← Chapters

အခန်း (၅၉-၆၀)

Vol. 6 Ch. 59-60

အခန်း (၅၉-၆၀)

Vol. 6 Ch. 59-60

အခန်း (၅၉) ပထမဆုံး အရောင်းအဝယ်

​“မြို့ထဲက တခြားနေရာတွေနဲ့ ယှဉ်ရင် ဒီဆိုင်ထဲမှာ ဝိညာဉ်စွမ်းအားက လေးဆလောက် ပိုပြီး ထူထဲနေတာပဲ။ တကယ်လို့ ဒီထဲမှာသာ ကျင့်ကြံခွင့်ရမယ်ဆိုရင် အရှိန်အဟုန်က အဆမတန် မြန်ဆန်လာမှာ သေချာတယ်”

​“အင်း... ဝိညာဉ်စွမ်းအား ပိုပြီး သိပ်သည်းလေလေ သန့်စင်ရတာ ပိုပြီး လျင်မြန်လေလေပဲပေါ့”

​“ဒါဟာ အဆင့်မြင့် အဖွဲ့အစည်းကြီးတွေရဲ့ ကျင့်ကြံခြင်း နယ်မြေတွေနဲ့တောင် ရင်ဘောင်တန်းနိုင်နေပြီ၊ တကယ်ကို အံ့မခန်းပဲ”

​ရေခဲကျောက်မြို့တော်၏ ထင်ရှားကျော်ကြားသူ အများအပြားသည် လီဈေးဆိုင်ငယ်လေးရှေ့၌ စုရုံးရောက်ရှိနေကြပြီ ဖြစ်သည်။ ရေခဲပြင်နန်းတော်၊ မြူတိမ်ဆောင်တို့မှ လူများသာမက ရေခဲကျောက်မြို့တော်သို့ ခေတ္တဖြတ်သန်းသွားလာကြသော သူစိမ်းကျင့်ကြံသူများပင် ပါဝင်လေသည်။

​ဤလူတို့သည် ဝိညာဉ်စွမ်းအား၏ အနည်းငယ်သော ပြောင်းလဲမှုကို အာရုံခံမိ၍ ရောက်ရှိလာကြခြင်းဖြစ်ပြီး ဆိုင်ရှေ့၌ ထိုအကြောင်းကို ကျယ်လောင်စွာ ဆွေးနွေးနေကြ၏။

​“ဒါက ဦလေးလီရဲ့ ဆိုင်ကိုး” ဆိုင်အတွင်းသို့ ဖန်းကျွယ်မင် ဝင်ရောက်လာပြီး လီမုကို ခပ်ဖွဖွ ပြုံးပြလိုက်သည်။ ထို့နောက် ဟိုမှဒီမှ ပြန့်ကျဲနေသော ဝိညာဉ်စုစည်းခြင်း အစီအရင်များကို ကြည့်ကာ ဆိုသည်။ “ဒီအဘိုးကြီးလည်း ဝိညာဉ်စွမ်းအားကို လေးဆအထိ တိုးမြှင့်ပေးနိုင်တဲ့ ဒီလို အရည်အသွေးမြင့် ပစ္စည်းတွေကို စိတ်ဝင်စားမိတယ်။ ဦးလေးသာ ခွင့်ပြုမယ်ဆိုရင် ဒီပစ္စည်းတွေကို ဝယ်ယူမယ့်သူတွေထဲမှာ ကျွန်တော်လည်း ပါဝင်ချင်ပါတယ်”

​လီမုသည် ချင်လဲ့ကို တစ်ချက်ကြည့်လိုက်ပြီး ဆိုင်ပြင်ပမှ ချောင်းမြောင်းကြည့်နေကြသော လူအုပ်ကြီးကို ဝေ့ဝဲကြည့်ကာ ရုတ်တရက် ဆိုလိုက်သည်။ “ဒီဆိုင်ငယ်လေးက လူအများကြီးကို လက်မခံနိုင်ဘူး။ အင်း... ဝိညာဉ်ပေါက်ဖွားခြင်းအဆင့်နဲ့ အထက်ကလူတွေပဲ အထဲဝင်ခဲ့ကြပါ။ ကျန်တဲ့သူတွေကတော့ အပြင်မှာပဲ နေပေးကြပါ”

​ထိုစကား ထွက်ပေါ်လာသည်နှင့် တံခါးဝရှိ ဝူချုံနှင့် အခြားသူများသည် ပြုံးရယ်လျက် အထဲသို့ သဘာဝကျကျ ဝင်ရောက်လာကြ၏။

​သူတို့ အထဲသို့ ရောက်သောအခါ အဖြူရောင်ဝတ် အမျိုးသမီးကို မြင်တွေ့လိုက်ရသဖြင့် တစ်ကမ္ဘာလုံး လင်းထိန်သွားသကဲ့သို့ ခံစားလိုက်ရလေသည်။

​သူတို့၏ အကြည့်များသည် အဖြူရောင်ဝတ် အမျိုးသမီး၏ ကိုယ်ပေါ်၌ စုပြုံကျရောက်သွားပြီး သူမ၏ အလှတရားတွင် မိန်းမောသွားကြသဖြင့် သူတို့ ဆိုင်ထဲသို့ အဘယ်ကြောင့် ဝင်လာသည်ကိုပင် မေ့လျော့သွားကြချေပြီ။

​သူမ၏ အသားအရေမှာ နှင်းကဲ့သို့ ဖြူဖွေးလျက် မျက်လုံးအစုံမှာမူ စင်ကြယ်သော သလင်းကျောက်ကဲ့သို့ ကြည်လင်နေ၏။ သူမ၏ အေးစက်သော အရှိန်အဝါမှာ ရေခဲမြစ်ပေါ်ရှိ နှင်းကြာပန်းတစ်ပွင့်အလား ရှိနေသဖြင့် မြင်သူတို့အား မိမိကိုယ်မိမိ အားငယ်စိတ် ဝင်သွားစေလောက်ပေသည်။

​“ဟွန်း” အဖြူရောင်ဝတ် အမျိုးသမီး၏ ဘေးရှိ အစေခံသည် အေးစက်သော မျက်နှာဖြင့် နှာခေါင်းရှုံ့လိုက်၏။

​“ဘုန်း”

​သူမကို ငေးကြည့်နေသူ အားလုံးမှာ ရုတ်တရက် တုန်လှုပ်သွားကြသည်။ ထိုနှာခေါင်းရှုံ့သံမှာ အလွန်ကျယ်လောင်လွန်းလှသဖြင့် သူတို့၏ နားစည်များပင် နာကျင်သွားရ၏။

​ချင်လဲ့၊ ဖန်းကျွယ်မင် နှင့် လီမုတို့မှာမူ လုံးဝ ထိခိုက်မှု မရှိချေ။ ထိုအသံမှာ သူတို့ကို ရည်ရွယ်ခြင်း မဟုတ်သည်မှာ ထင်ရှားလှပေသည်။

​“အလိုက်မသိမိတာ တောင်းပန်ပါတယ်...”

​ဝူချုံသည် ထိုတုန်ခါမှုကြောင့် သတိဝင်လာပြီး သူ၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွား၏။ သူသည် လက်သီးဆုပ်လျက် သက်လတ်ပိုင်း အစေခံနှင့် အဖြူရောင်ဝတ် အမျိုးသမီးကို တောင်းပန်စကား ဆိုလိုက်လေသည်။

​အခြားသူများသည်လည်း ဝူချုံ၏ ရိုသေသော အမူအရာကို မြင်တွေ့ရသည့်အခါ ထိတ်လန့်သွားကြပြီး ဇဝေဇဝါ ဖြစ်သွားကြ၏။ သူတို့သည်လည်း အဖြူရောင်ဝတ် အမျိုးသမီးထံမှ အကြည့်များကို အမြန်လွှဲဖယ်လိုက်ကြပြီး ရိုသေစွာ တောင်းပန်လိုက်ကြလေသည်။

​“ဟဲဟဲ... မင်းတို့နှစ်ယောက်လုံးက ရေခဲကျောက်မြို့တော်က လူတွေ မဟုတ်ကြပါလား၊ ဘယ်က လာကြတာလဲ” ဖန်းကျွယ်မင်သည် အံ့သြသော အကြည့်ဖြင့် ထိုအမျိုးသမီးနှင့် အစေခံကို ကြည့်ကာ ယဉ်ကျေးစွာ မေးမြန်းလိုက်၏။

​အဖြူရောင်ဝတ် အမျိုးသမီးသည် မျက်မှောင်ကြုတ်လိုက်၏။ သူမသည် မေးခွန်းကို ပြန်မဖြေဘဲ ချင်လဲ့နှင့် လီမုကို ကြည့်ကာ အေးစက်စွာ ပြောဆိုသည်။ “ဒီမှာရှိတဲ့ ဝိညာဉ်စုစည်းခြင်း အစီအရင် အားလုံးကို ငါ ယူမယ်၊ ဈေးနှုန်းပြောပါ”

​“ဦးလေးလီ... ဦးလေး ဘယ်လို ထင်ပါသလဲ” ဖန်းကျွယ်မင်ကလည်း သူ၏ သဘောထားကို ဖော်ပြလိုက်သည်။ “ကျွန်တော်တို့ လက်နက်ဆောင်ကလည်း ဒီဝိညာဉ်စုစည်းခြင်း အစီအရင်တွေကို စိတ်ဝင်စားပါတယ်။ ကျွန်တော်တို့ အတွက်လည်း အဆင်ပြေအောင် စီစဉ်ပေးလို့ ရမလား”

​“ချင်လဲ့၊ မင်း ဘာလို့ ဒီမှာ ရှိနေတာလဲ”

​ရုတ်တရက် တံခါးဝမှ လျိုရန်၏ အသံ ထွက်ပေါ်လာ၏။ သူသည် ယနေ့တွင် ကုန်သွယ်ရေးလမ်းမသို့ တိုက်တိုက်ဆိုင်ဆိုင် ရောက်ရှိလာခြင်းဖြစ်ပြီး ဝိညာဉ်စွမ်းအား စီးဆင်းမှု ပြောင်းလဲသွားခြင်းကို ခံစားမိ၍ လိုက်လာခြင်း ဖြစ်သည်။

​သူသည် နောက်ကျမှ ရောက်ရှိလာခြင်းဖြစ်သော်လည်း တံခါးဝရှိ အဆင့်နိမ့် ကျင့်ကြံသူများကို တိုးဝှေ့လျက် အထဲသို့ လှမ်းကြည့်ရာ ရင်းနှီးသော ပုံရိပ်အား မြင်တွေ့လိုက်ရသဖြင့် အော်ဟစ်ခေါ်ဆိုလိုက်ခြင်း ဖြစ်၏။

​“အစ်ကိုလျို”

​ချင်လဲ့သည် အနည်းငယ် မှင်သက်သွားပြီးနောက် ပြုံးပြလိုက်သည်။ သူသည် အခန်းထဲသို့ တဟုန်ထိုး ဝင်လာသော လျိုရန်ကို ခေါင်းညိတ် နှုတ်ဆက်လိုက်၏။

​“အကြီးအကဲဖန်း၊ ညီနောင်ဝူ၊ ညီနောင်ကျောက်...”

​လျိုယန်သည် အထဲသို့ ရောက်သောအခါ ဆိုင်အတွင်းရှိ လူများကို ကြည့်၍ ထိတ်လန့်သွားပြီး ဖန်းကျွယ်မင်၊ ဝူချုံ နှင့် မြူတိမ်ဆောင် ဝတ်စုံဝတ် အမျိုးသားတစ်ဦးကို နှုတ်ဆက်လိုက်ရလေသည်။

​ဖန်းကျွယ်မင်နှင့် အခြားသူများကလည်း ခေါင်းညိတ် နှုတ်ဆက်လိုက်ကြ၏။

​“ချင်လဲ့... မင်း ဘယ်တုန်းက ရေခဲကျောက်မြို့တော်ကို ရောက်တာလဲ။ မင်းလေးကတော့ကွာ... မြို့ကို ရောက်နေတာတောင် မြူတိမ်ဆောင်ကို မလာဘဲ ဒီမှာ ဘာလုပ်နေတာလဲ” လျိုရန်သည် ပြုံးရွှင်စွာဖြင့် ချင်လဲ့အနီးသို့ လျှောက်လာပြီး ပုခုံးကို ပုတ်ကာ ပြောဆိုသည်။ “မင်း သိမှာ မဟုတ်ဘူး... အဲဒီတုန်းက ရေခဲပြင်နန်းတော်က ယန်တယ်ဝူရဲ့ လက်အောက်က ခန်းမသခင် နှစ်ယောက်ဟာ ငွေတောင်ပံ ဝံပုလွေတွေရဲ့ ကိုက်သတ်တာ ခံလိုက်ရတယ်။ ဖုန်းယီလည်း လက်တစ်ဖက် ဆုံးရှုံးသွားတယ်လေ၊ ဟားဟား... တကယ်ကို ဝမ်းသာစရာပဲ”

​သူ ထိုသို့ ပြောလိုက်သည့်အခါ ဆိုင်အတွင်းရှိ ရေခဲပြင်နန်းတော် ဝတ်စုံဝတ် ကျင့်ကြံသူ နှစ်ဦး၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားတော့သည်။

​“သူက ငါတို့ မြူတိမ်ဆောင်က လူလား” ဝူချုံသည် အံ့အားသင့်သွား၏။

​အခြားသူများသည်လည်း ချင်လဲ့ကို ကြည့်လိုက်ကြသည်။ သူတို့မှာ အခြေအနေကို အချိန်မီ မသိရှိကြသေးသဖြင့် ဇဝေဇဝါ ဖြစ်နေကြ၏။

​“ဒါပေါ့... သူက ငါတို့ရဲ့ လက်အောက်ခံ လင်မိသားစုကပဲ။ ငါတို့နဲ့အတူ နတ်ဆိုးဝံပုလွေတောင်ကို လိုက်ခဲ့တဲ့သူလေ” လျိုရန်က အကျဉ်းချုံး ရှင်းပြလိုက်၏။ သို့သော်လည်း လူတိုင်း၏ အာရုံမှာ ချင်လဲ့ထံသို့ ကျရောက်သွားလေတော့သည်။

​လီမုကိုယ်တိုင်ပင်လျှင် အံ့သြသွားခဲ့၏။ လျိုရန်၏ ရှင်းပြချက်ကြောင့် ချင်လဲ့၏ အမည်နှင့် မည်သူမည်ဝါဖြစ်ကြောင်းကို သူ သိရှိသွားခဲ့ရသည်။

​“ဈေးနှုန်းပြောပါ၊ ငါ့အချိန်တွေကို မဖြုန်းနဲ့” အဖြူရောင်ဝတ် အမျိုးသမီးသည် စိတ်မရှည်သော အမူအရာဖြင့် လူတိုင်း၏ စကားကို ဖြတ်ပြောလိုက်သည်။ "မြန်မြန် ပြော" သူမက ခက်ထန်စွာ ဆိုလိုက်၏။

​“အင်း... ဒီကိစ္စကို အရင် ဖြေရှင်းကြတာပေါ့” ဖန်းကျွယ်မင်ကလည်း သဘောတူလိုက်လေသည်။

​လီမုသည် ချင်လဲ့ကို တစ်ချက်ကြည့်ကာ မေးစေ့ကို ပွတ်လျက် ဆိုလိုက်၏။ “ဝိညာဉ်စုစည်းခြင်း အစီအရင် တစ်ခုကို သာမန်အဆင့် ၇ ဝိညာဉ်ကျောက်တုံး တစ်တုံးပေါ့။ အင်း... ၁၇ ခုအတွက် သာမန်အဆင့် ၇ ဝိညာဉ်ကျောက်တုံး ၁၇ တုံး ပေးရမယ်”

​“ဦးလေးလီ...” ဖန်းကျွယ်မင်က စကားစလိုက်သည်။

​လီမုက လက်ကာပြလိုက်ပြီး ပြောလိုက်သည်။ “သူ အရင် ရောက်တာလေ”

​ဖန်းကျွယ်မင်သည် ခေါင်းညိတ်ပြီး နောက်ထပ် ဆက်မပြောတော့ချေ။ သူသည် လီမု၏ ဆုံးဖြတ်ချက်ကို အလွန်ပင် ရိုသေဟန် ရှိပေသည်။

​“အနည်းဆုံးတော့ စည်းကမ်းရှိသားပဲ”

​အဖြူရောင်ဝတ် အမျိုးသမီးသည် ခပ်ဖွဖွ ခေါင်းညိတ်ပြပြီး အပြင်သို့ ထွက်ခွာခဲ့လေသည်။ တံခါးဝ၌ ပိတ်ရပ်နေသော မြူတိမ်ဆောင်မှ ဝူချုံနှင့် ကျောက်တိုတို့မှာ သူမ ပြန်လှည့်လာသည်ကို မြင်သောအခါ ထိတ်လန့်သွားကြပြီး အမြန် လမ်းဖယ်ပေးလိုက်ကြ၏။

​“သာမန်အဆင့် ၇ ဝိညာဉ်ကျောက်တုံး ၁၇ တုံးပါ၊ စစ်ဆေးကြည့်ပါဦး” ကျန်ရစ်ခဲ့သော သက်လတ်ပိုင်း အစေခံသည် ချင်လဲ့ရှေ့ရှိ စားပွဲပေါ်သို့ သူ၏ ဘယ်ဘက်လက်ဖြင့် ဝေ့ယမ်းလိုက်၏။ သူ၏ လက်ဖယ်လိုက်သည့်အခါ စားပွဲပေါ်၌ တောက်ပနေသော ကျောက်စိမ်းတုံး ၁၇ တုံး ရှိနေပြီး တစ်ချက်ကြည့်ရုံဖြင့်ပင် အရည်အသွေးမြင့်မားကြောင်း သိနိုင်လေသည်။

​“ကောင်းပါပြီ” လီမု၏ အကြည့်မှာ ခဏမျှ ဝေ့ကြည့်ပြီးနောက် ခေါင်းညိတ်လိုက်၏။

​ချင်လဲ့မှာမူ ထိုအမျိုးသား၏ ဘယ်ဘက်လက်ရှိ စိမ်းစိုနေသော လက်စွပ်ကလေးကိုသာ စူးစိုက်ကြည့်နေမိတော့သည်။

​သူသည် အနီးဆုံးနေရာ၌ ရှိနေသဖြင့် အသေအချာ မြင်တွေ့လိုက်ရခြင်း ဖြစ်၏။ စားပွဲပေါ်သို့ ရုတ်တရက် ရောက်ရှိလာသော ဝိညာဉ်ကျောက်တုံး ၁၇ တုံးမှာ ထိုလက်စွပ်ကလေးအတွင်းမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ဤသည်မှာ ချင်လဲ့ကို အလွန်ပင် စိတ်ဝင်စားသွားစေခဲ့၏။

​သူ အံ့သြနေစဉ်မှာပင် ထိုသူသည် ပြန့်ကျဲနေသော ဝိညာဉ်စုစည်းခြင်း အစီအရင်များကို လိုက်လံကောက်ယူလိုက်သည်။ သူ၏ ဘယ်ဘက်လက်ဖြင့် ထိလိုက်တိုင်း ထိုတံဆိပ်ပြားများမှာ ပျောက်ကွယ်သွားလေတော့သည်။

​“သိုလှောင်လက်စွပ်...”

​လျိုရန်သည် ထိုသူ၏ လက်စွပ်ကို စူးစိုက်ကြည့်ရင်း ခြောက်ကပ်သောအသံဖြင့် ရေရွတ်လိုက်၏။ သူ၏ မျက်နှာမှာ ထူးဆန်းသော အမူအရာ ရှိနေလေသည်။

​သူတစ်ဦးတည်း မဟုတ်ချေ။ ဆိုင်အတွင်းရှိ ဝူချုံ၊ ကျောက်တိုနှင့် ရေခဲပြင်နန်းတော်မှ လူများသည်လည်း ထိုလက်စွပ်ကို ကြည့်ကာ မှင်သက်နေကြလေသည်။

​“ဟဲဟဲ... ရေခဲကျောက်မြို့တော်က လူမဟုတ်ဘူးဆိုတာ ထင်ရှားတာပဲ” ဖန်းကျွယ်မင်က ပြုံးလျက် သက်လတ်ပိုင်း အစေခံကို ခေါင်းညိတ်ပြလိုက်ပြီး ထိုလက်စွပ်အား ခိုးကြည့်လိုက်၏။

​ထိုသူသည် မည်သူနှင့်မျှ စကားမပြောဘဲ ဝိညာဉ်စုစည်းခြင်း အစီအရင်များကို သိမ်းဆည်းပြီးနောက် တစ်ခွန်းမျှ မပြောတော့ချေ။ သူသည် မည်သူ့ကိုမျှ လှည့်မကြည့်ဘဲ လီဈေးဆိုင်အတွင်းမှ ထွက်ခွာသွားလေတော့သည်။

​ဝိညာဉ်စုစည်းခြင်း အစီအရင်များကို သိမ်းဆည်းလိုက်သည်နှင့် ဆိုင်အတွင်းရှိ ထူထဲသော ဝိညာဉ်စွမ်းအားတို့မှာလည်း တဖြည်းဖြည်း လွင့်ပါးသွားတော့သည်။ ခေတ္တအကြာတွင် ဝိညာဉ်စွမ်းအား အဆင့်အတန်းမှာ ပုံမှန်အတိုင်း ပြန်လည် ဖြစ်ပေါ်သွား၏။

​အပြင်ဘက်ရှိ လူအများမှာ ဝိညာဉ်စုစည်းခြင်း အစီအရင်များအကြောင်း ဆူညံစွာ ပြောဆိုနေကြပြီး ဝိညာဉ်စွမ်းအား ပြောင်းလဲမှုကို ခံစားရင်း စုရုံးဆွေးနွေးနေကြလေသည်။

​“အစ်ကိုလျို... သိုလှောင်လက်စွပ် ဆိုတာ ဘာလဲ” ချင်လဲ့က တိုးတိုးလေး မေးမြန်းလိုက်၏။

​“အဲဒီလက်စွပ်ရဲ့ အတွင်းထဲမှာ ပစ္စည်းတွေ သိုလှောင်နိုင်တဲ့ နေရာလပ်တစ်ခု ပါတယ်လေ။ အနိမ့်ဆုံးအဆင့်ရှိတဲ့ သိုလှောင်လက်စွပ် တစ်ကွင်းတောင်မှ မြို့တစ်မြို့လောက် တန်ဖိုးရှိတယ်။” လျိုရန်က ချင်လဲ့ကို လေသံအေးအေးဖြင့် ရှင်းပြသည်။ “ငါတို့ ရေခဲကျောက်မြို့တော်မှာဆိုရင် ရေခဲပြင်နန်းတော်ရဲ့ အရှင်သခင် ယန်ဝင်ယန်၊ ငါတို့ မြူတိမ်ဆောင်ရဲ့ အရှင်သခင် နဲ့ အကြီးအကဲဖန်းတို့ သုံးယောက်မှာပဲ အနိမ့်ဆုံးအဆင့် သိုလှောင်လက်စွပ် ရှိကြတာ”

​ချင်လဲ့၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွား၏။ လူတိုင်း အဘယ်ကြောင့် ဤမျှအထိ အံ့သြနေကြသည်ကို သူ နားလည်သွားခဲ့ချေပြီ။

​“ဦးလေးလီ... ဒီဝိညာဉ်စုစည်းခြင်း အစီအရင်တွေကို ဦးလေး ဘယ်က ရတာလဲ။ ကျွန်တော်တို့ လက်နက်ဆောင်က အရမ်းစိတ်ဝင်စားလို့ပါ၊ ပစ္စည်းကျန်သေးရင်လည်း ပြောပါဦး။ ရှိမယ်ဆိုရင်တော့ လက်နက်ဆောင်က ဦးလေးသတ်မှတ်တဲ့ သာမန်အဆင့် ၇ ဝိညာဉ်ကျောက်တုံး ဈေးအတိုင်း ဝယ်ယူပါ့မယ်၊ ဦးလေး ဘယ်လိုထင်လဲ” ထိုသူ ထွက်ခွာသွားပြီးနောက် ဖန်းကျွယ်မင်သည် ပြုံးလျက် လီမုကို ထပ်မံ မေးမြန်းလိုက်၏။

​လီမုက တည်ငြိမ်စွာဖြင့် ဆိုသည်။ “ရှိပါသေးတယ်၊ ဒါပေမဲ့ အချိန်တော့ နည်းနည်း လိုလိမ့်မယ်။ ပစ္စည်းအသစ်တွေ ရတဲ့အခါကျရင် ငါ အကြောင်းကြားလိုက်ပါ့မယ်”

​“ကောင်းပါပြီ” ဖန်းကျွယ်မင်က ခေါင်းညိတ်လိုက်ပြီး ချင်လဲ့ကို ကြည့်ကာ ပြုံးလျက် မေးလိုက်သည်။ “ဒီလူငယ်လေးက ဦးလေးနဲ့ ဘာတော်တာလဲ”

​“ဆိုင်အကူလေးပါ” လီမုက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်ပြီး သူ၏ လှုပ်ကုလားထိုင်ပေါ်သို့ ပြန်လည် မှီချလိုက်ကာ ဆိုလိုက်သည်။ “ဒီနေ့အတွက်တော့ ဒီလောက်ပါပဲ၊ အားလုံး ထွက်သွားကြတော့”

​လီဈေးဆိုင်သည် အရောင်းအဝယ် မကောင်းခဲ့သည်မှာ ကြာလှပြီ ဖြစ်သကဲ့သို့ နှစ်ပေါင်းတစ်ရာအတွင်း ဤမျှလောက် လူမစည်ကားခဲ့ဖူးချေ။ သို့သော် လီမုသည် ဤအခွင့်အရေးအား အသုံးချ၍ အရောင်းမြှင့်တင်ခြင်း မပြုဘဲ လူအားလုံးကို ဆိုင်ပြင်သို့ နှင်ထုတ်လိုက်ခြင်း ဖြစ်၏။

​လီမုသည် အရောင်းအဝယ် လုပ်နည်းအား အမှန်တကယ် မသိခြင်းလား သို့မဟုတ် လီဈေးဆိုင်ကို လုံးဝ ဂရုမစိုက်ခြင်းလား ဆိုသည်မှာ အားလုံးအတွက် ရယ်မောစရာ ဖြစ်နေတော့သည်။

​“အင်း... နောက်မှ ပြန်တွေ့ကြတာပေါ့” ဖန်းကျွယ်မင်က ပထမဆုံး ထွက်ခွာသွား၏။

​ရေခဲပြင်နန်းတော်မှ လူများသည် ဝူချုံ၊ လျိုရန်နှင့် ကျောက်တိုတို့ကို အေးစက်သော အကြည့်ဖြင့် ကြည့်လိုက်ပြီး ချင်လဲ့၏ ပုံပန်းသဏ္ဍာန်ကို မှတ်သားကာ ထွက်ခွာသွားကြလေသည်။

​မြူတိမ်ဆောင်မှ ခန်းမသခင် ဝူချုံနှင့် ကျောက်တို တို့မှာမူ ချင်လဲ့၏ နောက်ကြောင်းကို သိရှိပြီးနောက် ရင်းနှီးစွာ ခဏမျှ စကားပြောဆိုကြပြီး မြူတိမ်ဆောင်သို့ အမြန်ဆုံး လာရောက်သတင်းပို့ရန် တိုက်တွန်းကာ ထွက်ခွာသွားကြလေသည်။

​အပြင်ဘက်ရှိ လူများသည်လည်း အစွမ်းထက်သော ပုဂ္ဂိုလ်ကြီးများ တစ်ဦးပြီးတစ်ဦး ထွက်ခွာသွားသည်ကို မြင်သောအခါ စိတ်ဝင်စားမှု လျော့နည်းသွားပြီး တဖြည်းဖြည်း လူချင်းကွဲသွားကြတော့သည်။

​လျိုရန်သည် ချင်လဲ့နှင့် ခေတ္တမျှ စကားစမြည် ဆက်လက်ပြောဆိုနေ၏။ သူက ချင်လဲ့ကို အဘယ်ကြောင့် လီဈေးဆိုင်၌ အလုပ်လုပ်နေရသနည်း၊ အဘယ်ကြောင့် မြူတိမ်ဆောင်သို့ စောစောစီးစီး မလာဘဲ ကျင့်ကြံမှု အရင်းအမြစ်များကို အသုံးမပြုရသနည်းဟု မေးမြန်းလေသည်။

​ချင်လဲ့က တာဝန်များ ထမ်းဆောင်ရလျှင် သူ၏ ကျင့်ကြံမှုကို ထိခိုက်မည် စိုးရိမ်ကြောင်း ပြောသောအခါ လျိုရန်က ရယ်မောလျက် တာဝန်များကို ကြီးကြပ်သူမှာ ဟန်ဖုန်း၏ ဖခင် အကြီးအကဲ ဟန်ချင်းယွီဖြစ်ကြောင်း ရှင်းပြလိုက်၏။ ဟန်ဖုန်းနှင့် သူတို့၏ ရင်းနှီးမှုကို ကြည့်လျှင် ချင်လဲ့ တာဝန်မယူချင်ပါက ဟန်ချင်းယွီက အခက်တွေ့အောင် လုပ်လိမ့်မည် မဟုတ်ဟု ဆို၏။

​ထို့ပြင် မြူတိမ်ဆောင်သည် ကြီးမားသော အခက်အခဲနှင့် မကြုံတွေ့ရသရွေ့ ကျင့်ကြံသူများကို တာဝန်များ မဖြစ်မနေ ထမ်းဆောင်ရန် ဖိအားပေးလေ့မရှိဘဲ လွတ်လပ်စွာ ရွေးချယ်ခွင့် ပေးထားကြောင်း လျိုရန်က ရှင်းပြလိုက်လေသည်။

​ချင်လဲ့မှာ သူ အလွန်အကျွံ စိုးရိမ်နေမိခြင်းဖြစ်ကြောင်း နောက်ဆုံး၌ နားလည်သွားခဲ့ရ၏။

​လျိုရန်သည် ချင်လဲ့ကို မြူတိမ်ဆောင်သို့ အမြန်ဆုံး လာရောက်ရန် ထပ်မံ သတိပေးပြီးနောက် နှုတ်ဆက် ထွက်ခွာသွားလေသည်။

​လီဈေးဆိုင်အတွင်း၌ တစ်ဖန် ပြန်လည် တိတ်ဆိတ်သွားတော့သည်။

​“ဒီဝိညာဉ်စုစည်းခြင်း အစီအရင်တွေကို မင်း ရေးထိုးခဲ့တာလို့ ငါ သူများကို မပြောခဲ့ဘူး၊ မင်းကိုလည်း လူတွေရှေ့မှာ ထင်ပေါ်အောင် မလုပ်ပေးခဲ့ဘူး။ မင်း စိတ်ပျက်သွားလား” တိတ်ဆိတ်နေသော ဆိုင်အတွင်းမှ လီမု၏ အသံ ထွက်ပေါ်လာ၏။ သူသည် မျက်လုံးများကို မှေးစင်းလျက် ချင်လဲ့အား ရယ်ချင်စဖွယ် အမူအရာဖြင့် ကြည့်နေလေသည်။

​“မပျက်ပါဘူးဗျာ၊ ကျွန်တော် ပိုက်ဆံရရင်ပဲ ကျေနပ်ပါပြီ” ချင်လဲ့က ရိုးသားစွာ ပြောလိုက်သည်။

​လီမုက ခေါင်းညိတ်လိုက်ပြီး ခေတ္တအကြာတွင် အကြံပြုလိုက်သည်။ “မင်း ဝိညာဉ်စုစည်းခြင်းအစီရင်တွေကို တံဆိပ်ပြားပေါ်မှာ ဆက်ပြီး ရေးထိုးနေလို့ ရပါတယ်။ အဲဒါတွေကို ငါလည်း ကူပြီး ရောင်းပေးနိုင်တယ်။ ဒါပေမဲ့ ဒီဝိညာဉ်အစီရင်တွေကို မင်း ရေးထိုးခဲ့တယ်ဆိုတာကိုတော့ သူများကို မသိစေတာ အကောင်းဆုံးပဲ”

​ချင်လဲ့မှာ မှင်သက်သွားပြီး မေးလိုက်သည်။ “ဒါကို တမင်တကာ ဖုံးကွယ်ထားဖို့ လိုလို့လားဗျ”

​“ငါ ပြောတာကိုသာ နားထောင်စမ်းပါ” လီမုက မျက်မှောင်ကြုတ်လျက် ဆိုလိုက်လေသည်။

​“ဟုတ်ကဲ့ပါ” ချင်လဲ့သည် နားမလည်သော်လည်း ခေါင်းညိတ်လိုက်ပြီး ထပ်မံ မမေးမြန်းတော့ချေ။

အခန်း (၆၀) စွမ်းအားမြှင့်တင်ခြင်း ဝိညာဉ်အစီရင်

​“မင်းရဲ့ ဝိညာဉ်စုစည်းခြင်း အစီအရင်တွေကို ငါ့ဆိုင်မှာ ရောင်းတာဆိုတော့ ငါလည်း ပွဲစားခအဖြစ် အချို့အဝက် ယူရလိမ့်မယ်။ သာမန်အဆင့် ၇ ဝိညာဉ်ကျောက်တုံး ၁၇ တုံးထဲကနေ နှစ်တုံးကို ငါက ပွဲစားခအဖြစ် ယူမယ်၊ ကျန်တဲ့ ၁၅ တုံးကတော့ မင်းအတွက်ပဲ... ဘယ်လိုလဲ”

​ချင်လဲ့ ဆိုင်ပိတ်ပြီးချိန်တွင် လီမုသည် လှုပ်ကုလားထိုင်ပေါ်၌ ပျင်းရိစွာ မှီလျက် ခပ်အေးအေး ပြောဆိုလိုက်၏။

​“ရပါတယ်ဗျာ” ချင်လဲ့သည် စားပွဲပေါ်ရှိ ဝိညာဉ်ကျောက်တုံးပုံထဲမှ နှစ်တုံးကို ယူကာ လီမုထံသို့ ကမ်းပေးလိုက်သည်။ ထို့နောက် သူက မေးမြန်းသည်။ “ဒါနဲ့... သာမန်အဆင့် ၇ ဝိညာဉ်ကျောက်တုံး တစ်တုံးကို လေ့ကျင့်ဖို့ သုံးတဲ့ တံဆိပ်ပြား ဘယ်နှပြားနဲ့ လဲလို့ရလဲ”

​“သာမန်အဆင့် ၅ ဝိညာဉ်ကျောက်တုံး တစ်တုံးကို တံဆိပ်ပြားတစ်ပြား ရတယ်။ အဆင့် ၇ ကျောက်တုံး တစ်တုံးဆိုရင်တော့... မင်း ဘယ်နှပြားရမယ် ထင်လဲ” လီမုက ပြုံးလျက် မေးလိုက်၏။

​ထိုစကားကြောင့် ချင်လဲ့၏ မျက်လုံးများမှာ ဝမ်းသာအားရ ဖြစ်သွားခဲ့သည်။ “၂၅ ပြား ရမှာပေါ့”

​ဝိညာဉ်ကျောက်တုံးများကို ၎င်းတို့အတွင်း၌ ပါဝင်သော ဝိညာဉ်စွမ်းအားအပေါ် မူတည်၍ အဆင့်သတ်မှတ်ကြခြင်း ဖြစ်သည်။ သာမန်အဆင့် ၁ ဝိညာဉ်ကျောက်တုံး ၅ တုံး၏ ဝိညာဉ်စွမ်းအားကို ပေါင်းစပ်လိုက်လျှင် အဆင့် ၂ ကျောက်တုံး တစ်တုံးနှင့် အကြမ်းဖျင်း တူညီလေသည်။ ထို့ကြောင့် အဆင့် ၂ ကျောက်တုံး တစ်တုံးသည် အဆင့် ၁ ကျောက်တုံး ၅ တုံးနှင့် တန်ဖိုးတူ၏။ ထိုနည်းတူစွာပင် အဆင့် ၃ ကျောက်တုံး တစ်တုံးသည် အဆင့် ၂ ကျောက်တုံး ၅ တုံးနှင့် တန်ဖိုးတူလေသည်။

​ဤအချိုးအစားအရဆိုလျှင် သာမန်အဆင့် ၇ ဝိညာဉ်ကျောက်တုံး တစ်တုံးသည် အဆင့် ၆ ကျောက်တုံး ၅ တုံး သို့မဟုတ် အဆင့် ၅ ကျောက်တုံး ၂၅ တုံးနှင့် တန်ဖိုးတူညီပေသည်။

​တစ်နည်းအားဖြင့် တံဆိပ်ပြား ၂၅ ပြားနှင့် ညီမျှလေသည်။

​လီမုကို ပွဲစားခအဖြစ် ပေးလိုက်သော ကျောက်တုံး နှစ်တုံးမှအပ သူ၏လက်ဝယ်၌ ကျောက်တုံး ၁၅ တုံး ကျန်ရှိနေသေးရာ ၎င်းတို့ကို တံဆိပ်ပြား ၃၇၅ ပြားနှင့် လဲလှယ်နိုင်မည် ဖြစ်သဖြင့် သူ၏ ရေးထိုးခြင်း လေ့ကျင့်ခန်းများအတွက် အလုံအလောက် ထောက်ပံ့ပေးနိုင်ပေလိမ့်မည်။

​ယခင်က သူသည် မြူတိမ်ဆောင်၏ အကျိုးပြုမှတ် ၂,၀၀၀ ကို အသုံးပြု၍ တံဆိပ်ပြား ၄၀၀ သာ ရရှိခဲ့ဖူး၏။ ယခုမူ ဝိညာဉ်စုစည်းခြင်း အစီအရင်များကို ရောင်းချခြင်းဖြင့် ဤမျှလောက် များပြားသော တံဆိပ်ပြားများကို အလွယ်တကူ ရရှိလာခဲ့ချေပြီ။ ဤအခြေအနေကြောင့် သူသည် အလွန်ဝမ်းသာသွားခဲ့ရပြီး မိမိလက်ဝယ်ရှိ ဝိညာဉ်စုစည်းခြင်း အစီရင်မှာ နောင်တစ်ချိန်တွင် မိမိအတွက် အလွန်ပင် အထောက်အကူပြုမည့်အရာ ဖြစ်ကြောင်း နားလည်သွားခဲ့ရသည်။

​“မင်းရဲ့ အခန်းထဲမှာ တံဆိပ်ပြားအလွတ် ၁၀၀ ကျော်လောက် ရှိဦးမယ်။ အချို့ကိုတော့ မင်း သုံးလိုက်ပြီပေါ့။ အင်း... အားလုံးကို တစ်ခါတည်း တွက်လိုက်မယ်။ ငါ့ကို နောက်ထပ် ကျောက်တုံး ၄ တုံး ပေး” လီမုက လက်ဖြန့်ကာ ဆိုလိုက်၏။

​“ဟုတ်ကဲ့ပါ” ချင်လဲ့သည် နောက်ထပ် ကျောက်တုံး ၄ တုံးကို ပေးလိုက်သည်။ ထို့နောက် သူသည် ခေတ္တမျှ စဉ်းစားကာ ကျန်ရှိနေသော ကျောက်တုံးအားလုံးကို လီမု၏ လက်ထဲသို့ ထည့်လိုက်ပြီး ပြောသည်။ “ကျွန်တော် တံဆိပ်ပြားတွေ ပိုပြီး လိုအပ်ပါတယ်။ ဒါတွေအားလုံးကို လဲပေးလို့ ရမလားခင်ဗျာ”

​“ရတာပေါ့” လီမုက အနည်းငယ် အံ့သြသွားဟန်ဖြင့် ပြန်လည်ဖြေကြားပြီး ကျန်ရှိသော ကျောက်တုံးအားလုံးကို ယူလိုက်၏။ “ကုန်သွယ်ရေးလမ်းမပေါ်မှာ တံဆိပ်ပြားရောင်းတဲ့ဆိုင်တွေ ရှိတယ်၊ ဝိညာဉ်ကျောက်တုံးနဲ့ သွားဝယ်ပေးလို့ ရပါတယ်။ ဒါပေမဲ့ မင်း သေချာစဉ်းစားဦးနော်... သာမန်အဆင့် ၇ ဝိညာဉ်ကျောက်တုံး ၁၁ တုံးဆိုရင် လက်နက်ဆောင်မှာ အတော်လေးကောင်းတဲ့ ဝိညာဉ်လက်နက်တစ်လက်တောင် ရနိုင်တယ်။ ဒါတွေအားလုံးကို တံဆိပ်ပြားဝယ်ဖို့ပဲ သုံးမှာ သေချာလား”

​“သေချာပါတယ်” ချင်လဲ့က အတည်ပြုလိုက်လေသည်။

​လီမုက ခေါင်းညိတ်လိုက်ပြီး အေးအေးဆေးဆေး ဆိုလိုက်၏။ “ကောင်းပြီ၊ ဒါဆိုရင် ဒါတွေကို တံဆိပ်ပြားတွေဖြစ်အောင် ငါ လုပ်ပေးပါ့မယ်”

​“ဦးလေးလီ... အဲဒီ သိုလှောင်လက်စွပ်က ပုံမှန်ဆိုရင် ဘယ်လောက်လောက် တန်လဲ” ချင်လဲ့က စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းလိုက်၏။ သူ၏ မျက်လုံးများတွင် ထိုလက်စွပ်ကို အလွန်ပင် လိုချင်တပ်မက်နေသော အမူအရာ ပေါ်လွင်နေလေသည်။

​မိမိဘာသာ နေရာလပ်တစ်ခု ဖန်တီးထားနိုင်သော ထိုလက်စွပ်မျိုး ရှိမည်ဆိုပါက သူသည် လွယ်အိတ်ကြီးကို ပခုံးပေါ် ထမ်းနေစရာ လိုတော့မည် မဟုတ်ချေ။ လျိုယန်၏ ရှင်းပြချက်ကြောင့် သူသည် ထိုလက်စွပ်များကို အလွန်ပင် စိတ်ဝင်စားသွားခဲ့၏။ တန်ဖိုးမှာ အလွန်မကြီးမားပါက မိမိအတွက် တစ်ကွင်း ဝယ်ယူရန် စဉ်းစားမည်ဟု တွေးတောမိသည်။

​“အဲဒါက မင်း အခုလောလောဆယ် စဉ်းစားရမယ့်အရာ မဟုတ်သေးဘူး” လီမုသည် ချင်လဲ့၏ မျှော်လင့်ချက်ကို အကြင်နာကင်းမဲ့စွာဖြင့် ချေဖျက်လိုက်လေသည်။ “အနိမ့်ဆုံးအဆင့် သိုလှောင်လက်စွပ် တစ်ကွင်းတောင်မှ သာမန်အဆင့် ၇ ဝိညာဉ်ကျောက်တုံး ၃,၀၀၀ အနည်းဆုံး ပေးရတယ်။ အဲဒါက ဘယ်သူမဆို ပိုင်ဆိုင်နိုင်တဲ့အရာ မဟုတ်ဘူး။ အခု မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က နိမ့်သေးသလို ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကလည်း သိပ်မများသေးဘူး၊ ဒါကြောင့် ဒီလောက်အထိ အကောင်းကြိုက်နေဖို့ မလိုသေးပါဘူး”

​“သာမန်အဆင့် ၇ ဝိညာဉ်ကျောက်တုံး ၃,၀၀၀ တောင်လား” ချင်လဲ့မှာ ရင်ထဲ၌ ထိတ်လန့်သွားခဲ့ရ၏။

​“ဒါက အနည်းဆုံး ခန့်မှန်းထားတာပဲ ရှိသေးတယ်။ ပုံမှန်ဆိုရင် သိုလှောင်လက်စွပ် တစ်ကွင်းရဲ့ တန်ဖိုးက ဒီထက်မက ပိုနိုင်တယ်” လီမုက ပြုံးစစဖြင့် ဆက်ပြောသည်။ “ရေခဲကျောက်မြို့တော် တစ်မြို့လုံးမှာတောင် ဒီလက်စွပ်ကို ပိုင်ဆိုင်တဲ့သူ သုံးယောက်ပဲ ရှိတယ်။ သိပ်ပြီး အဝေးကြီး မတွေးပါနဲ့ဦး ငါ့တူရာ။ အင်း... နောင်တစ်ချိန်မှာ မင်းက အဖွဲ့အစည်းကြီးတစ်ခုထဲကို ရောက်သွားပြီး ဝိညာဉ်ကုန်ကြမ်းတွေနဲ့ လက်နက်တွေ အများကြီး ပိုင်ဆိုင်လာတဲ့အခါကျမှ ဒါကို ဝယ်ဖို့ စဉ်းစားပေါ့”

​“ကျွန်တော် အဝေးကြီး တွေးမိသွားတာပဲ” ချင်လဲ့က မျက်နှာပျက်စွာဖြင့် ဆိုလိုက်သည်။

​လက်ရှိတွင် သူသည် ဝိညာဉ်စုစည်းခြင်း အစီရင် တစ်ခုကို ရေးထိုးရန်အတွက် ၄ နာရီမှ ၆ နာရီအထိ ကြာမြင့်ပြီးနောက် ခဏမျှ အနားယူရလေသည်။

​တစ်ရက်လျှင် အများဆုံး ဝိညာဉ်စုစည်းခြင်း အစီရင် ၃ ခုသာ ရေးထိုးနိုင်ရာ၊ ဝိညာဉ်စုစည်းခြင်း အစီအရင် ၃ ပြားသာ ရရှိနိုင်မည် ဖြစ်သည်။ အစီအရင်တစ်ပြားကို သာမန်အဆင့် ၇ ဝိညာဉ်ကျောက်တုံး တစ်တုံးဖြင့်သာ ရောင်းနိုင်ရာ ​သူသည် ယခုပင် သိုလှောင်လက်စွပ် တစ်ကွင်းကို ဝယ်လိုပါက မနားမနေ ရေးထိုးနေလျှင်ပင် ၃ နှစ်ခန့် ကြာမြင့်မည် ဖြစ်သည်။ ထို့ပြင် တစ်ချက်မျှပင် မမှားယွင်းဘဲ ရေးထိုးနိုင်မှသာ အနိမ့်ဆုံးအဆင့် လက်စွပ်တစ်ကွင်းစာ ကျောက်တုံးများကို စုဆောင်းနိုင်မည် ဖြစ်ချေသည်။

​ထို့ကြောင့် သူသည် ထိုအတွေးကို ပြတ်ပြတ်သားသားပင် လက်လျှော့လိုက်တော့သည်။

​“မင်း မြူတိမ်ဆောင်ကို ဘယ်အချိန်မဆို သွားလို့ရနေတာပဲ၊ ငါ့ရဲ့ ဆိုင်ငယ်လေးမှာ ဆက်နေနေဖို့ မလိုပါဘူး။ အင်း... မင်းရဲ့ ရှေ့ဆက်မယ့် အစီအစဉ်က ဘာလဲ” လီမုက မေးမြန်းလိုက်၏။

​“ဦးလေးရဲ့ ဆိုင်လေးက အတော်လေး တိတ်ဆိတ်အေးချမ်းပါတယ်။ ဦးလေးသာ စိတ်မရှိဘူးဆိုရင် ကျွန်တော် လောလောဆယ် ဒီမှာပဲ ဆက်နေချင်ပါသေးတယ်”

​“မင်း သဘောပဲလေ၊ အခန်းကလည်း လွတ်နေတာပဲ။ အင်း... ကုန်သွယ်ရေးလမ်းမမှာ နေရတာရဲ့ အကျိုးကျေးဇူးတစ်ခုကတော့ မင်းရဲ့ လုံခြုံရေးက အာမခံချက် ရှိတာပဲ။ မြူတိမ်ဆောင်ဖြစ်ဖြစ်၊ ရေခဲပြင်နန်းတော်ဖြစ်ဖြစ် ဒီလမ်းပေါ်မှာတော့ ဘာမှ လုပ်ရဲမှာ မဟုတ်ဘူး”

​“ဒါဆိုရင် ကျေးဇူးတင်ပါတယ် ဦးလေးလီ”

​ချင်လဲ့သည် လီဈေးဆိုင်၌ ဆက်လက်နေထိုင်ခဲ့ပြီး အခြားသော ဝိညာဉ်အစီရင်များကို လေ့ကျင့်ရန်သာ အာရုံစိုက်ထားခဲ့၏။ ဦးလေးလီကလည်း သူ၏ ဝိညာဉ်ကျောက်တုံး အားလုံးကို တံဆိပ်ပြားများအဖြစ် လဲလှယ်ပေးထားသဖြင့် သူသည် တံဆိပ်ပြား ပြတ်လပ်မည်ကို စိုးရိမ်စရာမလိုဘဲ လေ့ကျင့်နိုင်ခဲ့လေသည်။

​ယခုအခါတွင်မူ သူသည် နေ့ဘက်၌ ဆိုင်တွင်ထိုင်၍ ပစ္စည်းရောင်းပေးနေရန် မလိုတော့သဖြင့် ထိုအချိန်များကို လေ့ကျင့်ရာ၌ အသုံးပြုနိုင်ခဲ့၏။ ထို့ပြင် တံဆိပ်ပြားများလည်း အလုံအလောက် ရှိနေသဖြင့် သူ၏ ဝိညာဉ်အစီရင် ရေးထိုးခြင်း တိုးတက်မှုမှာ အလွန်ပင် လျင်မြန်လှပေသည်။

​……

​မြောက်ပိုင်းမြို့၊ ရေခဲပြင်နန်းတော်။

​အေးစိမ့်လှသော ကျင့်ကြံခြင်းအခန်း တစ်ခန်းအတွင်း၌ ယန်ကျီချန်း၊ ယန်ချင်းဆုန်း၊ ဖုန်းယီ နှင့် အခြားသူများသည် ရေခဲတုံးကြီးများပေါ်တွင် ထိုင်နေကြ၏။ သူတို့၏ ဘေးတွင်မူ ရေခဲပြင်နန်းတော်မှ ကျင့်ကြံသူများသည် အာရုံစိုက်၍ ကျင့်ကြံနေကြလေသည်။

​ဤအခန်း၏ နံရံများကို အထူးပြုလုပ်ထားသော ရေခဲကျောက်များဖြင့် တည်ဆောက်ထားခြင်း ဖြစ်ပြီး ၎င်းသည် ဝိညာဉ်စွမ်းအားကို အအေးဓာတ်အဖြစ် ပြောင်းလဲပေးနိုင်ကာ ရေခဲနှင့် အအေးပညာရပ်များကို ကျင့်ကြံသူများအတွက် အလွန်ပင် အထောက်အကူပြုလေသည်။

​ရေခဲပြင်နန်းတော်မှ ကျင့်ကြံသူအများစုမှာ အအေးပညာရပ်များကိုသာ ကျင့်ကြံကြသဖြင့် နန်းတော်အား စတင်တည်ထောင်ပြီး မကြာမီမှာပင် ဤကျင့်ကြံခြင်းအခန်းကို တန်ဖိုးကြီးစွာဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်၏။

​ကျင့်ကြံခြင်းအခန်းအတွင်း၌ ဝိုင်းစက်သော ရေခဲကျောက်တုံးများကို ကြိတ်ဆုံကျောက်များသဖွယ် ပြန့်ကျဲထားလေသည်။ ကျင့်ကြံသူများသည် ထိုကျောက်တုံးများပေါ်တွင် တစ်ဦးနှင့်တစ်ဦး မီတာအနည်းငယ်စီ ကွာဝေး၍ ထိုင်လျက် ကျင့်ကြံနေကြခြင်း ဖြစ်သည်။

​“ချင်လဲ့လား။ သူက လီဈေးဆိုင်မှာ ရှိနေတာလား” ဖုန်းခိုင်သည် မျက်လုံးများကို ဖွင့်လိုက်ပြီး အဝေးရှိ ကျင့်ကြံသူတစ်ဦးကို ကြည့်ကာ မေးလိုက်သည်။ “ငါ့ညီရဲ့ လက်တစ်ဖက် ဆုံးရှုံးအောင် လုပ်ခဲ့တဲ့သူက အဲဒီချင်လဲ့ ဆိုတာ သေချာရဲ့လား”

​ထိုသူမှာ လွန်ခဲ့သော ရက်အနည်းငယ်က လီဈေးဆိုင်သို့ ရောက်ရှိခဲ့သော ရေခဲပြင်နန်းတော်မှ ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ သူက ပြုံးလျက် ဆိုသည်။ “လျိုရန် ကိုယ်တိုင် အော်ခေါ်နေတာပဲ၊ ဘယ်လိုလုပ် မှားမှာလဲဗျာ။ လျိုရန်ကတော့ လူမှားမှာ မဟုတ်ပါဘူး၊ အဲဒါ ချင်လဲ့ ဆိုတာ သေချာပါတယ်။ ကျွန်တော် မကြာသေးခင်က စုံစမ်းကြည့်တော့ သူက လင်လဲ့ဆိုတဲ့ အမည်ဝှက်ကိုလည်း သုံးခဲ့သေးတယ်...”

​“ချင်လဲ့၊ ဒီကောင်ကြောင့် အကြီးအကဲယန် တစ်ယောက် အရှက်ရခဲ့ရသလို၊ ဝံပုလွေဘုရင်ရဲ့ ကိုက်သတ်တာကိုလည်း ခံရမလို ဖြစ်ခဲ့ရတာ” ယန်ချင်းဆုန်းက အေးစက်စွာ အော်ဟစ်လိုက်၏။

​“ချင်လဲ့... ချင်လဲ့...” ရေခဲပြင်နန်းတော်၏ သခင်လေး ယန်ကျီချန်းသည် မျက်မှောင်ကြုတ်လျက် တိုးတိုးလေး ရေရွတ်လိုက်သည်။ သူ၏ မျက်နှာမှာ ရုတ်တရက် ခက်ထန်သွားပြီး အော်ဟစ်လိုက်သည်။ “သူပဲ၊ ဒါ သူဖြစ်မှာ သေချာတယ်။ သူသာ မရှိခဲ့ရင် တုကျဲတို့လူစု အာတိတ်တောင်တန်းကနေ အသက်ရှင်လျက် ပြန်ထွက်သွားနိုင်မှာ မဟုတ်ဘူး”

​“ကျီချန်း... အာတိတ်တောင်တန်းမှာ မင်း ရှုံးနိမ့်ခဲ့တာက သူ့ကြောင့်လား” ယန်ချင်းဆုန်းမှာ အံ့သြသွား၏။

​“တုကျဲက သူ့ကို လင်လဲ့လို့ ခေါ်တယ်လေ၊ သူကလွဲရင် ဘယ်သူ ရှိဦးမှာလဲ” ယန်ကျီချန်း၏ ကိုယ်မှ အေးစက်သော အရှိန်အဝါများ ထွက်ပေါ်လာပြီး ဆိုသည်။ “သူက ရှားပါးတဲ့ မိုးကြိုးပညာရပ်ကို ကျင့်ကြံတာ ဖြစ်ရမယ်။ သူ တိုက်ခိုက်တဲ့အခါ လျှပ်စီးတွေ၊ မိုးကြိုးသံတွေ ထွက်ပေါ်လာတယ် မဟုတ်လား”

​ဤလူများထဲတွင် ယန်ချင်းဆုန်းနှင့် ယန်တယ်ဝူတို့သာ နတ်ဆိုးဝံပုလွေတောင်သို့ သွားခဲ့ကြသဖြင့် ချင်လဲ့ တိုက်ခိုက်သည်ကို မြင်တွေ့ခဲ့ကြဖူး၏။ ထိုစကားကို ကြားသောအခါ ယန်ချင်းဆုန်းက အတည်ပြုလိုက်သည်။ “ဟုတ်တယ်... အဲဒါ ဒီလူဖြစ်မှာ သေချာတယ်။ ငါ ကိုယ်တိုင် မြင်ခဲ့တာ၊ သူက မိုးကြိုးပညာရပ်ကို သုံးတာ”

​“ငါ လီဈေးဆိုင်ကို သွားပြီး သူ့ကို သတ်မယ်” ဖုန်းခိုင်သည် ထရပ်လိုက်ပြီး သူ၏ ခန့်ညားသော မျက်နှာထက်၌ အေးစက်သော အမူအရာများ ဖုံးလွှမ်းသွား၏။ “သူသာ မရှိရင် ငါ့ညီလည်း လက်တစ်ဖက် ဆုံးရှုံးမှာ မဟုတ်ဘူး၊ ဖုန်းမိသားစုရဲ့ အကြောင်းတွေလည်း ပေါ်မှာ မဟုတ်ဘူး၊ နေမီးကျောက်တွင်းကလည်း ငါတို့ပိုင် ဖြစ်နေမှာ”

​“ငါ သူ့ကို သတ်မယ်” ယန်ကျီချန်းကလည်း လေသံနိမ့်နိမ့်ဖြင့် ဆိုလိုက်၏။

​“မင်းတို့ သူ့ကို သတ်နိုင်ပါတယ်၊ ဒါပေမဲ့ ကုန်သွယ်ရေးလမ်းမပေါ်မှာတော့ လုံးဝ အရေးမယူရဘူး” ယန်ချင်းဆုန်းက မျက်မှောင်ကြုတ်လျက် ဆို၏။ “အဲဒီ ကုန်သွယ်ရေးလမ်းမမှာ တစ်ဦးချင်း တိုက်ခိုက်တာကို တားမြစ်ထားတယ်။ ဒီစည်းကမ်းကို အမှောင် အသူရာခန်းမက ချမှတ်ထားတာဆိုတော့ ရေခဲပြင်နန်းတော်နဲ့ မြူတိမ်ဆောင်တို့ဟာ မဖြစ်မနေ လိုက်နာရမယ်။ မင်းတို့ သူ့ကို သတ်ချင်ရင် သေချာတဲ့ အစီအစဉ်ဆွဲထားပြီး သူ အဲဒီလမ်းပေါ်က ထွက်လာမယ့်အချိန်ကို စောင့်ကြပေါ့”

​“အင်း... သူ့ရဲ့ သွားလာလှုပ်ရှားမှုတွေကို စောင့်ကြည့်ခိုင်းထားလိုက်” ယန်ကျီချန်း၏ မျက်နှာမှာ ပြန်လည် တည်ငြိမ်သွားခဲ့သည်။

​“ဟဲဟဲ... ဒီလိုကိစ္စမျိုးဆိုရင်တော့ ကျွန်တော်က အကျွမ်းကျင်ဆုံးပဲ၊ ကျွန်တော့်ကိုသာ လွှတ်ထားလိုက်ပါ” ယန်ချင်းဆုန်းက ဆိုလိုက်လေတော့သည်။

​……

​အချိန်တို့မှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့၏။

​နောက်ထပ် သုံးလတာမျှ ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။

​ဤကာလအတွင်း ချင်လဲ့သည် လီဈေးဆိုင်၌ပင် ဆက်လက်နေထိုင်ခဲ့ပြီး စွမ်းအားမြှင့်တင်ခြင်းပုံစံကို ရေးထိုးနိုင်ရန် ကြိုးစားအားထုတ်နေခဲ့၏။

​ဝိညာဉ်စုစည်းခြင်း အစီရင်ကို အောင်မြင်စွာ ရေးထိုးနိုင်ခဲ့သော အတွေ့အကြုံကြောင့်လား မသိ စွမ်းအားမြှင့်တင်ခြင်းပုံစံကို လေ့ကျင့်ရာ၌ သူသည် အမှားအယွင်း များစွာ မရှိခဲ့ချေ။ ထို့ကြောင့် သူ၏ တိုးတက်မှုမှာ ဝိညာဉ်စုစည်းခြင်း အစီရင်တုန်းကထက် ပိုမို လျင်မြန်ခဲ့လေသည်။

​တံဆိပ်ပြားများ ပျက်စီးဆုံးရှုံးမှုမှာလည်း ဝိညာဉ်စုစည်းခြင်း အစီရင်တုန်းကထက် များစွာ လျော့နည်းခဲ့၏။ ယခုအချိန်အထိ သူသည် တံဆိပ်ပြား ၂၀၀ ခန့်သာ ပျက်စီးခဲ့ပြီး မကြာမီမှာပင် စွမ်းအားမြှင့်တင်ခြင်းပုံစံကို အောင်မြင်စွာ ရေးထိုးနိုင်တော့မည်ဟု သူ ခန့်မှန်းထားလေသည်။

​ဤကာလအတွင်း တုကျဲနှင့် ကျိုချန်းတို့မှာ ဝိညာဉ်ပေါက်ဖွားခြင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့သဖြင့် သူတို့၏ ကျင့်ကြံမှုကို တည်ငြိမ်အောင် လုပ်ဆောင်နေကြရာ ချင်လဲ့ထံသို့ မလာရောက်နိုင်ကြချေ။

​ဝတုတ်လေး ခန်းကျိ၊ ကျူးဖုန်း၊ ဟန်ဖုန်း နှင့် အခြားသူများသာ ချင်လဲ့ လီဈေးဆိုင်၌ ရှိနေကြောင်း သိရှိသဖြင့် အကြိမ် အနည်းငယ် လာရောက်တွေ့ဆုံကြလေသည်။ သူတို့သည် ချင်လဲ့ကို မြူတိမ်ဆောင်သို့ ဖိတ်ခေါ်ကြသလို ရေခဲကျောက်မြို့တော်ရှိ စိတ်ဝင်စားစရာ နေရာများဆီသို့လည်း ခေါ်ဆောင်သွားလိုကြ၏။

​ချင်လဲ့မှာမူ စွမ်းအားမြှင့်တင်ခြင်း အစီရင်ကို လေ့ကျင့်ရာ၌ အရေးကြီးသော အဆင့်သို့ ရောက်ရှိနေသဖြင့် ပြုံးရွှင်စွာဖြင့် အကြိမ်ကြိမ် ငြင်းပယ်ခဲ့ရလေသည်။ သို့သော် သူတို့ စိတ်အေးစေရန်အတွက် မကြာမီ မြူတိမ်ဆောင်သို့ လာရောက်သတင်းပို့မည်ဖြစ်ကြောင်း သူက ပြောဆိုခဲ့လေသည်။

​“ဖျစ်...”

​တံဆိပ်ပြားအတွင်းမှ အစိမ်းရောင် မီးခိုးတန်းလေးတစ်တန်း ထွက်ပေါ်လာ၏။ တံဆိပ်ပြားအတွင်းရှိ ရှုပ်ထွေးလှသော စွမ်းအားမြှင့်တင်ခြင်း အစီရင်မှာ ရုတ်တရက် ပျက်စီးသွားခဲ့ချေပြီ။

​ချင်လဲ့သည် အားအင်ကုန်ခမ်းနေသော အမူအရာဖြင့် လက်များကို ဖယ်လိုက်ပြီး ငေးမှိုင်နေမိသည်။ သူသည် တံဆိပ်ပြားအသစ် တစ်ပြားကို ယူကာ ပြန်လည်စတင်ရန် ပြင်ဆင်လိုက်၏။

​“ငါ့တူ... တစ်ခါတလေကျရင် မနားမနေ ကြိုးစားနေတာက မှန်ကန်တဲ့ နည်းလမ်းမဟုတ်ဘူး။ မင်းရဲ့ အာရုံကြောတွေက အရမ်း တင်းကျပ်နေမယ်ဆိုရင် အမှားအယွင်းတွေ ပိုများလာတတ်တယ်။ အောင်မြင်မှုကို အရမ်း လောနေမယ်ဆိုရင်တော့ ရလဒ်က ပြောင်းပြန် ဖြစ်သွားတတ်တယ်” လီမု၏ အသံမှာ တံခါးအပြင်ဘက်မှ ထွက်ပေါ်လာ၏။ “ငါ အထဲဝင်ခဲ့လို့ ရမလား”

​ချင်လဲ့မှာ အံ့အားသင့်သွားပြီး လေ့ကျင့်မှုကို ခေတ္တရပ်နားလျက် ပြန်ဖြေလိုက်တော့သည်။ “ရတာပေါ့ ဦးလေး... ဝင်ခဲ့ပါခင်ဗျာ”

All Chapters