားများအားလုံးမှာ ချက်ချင်းပင် အသက်ဓာတ် ကုန်ဆုံးကာ သေဆုံးသွားကြရသည်။

“ယင်ဓာတ် ဝိညာဉ်မြှား”

ယို့ချင်းယီ၏ တစ်ကိုယ်လုံးတွင် ဝိညာဉ်စွမ်းအားများ လှိုင်းထနေပြီး သူမ၏ အကောင်းဆုံး တိုက်ခိုက်ရေးမန္တန်ကို ထုတ်ဖော်လိုက်သည်။ လက်မခန့် အထူရှိသော တစ်ပိုင်းတစ်စ ကြည်လင်နေသည့် မီးခိုးရောင် ဝိညာဉ်မြှား ခုနစ်စင်းမှာ သူမ၏ရှေ့တွင် ရုတ်ချည်း ဖြစ်ပေါ်လာသည်။ ထိုဝိညာဉ်မြှားများပေါ်တွင် ဝေဝါးသော အင်းကွက်မျဉ်းကြောင်းများစွာ ထွင်းထုထားပြီး ကျားမိစ္ဆာထံသို့ ရှူး... ရှူး... ရှူး နှင့် ပစ်ခတ်လိုက်တော့သည်။

သူတို့ဘေးတွင် လုံယီသည်လည်း မန္တန်တစ်ခုကို ရွတ်ဆို လိုက်သည်။

ယင်ဓာတ် ဝိညာဉ်မြှားပေါင်း နှစ်ဆယ်နီးပါး ဖြစ်ပေါ်လာရာ ယို့ချင်းယီ ထုတ်ဖော်လိုက်သည်ထက် ပိုမိုကြီးမားရုံသာမက အင်းကွက်မျဉ်းကြောင်းများမှာလည်း ပိုမိုထင်ရှားလှသည်။ ၎င်းတို့သည် လေထဲတွင် အရပ်မျက်နှာအမျိုးမျိုးမှ ပျံသန်းသွားပြီး ကျားမိစ္ဆာထံသို့ ဦးတည်သွားကြသည်။ ထိုမန္တန်ကို ထုတ်ဖော်ပြီးနောက် လုံယီ၏ ခန္ဓာကိုယ်တွင်းရှိ ဝိညာဉ်စွမ်းအားများမှာ အကုန်အစင် ခမ်းခြောက်သွားတော့သည်။

သူတို့ထံသို့ ခုန်အုပ်လာကြသော မိစ္ဆာအုပ်ကြီးကို မြင်လိုက်ရပြီး ၎င်းတို့၏ ပါးစပ်မှ ထွက်ပေါ်နေသော ပုပ်စော်များကိုပင် ရရှိနေချိန်တွင် လုံယီသည် သူ၏ပုဆိန်ကို တင်းတင်းဆုပ်လိုက်သည်။

“တောင်ဖြိုခွင်းခြင်း”

မမြင်နိုင်သော စွမ်းအင်များ ပျံ့နှံ့သွားပြီး မိစ္ဆာများ၏ ခန္ဓာကိုယ်များမှာ တောင့်တင်းသွားကြသည်။ ထိုစဉ် လုံယီ၏ ပုဆိန်ချက်အောက်တွင် တစ်ကောင်ပြီးတစ်ကောင် ပြတ်တောက်သွားကြတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် မိစ္ဆာ ၁၀ ကောင်ကျော်ကို သုတ်သင်လိုက်ပြီဖြစ်သည်။

အလောင်းခြောက်ထိန်းချုပ်ရေးဂိုဏ်းသား ငါးဦး၏ ပတ်ပတ်လည်တွင် သွေးအလိမ်းလိမ်းနှင့် နေရာလွတ်တစ်ခုကို သူ ဖန်တီးပေးလိုက်ရာ အခြားသူများ မန္တန်ရွတ်ဆိုရန်အတွက် လုံလောက်သော အချိန်နှင့် အခွင့်အရေးကို ရရှိသွားကြသည်။

ပိယောင်ယောင်သည်လည်း လူအားလုံး၏ ရှေ့တွင် ပထမဆုံးအကြိမ် မန္တန်တစ်ခုကို ထုတ်ဖော်လိုက်သည်။ သူမ၏ တစ်ကိုယ်လုံးတွင် အနီရောင် ဝိညာဉ်အလင်းတန်းများ ဝင်းလက်သွားပြီး လက်နှစ်ဖက်ဖြင့် ရှုပ်ထွေးလှသော တံဆိပ်များကို ဖော်ဆောင်လိုက်သည်။ ထို့နောက် အနီရောင် အဆောင်စက္ကူတစ်ရွက်သည် လေထဲသို့ လွင့်ပျံသွားတော့သည်။

“နီရဲသော မီးလျှံ”

အနီရောင် အဆောင်စက္ကူမှ အလင်းတန်းကြီးတစ်ခု ထွက်ပေါ်လာပြီးနောက် ရေကန်သာသာအရွယ်အစားရှိသည့် အနီရင့်ရောင် မီးကြာပန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ကျားမိစ္ဆာထံသို့ အရှိန်အဟုန်ဖြင့် လည်ပတ်သွားတော့သည်။ ပိယောင်ယောင်သည် အမှန်တကယ်တွင် မီးဓာတ်အခြေခံသော ကျင့်ကြံသူတစ်ဦး ဖြစ်နေခြင်းပင်။

လူတိုင်းသည် သူတို့၏ ထူးခြားသော စွမ်းရည်များကို ထုတ်ဖော်ကာ ကျားမိစ္ဆာကို စုပေါင်းတိုက်ခိုက်ကြတော့သည်။ ဟန်ထောင်မုန့်၏ ပင်ကိုယ်စွမ်းအားထိန်းချုပ်အလောင်းကို မကယ်တင်နိုင်လျှင်တောင်မှ ကျားမိစ္ဆာကို အနာတရဖြစ်စေရန် သူတို့ မျှော်လင့်နေကြသည်။

သို့သော် ကျားမိစ္ဆာ၏ မျက်ဝန်းထဲတွင် လှောင်ပြောင်ရိပ်တစ်ခု ပေါ်လာပြန်သည်။ ၎င်းသည် သွေးအေးစက်စက်နှင့် ပါးစပ်ကြီးကို ဟလိုက်ရာ အမည်းရောင်လေပြင်းတစ်ခုမှာ ရေစီးကြောင်းပမာ စီးထွက်လာပြီး ဧရာမ အမည်းရောင် တိမ်တိုက်ကြီးတစ်ခုအဖြစ် ပြောင်းလဲကာ လူတိုင်း၏ တိုက်ခိုက်မှုများကို ဆီးကြိုလိုက်သည်။

ကျားမိစ္ဆာသည် လူတိုင်း၏ လေဝဲများ၊ ဝိညာဉ်မြှားများနှင့် မီးလျှံများကို အလွယ်တကူပင် ရစ်ပတ်ကာ ဝါးမြိုပစ်လိုက်တော့သည်။ ဟန်ထောင်မုန့်နှင့် ကျန်လူများမှာ သူတို့၏ အင်အားအားလုံးကို ထုတ်သုံးထားသော်လည်း ရေပြင်ပေါ်တွင် လှိုင်းအနည်းငယ်မျှပင် ထအောင် မလုပ်နိုင်ခဲ့ချေ။

ဂျွတ်

ကျားမိစ္ဆာသည် မန္တန်ထုတ်ဖော်နေစဉ်မှာပင် ကြေးနီအလောင်းကို နင်းထားသော အင်အားကို တိုးလိုက်ရာ အရိုးကျိုးသံမှာ ပီပီသသ ထွက်ပေါ်လာသည်။

ဖူးး...

သူ၏ အလောင်းမှာ ပြင်းထန်စွာ ဒဏ်ရာရသွားသဖြင့် ဟန်ထောင်မုန့်၏ မျက်နှာမှာ ချက်ချင်းပင် ဖြူလျော့သွားပြီး သွေးတစ်လုပ် အန်ချလိုက်ကာ မျက်လုံးများလန်လျက် သတိလစ်သွားတော့သည်။

“သေစမ်း”

အခွင့်အရေးကို စောင့်ကြည့်နေပြီး ဘာမှမလုပ်သေးသော ဟူကျားဝေသည် သူ၏ လက်အင်္ကျီအတွင်းမှ ငွေရောင်အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်ရာ ကျားမိစ္ဆာ၏ လည်ချောင်းဆီသို့ တည့်တည့်မတ်မတ် ဦးတည်သွားတော့သည်။

သူ ထိန်းချုပ်လိုက်သည်မှာ အလွန်ပင် ရက်စက်ပြင်းထန်လှသော ပျံလွှားဓားတစ်လက် ဖြစ်သည်။

ထိုအချိန်တွင် ကျားမိစ္ဆာသည် တိုက်ခိုက်လာသော မန္တန်များကို ဖယ်ရှားပြီး ကြေးနီအလောင်းကို ဖိနှိပ်ထားဆဲဖြစ်ရာ ၎င်း၏ စွမ်းအင်အရှိန်အဝါမှာ အနည်းငယ် လျော့ပါးနေသည့် အခိုက်အတန့်ပင်။

ဟူကျားဝေ၏ တိုက်ကွက်မှာ အချိန်ကိုက်လွန်းလှသဖြင့် ပျံလွှားဓားသည် ကျားမိစ္ဆာ၏ ခန္ဓာကိုယ်သို့ ထိမှန်တော့မည့်အလား ဖြစ်သွားသည်။ ဂိုဏ်းကြီး၏ အမွေခံတပည့်ပီပီ ဟူကျားဝေ၏ အခွင့်အရေးကို အသုံးချနိုင်စွမ်းမှာ အံ့မခန်းလှပေ။

သို့သော် မထင်မှတ်ဘဲ ကျားမိစ္ဆာ၏ ကျောပြင်မှ အဖြူရောင် အရိုးဆူးတစ်ခုသည် ဝုန်းခနဲ ပျံထွက်လာပြီး ပျံလွှားဓားကို ချွမ်းခနဲ အသံနှင့်အတူ တားဆီးလိုက်သည်။ ထို့နောက် ဓားကိုပါ ပြန်လည်ဖိနှိပ်ထားလိုက်ရာ ကျားမိစ္ဆာ၏ ခန္ဓာကိုယ်အနားသို့ တစ်လက်မမျှပင် တိုးမရတော့ချေ။

“ဒါ... ဒါက ပင်ကိုယ်စွမ်းအားထိန်းချုပ်အရိုးလက်နက်ပဲ။ သူက မိစ္ဆာဗိုလ်ချုပ်အဆင့်ကို တက်လှမ်းဖို့ ခြေတစ်လှမ်းပဲ လိုတော့တာပဲ”

ဟူကျားဝေက ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်သည်။

မိစ္ဆာမျိုးနွယ်စုများတွင် မိစ္ဆာဗိုလ်ချုပ်အဆင့်သည် လူသားကျင့်ကြံသူများ၏ အခြေခံတည်ဆောက်ခြင်းအဆင့်နှင့် အဆင့်ချင်း တူညီသည်။ မိစ္ဆာဗိုလ်ချုပ်အဆင့်ကို ရောက်ရန် ခြေတစ်လှမ်းအလိုသာရှိသော မိစ္ဆာတစ်ကောင်၏ ကျင့်ကြံမှုမှာ သာမန် ဝိညာဉ်သန့်စင်ခြင်း အဆင့်မြင့်ကျင့်ကြံသူများထက် များစွာသာလွန်လှပြီး အခြေခံတည်ဆောက်ခြင်းအဆင့်၏ အောက်တွင်မူ ပြိုင်ဘက်ကင်းသလောက် ဖြစ်နေ၏။

သို့သော် ဟူကျားဝေမှာ နောက်ဆုတ်လိုစိတ် မရှိဘဲ ပြတ်သားစွာပင် “မင်းတို့ ဟန်ထောင်မုန့်ကို ခေါ်ပြီး ပြေးကြတော့။ ငါ သူ့ကို တိုက်ခိုက်ပြီး တားထားမယ်” ဟု ပြောလိုက်သည်။

ဟူကျားဝေမှာ ထွက်ပြေးချင်စိတ် မရှိခြင်းမဟုတ်ပေ။

သို့သော် ယခုအချိန်တွင် တစ်စုံတစ်ယောက်က ပြတ်ပြတ်သားသား ရှေ့ထွက်မတားဆီးပါက အလောင်းခြောက်ထိန်းချုပ်ရေးဂိုဏ်းသားအားလုံးမှာ ဤနေရာတွင် အမြစ်ပြတ်သုတ်သင်ခံရမည်ကို သိနေသောကြောင့်ပင်။ သူသည် ကျားမိစ္ဆာ၏ အရိုးဆူးကာကွယ်မှုကို ဖောက်ထွက်နိုင်ရန် ပျံလွှားဓားကို အစွမ်းကုန် ကြိုးစားထိန်းချုပ်နေသည်။

ဝူး...

ကျားမိစ္ဆာ၏ ကွေးညွတ်နေသော ကျောပြင်မှ နောက်ထပ် အရိုးဆူးတစ်ခုသည် ရုတ်ချည်း ပျံထွက်လာပြီး မျှော်လင့်ချက်ကင်းမဲ့နေသော ဟူကျားဝေထံသို့ ဦးတည်သွားတော့သည်။

ချွမ်း….

အရေးကြီးသော ထိုအခိုက်အတန့်တွင် ပုံရိပ်တစ်ခုမှာ ဟူကျားဝေ၏ ရှေ့တွင် အကာအကွယ်အဖြစ် ရောက်ရှိလာပြီး ထိုအရိုးဆူးကို ရိုက်ထုတ်လိုက်သည်။

“မင်းတို့ သူတို့ကို ကာကွယ်ထားလိုက်။ ငါ သူ့ကို သတ်လိုက်မယ်”

အံ့အားသင့်ပြီး နားမလည်နိုင်သော မျက်လုံးများဖြင့် ကြည့်နေကြသော ဟူကျားဝေ၊ ယို့ချင်းယီနှင့် ပိယောင်ယောင်တို့၏ ရှေ့မှောက်တွင် လုံယီသည် အရပ်ကို ဆန့်ထုတ်ကာ မည်သူမျှ မယှဉ်နိုင်သော အရှိန်အဝါရှိသည့် ကျားမိစ္ဆာကြီးထံသို့ လျင်မြန်စွာ ပြေးဝင်သွားတော့သည်။

စတင်တွေ့ဆုံချိန်မှ လုံယီ ရှေ့သို့ ပြေးထွက်သွားချိန်အထိ အသက်ရှူသွင်းရှူထုတ် နှစ်ကြိမ်၊ သုံးကြိမ်စာမျှသာ ကြာမြင့်ခဲ့သော်လည်း အခြေအနေများမှာ များစွာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ စူးယုံမှာ အသက်ဆုံးရှုံးခဲ့ရပြီး ဟန်ထောင်မုန့်မှာလည်း ဒဏ်ရာကြောင့် သတိလစ်သွားခဲ့ကာ အလယ်အလတ်အဆင့် ကျင့်ကြံသူများဖြစ်သော ယို့ချင်းယီနှင့် ပိယောင်ယောင်တို့မှာလည်း တိုက်ခိုက်နိုင်စွမ်း အကန့်အသတ်ရှိနေကာ ဟူကျားဝေတစ်ဦးသာ တိုက်ပွဲဝင်နိုင်ရန် ခွန်အားကျန်ရှိတော့သည်။

ထိုခဏအတွင်းမှာပင် လုံယီသည် ပတ်ဝန်းကျင်ရှိ မိစ္ဆာအားလုံးကို ရှင်းလင်းလိုက်ပြီး အဖွဲ့သားများအတွက် ယာယီ ဘေးကင်းရာကို ဖန်တီးပေးခဲ့သည်။

ထို့ပြင် သူသည် နည်းဗျူဟာပိုင်းအရလည်း ကြိုတင်ပြင်ဆင်ထားခဲ့သည်။ သူသည် အဆင့်မြင့် ပုဆိန်ပညာရပ်ဖြစ်သော ဝိညာဉ်ဝါးမြိုခြင်းကို ထုတ်ဖော်လိုက်သည်။ မိစ္ဆာများကို သတ်ဖြတ်နေစဉ်မှာပင် သူတို့၏ ချီစွမ်းအင်များကို သူ၏ရင်ဘတ်အတွင်း၌ စုစည်းလိုက်ရာ ရင်ဘတ်မှာ အောင့်လာသည်အထိ စွမ်းအားများ ပြည့်လျှံနေတော့သည်။

အလွန်အင်အားကြီးမားလှသော ဤကျားမိစ္ဆာကြီးနှင့် ရင်ဆိုင်ရရာတွင် လုံယီအနေဖြင့် အနိုင်ရရန် ရာနှုန်းပြည့် အာမမခံနိုင်သော်လည်း သူ၏ အောင်နိုင်ခြေကို မြှင့်တင်နိုင်မည့် အခွင့်အရေးတိုင်းကို ဖမ်းဆုပ်ထားရန် လိုအပ်လှသည်။

အခန်း။ ၃၃၆

ဝူး...

လုံယီ၏ အရှိန်မှာ အစောပိုင်းက ကြေးနီအလောင်းထက်ပင် ကျော်လွန်သွားပြီး ရှေ့သို့ တိုးဝင်သွားစဉ်တွင် အဖြူရောင် လေစီးကြောင်းများပင် အကြီးအကျယ် ထွက်ပေါ်လာသည်။

ဤသည်ကို မြင်လိုက်ရသောအခါ ဟူကျားဝေနှင့် ကျန်လူများ၏ မျက်ဝန်းထဲတွင် အံ့ဩတုန်လှုပ်မှုများ ပြည့်နှက်သွားတော့သည်။

လုံယီ တစ်စုံတစ်ယောက်ကို အစွမ်းကုန် တိုက်ခိုက်သည်ကို သူတို့ မြင်ဖူးခြင်းမှာ ယခု ပထမဆုံးအကြိမ်ပင်။

အထူးသဖြင့် ယို့ချင်းယီမှာ လွန်ခဲ့သောတစ်ခေါက်က ဝိညာဉ်သန့်စင်ခြင်း အဆင့်မြင့်မိစ္ဆာကျင့်ကြံသူကြီး လျှို့ဝှက်စွာ ပျောက်ကွယ်သွားခဲ့ပုံကို ပြန်လည်အမှတ်ရလိုက်မိသည်။ ထိုစဉ်

ကတည်းက ထိုသူ၏သတင်းကို မကြားရတော့ချေ။

ယခုအခြေအနေကို ကြည့်ခြင်းအားဖြင့် ထိုမိစ္ဆာကျင့်ကြံသူကို လုံယီကိုယ်တိုင် သတ်ပစ်ခဲ့ခြင်းဖြစ်ရန် အခွင့်အလမ်း အလွန်များနေသည်။

ဤသို့ တွေးမိလိုက်သည်နှင့် ယို့ချင်းယီ၏ ရင်ထဲတွင် မျှော်လင့်ချက်အလင်းတန်းလေးတစ်ခု ဖြစ်ပေါ်လာသည်။ လုံယီအနေဖြင့် ပြီးခဲ့သည့်တစ်ခေါက်ကကဲ့သို့ပင် အခြေအနေကို ပြောင်းပြန်လှန်ပေးနိုင်လိမ့်မည်ဟု သူမ ဆုတောင်းနေမိသည်။

မိစ္ဆာအုပ်ကြီး ဝိုင်းရံထားသော ယခုကဲ့သို့ အကျပ်အတည်းတွင် ဝိညာဉ်သန့်စင်ခြင်း အလယ်အလတ်အဆင့်သာရှိသော သူမနှင့် ပိယောင်ယောင်တို့မှာ ဘာမှမတတ်နိုင်ကြချေ။ အလယ်အလတ်အဆင့်နှင့် အဆင့်မြင့်အဆင့်ကြားတွင် သိသိသာသာ ကွာခြားချက်ရှိသလို အခုရင်ဆိုင်နေရသော ကျားမိစ္ဆာမှာ ဝိညာဉ်သန့်စင်ခြင်း၏ အမြင့်ဆုံးအဆင့်နှင့်ပင် တန်းတူညီမျှနေသည်။

ဝူး...

လုံယီ၏ ပုံရိပ်မှာ လေထဲတွင် လျင်မြန်စွာ ပြောင်းလဲသွားပြီး အရိပ်ပေါင်းများစွာအဖြစ် ကွဲထွက်သွားကာ မျက်စိတစ်မှိတ်အတွင်းမှာပင် မီတာတစ်ရာခန့် ခရီးကို ဖြတ်ကျော်လျက် အရိုးဆူးကျားမိစ္ဆာကြီးထံသို့ ချဉ်းကပ်သွားတော့သည်။

ကျားမိစ္ဆာ၏ မျက်ဝန်းထဲတွင်လည်း အံ့ဩရိပ်တစ်ခု ဖြတ်သန်းသွားပြီး ပထမဆုံးအကြိမ်အဖြစ် စကားစပြောလာတော့သည်။

“လူသားမျိုးနွယ်ထဲမှာ ဒီလောက်အစွမ်းထက်တဲ့ ကိုယ်ခံပညာရှင်တစ်ယောက်နဲ့ ကြုံရလိမ့်မယ်လို့ ငါတစ်ခါမှ မမျှော်လင့်ထားခဲ့ဘူး။ ဒါဟာ နှစ်ပေါင်း သုံးရာအတွင်းမှာ ပထမဆုံးအကြိမ်ပဲ"

ကျားမိစ္ဆာ၏ အသံမှာ နက်ရှိုင်းပြီး ပဲ့တင်ထပ်သွား၏။ သူ၏ စကားအရ သူ၏ အသက်မှာ နှစ်ပေါင်း သုံးရာကျော်နေပြီဖြစ်ရာ သာမန်ကျားတစ်ကောင်၏ သက်တမ်းထက် ဆယ်ဆကျော် ပိုမိုရှည်လျားနေခြင်းပင်။

“ဒါပေမဲ့ ငါ့ရဲ့ နှစ်ပေါင်းများစွာ အတွေ့အကြုံအရတော့... လူတစ်ယောက်က နားမလည်နိုင်တဲ့အရာတွေ ဒါမှမဟုတ် ယုတ္တိမရှိတဲ့အရာတွေအပေါ်မှာ ကြောက်ရွံ့ရိုသေစိတ် ရှိသင့်တယ်။ မဟုတ်ရင်တော့ ကံဆိုးမှုတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်"

ကျားမိစ္ဆာ၏ မျက်ဝန်းထဲတွင် ကောက်ကျစ်သော အရိပ်အယောင်တစ်ခု ပေါ်လာပြီး သူသည် နောက်သို့ ဆုတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သွေးအေးစက်စက်နှင့် ပါးစပ်ကြီးကို ဟလိုက်ကာ ကောင်းကင်ပေါ်ရှိ လုံယီထံသို့ အမည်းရောင်လေပြင်းများကို အရှိန်အဟုန်ဖြင့် မှုတ်ထုတ်လိုက်တော့သည်။

ထိုအမည်းရောင်လေပြင်းများသည် ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းသွားရာ လုံယီအနေဖြင့် မည်သည့်အရပ်သို့ ဦးတည်ချက်ပြောင်းပါစေ ထွက်ပြေးလွတ်မြောက်ရန် မည်သို့မျှ မဖြစ်နိုင်တော့ချေ။ လေပြင်းများသည် လုံယီသွားနိုင်သမျှ လမ်းကြောင်းအားလုံးကို ပိတ်ဆို့ထားတော့သည်။

ကျားမိစ္ဆာသည် လုံယီကို အနီးကပ်တိုက်ခိုက်ခွင့်ပေးရန် အစီအစဉ်မရှိဘဲ အန္တရာယ်ကို အစကတည်းက အမြစ်ဖြတ်ရန် ကြိုးပမ်းလိုက်ခြင်းပင်။

“တောက်... တကယ့်ကို ကောက်ကျစ်တဲ့ကောင်ပဲ”

ဟူကျားဝေက ဒေါသတကြီး အော်ဟစ်လိုက်သည်။

တောဘုရင်ဟု အမည်တွင်သော ကျားမိစ္ဆာတစ်ကောင်က ဤမျှအထိ သတိကြီးလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။ သို့သော် ပြန်စဉ်းစားကြည့်လျှင် နှစ်ပေါင်း သုံးရာကျော် သက်တမ်းတစ်လျှောက် ရှင်သန်လာခဲ့သည်မှာ အကြောင်းမဲ့မဟုတ်ဘဲ ဤကဲ့သို့ သတိဝီရိယရှိမှုကြောင့်သာ ရှင်သန်နိုင်ခဲ့ခြင်းပင်။

ယို့ချင်းယီနှင့် ပိယောင်ယောင်တို့၏ မျက်ဝန်းထဲတွင်မူ ပြင်းထန်သော မျှော်လင့်ချက်မဲ့မှုများ အရိပ်အယောင်ပေါ်လာသည်။ ကျားမိစ္ဆာ၏ အမည်းရောင်လေပြင်းမန္တန်သည် ကျောက်ခဲများကိုပင် ကြေမွစေနိုင်ပြီး ဝိညာဉ်များကိုပင် ဖျက်ဆီးနိုင်သည်ကို သူတို့ စောစောက မြင်တွေ့ခဲ့ရပြီးဖြစ်သည်။

သာမန် သွေးသားခန္ဓာကိုယ်တစ်ခုက ဘယ်လိုလုပ် တောင့်ခံနိုင်မှာလဲ။

တိုက်ပွဲမြေပြင်တွင်မူ ကျားမိစ္ဆာ မှုတ်ထုတ်လိုက်သော အမည်းရောင်လေပြင်းများသည် လုံယီထံသို့ နီးကပ်လာကာ လုံယီ ထွက်ပြေးနိုင်ခြေရှိသည့် လမ်းကြောင်းအားလုံးကို ဝါးမြိုပိတ်ဆို့လိုက်တော့သည်။

ထိုလေပြင်းများကြားတွင် အရုပ်ဆိုးအကျည်းတန်လှသော ဦးခေါင်းပျက်များမှာ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာနေသည်။ သားရဲများ၊ ငှက်များနှင့် လူသားများ၏ ဦးခေါင်းများဖြစ်ရာ ၎င်းတို့မှာ ကျားမိစ္ဆာ သတ်ဖြတ်ခဲ့သမျှ သတ္တဝါတို့၏ ဝိညာဉ်များပင်။

တစ်ချိန်တည်းမှာပင် အော်ဟစ်သံများ၊ ငိုယိုသံများ၊ ဟိန်းဟောက်သံများနှင့် ကျိန်ဆဲသံများမှာ အဆက်မပြတ် ထွက်ပေါ်လာပြီး လူတစ်ယောက်၏ စိတ်ဓာတ်ကို တုန်လှုပ်စေကာ ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေသည်။ စိတ်ဓာတ်မခိုင်မာသူဖြစ်ပါက ထိုလေပြင်းနှင့် မထိတွေ့မီမှာပင် စိတ်ရူးပေါက်ကာ အရူးဖြစ်သွားနိုင်သည်။

သို့သော် လုံယီသည် ထွက်ပြေးစရာ လမ်းမရှိသည်ကို မြင်သော်လည်း နောက်မဆုတ်ဘဲ ထိုလေပြင်းများကြားထဲသို့ပင် ရှေ့တိုး၍ ဝင်ရောက်သွားတော့သည်။

ချက်ချင်းပင် တစ်ကမ္ဘာလုံးမှာ ဆူညံလှသော အမည်းရောင် နယ်မြေတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အေးစက်လှသော အရှိန်အဝါများနှင့် ကျိန်ဆဲသံများမှာ သူ့ကို လုံးဝဥဿုံ ဝါးမြိုဖျက်ဆီးရန် တိုးဝှေ့လာကြသည်။

နတ်ဘုရားတို့၏ ပြစ်ဒဏ်ခတ်မှုကဲ့သို့သော တိုက်ခိုက်မှုမျိုးနှင့် ရင်ဆိုင်ရချိန်တွင် လုံယီသည် စကားနှစ်လုံးကိုသာ အသာအယာ ပြောလိုက်သည်။

“လေငြိမ်သက်ခြင်း”

လုံယီ၏ ခန္ဓာကိုယ်အတွင်း၌ ထူးဆန်းအံ့ဩဖွယ်ကောင်းသော ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသည်။ သူ့ကို ဝါးမြိုတော့မည့် အမည်းရောင်လေပြင်းများသည် ခိုင်မာလှသော ကျောက်ဆောင်ကြီးတစ်ခုနှင့် တိုးမိသွားသကဲ့သို့ပင်။

လေပြင်းအများစုမှာ ဘေးဘက်များသို့ လွင့်စင်သွားကြပြီး ၁၀ ရာခိုင်နှုန်းခန့်သာ လုံယီ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်နိုင်တော့သည်။

“အသားအရေ မာကျောခြင်း”

လုံယီသည် အရေပြားသန့်စင်ခြင်းပညာကို စတင်အသက်သွင်းလိုက်ရာ သူ၏ ကိုယ်တွင်းကြွက်သားများမှာ သိသိသာသာ ထူထပ်သန်မာလာပြီး အရေပြားမှာလည်း သတ္တုရောင်ကဲ့သို့ မီးခိုးရောင်ရင့်ရင့် အဆင်းသို့ ပြောင်းလဲသွားတော့သည်။

သာမန် အရေပြားမည်းကိုယ်ခံပညာရှင်တစ်ဦး၏ ခုခံနိုင်စွမ်းသည်ပင် လူ့လောကရှိ အမာကျောဆုံးသော နက်မှောင်သံမဏိကို တောင့်ခံနိုင်စွမ်းရှိသည်။ လုံယီ၏ အားကောင်းလှသော ချီစွမ်းအင်နှင့်ဆိုပါက ကောင်းကင်မှကျလာသော ဥက္ကာခဲသံပင်လျှင် သူ၏ခုခံမှုကို ဖောက်ထွက်ရန် ခဲယဉ်းပေလိမ့်မည်။

“ကျောက်သားအသွင်ပြောင်းခြင်း”

ပင်ကိုယ်စွမ်းရည်ဖြစ်သော ကျောက်သားအသွင်ပြောင်းလဲခြင်း အသက်ဝင်လာကာ အရေပြားသန့်စင်ခြင်းပညာဖြင့် အားဖြည့်ထားပြီးသော အရေပြားမျက်နှာပြင်သည် ဒုတိယအကြိမ်မြောက် အသွင်ပြောင်းလဲမှုကို ခံယူလိုက်ရသည်။

၎င်းသည် မီးခိုးရောင်ရင့်ရင့်မှသည် ငွေရောင်သန်းသော အနီရင့်ရောင်သို့ ပြောင်းလဲသွားပြီး မာကျောမှုမှာလည်း သာမန်ထက် များစွာသာလွန်သော အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားသည်။ ယခင်အတွေ့အကြုံများအရ ထူးခြားသောစွမ်းရည်မပါဝင်သည့် သာမန်ဝိညာဉ်လက်နက်များမှာ ဤအရေပြားကို ဖောက်နိုင်ရန် အလွန်ပင် ခဲယဉ်းလှသည်။

“ရွှေရောင်ချပ်ဝတ်”

ထို့နောက် ငွေရောင်သန်းသော အနီရင့်ရောင်အရေပြားပေါ်တွင် ထူထဲလှသော ရွှေရောင် ဦးချိုသားလွှာတစ်ခုမှာ လုံယီ၏ခန္ဓာကိုယ်ကို အနီးကပ်ဖုံးအုပ်သွားသည်။ ဤအလွှာ၏ ခိုင်ခံ့မှုမှာ သာမန်မန္တန်များ ဖောက်ထွက်ရန် မဖြစ်နိုင်သလောက်ရှိရာ လုံယီအတွက် တတိယမြောက် အကာအကွယ်အလွှာ ဖြစ်လာတော့သည်။

“မြေကမ္ဘာအထွတ်အထိပ်”

လုံယီ၏ ခန္ဓာကိုယ်အတွင်း၌ မြေကမ္ဘာအထွတ်အထိပ် အသက်ရှူခြင်းအတတ်မှာ အရှိန်အဟုန်ဖြင့် စီးဆင်းနေပြီး ခန္ဓာကိုယ်မှ နီရဲနေသည့် စစ်မှန်သောခွန်အားများ ထွက်ပေါ်လာသည်။ ချက်ချင်းဆိုသလိုပင် မြင်သာသော လေထုအလွှာတစ်ခုမှာ သူ့ကို တင်းတင်းကျပ်ကျပ် ဝန်းရံသွားကာ စတုတ္ထမြောက် အကာအကွယ်အလွှာကို ဖန်တီးပေးလိုက်သည်။

“ဇွဲနပဲ”

ပိုမိုစိတ်ချရစေရန်အတွက် ပင်ကိုယ်စွမ်းရည်ဖြစ်သော ဇွဲနပဲကိုလည်း အသက်သွင်းလိုက်သည်။ ရရှိလာမည့် ထိခိုက်ဒဏ်ရာအားလုံး၏ ၈၀ ရာခိုင်နှုန်းကို စုပ်ယူဖယ်ရှားပစ်နိုင်ပြီး ကျန်ရှိသော ၂၀ ရာခိုင်နှုန်းသာ ခန္ဓာကိုယ်အတွင်းသို့ ရောက်ရှိနိုင်တော့မည်ဖြစ်သည်။ ဤသည်မှာ လုံယီ၏ ပဉ္စမမြောက် ကွယ်ဝှက်ထားသော အကာအကွယ်အလွှာပင်။

ထို့ကြောင့် သာမန်လူတို့၏မျက်စိတွင်မူ ကြောက်မက်ဖွယ်ကောင်းသော အမည်းရောင်လေပြင်းများသည် လုံယီနှင့် ထိတွေ့မိသည်နှင့် အရူးအမူး လွင့်စဉ်ထွက်သွားကြတော့သည်။

လေပြင်း၏ ၁၀ ရာခိုင်နှုန်းခန့်သာ လုံယီကို တိုက်ရိုက်ထိမှန်ခဲ့ပြီး ထိုအထဲမှ ၅၀ ရာခိုင်နှုန်းကျော်ကို နီရဲသော စစ်မှန်သောခွန်အားက ခြေဖျက်ပစ်လိုက်သည်။ ကျန်ရှိသော ၄၀ ရာခိုင်နှုန်းခန့်မှာ ရွှေရောင်အလွှာကို အနည်းငယ်မျှသာ အရည်ပျော်စေနိုင်ခဲ့သည်။

နောက်ဆုံးတွင် ကျောက်သားအသွင်ပြောင်းထားသော အရေပြားပေါ်သို့ ကျရောက်လာသည့် စွမ်းအားမှာ အနည်းငယ်မျှသာဖြစ်ရာ လေပြေအေးလေး တစ်ချက်ဝှေ့လိုက်သကဲ့သို့ အေးမြရုံမျှသာ ခံစားလိုက်ရတော့သည်။

အမည်းရောင်လေပြင်းများအတွင်းရှိ အရုပ်ဆိုးလှသော ဦးခေါင်းပျက်များမှာလည်း အော်ဟစ်ဆူညံသံများကို ချက်ချင်းရပ်တန့်သွားကြပြီး မျက်လုံးများအပြူးသားဖြင့် အံ့အားသင့်သွားကြတော့သည်။

လုံယီမှာမူ ထိုလေပြင်းများကြားမှ မည်သည့်ဒဏ်ရာမျှမရဘဲ အေးအေးဆေးဆေး လမ်းလျှောက်ထွက်လာခဲ့သည်။

နောက်တစ်ခဏတွင်...

“မြေကမ္ဘာအထွတ်အထိပ်”

“ရွှေရောင်ချပ်ဝတ်”

နီရဲသော စစ်မှန်သောခွန်အားနှင့် ရွှေရောင် ဦးချိုသားလွှာများမှာ ချက်ချင်းပင် ပြန်လည်ဖြစ်ပေါ်လာပြီး အရင်အတိုင်း အကာအကွယ်ငါးလွှာအသွင်သို့ ပြန်ရောက်သွားတော့သည်။ အခြားသူများ၏ အမြင်တွင်မူ လုံယီမှာ တစ်ကိုယ်လုံး နီရဲသော အလင်းတန်းများ ဝင်းလက်နေပြီး တောက်ပနေသည့် ထူးဆန်းသော ရွှေရောင်လူသားလေးတစ်ဦးအဖြစ် ပြောင်းလဲသွား၏။

“ဂျူနီယာညီလေးလုံ... သူ ဘာမှမဖြစ်ဘူး”

ကျားမိစ္ဆာ၏ မန္တန်ကြားမှ လုံယီ အကောင်းပကတိအတိုင်း ထွက်လာသည်ကို မြင်လိုက်ရသောအခါ ဟူကျားဝေမှာ ခဏတာ ကြောင်အသွားရသည်။ သူ၏ နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သော အတွေ့အကြုံများအရ လုံယီ မည်သို့ အသက်ရှင်ကျန်ရစ်ခဲ့သည်ကို သူ လုံးဝစဉ်းစား၍ မရနိုင်တော့ချေ။

“သူ ဘာမှမဖြစ်ဘူး”

ယို့ချင်းယီ၏ နီရဲနေသော မျက်ဝန်းများမှာ ပိုမိုနီမြန်းလာပြီး ဝမ်းသာမျက်ရည်များပင် ဝဲတက်လာတော့သည်။ သူမသည် စိတ်ထဲတွင် လုံယီအပေါ် တိတ်တခိုး သံယောဇဉ်ရှိနေခဲ့သူပင်။

လွန်ခဲ့သော မိနစ်ပိုင်းက လုံယီ သေဆုံးတော့မည်ဟု ထင်မှတ်ကာ သူမကိုယ်တိုင်လည်း အသေခံတိုက်ရန်ပင် ပြင်ဆင်ထားခဲ့ခြင်းပင်။ မဖြစ်နိုင်သောအရာကို ဖြစ်အောင်လုပ်ပြကာ အမည်းရောင်လေပြင်းကြားမှ ဘေးကင်းစွာ ထွက်လာနိုင်လိမ့်မည်ဟု သူမ တစ်ခါမှ မတွေးဝံ့ခဲ့ချေ။

ပိယောင်ယောင်မှာမူ သူမ၏ မျက်လုံးအစုံဖြင့် လုံယီကို ကြည့်နေရင်း ယခင်က မရှိဖူးသော လေးစားအားကျမှုများ ပေါ်ပေါက်လာသည်။ သူမ နားမလည်နိုင်သော ဤလူမှာ ပိုမိုကြည်ညိုစရာကောင်းလာပြီး ပို၍ပင် လျှို့ဝှက်ချက်များ ပြည့်နှက်နေတော့သည်။

“မဖြစ်နိုင်တာ”

ကျားမိစ္ဆာက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

“ဝိညာဉ်လက်နက်လည်း မပါဘဲနဲ့ ဝိညာဉ်သန့်စင်ခြင်း ဒုတိယအဆင့်လေးနဲ့ ငါ့ရဲ့ ယင်လေပြင်းကို မင်း ဘယ်လိုလုပ် ခံနိုင်ရည်ရှိတာလဲ။ လူသားတွေရဲ့ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူကြီးတွေတောင်မှ ဒီထဲကို အမှတ်မထင် ဝင်ရဲကြတာမဟုတ်ဘူး”

“သေစမ်း... လူသားစုတ်”

ဒေါသထွက်နေသော ကျားမိစ္ဆာသည် သူ၏ကျောပြင်မှ အဖြူရောင် အရိုးဆူး ရှစ်ခုလုံးကို ပစ်လွှတ်လိုက်ရာ ကောင်းကင်ကို ခွဲခြမ်းလျက် လုံယီထံသို့ ဦးတည်သွားတော့သည်။

ဝူး... ဝူး... ဝူး

အရိုးဆူး တစ်ခုတည်းကပင် ဟူကျားဝေ၏ ပျံလွှားဓားကို ဖိနှိပ်နိုင်စွမ်း ရှိခဲ့သည်။ ယခု အရိုးဆူး ရှစ်ခုဆိုသည်မှာ ပျံလွှားဓား ရှစ်လက်ဖြင့် လုံယီကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ခြင်းနှင့် အတူတူပင်။

အမည်းရောင်လေပြင်းကြားမှ ထွက်လာရုံရှိသေးသော လုံယီမှာ ယခုအခါ ကြောက်မက်ဖွယ်ကောင်းသော အရိုးဆူးများ၏ ဝိုင်းရံတိုက်ခိုက်မှုကို ရင်ဆိုင်ရပြန်ပြီ ဖြစ်သည်။ အသားစများ တစ်စစီပြတ်တောက်သွားရန်မှာ အရှိန်အဟုန်အရှိဆုံး ဖြစ်နိုင်ခြေပင်။

“မကောင်းတော့ဘူး”

ဟူကျားဝေက ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်ပြီး ယို့ချင်းယီနှင့် ပိယောင်ယောင်တို့၏ မျက်ဝန်းများတွင်လည်း စိုးရိမ်မှုများဖြင့် ပြည့်နှက်သွားတော့သည်။

All Chapters