ဘေးအနားမှနေ၍
Vol. 4 Ch. 52
များမကြာမီ အခြားမျိုးနွယ်စု၏ ကိုယ်စားပြုများ ရောက်လာကြသည်။ ရောက်လာကြသူများမှာ မျိုးနွယ်စုနှင့်အတူတူ လာကြသူများ ရှိသလို တစ်ကိုယ်တည်း လာကြသူများလည်း ရှိလေသည်။
တဖြည်းဖြည်းနှင့် ကွင်းထဲတွင် ပြိုင်ပွဲဝင်အရေအတွက် များပြားလာ၏။ အချင်းချင်း စကားပြောနေကြသော်လည်း ကွင်းပြင်ကျယ်ကြီးမှာ လှုပ်ရှားသွားလာမှုများနှင့် ပြည့်နှက်နေ၏။
တကယ်တမ်း ယခုလိုကြီးကျယ်ခမ်းနားသည့် အခမ်းအနားကို နှစ်အနည်းငယ်ကြာမှ တစ်ခါ ကျင်းပကြသည်။ ယခုနှစ် စမ်းသပ်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သူ အရေအတွက်မှာ ယခင်နှစ် ပြိုင်ပွဲဝင်ဦးရေထက်တော့ များပြားသည် အမှန်။
တဖွဲဖွဲရောက်လာသည့် လူများကို အခွင့်ကောင်းယူပြီး နှောင့်ယှက်နေသော အဘိုးအိုဆီထံမှ ခြေကိုခပ်သွက်သွက်လှမ်းပြီး ရှေ့ဘက်သို့ စုမင် ရှောင်ပြေးလိုက်သည်။ အဘိုးအို၏ တရစပ် လေလုံးထွားမှုကြောင့် စုမင်မှာ ခေါင်းပင် ကိုက်လာ၏။ ခပ်လှမ်းလှမ်း ရောက်သည်နှင့် အဘိုးအိုကို လှမ်းကြည့်သည့်အခါ လူစုလူဝေးများကြားမှ သူ့အားရှာနေသည့် အဘိုးအိုအား တွေ့လိုက်၏။ စုမင်က ခန္ဓာကိုယ်ကို ချက်ချင်း ကိုင်းလိုက်၏။ အဘိုးအိုနှင့်တော့ နောက်တစ်ကြိမ် ပြန်မတွေ့ချင်တော့။
ကွင်းထဲတွင် လူအများအပြား ရှိနေသော်လည်း စုမင်နှင့်သိသူဟူ၍ တစ်ယောက်မျှ မရှိဘဲ ဖြစ်နေသည်။ သူ့ပုံစံကလည်း သာမန်လူတစ်ယောက်လို ဖြစ်နေသောကြောင့် မည်သူမျှ သူ့ကို ဂရုမစိုက်ကြပေ။
ဟိတ်ဟန်မထုတ်ဘဲ ယခုလို နှိမ့်နှိမ့်ချချ နေနေသည်မှာ စုမင်တစ်ယောက်တည်း မဟုတ်ပေ။ စုမင်ကဲ့သို့ ယခုမှ စမ်းသပ်ပွဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်မည့် တခြားမျိုးနွယ်ဝင်များလည်း ရှိသည်။
"ကြည့်လိုက်၊ အဲဒါ ဝူစန်းပဲ။ သူက လေပြေစီးကြောင်း မျိုးနွယ်စုက ပါရမီရှင်တွေထဲက တစ်ယောက်လို့ ငါကြားဖူးတယ်”
"အဲဒါက ချန်ချွန်း မဟုတ်လား။ သူ့နာမည်က ထစ်ချုန်းမိုးလိုပါပဲ။ ကျုပ် သူ့အကြောင်းကို အရင်က ကြားဖူးပေမဲ့ ဒီလို ပုံစံမျိုးလို့တော့ မမျှော်လင့်ခဲ့ဘူး။ သူ့မှာ အရှိန်အဝါတစ်ခု ရှိနေတာတော့ အမှန်ပဲ”
"နက်မှောင်တောင် မျိုးနွယ်က ပေလင်းကိုရော မင်းမြင်ဖူးလား။ သူလည်း သူများထက် ထူးခြားသာလွန်တဲ့ သူတစ်ယောက်ပဲ။ သူက ပြီးခဲ့တဲ့ စမ်းသပ်ပွဲမှာ ထိပ်တန်းအယောက် ၅၀ ထဲ ဝင်ခဲ့တယ်လေ။ သူနဲ့သာ ငါတို့ မိတ်ဆွေဖွဲ့နိုင်ရင် ငါတို့အတွက် အကျိုးရှိမှာပဲ။ ငါတို့ မျိုးနွယ်ကို ပြန်ရောက်တဲ့အခါ လူတိုင်းက ငါတို့ကို မနာလို ဖြစ်ကြမှာပဲ”
စုမင်ဘေးနားမှ လူများမှာ ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ကြသည့်သူများ မဟုတ်ပေ။ တစ်ယောက်နှင့် တစ်ယောက် တီးတိုးပြောနေရင်း နာမည်ကျော် ပြိုင်ပွဲဝင်များကို လေးစားအားကျသော အကြည့်များနှင့် ကြည့်နေကြ၏။
"ဒါက ငါတို့ရဲ့ အခွင့်အရေးပဲ။ အကယ်၍ ငါတို့ကိုသာ ဝူစန်း ဒါမှမဟုတ် ချန်ချွန်း တစ်ယောက်ယောက်က မျက်စိကျသွားပြီး သူ့တို့ဘေးမှာ နေခွင့်ပေးရင် မျိုးနွယ်စုထဲမှာ ငါတို့ရဲ့ ရာထူးက အရင်ကနဲ့ လုံးဝ တူတော့မှာ မဟုတ်ဘူး”
"ဟားဟား ... မင်းလို အတွေးတူတဲ့သူတွေ အများကြီး ရှိမှာပဲ။ သူတို့ကို စကားပြောခွင့် ရဖို့ ချဉ်းကပ်ချင်တဲ့လူတွေ အများကြီး ရှိတယ်ဆိုတာ မင်းတို့ မသိကြဘူးလား။ ငါတို့ရော ကြိုးစား ကြည့်ကြတာပေါ့။ ဟေ့ မင်းတစ်ယောက်တည်း ဖြစ်နေတာလား။ ဒါမင်းရဲ့ ပထမဆုံးအကြိမ်ပဲ ဖြစ်ရမယ်။ ဟုတ်တယ်မဟုတ်လား”
စုမင်ဘေးမှ ရိုးသားပုံရသည့် လူငယ်တစ်ယောက်က စုမင်အား ပြုံးပြီး ပြောလိုက်သည်။
စုမင်၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်လာပြီး ယဉ်ကျေးသောအပြုံးနဲ့ လူငယ်အား ခေါင်းညိတ်ပြလိုက်သည်။
"ညီနောင်တို့ ပထမဆုံးအဆင့် စမ်းသပ်ပွဲတောင် စတော့မယ်၊ လူတွေ သိပ်ရောက် မလာကြသေးဘူး။ ချန်ချွန်းဆီသွားပြီး စကားပြောကြရင် ဘယ်လိုလဲ။ မင်းတို့ ဘယ်လိုထင်လဲ။ အတူတူ သွားကြရအောင်လေ။ ငါတစ်ယောက်တည်းသွားရင် သူငါ့ကို အဖတ်မလုပ်ဘဲ နေလိမ့်မယ်”
လူငယ်က စကားသွက်သွက် ပြောရင်း စုမင်နှင့် ဘေးနားမှ လူများကိုပါ ဖြောင်းဖျရန် ကြိုးစားလိုက်သည်။
"ဝူစန်းကို ကြည့်လိုက်။ သူ့မျက်နှာက မိုးကြိုးလိုပဲ။ အခု စိတ်အတော်မကြည် ဖြစ်နေတဲ့ပုံပဲ။ ငါတို့ သူ့ကို သွားမနှောင့်ယှက်သင့်ဘူးနဲ့ တူတယ်။ ချန်ချွန်းကတော့ သဘောကောင်း ပွင့်လင်းမယ့်ပုံ ပေါ်တယ်။ သူ့ကို ချဉ်းကပ်ရတာ လွယ်မယ့်ပုံပဲ”
ဘေးနားရှိ လူများမှာ လူငယ်၏စကားကို စိတ်ပါလာပြီး နောက်ဆုံး ချန်ချွန်းထံသွားရန် ခုနစ်ယောက်၊ ရှစ်ယောက်ခန့်ကို သိမ်းသွင်းလိုက်နိုင်၏။
စုမင်မှာ မသွားလိုသော်လည်း စိတ်အားထက်သန်နေသည့် လူငယ်၏ အတင်းကာရော ဖိတ်ခေါ်မှုကြောင့် လူအုပ်ကြီးနှင့်အတူ ရွေးချယ်စရာမရှိဘဲ လိုက်ပါသွားခဲ့ကြသည်။
သူတို့အဖွဲ့ ရှေ့သို့ လျှောက်သွားချိန် ကွင်းအပြင်ဘက် ဟင်းလင်းပြင်မှာ နောက်တစ်ဖန် လှုပ်ခါလာပြန်၏။ ကောင်းကင်ကြီး တွန့်ရှုံ့သွားပြီး လူငါးယောက် ပေါ်လာလေသည်။ အဖွဲ့အား ဦးဆောင်လာသူမှာ အသက် ၄၀ အရွယ်ခန့်ရှိသည့် လူကြီး တစ်ယောက် ဖြစ်၏။ ၎င်းမှာ ချည်ထည်ကြမ်း အဝတ်ကို ဝတ်ဆင်ထားပြီး သူ့ကိုယ်ခန္ဓာမှ ပေါ်ထွက်နေသည့် ချီ အရှိန်အဝါမှာ ထိတ်လန့်ဖွယ် ကောင်းလောက်အောင် အားပြင်းထန်လွန်းလှ၏။
သူ့မျက်နှာပေါ်တွင် ဘယ်ဘက်မျက်ခုံးမှ နှုတ်ခမ်း ညာဘက်ထောင့်အထိ ကန့်လန့်ဖြတ် တည်ရှိနေသည့် အမာရွတ်တစ်ခု ထင်းထင်းကြီးရှိနေခြင်းက သူ့အား အလွန်ရက်စက် ကြမ်းကြုတ်ပြီး ကြောက်လန့်ဖွယ်ရာ ပုံသဏ္ဍာန်မျိုး ဖြစ်နေစေသည်။
"အဲဒါ မဟူရာတောင် မျိုးနွယ်စုပဲ။ အဲဒီလူက မဟူရာတောင် မျိုးနွယ်က မျိုးနွယ်စုခေါင်းဆောင် ဖြစ်မယ် ထင်တယ်။ မဟူရာတောင် မျိုးနွယ်ရဲ့ မျိုးနွယ်စု ခေါင်းဆောင် မျက်နှာပေါ်မှာ အမာရွတ်ကြီး တစ်ခု ရှိတယ်လို့ ငါကြားဖူးတယ်။ အဲဒါ သူပဲ ဖြစ်ရမယ်”
"အမှန်ပဲ။ ဒီတစ်ခေါက် မဟူရာတောင် အကြီးအကဲ မတက်ရောက်နိုင်ဘူးလို့ ကြားတယ်။ သူတို့ကို ဦးဆောင်လာတာ မျိုးနွယ်စု ခေါင်းဆောင်ပဲ ဖြစ်လိမ့်မယ်”
မျိုးနွယ်စု ခေါင်းဆောင် နောက်တွင် လူလေးယောက် ရှိနေ၏။ သူတို့အဖွဲ့က ဖြည်းဖြည်းချင်း ကွင်းထဲသို့ ဝင်ရောက်လာကြ၏။ ဖျတ်ခနဲကြည့်လျှင် သူတို့အဖွဲ့မှာ ဘာထူးခြားမှုမှ မရှိသော်လည်း သေချာ အနီးကပ်ကြည့်မည် ဆိုပါက လေးယောက်ထဲ၌ သုံးယောက်မှာ သက်တူရွယ်တူ လူငယ်သုံးယောက်ဖြစ်ပြီး ကျန်တစ်ယောက်မှာ ခန္ဓာကိုယ် တောင့်တင်းကြံ့ခိုင်သည့် အသက် ၄၀ အရွယ်ခန့်ရှိသည့် လူကြီးတစ်ယောက် ဖြစ်လေသည်။
ထူးဆန်းသည့်အချက်မှာ မျိုးနွယ်စုခေါင်းဆောင်နောက်မှ လိုက်ပါလာသည့် လူကြီးနှင့် လူငယ်လေး နှစ်ယောက်က တခြား လူငယ်လေးတစ်ယောက်အား အလယ်တွင်ထား၍ ဝန်းရံထားသည့်ပုံ ဖြစ်သည်။ ထိုလူသုံးဦးမှာ လူငယ်လေး၏ လက်အောက်ငယ်သားများ ပမာပင်။ လူငယ်လေးကို ကျော်ပြီး လမ်းပင် လျှောက်ဝံ့ကြပုံ မပေါ်ပေ။
လူငယ်မှာ အသက် ၁၈ နှစ် ၁၉ နှစ် အရွယ်ခန့်သာ ရှိဦးမည်။ ဆံပင်များမှာ ရှည်လျားပြီး အနက်ရောင် သားရဲ အရေထည်ကို ဝတ်ဆင်ထား၏။ မျက်နှာကို သေချာမမြင်နိုင်ဘဲ မျက်လုံးလေးသာပေါ်အောင် ထောင်မတ်ထားသည့် အင်္ကျီကော်လံကြောင့် သူ့မျက်နှာတစ်ခုလုံးကို အပြည့်အဝ မမြင်ရဘဲ ရှိနေသည်။
လူငယ်မှာ တိတ်တဆိတ် လျှောက်လှမ်းလာ၏။ သူ့အပေါ် ကျရောက်လာသည့် အကြည့်တို့ကို လျစ်လျူရှုပြီး မျိုးနွယ်စုခေါင်းဆောင်နောက်မှ လျှောက်လာခဲ့၏။ ၎င်းတို့အဖွဲ့မှာ နက်မှောင်တောင် မျိုးနွယ်စု၏ အဝေးထောင့်တစ်နေရာတွင် တင်ပျဉ်ခွေ ထိုင်ချရင်း နေရာယူလိုက်ကြ၏။
ထိုင်လိုက်သည့်အခါမှ လူငယ်သည် တခြားသူများနှင့်မတူ တမူကွဲပြားနေသည်ကို တွေ့လိုက်ရ၏။ လူငယ်သည် သူ့မျိုးနွယ်ဝင်များနှင့်ပင် ရောနှောခြင်းမရှိဘဲ တစ်ယောက်တည်း ထိုင်နေလေသည်။ သို့သော် ထိုင်ပြီးသည်နှင့် ခေါင်းအနည်းငယ် မော့ပြီး နက်မှောင်တောင် မျိုးနွယ်စုရှိရာ လှမ်းကြည့်လိုက်၏။ လူငယ်၏ မျက်ဝန်းထဲတွင် မနှစ်မြို့သည့် အရိပ်အယောင်များ ဖြတ်ပြေးသွားလေ၏။
အခြားသူများကဲ့သို့ စုမင်သည်လည်း မဟူရာတောင်မျိုးနွယ်စုအား ကြည့်နေသည်။ အထူးသဖြင့် မျိုးနွယ်စု ခေါင်းဆောင်နှင့် ဖော်ရွေမှုကင်းပြီး တစ်သီးတည်း ဖြစ်နေသည့် လူငယ်အား ဂရုတစိုက် ကြည့်နေမိ၏။
စုမင်မှာ မျိုးနွယ်စု ခေါင်းဆောင်၏ စွမ်းအားကိုပင် အံ့ဩခြင်းမဖြစ်ဘဲ ဖော်ရွေမှုကင်းမဲ့သည့် လူငယ်အား ထူးထူးခြားခြား အန္တရာယ်ရှိသည့် လူတစ်ယောက်ဟု ခံစားလိုက်ရသည်။ ၎င်းလူငယ်သည် သာမန်လူငယ်တစ်ဦး မဟုတ်ဘဲ တမူထူးခြားသည့်သူဟု ကောက်ချက်ချမိလိုက်သည်။
သို့သော် သူ့စိတ်တွင် သူများထက် သာလွန်၍ ဉာဏ်ကောင်းသည်ဟု ပုံဖမ်းတတ်သော လူမျိုးကို မုန်းတီးသည်။ လူငယ်နှင့်ယှဉ်လျှင် ဝူစန်းကပင် ပိုကောင်းသေး၏။ အနည်းဆုံး ဝူစန်းမှာ လျှို့ဝှက်သလို၊ နက်နဲသလို ဟန်ဆောင်နေခြင်း မရှိပေ။
မဟူရာတောင် မျိုးနွယ်အကြောင်းကို ရင်ပြင်ပေါ်မှ ပရိသတ်များက အထူးအထွေ ဆွေးနွေးပြောဆိုမနေကြပေ။ သူတို့နှင့်ယှဉ်လျှင် လေပြေစီးကြောင်း မျိုးနွယ်စုမှ ပါရမီရှင်ဆိုသော လူငယ်များအကြောင်းကို အားလုံးက ပိုမိုစိတ်ဝင်စားနေကြ၏။ တကယ်တမ်းလည်း ဤအနီးအနားတစ်ဝိုက်တွင် ၎င်းတို့၏ဂုဏ်သတင်းက ပိုမို အထင်ကြီးစရာ ကောင်းနေသည်။
စိတ်အား ထက်သန်နေသည့် လူငယ်၏ သွေးဆောင်ဖြားယောင်းမှုအောက်၌ စုမင်တို့ လူတစ်သိုက်မှာ ချန်ချွန်းထံ ရှေးရှုလာခဲ့ကြ၏။ လူအများကြီးကြားထဲတွင် ရပ်နေသည်မို့ စုမင်ပုံစံမှာ ထင်ရှားပေါ်လွင်မနေပေ။ သူ့ပုံစံက သာမန်ပြိုင်ပွဲဝင်တယောက်နှင့် တူနေ၍ မည်သူမျှ သတိမထားမိကြဘူး။
"ငါအားလုံးကို ပြောလိုက်မယ်။ အခုမျိုးနွယ်စုထဲက အဲဒီနေရာတွေကို ငါဘယ်တော့မှ မသွားဘူး။ သွားခဲ့ရင်တောင် အပျော်ကြည့်ဖို့ သက်သက်ပဲ။ ငါ့ကို မယုံဘူးလား”
နီးလာသည်နှင့်အမျှ ဘေးနားမှ လူများအား လက်လှုပ်ခြေလှုပ်နှင့် စကားပြောနေရင်း ရယ်မောအောင် ဟာသများ ပြောနေသည့် ချန်ချွန်းကို တွေ့ရ၏။
ချန်ချွန်းနှင့် မိတ်ဆွေ ဖြစ်ချင်၍ တမင်ညှစ်ရယ်နေသည့် လူများလည်း ရှိသည်။ ရယ်ရင်း မောရင်း ချန်ချွန်းတို့အဖွဲ့ထဲ ဝင်တိုးချင်ကြသည်လေ။
စုမင်ဘေးမှ လူအားလုံးလည်း ထိုနည်းနှင်နှင် ပြုမူခဲ့ကြလေသည်။ သူတို့မှာ ဘာမှန်းမသိ ညာမှန်းမသိ အဆက်မပြတ် ရယ်မောနေကြတော့၏။ စုမင်သည်သာ ထိုနေရာတွင်ရပ်ရင်း ပြုံးနေခဲ့သည်။ စုမင်မှာ တည်တည်ငြိမ်ငြိမ်ပင်။ လူအများအလယ်မှ ချန်ချွန်းကို ကြည့်ရင်း ချန်ချွန်း၏ အဆင့်အတန်း မြင့်မားမှုမှာ သူ မယှဉ်သာနိုင်သည့် အရာဖြစ်ကြောင်း စုမင် သဘောပေါက်လိုက်သည်။
အဖွဲ့ထဲ ဝင်ဆံ့နိုင်ရန် ရယ်မောပေးနေကြသည့် လူများကိုလည်း ကြည့်မိသည်။ အခွင့်ကောင်းယူရင်း ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်နေကြသည့် လူများလည်း ရှိသေး၏။ ထိုလူတို့မှာ ချန်ချွန်းအား မြှောက်ပင့်နေသည်နှင့် မတူသော်ငြား မည်သူကြည့်ကြည့် သူတို့လုပ်ရပ်မှာ ချန်ချွန်းနှင့် ရင်းနှီးချင်၍ လုပ်နေခြင်းဖြစ်ကြောင်း သိသာလှသည်။
နဂါးနက်တောင်မျိုးနွယ်စု ကွင်းထဲ ဝင်လာချိန်တွင်လည်း သူတို့အကြောင်းကို မည်သူမျှ အထူးတလည် ဆွေးနွေးမနေကြပေ။ တကယ်တမ်း သူတို့မှာ မျိုးနွယ်စုငယ်တစ်ခုသာ ဖြစ်၏။ မဟူရာတောင်၏ နာမည်ကျော်စောမှုကိုပင် ယှဉ်သာနိုင်သည် မဟုတ်ပေ။
သို့သော် နဂါးနက်တောင်မျိုးနွယ်စု ထွက်ပေါ်လာသည့်အခါ လူအများနှင့် ရယ်ရယ်မောမော စကားပြောနေသည့် ချန်ချွန်းသာမက မှုန်ကုပ်ကုပ် တရားထိုင်နေသည့် ဝူစန်းပင် ခေါင်းကိုမော့ရင်း ၎င်းတို့ဘက်သို့ ကြည့်လိုက်ကြ၏။
လျှို့ဝှက် ဆန်းကြယ်သောဟန်ပန်နှင့် မျက်နှာတစ်ဝက်ဖုံးထားသည့် မဟူရာတောင်မှ လူငယ်ပင် သူတို့လာရာဘက်သို့ ကြည့်လိုက်၏။
သူတို့အားလုံး နဂါးနက်တောင် မျိုးနွယ်စု ကြားမှ လျှောက်လှမ်းလာသည့် အဖြူရောင် ဝတ်စုံရှင် ပြိုင်ဘက်ကင်း မိန်းမလှလေးအား ကြည့်နေကြခြင်း ဖြစ်သည်။ နေရောင်နှင့် ထိတွေ့ချိန် ရောင်ပြန်ဟပ် လင်းလက်သွားသည့် ကျောက်ပွင့်ကလေးများကို မျက်ခုံးနှစ်ဖက် အကြား အလှတပ်ဆင် ထားသေး၏။ အရိုင်းဆန်လှသည့် သူမ၏ အလှတရားကြောင့် ကြည့်မိသူတိုင်း နှလုံးခုန် မြန်သွားလေတော့သည်။
မိန်းမလှလေးမှာ ပိုင်လင်း ဖြစ်၏။
လူအများအပြား၏ ဝိုင်းကြည့်ခြင်းကို ခံရသောကြောင့် ပိုင်လင်းမှာ အနည်းငယ် ရှက်သွေး ဖြာသွားသော်လည်း ခေါင်းကိုမော့လျက် လျှောက်လာဆဲပင်။ ရှက်နေရမည့်အစား သူမက လူအုပ်ကြားထဲ တချက်တချက် ဝေ့ဝဲ ကြည့်နေသေး၏။ နက်မှောင်တောင် မျိုးနွယ်စုအား တွေ့လိုက်ချိန် သူမမျက်နှာကလေး ပျော်ရွှင်သွားသော်လည်း သူမမျှော်လင့်ထားသည့်လူအား မမြင်လိုက်ရ၍ ပျော်ရွှင်မှုများ ပြန်လည် ပျောက်ကွယ်သွားလေ၏။ သူမ စုမင်အား ရှာမတွေ့ခဲ့ပေ။
ပိုင်လင်းက ခေါင်းငုံ့ရင်း အကြီးအကဲနောက်မှ ကွင်းထဲသို့ ဝင်လာလေ၏။ အဝေး တစ်နေရာရှိ လူအုပ်ထဲတွင် သူမအား ငေးမောကြည့်နေသည့် သာမန်ရုပ်သွင်နှင့် ဆယ်ကျော်သက် ကောင်လေးတစ်ယောက်ကိုတော့ သတိမပြုမိခဲ့ပေ။ သူမကို တွေ့လိုက်သည်နှင့် လျှို့ဝှက်ဆန်းကြယ်မှုများ ပြည့်နှက်နေဟန် ရှိခဲ့သည့် မဟူရာတောင်မျိုးနွယ်စုမှ လူငယ်လေး၏ မျက်လုံးထဲတွင် လိုချင်တပ်မက်မှုနှင့် လောဘရမက်ဇောများကို ဖျတ်ခနဲ တွေ့လိုက်ရလေသည်။
ဝူစန်းသည် ပိုင်လင်းအား ခဏသာကြည့်ပြီး မျက်လုံးများကို ပြန်ပိတ်လိုက်၏။ ပိုင်လင်း၏ အလှသည် ပြိုင်ဘက် ကင်းချင်ကင်းမည်၊ သူ့ရင်ကိုတော့ မလှုပ်ခတ်နိုင်ပေ။ ယခုအချိန်တွင် သူ့ရင်ထဲ စိုးရိမ်ပူပန်နေသည်မို့ အခြားအကြောင်းကို ကြာကြာ တွေးတောမနေနိုင်ပေ။
စုမင်မှာ မျက်နှာလှလှလေးကို အဝေးကသာ ငေးကြည့်နေခဲ့၏။ ပိုင်လင်းနှင့် သူ့ကြား အကွာအဝေးမှာ အလွန်တရာ ကြီးမားလွန်းသည်ဟု ရုတ်တရက် ခံစားမိလိုက်သည်။
"ပိုင်လင်း”
ပြုံးနေရင်း အော်ခေါ်လိုက်သည့် အသံတစ်သံ စုမင်ဘေးနားမှ ပေါ်ထွက်လာသည်။ အသံမှာ မကျယ်လှသော်လည်း အနီးဝန်းကျင်ကို ပျံ့နှံ့သွားကာ ပိုင်လင်းထံ ရောက်ရှိ သွားလေ၏။
"အစ်ကိုချန်ချွန်း”
ပိုင်လင်း ခေါင်းမော့ပြီးကြည့်လိုက်သည့်အခါ လူအုပ်ထဲမှ သူမထံ လျှောက်လာနေသည့် ချန်ချွန်းကို တွေ့သွားလေ၏။ သူမ မျက်နှာလေးမှာ ပြုံးယောင်သန်းနေသော်လည်း အပြုံးအောက်မှ ဖုံးကွယ်ထားသည့် ဝမ်းနည်းကြေကွဲမှုတို့ကို အသေအချာ ကြည့်လျှင် တွေ့နိုင်ပေသည်။
ချန်ချွန်းက ခပ်ကျယ်ကျယ်ကလေး ရယ်မောလိုက်၏။ သူ့ရှေ့မှ လူများက ဘေးကို ရှဲပေး လိုက်ကြသည်။ စုမင်က မလှုပ်ရှားဘဲ ရပ်နေခဲ့သည်။ သူ့ နံဘေးမှဖြတ်ရင်း ပိုင်လင်းထံ သွားနေသည့် ချန်ချွန်းကို ကြည့်နေလေ၏။
စုမင် မျက်လုံးများကို ပိတ်လိုက်သည်။ သူဘယ်လိုခံစားရမလဲ မသိ။ သူ့ရင်ထဲ ထူးထူးခြားခြား တည်ငြိမ်နေသည်။
မျက်လုံးများကို ပိတ်ထားရင်း ဘေးနားမှ အရာအားလုံးကို လျစ်လျူရှုပစ်လိုက်သည်။ ရုတ်တရက် တစ်စုံတစ်ယောက်က သူ့ လက်မောင်းကို အားပါးတရ လှုပ်ယမ်းပြီး အသိပြန်ဝင်လာအောင် လုပ်လိုက်၏။
"ရဲဝမ် အဲဒါ ရဲဝမ်ပဲ”
"ကြည့်စမ်း။ ရဲဝမ်လေ ... လေပြေစီးကြောင်း မျိုးနွယ်က လူငယ် မျိုးဆက်သစ်မှာ အင်အား အကောင်းဆုံး ပုဂ္ဂိုလ်ဖြစ်တဲ့ ရဲဝမ်။ သူက စမ်းသပ်ပွဲ အဆင့် (၃) ခုလုံးမှာ (၂) ကြိမ်ဆက်တိုက် ပထမ နေရာကို အနိုင်ရခဲ့တဲ့ ရဲဝမ်ပေါ့။ အဲဒီလူမှာ မယုံနိုင်လောက်တဲ့ အရည်အချင်း ရှိပြီး ဒီဒေသ တစ်ဝှမ်းက ငယ်ရွယ်တဲ့ မျိုးဆက်သစ်တွေထဲမှာ အင်အားအကြီးဆုံး လူငယ်တစ်ယောက်ပဲ။ နောက်ပိုင်း မျိုးဆက်သစ်လူငယ်တွေကြားမှာ ရုပ်နယ်လွန်အဆင့်ကို တက်ရောက်နိုင်မယ့် အလားအလာ အရှိဆုံး လူတစ်ယောက်လည်း ဖြစ်တယ်လို့ ကြားတယ်။ အခုလက်ရှိ လေပြေ စီးကြောင်း မျိုးနွယ်စုကြီးတစ်ခုလုံးရဲ့ သင်ကြားလေ့ကျင့်ပေးတာကို ခံယူနေတဲ့လူပေါ့။ သူက လေပြေစီးကြောင်း မျိုးနွယ်ရဲ့ အနာဂတ် မျိုးနွယ်အကြီးအကဲပဲ”
စုမင်မျက်လုံးများကို ဖွင့်ကြည့်လိုက်သည့်အခါ အဝေးတစ်နေရာရှိ ကွင်းပြင်ကျယ်ဆီ လျှောက်လှမ်းလာနေသည့် လူတစ်ယောက်ကို တွေ့လိုက်လေ၏။
ထိုသူမှာ အနီရောင်အင်္ကျီကို ဝတ်ဆင်ထားလေသည်။ သူ့တွင် ဝူစန်း၏ မှုန်တေတေ အသွင်မျိုး၊ ချန်ချွန်း၏ လူအများ ဝိုင်းဝန်းနှစ်သက် ခံရခြင်းမျိုး၊ မဟူရာတောင် မျိုးနွယ်မှ အနက်ရောင် လူငယ်၏ ဟန်ဆောင်ထားသည့် လျှို့ဝှက်နက်နဲသယောင် ဟန်ပန်မျိုး ရှိမနေ။ သူပုံစံမှာ တစ်ယောက်တည်း. ... သူ၏ တစ်ကိုယ်တည်းဖြစ်မှုကို အဖော်ပြု၍ ကွင်းပြင်ဆီ လျှောက်လှမ်း လာလေ၏။
***