တတိယနည်းလမ်း
Vol. 4 Ch. 50
ထိုညသည် လရောင်ကင်းမဲ့၍ လေမုန်တိုင်းထန်သော ည ဖြစ်သည်။
လေမုန်တိုင်းသည် လေပြည်စီးကြောင်း မြို့တော်နံရံများကို အလျင်အမြန် ဖြတ်တိုက်သွား၏။ ဒေါသထွက် နေသည့်အလား မြေပြင်ပေါ်ရှိ ဖုန်မှုန့်များကို ပင့်တိုက်လိုက်ချိန် ကောင်းကင်ပေါ်မှ လပင် ဖုံးကွယ်သွားလေ၏။
ညဉ့်နက် သန်းခေါင်ယံရောက်သည့်တိုင် ရွှံ့မြေကျောက်သား မြို့တော်အတွင်း၌ များပြားလှသည့် လူအုပ်ကြီးက တစ်စုံတစ်ယောက်အား အသည်းအသန် ရှာဖွေနေကြ၏။ သို့သော် သူတို့ ကြက်ဉအစရှာမရသလို ဘယ်ကစရှာရမှန်း မသိသောကြောင့် စိတ်ပျက်နေကြပြန်သည်။ မိုးကုပ်စက်ဝိုင်းအား နေမင်း၏ ပထမဆုံးအလင်းတန်း ထွန်းလင်းသွားသည့်အချိန်မှ ၎င်းတို့အားလုံး ထွက်ခွာသွားကြလေတော့၏။
ပေလင်းသည်လည်း နက်မှောင်တောင်မျိုးနွယ်ဝင်များထံ အလွန်အမင်း ပင်ပန်းနွမ်းနယ်၍ သွေးဆုတ်ဖြူရော်နေသော အမူအရာနှင့် ပြန်လာခဲ့၏။ မနေ့ညတွင် သူ့မျက်ခုံးကြားမှ သွေး အမြောက်အမြား ဆုံးရှုံးခဲ့ရ၍ ခန္ဓာကိုယ်က မယုံနိုင်လောက်အောင် အားနည်းနေပြီ ဖြစ်သည်။ တိုတောင်းသော်လည်း ထိတ်လန့်ဖွယ်ကောင်းလွန်းသည့် တိုက်ပွဲကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသေး၏။
သူတို့အဖွဲ့ထံ တိုးဝင်လာသည့် လှံတံမှာ မိုးကြိုး သွားတစ်စင်းအလား ကမ္ဘာမြေကြီးကိုပင် တုန်လှုပ်သွားစေ၏။ ဝူစန်း၏ ရူးသွပ်သလို ဒေါသတကြီး ကြုံးဝါးသံကလည်း သူ့နားထဲတွင် ပဲ့တင်ထပ်နေသည်။ ပေလင်းအတွက်တော့ ဝူစန်းသည် လေပြည်စီးကြောင်းမျိုးနွယ်စု၏ ကောင်းချီးပေးခံရဆုံး ကလေးတစ်ယောက် ဖြစ်သည်။ နှစ်ယောက်စလုံး သွေးကြော ကျောက်သား အဆင့် ၆ ချင်း တူသော်လည်း ပေလင်းသည်ပင် ဝူစန်း၏ ပြိုင်ဘက်မဟုတ်ပေ။ ပြောရလျှင် သူ့အနေဖြင့် စိန်ခေါ်ဖို့ကိုပင် မဝံ့မရဲ။
ဝူစန်းသည် ပုံမှန် မာန်စွမ်းအင် ကျင့်ကြံခြင်း နည်းလမ်းတို့နှင့် လေ့ကျင့်ပေးခံရသူ မဟုတ်ပေ။ သူသည် ငယ်ငယ်လေးကတည်းက မာန်နတ်ဘုရား ရုပ်တုအား ကိုးကွယ်ခဲ့၏။ တိတိပပ ဆိုရလျှင် လေပြည်စီးကြောင်း မျိုးနွယ်စု၏ အထူးဆန်းဆုံး မာန်နတ်ဘုရား ရုပ်တုကို ကိုးကွယ်ခဲ့သူ ဖြစ်သည်။ ၎င်းနတ်ဘုရားရုပ်တုထံမှ အမွေရခဲ့သည့် နည်းလမ်းက အလောင်းကောင်များကို အသုံးပြု ကျင့်ကြံပြီး အလောင်းကောင်များ၏ မာန်သွေးများကို ပြောင်းလဲသွားအောင် လုပ်ပစ်ရမည့် နည်းလမ်း ဖြစ်သည်။ ထိုနည်းလမ်းသာ အောင်မြင်သွားပါက ကျင့်ကြံသူသည် မသေနိုင်သည့် ထာဝရ ခန္ဓာကိုယ်ကို ရရှိမှာ ဖြစ်၏။
"ဝူစန်းကို ဆန့်ကျင် တိုက်ခိုက်ဝံ့သူက ဘယ်သူ ဖြစ်မလဲ။ ငါ သူ့အစွမ်းကို သေချာ မခန့်မှန်းနိုင်ပေမဲ့ ဝူစန်းကို ထောင့်ကပ်သွားအောင် တိုက်ခိုက်နိုင်စွမ်း ရှိတဲ့သူက နာမည်ကြီး မာန်စွမ်းအားရှင် တစ်ယောက်ပဲ ဖြစ်လိမ့်မယ်။ သူက မဟူရာတောင်မျိုးနွယ်ဝင် တစ်ယောက်များ ဖြစ်နေမလား”
ပေလင်း၏ အကြည့်တို့ နက်ရှိုင်းနေသည်။ သူသည် နက်မှောင်တောင် မျိုးနွယ်ဝင်များ ကြားတွင် အစွမ်းထက်ဆုံး မာန်စွမ်းအားရှင် တစ်ယောက် ဖြစ်၏။ သို့သော် နက်မှောင်တောင် မျိုးနွယ်စုအပြင်ထွက်လိုက်သည်နှင့် သူ ဘာကောင်မှ မဟုတ်တော့။
ပေလင်းမှာ စိတ်ရှုပ်ထွေးခြင်း ကြီးစွာဖြင့် တည်းခိုအိမ်ကို ပြန်လာခဲ့၏။ မနက်ခင်း စမ်းသပ်ပွဲအတွက်လည်း မသေချာမှုများဖြင့် ပြည့်နှက်နေသည်။ သူ့အခန်းတံခါးကို ဖွင့်လိုက်သည်နှင့် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူ့တစ်ကိုယ်လုံး တုန်ယင်သွားပြီး မျက်စိသူငယ်အိမ်ပင် ကျုံ့ဝင်သွား၏။ သူ့ခန္ဓာကိုယ်ပေါ်မှ အမွေးအမှင်များ ထောင်ထလာပြီး မျက်နှာပေါ်တွင် ထိတ်လန့်မှုများ၊ မယုံကြည်မှုများနှင့် ပြည့်နှက်သွားလေသည်။
သူ့အခန်းထဲမှ စားပွဲပေါ်တွင် သွေးလုံးတစ်လုံး လွင့်မျောနေ၏။ ထိုသွေးလုံးမှ အစိမ်းရောင် အလင်းဖျော့ဖျော့ ထွက်ပေါ်နေသည်။ ၎င်းမှာ ပေလင်း၏ နဖူးကို ဝူစန်းထိပြီး ခန္ဓာကိုယ်မှ အတင်းအကျပ် ထုတ်ယူခဲ့သည့် သွေးလုံး ဖြစ်၏။
ပေလင်း ခေတ္တမျှ အံ့အားသင့်သွားသည်။ အနောက်သို့ ချက်ချင်း လှည့်ကြည့် လိုက်၏။ အမှောင်ထုသာ ရှိနေပြီး သူ့ဝန်းကျင်မှာ မယုံနိုင်လောက်အောင် တိတ်ဆိတ်နေလေ၏။ သူ့နှလုံးတို့ တဒုန်းဒုန်း တုန်လှုပ်နေ၏။ တစ်ခဏ တိတ်ဆိတ်နေပြီးနောက် အခန်းထဲသို့ ဝင်သွားပြီး စားပွဲပေါ်မှ ရင်းနှီးနေသည့် သွေးလုံးကို ကြည့်လိုက်သည်။
‘ဘယ်သူလဲ။ ဘာကြောင့် ငါ့ကိုကူညီခဲ့တာလဲ”
အတန်ကြာမှ ပေလင်းသည် လတ်ဆတ်နေဆဲဖြစ်သော သွေးလုံးကို ဆွဲယူလိုက်၏။ သွေးလုံးနှင့် သူ့လက် ထိလိုက်သည့်တခဏအတွင်း သွေးများက သူ့ကိုယ်ထဲ ပျော်ဝင်သွားကာ အပူလှိုင်းအဖြစ် ပြောင်းလဲသွား၏။ သူ ချက်ချင်း တင်ပျဉ်ချိတ်ထိုင်ချကာ သွေးကြောထဲမှ သွေးများကို လှည့်လည်လိုက်၏။
တစ်ချိန်တည်းတွင် နက်မှောင်တောင် မျိုးနွယ်စု တည်းခိုဆောင်ထဲမှ အခန်း တစ်ခန်းထဲတွင် စုမင်သည်လည်း တင်ပျဉ်ချိတ် ထိုင်လျက်ရှိ၏။ သူ့မျက်နှာမှာ ဖြူဖျော့နေပြီး နှုတ်ခမ်းထောင့်စွန်း၌ လတ်တလော စီးကျထားသည့် သွေးစအနည်းငယ် ပေနေလေသည်။
သို့သော် သူ့မျက်လုံးများမှာ မယုံနိုင်လောက်အောင် တောက်ပနေ၏။ ခေါင်းငုံ့ရင်း လက်ဖဝါးပေါ်မှ အစိမ်းရင့်ရောင် သွေးလုံးကို ကြည့်ရင်း သူ အေးတိအေးစက် ပြုံးလိုက်သည်။
"သူက လေပြည်စီးကြောင်းရဲ့ ပါရမီရှင်ကလေး ပေါ့လေ။ သူ့ကို ဘယ်သူမှ ကျော်တက်ခွင့် မရှိဘူး။ သူကသာ အားလုံးကို ကျော်တက်ခွင့် ရှိမယ်ပေါ့။ သူက ဒီလောက်လည်း မတော်ပါဘူး။ အကယ်၍ ငါသာ လှံတံနဲ့ တတိယမြောက် သွေးလောင်ကျွမ်းခြင်းကို အောင်မြင်ခဲ့ရင် သူ့ကိုအသေမသတ်နိုင်လည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင်တော့ လုပ်နိုင်ကောင်းရဲ့”
စုမင်က လက်တစ်ဖက်ကို မြှောက်ရင်း နှုတ်ခမ်းထောင့်မှ သွေးတို့ကို သုတ်လိုက်၏။ သူ့မျက်လုံးထဲတွင် ရက်စက်သည့် ပုံရိပ်တချို့ ဖြတ်ပြေးသွား၏။
“ငါ့ဒဏ်ရာက နည်းနည်း ပါးပါးလေးပါပဲ။ ချီ စွမ်းအင်ကို လည်ပတ်စေလိုက်တာနဲ့ သက်သာလာမှာ။ ဒါပေမဲ့ သူသုံးတဲ့ မာန်ပညာရပ်က အတော်လေးကို ထူးခြားဆန်းကြယ်တာပဲ”
မီးလောင်နေသော အလောင်းများနှင့် အစိမ်းရောင် မီးတောက်တို့၏ ပုံရိပ်များက စုမင်ခေါင်းထဲ ပြန်ပေါ်လာသည်။
“ဖြစ်နိုင်ရင် ပါရမီရှင် ဆိုတာတွေနဲ့ တွေ့လိုက်ချင်တယ်။ ဒါပေမဲ့ ဥမင်လိုဏ်ခေါင်းထဲမှာ ဝူစန်း ဘယ်လောက် ဒေါသထွက်နေလဲ ဆိုတာကို ကြည့်ရုံနဲ့တင် ဒီပစ္စည်းက သူ့အတွက် အရမ်း အရေးကြီးပုံပဲ”
စုမင်က သူ့လက်ထဲမှ အစိမ်းရင့်ရောင် သွေးလုံးကို ကြည့်ရင်း ပုလင်းငယ် တစ်ခုထဲသို့ ထည့်လိုက်၏။ ခဏစဉ်းစားပြီးနောက် လက်ကိုမြှောက်ပြီး လေထုအား ဆွဲဖမ်း ယူလိုက်၏။ ငွေမင်ရောင် လအလင်းမှာ တစ်နေရာမှ ထွက်ပေါ်လာပြီး ပုလင်းအား လွှမ်းခြုံသွားလေ၏။ ထို့နောက် အလင်းတန်းမှာ ပြန်ပျောက်သွားတော့သည်။
ပုလင်းငယ်လေးအား ရင်ဘတ်ထဲ ထည့်ပြီးသည်နှင့် သူ့မျက်လုံးများကို ပိတ်ပြီး ချီ စွမ်းအင်အား သူ့ခန္ဓာကိုယ်ထဲ လည်ပတ်စေလိုက်၏။
မကြာခင်အချိန်အတွင်း အမှောင်ကွယ်၍ တောက်ပသော လင်းရောင်ခြည်နှင့်အတူ နေ့သစ်တစ်ခု၏ မနက်ခင်းတစ်ခု ရောက်ရှိလာတော့သည်။
ယနေ့ နံနက်ခင်းသည် တခြားမနက်ခင်းတို့နှင့် မတူ။ အကြောင်းမှာ နှစ်အနည်းငယ်ကြာတိုင်း လေပြည်စီးကြောင်း မျိုးနွယ်စုမှ ကြီးမှူးကျင်းပသည့် စမ်းသပ်ပွဲ၌ အနီးအနားဒေသရှိ မျိုးနွယ်ဝင်အားလုံး ပါဝင်ယှဉ်ပြိုင်ဆင်နွှဲကြမည့် နေ့ထူးနေ့မြတ် ဖြစ်နေ၍ ဖြစ်သည်။
ယနေ့တွင် မာန်မျိုးနွယ်ဝင် လူငယ်အားလုံး မိမိ၏ အစွမ်းသတ္တိကို စမ်းသပ်ရင်း အများရှေ့မှောက် ပြသနိုင်မည့် အခွင့်အလမ်းတစ်ခု ဖြစ်၏။ ထိုမှတစ်ဆင့် လေပြည်စီးကြောင်း မျိုးနွယ်စု၏ အနာဂတ်ကိုလည်း ရှုမြင်သုံးသပ်နိုင်ပေသည်။
နံနက်ခင်းရောက်သည်နှင့် လေ့ချန်၊ ဝူလနှင့် ပေလင်းတို့သည် လေပြည်စီးကြောင်း မျိုးနွယ်စုမှ လမ်းပြဖြစ်သူ၏ လမ်းညွှန်မှုအောက်၌ အကြီးအကဲ၊ အစောင့်အရှောက် ခေါင်းဆောင်၊ ရှန့်ဟန်တို့နှင့်အတူ တည်းခိုအိမ်မှ ထွက်ခွာလာလေတော့၏။
စုမင်သည် အိမ်အပြင်ဘက်တွင် ရပ်နေရင်း သူတို့အဖွဲ့ ထွက်သွားသည်ကို ကြည့်နေခဲ့သည်။ လေ့ချန်က ယုံကြည်မှုအပြည့်ရှိသောဟန်နှင့် စုမင်အား လက်ဝှေ့ယမ်း ပြ၏။ မျက်နှာမှာ တည်ငြိမ်နေသော်လည်း အထင်အမြင်သေးသည့်ဟန်များ မသိမသာရှိနေသည့် ဝူလကိုလည်း စုမင် ကြည့်လိုက်သေး၏။ နှုတ်ဆိတ်နေသော ပေလင်းကိုလည်း ကြည့်လိုက်သည်။ သူ့မျက်နှာမှာ ကျန်းမာ၍ သွေးရောင်ပြန်လွှမ်းနေပေပြီ။ သို့သော် ပေလင်းမှာ စုမင်အား တစ်ချက်လေးမျှ မကြည့်ခဲ့ပေ။
အကြီးအကဲက နားလည်ရခက်သည့်အပြုံးနှင့် သူ့အားကြည့်ရင်း ခေါင်းတဆတ်ဆတ် ညိတ်ပြလိုက်သည်။ တစ်ဖက်တွင် နောင်တရနေသည့် အသွင်အပြင်နှင့် သူ့အား ကြည့်နေသည့် အစောင့်အရှောက် ခေါင်းဆောင် ရှိ၏။ နောက်ဆုံး တိတ်ဆိတ်နေသော်လည်း စူးရှသော မျက်လုံးပိုင်ရှင် ရှန့်ဟန်အား ကြည့်လိုက်၏။ ရှန့်ဟန်သည် စုမင်အား တစ်ခဏမျှ ပြန်ကြည့်လေသည်။
အားလုံး မြင်ကွင်းမှ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်အထိ စုမင်မှာ နေရာမှ မရွေ့ဘဲ ရပ်နေလိုက်သည်။ မကြာခင် သူ့ခန္ဓာကိုယ်နှင့် မျက်နှာအမူအရာ ပြောင်းလဲ သွား၏။ ခဏအကြာတွင် စုမင်မှာ ကြီးမားသော ပုံပန်းသဏ္ဌာန်ရှိသည့် လူတစ်ယောက် ဖြစ်သွားလေ၏။ သူ့အသားအရေမှာ အနည်းငယ် ညိုမှောင်ပြီး ကြမ်းတမ်းမာကျောနေသည်။ သူ့ပုံစံမှာ မာန်စွမ်းအားရှင် တစ်ယောက်၏ အသွင်အပြင် အတိုင်း ထပ်တူကျ တူညီနေ၏။
ယခုခရီးတွင် အသုံးပြုလိုက်သည့် မျက်နှာမှာ ယခင်ညက အသုံးပြုခဲ့သော မျက်နှာမဟုတ်ပေ။ သူ့ခန္ဓာကိုယ် အတွင်းထဲမှ ကောက်ရိုးဦးထုပ်နက်မှာ အမှန်တကယ် အံ့ဩစရာ ကောင်းလှသည်။ ပုံစံများကို သူအလိုရှိတိုင်း စိတ်ကြိုက် ပြောင်းလဲနိုင်လေ၏။
စုမင်မှာ စိုးရိမ်ပူပန်မှုလုံးဝ မရှိသည့်ဟန်နှင့် ကောင်းကင်ကို အေးဆေး ငြိမ်သက်စွာ စောင့်ကြည့်နေ၏။ ယနေ့သည် သူ့အတွက် သာမက အကြီးအကဲ အတွက်ပါ အရေးကြီးသည့် နေ့ထူးနေ့မြတ်ဖြစ်ကြောင်း သူ သိလေသည်။ အလားတူ အရေးကြီးကြောင်း သူသိတယ်။
ယနေ့တွင် စုမင်အနေဖြင့် ထိတ်လန့်တုန်လှုပ်စရာ ရလဒ်ကောင်းများကို ပြသနိုင်လိမ့်မည်။ သို့မဟုတ် ဝမ်းနည်း ကြေကွဲစရာ ရလဒ်များကို ကြုံတွေ့ရလိမ့်မည်။
လူသားတို့၏ ကံကြမ္မာကို ထိန်းချုပ်နေသည့် စွမ်းအားတစ်ခု ရှိမရှိကို စုမင် သေချာ မသိပေ။ သူ ကောင်းကင်ကို မော့ကြည့်လိုက်၏။ ကောင်းကင်ကြီးမှာ ပြာလွင်ပြီး အဆုံးအစမဲ့ ကျယ်ပြောလှလေ၏။
'ဒီလောကမှာ နေထိုင်တဲ့သူတွေထဲ မိုးကုပ်စက်ဝိုင်းရဲ့ အဆုံးကို မြင်နိုင်သူ ဘယ်သူများ ရှိလိမ့်မလဲ'
၎င်းမှာ သားရေစာလိပ် အဖွင့်စာကြောင်းထဲမှ စာကြောင်းဖြစ်သည်။ ထိုစာကြောင်းကို ပထမဆုံးဖတ်မိစဉ်က နားမလည်သော်လည်း စုမင် ရင်ထဲမှ ထိရှသွားခဲ့ရသည်။
‘လူတွေဟာ ကောင်းကင်ဘုံနဲ့ ကမ္ဘာလောက အကြောင်းကို အမြဲ ပြောတတ်ကြပေမဲ့...
ကောင်းကင်ဘုံနဲ့ ကမ္ဘာလောက ဆိုတာ ဘာလဲ။ အားလုံးဟာ ကောင်းကင် အောက်မှာ ရှိနေကြတာပဲ။ အကယ်၍ ကောင်းကင်ဘုံမှာ အသက်ဝိညာဉ် ရှိနေခဲ့တယ်ဆိုရင် အဲဒါက ဖိနှိပ်ချုပ်ချယ်တတ်တဲ့သူပဲ ဖြစ်မယ်။ သူကငါတို့ကို ဖိနှိပ်ထားပြီး မာန်မျိုးနွယ်ဝင်တွေကို ကိုယ့်ဘာသာ အရှက်ရစေချင်နေတယ်'
ထိုစကားလုံးများ စုမင်ခေါင်းထဲ ရောက်လာပြန်သည်။
တစ်ခါတစ်ရံ ကောင်းကင်ဘုံတွင် လူသားအားလုံး၏ ကံကြမ္မာကို ချုပ်ကိုင်ထားသည့် အသက်ဝိညာဉ်တစ်ခု တည်ရှိသည်ဟု စုမင် ထင်သော်လည်း ၎င်းဝိညာဉ်သည် တစ်ခါတစ်ရံ အေးစက်စက် နိုင်လွန်းလှသည်ဟု ထင်မိပြန်သည်။ အကယ်၍ ထိုမဟာဝိညာဉ်တော်ကြီးသာ အေးစက်စက် မဖြစ်ခဲ့လျှင် ကမ္ဘာတွင် အဘယ့်ကြောင့် ပါရမီရှင်များ ရှိနေသနည်း၊ သာမန်လူတို့ ရှိနေရသနည်း။ စုမင်တို့ အကြီးအကဲသည် အများသူငှာ မယှဉ်နိုင်သည့် အစွမ်းသတ္တိထူးကို ပိုင်ဆိုင်ပါလျက် အဘယ်ကြောင့် အကြီးအကဲ၏ နာမည်ဂုဏ်သတင်းသည် မှေးမှိန်ပြီး အချိန် ကုန်လွန်လာသည်နှင့်အမျှ ဆံပင်ဖြူများသာ ဖွေးဖွေးလှုပ် လာခဲ့ရသနည်း။ အဘယ့်ကြောင့် ခရမ်းရောင် ဝတ်စုံရှင်ကဲ့သို့ လူများသာ အားလုံး၏ အထက်ကို တက်လှမ်းနိုင်ပြီး ရုပ်နယ်လွန်အဆင့်သို့ ရောက်ရှိနိုင်ရသနည်း။
"ကောင်းကင်ဘုံရဲ့ ဖိနှိပ်ချုပ်ချယ်မှုကို မြင်နိုင်စွမ်း မရှိဘူး။ ငါတို့က ခံနိုင်ရည်ရှိအောင် လုပ်ပြီး အဲဒီလို သည်းခံနေရင်းနဲ့ ခံနိုင်ရည်ရှိခြင်းနဲ့ အတူယှဉ်တွဲလို့ ပျော်ပျော်ရွှင်ရွှင် နေနိုင်အောင် သင်ယူရမယ်။ အဲဒီလို မလုပ်နိုင်ခဲ့ရင် ... ငါတို့က ကောင်းကင်ဘုံကို တော်လှန် တိုက်ခိုက်ရမှာလား”
၎င်းတို့မှာ သားရေစာလိပ် နိဒါန်းပိုင်းတွင် ရေးသားထားသည့် စာပိုဒ်အဆုံး စာကြောင်း ဖြစ်သည်။
၎င်းတို့အား စုမင် ဘယ်တုန်းကမှ နားမလည်ခဲ့။ ယခုထိတိုင် အကျဉ်းချုပ် သဘောတရားခန့်သာ နားလည်သေး၏။ ယခင်က အကြီးအကဲအား မေးမြန်းခဲ့ဖူးသလို အကြီးအကဲ၏ အဖြေအား ယခုတိုင် သူ့စိတ်ထဲ ရှင်းရှင်းလင်းလင်း အမှတ်ရနေဆဲ ဖြစ်သည်။
"အဲဒါက အလွန်ရိုးရှင်းသလို အလွန်လည်း ရှုပ်ထွေးတယ်။ မင်းနားလည်အောင် ရိုးရိုးလေး ပြောရရင် ကောင်းကင်ဘုံက ငါတို့ မာန်မျိုးနွယ်တွေကို ဖိနှိပ်ထားတယ်။ ငါတို့ဟာ အဲဒီအရာနဲ့ ပျော်ရွှင်စွာ နေထိုင်သည်ဖြစ်စေ၊ တော်လှန် တိုက်ခိုက်သည် ဖြစ်စေပေါ့...။ နောက်ဆုံး စာကြောင်းက မေးခွန်းပုံစံနဲ့ ရေးသားထားတာပဲ”
“ငါ နားလည်တာကတော့ ဒီမေးခွန်းဟာ ကောင်းကင်ဘုံကို တက်ပြီး ကံကြမ္မာကို ဆန့်ကျင်တိုက်ဖျက်ခြင်းအပြင် တခြားနည်းလမ်း ရှိနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ် ဖြစ်နိုင်တယ်။ မင်း ကြီးပြင်းလာတာနဲ့အမျှ အဲဒီစကားရဲ့ အဓိပ္ပာယ်ကို နားလည်လာမှာပါ။ အဲဒီလိုနေ့ဟာ တကယ်ပဲ ရောက်ရှိလာခဲ့ပြီး မင်းမှာလည်း ဒီထဲမှာ ပြောထားတဲ့ စကားတွေအတိုင်း လုပ်နိုင်စွမ်းတဲ့ စွမ်းအားတစ်ခု ရရှိထားခဲ့ပြီဆိုရင် ကံကြမ္မာက စီစဉ်တဲ့အတိုင်း လိုက်လုပ်ဆောင်ဖို့ ဒါမှမဟုတ် ဆန့်ကျင် တော်လှန်တိုက်ခိုက်တာ အပြင် တတိယနည်းလမ်း တစ်ခုကို မင်း တွေးတောမိကောင်း တွေးတောမိလာနိုင်တယ်"
"အဆုံးမှာတော့ ဒီသားရဲစာလိပ်ကို ငါနောက်ဆုံးသွားခဲ့တဲ့နေရာက ရလာခဲ့တာပဲ။ အဲဒါက ငါမြင်ဖူးသမျှထဲမှာ အခမ်းနား အမြင့်မြတ်ဆုံး မာန်မျိုးနွယ်စုကြီး တစ်ခုပဲ"
"အဲဒီနေရာက မဟာယွီပြည်ထောင်။ ဒီသားရေစာလိပ်ရဲ့ ပိုင်ရှင်က မဟာယွီပြည်ထောင်ရဲ့ အကြီးအကဲ ဖြစ်တယ်”
စုမင်က တိတ်တဆိတ်နှင့် ကောင်းကင်ပြာအား ဆက်ကြည့်နေခဲ့သည်။ အတော် ကြာပြီးနောက် အနားသို့ ချဉ်းကပ်လာသည့် ခြေသံတချို့ကို ကြားလိုက်ရ၏။ စုမင်သည် ကောင်းကင်ပြာအား ကြည့်နေရာမှ ထိုလူအား ကြည့်လိုက်၏။
ထိုသူသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဘဝ၏ အခက်အခဲများကြောင့် မျက်နှာတွင် လေးနက်သော အသွင်အပြင်ရှိပြီး ထိုအသွင်အပြင်ကြောင့်သာ သူ၏ ပြုမူလှုပ်ရှားမှုတိုင်းက ဉာဏ်ပညာ ပြည့်ဝနေသူ ဖြစ်၏။ ထိုသူကား ရှီဟိုင် ဖြစ်သည်။
ရှီဟိုင်က သူနဲ့မရင်းနှီးသေးသည့် မျက်နှာရှင် စုမင်အား ကြည့်လိုက်၏။ သူ၏ အကြီးအကဲ ကျင်းနန်က သူ့အာ ဤနေရာသို့ လာရောက်စေပြီး ထိုလူအား စမ်းသပ်ပွဲတွင် အဘယ်ကြောင့် လျှို့ဝှက်စွာ ပါဝင်စေရသည်ကို သူ တကယ်နားမလည်နိုင်ပေ။
"ငါ့နောက်လိုက်ခဲ့”
ရှီဟိုင်က စုမင်နှင့် ပတ်သက်၍ ထူးထူးခြားခြား တစ်စုံတစ်ရာမျှ မတွေ့ရချေ။ သူ စကား ပြောပြီးတာနဲ့ လှည့်ထွက်သွား၏။
သူ့နောက် လိုက်လာသည့် စုမင်၏ အပြုအမူများမှာလည်း အေးဆေးတည်ငြိမ်လှသည်။
သူတို့တံခါးဝက ထွက်လိုက်သည်နှင့် ရှီဟိုင်က သူ့လက်ဖျားများ ဝှေ့ယမ်းလိုက်သည်ကို စုမင် တွေ့လိုက်ရ၏။ ရုတ်တရက် ရှီဟိုင်ကိုယ်မှ အခိုးအငွေ့များ ထွက်လာပြီး စုမင်အား ရစ်သိုင်းလိုက်၏။ စုမင်မှာ လန့်သွားသော်လည်း နောက်မဆုတ်ဘဲ နေရာတွင် ရပ်နေလိုက်သည်။ အခိုးအငွေ့များက သူတို့နှစ်ဦးအား ရစ်သိုင်းပြီး ရောင်စုံသက်တံအဖြစ် ပြောင်းလဲသွားကာ အဝေးသို့ အရှိန်အဟုန်နှင့် ထွက်ခွာသွားကြလေ၏။
ယင်းမှာ စုမင်အတွက် ကောင်းကင်မှ မြေပြင်အား ဒုတိယအကြိမ် ကြည့်ရှုခွင့်ရခြင်း ဖြစ်သည်။ သူအနည်းငယ် စိတ်လှုပ်ရှားနေသော်လည်း ရှီဟိုင်က စိုးရိမ်ပူပန်နေသည့် သူ့အား လျစ်လျူရှုထား၏။ ထိုအစား သူက အမြန်နှုန်းကို တိုးမြှင့်လိုက်သည်။ မကြာခင် သူက စုမင်အား လေပြည်စီးကြောင်း မျိုးနွယ်စုထံမှ ခေါ်ထုတ်လာပြီး မြောက်အရပ်ရှိ လွင်ပြင်ကျယ်ကြီးဆီ ရှေ့ဆက်သွားကြလေ၏။
စုမင်မှာ သူတို့ရှေ့က လွင်ပြင်ကျယ်ကြီးအား ကြည့်လိုက်၏။ ကောင်းကင်က ကြည့်လျှင် ၎င်းမှာ ကျယ်ပြောလှသည့် လွင်ပြင်ကြီးဟု ထင်ရသော်လည်း အလင်းအရှိန်နှင့် တိုးဝင်လာသော မြူခိုးငွေ့များကြောင့် စုမင်ခန္ဓာကိုယ် တစ်ခုလုံး သိမ့်ခနဲ တုန်ခါသွား၏။ သူ့ခန္ဓာကိုယ်မှာ မမြင်ရတဲ့ အတားအဆီးအား ဝင်တိုက်မိသလို ခံစားလိုက်ရ၏။ သူတို့ဖြတ်သန်း သွားသည့်အခါ အရာရာတိုင်းက ရေမျက်နှာပြင်ပေါ်မှ လှိုင်းကြပ်ခွပ်များကဲ့သို တွန့်ကွေးလှုပ်ရှားသွားကြ၏။ ထိုအခိုက် သူ့နားရွက်နောက်မှ ရှီဟိုင်၏ အသံကို ကြားလိုက်ရ၏။
"ငါတို့ရောက်ပြီ"
မကြာခင်က မြင်တွေ့ခဲ့ရသော လွင်ပြင်ကျယ်ကြီးမှာ ပျောက်ကွယ်သွားပြီး သူတို့ရှေ့တွင် တောင်တစ်လုံးသာ ရှိနေ၏။
စုမင်တစ်သက် ဤမျှကြီးမားလွန်းသည့် တောင်ကြီးကို မတွေ့ဖူးပေ။ တောင်ကြီးမှာ နက်မှောင်တောင်ထက် ပိုမို ကြီးမားပြီး ပိုမို မြင့်မား၏။ ဘေးချင်းယှဉ်ထားမည် ဆိုလျှင်ပင် နက်မှောင်တောင်မှာ ကလေးသာသာ ဖြစ်ပြီး ရှေ့မှ တောင်ကြီးကတော့ အရွယ်ရောက်ပြီးသား ကြံ့ခိုင်သန်စွမ်းသည့် လူကြီး တစ်ယောက်လို ဖြစ်နေပေမည်။
တောင်ကြီးမှာ ကြီးမားမြင့်မားလွန်း၍ မိုးတိမ်များကိုပင် ထိုးဖောက်သွားတော့မည်ဟု ထင်ရ၏။ တောင်ထိပ်ကို မတွေ့ရဘဲ တောင်တစ်ဝက်ခန့်ကိုသာ မြင်ရလေ၏။ တောင်၏ ကျန်ရှိနေသည့် တခြားအပိုင်းတို့အား တိမ်လွှာစိုင်ဖြူဖြူတို့က ဖုံးလွှမ်းထား၏။
တောင်ကြီးကား မယုံနိုင်စရာ ကြီးမားလွန်းလှပေသည်။
မိုးတိမ်များထဲ ပျောက်ကွယ်သွားသည်အထိ မရေမတွက်နိုင်အောင် များပြားလွန်းလှသည့် တောင်တက်လှေကားထစ်များကိုလည်း တွေ့နေရ၏။
တောင်ခြေတွင် စက်ဝိုင်းသဏ္ဌာန် ကြီးမားကျယ်ပြန့်လှသည့် ကွင်းပြင်ကြီး တစ်ခုရှိနေ၏။ ပတ်ပတ်လည်တွင် ငှက်ရုပ်တုကြီး ကိုးခုကို နေရာချထား၏။ ရုပ်တုတစ်ခုချင်းစီမှ ရှေးခေတ်၏ အရိုင်းဆန်မှု အရှိန်အဝါကို ဖော်ကျူးထားကြရာ အားလုံး ရက်စက်ကြမ်းကြုတ်သည့် ဟန်များ ပေါ်လွင်နေတော့၏။
ထိုအခိုက် ကွင်းပြင်ကြီးထဲတွင် လူပေါင်းရာနဲ့ချီ ရှိနေကြသည်။ လူများမှာ နေရာအနှံ့ ရပ်နေကြပြီး အချင်းချင်း စကားဆိုနေကြလေ၏။
စုမင်၏ ရောက်ရှိမှုက သူတို့ အားလုံး၏ အာရုံကို ဖိတ်ခေါ်လိုက်သလိုပင်။ သို့သော် သူ့အား တစ်ချက်သာ ကြည့်ပြီး အကြည့်ပြန်လွှဲသွားကာ ယခင်အတိုင်း တစ်ယောက်နှင့် တစ်ယောက် စကားဆက် ပြောနေကြလေ၏။
***