← Chapters

အခန်း (၅၁-၅၂)

Vol. 6 Ch. 51-52

အခန်း (၅၁-၅၂)

Vol. 6 Ch. 51-52

အခန်း (၅၁) လေ့ကျင့်ခြင်း

​ရေခဲကျောက်မြို့၊ မြူတိမ်ဆောင်။

​လင်ဖုန်းနှင့် လျိုရန်တို့သည် အကြီးအကဲ ဟန်ချင်းရွီ၏ ရှေ့တွင် ရိုသေသမှုရှိသော အမူအရာဖြင့် ရပ်နေကြသည်။

​လင်မိသားစု အရှင်သခင်၏ အမိန့်အရ လင်ဖုန်းသည် ချင်လဲ့အတွက် ဝိညာဉ်အစီရင်များ ရေးထိုးလေ့ကျင့်ရန် ဝိညာဉ်တံဆိပ်ပြားများ လာရောက်ဝယ်ယူပေးခြင်း ဖြစ်သည်။ သူသည် မြူတိမ်ဆောင်နှင့် မရင်းနှီးသဖြင့် လျိုရန်ကို အရင်ရှာပြီး လမ်းပြပေးရန် အကူအညီတောင်းခဲ့ရသည်။

​ဝံပုလွေတောင် ဖြစ်ရပ်တွင် လျိုရန်သည် လင်မိသားစုနှင့် အလွန်ရင်းနှီးသွားခဲ့ပြီး မြူတိမ်ဆောင်တွင် အကူအညီလိုအပ်ပါက သူ့ကို အချိန်မရွေး လာရှာရန်လည်း ကတိပေးထားခဲ့သူ ဖြစ်သည်။

​လင်ဖုန်း ရောက်လာသည်ကို မြင်သောအခါ လျိုရန်မှာ အလွန်ပင် ဝမ်းသာသွားသည်။ သူသည် လင်ဖုန်းကို ဟန်ချင်းယွီထံသို့ ဝမ်းမြောက်ဝမ်းသာ လမ်းပြခေါ်ဆောင်သွားပြီး အခြေအနေအား ရှင်းပြခိုင်းလိုက်သည်။

​“ချင်လဲ့နဲ့ လင်လဲ့က လူတစ်ယောက်တည်းပဲပေါ့၊ ပြီးတော့ သူက အကျိုးပြုမှတ် သုံးထောင်တောင် ပိုင်ဆိုင်ထားတာပဲ။ မြူတိမ်ဆောင်မှာ ဝိညာဉ်အစီရင် ရေးထိုးဖို့ သုံးတဲ့ ဝိညာဉ်တံဆိပ်ပြား တစ်ပြားကို အကျိုးပြုမှတ် ငါးမှတ် ပေးရတယ်။ ချင်လဲ့အတွက် ဘယ်နှပြားလောက် ဝယ်ချင်လို့လဲ” ဟန်ချင်းယွီက မေးလိုက်သည်။ သူက ခေတ္တစဉ်းစားပြီး ပြုံးကာ မေးလိုက်သည်။ “အဲဒီ ချင်လဲ့က ပန်းပဲပညာရှင် တစ်ယောက်လား။ ဝိညာဉ်တံဆိပ်ပြားဆိုတာက ဝိညာဉ်အစီရင် ရေးထိုးဖို့ လေ့ကျင့်တဲ့နေရာမှာပဲ သုံးလို့ရတာလေ၊ အဲဒါတွေက အခြေခံပစ္စည်းတွေ ဖြစ်သလို တခြား ဘာအတွက်မှလည်း သုံးလို့မရဘူး။ သူက တကယ်ပဲ ဝိညာဉ်တံဆိပ်ပြားတွေကိုပဲ လိုချင်တာလား”

​“အကြီးအကဲဟန်... ဝံပုလွေတောင်မှာတုန်းက ချင်လဲ့က ကျွန်တော့်ရဲ့ ခြောက်ထောင့်ဒိုင်းကို ပြင်ပေးခဲ့တာပါ” လျိုရန်က ပြုံးလျက် ရှင်းပြလိုက်သည်။

​ဟန်ချင်းရွီမှာ အံ့သြသွားပြီး ခေါင်းညိတ်လိုက်သည်။ “ဪ... အဲဒီလိုကိုး”

​“ဝိညာဉ်တံဆိပ်ပြား တစ်ရာလောက်ဆိုရင်ရော” လင်ဖုန်းက အကြံပြုလိုက်သည်။

​“အင်း... ရတာပေါ့၊ ဒါဆိုရင် အကျိုးပြုမှတ် ငါးရာ ကျသင့်မယ်။ ငါ မှတ်တမ်းတင်ထားလိုက်မယ်၊ အခုဆိုရင် ချင်လဲ့မှာ အကျိုးပြုမှတ် နှစ်ထောင်ငါးရာ ကျန်သေးတာပေါ့” ဟန်ချင်းယွီက စာရင်းစာအုပ်ထဲတွင် မှတ်သားလိုက်ပြီး လင်ဖုန်းကို စာရွက်တစ်ရွက် ကမ်းပေးလိုက်သည်။ “ဒီပြေစာကို ဝိညာဉ်ပစ္စည်း သိုလှောင်ရုံဆီ ယူသွားပြီး ထုတ်ယူလိုက်ပါ။ လျိုရန်က မင်းကို လိုက်ပို့ပေးလိမ့်မယ်”

​“ကျေးဇူးတင်ပါတယ် အကြီးအကဲဟန်” လင်ဖုန်းက ကျေးဇူးတင်စကား ဆိုလိုက်သည်။

​ဟန်ချင်းရွီက လက်ဝှေ့ယမ်းပြပြီး ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။ “တကယ်တော့ ချင်လဲ့ဟာ သူ အလိုရှိတဲ့ အချိန်တိုင်းမှာ မြူတိမ်ဆောင်ကို လာပြီး ကျင့်ကြံလို့ ရပါတယ်။ လင်မိသားစုမှာပဲ နေနေဖို့ မလိုပါဘူး။ ငါ့သားကလည်း သူ့အကြောင်း ခဏခဏ ပြောပြီး သူ မကြာခင် လာလိမ့်မယ်လို့ မျှော်လင့်နေတာ။ အင်း... ငါ့သား ဟန်ဖုန်းရဲ့ နှုတ်ဆက်စကားကိုလည်း သူ့ကို ပါးပေးလိုက်ပါဦး”

​“ဟုတ်ကဲ့၊ ပါးပေးလိုက်ပါ့မယ်” လင်ဖုန်းက အလေးအနက် ပြန်ဖြေလိုက်သည်။

​“ချင်လဲ့က တုကျဲ၊ ခန်းကျိတို့နဲ့တောင် သိကျွမ်းနေလိမ့်မယ်လို့ ငါ မထင်ထားဘူး။ ဒီကောင်လေးကတော့ တကယ့်ကို အစွမ်းအစတွေကို ဖုံးကွယ်ထားတာပဲ” အခန်းထဲမှ ထွက်လာသည့်အခါ လျိုရန်က ခေါင်းခါလျက် ပြုံးကာ ပြောလိုက်သည်။ “ချင်လဲ့... လင်လဲ့... ဟားဟား၊ သူက မြူတိမ်ဆောင်ရဲ့ အမာခံအဖွဲ့ဝင် ဖြစ်နိုင်နေတာ ကြာပြီပဲ၊ ဘာလို့ မင်းတို့ လင်မြို့လေးမှာပဲ ဆက်နေနေတာလဲ။ မြူတိမ်ဆောင်ကို ဝင်ပြီး အမာခံတပည့် ဖြစ်လာဖို့ဆိုတာ မိသားစုအသီးသီးက လူငယ်ကျင့်ကြံသူတိုင်းရဲ့ အိပ်မက် မဟုတ်ဘူးလား”

​“သူ ဘာတွေးနေလဲဆိုတာ ကျွန်တော်လည်း မသိဘူး” လင်ဖုန်းက မျက်နှာပျက်ပျက်ဖြင့် ပြန်ဖြေလိုက်သည်။ “လင်ရှင်း၊ လင်ရှောင်နဲ့ ကျွန်တော့်အတွက်တော့ အသက် ၂၀ မတိုင်ခင်မှာ ဝိညာဉ်ပေါက်ဖွားခြင်းအဆင့်ကို ရောက်ဖို့နဲ့ မြူတိမ်ဆောင်ကို ဝင်ခွင့်ရဖို့က တစ်ခုတည်းသော ပန်းတိုင်ပဲလေ။ တကယ်လို့သာ ကျွန်တော့်မှာ အခွင့်အရေးရှိမယ်ဆိုရင် မြူတိမ်ဆောင်ကို ချက်ချင်း ပြောင်းလာမှာပဲ၊ ဒီနေရာက ကျင့်ကြံဖို့ ပိုပြီး သင့်တော်တာကိုး...”

​“မင်းလည်း နောင်တစ်ချိန်မှာ သေချာပေါက် ဝင်ခွင့်ရမှာပါ” လျိုရန်က သူ၏ ပုခုံးကို ပုတ်ကာ အားပေးလိုက်သည်။

​“ဟုတ်ကဲ့” လင်ဖုန်းက ခိုင်မာစွာ ခေါင်းညိတ်လိုက်သည်။

​“ထူးဆန်းတယ်... ချင်လဲ့က မြူတိမ်ဆောင်မှာ သွားပြီး ကျင့်ကြံနိုင်ရဲ့သားနဲ့ ဘာလို့ လင်မြို့လေးမှာပဲ ဆက်နေနေတာလဲ” ထမင်းစားပွဲတွင် လင်ချန်ကျိက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ “တကယ်လို့ သူက ချင်ရှန်း ပြန်လာမှာကို စောင့်ချင်တယ်ဆိုရင်တောင် မြူတိမ်ဆောင်မှာ စောင့်လို့ ရတာပဲ။ လင်မိသားစုကလည်း ဒီမှာ ရှိနေတာပဲ၊ ချင်ရှန်း ပြန်ရောက်လာရင် သူ့ကို ချက်ချင်း အကြောင်းကြားပေးလို့ ရတာပဲလေ။ သူက လင်မိသားစုမှာပဲ နေနေဖို့ မလိုပါဘူး”

​“အစ်မကြောင့်များလား” လင်ရွှမ်းရွှမ်း၏ မျက်ခုံးလေးများ လှုပ်ခတ်သွားပြီး သူမ၏ ဘေးရှိ လင်ယွီရှီးဘက်သို့ ရုတ်တရက် လှည့်ကြည့်ကာ မေးလိုက်သည်။ “ဟုတ်တယ်မလား အစ်မ။ အဲဒီလူက လင်မြို့လေးကနေ ထွက်ပြီး ပိုကောင်းတဲ့ နေရာမှာ ကျင့်ကြံနိုင်ရဲ့သားနဲ့ သူက ဒီမှာပဲ ဆက်နေချင်နေတာလေ။ အဲဒါ အစ်မကြောင့် ဖြစ်မှာပေါ့၊ ဟုတ်တယ်မလား”

​လင်ယွီရှီးသည် တစ်ခုခုကို တွေးနေပုံရသည်။ သူမ၏ ညီမလေး မေးလိုက်သည်ကို ကြားလိုက်ရသည့်အခါ သူမ၏ မျက်နှာမှာ ရဲခနဲ ဖြစ်သွားပြီး မျက်လုံးများ ဝင်းလက်သွားကာ လန့်ဖျန့်သွားသည်။ “မသိဘူး... အဲဒီလို မဟုတ်လောက်ပါဘူး။ သူ ဘာတွေးနေလဲဆိုတာ ငါလည်း သိပ်မသိပါဘူး...” သူမ ပြောနေစဉ်မှာပင် သူမ၏ ရင်ထဲ၌ ချိုမြိန်သော ခံစားချက်လေး ဖြစ်ပေါ်လာပြီး ပါးပြင်ပေါ်မှ နီမြန်းနေသော အရောင်များမှာ ပိုမို တောက်ပလာတော့သည်။

​“ကြည့်ပါဦး... အခုထိ ကိုယ့်ကြောင့် မဟုတ်ဘူးလို့ ငြင်းနေသေးတာလား။ ဘယ်သူ့ကို လိမ်ချင်လို့လဲ” လင်ရွှမ်ယရွှမ်းက နှုတ်ခမ်းဆူကာ စိတ်ကောက်သလို လေသံဖြင့် ဆိုသည်။ “တကယ့်ကို ထူးဆန်းလိုက်တာ၊ ချင်လဲ့က ငါနဲ့ အသက်အတူတူပဲကို၊ နောက်ကျရင် သူ့ကို ခဲအိုလို့ ခေါ်ရတော့မှာလား။ တကယ်ပါပဲ... ငါက ရုတ်တရက်ကြီး သူ့ထက် အဆင့်နိမ့်သွားသလိုပဲ၊ ဒါကြီးက တော်တော်ဆိုးတာပဲ”

​“ဘာ ခဲအိုလဲ။ နင်ကတော့လေ... ပေါက်ကရတွေပဲ လျှောက်ပြောနေတော့တာပဲ၊ ငါ နင့်ရဲ့ နှုတ်ခမ်းကို ဆွဲဖြဲလိုက်ရမလား” လင်ယွီရှီးမှာ ရှက်ရှက်ဖြင့် သူမ၏ ညီမလေးကို ရန်တွေ့နေတော့သည်။ သူမ ဆူပူနေသော်လည်း သူမ၏ မျက်လုံးများထဲတွင်မူ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသည်။

​“နင်တို့ နှစ်ယောက်လုံးက အိမ်ထောင်ပြုလို့ရတဲ့ အရွယ်တွေ ရောက်နေပြီ၊ အခုအထိ ကလေးလို ဆော့နေကြတုန်းပဲ။ စည်းကမ်းရှိရှိ နေကြစမ်း” လင်ချန်ယဲ့က ခပ်တိုးတိုး နှာခေါင်းရှုံ့ကာ ငေါက်လိုက်သည်။

​ညီအစ်မ နှစ်ယောက်မှာ ဖခင်ဖြစ်သူ ငေါက်လိုက်သည်ကို ကြားသော်လည်း ပြုံးလျက်နှင့်ပင် လိမ္မာပါးနပ်စွာ ရပ်လိုက်ကြသည်။

​လင်ချန်ယဲ့၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွားသည်။ သူက အသံတစ်ချက်ပြုလိုက်ပြီး ရုတ်တရက် ပြောလိုက်သည်။ “ယွီရှီးလေး... သမီးနဲ့ ချင်လဲ့ရဲ့ စေ့စပ်ပွဲဟာ... အခြေအနေအရ ခေတ္တလုပ်ထားတဲ့ ကိစ္စဆိုတာ မေ့သွားပြီလား။ ချင်လဲ့ အသက် ၁၇ နှစ် ပြည့်ရင် အဖေနဲ့ ချင်လဲ့တို့က ဒီစေ့စပ်ပွဲကို တစ်ဖက်သတ် ဖျက်သိမ်းလို့ ရတာပဲ။ သမီးတို့ရဲ့ စေ့စပ်ပွဲက အစစ်အမှန် မဟုတ်ဘူးလေ...”

​လင်ယွီရှီး၏ မျက်လုံးများ မှေးမှိန်သွားသည်။ သူမက ရုတ်တရက် ခေါင်းငုံ့လိုက်ပြီး အေးစက်သော လေသံဖြင့် ဆိုသည်။ “သမီး မှတ်မိပါတယ်”

​လင်ချန်ယဲ့က ခေါင်းညိတ်လျက် သက်ပြင်းချလိုက်ပြီး ဆက်ပြောသည်။ “ချင်လဲ့က အဖေတို့ လင်မိသားစုကို အများကြီး ကူညီခဲ့သလို အဖေလည်း အဲဒီကလေးကို သဘောကျပါတယ်။ ဒါပေမဲ့ သူ့ရဲ့ နောက်ခံသမိုင်းကြောင်းက ဘယ်သူမှ မသိရဘူး ဖြစ်နေတယ်။ သူ ဘာလျှို့ဝှက်ချက်တွေ သိမ်းထားသလဲဆိုတာလည်း အဖေတို့ မသိဘူး။ အဖေက... အလွန်ပဲ စိုးရိမ်မိတယ်။ သူ့ရဲ့ ကိစ္စတွေကြောင့် လင်မိသားစုအတွက် ဘေးဒုက္ခတွေ ဖြစ်လာမှာကိုပေါ့။ ဟူး... အဖေလည်း စိတ်နှစ်ခွ ဖြစ်နေပြီး ဘာကိုမှ မဆုံးဖြတ်နိုင်သေးဘူး။ ဒါကြောင့် သမီးကို သတိပေးချင်တာကတော့... စိတ်ကို အရမ်းကြီး မနှစ်လိုက်ပါနဲ့ဦး”

​ထိုစကားများ ထွက်လာပြီးနောက်တွင်မူ လင်မိသားစုဝင် အားလုံး တိတ်ဆိတ်သွားကြတော့သည်။

​ခေတ္တအကြာတွင် လင်ယွီရှီးသည် ဖြည်းညင်းစွာ ထရပ်လိုက်ပြီး ခေါင်းငုံ့လျက် ဆိုသည်။ “ကျွန်မ ဗိုက်ဝသွားပြီ” ထိုသို့ ဆိုကာ သူမ ထမင်းစားခန်းထဲမှ တိုက်ရိုက် ထွက်ခွာသွားတော့သည်။

​“အဖေကလည်း... မလိုအပ်တာတွေ စိုးရိမ်နေပြန်ပြီ။ တကယ်ပါပဲ... အစ်မ ပျော်နေတာ အတော်ရှားပါတယ်၊ အခုတော့ အဖေ့စကားတွေကြောင့် စိတ်မကောင်း ဖြစ်သွားရပြီ” လင်ရွှမ်းရွှမ်းသည် သူမ၏ ပန်းကန်ကို ဒေါသတကြီး ချလိုက်ပြီး လင်ချန်ယဲ့ကို စိုက်ကြည့်ကာ ဆိုသည်။ “တကယ်လို့ ချင်လဲ့က တကယ့်ကို အူတူတူ လူအတစ်ယောက်သာ ဖြစ်နေမယ်ဆိုရင် အစ်မနဲ့ သူ့ကို သဘောတူဖို့ သမီးက ပထမဆုံး ကန့်ကွက်မယ့်သူပဲ။ အစ်မက အဲဒီလို အရှက်ရစရာတွေကို မခံစားရစေဖို့ သမီး အသက်နဲ့လဲပြီး တားမှာ။ ဒါပေမဲ့ ချင်လဲ့က သိသိသာသာကို ထက်မြက်တယ်၊ ကျင့်ကြံခြင်းအဆင့်ကလည်း မနိမ့်ဘူး၊ လင်မိသားစုကိုလည်း အများကြီး ကူညီခဲ့တာလေ။ လင်ဖုန်း၊ လင်ရှောင်နဲ့ လင်ရှင်းတို့တောင် သူ့ကို အတော်လေး လေးစားအားကျနေကြတာ။ သမီးကိုယ်တိုင်တောင် အရင်က သူ့ကို သဘောမတူခဲ့ပေမဲ့ အခုတော့ သူက တော်တော်လေး ကောင်းတယ်လို့ မြင်လာပြီ။ ဒါကို အဖေက ဘာလို့ ဒီလောက်အထိ ဇီဇာကြောင်နေရတာလဲ မသိဘူး”

​“ရွှမ်းရွှမ်း... နင့်အဖေက မိသားစုရဲ့ ခေါင်းဆောင်လေ။ သူက လင်မိသားစုတစ်ခုလုံးရဲ့ ရှုထောင့်ကနေ ဖြစ်လာနိုင်တဲ့ ပြဿနာမှန်သမျှကို ထည့်သွင်းစဉ်းစားရတာပေါ့” လင်ချန်ကျိက မျက်မှောင်ကြုတ်ကာ ဆုံးမလိုက်သည်။

“သမီးကတော့ အဲဒီအချိန်မှာ ပျော်ဖို့ကောင်းတာကိုပဲ ကြည့်ပြီး ဘာမှမစဉ်းစားဘဲ တုံ့ပြန်တတ်တာပဲ။ သမီးရဲ့ လုပ်ရပ်တွေကြောင့် မိသားစု တစ်ခုလုံးအပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိလာမလဲဆိုတာကို သမီး မစဉ်းစားဘူး။ ဒါပေမဲ့ သမီးအဖေကတော့ အဲဒီလို လုပ်လို့မရဘူးလေ။ လင်မိသားစုဆိုတာ... သေးငယ်လွန်းတဲ့ အစုအဖွဲ့လေးပါ၊ ကြီးမားတဲ့ လှိုင်းတံပိုးတွေကို မခုခံနိုင်ဘူး။ မဖြစ်စလောက် လှုပ်ခတ်မှုကတောင် လင်မိသားစုကို ပျက်စီးစေပြီး လုံးဝ ပျောက်ကွယ်သွားစေနိုင်တယ်”

​အဓိပ္ပာယ်ပါသော ထိုစကားများကို ပြောပြီးသည်နှင့် လင်မိသားစု ခေါင်းဆောင်သည် ခါးသီးမှုနှင့် အားကိုးရာမဲ့မှုများ ပြည့်နှက်နေသော မျက်နှာဖြင့် သက်ပြင်းကို သာသာလေး ချလိုက်မိတော့သည်။

​“အဖေ... သမီး ရိုင်းပျမိသွားပါတယ်” လင်ရွှမ်းရွှမ်းက ပြန်လည် စဉ်းစားပြီးနောက် အားနာသလို ပြောလိုက်သည်။ “ချင်လဲ့က လူဆိုးတစ်ယောက် မဟုတ်ဘူးလို့ သမီး ခံစားရလို့ပါ။ အရင်က သူ့အပေါ် အမြင်စောင်းခဲ့မိလို့လည်း အခု အတော်လေး အပြစ်ရှိသလို ခံစားနေရတယ်။ သူက အစ်မအတွက်ဆိုပြီး လင်မိသားစုကို အကြိမ်ကြိမ် ကူညီပေးခဲ့တာကို မြင်နေရတော့...”

​“အဖေ နားလည်ပါတယ်... အဖေ နားလည်ပါတယ်။ တကယ်တော့ ချင်လဲ့က မဆိုးဘူးလို့ အဖေလည်း ထင်ပါတယ်၊ ဒါပေမဲ့... ဒါပေမဲ့... ဟူး... သူကသာ သာမန်လူတစ်ယောက် ဖြစ်နေမယ်ဆိုရင်တော့ အဖေက ဘာမှစိုးရိမ်မနေဘဲ သူနဲ့ ယွီရှီးလေးကို ပေါင်းဖက်ခွင့် ပေးလိုက်မှာပါ။ ဒီအကြောင်းကို သိပ်ပြီး မတွေးကြပါနဲ့တော့၊ တွေးလေလေ ခေါင်းကိုက်လေလေပဲ။ အခြေအနေကိုပဲ စောင့်ကြည့်ကြတာပေါ့” လင်ချန်ယဲ့က သူ၏ သဘောထားကို ပြောလိုက်သည်။

​ဆေးတောင်ရှိ ကျယ်ဝန်းသော ဂူထဲတွင် ဝိညာဉ်တံဆိပ်ပြား တစ်ရာကို သေသပ်စွာ စီထားသည်။ ထိုဝိညာဉ်တံဆိပ်ပြားများသည် လက်ဖဝါးခန့်သာ ရှိပြီး အများစုမှာ ထူးခြားသော ကျောက်သားများဖြင့် ပြုလုပ်ထားကာ မျက်နှာပြင်မှာ မှန်တစ်ချပ်ကဲ့သို့ ချောမွေ့နေသည်။

​သစ်သားဖြင့် ပြုလုပ်ထားသော ဝိညာဉ်တံဆိပ်ပြား အချို့လည်း ရှိသေးသည်။ ၎င်းတို့၏ မျက်နှာပြင်တွင် သဘာဝသစ်သား အဆီအနှစ်များ ပါရှိသဖြင့် ကိုင်တွယ်လိုက်သည့်အခါ ကြမ်းတမ်းသော ခံစားမှုကို ပေးစွမ်းသည်။

​အဆင့်နိမ့် ဝိညာဉ်တံဆိပ်ပြားများပေါ်တွင် အဆင့်နိမ့် ဝိညာဉ်အစီရင်များကိုသာ ရေးထိုးနိုင်သည်။ ၎င်းတို့ကို ပြုလုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများမှာ အတူတူ ဖြစ်နေရန် မလိုပေ။ သစ်သား၊ ကျောက်သား၊ အရိုးများနှင့် ထူးခြားသော သစ်ရွက်များကိုပင် ဝိညာဉ်တံဆိပ်ပြားအဖြစ် ပြုလုပ်နိုင်သည်။

​ဝိညာဉ်တံဆိပ်ပြား၏ တစ်ခုတည်းသော အသုံးဝင်ပုံမှာ ဝိညာဉ်အစီရင် ရေးထိုးရန် လေ့ကျင့်ဖို့ ဖြစ်သည်။ ၎င်းမှာ တစ်ခါသုံး ပစ္စည်း ဖြစ်သည်။ ဝိညာဉ်တံဆိပ်ပြား တစ်ပြားကို ဝိညာဉ်အစီရင် တစ်ခု ရေးထိုး လေ့ကျင့်ရန် အတွက်သာ အသုံးပြုနိုင်သည်။ ရေးထိုးမှု အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ ထိုဝိညာဉ်တံဆိပ်ပြားကို နောက်တစ်ကြိမ် ထပ်မံ အသုံးပြု၍ မရတော့ပေ။

​အကျိုးပြုမှတ် ငါးရာ အကုန်အကျခံထားသော ဝိညာဉ်တံဆိပ်ပြား တစ်ရာကို လင်ဖုန်းက မြူတိမ်ဆောင်မှ သယ်ဆောင်လာပေးခြင်း ဖြစ်သည်။

​ဝိညာဉ်တံဆိပ်ပြားများကို အမျိုးအစားအလိုက် ခွဲခြားပြီးနောက် ချင်လဲ့သည် အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။ သူသည် သူ၏ လက်နှစ်ဖက်ဖြင့် ဝိညာဉ်တံဆိပ်ပြား၏ ထိတွေ့မှုကို ခံစားရင်း သူ၏ နှလုံးသားဖြင့် ခံစားကြည့်နေမိသည်...။

​အတန်ကြာပြီးနောက် သူသည် နှလုံးခုန်သံနှင့် အသက်ရှူသံများကို ဖြည်းညင်းစွာ ထိန်းညှိလိုက်ပြီး ဝိညာဉ်စွမ်းအင်များအား သန့်စင်ရန်အတွက် အာရုံစူးစိုက်ကာ စိတ်ကို တည်ငြိမ်အောင် ထားလိုက်သည်။

​သူ၏ ဘယ်ဘက်လက်ညှိုးကို ကျောက်သား ဝိညာဉ်တံဆိပ်ပြား တစ်ပြားပေါ်သို့ တင်လိုက်သည်။ သူ၏ လက်ထိပ်တွင် အပ်တစ်ချောင်းကဲ့သို့သော စွမ်းအင်တစ်ခု တောက်ပလာပြီး ဝိညာဉ်တံဆိပ်ပြားပေါ်တွင် ဂရုတစိုက် ရွှေ့လျားလိုက်သည်။

​ဝိညာဉ်တံဆိပ်ပြားက စက္ကူဖြစ်ပြီး သူ၏ လက်ထိပ်မှ အပ်စွမ်းအင်က ကလောင်တံ ဖြစ်ကာ ဝိညာဉ်စွမ်းအင်ကတော့ မင်ရည် ဖြစ်သည်...။

​သူ၏ အာရုံစိုက်မှုမှာ ယခင်ကထက် ပိုမို အားကောင်းနေပြီး စိတ်နှင့် ဝိညာဉ်မှာ ဝိညာဉ်တံဆိပ်ပြားထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။ သူသည် နှင်းကဲ့သို့ ဖြူဖွေးနေသော စက္ကူချပ်တစ်ချပ်ကို မြင်တွေ့နေရသကဲ့သို့ ခံစားလိုက်ရသည်။

​သူ၏ ဝိညာဉ်စွမ်းအင်များ စီးဝင်သွားသည့်အခါ ထိုစက္ကူပေါ်တွင် အဖြူရောင် အလင်းစက်လေးတစ်စက် ပေါ်လာသည်။ ၎င်းမှာ ဝိညာဉ်စွမ်းအင်များ စုစည်းလာခြင်းဖြစ်ပြီး အရာအားလုံး၏ အစပြုခြင်း ဖြစ်သည်။

​အဖြူရောင် အလင်းစက်လေး ရွှေ့လျားသွားသည်နှင့်အမျှ ဝိညာဉ်တံဆိပ်ပြားထဲရှိ စက္ကူဖြူပေါ်တွင် တောက်ပသော မျဉ်းကြောင်းများ တဖြည်းဖြည်း ဖြစ်ပေါ်လာတော့သည်...။ ဝိညာဉ်မျဉ်းကြောင်းများ ပေါ်လာသည်ကို မြင်လိုက်ရသည့်အခါ သူသည် ရုတ်တရက် စိတ်လှုပ်ရှားသွားပြီး သူ၏ တည်ငြိမ်နေသော နှလုံးသားမှာ လှုပ်ခတ်သွားရသည်။

​“ဖျတ်...”

​သူ၏ လက်ထိပ်လေးမှာ အနည်းငယ် တုန်ခါသွားပြီး ဝိညာဉ်စွမ်းအင်ကို ထိန်းချုပ်မှု လွတ်သွားတော့သည်။ သူ ကြိုးစားပမ်းစား ရေးထိုးထားသော ဝိညာဉ်မျဉ်းကြောင်းမှာ ပြတ်တောက်သွားသော ကြိုးတစ်ချောင်းအလား ဖြစ်သွားရသည်။ အဖြူရောင် အလင်းတန်းများ ပန်းထွက်လာပြီး သန့်ရှင်းဖြူဖွေးနေသော စက္ကူဖြူကို လုံးဝ ပျက်စီးသွားစေတော့သည်။

​ဝိညာဉ်တံဆိပ်ပြား တစ်ပြား ပျက်စီးသွားပြီ ဖြစ်သည်။

​ချင်လဲ့သည် စိတ်ပျက်လက်ပျက်ဖြင့် သူ၏ လက်ကို ရုပ်သိမ်းလိုက်သည်။ သူက တိုးတိုးလေး ရေရွတ်လိုက်သည်။ “အကျိုးပြုမှတ် ငါးမှတ်တော့ ဒီအတိုင်းပဲ ကုန်သွားပြီ...”

​သူ၏ စိတ်အခြေအနေ အနည်းငယ် ပြောင်းလဲသွားရုံနှင့် သူ၏ လက်ကို တုန်ခါစေပြီး ဝိညာဉ်စွမ်းအင်များအား ထိန်းချုပ်မှု လွတ်သွားစေနိုင်ပေသည်။

​သူသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ဝိညာဉ်တံဆိပ်ပြား အသစ်တစ်ပြားကို ထုတ်ယူလိုက်ကာ ၎င်းပေါ်တွင် သူ၏ လက်ညှိုးအား တင်လိုက်သည်။ ထို့နောက် သူ၏ မှတ်ဉာဏ်ထဲတွင် စွဲထင်နေသော ဝိညာဉ်နှိမ်နင်းခြင်း ပုတီးစေ့ထဲမှ ဝိညာဉ်စုစည်းခြင်း အစီရင်ကို စတင်ရေးထိုးရန် ထပ်မံ ကြိုးစားလိုက်ပြန်သည်။

​အတန်ကြာပြီးနောက် သူသည် တတိယမြောက် ဝိညာဉ်မျဉ်းကြောင်းကို ရေးထိုးပြီးခါစမှာပင် နောက်ထပ် ဝိညာဉ်တံဆိပ်ပြားတစ်ပြား ပျက်စီးသွားပြန်သည်။ အဘယ်ကြောင့်ဆိုသော် ဝိညာဉ်မျဉ်းကြောင်း တစ်ကြောင်း၏ ဝိညာဉ်စွမ်းအင် ထိန်းချုပ်မှုမှာ မှားယွင်းသွားသောကြောင့် ဖြစ်သည်။

​သူ၏ စိတ်ထဲတွင် ရှိသော ဝိညာဉ်စုစည်းခြင်း ပုံစံမှာ တစ်ကြောင်းနှင့်တစ်ကြောင်း ဖြတ်ကျော်နေသော ဝိညာဉ်မျဉ်းကြောင်းပေါင်း ထောင်ချီ၍ ဖွဲ့စည်းထားခြင်း ဖြစ်သည်။ သူက စတင်ရုံသာ ရှိသေးသော်လည်း ထပ်မံ ကျရှုံးသွားခဲ့ပြန်ပြီ ဖြစ်သည်။

​“အကျိုးပြုမှတ် ငါးမှတ် ထပ်ကုန်သွားပြီ။ ဒီပန်းပဲပညာကို လေ့ကျင့်ရတာဟာ တကယ့်ကို ပိုက်ဆံကို မီးရှို့နေတာပဲ”

​ချင်လဲ့က မျက်မှောင်ကြုတ်လိုက်မိသည်။ လင်မိသားစုတွင် ပန်းပဲပညာရှင်များကို ပံ့ပိုးပေးနိုင်လောက်သော ချမ်းသာကြွယ်ဝမှု အဘယ်ကြောင့် မရှိမှန်း သူ နောက်ဆုံး၌ နားလည်သွားခဲ့ပြီ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ပန်းပဲပညာရှင် တစ်ယောက် ဖြစ်လာရန်အတွက် ဝိညာဉ်ပစ္စည်းများ၊ ဝိညာဉ်ကျောက်တုံးများနှင့် ဝိညာဉ်ဆေးဖက်ဝင် အပင်များကို အံ့သြစရာကောင်းလောက်အောင် ရင်းနှီးမြှုပ်နှံရန် လိုအပ်သောကြောင့် ဖြစ်သည်။ သေးငယ်သော အစုအဖွဲ့လေးများမှာ ၎င်းကို မတတ်နိုင်ကြပေ။

​သူသည် သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် နောက်ထပ် ဝိညာဉ်တံဆိပ်ပြား တစ်ပြားကို ယူလိုက်ကာ ဝိညာဉ်အစီရင် ရေးထိုးရန် ဆက်လက် လေ့ကျင့်နေတော့သည်။

အခန်း (၅၂) နင့်ရဲ့ ခြေလှမ်းတွေကို အမှီလိုက်နိုင်ဖို့

​ပျက်စီးသွားသော ဝိညာဉ်တံဆိပ်ပြား အပိုင်းအစတို့မှာ သူ၏ ပတ်ပတ်လည်တွင် လွင့်စင်ပြန့်ကျဲနေလျက် ရှိသည်။ တံဆိပ်ပြားတိုင်းတွင် ကျရှုံးခြင်း၏ အမှတ်အသားတို့ ထင်ကျန်နေခဲ့၏။ အချို့သော ကျောက်သားတံဆိပ်ပြားတို့မှာ အစိတ်စိတ်အမွှာမွှာ ကွဲအက်နေပြီး အချို့သော သစ်သားတံဆိပ်ပြားတို့မှာမူ မီးလောင်ကျွမ်းထားသကဲ့သို့ မည်းတူးနေကာ သူ့အား လှောင်ပြောင်နေသယောင် ရှိနေတော့သည်။

​သူ၏ ဘယ်ဘက်လက်ဘေးတွင်မူ မှန်ချပ်တစ်ချပ်ကဲ့သို့ ချောမွေ့နေပြီး အသုံးမပြုရသေးသည့် ကျောက်သားဝိညာဉ်တံဆိပ်ပြား အခုနှစ်ဆယ်ကျော်သာ ကျန်ရှိတော့သည်။

​“ဖြောက်...”

​သူ့လက်ထဲမှ သစ်သားဝိညာဉ်တံဆိပ်ပြားထံမှ စူးရှသော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာပြီး ထူထဲသော မီးခိုးလုံးကြီးများ လွင့်တက်လာသည်။ ဝိညာဉ်အစီရင်မှာ ကွဲအက်သွားပြန်ပြီဖြစ်၍ ဝိညာဉ်တံဆိပ်ပြားမှာလည်း နောက်ထပ်တစ်ကြိမ် အမှိုက်အဖြစ် ပြောင်းလဲသွားပြန်ပြီ ဖြစ်သည်။

​“ခုနစ်ဆယ့်ရှစ်ခုမြောက် တံဆိပ်ပြား...”

​ချင်လဲ့၏ နှုတ်ခမ်းဖျားတွင် ခါးသီးမှုတို့ ပြည့်နှက်နေပြီး မီးလောင်နေသော ဝိညာဉ်တံဆိပ်ပြားကို ကြည့်ကာ အားကိုးရာမဲ့စွာ ခေါင်းခါလိုက်မိသည်။

​ဤတစ်လအတွင်းတွင်မူ သူသည် မိုးကြိုးထစ်ချုန်းသော အချိန်များ၌ ကောင်းကင်မိုးကြိုး နှိမ်နင်းခြင်း ပညာရပ်ကို သည်းခံကျင့်ကြံခြင်းမှတစ်ပါး ကျန်ရှိသော အချိန်များ၌ ဝိညာဉ်အစီရင် ရေးထိုးသည့်ပညာရပ်ကိုသာ အာရုံစိုက် လေ့ကျင့်နေခဲ့၏။

​အစပိုင်းတွင်မူ သူသည် အမှားအယွင်း သေးငယ်လှသည်တို့ကြောင့် ဝိညာဉ်တံဆိပ်ပြားများကို အမှိုက်အဖြစ် အလျင်အမြန်ပင် ပြောင်းလဲပစ်မိခဲ့သည်။ ပထမဆုံး တစ်ပတ်အတွင်းမှာပင် ဝိညာဉ်တံဆိပ်ပြား လေးဆယ်ကျော်မှာ ခဏလေးအတွင်း ကုန်ဆုံးပျက်စီးသွားခဲ့ရသည်။

​ထိုစဉ်က သူသည် ဝိညာဉ်အစီရင် ရေးထိုးခြင်း၌ လုံးဝ မကျွမ်းကျင်သေးသဖြင့် ဝိညာဉ်တံဆိပ်ပြားများ အလေအလွင့် အများဆုံး ဖြစ်ခဲ့သလို တိုးတက်မှုလည်း အနည်းဆုံး ဖြစ်ခဲ့ရသည်။ မကြာခဏဆိုသလို ဝိညာဉ်မျဉ်းကြောင်း အနည်းငယ်မျှသာ ရေးထိုးရသေးသော်လည်း ရုတ်တရက် ကျရှုံးသွားကာ ဝိညာဉ်တံဆိပ်ပြားမှာ အမှိုက်ဖြစ်သွားရသည်ချည်းသာ။

​သို့သော် သူသည် ထပ်ခါတလဲလဲ လေ့ကျင့်ရင်း ကျရှုံးမှုများကြားမှ ဝိညာဉ်မျဉ်းကြောင်းတို့ကို ရေးထိုးသည့် လျှို့ဝှက်ချက်အား တဖြည်းဖြည်း ရှာဖွေတွေ့ရှိလာခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ သူ၏ အတွေ့အကြုံမရှိသော အမှားများမှာ တဖြည်းဖြည်း လျော့နည်းလာပြီး ဝိညာဉ်ပစ္စည်းများကို အသုံးပြုသည့်နှုန်းမှာလည်း သိသိသာသာ နှေးကွေးသွားတော့သည်။

​သူသည် ဝိညာဉ်မျဉ်းကြောင်းတို့ကို တစ်ကြောင်းနှင့်တစ်ကြောင်း ဖြတ်ကျော်၍ ဆွဲနိုင်လာပေမည့် မျဉ်းကြောင်း ဆယ်ကြောင်း ဖြတ်ကျော်လျှင် ပျမ်းမျှအားဖြင့် ရှစ်ကြောင်းခန့်မှာ ကျရှုံးနေဆဲပင်။ တစ်ခါတစ်ရံ အောင်မြင်မှုရပေမည့် နောက်ဆက်တွဲ ဝိညာဉ်မျဉ်းကြောင်း ဖြတ်ကျော်မှု၌ အမှားအယွင်းတစ်ခု ဖြစ်သွားသည်နှင့် ဝိညာဉ်အစီရင် ရေးထိုးခြင်း တစ်ခုလုံးမှာ ပျက်စီးသွားတတ်၏။

​ဝိညာဉ်စုစည်းခြင်း အစီရင်မှာ တစ်ကြောင်းနှင့်တစ်ကြောင်း ရှုပ်ထွေးပွေလီစွာ ယှက်နွယ်နေသည့် ဝိညာဉ်မျဉ်းကြောင်းပေါင်း ထောင်ချီ၍ ဖွဲ့စည်းထားခြင်းဖြစ်ရာ အလွန်ပင် နက်နဲဆန်းကြယ်လှပေသည်။ ရေးထိုးနေစဉ်အတွင်း မည်မျှပင် အခြေခံကျသော၊ သေးငယ်သော အမှားမျိုးဖြစ်စေ မှားယွင်းသွားသည်နှင့် ယခင်က ကြိုးစားခဲ့သမျှ အားလုံးမှာ အလဟဿဖြစ်သွားပြီး ကျရှုံးခြင်း၏ ခါးသီးမှုကိုသာ မြည်းစမ်းရပေလိမ့်မည်။

​ဤတစ်လအတွင်း၌ သူသည် လုံးဝ မသိနားမလည်သည့် အခြေအနေမှ အနည်းငယ် ရင်းနှီးကျွမ်းကျင်သည့် အခြေအနေသို့ ရောက်ရှိလာခဲ့ပြီဖြစ်ရာ အခြေခံ အမှားအယွင်း အတော်များများကို ရှောင်ရှားနိုင်လာခဲ့ပြီဖြစ်သည်။ ဆယ်မိနစ်လျှင် ဝိညာဉ်တံဆိပ်ပြားတစ်ပြား ပျက်စီးခဲ့ရာမှ ယခုမူ တစ်ရက်လျှင် တစ်ပြားနှုန်းမျှသာ ပျက်စီးတော့သည်။ ယခင်က ဝိညာဉ်မျဉ်းကြောင်း အနည်းငယ်သာ ဆွဲနိုင်ခဲ့သော်လည်း ယခုမူ မျဉ်းကြောင်းပေါင်း ရာနှင့်ချီ၍ ယှက်နွယ်နေသော ရိုးရှင်းသည့် ပုံစံတို့ကို ဆွဲနိုင်လာခဲ့ပြီ ဖြစ်သည်။

​သူသည် တဖြည်းဖြည်းနှင့် တိုးတက်လာနေခြင်းပင်။ သို့သော် ယခုထက်တိုင် တစ်ကြိမ်တစ်ခါမျှ အောင်မြင်မှု မရသေးသလို အောင်မြင်ရန်အတွက်လည်း အတော်လေး လိုသေးသည်။

​ဝိညာဉ်စုစည်းခြင်း အစီရင်တွင် ဝိညာဉ်မျဉ်းကြောင်းပေါင်း ၂၃၅၀ ယှက်နွယ်နေခြင်းဖြစ်သည်။ သူ အကောင်းဆုံး ကြိုးစားနိုင်ခဲ့သည့် အကြိမ်တွင်မူ ဝိညာဉ်တံဆိပ်ပြားပေါ်၌ ဝိညာဉ်မျဉ်းကြောင်းပေါင်း ခြောက်ရာကျော်အထိ ရေးထိုးနိုင်ခဲ့သည်။ တစ်နည်းအားဖြင့် ပြောရလျှင် သူ အကောင်းဆုံး ကြိုးစားနိုင်ခဲ့ခြင်းမှာ ဝိညာဉ်စုစည်းခြင်း အစီရင်တစ်ခုလုံး၏ လေးပုံတစ်ပုံခန့်ကိုသာ အောင်မြင်အောင် ရေးထိုးနိုင်ခဲ့ခြင်း ဖြစ်သည်။

​အောင်မြင်ရန်မှာ အတော်လေး ဝေးကွာနေသေးသော်လည်း ဝိညာဉ်တံဆိပ်ပြားတို့မှာမူ အကုန်လုံးနီးပါး သုံးပစ်လိုက်ပြီ ဖြစ်သည်။ ကုန်ဆုံးသွားသည့်နှုန်းကို ကြည့်လျှင် ကျန်ရှိနေသော ဝိညာဉ်တံဆိပ်ပြားတို့မှာ ဝိညာဉ်စုစည်းခြင်း အစီရင်ကို အောင်မြင်အောင် မရေးထိုးနိုင်ခင်မှာပင် ကုန်ဆုံးသွားမည်မှာ အသေအချာပင်။

​“မျှော်လင့်ထားတဲ့အတိုင်းပဲ... ကြီးမားတဲ့ ဇွဲလုံ့လ မရှိဘဲ ကျရှုံးမှုကို ကြံ့ကြံ့ခံနိုင်တဲ့ သတ္တိမရှိဘဲနဲ့ ပန်းပဲပညာရှင် တစ်ယောက်ဖြစ်ဖို့က အလွန်ကို ခက်ခဲပါလား”

​အမှိုက်ဖြစ်သွားသော ဝိညာဉ်တံဆိပ်ပြားတို့ကြားတွင် ထိုင်နေရင်း ချင်လဲ့က မျက်မှောင်ကြုတ်လိုက်သော်လည်း သူ၏ မျက်လုံးတို့မှာမူ ဝင်းလက်နေဆဲဖြစ်သည်။ “ဝိညာဉ်အစီရင် ရေးထိုးတာကို လေ့ကျင့်တာဟာ ငါ့ရဲ့ ကျင့်ကြံခြင်းအတွက် ဒီလောက်အကျိုးရှိလိမ့်မယ်လို့ မထင်ထားခဲ့ဘူး၊ ဒါဟာ မထင်မှတ်ထားတဲ့ ရလဒ်ပဲ”

​ပြီးခဲ့သည့် တစ်လအတွင်း သူသည် ဝိညာဉ်အစီရင် ရေးထိုးခြင်းကိုသာ အစွမ်းကုန် လေ့ကျင့်နေခဲ့ခြင်းဖြစ်သည်။ အစကမူ ဤအရာသည် သူ၏ ကျင့်ကြံမှုအဆင့်ကို ထိခိုက်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း ဝိညာဉ်အစီရင် ရေးထိုးခြင်းမှာ ဝိညာဉ်စွမ်းအင် တိုးတက်မှုအား မထိခိုက်စေသည့်အပြင် စိတ်စွမ်းအင်နှင့် ဝိညာဉ်စွမ်းအင် နှစ်မျိုးလုံးကိုပါ မြှင့်တင်ပေးသည်အား သူ တွေ့ရှိခဲ့ရသည်။ ဤအချက်က သူ့အား အလွန်အံ့သြဝမ်းသာ ဖြစ်စေခဲ့သည်။

​ဝိညာဉ်အစီရင် ရေးထိုးခြင်းမှာ ဝိညာဉ်စွမ်းအင်အား အဆက်မပြတ် အသုံးပြုရုံသာမက စိတ်စွမ်းအင်ကိုလည်း အသုံးပြုရခြင်းဖြစ်သည်။ သူသည် အလွန်အမင်း နိုးကြားနေသည့် အခြေအနေတွင် ဝိညာဉ်စွမ်းအင်ကို တိတိကျကျ ထိန်းချုပ်ရသလို ဝိညာဉ်အစီရင်၏ သေးငယ်သော ပြောင်းလဲမှုတို့အား သိရှိနိုင်ရန် သူ၏ စိတ်စွမ်းအားကိုလည်း အသုံးပြုရပေသည်။ ထိုသို့ လုပ်ဆောင်နေသည့် စက္ကန့်တိုင်းမှာ စိတ်ဝိညာဉ်နှင့် ဝိညာဉ်စွမ်းအင် နှစ်မျိုးလုံးကို အလွန်အမင်း ကုန်ဆုံးစေသည်။

​သူ့၏ ဝိညာဉ်ပင်လယ်ထဲမှ ဝိညာဉ်စွမ်းအင်တို့မှာ အမြန်ကုန်ဆုံးသွားတတ်သလို သူ၏ စိတ်မှာလည်း ပင်ပန်းနွမ်းနယ်သွားတတ်သည်။ ထိုသို့ဖြစ်လာတိုင်း သူသည် ဝိညာဉ်အစီရင် ရေးထိုးခြင်းကို ခေတ္တရပ်နားပြီး ဝိညာဉ်ကျောက်တုံးများကို အသုံးပြုကာ အတွေးကင်းစင်သော အခြေအနေတွင် ဝိညာဉ်စွမ်းအင်နှင့် စိတ်စွမ်းအင်တို့အား ပြန်လည် ဖြည့်တင်းလေ့ရှိသည်။

​သူ ပြန်လည် အားပြည့်လာသည့် အခါတိုင်း သူ၏ စိတ်မှာ ကြည်လင်လန်းဆန်းလာပြီး ဝိညာဉ်စွမ်းအင်တို့မှာလည်း ပိုမို သန့်စင်ပြည့်စုံလာသည်ကို တွေ့ရ၏။

​“ဝိညာဉ်ပင်လယ်နဲ့ စိတ်ဝိညာဉ်တွေ လုံးဝ ကုန်ခမ်းသွားပြီးနောက်မှာ အသစ်တစ်ဖန် ပြန်လည် ဖြည့်တင်းခြင်းဟာ ဝိညာဉ်စွမ်းအင်နဲ့ စိတ်စွမ်းအင်တွေကို အတိုင်းအတာ တစ်ခုအထိ တိုးတက်စေတာပဲ”

​ဤဖြစ်စဉ်ကို အကြိမ်ကြိမ် ဖြတ်သန်းပြီးနောက် သူသည် ဤကဲ့သို့ ကောက်ချက်ချလိုက်သည်။ သူ သေသေချာချာ ဂရုစိုက်ကြည့်လိုက်သည့် အခါ၌လည်း ဤကောက်ချက်မှာ မှန်ကန်ကြောင်း အထောက်အထားတို့ကို အမှန်တကယ် တွေ့ရှိခဲ့ရသည်။ ဝိညာဉ်အစီရင် ရေးထိုးခြင်းက သူ၏ ကျင့်ကြံခြင်းအား မထိခိုက်စေသည့်အပြင် စွမ်းအားများကိုပါ တိုးတက်စေသောကြောင့် သူသည် ထပ်ခါတလဲလဲ ကျရှုံးနေပြီး ဝိညာဉ်တံဆိပ်ပြား အမြောက်အမြား အမှိုက်ဖြစ်နေပေမည့်လည်း အံကြိတ်ကာ ဆက်လက် ကြိုးစားနေခဲ့ခြင်း ဖြစ်သည်။

​“ဝိညာဉ်တံဆိပ်ပြားတွေ ထပ်ပြီး ဖြည့်ဖို့ လိုနေပြီ၊ သိပ်မကြာခင် ကုန်တော့မယ်”

​ခေတ္တမျှ စဉ်းစားပြီးနောက် သူသည် ဂူထဲမှ ထွက်လာပြီး လင်မြို့လေးဆီသို့ ဦးတည်လိုက်သည်။ ဤကာလအတွင်း သူသည် ဆေးတောင်ရှိ ဂူထဲတွင်ပင် နေ့ညမပြတ် ကျင့်ကြံနေပြီး ထိုနေရာ၌ပင် စားသောက် အိပ်စက်နေခဲ့ခြင်းဖြစ်သည်။ လင်မြို့လေးသို့ တစ်ခါတစ်ရံ ပြန်လာခြင်းမှာ စားနပ်ရိက္ခာများ ယူရန်အတွက်သာဖြစ်ပြီး ထိုနောက်တွင်မူ အပြင်မထွက်ဘဲ ရက်အနည်းငယ်မျှ ထပ်မံ အချိန်ကုန်ဆုံးတတ်ပေသည်။

​လင်ယွီရှီးမှာလည်း မကြာသေးမီက အတော်လေး ကြိုးစားနေခဲ့သည်။ သူ လင်မြို့လေးသို့ အကြိမ်ကြိမ် ပြန်လာခဲ့သော်လည်း လင်ယွီရှီးမှာလည်း ကျင့်ကြံနေသည့် အခြေအနေတွင်ပင် ရှိနေသဖြင့် သူတို့နှစ်ဦး မဆုံဖြစ်ခဲ့ကြချေ။

​ယနေ့ ညနေခင်း၌မူ သူ လင်မြို့လေးသို့ ပြန်ရောက်လာပြီး လင်မိသားစုနှင့်အတူ ထမင်းစားသည့်အခါတွင် လင်ယွီရှီးကို ပြန်လည် မြင်တွေ့လိုက်ရသည်။ တစ်လခန့် မတွေ့ရသည့် လင်ယွီရှီးမှာ အနည်းငယ် ပိန်သွားပုံရသော်လည်း သူမ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေမှာ အတော်လေး ကောင်းမွန်နေပြီး မျက်လုံးတို့မှာလည်း ဝင်းလက်နေ၏။ သူမ၏ ဝိညာဉ်စွမ်းအင်တို့မှာ မကြာသေးမီက သိသိသာသာ တိုးတက်လာပုံ ရပေသည်။

​“ဘာလို့ ကိုယ့်ကိုယ်ကိုယ် ဒီလောက်အထိ အားနည်းအောင် လုပ်ထားရတာလဲ”

​သူ လာသည်ကို မြင်လိုက်ရသည့်အခါ လင်ယွီရှီးက စိတ်မကောင်းစွာဖြင့် ပြောလိုက်သည်။ “ကျင့်ကြံသူတွေအတွက် အစားအစာကရတဲ့ အာဟာရက အလိုအပ်ဆုံးပဲလေ။ မဟုတ်ရင် ခန္ဓာကိုယ်က တောင့်ခံနိုင်မှာ မဟုတ်ဘူး။ နင် ဆေးဖက်ဝင်တောင်ထဲမှာပဲ နေ့တိုင်း မနေသင့်ဘူး၊ အပြင်ကို ထွက်ပြီး လမ်းခဏခဏ လျှောက်ပေးရမယ်။ အနည်းဆုံးတော့ နေ့ခင်းဘက်မှာ နေပူစာ လှုံပေးရမယ်”

​“အင်း... ငါ ဂရုစိုက်ပါ့မယ်” ချင်လဲ့က ပြုံးလိုက်သည်။ ပြီးနောက် သူက လင်ချန်ယဲ့ကို ပြောလိုက်သည်။ “ဦးလေးလင်... ကျွန်တော့်အတွက် မြူတိမ်ဆောင်ကနေ ဝိညာဉ်တံဆိပ်ပြား သုံးရာလောက် ထပ်ပြီး ဝယ်ပေးဖို့ လူတစ်ယောက်လောက် လွှတ်ပေးလို့ ရမလား”

​“နောက်ထပ် ဝိညာဉ်တံဆိပ်ပြား သုံးရာ ဟုတ်လား။ ဒါဆိုရင် အကျိုးပြုမှတ် တစ်ထောင်ငါးရာတောင် ကုန်မှာပေါ့။ ဒီလောက် အကျိုးပြုမှတ် အများကြီးဆိုရင် အတော်လေး ကောင်းတဲ့ ဝိညာဉ်လက်နက် တစ်လက်နဲ့တောင် လဲလို့ ရနေပြီလေ”

​လင်ချန်ယဲ့က အံ့သြသွားပြီး စေတနာဖြင့် ဆက်ပြောလိုက်သည်။ “ချင်လဲ့... ဦးလေး သတိပေးပါရစေ၊ ပန်းပဲပညာရှင် တစ်ယောက်ဖြစ်ဖို့က အလွန်ကို ခက်ခဲပါတယ်။ ပန်းပဲပညာရှင် တစ်ယောက်ရဲ့ တိုးတက်မှုအတွက်ဆိုရင် မခန့်မှန်းနိုင်လောက်အောင် များပြားတဲ့ ဝိညာဉ်ကျောက်တုံးတွေ လိုအပ်တာလေ”

​“ကျွန်တော် နားလည်ပါတယ်” ချင်လဲ့က ခေါင်းညိတ်လိုက်၏။

​လင်ချန်ယဲ့ ပြောဆိုသည်မှာ ပုံကြီးချဲ့ခြင်း မဟုတ်ကြောင်း သူ သိပေသည်။ မြူတိမ်ဆောင်ကဲ့သို့ အင်အားစုမျိုးပင်လျှင် သာမန်အဆင့် ပန်းပဲပညာရှင်တို့ကိုသာ ပံ့ပိုးပေးနိုင်ခြင်း ဖြစ်သည်။ မြူတိမ်ဆောင်၌ပင် ပိုမိုမြင့်မားသည့် အဆင့်ရှိသော ပန်းပဲပညာရှင်တို့ကို ပံ့ပိုးပေးနိုင်စွမ်း မရှိချေ။ မြူတိမ်ဆောင်သည် တစ်ဆင့်မျှ ပို၍ မြင့်မားသော နက်နဲခြင်းအဆင့် ပန်းပဲပညာရှင် တစ်ယောက်ဖြစ်ရန် လိုအပ်သည့် ဝိညာဉ်ပစ္စည်းတို့ကိုပင် ပံ့ပိုးပေးနိုင်လိမ့်မည် မဟုတ်ပေ။

​“အင်အားကြီးတဲ့ အဖွဲ့အစည်းတစ်ခုရဲ့ ပံ့ပိုးမှုမရှိဘဲနဲ့ ပန်းပဲပညာရှင်တွေ မတိုးတက်နိုင်ဘူး။ ဒါဟာ အားထုတ်မှုတွေ အလဟဿ ဖြစ်သွားရုံပဲ ရှိမှာပါ” လင်ချန်ယဲ့က အလေးအနက် အကြံပြုလိုက်သည်။ “မင်းရဲ့ အားထုတ်မှုတွေကို ကျင့်ကြံတဲ့ အပိုင်းမှာပဲ အသုံးချတာ ပိုကောင်းပါလိမ့်မယ်။ ကျင့်ကြံသူတွေဟာ ဝိညာဉ်လက်နက်တွေ၊ ဝိညာဉ်ဆေးလုံးတွေနဲ့ ဝိညာဉ်ကျောက်တုံးတွေရဲ့ အကူအညီ လိုအပ်တယ်ဆိုပေမယ့် ပန်းပဲပညာရှင်တွေနဲ့ နှိုင်းယှဉ်ရင် လိုအပ်တဲ့ အရင်းအမြစ် ပမာဏဟာ အဆပေါင်းများစွာ လျော့နည်းပါတယ်။ ကျင့်ကြံသူတွေမှာ အဲဒီ ဝိညာဉ်ပစ္စည်းတွေ မရှိရင်တောင် နေရာတိုင်းမှာ ရှိနေတဲ့ သဘာဝ ဝိညာဉ်စွမ်းအင်တွေ ရှိတာပဲလေ။ အဆင့်တက်တာကတော့ ပိုနှေးကွေးလိမ့်မယ်၊ ဒါပေမယ့် မင်းဟာ ပစ္စည်းတွေကို လုံးဝ အားကိုးစရာ မလိုဘဲ ဆက်လက် ကျင့်ကြံနိုင်တာပေါ့”

​“ဟုတ်တယ်... ပန်းပဲပညာရှင်တွေမှာ လေ့ကျင့်ဖို့ ပစ္စည်းတွေ မရှိရင် သူတို့ ဘာမှ မတိုးတက်နိုင်ဘူး” လင်ချန်ကျိကလည်း ဝင်ရောက် ထောက်ခံပြောဆိုသည်။

​“ကျွန်တော် နားလည်ပါတယ်၊ အဲဒါကို ကျွန်တော် ထည့်သွင်းစဉ်းစားပါ့မယ်။ ဒါပေမယ့် ကျွန်တော့်အတွက် အဲဒီ ဝိညာဉ်တံဆိပ်ပြားတွေကိုပဲ လဲပေးပါဦး၊ ဘာလို့လဲဆိုတော့ အခုအချိန်မှာ ဒီအကျိုးပြုမှတ်တွေကို ဘာအတွက် သုံးရမှန်း ကျွန်တော် မသိသေးလို့ပါ” ချင်လဲ့က ပြောလိုက်သည်။

​သူသည် ဇွတ်အတင်း တောင်းဆိုနေသည်ကို မြင်သောအခါ လင်ချန်ယဲ့က ခေါင်းညိတ်လိုက်ပြီး ထပ်မံ၍ မတိုက်တွန်းတော့ချေ။ “ကောင်းပြီလေ၊ ငါ တစ်ယောက်ယောက်ကို လုပ်ခိုင်းလိုက်ပါ့မယ်”

​ထမင်းစားပြီးသည့်နောက်တွင် ချင်လဲ့သည် သူ၏ ကျောက်အိမ်ဆီသို့ ပြန်ရန် ထရပ်လိုက်သည်။

​“ကျွန်တော် စားပြီးပြီ”

​သူ ထွက်သွားသည်နှင့် လင်ယွီရှီးကလည်း အလျင်အမြန်ပင် ထရပ်လိုက်ပြီး စကားတစ်ခွန်း ချန်ထားခဲ့ကာ သူ့နောက်သို့ လိုက်သွားတော့သည်။ ညဘက်တွင်မူ ချင်လဲ့သည် တစ်စုံတစ်ခုကို စောင့်မျှော်နေသကဲ့သို့ အေးအေးဆေးဆေး လမ်းလျှောက်နေ၏...

​“ချင်လဲ့... ကောင်းယွီဟာ မကြာခင်က ဝိညာဉ်သန့်စင်ခြင်း အဆင့် ၉ ကို ရောက်သွားပြီး မြူတိမ်ဆောင်ကို ဝင်ခွင့်ရသွားပြီတဲ့” လင်ယွီရှီး၏ အသံက သူ့နောက်မှ ထွက်ပေါ်လာသည်။ အလှလေးသည် သူ့အနားသို့ သဘာဝအတိုင်း လျှောက်လာပြီး သူနှင့်ခြေလှမ်းချင်း တူအောင် လိုက်လျှောက်လိုက်သည်။

​“အသက် ၂၀ မတိုင်ခင် ဝိညာဉ်ပေါက်ဖွားခြင်းအဆင့်ကို ရောက်တဲ့သူတွေပဲ မြူတိမ်ဆောင်ကို ဝင်ခွင့်ရတာ မဟုတ်ဘူးလား” ချင်လဲ့က အံ့အားသင့်စွာ မေးလိုက်သည်။

​“အဲဒါကတော့ မှန်ပါတယ်၊ ဒါပေမယ့် ဘယ်အရာမှတော့ အမြဲတမ်း ပုံသေ မရှိပါဘူး” လင်ယွီရှီး၏ မျက်နှာထားမှာ တည်ငြိမ်နေပြီး သူမ၏ အသံမှာ ရေကဲ့သို့ နူးညံ့နေ၏။ “ဝံပုလွေတောင်မှာတုန်းက ကောင်းမိသားစုက အများကြီး ဆုံးရှုံးခဲ့ရတယ်လေ။ မြူတိမ်ဆောင်က ကောင်းမိသားစုကို ပြန်လည် ကုစားပေးတဲ့အနေနဲ့ ကောင်းယွီကို အချိန်မတိုင်ခင် ဝင်ခွင့်ပေးလိုက်တာပါ။ ပြီးတော့ ကောင်းယွီက ဝိညာဉ်သန့်စင်ခြင်း အဆင့် ၉ ကို ရောက်နေပြီဖြစ်လို့ ဝိညာဉ်ပေါက်ဖွားခြင်းအဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာလေ။ ဒါ့အပြင် သူက ငယ်သေးတာကြောင့် အသက် ၂၀ မတိုင်ခင် ဝိညာဉ်ပေါက်ဖွားခြင်းအဆင့်ကို သေချာပေါက် ရောက်မှာဖြစ်လို့ သူ့ကို စောစော ဝင်ခွင့်ပေးလိုက်တာပါ”

​“ဪ... အဲဒီလိုကိုး” ချင်လဲ့က ခေါင်းညိတ်လိုက်သည်။

​“ဖုန်းယီရဲ့ အစ်ကို ဖုန်းခိုင်ဟာ ငါတို့လူတွေ ဝံပုလွေတောင်မှာ ရှိနေတုန်းက မြူတိမ်ဆောင်ကနေ တိတ်တဆိတ် ထွက်သွားပြီး ရေခဲပြင်နန်းတော်ဘက်ကို ကူးပြောင်းသွားခဲ့တယ်တဲ့။ ဖုန်းယီရဲ့ လက်တစ်ဖက်ဟာ ငွေတောင်ပံ နတ်ဆိုးဝံပုလွေရဲ့ ဝါးစားခြင်းကို ခံခဲ့ရလို့ ဖုန်းခိုင်က နင့်ကို သေချာပေါက် သတ်မယ်လို့ သတင်းလွှင့်ထားတယ်၊ ဒါကြောင့် နောက်ကျရင် နင် သတိထားရမယ်နော်”

​“ဖုန်းယီက လက်တစ်ဖက်ပဲ ကျိုးသွားတာလား။ နှမြောစရာပဲ...” ချင်လဲ့က မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး ဆက်ပြောသည်။ “ဖုန်းမိသားစုကိုတော့ အခုအချိန်မှာ မြူတိမ်ဆောင်က သေသေချာချာ စောင့်ကြည့်နေမှာပါ။ သူတို့ဟာ မြူတိမ်ဆောင် ထိန်းချုပ်ထားတဲ့ နယ်မြေထဲကို သေချာပေါက် လာရဲမှာ မဟုတ်ဘူး၊ ဒါကြောင့် အခုလောလောဆယ်တော့ သူ့အတွက် စိုးရိမ်စရာ မလိုပါဘူး”

​သူတို့နှစ်ဦးသည် စကားပြောဆိုရင်း လမ်းလျှောက်လာကြရာ မကြာခင်မှာပင် ချင်လဲ့၏ ကျောက်အိမ်လေးသို့ ရောက်ရှိလာသည်။ ပုံမှန်အတိုင်းပင် လင်ယွီရှီးသည် သူ့အား အိမ်သန့်ရှင်းရေး လုပ်ပေးသလို ရေချိုးရန်အတွက်လည်း ရေပြင်ပေးလေသည်။

​ချင်လဲ့က ထိုင်နေရင်း သူမ ဟိုဟိုဒီဒီ သွားလာလှုပ်ရှားနေသည်ကို ပြုံးလျက် ကြည့်နေပြီး မကြာသေးမီက ဖြစ်ပျက်ခဲ့သည်တို့ကို သူမက အသေးစိတ် ပြောပြနေသည်အား နားထောင်နေမိသည်။ သူသည် သူ၏ နှလုံးသားက တဖြည်းဖြည်း တည်ငြိမ်သွားသည်ကို ခံစားလိုက်ရ၏။

​“ငါ ခုတလော အတော်လေး ကြိုးစားနေခဲ့တယ်၊ ပြီးတော့ ငါ့ရဲ့ ကျင့်ကြံခြင်းအတွက်လည်း ဆက်ပြီး ကြိုးစားသွားဦးမှာပါ။ ငါ ဝိညာဉ်သန့်စင်ခြင်း အဆင့် ၉ ကို အမြန်ဆုံး ရောက်အောင် လုပ်ရမယ်။ ဝိညာဉ်ပေါက်ဖွားခြင်းအဆင့်ကိုလည်း တတ်နိုင်သမျှ စောစော ရောက်အောင် လုပ်ရမယ်...”

​ရေချိုးခန်းထဲမှနေ၍ လင်ယွီရှီးက တစ်စုံတစ်ခုကို အကြီးအကျယ် ဆုံးဖြတ်ချက် ချထားသကဲ့သို့ အလေးအနက် ပြောလိုက်သည်။

​“ဘာလို့ ရုတ်တရက်ကြီး ဒီလောက်အထိ ကြိုးစားနေရတာလဲ။ ငါ ဒီတစ်လအတွင်း အပြင်ကို မကြာမကြာ ထွက်လာခဲ့ပေမယ့် နင့်ကို မတွေ့မိဘူး...” ချင်လဲ့က ညည်းညူလိုက်သည်။

​“ရေ အဆင်သင့်ဖြစ်ပြီနော်” လင်ယွီရှီးက ထွက်လာသည်။ သူမ၏ မျက်နှာလေးမှာ မှေးမှိန်သွားပြီး ခေါင်းငုံ့လျက် တိုးညင်းသည့် အသံဖြင့် ပြောလိုက်သည်။ “ငါ့ကြောင့်နဲ့ နင် လင်မြို့လေးမှာပဲ ထာဝရ ရှိနေမှာကို ငါ မလိုချင်ဘူး။ ငါ ဝိညာဉ်ပေါက်ဖွားခြင်းအဆင့်ကို အမြန်ဆုံး ရောက်အောင် လုပ်ပြီး နင်နဲ့အတူ မြူတိမ်ဆောင်ကို လိုက်ချင်တယ်။ နောင်တစ်ချိန်မှာ နင့်ရဲ့ ဘေးနားမှာ ငါ ရှိနေနိုင်ဖို့ မျှော်လင့်ပါတယ်။ ငါ နင့်ကို ကူညီပေးချင်ပါတယ်၊ နင့်အတွက်... ဝန်ထုပ်ဝန်ပိုးတစ်ခု မဖြစ်စေချင်ဘူး”

​သူမက ရုတ်တရက် ခေါင်းမော့လိုက်ပြီး ချင်လဲ့ကို အလေးအနက် စိုက်ကြည့်လိုက်သည်။ သူမ၏ မျက်လုံးတို့တွင် လှုပ်ရှားသက်ဝင်နေသည့် အလင်းတန်းတို့ ဝင်းလက်နေပြီး တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ “နင်က အရမ်းမြန်မြန် တိုးတက်နေတာလေ။ နင့်ရဲ့ အလားအလာနဲ့ အရည်အသွေးတွေက အရမ်းကို ထူးခြားလွန်းတယ်။ တကယ်လို့ ငါသာ မကြိုးစားရင် နင့်ရဲ့ နောက်မှာ ပိုပြီးတော့ ကျန်ရစ်နေမှာပဲ။ ငါ... ငါ နင့်ရဲ့ ခြေလှမ်းတွေအမှီ လိုက်နိုင်ဖို့ပဲ လိုချင်တာပါ”

All Chapters