အခန်း (၅၃-၅၄)
Vol. 6 Ch. 53-54
အခန်း (၅၃) ပထမဆုံးသော အောင်မြင်မှု
မှောင်မည်းနေသော တောင်ဂူအတွင်းဝယ် ချင်လဲ့၏ လက်ထိပ်မှ တောက်ပနေသော အပ်စွမ်းအင်မှာ တုန်ယင်လှုပ်ရှားနေပြီး သူ၏ လက်အောက်ရှိ ကျောက်သား ဝိညာဉ်တံဆိပ်ပြားမှာလည်း အလင်းတန်းများဖြင့် ဖုံးလွှမ်းနေ၏။
ပျက်စီးသွားသော ဝိညာဉ်တံဆိပ်ပြားတို့မှာ သူ၏ ပတ်ပတ်လည်တွင် ဖရိုဖရဲ ပြန့်ကျဲနေသည်။ ယခုအချိန်တွင် သူ၏ မျက်လုံးတို့မှာ သွေးကြောများ ယှက်သန်းနေကာ နဖူးမှ ချွေးစက်တို့ တလိမ့်လိမ့် စီးကျနေပြီး မျက်မှောင်တို့ကို အပြင်းအထန် ကြုတ်လျက် အလွန်အမင်း တည်ငြိမ်လေးနက်သော အမူအရာ ရှိနေလေသည်။
သူသည် သူ၏ အာရုံစူးစိုက်မှု အားလုံးကို လက်ဖဝါးအောက်ရှိ ဝိညာဉ်တံဆိပ်ပြားပေါ်တွင် ဝိညာဉ်အစီရင် ရေးထိုးခြင်း၌သာ ပုံအောထားတော့သည်။
ဤတံဆိပ်ပြားမှာ ၃၇၂ ပြားမြောက် ဖြစ်၏...။
အချိန်တို့သည် လျှပ်စီးလက်သကဲ့သို့ ကုန်ဆုံးသွားခဲ့ရာ နောက်ထပ် တစ်နှစ်ခွဲခန့်ပင် ကြာညောင်းခဲ့ပြီဖြစ်သည်။ ဤတစ်နှစ်ခွဲတာ ကာလအတွင်း သူသည် ယခင်အတိုင်းပင် အစားမေ့ အအိပ်မေ့လျက်၊ ဝိညာဉ်စုစည်းခြင်း အစီရင်ကို ရေးထိုးရန်သာ အာရုံအား တစ်ချက်ကလေးမျှ အလွတ်မပေးဘဲ ကြိုးပမ်းနေခဲ့ခြင်း ဖြစ်သည်။
လင်ဖုန်း ယူဆောင်လာပေးသည့် ဝိညာဉ်တံဆိပ်ပြား သုံးရာမှာလည်း ကုန်လုနီးပါး ဖြစ်နေချေပြီ။ ယခုအချိန်တွင် သူ၏ လက်ဝယ်၌ အသုံးပြု၍ရသော ဝိညာဉ်တံဆိပ်ပြား နှစ်ဆယ့်လေးခုသာ ကျန်ရှိတော့သည်။
သူ၏ စိတ်ဝိညာဉ်မှာ လက်ညှိုးအောက်ရှိ ဝိညာဉ်တံဆိပ်ပြားအတွင်းသို့ စိမ့်ဝင်နေပြီး တောက်ပဆန်းကြယ်လှသော ဝိညာဉ်အစီရင်မှာ သူ၏ စိတ်ထဲတွင် ထင်ထင်ရှားရှား ပေါ်လွင်နေ၏။
ဤသည်မှာ လွန်ခဲ့သော ခုနစ်ရက်ကတည်းက သူ ကိုယ်တိုင် အချိန်ယူ၍ ရေးထိုးနေခဲ့သော ဝိညာဉ်တံဆိပ်ပြား ဖြစ်သည်။ ယခုထက်တိုင် အမှားအယွင်း တစ်ချက်ကလေးမျှ မရှိခဲ့ချေ။
ဝိညာဉ်မျဉ်းကြောင်းပေါင်း နှစ်ထောင်ကျော်တို့မှာ ကျယ်ပြောလှသော စကြဝဠာအတွင်းရှိ ကြယ်တာရာများအလား တဖျတ်ဖျတ် တောက်ပလျက် ယှက်နွယ်နေကြသည်။
ထိုတောက်ပပြီး ရှုပ်ထွေးလှသော ဝိညာဉ်မျဉ်းကြောင်းတို့မှာ ကြယ်တို့၏ ရွေ့လျားမှုကြောင့် ကျန်ရစ်ခဲ့သည့် လမ်းကြောင်းများအလား စကားဖြင့် မပြောနိုင်သော နက်နဲမှုနှင့် အလှတရားတို့ကို ပိုင်ဆိုင်ထားကြ၏။
ဤဆန်းကြယ်နက်နဲလှသော ဝိညာဉ်အစီရင်၏ ထောင့်တစ်နေရာတွင်မူ တောက်ပသော အလင်းစက်ကလေးတစ်စက်မှာ ရွေ့လျားလျက် ဝိညာဉ်မျဉ်းကြောင်းအသစ်တို့ကို ဆက်လက် ရေးဆွဲနေဆဲပင် ဖြစ်သည်။
ထိုတောက်ပသော အလင်းစက်ကလေးမှာ ထက်မြက်သော မြွေတစ်ကောင်အလား လှုပ်ရှားလျက် ထင်ရှားသော ဝိညာဉ်မျဉ်းကြောင်း အမှတ်အသားတို့ကို ဆွဲသားကာ နောက်ထပ် ဝိညာဉ်မျဉ်းကြောင်း တစ်ကြောင်း၏ အဆုံးသတ်သို့ ဖြည်းညင်းစွာ ချဉ်းကပ်သွားသည်။ ၎င်းသည် အခြားသော ဝိညာဉ်မျဉ်းကြောင်း သုံးကြောင်းနှင့် ဆက်သွယ်ရမည်ဖြစ်ပြီး ပြည့်စုံသော လေးထောင့်ပုံစံတစ်ခုကို ဖော်ဆောင်ရမည် ဖြစ်၏။
ဤလေးထောင့်ပုံစံမှာ ဝိညာဉ်အစီရင်၏ နောက်ဆုံးထောင့်တွင် ရှိနေပြီး ဤဝိညာဉ်အစီရင် တစ်ခုလုံး၏ နောက်ဆုံး အစိတ်အပိုင်းပင် ဖြစ်တော့သည်။
ချင်လဲ့၏ လက်ညှိုးလေးမှာ အနည်းငယ် တုန်ယင်လာသည်။ သူ၏ ဝိညာဉ်ပင်လယ်မှာ ခန်းခြောက်လုနီးပါး ဖြစ်နေသလို စိတ်အာရုံမှာလည်း လွင့်ပျံ့စပြုလာပြီဖြစ်ကြောင်း ခံစားလိုက်ရ၏။
သူသည် အံကို တင်းတင်းကြိတ်ကာ ပြင်ပစိတ်ခံစားချက်တို့ သူ၏ နှလုံးသားအား မတုန်လှုပ်စေရန် သူ၏ စိတ်ဝိညာဉ်စွမ်းအား အားလုံးကို အသုံးချ၍ ထိန်းချုပ်လိုက်သည်။ ထို့နောက် အလင်းစက်ကလေးကို အခြားသော ဝိညာဉ်မျဉ်းကြောင်း၏ အဆုံးသတ်ဆီသို့ ဖြည်းညင်းစွာ ရွေ့လျားစေလိုက်သည်။
ဤအရာသည် ဝိညာဉ်စုစည်းခြင်း ပုံစံတစ်ခုလုံးကို ပြည့်စုံသွားစေမည် ဖြစ်သည်။
ဝိညာဉ်မျဉ်းကြောင်း နှစ်ကြောင်းမှာ နောက်ဆုံး၌ ဆုံစည်းသွားကြပြီ ဖြစ်သည်။
“ဘုန်း...”
မီးအိမ်ပေါင်း ထောင်သောင်းချီ၍ တစ်ပြိုင်နက်တည်း လင်းထိန်သွားသကဲ့သို့ပင် ကြီးမားသော ဝိညာဉ်အစီရင်ကြီးမှာ ရုတ်တရက် အလွန်အမင်း တောက်ပလာပြီး ဝိညာဉ်မျဉ်းကြောင်းပေါင်း ထောင်ချီတို့မှာလည်း ထိုခဏ၌ပင် အလုံးစုံ ဆက်သွယ်သွားကြတော့သည်။ ဤဆန်းကြယ်ရှုပ်ထွေးလှသော ဝိညာဉ်စုစည်းခြင်း အစီရင်၏ ဆုံမှတ်တို့မှာ ကြယ်တာရာများအလား လင်းလက်တောက်ပနေ၏။
ဝိညာဉ်စွမ်းအားများ စီးဆင်းသွားသည်နှင့်အမျှ ဤအစီရင်ကြီးမှာ အသက်ဝင်လာပြီး အံ့သြဖွယ်ရာ ဆွဲဆောင်မှုတို့ဖြင့် ပြည့်နှက်သွားတော့သည်။
“ငါ အောင်မြင်ပြီ”
ချင်လဲ့၏ အသံမှာ အားအင်ကုန်ခမ်းနေမှုကြောင့် အက်ရှနေသော်လည်း သူ၏ မျက်လုံးတို့မှာမူ ကြောက်မက်ဖွယ် ကောင်းလောက်အောင် ဝင်းလက်နေသည်။
သူ၏ လက်ကို ဖယ်ရှားလိုက်ပြီးနောက်တွင်မူ သူ၏ စိတ်ဝိညာဉ်အား အသုံးပြု၍ ဝိညာဉ်စုစည်းခြင်း အစီရင်ကို စစ်ဆေးနိုင်စွမ်း မရှိတော့ချေ။ ဝိညာဉ်တံဆိပ်ပြားမှ ထွက်ပေါ်လာသော မှိန်ပျပျ အလင်းတန်းကိုသာ မြင်တွေ့နိုင်တော့၏။ ထိုအလင်းတန်းမှာ အပြောမတတ်နိုင်သော ဆွဲဆောင်မှုတစ်ခု ရှိနေသကဲ့သို့ တဖြည်းဖြည်း ပျံ့နှံ့သွားလေသည်။
ခေတ္တအကြာတွင် ချင်လဲ့၏ မျက်လုံးတို့၌ အံ့သြမှုတို့ ထင်ဟပ်သွားသည်။ ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်တို့မှာ သူရှိရာ နေရာသို့ စုစည်းရောက်ရှိလာသည်ကို သူ ထင်ထင်ရှားရှား ခံစားလိုက်ရသောကြောင့် ဖြစ်၏။
ပို၍ တိတိကျကျ ပြောရလျှင် ထိုစွမ်းအင်တို့မှာ သူ၏ ရှေ့မှ လက်ဖဝါးခန့်သာရှိသော ဝိညာဉ်တံဆိပ်ပြားဆီသို့ ထိုအလင်းတန်း၏ ဆွဲဆောင်မှုကြောင့် တိုးဝင်နေကြခြင်းပင် ဖြစ်သည်။
“ဝိညာဉ်စုစည်းခြင်း အစီရင်၊ ဝိညာဉ်စုစည်းခြင်း အစီရင်တွေဟာ ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအင်တွေကို စုစည်းပေးနိုင်တာပဲ။ ဒါ... ဒါဟာ စစ်မှန်တဲ့ ဝိညာဉ်စုစည်းခြင်း အစီရင်ပဲ”
ချင်လဲ့၏ ခန္ဓာကိုယ်မှာ အပြင်းအထန် တုန်ခါသွားပြီး သူ၏ မျက်နှာတွင် အံ့သြမှုတို့ လွှမ်းမိုးသွားကာ မျက်လုံးတို့တွင်လည်း ဖော်မပြနိုင်သော ဝမ်းမြောက်မှုနှင့် အံ့သြမှုတို့ ပြည့်နှက်သွားတော့သည်။
ဝိညာဉ်စုစည်းခြင်း အစီရင်နှင့် ပတ်သက်သည့် သူ၏ ဗဟုသုတမှာ အဘိုးထံမှ ရရှိခဲ့ခြင်း ဖြစ်သည်။ သို့သော် သူ၏ အဘိုး ပြောပြချက်အရ ဝိညာဉ်စုစည်းခြင်း အစီရင်ဆိုသည်မှာ ကျင့်ကြံသူများ သွန်းလောင်းပေးလိုက်သည့် ဝိညာဉ်စွမ်းအင်များကိုသာ စုစည်းပေးခြင်းဖြစ်ပြီး၊ ထိုစွမ်းအင်များကို လက်နက်အတွင်း၌ စုစည်းကာ အခြားသော ဝိညာဉ်အစီရင်များဆီသို့ စီးဆင်းစေခြင်းဖြင့် စွမ်းအားများကို ထုတ်လွှတ်ပေးခြင်းသာ ဖြစ်သည်ဟု သိထားခဲ့ခြင်း ဖြစ်၏။
အခြေခံအကျဆုံးဖြစ်သော ဝိညာဉ်စုစည်းခြင်း အစီရင်သည် ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်များကိုပါ စုစည်းနိုင်ပြီး သဘာဝ ဝိညာဉ်စွမ်းအင်အား ဆွဲဆောင်နိုင်သည့် ဝိညာဉ်ပစ္စည်းတစ်ခု ဖြစ်လာနိုင်သည်ဟု သူ၏ အဘိုးက တစ်ခါမျှ မပြောခဲ့ဖူးချေ။
“မယုံနိုင်လောက်အောင် ရှုပ်ထွေးတဲ့ ဒီဝိညာဉ်စုစည်းခြင်း အစီရင်မှာ ဒီလို အံ့သြဖွယ်ကောင်းတဲ့ စွမ်းရည်မျိုး ရှိနေတာပဲ။ ဒါဟာ ကောင်းကင်နဲ့ မြေကြီးရဲ့ ဝိညာဉ်စွမ်းအင်တွေကို တိုက်ရိုက် စုစည်းပေးနိုင်တာပဲ။ ဒါဟာ ကျင့်ကြံသူတွေရဲ့ ဝိညာဉ်စွမ်းအင် စုပ်ယူနိုင်စွမ်းကို မြှင့်တင်ပေးနိုင်တယ်လို့ အဓိပ္ပာယ်ရတာပဲ”
ချင်လဲ့သည် တောက်ပနေသော မျက်လုံးများဖြင့် ဝိညာဉ်တံဆိပ်ပြားအား ကြည့်ကာ အသက်ကို ပြင်းပြင်းရှူ၍ ခံစားကြည့်လိုက်သည်။ ခေတ္တအကြာတွင် ဝိညာဉ်တံဆိပ်ပြား၏ အလင်းတန်းမှာ ထပ်မံ၍ ကျယ်ပြန့်မလာတော့ဘဲ သူ၏ ပတ်ဝန်းကျင်ရှိ သဘာဝ ဝိညာဉ်စွမ်းအင်မှာမူ ယခင်ကထက် လေးပုံတစ်ပုံခန့် ပိုမို အားကောင်းလာသည်ကို တွေ့ရှိလိုက်ရ၏။
ဤတွေ့ရှိမှုက သူ့အား အလွန်ပင် စိတ်လှုပ်ရှားသွားစေသည်။ ကျင့်ကြံသူတို့သည် သဘာဝ ဝိညာဉ်စွမ်းအင် မြင့်မားသည့် နေရာတွင် ကျင့်ကြံပါက စွမ်းအင်နည်းပါးသည့် နေရာထက် ပိုမိုမြန်ဆန်စွာ တိုးတက်နိုင်ခြင်းမှာ ပြောင်းလဲ၍မရသော အမှန်တရားပင် ဖြစ်သည်။ ဝိညာဉ်တံဆိပ်ပြားအတွင်းရှိ ဝိညာဉ်စုစည်းခြင်း ပုံစံသည် ကျင့်ကြံသူ၏ ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်ကို လေးပုံတစ်ပုံခန့် တိုးပွားစေနိုင်သည်ဆိုပါက ၎င်းသည် ဝိညာဉ်စွမ်းအင် စုပ်ယူမှုနှုန်းအား ပိုမို မြန်ဆန်စေမည် မဟုတ်လော။
“တကယ့်ကို အံ့သြဖွယ်ကောင်းတဲ့ ဝိညာဉ်စုစည်းခြင်း အစီရင်ပါပဲ...”
ချင်လဲ့၏ မျက်လုံးတို့မှာ ပိုမို တောက်ပလာသည်။ သူသည် ခေတ္တမျှ အနားယူပြီးနောက် ဝိညာဉ်တံဆိပ်ပြားပေါ်သို့ သူ၏ လက်ကို ပြန်တင်ကာ စိတ်ဝိညာဉ်ဖြင့် ခံစားကြည့်လိုက်ပြန်သည်။ သူ ယခင်က သွန်းလောင်းထားခဲ့သော ဝိညာဉ်စွမ်းအင်တို့မှာ ဝိညာဉ်စုစည်းခြင်း အစီရင်၏ ဝိညာဉ်မျဉ်းကြောင်းများအတိုင်း စီးဆင်းနေပြီး ဤရှုပ်ထွေးဆန်းကြယ်လှသော အစီရင်ကြီးကို အသက်သွင်းပေးကာ အံ့သြဖွယ်ရာ အာနိသင်တို့ကို ဖြစ်ပေါ်စေခြင်း ဖြစ်ကြောင်း သူ တွေ့ရှိလိုက်ရ၏။
အတန်ကြာပြီးနောက် သူသည် သွန်းလောင်းထားသော ဝိညာဉ်စွမ်းအင်တို့ကို ပြန်လည် ရုပ်သိမ်းလိုက်ရာ ဝိညာဉ်တံဆိပ်ပြား၏ အလင်းတန်းမှာလည်း တံဆိပ်ပြားအတွင်းသို့ တဖြည်းဖြည်း ပြန်လည် ဝင်ရောက်သွားတော့သည်။ ပတ်ဝန်းကျင်ရှိ ပိုလျှံနေသော ဝိညာဉ်စွမ်းအင်တို့မှာလည်း ထိန်းချုပ်မှု ကင်းမဲ့သွားသည့်အတွက် တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားလေသည်။
“ဝိညာဉ်တံဆိပ်ပြားဆိုတာ အနိမ့်ဆုံးအဆင့် ဝိညာဉ်ပစ္စည်းတွေပဲ၊ ဝိညာဉ်ပုံစံ ရေးထိုးဖို့ လေ့ကျင့်တဲ့နေရာမှာပဲ သုံးလို့ရပြီး ဝိညာဉ်အစီရင်ရဲ့ စစ်မှန်တဲ့ စွမ်းအားကို မထုတ်လွှတ်နိုင်ဘူး။ တကယ်လို့ ဒါဟာ ဝိညာဉ်တံဆိပ်ပြား မဟုတ်ဘဲ စစ်မှန်တဲ့ လက်နက်တစ်လက်သာ ဖြစ်မယ်ဆိုရင်... အဲဒါကလည်း အဆင့်မြင့် ဝိညာဉ်လက်နက်တစ်လက် ဖြစ်နေပြီး ဒီရှုပ်ထွေးလှတဲ့ ဝိညာဉ်စုစည်းခြင်း အစီရင်ကိုသာ ထည့်သွင်းထားမယ်ဆိုရင် ဘယ်လို အာနိသင်မျိုးတွေ ရှိလာမှာလဲ”
အရာအားလုံး ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီးနောက် ချင်လဲ့က တွေးတောနေမိရင်း ရုတ်တရက် ငြိမ်သက်သွားသည်။
ဝိညာဉ်စုစည်းခြင်း၊ စွမ်းအားမြှင့်တင်ခြင်း၊ ဝိညာဉ်သိုလှောင်ခြင်းနှင့် ခိုင်ခံ့စေခြင်းတို့မှာ အဓိက ဝိညာဉ်အစီရင် လေးမျိုး ဖြစ်သည်။ ယနေ့တွင် သူသည် ဝိညာဉ်စုစည်းခြင်း အစီရင်ကို ပထမဆုံးအကြိမ် အောင်မြင်အောင် ရေးထိုးနိုင်ခဲ့သော်လည်း ဝိညာဉ်တံဆိပ်ပြားပေါင်း ၃၇၆ ပြား အကုန်အကျ ခံခဲ့ရသည် မဟုတ်လော။
ထို့ပြင် နောက်တစ်ကြိမ် ထပ်မံ ရေးထိုးပါကလည်း ပထမအကြိမ်တွင်ပင် အောင်မြင်လိမ့်မည်ဟု သူ လုံးဝ အာမခံနိုင်ခြင်း မရှိသေးချေ။ သူသည် ဝိညာဉ်စုစည်းခြင်း အစီရင်ကို အလုံးစုံ တတ်မြောက်သွားခြင်း မရှိသေးဘဲ ဆက်လက်၍ လေ့ကျင့်ရန်နှင့် စမ်းသပ်ရန် လိုအပ်နေသေးသည်။ ဆယ်ကြိမ် ရေးထိုးလျှင် ရှစ်ကြိမ် ကိုးကြိမ်ခန့် အောင်မြင်မှသာ သူသည် ဤပုံစံကို အမှန်တကယ် ကျွမ်းကျင်သွားပြီဟု ဆိုနိုင်ပေလိမ့်မည်။ ယခုအချိန်တွင်မူ သူသည်... ထိုအခြေအနေသို့ ရောက်ရန် အတော် လိုနေသေးသည်။
“ပန်းပဲပညာရှင် တစ်ယောက်ကို မွေးထုတ်ပေးဖို့ဆိုတာ အင်အားကြီးတဲ့ အဖွဲ့အစည်းတစ်ခုရဲ့ ပံ့ပိုးမှုနဲ့ ဝိညာဉ်ပစ္စည်းတွေရဲ့ အဆုံးမရှိတဲ့ အကုန်အကျတွေ လိုအပ်တာပဲ။ တွေးကြည့်ရုံနဲ့တင် ကြောက်စရာ ကောင်းလိုက်တာ”
ချင်လဲ့က သက်ပြင်းချလိုက်ပြီးနောက် သူ၏ အမူအရာမှာ တုန်လှုပ်သွားသည်။ “အဘိုးက သစ်သားရုပ်ထုလေးတွေကို လုပ်နိုင်တယ်၊ အဲဒီ သစ်သားရုပ်ထုလေးတွေရဲ့ အတွင်းထဲမှာတော့ ဝိညာဉ်ပုံစံ အမျိုးမျိုးကို ပြည့်စုံအောင် ပေါင်းစပ်ထားတာပဲ”
ဤသည်ကို တွေးမိသောအခါ သူသည် ချင်ရှန်းအား ပို၍ပင် လွမ်းဆွတ်မိလာပြီး သူ၏ စိတ်ထဲမှ တံဆိပ်ကို ဖွင့်လှစ်ကာ လွန်ခဲ့သော ဆယ်နှစ်ခန့်က မှတ်ဉာဏ်တို့အား ရှာဖွေလိုသည့် ဆန္ဒမှာ ပိုမို ပြင်းပြလာတော့သည်။
“ငါ အခု အသက် ၁၆ နှစ် ရှိပြီ၊ နောက်ထပ် တစ်နှစ်ပဲ ကျန်တော့တယ်။ တကယ်လို့ တစ်နှစ်အတွင်းမှာ အဘိုးက ငါ့ကို လာမရှာဘူးဆိုရင် ငါ ဘယ်ကို သွားရမှာလဲ”
ချင်လဲ့၏ စိတ်ထဲတွင် ဝေခွဲမရ ဖြစ်နေမိသည်။ သူသည် ဂူအတွင်းကို အနည်းငယ် သန့်ရှင်းရေး လုပ်ပြီးနောက် အပြင်ဘက်သို့ ထွက်လာခဲ့သည်။ သူ ဂူအပြင်ဘက်သို့ မထွက်ဖြစ်သည်မှာ အတော်ပင် ကြာမြင့်ခဲ့ပြီဖြစ်သည်။ နေရောင်ခြည်က သူ့အပေါ်သို့ ကျဆင်းလာသည့်အခါ သူသည် ရုတ်တရက် မူးဝေသွားပြီး သူ၏ မျက်လုံးတို့မှာလည်း ခြောက်ကပ်ကာ နာကျင်လာတော့သည်။
အတန်ကြာမှသာ သူသည် နေရောင်နှင့် ပြန်လည် အသားကျသွားတော့သည်။ ထိုအခါမှသာ လင်ယွီရှီးက သူ့အား ဂူအပြင်ဘက်သို့ မကြာခဏ ထွက်လာရန်၊ နေပူစာလှုံရန်နှင့် ဂူထဲတွင်ချည်း မနေရန် သတိပေးခဲ့သည်ကို ပြန်လည် သတိရမိ၏။
“သူ အခု ဘယ်လိုနေမလဲ မသိဘူး...” သူ၏ နှုတ်ခမ်းထောင့်တွင် ပျော်ရွှင်ရိပ် အနည်းငယ် ထင်ဟပ်သွားသည်။
“ချင်လဲ့”
တောင်ခြေရင်းမှ လင်ဖုန်း၏ အသံမှာ ရုတ်တရက် ထွက်ပေါ်လာသည်။ သူက ဂူဝရှိ ချင်လဲ့အား လက်ဝှေ့ယမ်းပြကာ ကျယ်လောင်စွာ ဟစ်အော်လိုက်၏။ “ခုနစ်ရက်တောင် ရှိသွားပြီ၊ နောက်ဆုံးတော့ မင်း ထွက်လာခဲ့ပြီပဲ”
လင်ဖုန်း၏ မျက်လုံးများတွင် စိုးရိမ်ရိပ်တို့ မြင်နေရပြီး သူ၏ အမူအရာမှာလည်း သိသိသာသာ လေးနက်နေပေသည်။ ဤသည်ကို မြင်သောအခါ ချင်လဲ့မှာ အံ့သြသွားရ၏။ သူသည် တောင်ကုန်းပေါ်မှ ခုန်ဆင်းလိုက်ပြီး လင်ဖုန်း၏ အနားသို့ အမြန်ရောက်သွားကာ မေးလိုက်သည်။ “မင်း ငါ့ကို စောင့်နေတာလား”
လင်ဖုန်းက ခေါင်းညိတ်ပြီး သက်ပြင်း အသာချကာ ပြောလိုက်သည်။ “ငါ မင်းကို စောင့်နေတာ နှစ်ရက်တောင် ရှိပြီ”
“ဘာကိစ္စ ရှိလို့လဲ” ချင်လဲ့က ဝေခွဲမရစွာ မေးလိုက်သည်။
“လမ်းလျှောက်ရင်း စကားပြောကြတာပေါ့” လင်ဖုန်းသည် မျက်မှောင်ကြုတ်လျက် လင်မြို့လေးဆီသို့ အတူတူ လျှောက်လှမ်းရင်း ပြောလိုက်သည်။ “အဲဒါက မင်းနဲ့ ပထမ သခင်မလေးတို့ရဲ့ ကိစ္စပဲ”
ချင်လဲ့က မျက်လုံးတို့ကို မှေးပြီး မေးလိုက်သည်။ “ဘာဖြစ်လို့လဲ”
“လွန်ခဲ့တဲ့ နှစ်ရက်က သုသာန်ခုနစ်ပါးတောင်ကြားက အဘွားအို ကျိုဟာ လင်မြို့လေးကို ဖြတ်သွားခဲ့တယ်။ သူမက ပထမ သခင်မလေယနဲ့ ဒုတိယ သခင်မလေးတို့ကို မြင်တဲ့အခါ သူတို့ကို အတော်လေး သဘောကျသွားတယ်။ ပထမ သခင်မလေးရဲ့ စရိုက်က နူးညံ့ပြီး သူ့ရဲ့ ဝိညာဉ်ပညာရပ်နဲ့ ခန္ဓာကိုယ်ဟာ ရေဓာတ်ကို အခြေခံထားတယ်လို့ သူက ပြောတယ်။ ဒုတိယ သခင်မလေးရဲ့ စရိုက်ကတော့ ပြင်းထန်ပြီး ဆိုးသွမ်းပေမယ့် သူ့ရဲ့ ဝိညာဉ်ပညာရပ်နဲ့ ခန္ဓာကိုယ်ကတော့ မီးဓာတ်ကို အခြေခံထားတယ်တဲ့။ သူတို့နှစ်ယောက်ဟာ မီးနဲ့ရေလို တစ်ယောက်ကိုတစ်ယောက် အားဖြည့်ပေးနိုင်သလို ညီအစ်မတွေလည်း ဖြစ်နေတာကြောင့် သူ့ဆီမှာရှိတဲ့ ဝိညာဉ်ပညာရပ်တစ်ခုနဲ့ အလွန်ကို သင့်တော်နေတယ်လို့ ဆိုတယ်။ အဲဒါကြောင့် အဘွားအို ကျိုက သူတို့နှစ်ယောက်လုံးကို တပည့်အဖြစ် ခေါ်ချင်နေတာ” လင်ဖုန်းက ရှင်းပြလိုက်သည်။
“သုသာန်ခုနစ်ပါးတောင်ကြား ဟုတ်လား။ အဲဒါက ဘယ်လိုနေရာမျိုးလဲ” ချင်လဲ့က မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။
“သုသာန်ခုနစ်ပါးတောင်ကြား ဆိုတာက အမှောင်အသူရာခန်းမနဲ့ အဆင့်တူတဲ့ သံနက်အင်အားစု တစ်ခုပဲ။ မြူတိမ်ဆောင်နဲ့ ရေခဲပြင်နန်းတော်တို့ထက် တစ်ဆင့် ပိုမြင့်တဲ့နေရာပေါ့”
လင်ဖုန်း၏ အမူအရာတွင် လေးစားမှုနှင့် ကြောက်ရွံ့မှုတို့ ရောယှက်နေသည်။ “သုသာန်ခုနစ်ပါးတောင်ကြားမှာ တောင်ကြား ခုနစ်ခု ရှိတယ်။ နက်နဲ သုသာန်တောင်ကြား၊ အမှောင် သုသာန်တောင်ကြား၊ ရွှေဝါ သုသာန်တောင်ကြား၊ သစ်သား သုသာန်တောင်ကြား၊ ရေပြင် သုသာန်တောင်ကြား၊ မီးလျှံ သုသာန်တောင်ကြားနဲ့ မြေကမ္ဘာ သုသာန်တောင်ကြားတို့ပဲ။ သုသာန် ခုနစ်ပါးတောင်ကြားနဲ့ အမှောင်အသူရာခန်းမတို့ဟာ မဟာမိတ်တွေဖြစ်သလို အဆင့်မြင့် ကျင့်ကြံသူတွေကြားမှာလည်း ရင်းနှီးတဲ့ ဆက်ဆံရေး ရှိကြတယ်။ အဘွားအိုကျိုရဲ့ နာမည်ရင်းက ကျိုလျိုယွီတဲ့။ သူဟာ ဝိညာဉ်လမ်းကြောင်း အဆင့် ပညာရှင်တစ်ယောက် ဖြစ်သလို၊ သုသာန်ခုနစ်ပါးတောင်ကြားရဲ့ ဒုတိယအဆင့်ရှိတဲ့ အမှောင် သုသာန်တောင်ကြားရဲ့ တောင်ကြားအရှင်သခင်လည်း ဖြစ်တယ်”
ချင်လဲ့၏ နှလုံးသားမှာ အနည်းငယ် အေးစက်သွားသည်။ သူသည် ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် ပြောလိုက်သည်။ “သူက သူတို့ညီအစ်မကို တပည့်အဖြစ် ခေါ်ချင်တယ်ဆိုတာ ကောင်းတဲ့အရာ မဟုတ်ဘူးလား။ ခေါင်းဆောင်က သဘောမတူဘူးလား”
“မြူတိမ်ဆောင်ထက် ပိုအားကောင်းတဲ့ သုသာန် ခုနစ်ပါးတောင်ကြား၊ ပြီးတော့ အမှောင် သုသာန်တောင်ကြားရဲ့ အရှင်သခင်လည်းဖြစ်တဲ့ ဝိညာဉ်လမ်းကြောင်း အဆင့် ပညာရှင် အဘွားအိုကျိုက တပည့်အဖြစ် ခေါ်ချင်တယ်ဆိုတာ... ခေါင်းဆောင်အတွက်တော့ အိပ်မက်တောင် မမက်ဖူးတဲ့ ကိစ္စကောင်းကြီးပေါ့။ သူက ပျော်လွန်းလို့ အရာအားလုံးကိုတောင် မေ့နေပြီ၊ ဘာလို့ သဘောမတူဘဲ နေမှာလဲ”
လင်ဖုန်းကလည်း အားကျနေသော အမူအရာဖြင့် ဆက်ပြောသည်။ “သုသာန်ခုနစ်ပါး တောင်ကြားမှာ သွားပြီး ကျင့်ကြံခွင့်ရဖို့ဆိုတာ ငါတို့အတွက်တော့ တွေးတောင် မတွေးရဲတဲ့ အရာပဲ။ သူတို့ညီအစ်မအတွက်တော့ ဒါဟာ တစ်လှမ်းတည်းနဲ့ နတ်ပြည်ရောက်သွားသလိုပဲ၊ မြူတိမ်ဆောင်ကိုတောင် ကျော်သွားတာလေ။ တခြားလူသာဆိုရင်... ဒီလို မြူဆွယ်မှုကို ငြင်းပယ်နိုင်မှာ မဟုတ်ဘူး”
“ဟုတ်ပါတယ်၊ ဒါဟာ ငြင်းပယ်ဖို့ ခက်ခဲတဲ့ မြူဆွယ်မှုပါပဲ” ချင်လဲ့က ခပ်အေးအေးပင် ပြောလိုက်သည်။
“ဒါပေမယ့် ပထမ သခင်မလေးက ငြင်းလိုက်တယ်...” လင်ဖုန်းက မျက်နှာပျက်ပျက်ဖြင့် ဆိုလေသည်။
ချင်လဲ့၏ မျက်လုံးတို့တွင် ထူးဆန်းသော အလင်းတန်းတစ်တန်း ဝင်းလက်သွားပြီး လင်ဖုန်းကို အလေးအနက် စိုက်ကြည့်ကာ မေးလိုက်သည်။ “ဘာလို့လဲ”
“အဘွားအို ကျိုက ပထမ သခင်မလေးမှာ စေ့စပ်ထားသူ ရှိတယ်ဆိုတာ ကြားသွားတယ်။ သူက... ပထမ သခင်မလေးကို ဖြူစင်တဲ့သူ ဖြစ်စေချင်သလို စေ့စပ်ထားတဲ့ ကိစ္စကြောင့်လည်း အနှောင်အဖွဲ့ မရှိစေချင်ဘူးတဲ့။ သူမက ပထမ သခင်မလေးရဲ့ စေ့စပ်ပွဲကို ဖျက်စေချင်တယ်။ ပြီးတော့ သူ ပြောတာက သုသာန်ခုနစ်ပါး တောင်ကြားကို သွားပြီးရင် လင်မြို့လေးကို ပြန်လာဖို့ဆိုတာ အလွန်ခက်ခဲလိမ့်မယ်တဲ့။ ဒါကြောင့် သူတို့ညီအစ်မကို သေသေချာချာ စဉ်းစားခိုင်းထားတယ်” လင်ဖုန်းက ပြောပြသည်။
ချင်လဲ့ တိတ်ဆိတ်သွားပြန်သည်။
“နောက်ပြီး အဘွားအိုကျိုက သူတို့နှစ်ယောက်လုံးကို တစ်ပြိုင်နက်တည်း ခေါ်သွားမယ်၊ ဒါမှမဟုတ်ရင်လည်း ဘယ်သူ့ကိုမှ မခေါ်ဘူးလို့ ပြောထားတယ်” လင်ဖုန်း၏ အမူအရာမှာ ထူးဆန်းနေသည်။ “ဒါပေမယ့် အခုတော့ ပထမ သခင်မလေးက ခေါင်းဆောင်ရဲ့ ဆုံးမစကားတွေ၊ မိသားစုအကြီးအကဲတွေနဲ့ တတိယဦးလေးတို့ရဲ့ တိုက်တွန်းမှုတွေကို လျစ်လျူရှုပြီး သဘောမတူဘဲ နေနေတယ်။ အဘွားအိုကျိုက သုံးရက်ပဲ အချိန်ပေးထားတယ်။ သုံးရက်ပြည့်လို့မှ ပထမ သခင်မလေးက သဘောမတူဘူးဆိုရင် သူက အတင်းအကျပ် မလုပ်ဘဲ လင်မြို့လေးကနေ ထွက်သွားမယ်တဲ့”
လင်ဖုန်းက ခေတ္တရပ်လိုက်ပြီးမှ ဖြည့်စွက်ပြောလိုက်သည်။ “မနက်ဖြန်ဆိုရင် အချိန်ပြည့်ပြီ။ ဒီကိစ္စကြောင့် ခေါင်းဆောင်ကတော့ စောင့်ရင်းနဲ့ ရူးမတတ် ဖြစ်နေရပြီ”
အခန်း (၅၄) ခွဲခွာခြင်း
တောင်ကမ်းပါး လမ်းကလေးပေါ်တွင် လျှောက်လှမ်းရင်း လင်ဖုန်း၏ ပြောပြချက်တို့ကို နားစွင့်နေမိသော ချင်လဲ့၏ နှလုံးသားမှာ ချို၊ ချဉ်၊ ခါး၊ ငန်၊ စပ် ဟူသော အရသာငါးပါးတို့ ရောပြွမ်းနေသည့် အိုးတစ်လုံး ပြောင်းပြန်လှန်လိုက်သကဲ့သို့ ခံစားနေရရှာသည်။
လွန်ခဲ့သော တစ်နှစ်ခွဲခန့်က ချင်လဲ့တွင် မြူတိမ်တံဆိပ် ရှိနေပြီး အချိန်မရွေး မြူတိမ်ဆောင်၏ အမာခံအဖွဲ့ဝင် ဖြစ်လာနိုင်ကြောင်း လင်ယွီရှီး သိရှိသွားစဉ်က သူမသည် အတော်ပင် စိုးရိမ်ပူပန်ခဲ့ဖူး၏။ သူမသည် ချင်လဲ့အတွက် အနှောင်အဖွဲ့တစ်ခု မဖြစ်စေရန် ရည်သန်လျက် တစ်နေ့တွင် ချင်လဲ့နှင့်အတူ မြူတိမ်ဆောင်သို့ အတူတူ တက်လှမ်းနိုင်ရန် ကျင့်ကြံခြင်း၌သာ အာရုံနစ်မြုပ်ထားခဲ့သည်။
သူမသည် ချင်လဲ့၏ နောက်တွင် အဝေးကြီး ကျန်ရစ်မနေလိုကြောင်းနှင့် သူ၏ ခြေလှမ်းများအမှီ လိုက်ပါလိုကြောင်း ပြောခဲ့ဖူးသည် မဟုတ်လော။
သို့သော် တစ်နှစ်ခွဲအကြာတွင်မူ သူသည် လင်မြို့လေး၌ ကျင့်ကြံနေဆဲဖြစ်သော်လည်း လင်ယွီရှီးမှာမူ မြူတိမ်ဆောင်ကို ကျော်လွန်၍ သံနက်အဆင့်ရှိသော သုသာန်ခုနစ်ပါး တောင်ကြားသို့ တိုက်ရိုက်ဝင်ရောက်နိုင်မည့် တစ်သက်တာတွင် တစ်ကြိမ်သာ ကြုံနိုင်သော အခွင့်အရေးနှင့် ဆုံတွေ့ခဲ့လေပြီ။
လောကကြီး၏ အလှည့်အပြောင်းမှာ ဆန်းကြယ်လှပေစွ။ ချင်လဲ့မှာ ငိုရခက် ရယ်ရခက်နှင့် ခဏမျှ စိတ်မသက်မသာ ဖြစ်နေမိတော့သည်။
“ခေါင်းဆောင်က မြို့အဝင်မှာ စောင့်နေတယ်” လင်ဖုန်းက ရုတ်တရက် ပြောလိုက်၏။
ချင်လဲ့ အံ့သြသွားပြီး မြို့အဝင်တွင် လင်ချန်ယဲ့ကို မြင်တွေ့လိုက်ရသည်။ သူ၏ ပါးရိုးများမှာ ချိုင့်ဝင်နေပြီး မျက်နှာမှာလည်း ဖြူဖျော့နေလျက် ကောင်းကင်ကြီးကို ငေးကြည့်ကာ မကြာခဏ သက်ပြင်းချနေရှာသည်။
လင်မြို့လေး၏ အရှေ့တောင်ဘက် တုကျောက်လန်တို့ မိသားစု နေထိုင်ခဲ့သော အိမ်ရာတွင်မူ ကျောက်စိမ်းဖြူဖြင့် ပြုလုပ်ထားသော ဆန်းပြားလှသည့် ရထားလုံးကြီးတစ်စီး ရှိနေသည်။ ထိုရထားလုံးပေါ်တွင် သေသပ်လှပသော ပန်းကနုတ်များ ထွင်းထုထားပြီး ကျောက်မျက်ရတနာများနှင့် ပုလဲများ စီခြယ်ထား၏။ နေရောင်အောက်တွင် ထိုရထားလုံးမှ အလင်းပြန်မှုမှာ ချင်လဲ့၏ မျက်လုံးများကိုပင် နာကျင်စေတော့သည်။
ရထားလုံးကို ဆွဲရန်အတွက် ရွှေရောင်ကျောက်တောင်ဘီလူး လေးကောင်ကို ငွေရောင်သံကြိုးများဖြင့် ချည်နှောင်ထားပြီး ၎င်းတို့မှာ ဒုတိယအဆင့်ရှိသော တောရိုင်းဝိညာဉ်သားရဲများ ဖြစ်ကြသော်လည်း ယခုမူ အလွန်ပင် ယဉ်ပါးနေကြချေပြီ။
ရထားလုံး၏ ပတ်ပတ်လည်တွင်မူ အလှပဂေး ကျင့်ကြံသူ အမျိုးသမီးအချို့ ရှိနေကြ၏။ သူတို့၏ စွမ်းအားတို့ကို ဖုံးကွယ်ထားသော်လည်း အဆင့်မြင့် ကျင့်ကြံသူများ ဖြစ်ကြောင်း သိသာလှပေသည်။ သူတို့သည် တိုးညင်းသော အသံဖြင့် တစ်ဦးနှင့်တစ်ဦး ရယ်မောစကားပြောနေကြ၏။
ချင်လဲ့သည် လင်ချန်ယဲ့ကို တစ်လှည့်၊ ရထားလုံးကို တစ်လှည့် ကြည့်ကာ မျက်မှောင်ကြုတ်လိုက်မိသည်။
“နောက်ဆုံးတော့ မင်း ပြန်လာပြီပဲ” လင်ချန်ယဲ့သည် ချင်လဲ့ကို မြင်သည်နှင့် ဝိညာဉ်စွမ်းအားတို့ကို အသုံးချကာ သူ့ထံသို့ အပြေးအလွှား လာလေတော့သည်။
အဝေးမှ ထိုလှပသော အမျိုးသမီး ကျင့်ကြံသူများမှာ လင်ချန်ယဲ့၏ အပြုအမူကို မြင်သောအခါ နှုတ်ခမ်းကလေးများ ပိတ်၍ တခစ်ခစ် ရယ်မောနေကြ၏။ သူတို့သည် ချင်လဲ့ကို တစ်ချက်တစ်ချက် လှမ်းကြည့်သော်လည်း သူတို့၏ မျက်လုံးများထဲတွင်မူ အထက်စီးမှ ကြည့်သော မာန်မာနတို့ဖြင့် ပြည့်နှက်နေလေသည်။
၎င်းမှာ အဆင့်မြင့် ကျင့်ကြံသူတစ်ဦးက နိမ့်ကျသော ကျင့်ကြံသူတစ်ဦးကို ငုံ့ကြည့်သည့် အမူအရာပင် ဖြစ်တော့သည်။
“ဦးလေးလင်...” ချင်လဲ့က ရှေ့သို့ လှမ်းတက်လိုက်ပြီး သက်ပြင်းသာသာ ချကာ မေးလိုက်သည်။ “ကျွန်တော့်ကို ဒီမှာ အထူးတလည် စောင့်နေတယ်ဆိုတော့ ကျွန်တော့်ကို ဘာလုပ်ပေးစေချင်လို့လဲ”
လင်ချန်ယဲ့မှာ ရုတ်တရက် မျက်နှာပျက်သွားပြီး အချိန်အတော်ကြာအောင် စကားလုံး ရှာမရ ဖြစ်နေရှာသည်။ သူသည် ရထားလုံးရှိရာသို့ လှမ်းကြည့်ကာ မနက်ဖြန် အချိန်ပြည့်တော့မည့် အရေးကို တွေးမိသောအခါမှသာ အားတင်း၍ ပြောလိုက်သည်။ “ဦးလေးလင်... မင်းအပေါ်မှာ အမှားလုပ်မိပါပြီ...”
ချင်လဲ့က တိတ်ဆိတ်နေဆဲပင်။
“ဒါပေမယ့် ဒါဟာ ယွီရှီးနဲ့ ရွှမ်းရွှမ်းတို့အတွက်၊ ပြီးတော့ တစ်မိသားစုလုံးအတွက် တစ်သက်မှာ တစ်ခါမှ မရနိုင်တဲ့ အခွင့်အရေးပဲ။ ဦးလေး အိပ်မက်တောင် မမက်ဖူးတဲ့ အခွင့်အရေးမျိုးပါ” လင်ချန်ယဲ့က အသက်ကို ပြင်းပြင်းရှူကာ သက်ပြင်းချလိုက်ပြန်သည်။ “လင်မိသားစုဆိုတာ သေးငယ်လွန်းတဲ့ အင်အားစုလေးပါ။ မြူတိမ်ဆောင်ရဲ့ လက်အောက်မှာ ကပ်ရပ်ပြီး မနည်း ရှင်သန်နေရတာလေ။ လွန်ခဲ့တဲ့ ဆယ်နှစ်က ဦးလေးရဲ့ ဇနီးနဲ့ ငယ်သူငယ်ချင်းတွေ ဆုံးရှုံးခဲ့ရတာဟာလည်း လင်မိသားစု အားနည်းလို့ပါပဲ”
“မိသားစုက အားနည်းလွန်းလို့ ဦးလေးရဲ့ ဒုတိယညီဟာ အရှက်တကွဲနဲ့ သေဆုံးခဲ့ရတယ်၊ ဦးလေးကတော့ သည်းခံနေရရုံကလွဲလို့ ဘာမှ မတတ်နိုင်ခဲ့ဘူး။ ဘယ်သူလုပ်ခဲ့လဲဆိုတာ သိသိကြီးနဲ့တောင် မသိချင်ယောင်ဆောင်ပြီး တုကျောက်လန်ရဲ့ အကြည့်တွေ၊ စကားတွေကို သည်းခံခဲ့ရတာလေ...”
သူသည် ချင်လဲ့ကို အလေးအနက် စိုက်ကြည့်ကာ နာကျင်နေသော အမူအရာဖြင့် ဆက်ပြောသည်။ “ဦးလေး မင်းအပေါ်မှာ အမှားလုပ်မိပါတယ်။ မင်း ဦးလေးကို ဘယ်လောက်ပဲ မုန်းမုန်း ဦးလေး ခံယူဖို့ အသင့်ပါပဲ၊ တစ်ခွန်းမှလည်း ပြန်မပြောပါဘူး။ ဒါပေမယ့်... ဒါပေမယ့် ဦးလေး မျှော်လင့်တာက မင်းက ယွီရှီးကို နားဝင်အောင် ပြောပြပေးဖို့ပါပဲ။ ဘာလို့လဲဆိုတော့ ဒီအခွင့်အရေးဟာ လင်မိသားစုရဲ့ ကံကြမ္မာတင်မကဘဲ ယွီရှီးရဲ့ တစ်သက်တာ တိုးတက်မှုနဲ့လည်း သက်ဆိုင်နေလို့ပါ။ ဒီအခွင့်အရေးကို လက်လွှတ်လိုက်ရင် သူဟာ တစ်သက်လုံး နောင်တရနေမှာ၊ လင်မိသားစုလည်း နောင်တရနေမှာပါ...”
“ချင်လဲ့... ငါတို့လည်း တောင်းပန်ပါတယ်၊ ယွီရှီးကို နားဝင်အောင် ပြောပေးပါဦး” ချင်လဲ့ ပြန်ရောက်လာကြောင်း ကြားသည်နှင့် လင်ချန်ကျိနှင့် လင်ခန်းအန်းတို့လည်း အပြေးအလွှား လာရောက် အကူအညီ တောင်းကြလေသည်။
သူတို့ သုံးဦး၏ ပူပန်နေသော မျက်နှာများနှင့် တောင်းပန်တိုးလျှိုးသံတို့ကို ကြားရသောအခါ ချင်လဲ့၏ နှုတ်ခမ်းထောင့်တွင် ခါးသီးသော အပြုံးတစ်ခု ထင်ဟပ်သွားပြီး အတန်ကြာ တိတ်ဆိတ်နေပြီးမှ ပြောလိုက်သည်။ “ကျွန်တော် ပြောရင် သူ နားထောင်မယ်လို့ ဦးလေးတို့ ဘာလို့ ထင်နေတာလဲ။ သူ့ရဲ့ အဖေ၊ ဦးလေး၊ အဘိုးတို့တောင် ပြောလို့မရတာ ကျွန်တော်က ဘယ်လိုလုပ် အောင်မြင်မှာလဲ”
“ဘာလို့လဲဆိုတော့ အစ်မက နင့်ကို ချစ်လို့ပေါ့” လင်ရွှမ်းရွှမ်း၏ အသံမှာ ထိုသုံးဦး၏ နောက်ဘက်မှ ထွက်ပေါ်လာသည်။ သူမ၏ မျက်လုံးတို့မှာ လှုပ်ရှားနေပြီး နှုတ်ခမ်းကို တင်းတင်းစေ့လျက် ဆက်ပြောသည်။ “ဘာလို့လဲဆိုတော့ သူက စေ့စပ်ပွဲကို မဖျက်ချင်လို့၊ နင့်ကို နာကျင်စေမှာကို မလိုလားလို့၊ လင်မြို့လေးကနေ ထွက်သွားရင် နင့်ကို ထာဝရ ဆုံးရှုံးသွားမှာကို ကြောက်လို့ပေါ့...”
ချင်လဲ့၏ စိတ်ထဲတွင် မိုးကြိုးပစ်လိုက်သကဲ့သို့ ခံစားလိုက်ရ၏။
“ချင်လဲ့... သူတို့ ပြောတာတွေကို နားမထောင်နဲ့။ တကယ်လို့ အစ်မ ထွက်သွားရင် လင်မြို့လေးကို ပြန်လာဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ။ နင့်ဘက်က အမှောင်အသူရာခန်းမ ဒါမှမဟုတ် သုသာန်ခုနစ်ပါးတောင်ကြား အဆင့်ရှိတဲ့ အင်အားစုတွေထဲကို ဝင်နိုင်လောက်အောင် အစွမ်းထက်မလာဘူးဆိုရင်တော့ အစ်မနဲ့ နင့်ကြားက မျှော်လင့်ချက်တွေ အကုန် ပျောက်ဆုံးသွားမှာပဲ”
လင်ရွှမ်းရွှမ်းသည် သူမ၏ ဖခင်နှင့် အခြားသူများ၏ တားမြစ်မှုကို ဂရုမစိုက်ဘဲ ဆက်ပြောလိုက်သည်။ “အရင်က ငါ နင့်အပေါ်မှာ အထင်လွဲခဲ့ဖူးပါတယ်၊ ဒါပေမယ့် နင် လင်မိသားစုကို အကြိမ်ကြိမ် ကယ်တင်ခဲ့တာကိုတော့ ငါ မမေ့ပါဘူး။ မိသားစုရဲ့ အကျိုးစီးပွားဆိုတာကိုတော့ ငါ သိပ်နားမလည်ဘူး၊ ဒါပေမယ့် လင်မိသားစုဟာ အနည်းဆုံးတော့ ကျေးဇူးတရားကို သိသင့်တယ်၊ အဘိုးချင်ရှန်းနဲ့ ထားခဲ့တဲ့ ကတိကို တည်သင့်တယ်လို့ပဲ ငါ ထင်တယ်။ ဒါပါပဲ... ငါ ပြောချင်တာ ဒါပါပဲ...”
ပြောပြီးသည်နှင့် သူမသည် အခြားသူများ၏ ဆူပူမှုကို ဂရုမစိုက်ဘဲ လှည့်ထွက်သွားတော့သည်။ ချင်လဲ့မှာမူ သူမ၏ စကားများကြောင့် အချိန်အတော်ကြာ မှင်သက်နေမိ၏။
“နင်သာ အစွမ်းမထက်လာရင် အစ်မနဲ့ နင့်ကြားက မျှော်လင့်ချက်တွေ အကုန် ပျောက်ဆုံးသွားမှာပဲ...”
“ငါသာ မကြိုးစားရင် နင့်ရဲ့ နောက်မှာ ကျန်ရစ်နေမှာပဲ။ ငါ... ငါ နင့်ရဲ့ ခြေလှမ်းတွေအမှီ လိုက်နိုင်ဖို့ပဲ လိုချင်တာပါ...”
လင်ရွှမ်းရွှမ်းနှင့် လင်ယွီရှီးတို့၏ စကားသံများမှာ ချင်လဲ့၏ ဦးနှောက်ထဲတွင် ထပ်ခါတလဲလဲ မြည်ဟည်းနေတော့သည်။
“သူ ဘယ်မှာလဲ” အတန်ကြာမှ ချင်လဲ့က မေးလိုက်၏။
လင်ချန်ယဲ့က ချင်လဲ့၏ ကျောက်အိမ်လေး ရှိရာသို့ ညွှန်ပြလျက် ပြောသည်။ “ပြီးခဲ့တဲ့ သုံးရက်လုံး သူက မင်းရဲ့ အိမ်ထဲမှာပဲ အောင်းနေခဲ့တာ...”
ချင်လဲ့၏ ရင်ထဲတွင် ရုတ်တရက် တင်းကျပ်သွားပြီး အခြားသူများ စကားပြောရန်ပင် မစောင့်တော့ဘဲ သူ၏ အိမ်ဆီသို့ အပြေးအလွှား သွားလေတော့သည်။
“ဒီကောင်လေး ဘယ်လို ရွေးချယ်မလဲ မသိဘူးနော်”
“ဘယ်သူသိမှာလဲ။ သူ ထွက်သွားတာနဲ့ ကြယ်တံခွန်လို ကောင်းကင်ပေါ် ပျံတက်သွားမှာကို သူ သိမှာပါ။ သူသာ လက်လွှတ်လိုက်ရင် သူ့ကို ထာဝရ ဆုံးရှုံးသွားနိုင်တယ်လေ”
“တကယ်လို့ သူက လက်မလွှတ်ရင်ရော။ ဒီမိန်းကလေးက နောက်မှ စိတ်ပြောင်းသွားရင် နေ့တိုင်း သူ့ကို အပြစ်တင်နေမှာ မဟုတ်ဘူးလား”
“သူ့ရဲ့ ဆုံးဖြတ်ချက်ကို ငါ တကယ် သိချင်မိတယ်”
ခမ်းနားလှသော ရထားလုံးဘေးမှ အမျိုးသမီးအချို့သည် ချင်လဲ့၏ ကျောပြင်ကို ကြည့်ကာ ခပ်တိုးတိုး စကားပြောနေကြ၏။ သူတို့ကြားတွင် အသက် ၂၀ ခန့်သာ ရှိဦးမည့် မိန်းကလေးတစ်ဦး ရှိနေသည်။ သူမသည် အပြာရင့်ရောင် ပါးပါးကြည်ကြည် ဝတ်စုံကို ဝတ်ဆင်ထားပြီး ကျောက်စိမ်းဖြူ ရထားလုံးအား မှီထားသည့် သူမ၏ ကိုယ်လုံးကိုယ်ပေါက်မှာ မြင့်မားသွယ်လျလှ၏။ သူမ၏ အသားအရေမှာ နှင်းပွင့်ကဲ့သို့ ဖြူဖွေးနေပြီး လှပသော မျက်နှာမှာလည်း ကျောက်စိမ်းကဲ့သို့ ဝင်းလက်နေပေသည်။
သူမသည် အခြားသူများ၏ စကားဝိုင်းကို စိတ်မဝင်စားသကဲ့သို့ တစ်ခွန်းမျှ ဝင်မပြောဘဲ ခေါင်းငုံ့လျက် တိတ်ဆိတ်စွာ ကျင့်ကြံနေသယောင် ရှိသည်။ သို့သော် အသက် ၃၀ ကျော် အမျိုးသမီးများကမူ သူမ၏ သဘောထားကို အလေးထားပုံရပြီး တစ်ဦးက မေးလိုက်သည်။ “လုလီ... နင်ရော ဒီကိစ္စကို ဘယ်လိုမြင်လဲ။ တကယ်လို့ အဲဒီကောင်လေးက လက်လွှတ်ပေးလိုက်ရင် နင့်မှာ ညီမလေးအသစ် နှစ်ယောက် ရလာမှာပေါ့။ နင် ဘယ်လိုထင်လဲ”
ဤအမျိုးသမီးများမှာ အမှောင်သုသာန်တောင်ကြား၏ ကျင့်ကြံသူများသာ ဖြစ်ကြပြီး ကျိုလျိုယွီ၏ တိုက်ရိုက်တပည့်များ မဟုတ်ကြသဖြင့် လုလီနှင့် နှိုင်းယှဉ်လျှင် အဆင့်အတန်း အလွန်ကွာခြားလှ၏။
“မရေရာတာတွေကို ခန့်မှန်းပြီး အားအင်ကုန်မခံချင်ပါဘူး။ ငါ စိတ်ဝင်စားတာက နောက်ဆုံးရလဒ်ပဲ” လုလီက ပြန်ပြောလိုက်သည်။
ကျန်အမျိုးသမီးများမှာ အားနာစွာ ရယ်မောလိုက်ကြပြီး သူမက စကားလမ်းကြောင်း ပိတ်လိုက်သဖြင့် ဆက်လက် မဆွေးနွေးကြတော့ချေ။
အခြားတစ်ဖက်တွင်မူ။
“ဒေါက်... ဒေါက်... ဒေါက်” ချင်လဲ့က တံခါးကို ညင်သာစွာ ခေါက်လိုက်သည်။
“ကျွန်မ ဘယ်သူ့ကိုမှ မတွေ့ချင်ဘူးလို့ ပြောထားတယ်လေ” လင်ယွီရှီး၏ အသံမှာ အိမ်ထဲမှ တိုးညင်းစွာ ထွက်ပေါ်လာသည်။
“ငါပါ” ချင်လဲ့က လေးနက်သော အသံဖြင့် ပြောလိုက်၏။
အိမ်ထဲမှ စကားသံ ပြန်ထွက်မလာတော့ဘဲ အဝတ်အစားများ ပြင်ဆင်ဝတ်ဆင်နေသည့် အသံကိုသာ ကြားလိုက်ရသည်။ ခေတ္တအကြာတွင် တံခါးပွင့်လာပြီး ဝမ်းနည်းနေပုံရသော လင်ယွီရှီးက ဘေးသို့ ဖဲပေးလိုက်ကာ သူ့ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေတော့သည်။ သူ အထဲသို့ ဝင်လာသည်နှင့် သူမက တံခါးကို တင်းတင်းပိတ်လိုက်ရာ အပြင်မှ လိုက်လာကြသော လင်ချန်ယဲ့တို့မှာ လုံးဝ မြင်တွေ့နိုင်စွမ်း မရှိတော့ချေ။
အိမ်ထဲတွင် သူတို့နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး တိတ်ဆိတ်စွာ စိုက်ကြည့်နေမိကြသည်။ သူတို့နှစ်ဦးလုံးတွင် ပြောစရာ စကားလုံးပေါင်း ထောင်သောင်းချီ၍ ရှိနေသော်လည်း မည်သို့ စတင်ရမည်ကို မသိနိုင်ကြချေ။
“ငါ...” ချင်လဲ့က စတင်လိုက်သည်။
“တကယ်လို့ နင်က ငါ့ကို နားချဖို့ လာတာဆိုရင်တော့ ရပ်လိုက်ပါတော့။ ငါ နားမထောင်ချင်ဘူး” လင်ယွီရှီးက ဖြတ်ပြောလိုက်သည်။
ချင်လဲ့က သက်ပြင်း အသာချလိုက်သည်။ “ငါ ဒီကို လာတာဟာ လင်မိသားစုအတွက်လည်း မဟုတ်သလို နင့်အဖေ၊ ဦးလေး၊ အဘိုးတို့ တိုက်တွန်းလို့လည်း မဟုတ်ဘူး။ နင့်ညီမလေးကြောင့်လည်း မဟုတ်ပါဘူး။ ငါ လာတာဟာ နင့်အတွက်နဲ့ ငါ့အတွက်ပဲ...”
လင်ယွီရှီး၏ မျက်လုံးများတွင် သိလိုစိတ်တို့ ထင်ဟပ်သွားပြီး သူ၏ စကားကို စောင့်ဆိုင်းနေမိသည်။
“နင်က နောင်တစ်ချိန်မှာ ငါ့ကို ကူညီပေးချင်တယ်လို့ ပြောခဲ့တယ်နော်။ ငါ့အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်ချင်ဘူး၊ ငါ့ရဲ့ ခြေလှမ်းတွေအမှီ လိုက်ချင်တယ်လို့လည်း ပြောခဲ့တယ်...” ချင်လဲ့သည် သူမ၏ လက်များကို ပထမဆုံးအကြိမ်အဖြစ် ဆုပ်ကိုင်လိုက်သည်။ လင်ယွီရှီး၏ မျက်လုံးများတွင် ကယောင်ကတမ်း ဖြစ်သွားစဉ် သူက ဆက်ပြောလိုက်သည်။ “ငါ အခုပြောမယ်၊ တကယ်လို့ နင် လင်မြို့လေးမှာပဲ ဆက်နေနေမယ်ဆိုရင် ငါ့ရဲ့ ခြေလှမ်းတွေကို ဘယ်တော့မှ အမှီလိုက်နိုင်မှာ မဟုတ်ဘူး။ ထွက်သွားမှသာ၊ သုသာန်ခုနစ်ပါးတောင်ကြားကို သွားမှသာ နင် ငါ့ကို အမှီလိုက်နိုင်မှာ...”
“မဟုတ်ဘူး... ဒါမျိုး မဖြစ်သင့်ဘူး၊ ငါ နားမထောင်ချင်ဘူး” လင်ယွီရှီးမှာ ငိုလုမတတ် ဖြစ်နေလျက် ခေါင်းကို အကြိမ်ကြိမ် ခါယမ်းနေမိသည်။
“သွားပါ။ လင်မြို့လေးကနေ ထွက်သွားပါ၊ သုသာန်ခုနစ်ပါးတောင်ကြားကို ဝင်ပြီး ငါတို့နှစ်ယောက် ပြန်ဆုံနိုင်မယ့် အနာဂတ်အတွက် ကြိုးစားလိုက်ပါ” ချင်လဲ့က လေးနက်သော အသံဖြင့် ပြောဆိုရင်း သူ တစ်နှစ်ခွဲခန့် အချိန်ယူ၍ ပထမဆုံး အောင်မြင်ခဲ့သော ဝိညာဉ်တံဆိပ်ပြားကို လင်ယွီရှီး၏ လက်ဖဝါးထဲသို့ ထည့်ပေးလိုက်သည်။ “ဒါဟာ ငါ ပထမဆုံး အောင်မြင်ခဲ့တဲ့ တစ်ခုတည်းသော ဝိညာဉ်တံဆိပ်ပြားပဲ။ ဒါဟာ ပန်းပဲပညာလမ်းစဉ်မှာ ငါ့ရဲ့ ပထမဆုံးခြေလှမ်းပဲ။ ဒါဖြစ်လာဖို့အတွက် ငါ့ရဲ့ ချွေးနဲ့ အားထုတ်မှုတွေ အများကြီး ရင်းနှီးခဲ့ရတာ။ အဲဒါကို... ဒီနေ့ ငါ နင့်ကို လက်ဆောင်ပေးခဲ့မယ်”
လင်ယွီရှီး၏ လက်များ တုန်ယင်လာပြီး နှုတ်ခမ်းကို တင်းတင်းစေ့ထားသော်လည်း မျက်ရည်များကမူ တလိမ့်လိမ့် စီးကျလာတော့သည်။
“ငါတို့အတွက် အနာဂတ်ရှိစေချင်ရင် နင် လင်မြို့လေးကနေ ထွက်သွားရမယ်။ သုသာန်ခုနစ်ပါးတောင်ကြားကမှ နင့်ရဲ့ ပါရမီတွေကို တကယ် ဖော်ထုတ်ပေးနိုင်မှာ” ချင်လဲ့က အော်ပြောလိုက်၏။
လင်ယွီရှီး၏ ခန္ဓာကိုယ်မှာ အပြင်းအထန် တုန်ခါသွားသည်။
“ဒါကြောင့် သွားပါတော့။ အပြင်ကို ထွက်သွားပြီး နင့်အဖေကို ပြောလိုက်၊ အဲဒီ ကျိုလျိုယွီ ဆိုတဲ့ သူကိုလည်း နင် သဘောတူတယ်၊ သုသာန်ခုနစ်ပါးတောင်ကြားကို လိုက်မယ်လို့ ပြောလိုက်ပါတော့” သူသည် သူမ၏ လက်ကို ဆွဲကိုင်လျက် ကျောက်အိမ်ထဲမှ အတင်းဆွဲထုတ်လိုက်ပြီးနောက် တံခါးအား ချက်ချင်း ပိတ်လိုက်တော့သည်။ ထို့နောက် တံခါးအတွင်းမှနေ၍ သူက အော်ပြောလိုက်သည်။ “သုသာန်ခုနစ်ပါးတောင်ကြားမှာ အကောင်းဆုံး ကြိုးစားပြီး ငါ့ကို စောင့်နေပါ။ နောင်တစ်ချိန်မှာ နင့်ကို လာခေါ်မယ့် ငါ့ကို စောင့်နေပါ။ ငါ ချင်လဲ့... အခုပဲ ကတိသစ္စာပြုတယ်။ ငါ နင့်ဆီကို သေချာပေါက် လာခဲ့မယ်”
လင်ယွီရှီးသည် တံခါးဝတွင် ရပ်လျက် ချင်လဲ့၏ အက်ရှရှ ဟိန်းဟောက်သံကို နားစွင့်ရင်း မျက်ရည်များကို မထိန်းနိုင်တော့ချေ။ အတန်ကြာပြီးနောက် သူမသည် မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေသော သူမ၏ ဖခင်ကို ကျော်လွန်၍ ခမ်းနားလှသော ရထားလုံးရှိရာသို့ မျက်နှာသေလေးဖြင့် လျှောက်လှမ်းသွားတော့သည်။
အိမ်ထဲတွင်မူ ချင်လဲ့သည် တံခါးနောက်၌ ခွေခွေလေး လဲလျောင်းနေလျက် မျက်လုံးများ ရဲရဲနီကာ မအော်မိစေရန် အံကို တင်းတင်းကြိတ်ထားရှာသည်။
အခြားတစ်ဖက်တွင်မူ လုလီသည် လင်ယွီရှီး လာနေသည်ကို မြင်သောအခါ အံ့သြသွားပြီး တုကျောက်လန်၏ အခန်းဟောင်း ပြတင်းပေါက်ဆီသို့ သွားကာ ပြောလိုက်သည်။ “ဆရာ... သူ ဆုံးဖြတ်ချက် ချလိုက်ပါပြီ”
“ကောင်းပြီ။ အဲဒီကောင်လေးကို ရှာပြီး ဝိညာဉ်သန္ဓေဆေးလုံး တစ်လုံး ပေးလိုက်ပါ။ လင်ယွီရှီးကို ထာဝရ မေ့ပစ်လိုက်ဖို့လည်း ပြောလိုက်ပါဦး” အိမ်ထဲမှ အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာ၏။
“နားလည်ပါပြီ”
လုလီသည် ချင်လဲ့၏ ကျောက်အိမ်ဆီသို့ လျှောက်လာခဲ့သည်။ သူမနှင့် လင်ယွီရှီး လမ်းတွင် ဆုံသည့်အခါ လင်ယွီရှီး၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ယင်သွားသော်လည်း သူမကမူ လင်ယွီရှီးကို တစ်ချက်ကြည့်ကာ ရှေ့သို့ ဆက်လျှောက်သွားတော့သည်။
မကြာခင်မှာပင် သူမသည် ချင်လဲ့၏ တံခါးဝသို့ ရောက်ရှိလာပြီး ကျောက်တံခါးအောက်မှ ခြေရာကလေးထဲသို့ လှပသော ဆေးပုလင်းလေး တစ်လုံးကို ထိုးထည့်ပေးလိုက်ကာ အေးစက်စွာ ပြောလိုက်သည်။ “နင်သာ ဝိညာဉ်ပေါက်ဖွားခြင်း အဆင့်ကို ရောက်ခဲ့ရင် ဒီဝိညာဉ်သန္ဓေဆေးလုံးက နင့်ရဲ့ အောင်မြင်မှုနှုန်းကို တိုးစေသလို အဆင့်တက်တဲ့အခါ ခန္ဓာကိုယ် ပေါက်ကွဲပြီး သေဆုံးနိုင်တဲ့ အန္တရာယ်ကိုလည်း လျှော့ချပေးလိမ့်မယ်”
သူမက ခေတ္တရပ်လိုက်ပြီးမှ ဆက်ပြောသည်။ “နင့်ရဲ့ ဆုံးဖြတ်ချက်က ငါ့ကို နည်းနည်း အံ့သြစေတယ်၊ ဒါပေမယ့် ဒါကိုတော့ ငါ ပြောရလိမ့်မယ်။ ဒီနေ့ကစပြီး သူဟာ ငါ့ရဲ့ ညီမလေး ဖြစ်သွားပြီ၊ လင်မြို့လေးက သာမန်မိန်းကလေး မဟုတ်တော့ဘူး။ သူဟာ လုံးဝသစ်လွင်တဲ့ ကျင့်ကြံခြင်း ကမ္ဘာထဲကို ဝင်ရောက်သွားပြီဖြစ်လို့ နောင်ကျရင် ပိုပြီး ကျယ်ပြန့်တဲ့ ကောင်းကင်ကြီးကို မြင်တွေ့ရလိမ့်မယ်။ သူက နင်နဲ့ ကမ္ဘာတစ်ခုတည်းက မဟုတ်တော့ဘူး... ဒီဆေးလုံးက နင် သူ့ကို မေ့သွားစေပြီး နင့်ရဲ့ တောင့်တမှုတွေကိုလည်း ပျောက်ကွယ်သွားစေလိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်။ ဒါဟာ နင်တို့ နှစ်ယောက်လုံးအတွက် အကောင်းဆုံးပါပဲ”
ပြောပြီးသည်နှင့် သူမသည် ချင်လဲ့၏ အဖြေကိုပင် မစောင့်တော့ဘဲ ထွက်ခွာရန် ပြင်လိုက်သည်။
“နေဦး” ချင်လဲ့က တံခါးကို ရုတ်တရက် ဖွင့်လိုက်ပြီး ဝိညာဉ်သန္ဓေဆေးလုံးအား သူမ၏ လက်ဖဝါးထဲသို့ ပြန်လည် ပစ်ထည့်လိုက်သည်။ သူ၏ ခန့်ညားလှသော မျက်နှာမှာ ရေခဲကဲ့သို့ အေးစက်နေပြီး လုလီအား ကြည့်ကာ ပြောသည်။ “နင်နဲ့ နင့်ရဲ့ ဆရာဟာ ငါနဲ့ သူ့ကြားက ကိစ္စတွေကို ဆုံးဖြတ်ပေးဖို့ မထိုက်တန်ဘူး။ နင်တို့မှာ အဲဒီလို အခွင့်အရေး မရှိဘူး။ သုသာန်ခုနစ်ပါးတောင်ကြား ဟုတ်လား။ တစ်နေ့မှာ ငါ သူ့ကို လာရှာမယ်၊ အဲဒီအခါကျရင် နင် ကိုယ်တိုင် သက်သေဖြစ်စေရမယ်”
“တကယ့်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ လူပဲ။ ကောင်းပြီလေ... ငါ စောင့်နေပါ့မယ်” လုလီက နှုတ်ခမ်းကလေးကို တွန့်လိုက်ရင်း မာန်မာနတို့ဖြင့် ပြုံးလိုက်ကာ ဆေးလုံးကို ပြန်သိမ်းလိုက်သည်။ "ကျေးဇူးမသိတတ်တဲ့ လူ" သူမသည် တိုးတိုးလေး ရေရွတ်ရင်း ထွက်ခွာသွားလေတော့သည်။