အခန်း (၅၅-၅၆)
Vol. 6 Ch. 55-56
အခန်း (၅၅) ရေခဲကျောက်မြို့တော်
ညဉ့်မှောင်ရီတွင် အလင်းရောင်ကင်းမဲ့နေသော ကျောက်အိမ်လေးမှာ အမှောင်ထု၏ ဝါးမြိုခြင်းကို ခံထားရ၏။ ချင်လဲ့သည် အိမ်ထောင့်တစ်နေရာတွင် ဒူးနှစ်ဖက်ကို ပိုက်လျက် ခွေခွေလေး ထိုင်နေပြီး ရှေ့တည့်တည့်ကို ငေးကြောင်ကြည့်နေမိသည်။
သပ်ရပ်စွာ သုတ်သင်ထားသော စားပွဲနှင့် ကုလားထိုင်တို့ပေါ်တွင် ဖုန်တစ်စက်မျှ မရှိချေ။ ရေချိုးခန်းထဲမှ ရေကျသံ တိုးတိုးလေးအား ကြားနေရသလို၊ အိမ်ထဲတွင် ဟိုဟိုဒီဒီ သွားလာလှုပ်ရှားနေသော လှပတက်ကြွသည့် အရိပ်ကလေးကိုလည်း မြင်ယောင်နေမိသည်။
အတူတူ ကုန်ဆုံးခဲ့သည့် ထိုနေ့ရက်များမှာ သူ၏ စိတ်ထဲတွင် ရုပ်ရှင်ပြသကဲ့သို့ တစ်ဖက်ပြီးတစ်ဖက် ပြန်လည် ပေါ်လာပြီး ပို၍ပင် ထင်ရှားလာတော့သည်။ သို့သော်လည်း... သူမကတော့ ထွက်သွားခဲ့ပြီ ဖြစ်သည်။
ချင်လဲ့သည် သူ၏ ရင်ဘတ်ကို တင်းတင်းဆုပ်ကိုင်လိုက်မိသည်။ အချိန်မီ မပြောလိုက်ရသော စကားများစွာ ရှိနေသလို မည်သည့်နေရာမှ စတင်ရမည်ကိုလည်း မသိနိုင်တော့ဘဲ ရင်ထဲမှာ ဆို့နင့်နေရရှာသည်။
“ဒုန်း...”
ရုတ်တရက် တံခါးကြီး ပွင့်ထွက်သွားပြီး လူရိပ်အချို့မှာ အိမ်ထဲသို့ တစ်ယောက်ပြီးတစ်ယောက် အပြေးအလွှား ဝင်လာကြသည်။ သူတို့အားလုံး၏ လက်ထဲတွင် အရက်အိုးကိုယ်စီ ပါလာကြ၏။
၎င်းတို့မှာ လင်ဖုန်း၊ လင်ရှင်း၊ လင်ရှောင်နှင့် လင်ရင်းတို့ပင် ဖြစ်ကြသည်။
“သောက်ကြရအောင် ချင်လဲ့” လင်ရှင်းက အရက်အိုးနှစ်လုံးကို ချလိုက်ပြီး အပေါ်မှ အုပ်ထားသော ပိတ်စများကို ဆွဲဖွင့်ကာ အရက်တစ်ခွက် အပြည့်ငှဲ့၍ ချင်လဲ့ထံ ကမ်းပေးလိုက်ရင်း အော်ဟစ်လိုက်သည်။ “ကဲ... သောက်စမ်း”
“ခွက်ချင်းတိုက်မယ်” လင်ဖုန်းနှင့် လင်ရှောင်တို့ကလည်း ပြိုင်တူ အော်လိုက်ကြ၏။
လင်ရင်းပင်လျှင် ထိုလူအုပ်ထဲတွင် ပါဝင်လာပြီး ချင်လဲ့အား သောက်ရန် တိုက်တွန်းလေတော့သည်။ သူတို့အားလုံးတွင် လေးနက်သော အမူအရာများ ရှိနေကြသော်လည်း နှစ်သိမ့်စကား တစ်ခွန်းမျှ မဆိုကြချေ။ ထိုအစား သူတို့၏ လုပ်ရပ်များဖြင့်သာ ဖော်ပြနေကြခြင်း ဖြစ်သည်။
ချင်လဲ့သည် သူ၏ နှလုံးသားမှာ အနည်းငယ် နွေးထွေးသွားသည်ဟု ခံစားလိုက်ရပြီး အရက်ခွက်ကို လှမ်းယူကာ မော့ချလိုက်သည်။ ပူစပ်လှသော အရက်တို့မှာ သူ၏ ဗိုက်ထဲသို့ စီးဝင်သွားပြီး သူ၏ ရင်ဘတ်မှာ မီးဟုန်းဟုန်း တောက်သွားသကဲ့သို့ ခံစားလိုက်ရ၏။ ရင်ထဲမှ နာကျင်မှုများမှာ အမှန်တကယ်ပင် အနည်းငယ် သက်သာသွားသယောင် ရှိသဖြင့် သူသည် လင်ဖုန်း၊ လင်ရှောင်နှင့် လင်ရင်းတို့၏ လက်ထဲမှ အရက်ခွက်များကို ဆွဲလုယူကာ သူတို့အား အံ့သြသွားစေလောက်အောင်ပင် မိမိကိုယ်ကိုယ် သတိမေ့သွားသည်အထိ အရက်များအား ရေလို လောင်းချနေတော့သည်။
လင်ဖုန်းနှင့် အခြားသူများ၏ မျက်လုံးတို့မှာ ရဲတက်လာကြသည်။ သူတို့ စကားတစ်ခွန်းမျှ မပြောဘဲ ချင်လဲ့အတွက် အရက်များကိုသာ ဆက်တိုက် ငှဲ့ပေးနေကြ၏။
“သောက်ကြစမ်း။ မင်းတို့လည်း သောက်ကြ။ အားလုံး အတူတူ မူးပစ်လိုက်ကြရအောင်” ချင်လဲ့က ဟိန်းဟောက်လိုက်သည်။
“ကောင်းပြီလေ။ အကုန်လုံး သောက်ကြစမ်း၊ လုံးဝ မမူးမချင်း မရပ်ကြေးနော်” လင်ရှင်းက ဟောက်လိုက်ပြန်သည်။
ထိုသို့ဖြင့် သူတို့လူစုမှာ ကျောက်အိမ်လေးအတွင်း အော်ဟစ်သောင်းကျန်းရင်း အရက်များကို အဆက်မပြတ် သောက်သုံးနေကြတော့သည်။ သန်းခေါင်ယံအချိန် ရောက်သည့်တိုင်အောင် လင်မိသားစုဝင် အားလုံးမှာ ထိုအိမ်အတွင်းမှ အော်ဟစ်သံနှင့် ငိုယိုသံများကို ကြားနေရဆဲ ဖြစ်သော်လည်း သူတို့အားလုံး နားလည်ပေးကြ၏။ ထိုဟိန်းဟောက်သံများကို ကြားသောအခါ သူတို့မှာ ခေါင်းကိုသာ ခါယမ်းမိရင်း တွေးနေကြသည်။ “သူတို့ကို သူတို့ဘာသာ လွှတ်ထားပေးလိုက်ကြပါ”
၎င်းမှာ... အရက်မူးသည့် ညတစ်ညပင် ဖြစ်တော့သည်။
နောက်တစ်နေ့ ချင်လဲ့ ပြန်လည် နိုးလာသည့်အခါတွင်မူ နေမှာ ကောင်းကင်အလယ်သို့ ရောက်နေပြီဖြစ်ရာ မွန်းတည့်ချိန်ပင် ရှိနေချေပြီ။
ကျောက်အိမ်အတွင်းဝယ် လင်ဖုန်း၊ လင်ရှင်းနှင့် အခြားသူများမှာ စားပွဲပေါ်၊ စားပွဲအောက်၊ ကုတင်အောက်နှင့် နံရံထောင့်တို့တွင် ဖရိုဖရဲ လဲလျောင်းနေကြသည်။ လင်ရင်းပင်လျှင် သူမ၏ ဆံပင်များ ဖရုဖရဲဖြစ်လျက် သူ၏ ကျောက်ကုတင်ပေါ်တွင် သွားရည်တမြားမြားဖြင့် အိပ်မောကျနေရှာသည်။
ဤသူတို့မှာ ဝံပုလွေတောင်မှာတုန်းက သူနှင့်အတူ သေဘေးကို အတူတူ ရင်ဆိုင်ခဲ့ကြသည့် သူငယ်ချင်းများ ဖြစ်ကြသည်။ သူ၏ ဘဝတွင် အနိမ့်ဆုံးအဆင့်သို့ ရောက်နေသည့် အချိန်၌ သူတို့သည် သူ၏ ရင်ထဲက နာကျင်မှုများကို လျှော့ချပေးနိုင်ရန်အတွက် အိပ်ရေးပျက်ခံလျက် ညလုံးပေါက် အတူတူ သောင်းကျန်းပေးခဲ့ကြခြင်း ဖြစ်၏။
ချင်လဲ့သည် ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိသည်။ သူသည် သူတို့ကို နှိုးမနေတော့ဘဲ သူ၏ ကိုယ်ပေါ်ရှိ ကျန်ရှိနေသော ဝိညာဉ်ဆေးလုံးများကို ထုတ်ယူကာ လင်ဖုန်း၊ လင်ရှင်းနှင့် လင်ရှောင်တို့၏ အဝတ်အစားများထဲသို့ သေချာစွာ ထည့်ပေးလိုက်သည်။
သူသည် ထိုဆေးလုံးများကို တုကျဲတို့နှင့်အတူ အာတိတ်တောင်တန်းသို့ ပထမဆုံးအကြိမ် သွားစဉ်က ရေခဲပြင်နန်းတော်မှ ကျင့်ကြံသူတို့၏ အလောင်းများထံမှ ရရှိခဲ့ခြင်း ဖြစ်သည်။ ထိုအထဲမှ တစ်စိတ်တစ်ပိုင်းကို လင်ယွီရှီးအား တောင်းရမ်းခြင်း လက်ဆောင်အဖြစ် ပေးခဲ့ပြီး ကျန်ရှိနေသည်တို့ကို ယခု ပေးခဲ့ခြင်း ဖြစ်၏။
ချင်လဲ့သည် သူတို့ကို အနက်ရှိုင်းဆုံး အကြည့်ဖြင့် ကြည့်လိုက်သည်။ “ဂရုစိုက်ကြပါ” သူ စိတ်ထဲမှ ဆိုရင်း ကျောက်အိမ်ထဲမှ ထွက်လာကာ မြို့ထဲသို့ လျှောက်လှမ်းလာခဲ့သည်။
မကြာခင်မှာပင် လင်မိသားစုဝင်တစ်ဦးထံမှ လင်ချန်ယဲ့သည် လင်ယွီရှီးနှင့် စေ့စပ်ထားသည့် ကိစ္စကို ဖျက်သိမ်းကြောင်း မနေ့ညက ကြေညာခဲ့ပြီဖြစ်ကြောင်းနှင့် နေမထွက်ခင်မှာပင် လင်ယွီရှီးနှင့် လင်ရွှမ်းရွှမ်းတို့မှာ သုသာန်ခုနစ်ပါး တောင်ကြားမှ ရထားလုံးဖြင့် ထွက်ခွာသွားပြီဖြစ်ကြောင်း ကြားသိလိုက်ရသည်။
“သုသာန်ခုနစ်ပါးတောင်ကြား... တစ်နေ့မှာ ငါ အဲဒီကို သေချာပေါက် ရောက်လာခဲ့မယ်”
ချင်လဲ့က တိုးညင်းစွာ ရေရွတ်လိုက်ပြီး ပူပြင်းလှသော နေရောင်အောက်တွင် ဆေးတောင်ခြေရှိရာသို့ တိုက်ရိုက် ဦးတည်လိုက်လေသည်။
ဆေးဖက်ဝင်တောင်ရှိ ဂူအတွင်းဝယ်။
သူသည် ပြန့်ကျဲနေသော ပစ္စည်းများကို သိမ်းဆည်းလိုက်သည်။ သစ်သားရုပ်ထု၊ မြူတိမ်တံဆိပ်၊ မီးလျှံသလင်းကျောက်များနှင့် အခြားသော ပစ္စည်းများကို အိတ်ထဲသို့ သေချာစွာ ထည့်လိုက်၏။
အိတ်ကို ကိုင်ထားရင်း ကျောက်တိုင်နောက်ကွယ်မှ ထွက်နေသော ကျောက်သားတစ်ခုကို ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်ကာ အတန်ကြာမှပင် ပြောလိုက်သည်။ “ထွက်ခွာဖို့ အချိန်တန်ပြီ...”
သူသည် ထိုထွက်နေသော ကျောက်တုံးကို ဖိချလိုက်ပြီးနောက် နောက်ကို တစ်ချက်ကလေးမျှ လှည့်မကြည့်တော့ဘဲ ဂူထဲမှ ထွက်ခွာခဲ့တော့သည်။ မကြာခင်မှာပင် သူသည် ဆေးတောင်ခြေသို့ ရောက်ရှိလာ၏။
လွန်ခဲ့သော အချိန်များစွာက သူ၏ အဘိုးက ထိုထွက်နေသော ကျောက်တုံးသည် ဆေးတောင်အတွင်းရှိ ဆန်းကြယ်လှသော ဝင်္ကပါများကို ထိန်းချုပ်သည့် ခလုတ်ဖြစ်ကြောင်း ပြောခဲ့ဖူးသည်။ ၎င်းသည် အတွင်းဘက်ရှိ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိ၏။
သူ၏ ကောင်းကင်မိုးကြိုး နှိမ်နင်းခြင်း ပညာရပ်မှာ အခြေခံ ခိုင်မာနေပြီဖြစ်သဖြင့် ဂူအတွင်းပိုင်း ပတ်ဝန်းကျင်ကို မသုံးဘဲလည်း ဆက်လက် ကျင့်ကြံနိုင်ပြီ ဖြစ်သည်။
အမှန်စင်စစ် သူသည် လွန်ခဲ့သော တစ်နှစ်ခွဲကတည်းက ဆေးတောင်မှ ထွက်ခွာ၍ မြူတိမ်ဆောင်သို့ သွားရောက် ကျင့်ကြံနိုင်သော်လည်း သူသည် လင်မြို့လေးတွင်သာ ဆက်နေရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ယခုမူ သူ့ကို ဤနေရာတွင် ဆွဲထားသည့် တစ်ဦးတည်းသောသူ ထွက်သွားပြီဖြစ်ရာ သူ ဤနေရာတွင် ဆက်နေရန် အကြောင်းမရှိတော့ချေ။
“ဘုန်း... ဘုန်း... ဘုန်း”
ရုတ်တရက် ဆေးတောင်အတွင်းမှ ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး တောင်တစ်တောင်လုံးမှာလည်း ပြင်းထန်စွာ တုန်ခါသွားတော့သည်။
ချင်လဲ့သည် တောင်ခြေရင်းမှနေ၍ ထိုပေါက်ကွဲသံများကို တိတ်ဆိတ်စွာ နားစွင့်နေမိသည်။ လင်မြို့လေးဘက်ကို နောက်ဆုံးအကြိမ် လှမ်းကြည့်ပြီးနောက်တွင်မူ ရေခဲကျောက်မြို့တော်ဆီသို့ သူ၏ ခြေလှမ်းများကို လှမ်းလိုက်တော့သည်။
တစ်နာရီခန့်အကြာတွင်။
လင်ညီအစ်ကိုများ၊ အကြီးအကဲ လင်ခန်းအန်းနှင့် အခြားသူများမှာ တောင်ခြေရင်းသို့ အပြေးအလွှား ရောက်လာကြသည်။ လူအချို့က ဂူအတွင်းသို့ ဝင်ရန် ကြိုးစားကြသော်လည်း လမ်းကြောင်းတိုင်းမှာ ကျောက်တုံးကြီးများဖြင့် လုံးဝ ပိတ်ဆို့သွားပြီဖြစ်ကြောင်း တွေ့ရှိလိုက်ရ၏။ ဆေးတောင်ကြီးမှာပင် အောက်သို့ နိမ့်ဆင်းသွားသကဲ့သို့ ထင်ရလေသည်။
“ဒီနေ့အထိ ဒီဆေးတောင်ထဲမှာ ဘာတွေရှိနေသလဲဆိုတာ ငါ မသိသေးဘူး၊ အခုတော့ နောင်တစ်ချိန်မှာလည်း သိခွင့်ရတော့မှာ မဟုတ်ဘူးထင်တယ်” လင်ချန်ယဲ့က သက်ပြင်းချလိုက်သည်။
“သူ မြူတိမ်ဆောင်ဆီကို သွားနေပြီ ထင်တယ်” လင်ချန်ကျိက ပြောလိုက်၏။
လင်ချန်ယဲ့က မျက်မှောင်ကြုတ်လျက် ပြောသည်။ “ငါတို့က ချင်လဲ့အပေါ်မှာ မှားခဲ့ကြတာပါ၊ ငါက ကတိကို မတည်ဘဲ သူတို့ရဲ့ စေ့စပ်ပွဲကို တစ်နှစ်စောပြီး ဖျက်ပစ်လိုက်မိတာ။ ဟင်း... ငါ ဘာလို့ အမှားလုပ်မိတယ်လို့ ခံစားနေရပါလိမ့်...”
အကြီးအကဲ လင်ခန်းအန်းက အဝေးသို့ လှမ်းကြည့်ကာ ပြောသည်။ “ချန်ယဲ့... မင်း ဘာမှ မမှားပါဘူး၊ ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့။ ရွှမ်းရွှမ်းနဲ့ ယွီရှီးတို့ သုသာန်ခုနစ်ပါး တောင်ကြားမှာ ရှိနေသရွေ့ လင်မိသားစုဟာ တစ်နေ့မှာ သေချာပေါက် အင်အားကြီးလာမှာပါ။ ဒါ့အပြင် သူတို့ဟာ အဘွားအိုကျိုရဲ့ တိုက်ရိုက်တပည့်တွေ ဖြစ်နေတာကြောင့် နောင်ကျရင် ပိုပြီး ကျယ်ပြန့်တဲ့ ကမ္ဘာကြီးကို မြင်တွေ့ရမှာပါ။ ယွီရှီးအတွက်လည်း... သေချာပေါက် ပိုကောင်းတဲ့ ယောက်ျားတစ်ယောက် တွေ့လာမှာပေါ့။ ငါတို့ သူတို့အတွက် ဝမ်းသာပေးရမယ်လေ”
“အဲဒီလိုပဲ ဖြစ်ပါစေလို့ မျှော်လင့်ပါတယ်” လင်ချန်ယဲ့ သက်ပြင်းချလိုက်ပြန်သည်။
ညနေခင်းတွင်...
လင်ဖုန်း၊ လင်ရှင်း၊ လင်ရှောင်နှင့် လင်ရင်တို့မှာ အိပ်ရာမှ နိုးလာသည့်အခါ ဆေးတောင်ရှိ ဂူမှာ ပျက်စီးသွားပြီဖြစ်ကြောင်းနှင့် ချင်လဲ့ကိုယ်တိုင်လည်း ပျောက်ကွယ်သွားပြီဖြစ်ကြောင်း သတင်းရရှိလိုက်ကြသည်။ သူတို့၏ အဝတ်အစားများထဲမှ ဝိညာဉ်ဆေးလုံးများကို တွေ့ရှိလိုက်သည့်အခါ သူတို့၏ စိတ်ထဲမှာ ရှုပ်ထွေးသွားတော့သည်။
ချင်လဲ့ ထွက်သွားပြီဖြစ်ကြောင်း သူတို့ နားလည်လိုက်ကြ၏။ သူသည် လင်မြို့လေးမှ ထွက်ခွာ၍ ရေခဲကျောက်မြို့တော်သို့ သွားခဲ့လေပြီ။
“သခင်မလေးတို့လည်း မရှိတော့ဘူး၊ ချင်လဲ့လည်း ထွက်သွားပြီ။ ငါတို့ပဲ လင်မြို့လေးမှာ ကျန်ခဲ့တာပေါ့” လင်ရှောင်က ညဉ့်ကောင်းကင်ကြီးကို ကြည့်ကာ စိတ်ပျက်လက်ပျက်ဖြင့် ပြောသည်။ “ဟူး... အရာအားလုံးက မြန်လွန်းတယ်။ လွန်ခဲ့တဲ့ နှစ်ရက်ကပဲ အားလုံး အဆင်ပြေနေသေးတာ၊ သုသာန်ခုနစ်ပါးတောင်ကြားက လူတွေ ရောက်လာတာနဲ့တင် ငါတို့ဘဝတွေ လုံးဝ ပြောင်းလဲသွားခဲ့ရတယ်”
“ရေက အောက်ကို စီးဆင်းမြဲဖြစ်ပြီး လူကတော့ အထက်ကို တက်လှမ်းမြဲပါပဲ။ ဒါဟာ ဘယ်တော့မှ မပြောင်းလဲတဲ့ အမှန်တရားပဲ။ ငါတို့ သူတို့ကို အမှီလိုက်ချင်ရင် ပိုပြီး ကြိုးစားရမယ်၊ ပိုပြီး ကျင့်ကြံရမယ်။ မဟုတ်ရင်တော့ ငါတို့တွေ ပိုပိုပြီး နောက်ကျန်နေခဲ့မှာပဲ” လင်ဖုန်းက လေးနက်စွာ ပြောလိုက်၏။
“အင်း” သူတို့အားလုံး၏ အမူအရာများမှာ ပြတ်သားသွားကြပြီး ပြိုင်တူပင် အဖြေပေးလိုက်ကြတော့သည်။
……
ခြောက်ရက်အကြာတွင် ပိန်ပိန်ပါးပါး လူရိပ်တစ်ခုမှာ ရေခဲကျောက်မြို့တော်၏ အဝင်ဝတွင် ရပ်နေလေသည်။
လက်ထဲတွင် အိတ်တစ်လုံးကို ကိုင်ထားပြီး ဖုန်တသောသော ဖြစ်နေသော မျက်နှာဖြင့် သူသည် မြင့်မားကျယ်ပြန့်လှသော ကျောက်တံတိုင်းကြီးများကို မော့ကြည့်လိုက်သည်။ ထို့နောက် တံခါးဝရှိ စောင့်ကြပ်နေသော စစ်သည်များကို ကြည့်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။ “ရေခဲကျောက်မြို့တော်... ငါ နောက်ဆုံးတော့ ဒီကို ရောက်ခဲ့ပြီပေါ့”
ရေခဲကျောက်မြို့တော်ကို မြောက်ပိုင်းနှင့် တောင်ပိုင်းဟူ၍ နှစ်ပိုင်း ခွဲခြားထားသည်။ ရေခဲပြင်နန်းတော်မှာ မြောက်ပိုင်းတွင် ရှိပြီး ထိုနေရာရှိ အရာအားလုံးကို သူတို့က ထိန်းချုပ်ထားသည်။ ထိုဘက်သို့ ဝင်ရောက်နေထိုင်သူ အများစုမှာလည်း ရေခဲပြင်နန်းတော်မှ လူများသာ ဖြစ်ကြ၏။
ထိုနည်းတူပင် တောင်ပိုင်းမှာမူ မြူတိမ်ဆောင်၏ ဌာနချုပ် တည်ရှိရာနေရာ ဖြစ်ပြီး ထိုနေရာရှိ အရာအားလုံးကို သူတို့က တာဝန်ယူရသည်။ တောင်ပိုင်းတွင် နေထိုင်သူ အများစုမှာ မြူတိမ်ဆောင်မှ ကျင့်ကြံသူတို့၏ မိသားစုဝင်များ သို့မဟုတ် မြူတိမ်ဆောင်ကို အားကိုးလိုသော သာမန်လူများ ဖြစ်ကြသည်။
ဤအင်အားစု နှစ်ခုမှာ မြို့တစ်မြို့တည်းတွင် ရှိနေသော်လည်း တစ်ဦးနှင့်တစ်ဦး အပြင်းအထန် ရန်လိုကြပေသည်။ သူတို့သည် အပြင်ဘက်တွင်ရော အမှောင်ထဲတွင်ပါ နှစ်ပေါင်းများစွာ တိုက်ခိုက်လာခဲ့ကြသော်လည်း အဖြေမပေါ်ခဲ့သဖြင့် တစ်နေ့ထက်တစ်နေ့ ရန်ငြိုးများမှာ ပိုမို နက်ရှိုင်းလာခဲ့သည်။
တောင်ပိုင်းမြို့ပြင်မှ တောင်ဘက်သို့ ဆက်သွားလျှင် အာတိတ်တောင်တန်းရှိရာသို့ ရောက်ရှိမည် ဖြစ်သည်။ ထိုပတ်ဝန်းကျင်တွင် လင်မိသားစု၊ ကောင်းမိသားစု၊ တုမိသားစု စသည့် အင်အားစုငယ်လေးများစွာ ပြန့်ကျဲနေပြီး ၎င်းတို့အားလုံးမှာ မြူတိမ်ဆောင်၏ လက်အောက်ခံများ ဖြစ်ကြ၏။ မြောက်ပိုင်းမြို့ပြင်ရှိ နေရာများမှာမူ ရေခဲပြင်နန်းတော်၏ နယ်မြေဖြစ်ပြီး ထိုနေရာတွင်လည်း အင်အားစုငယ်လေးများ ရှိနေကြသည်။ ဖုန်းမိသားစုမှာ မြူတိမ်ဆောင်ကို သစ္စာဖောက်ပြီးနောက် ထိုမြောက်ပိုင်းနယ်မြေထဲသို့ ပြောင်းရွှေ့သွားခဲ့ခြင်း ဖြစ်သည်။
ရေခဲကျောက်မြို့တော်မှာ ရေခဲပြင်နန်းတော်နှင့် မြူတိမ်ဆောင်တို့၏ လက်အောက်ခံ အင်အားစုများ၏ အလယ်ဗဟိုတွင် တည်ရှိနေခြင်း ဖြစ်သည်။
ဤအင်အားစု နှစ်ခုလုံးတွင် သူတို့၏ မိသားစုဝင်များ၊ ဆွေမျိုးများ၊ ဇနီးမယားနှင့် သားသမီးများ ရှိကြပေသည်။ ထိုသူတို့မှာ သာမန်လူများ သို့မဟုတ် ကျင့်ကြံခြင်းအဆင့် နိမ့်ကျသူများ ဖြစ်ကြသဖြင့် အင်အားစုကြီးများထဲသို့ ဝင်ရောက် ကျင့်ကြံရန် အရည်အချင်း မပြည့်မီကြချေ။ ထိုသို့သော သူများသည် ရေခဲကျောက်မြို့တော်၏ မြောက်ပိုင်း သို့မဟုတ် တောင်ပိုင်းတွင် နေထိုင်ကြခြင်း ဖြစ်သည်။ ကျင့်ကြံသူများ အားလပ်သည့် အချိန်တိုင်းတွင် သူတို့၏ မိသားစုဝင်များနှင့် လာရောက် နေထိုင်တတ်ကြပေသည်။
မြောက်ပိုင်းနှင့် တောင်ပိုင်းကြားတွင်မူ ကုန်သွယ်ရေးလမ်းမကြီး တစ်လမ်း ရှိပြီး ၎င်းမှာ မြို့နှစ်ဖက်ကို ခွဲခြားထားသည့် နယ်နိမိတ်သဖွယ် ဖြစ်နေ၏။ ရေခဲပြင်နန်းတော်နှင့် မြူတိမ်ဆောင်တို့မှာ ရန်သူများ ဖြစ်ကြသဖြင့် တစ်ဖက်နှင့်တစ်ဖက် မြို့ထဲသို့ လွယ်လွယ်ကူကူ ဝင်ရောက်လေ့ မရှိကြချေ။ သို့သော် ကုန်သွယ်ရေးလမ်းမကြီးမှာမူ အမြဲတမ်း စည်ကားနေတတ်ပြီး အင်အားစု နှစ်ခုလုံးမှ ကျင့်ကြံသူများကို ထိုနေရာတွင် မြင်တွေ့နိုင်ပေသည်။
ထိုလမ်းမပေါ်တွင် ဝိညာဉ်ပစ္စည်းဆိုင်များ၊ ဝိညာဉ်ဆေးဆိုင်များနှင့် အခြားသော ဆိုင်ပေါင်းများစွာ ရှိနေပြီး အချို့သော ဆိုင်များမှာ အင်အားကြီးသော အင်အားစုများ၏ လက်ခွဲဆိုင်များ ဖြစ်ကြသဖြင့် ရေခဲပြင်နန်းတော် သို့မဟုတ် မြူတိမ်ဆောင်တို့ပင်လျှင် သူတို့ကို မနှောင့်ယှက်ရဲကြချေ။ ထို့ကြောင့် ဤကုန်သွယ်ရေးလမ်းမပေါ်တွင် မတိုက်ခိုက်ကြရန် သူတို့နှစ်ဦးကြားတွင် တိတ်တဆိတ် သဘောတူညီချက် တစ်ခု ရှိနေလေသည်။
ချင်လဲ့သည် တောင်ဘက်တံခါးမှတစ်ဆင့် တောင်ပိုင်းမြို့ထဲသို့ ဝင်ရောက်ခဲ့သည်။ သူသည် သူ၏ လက်ထဲရှိ မြူတိမ်တံဆိပ်ကို အသုံးပြု၍ မြူတိမ်ဆောင် ဌာနချုပ်သို့ ချက်ချင်း မသွားဘဲ ကုန်သွယ်ရေးလမ်းမရှိရာသို့ ဦးတည်ခဲ့၏။
သူ မြူတိမ်ဆောင်သို့ ဝင်လိုက်သည်နှင့် သူသည် အမာခံအဖွဲ့ဝင် ဖြစ်လာမည်။ သူသည် ကျင့်ကြံရန်အတွက် အရင်းအမြစ်များကို သုံးနိုင်မည်ဖြစ်သလို အကျိုးပြုမှတ်များကို အသုံးပြု၍ အထူးကျင့်ကြံခန်းများသို့ ဝင်ရောက်ခြင်း၊ ကျင့်စဉ်စာအုပ်များကို လေ့လာခြင်းနှင့် အဆင့်မြင့် ကျင့်ကြံသူတို့၏ ဟောပြောချက်များကို နားထောင်ခြင်းတို့ကို ပြုလုပ်နိုင်မည် ဖြစ်သည်။
ဤသည်မှာ လင်ဖုန်းတို့ အိပ်မက်မက်ခဲ့သည့်အရာ ဖြစ်သလို သူ ကိုယ်တိုင်လည်း မျှော်လင့်ထားသည့် အရာ ဖြစ်သည်။ သို့သော် မြူတိမ်ဆောင်သို့ ဝင်လိုက်ပါက သူသည် တာဝန်များကို ထမ်းဆောင်ရမည်ဖြစ်ရာ သူ၏ လွတ်လပ်မှုမှာလည်း ဆုံးရှုံးသွားနိုင်ပေသည်။
ယခုအချိန်တွင် သူသည် လင်ယွီရှီး ထွက်သွားသည့် ဝေဒနာမှ မသက်သာသေးသလို သူ၏ နှလုံးသားမှာလည်း ရှုပ်ထွေးနေဆဲပင်။ ထို့အပြင် သူသည် ဝိညာဉ်စုစည်းခြင်း အစီရင်ကို ရေးထိုးရန် ပိုမို ရင်းနှီးကျွမ်းကျင်အောင် အချိန်ပေးလိုသေးသဖြင့် မြူတိမ်ဆောင်၏ အရင်းအမြစ်များအား ချက်ချင်း သုံးစွဲနိုင်ဦးမည် မဟုတ်ချေ။
ထို့ကြောင့် သူသည် အရှိန်အနည်းငယ် သတ်ရန် ဆုံးဖြတ်လိုက်ပြီး သူ၏ စိတ်တည်ငြိမ်သွားကာ သူ၏ ဦးနှောက်ထဲရှိ ဝိညာဉ်အစီရင်များကို အမှန်တကယ် ကျွမ်းကျင်သွားသည့် အခါမှသာ မြူတိမ်ဆောင်သို့ ဝင်ရောက်ရန် ဆုံးဖြတ်လိုက်တော့သည်။
ထို့ကြောင့် သူသည် ကုန်သွယ်ရေးလမ်းမနှင့် အလွန်နီးသော တည်းခိုခန်းတစ်ခန်းတွင် ဝင်ရောက် တည်းခိုလိုက်သည်။ သူသည် မိမိကိုယ်ကိုယ် အခန်းထဲတွင် ပိတ်ထားပြီး ဝိညာဉ်စုစည်းခြင်း အစီရင်များကို ဆက်လက် လေ့ကျင့်နေခဲ့၏။
သူ့တွင် ဝိညာဉ်တံဆိပ်ပြား နှစ်ဆယ့်လေးခု ကျန်ရှိနေပြီး ပထမဆုံး အောင်မြင်မှု ရပြီးနောက်တွင်မူ သူသည် တဖြည်းဖြည်း ယုံကြည်မှု ရှိလာခဲ့ချေပြီ။ သူသည် တံဆိပ်ပြားတစ်ပြားကို ထုတ်ယူကာ စိတ်ကို တည်ငြိမ်စေပြီး သူ၏ လက်ဖဝါးပေါ်ရှိ တံဆိပ်ပြားပေါ်သို့ အာရုံစူးစိုက်လျက် ရေးထိုးခြင်းအား စတင်လိုက်တော့သည်။
သူ မကြာခင် သတိပြုမိလိုက်သည်မှာ ဝိညာဉ်အစီရင်များကို ရေးထိုးခြင်းက သူ့အား လင်ယွီရှီး ထွက်သွားသည့် နာကျင်မှုများမှ ခေတ္တ ခွဲထုတ်ပေးနိုင်သည်ကိုပင်။ ဤအလုပ်အတွက် လိုအပ်သည့် ပြင်းထန်သော အာရုံစူးစိုက်မှုက သူ့အား အရာအားလုံးကို ခေတ္တမျှ မေ့လျော့သွားစေနိုင်သည် မဟုတ်လော။
ထို့ကြောင့် သူသည် ဤအလုပ်ထဲသို့သာ အလုံးစုံ စိတ်နှစ်မြှုပ်ထားလိုက်တော့သည်။ သူသည် ဤခြောက်ကပ်ပြီး ပင်ပန်းလှသော လေ့ကျင့်ခန်းကိုပင် စတင်၍ မြတ်နိုးလာမိတော့သည်။
အခန်း (၅၆) လက်နက်ဆောင်
အချိန်ကာလသည် မြစ်ရေယဉ်ကဲ့သို့ စီးဆင်းသွားရာ နောက်ထပ် နှစ်လတာမျှ ကြာမြင့်ခဲ့လေပြီ။
ထိုနှစ်လတာအတွင်း ချင်လဲ့သည် တည်းခိုခန်းအတွင်း၌ပင် အောင်းနေလျက် ဝိညာဉ်စုစည်းခြင်း အစီရင်များ ရေးထိုးရန်အတွက်သာ သူ၏ အင်အားရှိသမျှကို အသုံးချနေခဲ့ရာ အချိန်ကုန်မှန်းပင် သတိမပြုမိခဲ့ချေ။
နှစ်လကြာ လေ့ကျင့်ပြီးနောက်တွင်မူ သူပိုင်ဆိုင်သော ဝိညာဉ်တံဆိပ်ပြား ၂၄ ပြားအနက် ၁၅ ပြားမှာ သုံးမရသော အပိုင်းအစများ ဖြစ်သွားခဲ့ရပြီး ၉ ပြားသာလျှင် ဝိညာဉ်စုစည်းခြင်းအစီရင် အောင်မြင်စွာ ရေးထိုးနိုင်ခဲ့၏။
“ငါ တံဆိပ်ပြား ၁၅ ပြားတောင် ဖြုန်းတီးလိုက်မိတာပဲ။ ဒီပညာရပ်ကို တကယ်တမ်း ကျွမ်းကျင်ဖို့ဆိုတာ အဝေးကြီး လိုသေးပုံရတယ်” အခန်းအတွင်း၌ ချင်လဲ့သည် မျက်မှောင်ကြုတ်လျက် ပြတင်းပေါက်ကို ဖွင့်ကာ မိမိဘာသာ ရေရွတ်လိုက်မိသည်။ “ငါ့မှာ သုံးလို့ရတဲ့ တံဆိပ်ပြားတွေ မကျန်တော့ဘူး။ ဆက်ပြီး လေ့ကျင့်ချင်ရင် တံဆိပ်ပြားအသစ်တွေ ထပ်ဝယ်ရမယ်။ ဒါပေမဲ့ မြူတိမ်ဆောင်ကို ဝင်လိုက်ရင်တော့ အခုလို အေးအေးဆေးဆေး ရှိချင်မှ ရှိတော့မှာ...”
ပြတင်းပေါက်အပြင်ဘက်၌မူ အဆင့်အတန်း အမျိုးမျိုးရှိသော ကျင့်ကြံသူတို့သည် မြောက်ပိုင်းနှင့် တောင်ပိုင်းမြို့အကြားရှိ ကုန်သွယ်ရေးလမ်းမကြီးဆီသို့ အစီအရီ ဦးတည်သွားနေကြသည်ကို မြင်တွေ့ရ၏။
သူနေထိုင်သော အခန်းမှ လှမ်းကြည့်လျှင် မြစ်တစ်ဖက်ကမ်းရှိ ကုန်သွယ်ရေးလမ်းမပေါ်က ဆိုင်ခန်းများနှင့် လမ်းမပေါ်၌ သွားလာလှုပ်ရှားနေကြသော ရေခဲပြင်နန်းတော်နှင့် မြူတိမ်ဆောင်မှ ကျင့်ကြံသူတို့ကို မြင်တွေ့နိုင်လေသည်။
အသေအချာ အကဲခတ်လျှင် ရေခဲပြင်နန်းတော်နှင့် မြူတိမ်ဆောင်မှ ကျင့်ကြံသူတို့သည် တစ်ဦးနှင့်တစ်ဦး စကားနာထိုးခြင်း၊ စူးစိုက်ကြည့်ခြင်းတို့ဖြင့် ရန်စောင်နေကြသည်ကို မြင်တွေ့နိုင်ပေသည်။ သို့သော်လည်း သူတို့အားလုံးသည် စည်းကမ်းကို လိုက်နာကြသူများ ဖြစ်ရာ ကုန်သွယ်ရေးလမ်းမပေါ်၌ အော်ဟစ်ရန်စရုံမျှထက်ပို၍ လက်ပါအောင် တိုက်ခိုက်ခြင်းမျိုးကိုမူ မပြုရဲကြချေ။
ချင်လဲ့သည် ပြတင်းပေါက်မှတစ်ဆင့် ခေတ္တမျှ ငေးကြည့်နေရင်း သူ၏ မေးစေ့ကို ပွတ်ကာ အလေးအနက် စဉ်းစားနေမိ၏။ ဝိညာဉ်အစီရင် ရေးထိုးခြင်းကို ဆက်လက်လေ့ကျင့်ရန်အတွက် ဝိညာဉ်တံဆိပ်ပြားများ ထပ်မံရရှိအောင် မည်သို့ ဆောင်ရွက်ရမည်နည်းဟူ၍ ဖြစ်သည်။
သူသည် လင်မြို့လေးမှ မထွက်ခွာမီကပင် သူပိုင်ဆိုင်သမျှ ဝိညာဉ်ဆေးလုံးများနှင့် ဝိညာဉ်ကျောက်တုံးအားလုံးကို လင်ဖုန်းတို့လူစုထံ၌ ထားရစ်ခဲ့ခြင်း ဖြစ်၏။ သူနှင့်အတူ ပါလာသည်မှာ သစ်သားရုပ်ထု၊ မီးသလင်းကျောက်အချို့နှင့် မြူတိမ်တံဆိပ်တို့သာ ဖြစ်သည်။ ဤအရာများအနက် သစ်သားရုပ်ထုနှင့် မြူတိမ်တံဆိပ်မှာ အလွန်တန်ဖိုးကြီးလှသော်လည်း မီးသလင်းကျောက်မှာမူ သာမန်ကုန်ကြမ်းမျှသာ ဖြစ်သဖြင့် တန်ဖိုးမရှိလှချေ။ ထို့ပြင် နောင်တစ်ချိန်၌ လက်နက်များ သွန်းလုပ်လျှင် မီးဖိုအတွက် လိုအပ်မည်ဖြစ်ရာ ၎င်းတို့ကိုလည်း တံဆိပ်ပြားများနှင့် လဲလှယ်ရန် မသင့်လျော်ပြန်ချေ။
သူသည် သစ်သားစားပွဲပေါ်သို့ လက်ချောင်းများဖြင့် တဒေါက်ဒေါက် ခေါက်ရင်း အောင်မြင်စွာ ရေးထိုးထားသည့် ဝိညာဉ်တံဆိပ်ပြား ၉ ပြားကို ကြည့်လိုက်မိသည်။ ခဏအကြာတွင် သူ၏ ဦးနှောက်ထဲ၌ စိတ်ကူးတစ်ခု ရလာ၏။ "ဝိညာဉ်စုစည်းခြင်းအစီရင် ရေးထိုးထားတဲ့ ဒီတံဆိပ်ပြားတွေကို ရောင်းပြီး အလွတ်တွေကို ပြန်ဝယ်ရင်ရော မရနိုင်ဘူးလား"
ထိုအတွေးကြောင့် သူ၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။ ကုန်သွယ်ရေးလမ်းမပေါ်၌ ဤတံဆိပ်ပြားများကို ဝယ်ယူမည့်ဆိုင် ရှိ မရှိ ကံစမ်းကြည့်ခြင်းက အကောင်းဆုံးပင် ဖြစ်ပေလိမ့်မည်။
သူသည် အောက်ထပ်သို့ ဆင်းလာခဲ့သည်။ မြစ်ပေါ်ရှိ ကျောက်တံတားကို ဖြတ်ကျော်ပြီးနောက်တွင်မူ မြို့နှစ်မြို့ကြားရှိ ကုန်သွယ်ရေးလမ်းမပေါ်သို့ ရောက်ရှိလာ၏။ လမ်းမပေါ်၌ စည်ကားနေသော လူအုပ်ကြီးထဲတွင် ရေခဲပြင်နန်းတော် သို့မဟုတ် မြူတိမ်ဆောင်၏ ဝတ်စုံများကို ဝတ်ဆင်ထားသူများ အများအပြား ရှိသကဲ့သို့၊ သူကဲ့သို့ပင် သာမန်ဝတ်စုံနှင့် ကျင့်ကြံသူအချို့လည်း ရောနှောနေကြသည်။
ကုန်သွယ်ရေးလမ်းမ၏ ဘေးတစ်ဖက်တစ်ချက်၌မူ ဆိုင်ပေါင်းစုံ တည်ရှိနေ၏။ ဝိညာဉ်ဆေးလုံး၊ ဝိညာဉ်ဆေးဖက်ဝင်အပင်နှင့် ကျင့်စဉ်စာအုပ်များကို ရောင်းချသော ဆိုင်များလည်း ပါဝင်လေသည်။
လမ်းမကြီး၏ အလယ်ဗဟို၌မူ ခမ်းနားထည်ဝါလှသော ငါးထပ်သစ်သား အဆောက်အအုံကြီးတစ်လုံး ရှိ၏။ တံခါးဝ၌မူ လူတို့သည် အဆက်မပြတ် အဝင်အထွက် ပြုနေကြသဖြင့် အလွန်ပင် စည်ကားလှပေသည်။ အဆင့်အတန်း မြင့်မားသော ကျင့်ကြံသူတို့သည် ဤဆိုင်ကြီးအတွင်းသို့ပင် တန်းတန်းမတ်မတ် ဝင်သွားကြရာ သူတို့ ကုန်သွယ်ရေးလမ်းမသို့ လာရသည့် အဓိကရည်ရွယ်ချက်မှာ ဤဆိုင်ကြီးဆီသို့ လာရန် ဖြစ်ဟန်တူ၏။
“လက်နက်ဆောင်...”
အဝေးမှ လှမ်းကြည့်လျှင်ပင် ထိုဆိုင်၏ ပြိုးပြိုးပြက်ပြက် တောက်ပနေသော ဆိုင်းဘုတ်ကို ချင်လဲ့ မြင်တွေ့ရလေသည်။ နေရောင်အောက်၌ လက်နက်ဆောင်ဟူသော စာလုံးနှစ်လုံးသည် အလင်းပြန်နေပြီး လူအများ၏ အာရုံကို ဖမ်းစားထား၏။
သူ့ရှေ့၌ရှိသော မြူတိမ်ဆောင်နှင့် ရေခဲပြင်နန်းတော်မှ ကျင့်ကြံသူများသာမက သာမန်လူတို့ပါ ထိုလက်နက်ဆောင်ဆီသို့ ဦးတည်သွားနေကြသဖြင့် ချင်လဲ့သည်လည်း မသိစိတ်၏ စေ့ဆော်မှုဖြင့် ထိုနောက်သို့ လိုက်ပါသွားမိတော့သည်။
ဆိုင်၏ တံခါးဝသို့ ရောက်သောအခါ သူသည် ခေါင်းမော့၍ ဆိုင်းဘုတ်ကို တစ်ဖက် ထပ်မံကြည့်ရှုလိုက်ပြန်သည်။ အနီးကပ်ကြည့်သည့်အခါတွင်မူ ထိုစာလုံးနှစ်လုံးသည် အဝေးမှ မြင်ရသကဲ့သို့ မျက်စိကျိန်းလောက်အောင် တောက်ပမနေသည်ကို တွေ့ရသဖြင့် သူ အံ့သြသွားမိ၏။ ထိုအလင်းရောင်သည် လူတို့ကို ဆွဲဆောင်ရန်အတွက်သာ ဖြစ်ပြီး လူတို့ ဆိုင်အနီးသို့ ရောက်လာသည့်အခါတွင်မူ အမြင်အာရုံကို မနှောင့်ယှက်စေရန် စီမံထားပုံရပေသည်။
ဤအသေးစိတ် အချက်ကလေးတစ်ခုတည်းနှင့်ပင် လက်နက်ဆောင်သည် မရိုးရှင်းကြောင်း သိသာလှ၏။ ချင်လဲ့သည် စိတ်ထဲမှ ခေါင်းညိတ်လိုက်ပြီး လူအုပ်နှင့်အတူ အထဲသို့ ဝင်ရောက်ခဲ့လေသည်။
ပထမထပ်သည် အလွန်ပင် ကျယ်ဝန်းလှပေသည်။ နံရံများတစ်လျှောက်၌မူ အလွန်လှပသော မှန်ဗီရိုများ ရှိနေပြီး ထိုထဲတွင် နူးညံ့လှပသော ဝိညာဉ်လက်နက်များ ရှိနေ၏။ ပြိုးပြိုးပြက်ပြက် တောက်ပနေသော ဓားများ၊ ရွှေရောင်လှံများ၊ အရောင်စုံ လက်စွပ်များနှင့် အလင်းလက်နေသော တူများမှာ ဝိညာဉ်လက်နက်ပေါင်း အနည်းဆုံး ဆယ်လက်ထက်မက ရှိနေလေသည်။
ဤနေရာသို့ လာကြသော ကျင့်ကြံသူ အများစုသည် ထိုမှန်ဗီရိုများရှေ့၌ စုရုံးနေကြပြီး ဆိုင်ဝန်ထမ်းများကို ထိုလက်နက်တို့၏ အစွမ်းသတ္တိ၊ ဈေးနှုန်းနှင့် အဆင့်အတန်းတို့ကို မေးမြန်းနေကြ၏။
“...သာမန်အဆင့် ၃၊ သာမန်အဆင့် ၄... အများစုက ဒီအဆင့်တွေပဲ ဖြစ်ပုံရတယ်။ ဒါပေမဲ့ လူတိုင်း ဒီကိုလာကြတာ မဆန်းပါဘူး၊ တခြားဆိုင်တွေက ဝိညာဉ်ဆေးလုံးတွေနဲ့ ကုန်ကြမ်းတွေပဲ ရောင်းပေမဲ့ လက်နက်ဆောင်ကတော့ ပထမထပ်မှာတင် ဝိညာဉ်လက်နက် အချောထည်တွေကို ရောင်းနေတာကိုး။ ဒီမှာဆိုရင် အဆင်သင့်သုံးလို့ရတဲ့ ပစ္စည်းတွေကိုတောင် ဝယ်နိုင်တာပဲ”
ချင်လဲ့သည် ခဏမျှ တိတ်ဆိတ်စွာ စောင့်ကြည့်နေရင်း လူတို့ ပြောဆိုနေကြသော စကားများကို နားစွင့်နေမိသည်။ မကြာမီမှာပင် ဤနေရာ၏ လုပ်ထုံးလုပ်နည်းကို သူ နားလည်သွား၏။
လက်နက်ဆောင်၏ ပထမထပ်၌ သာမန်အဆင့် ၄ နှင့် အောက်ကိုသာ ရောင်းချသည်။ ဒုတိယထပ်၌ သာမန်အဆင့် ၅၊ တတိယထပ်၌ သာမန်အဆင့် ၆၊ စတုတ္ထထပ်၌ သာမန်အဆင့် ၇ ပစ္စည်းများကို ရောင်းချပြီး ပဉ္စမထပ်၌မူ နက်နဲအဆင့် ရှိသည့် ဝိညာဉ်လက်နက်များကိုပင် ဝယ်ယူနိုင်သည်ဟု ဆို၏။
သို့သော်လည်း ဒုတိယထပ်မှစ၍ အထက်သို့ တက်လိုလျှင် ကန့်သတ်ချက်များ ရှိနေပေသည်။ ကျင့်ကြံသူသည် အနည်းဆုံး ဝိညာဉ်ပေါက်ဖွားခြင်း အဆင့်သို့ ရောက်ရှိပြီးသူ ဖြစ်ရမည်။ သို့မဟုတ်ပါက အထက်ထပ်မှ ပစ္စည်းများကို ဝယ်ယူနိုင်လောက်အောင် ကြွယ်ဝကြောင်း သက်သေပြရန်အတွက် ဝိညာဉ်ကျောက်တုံးအချို့ကို ပေးဆောင်ရမည် ဖြစ်၏။ ဤသည်မှာ လက်နက်ဆောင်၏ အချိန်ကို အကျိုးမရှိဘဲ မဖြုန်းတီးစေရန်အတွက်ပင် ဖြစ်သည်။
အသေအချာ လှည့်ပတ်ကြည့်ရှုလိုက်သည့်အခါ လူအများစုသည် ပထမထပ်၌သာ ရှိနေကြပြီး သာမန်အဆင့် ၃ နှင့် ၄ ဝိညာဉ်လက်နက်များကြားတွင် လှည့်လည်ရင်း ဈေးနှုန်းမေးမြန်းနေကြသည်ကို တွေ့ရသည်။ အချို့သော လူအနည်းငယ်သာလျှင် ပထမထပ်၌ မနေဘဲ အထက်ထပ် လှေကားဆီသို့ တိုက်ရိုက် ဦးတည်သွားကြ၏။
အထက်ထပ်လှေကားရှေ့၌မူ လက်နက်ဆောင်၏ အစောင့်နှစ်ဦး ရှိနေသည်။ သူတို့သည် အထက်သို့ တက်မည့်သူများကို အမြန်စစ်ဆေးပြီး ဝိညာဉ်ပေါက်ဖွားခြင်းအဆင့် ရှိသူလား သို့မဟုတ် ဝိညာဉ်ကျောက်တုံး လုံလောက်စွာ ပါလာသူလား ဆိုသည်ကို ခွဲခြားပြီးမှသာ လမ်းဖယ်ပေးကြ၏။
အထက်ထပ်သို့ တက်သွားသူတိုင်းသည် မိမိကိုယ်မိမိ ဂုဏ်ယူဝင့်ကြွားသော အမူအရာများ ရှိကြပြီး ပထမထပ်၌ ကျန်ရစ်သူများကိုမူ တစ်ချက်မျှပင် လှည့်မကြည့်ကြချေ။ သူတို့သည် မွေးကတည်းက အဆင့်အတန်း မြင့်မားသူများအလားပင် ဖြစ်ချေသည်။ ပထမထပ်မှ လူတို့ကမူ အထက်သို့ တက်သွားသူများကို အားကျတုန်လှုပ်သော အကြည့်များဖြင့် ကြည့်နေကြပြီး အချို့ကမူ ရိုသေဟန်ပြ၍ ပြုံးပြနေကြလေသည်။
“အခုလေးတင် တက်သွားတဲ့သူက မြူတိမ်ဆောင်က ခန်းမသခင် ဖေ့အန်းပဲ။ သူက အကြီးအကဲ ဝေရှင်းရဲ့ လက်အောက်ငယ်သားဖြစ်ပြီး ဝိညာဉ်ပေါက်ဖွားခြင်းအဆင့် အစောပိုင်းကို ရောက်နေပြီ”
“အခု တက်သွားတဲ့သူကတော့ ကျိဖေးဝမ်တဲ့။ ရေခဲပြင်နန်းတော်ရဲ့ လက်အောက်ခံ ကျိမိသားစုရဲ့ အရှင်သခင်ပေါ့။ သူက အလွန်အစွမ်းထက်ပြီး ဝိညာဉ်ပေါက်ဖွားခြင်းအဆင့် အလယ်ပိုင်းကို ရောက်နေပြီလို့ သတင်းထွက်နေတာ”
“ဟော... အဲဒါ ဘယ်သူလဲ”
ပထမထပ်မှ ကျင့်ကြံသူတို့သည် တစ်ဦးပြီးတစ်ဦး တက်သွားသူတို့၏ အမည်များကို တိုးတိုးဖော်ဖော် ပြောဆိုနေကြစဉ် ရုတ်တရက် လူငယ်ကျင့်ကြံသူ တစ်ဦးကို မြင်တွေ့လိုက်ရသည့်အခါ သူတို့အားလုံး အံ့သြသွားကြလေသည်။
ထိုလူငယ်သည် အသက် ၂၀ ဝန်းကျင်ခန့်သာ ရှိသေးပြီး ရေခဲပြင်နန်းတော်၏ ကျင့်ကြံသူဝတ်စုံကို ဝတ်ဆင်ထား၏။ သူသည် အလွန်ခန့်ညားပြီး အေးစက်သော အမူအရာရှိကာ ဖုန်းယီနှင့် အလွန်တူလှပေသည်။ သူသည် လှေကားပေါ်သို့ တိုက်ရိုက် တက်လှမ်းသွား၏။
“ဖုန်းခိုင်၊ သူက ဖုန်းခိုင်ပဲ။ လွန်ခဲ့တဲ့ တစ်နှစ်ခွဲကျော်ကမှ သူ မြူတိမ်ဆောင်မှာ ကျင့်ကြံနေသေးတာ။ ဘာလို့ ရုတ်တရက် သစ္စာဖောက်ပြီး ရေခဲပြင်နန်းတော်ထဲ ဝင်သွားတာလဲ မသိဘူး” တစ်ဦးက ထိတ်လန့်တကြား အော်ပြောလိုက်သည်။
လူအုပ်ကြားမှ ချင်လဲ့သည် ဖုန်းခိုင်ကို တိတ်တဆိတ် အကဲခတ်လိုက်ရာ သူ၏ မျက်စိသူငယ်အိမ်များ ကျုံ့သွားတော့သည်။
"ဒါဆို ဒါက ဖုန်းယီရဲ့ အစ်ကိုပေါ့၊ ငါ့ကို သတ်မယ်လို့ အတိအလင်း ကြေညာထားတဲ့သူပေါ့။ ကံကောင်းတာက... သူ ငါ့ကို မမှတ်မိပုံရတယ်"
“ဖုန်းခိုင်၊ မင်း သစ္စာဖောက်။ မင်းနဲ့ မင်းရဲ့ ဖုန်းမိသားစုဟာ မြူတိမ်ဆောင်ရဲ့ သတ်ဖြတ်ခြင်းကို သေချာပေါက် ခံရမှာပဲ” ထိုအချိန်၌ပင် အထက်ထပ်သို့ ဦးစွာ တက်သွားသည့် မြူတိမ်ဆောင်မှ ဖေ့အန်းသည် ဒုတိယထပ်မှနေ၍ ဖုန်းခိုင်ကို အော်ဟစ်ခြိမ်းခြောက်နေသံကို ကြားလိုက်ရ၏။
“ဟွန်း... စမ်းကြည့်လေ။ ဘယ်သူက ဘယ်သူ့ကို သတ်မလဲဆိုတာ ကြည့်ကြသေးတာပေါ့” ဖုန်းခိုင်ကလည်း အလျှော့မပေးဘဲ ဒုတိယထပ်မှ ပြန်လည် ဟိန်းဟောက်လိုက်သည်။
ချင်လဲ့နှင့် ပထမထပ်မှ လူတို့သည် အထက်မှ ရန်ဖြစ်နေသံများကိုသာ ကြားရပြီး မည်သို့ ဖြစ်ပျက်နေသည်ကိုမူ မမြင်တွေ့နိုင်ကြချေ။
“တိတ်စမ်း” အထက်ထပ်မှ စိတ်ပျက်နေသော အသံတစ်သံ ထွက်ပေါ်လာ၏။ လေးနက်ပြီး စွမ်းအားပါသော အသံကြီးက ဆက်လက်ပြောဆိုသည်။ “မင်းတို့ ငါ့ရဲ့ စည်းကမ်းတွေကို မလိုက်နာဘူးဆိုရင် အခုချက်ချင်း ထွက်သွားကြစမ်း”
ထိုစကားသံ ထွက်ပေါ်လာသည်နှင့် ဖုန်းခိုင်နှင့် ဖေ့အန်းတို့၏ ငြင်းခုံသံတို့သည် ချက်ချင်း ရပ်တန့်သွားတော့သည်။ သူတို့နှစ်ဦးစလုံးက ပြိုင်တူ ပြန်လည် တောင်းပန်လိုက်ကြသည်။ “အကြီးအကဲ ဖန်း... ကျွန်တော်တို့ တောင်းပန်ပါတယ်"
“အကြီးအကဲဖန်း ဟုတ်လား။ အဲဒါ ဘယ်သူလဲ” အသစ်ရောက်လာသူအချို့က တိုးတိုးလေး မေးမြန်းလိုက်ကြသည်။
“အကြီးအကဲဖန်း ဆိုတာ ဖန်းကျွယ်မင်ကို ပြောတာ။ သူက ရေခဲကျောက်မြို့တော်ကနေ ဒီလက်နက်ဆောင်ကို အုပ်ချုပ်ဖို့ လွှတ်ထားတဲ့သူ။ ရေခဲပြင်နန်းတော်ရဲ့ အရှင်သခင် ယန်ဝင်ယန်နဲ့ မြူတိမ်ဆောင်ရဲ့ အရှင်သခင် တုမိုတို့တောင် သူ့ကို မျက်နှာသာ ပေးရတာ။ အဲဒီတော့ ဖုန်းခိုင်နဲ့ ဖေ့အန်းတို့က ဘာပြောနိုင်မှာလဲ” ဗဟုသုတရှိသော ကျင့်ကြံသူတစ်ဦးက ရှင်းပြလိုက်၏။
ချင်လဲ့သည် လူအုပ်ကြားမှ နားထောင်ရင်း လှေကားထိပ်သို့ လှမ်းကြည့်ကာ စိတ်ထဲမှ ခါးသီးစွာ ပြုံးလိုက်မိသည်။
သူ၏ ကျင့်ကြံမှုအဆင့်ကလည်း မမြင့်မားသကဲ့သို့ ငွေကြေးလည်း မရှိပြန်ချေ။ သူသည် အထက်ထပ်၌ ဈေးဝယ်ရန် အရည်အချင်း မပြည့်မီသည်မှာ ရှင်းလင်းလှပေသည်။ ခဏမျှ စဉ်းစားပြီးနောက် လူတိုင်း၏ အာရုံသည် အထက်ထပ်ကိစ္စ၌ ရှိနေစဉ် သူက အခွင့်ကောင်းယူရန် ဆုံးဖြတ်လိုက်၏။ သူသည် အမျိုးသမီး ဆိုင်ဝန်ထမ်းတစ်ဦးကို ရှာတွေ့လိုက်ပြီး ဝိညာဉ်စုစည်းခြင်း အစီရင် ရေးထိုးထားသည့် တံဆိပ်ပြားတစ်ပြားကို ထုတ်ပြကာ မေးမြန်းလိုက်သည်။ “လက်နက်ဆောင်က ဝိညာဉ်ကုန်ကြမ်းတွေကို ဝယ်ယူလား”
“ဝယ်တာပေါ့။ ဒါပေမဲ့ အဆင့်အတန်းအပေါ်မှာ မူတည်တယ်။ အဆင့်နိမ့်လွန်းတာတွေကိုတော့ ကျွန်မတို့ မဝယ်ဘူး” အမျိုးသမီး ဝန်ထမ်းက ပြန်ဖြေလိုက်၏။ သူမသည် အသက် ၂၀ ကျော်ခန့် ရှိပြီး ရုပ်ရည်မှာ သာမန်မျှသာ ဖြစ်သကဲ့သို့ မျက်နှာပေါ်၌လည်း ဝက်ခြံအချို့ ရှိနေသည်။ သူမက ချင်လဲ့ကို ခြေဆုံးခေါင်းဆုံး တစ်ချက်ကြည့်ရှုပြီး အေးစက်စွာ ဆက်ပြောသည်။ “သာမန်အဆင့် ၅ အောက်က ကုန်ကြမ်းတွေဆိုရင်တော့ တခြားဆိုင်မှာပဲ သွားရောင်းဖို့ အကြံပြုပါရစေ။ သာမန်အဆင့် ၅ ဆိုရင်တောင် အများကြီးစုပြီး ရောင်းမှ အဆင်ပြေမှာပါ။ ဒီဆောင်ကတော့ ပစ္စည်းအနည်းအကျဉ်းကို စိတ်မဝင်စားဘူး”
ချင်လဲ့မှာ အနည်းငယ် မှင်သက်သွားပြီး လျှာသပ်လိုက်မိသည်။ လက်နက်ဆောင်၏ သာမန် ဆိုင်ဝန်ထမ်းလေးတစ်ဦးပင် ဤမျှ အပြောအဆို ခက်ထန်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။
“ဒီဝိညာဉ်တံဆိပ်ပြားမှာ ဝိညာဉ်စုစည်းခြင်း အစီရင် ရေးထိုးထားပါတယ်။ ဒါက ပတ်ဝန်းကျင်က ဝိညာဉ်စွမ်းအားတွေကို စုစည်းပေးနိုင်ပြီး ကျင့်ကြံသူတစ်ဦး စုဆောင်းနိုင်တဲ့ စွမ်းအားကို လေးပုံတစ်ပုံအထိ တိုးမြှင့်ပေးနိုင်ပါတယ်။ ဒီဆောင်က ဒါကို ဝယ်ဖို့ စိတ်ဝင်စားမလားလို့ သိချင်လို့ပါ” ချင်လဲ့သည် သူ အငြင်းခံရတော့မည်ကို ကြိုသိနေသော်လည်း လက်ရှိ၌ ငွေကြေးလိုအပ်နေသဖြင့် အားတင်း၍ မေးမြန်းလိုက်ခြင်း ဖြစ်၏။
“ဝိညာဉ်အစီရင် ရေးထိုးဖို့ လေ့ကျင့်တဲ့ တံဆိပ်ပြားတွေဆိုတာ အဆင့်နိမ့် ဝိညာဉ်ကုန်ကြမ်းတွေပဲ။ အဲဒီထဲမှာ ဝိညာဉ်စုစည်းခြင်း အစီရင် ရေးထိုးထားတယ်ဆိုရုံနဲ့ ဘာမှ ထူးခြားမသွားပါဘူး” ဝန်ထမ်းအမျိုးသမီးက ခေါင်းခါယမ်းကာ ပြောလိုက်၏။ သူမ၏ မျက်လုံးထဲတွင် အထင်အမြင်သေးသော အကြည့်တို့နှင့်အတူ အတိအလင်း ငြင်းပယ်လိုက်သည်။ “စိတ်မကောင်းပါဘူး။ ဒီလိုပစ္စည်းမျိုးဆိုရင် အပြင်က ဆိုင်ငယ်လေးတွေတောင် ဝယ်ချင်မှ ဝယ်မှာပါ။ ကျွန်မတို့ဆောင်ကတော့ လုံးဝ ဝယ်မှာ မဟုတ်ဘူး”
ချင်လဲ့၏ မျက်နှာမှာ အနည်းငယ် အရှက်ရသွားသဖြင့် ခေါင်းညိတ်ပြလိုက်ပြီး စကား ဆက်မပြောတော့ချေ။ သူသည် ဆက်လက်ရှိနေရန်ပင် မျက်နှာမရှိတော့သဖြင့် စိတ်ပျက်လက်ပျက်ဖြင့် လက်နက်ဆောင်အတွင်းမှ ထွက်ခွာခဲ့တော့သည်။
“အပြင်က ဆိုင်ငယ်လေးတွေမှာပဲ သွားပြီး စမ်းကြည့်ရတော့မှာပေါ့...” လက်နက်ဆောင် တံခါးဝသို့ ရောက်သည့်အခါ သူသည် အသက်ပြင်းပြင်းရှူကာ ခါးသီးစွာ ပြုံးလိုက်ပြီး တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် ဇွဲနပဲဖြင့် လိုက်လံမေးမြန်းလေတော့သည်။
“ကျွန်တော့်ရဲ့ ဝိညာဉ်တံဆိပ်ပြားက ပတ်ဝန်းကျင်က ဝိညာဉ်စွမ်းအားတွေကို စုစည်းပေးနိုင်ပြီး ကျင့်ကြံသူတစ်ဦး စုဆောင်းနိုင်တဲ့ စွမ်းအားကို လေးပုံတစ်ပုံအထိ တိုးမြှင့်ပေးနိုင်ပါတယ်။ စိတ်ဝင်စားလား”
“စိတ်မဝင်စားဘူး၊ တခြားဆိုင်မှာ သွားစမ်းကြည့်ပါ”
“အဆင့်မြင့် ကျင့်ကြံသူတွေက ကျင့်ကြံတဲ့အခါ ဝိညာဉ်ကျောက်တုံးတွေကို သုံးကြတာ၊ ဒီလိုပစ္စည်းမျိုး သူတို့အတွက် အသုံးမဝင်ဘူး။ ဝိညာဉ်စွမ်းအား လေးပုံတစ်ပုံ တိုးလာတယ်ဆိုတာကလည်း ဝိညာဉ်စွမ်းအား ထူထပ်တဲ့နေရာမှာ သွားကျင့်ကြံလိုက်ရင် ရနေတာပဲလေ”
“စိတ်မကောင်းပါဘူး၊ ကျွန်တော်တို့ မဝယ်ဘူး”
“တောင်းပန်ပါတယ်၊ ကျွန်တော့်ဆိုင်ငယ်လေးက ဒါကို စိတ်မဝင်စားပါဘူး”
“……”
ချင်လဲ့သည် တစ်ဆိုင်ပြီးတစ်ဆိုင် သွားရောက်ခဲ့သော်လည်း ရလဒ်မှာမူ အတူတူပင် ဖြစ်၏။ သူသည် ယဉ်ကျေးစွာ အငြင်းခံရခြင်းကို အကြိမ်ကြိမ် ကြုံတွေ့နေရလေသည်။ သူတို့အားလုံးသည် သူ၏ ဝိညာဉ်တံဆိပ်ပြားကို စိတ်မဝင်စားကြသည်မှာ ထင်ရှားလှပေသည်။
“ငါ တစ်နေ့လယ်လုံး အချိန်ဖြုန်းလိုက်မိတာပဲ။ ကောင်းကင်တောင် မှောင်လာပြီ။ အင်း... ဆိုင်တစ်ဆိုင် ကျန်သေးတယ်၊ စမ်းကြည့်တာပေါ့။ အဲဒါမှ မရရင်တော့ အိမ်ပြန်ရတော့မှာပဲ”
သူ လက်လျှော့တော့မည့် အချိန်တွင် ကုန်သွယ်ရေးလမ်းမ၏ ဝေးလံသည့် ထောင့်တစ်နေရာ၌ ရှိနေသော အလွန်သေးငယ်သည့် ဆိုင်ကလေးတစ်ဆိုင်ကို မြင်တွေ့လိုက်ရ၏။
ထိုဆိုင်ကလေးသည် လူစည်ကားသော လမ်းမကြီးနှင့် အတန်ငယ် ဝေးကွာသောနေရာ၌ တည်ရှိနေခြင်း ဖြစ်သည်။ တံခါးပေါ်၌မူ လီဈေးဆိုင်ဟူသော အမည်ကို စာလုံးများ ကောက်ကွေးစွာဖြင့် ဆေးများ ကွာကျနေသော ဆိုင်းဘုတ်တစ်ခု ချိတ်ဆွဲထားလေသည်။
ဆိုင်အတွင်း၌မူ လှုပ်ကုလားထိုင်ပေါ်၌ ထိုင်နေသော လူရိပ်တစ်ခုကိုသာ မှိန်ပျပျ မြင်တွေ့ရ၏။ ဆိုင်၌ လူမလာသောကြောင့်လား မသိ... ထိုသူသည် အိပ်မောကျနေပုံပင် ရနေတော့သည်။