လေပြေစီးကြောင်းတောင်သို့ လမ်းပွင့်ခြင်း
Vol. 4 Ch. 53
ရဲဝမ်၏ အနီရောင် အင်္ကျီမှာ မီးလျှံနှင့် တူ၏။
သူ့အား စိုက်ကြည့်နေကြသော မျက်လုံးအပေါင်းအား မီးလောင်တိုက်သွင်းနိုင်စွမ်းရှိသည့် မီးတောက်များသည် ရဲဝမ် ကိုယ်ပေါ်တွင် ကျွမ်းလောင်နေကြသည့်အလား သူ့ရှေ့မှောက် ရှိရှိသမျှ လူတိုင်း ဦးညွှတ်သွားစေနိုင်လောက်သည့် ကိုယ်ရောင်အရှိန်အဝါမျိုး ပိုင်ဆိုင်ထားလေသည်။
သူ့ရုပ်ရည်မှာ သာမန်သာဖြစ်၍ မချောမောပေ။ ခန္ဓာကိုယ်ဖွဲ့စည်းပုံမှာ အလွန် တောင့်တင်းမှု မရှိသော်လည်း ကြည့်မိသူတိုင်း၏စိတ်တွင် စကားလုံးနှင့် ဖော်ပြရန် ခက်ခဲသည့် ခံစားချက်တစ်မျိုး ဖြစ်ပေါ်စေနိုင်စွမ်း၏။
ရဲဝမ်က လူအများ စုဝေးနေရာထံ ခပ်မှန်မှန်သာ လျှောက်လှမ်းလာနေ၏။ သူ့ဆံပင်များက ပခုံးထက်တွင် ဝဲဖြာနေလေသည်။
ဝူစန်းကဲ့သို့ မှုန်တေတေ အသွင်ပြင် မရှိသော်လည်း သူ့မျက်လုံးများ၏ တည်ငြိမ်မှုက ဝူစန်းထက်ပင် လူအပေါင်းအား ပိုမိုကြောက်လန့်သွားစေသည်။ ချန်ချွန်းကဲ့သို့ လူအများအပေါ် ဆွဲဆောင်နိုင်သည့် ညှို့ဓာတ်မရှိသော်လည်း တစ်ကိုယ်တည်း လျှောက်လှမ်းလာသည့် သူ့ဟန်ပန်က ရှိရှိသမျှ လူအားလုံးထက် သာလွန်သည့် ဖြစ်တည်မှုမျိုးပေးစွမ်းကာ ပတ်ဝန်းကျင်တစ်လျှောက် ဖိအားများ တရစပ် ဖြစ်ပေါ်စေ၏။
ထိုနည်းတူစွာပင် မဟူရာတောင်မှ လူငယ်ကဲ့သို့ လျှို့ဝှက်ဆန်းကြယ်သယောင် အတင်းလုပ်ယူစရာ မလိုဘဲ ကွင်းပြင်ထဲ လမ်းလျှောက်လာသည်နှင့် သူ့၏စွမ်းအားနှင့် နာမည်က ယူဆောင်လာသည့် လျှို့ဝှက်နက်နဲသော အာရုံခံစားမှုတစ်မျိုးက ထိုအနက်ရောင်လူငယ်ထက် အများကြီး သာလွန်နေ၏။
ထိုကဲ့သို့ လျှို့ဝှက်နက်နဲမှုများ ပြည့်လျှံနေရသည့် အကြောင်းရင်းမှာ သူသည် ရဲဝမ် ဖြစ်နေ၍သာ ဖြစ်၏။ လက်ရှိ လူငယ်မျိုးဆက်တွင် အင်အားအကြီးဆုံးဟု သက်မှတ်ခံထားရသူ ဖြစ်နေ၍သာ ဖြစ်၏။ ဒီနယ်ပယ်တစ်ဝိုက်၏ အလင်းလက်အတောက်ပဆုံး ဖြစ်တည်မှုတစ်ခု ဖြစ်နေ၍သာ ဖြစ်၏။ ရုပ်နယ်လွန်အဆင့်သို့ တက်လှမ်းနိုင်မည့် ရာစုသစ်၏ အစွမ်းထက်ဆုံး မာန်စွမ်းအားရှင်အဖြစ် လျာထားခြင်းခံရသူ ဖြစ်နေ၍သာ ဖြစ်၏။
သူသည် ဘုရင်တစ်ပါးကဲ့သို့ တည်ကြည်သောဟန်နှင့် လျှောက်လှမ်းလာ၏။ မည်သူနှင့်မျှ စကားအပိုမပြော။ ဝူစန်းနှင့် ချန်ချွန်းကို လျစ်လျူရှုပြီး မရေမတွက်နိုင်အောင် များပြားလှသည့် လူများက သူ့အား ဦးညွှတ်ကာ လမ်းဖယ်ပေးကြလေသည်။
ဆွေးနွေးတိုင်ပင်နေကြသည့် အသံများလည်း တိမ်ဝင်သွားကြသည်။ သူစတင် ပေါ်ထွက် လာချိန်မှစ၍ ကွင်းလယ်သို့ရောက်ကာ တင်ပျဉ်ခွေ ထိုင်ချလိုက်ချိန်အထိ ဆွေးနွေးငြင်းခုံသံများ ပျောက်ကွယ်နေကြလေသည်။
အချိန်ကြာလာသည်နှင့်အမျှ ဆွေးနွေးနှီးနှောနေသည့် အသံများ အလျှိုလျှို ပြန်ပေါ်လာကြ၏။
"ဟေ့ ဆရာကြီးကို မြင်လိုက်ကြတယ် မဟုတ်လား။ ငါတို့ ရဲဝမ်ကို မြင်တွေ့ခွင့်ရတာ သိပ်ကံကောင်းတာပဲ။ ငါတို့ ခရီးစဉ်က အလဟဿ မဖြစ်တော့ဘူး”
စုမင်ဘေးနားက ရိုးသားသည့်အသွင်နှင့် လူငယ်က ကြည်ညိုလေးစားမှု၊ ကျေနပ်နှစ်သိမ့်မှုတို့ အပြည့်နှင့် တိုးတိုးလေး ရေရွတ်လိုက်၏။
စုမင်က ဘာမှပြန်မပြောပေ။ ခဏကြာမှ ခပ်ပေါ့ပေါ့သာ ခေါင်းညိတ်ပြလိုက်၏။
ရဲဝမ်နောက်မှ ရောက်လာကြသည့် လူများလည်း ရှိသေးသည်။ တစ်နာရီကြာသည့်အခါ ပြိုင်ပွဲဝင်မည့်လူများ အစုံအလင် ရောက်လာကြလေ၏။ လူစုံသွားသည်နှင့် မိုးကောင်းကင်က ရုတ်တရက်ကြီး မှောင်ကျသွားလေသည်။
တိမ်လှိုင်းများ တလိမ့်လိမ့် ရွေ့လျားသွားပြီး မိုးကြိုးတို့ ထစ်ချုန်းခြိမ်း၍ ပတ်ဝန်းကျင် နယ်ပယ်တစ်ခုလုံး လှုပ်ခါသွားစေ၏။ ထစ်ချုန်းသံကြီး ကြားလိုက်ရသည့် လူမှန်သမျှ တုန်ယင် သွားကြလေသည်။ ခေါင်းများကိုမော့ရင်း ကြည့်လိုက်ကြသည့်အခါ မိုးကောင်းကင်ပေါ်မှ တိမ်စိုင်တိမ်လိပ်အားလုံး အလင်း၏အရှိန်ဟုန်မျိုးနှင့် တစ်ဟုန်ထိုး စုစည်းလာနေသည်ကို တွေ့လိုက်ရ၏။ အသက်ဆယ်ရှိုက်စာအတွင်း အားလုံးပေါင်းစည်းမိသွားပြီး ခေါင်းနှင့် ကောင်းကင် ထိမိတော့မတတ် မြင့်မားရှည်လျားလှသည့် ဧရာမတိမ်တိုက် လူသားကြီးအဖြစ် ပြောင်းလဲသွားလေတော့သည်။
ကောင်းကင်ထက်မှ ဧရာမ လူသားကြီးရဲ့ထိပ်တွင် ခရမ်းရောင်ဝတ် လူတစ်ဦးက ဒူးချိတ် ထိုင်လျက်ရှိသည်။ ထိုလူသည် လေပြေစီးကြောင်း မျိုးနွယ်စု၏ အကြီးအကဲ ကျင်းနန် ဖြစ်၏။
သူက တိမ်လူသားကြီးပေါ်တွင် ဒူးချိတ်ထိုင်နေပြီး အောက်ကို လုံးဝငုံ့မကြည့်ခဲ့ပေ။ ထိုအစား မလှမ်းမကမ်းမှ မြင့်မားလှသည့် တောင်စဉ်ကြီးကို ကြည့်နေခဲ့၏။
"ဒီတောင်က လေပြေစီးကြောင်းရဲ့ အရေးအပါဆုံး ရတနာတစ်ပါးပဲ။ ဒီလိုမျိုး နောက်တစ်ခု ထပ်မရှိတော့ဘူး”
"ဒီတောင်ကို ရှေးအစဉ်အဆက်ကတည်းက လက်ဆင့်ကမ်း လက်ခံရရှိခဲ့တာပဲ။ ဒီတောင်ဟာ လေပြေစီးကြောင်းမျိုးနွယ်ရဲ့ မူလဇာစ်မြစ်လည်း ဖြစ်တယ်။ ဒီတောင်သာ မရှိခဲ့ရင် လေပြေစီးကြောင်းမျိုးနွယ်စု ဆိုတာလည်း မရှိလာနိုင်ဘူး။ မင်းတို့ မြင်နေရသလောက်က အပြည့်အစုံ မဟုတ်သေးဘူး။ ဒါက တောင်ရဲ့ အထွတ်လေးလောက်ပဲ ရှိသေးတယ်။ လေပြေစီးကြောင်းမျိုးနွယ်စုရဲ့ တောင် ... အထွတ်အထိပ်အစစ်ရဲ့ သေးငယ်လှတဲ့ တောင်ထွတ်လေးပဲ ရှိသေးတယ်”
"တောင်ထိပ်မှာ စည်းခတ်ပိတ်လှောင်ထားတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ သားရဲကောင်ကြီး ရှိတယ်။ အဲဒီသားရဲကြီးက နှစ်သန်းပေါင်းများစွာ အိပ်ပျော်နေပြီး ဘယ်တုန်းကမှ မနိုးထလာခဲ့ဘူး။ ဘယ်တော့မှ နိုးထလာမယ်လို့လည်း မထင်မှတ်ထားဘူးပေါ့လေ။ ဒီတောင်ကြီးမှာ တောင်တစ်ခုလုံးနဲ့ သူ့ရဲ့ပတ်ဝန်းကျင်ကို ဖိနှိပ်ပေးထားတဲ့ စွမ်းအားတစ်ခုရှိတယ်။ အမြင့်ရောက်အောင် တက်နိုင်လေလေ ဖိအားကို ပိုပြီး များများ ခံစားရလေ ဖြစ်မှာပဲ”
"တောင်ပေါ်ကို တက်တဲ့ လမ်းကြောင်းတွေ အများကြီး ရှိတယ်။ တောင်ထိပ်ကို တိုက်ရိုက် သွားနိုင်တဲ့ လှေကား ၂၈၁ ခုရှိတယ်။ ဒါကစမ်းသပ်ပွဲရဲ့ ပထမအဆင့် ဖြစ်တယ်”
"အရင် စမ်းသပ်ပွဲတွေတုန်းက စည်းမျဉ်းစည်းကမ်းတွေနဲ့ အတူတူပဲ။ အချိန် ကန့်သတ်ချက် မရှိဘူး။ ပြိုင်ပွဲမှာ ယှဉ်ပြိုင်မယ့်လူတွေက ချပ်ပြားကို ကိုင်ပြီး ကြိုက်တဲ့ လှေကားကနေ တက်သွားလို့ ရတယ်။ စမ်းသပ်မှု ပထမအဆင့်မှာ အဆုံးသတ်အထိ ခြေလှမ်း ဘယ်နှလှမ်း တက်သွားနိုင်လဲဆိုတဲ့အပေါ် မူတည်ပြီး မင်းတို့ရဲ့ အဆင့်ကို သက်မှတ်ပေးမယ်”
"ပထမဆုံး အကြိမ်အဖြစ် စမ်းသပ်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်သူတွေ အများကြီး ရှိတယ်။ တရားမျှတအောင် ငါပြောလိုက်မယ်။ သန်းခေါင်ယံအချိန်ရောက်တဲ့အခါ ဒီတောင်ရဲ့ ဖိအားဟာ အမြင့်မားဆုံးပဲ”
"အခု တောင်ပေါ်မှာ ချိတ်ပိတ်ထားတဲ့ စည်းတံဆိပ်ကို ငါချိုးဖျက်လိုက်မယ်။ မင်းတို့ အမြန်ဝင်မှ ဖြစ်မယ်”
ဧရာမတိမ်တိုက် လူသားကြီးပေါ်တွင် ထိုင်နေသည့် ကျန်းနန်က ပြောရင်း မိုးထိ တောင်တန်းကြီးအား ညာလက်နှင့် ဝှေ့ယမ်းလိုက်၏။
သူလက်ကို ပြန်ချလိုက်သည်နှင့် တိမ်တိုက်လူသားကြီးက ရုတ်တရက် ခေါင်းမော့လာပြီး ထိတ်လန့်တုန်လှုပ်စရာ ကြုံးဝါးသံကြီးဖြင့် အော်မြည်လိုက်၏။ ခြေလှမ်းကျဲကြီးများ လှမ်းပြီး တောင်ထိပ်ဆီ မြန်မြန်ဆန်ဆန် တက်ရောက်သွားလေသည်။ ၎င်း၏ ကြီးမားလှသည့် လက်ကြီး နှစ်ဖက်ကိုသုံးရင်း ကောင်းကင်ဘုံနှင့် လူ့လောကအား ဆွဲဖြဲလိုက်သလို တောင်ရှေ့မှ လှစ်ဟနေသည့် နေရာကို ဆွဲဖြဲပစ်လိုက်လေ၏။
ထိုကဲ့သို့ လုပ်လိုက်သည်နှင့် ကောင်းကင်ရော မြေပြင်ပါ တော်လဲသံကြီး မြည်ဟည်းလာပြီး ဧရာမအက်ကွဲကြောင်းကြီး ဖြစ်ပေါ်လာလေသည်။ တောင်ထိပ်ပေါ်တွင် သာမန်မျက်စိနှင့် မမြင်နိုင်သည့် ကန့်လန့်ကာတစ်ခု ရှိနေပြီး ၎င်းအား ဆွဲဖယ်လိုက်သလို ဖြစ်သွားလေသည်။ ထိုအခါ တောင်အတွင်းဘက်မှ မြင်ကွင်းအစစ်အမှန်ကို အသေအချာ မြင်တွေ့လိုက်ရလေတော့၏။
၎င်းမှာ မြင့်မားလှသည့် တောင်တစ်လုံး ဖြစ်နေသေးသော်လည်း မကြာခင်က စုမင် မြင်ရသည်နှင့်တော့ မတူတော့ပေ။ တလိမ့်တလိမ့် တိုးဝင်လာနေသော အနက်ရောင် အခိုးအငွေ့များက တောင်ထိပ်အား ကာဆီးထားလိုက်ကြ၏။ အနက်ရောင် အခိုးအငွေ့များမှာ အုံ့မှိုင်းနေပြီး စိတ်နှလုံးအား ကြောက်စိတ်တို့နှင့် တဒုန်းဒုန်း တုန်ခါစေသည့် အရှိန်အဝါမျိုး ထုတ်လွှတ်နေလေသည်။
တစ်ချိန်တည်းတွင် အက်ကြောင်းအတွင်းမှ ပုံဖော်ပြရန် ခက်ခဲလှသည့် ဖိအားတစ်ခု ထွက်ပေါ်နေပြန်သည်။ အဘက်ဘက်မှ လေပြင်းများ တိုက်ခတ်နေကြသလိုပင်။ ဆံပင်တို့ လန်သွားပြီး လူတိုင်း၏ မျက်နှာမှာ သွေးဆုတ်သွားကြကာ အလိုလို အနောက်သို့ ခြေတစ်လှမ်း ဆုတ်မိကြလေ၏။ ၎င်းမှာ တောင်တွင်းမှ ဖိအားသက်သက် မဟုတ်တော့ဘဲ ကောင်းကင်ဘုံနှင့် ကမ္ဘာလောကထိ ပေါက်ရောက်နေသည့် ထူးခြားဆန်းကြယ်လှသော သားရဲကောင်ကြီးနှင့် တူနေတော့သည်။
အက်ကြောင်းပွင့်လာသည့်အခိုက် ခပ်ဖျော့ဖျော့ လူရိပ် အများအပြားသည် ဧရာမ တိမ်တိုက်လူသားကြီး၏ နဘေးမှ ပျံ့နှံ့ထွက်ပေါ်လာပြီး လူရှစ်ယောက်အဖြစ် ပြောင်းလဲသွားလေသည်။
ရှီဟိုင်သည် ထိုလူရှစ်ယောက်ထဲမှ တစ်ယောက် ဖြစ်သည်။ သူတို့တစ်ဦးချင်းစီတွင် တုန်လှုပ်ခြောက်ခြားဖွယ် စွမ်းအားကိုယ်စီ ရှိနေကြ၏။ ထိုအခိုက် ၎င်းတို့က မိမိတို့၏ လျှာများကို ကိုက်ရင်း သွေးတစ်ပွက်စီ အန်ထုတ်လိုက်ကြသည်။ ၎င်းတို့၏ သွေးများ အတူတကွ ရောနှော ပေါင်းစပ်သွားပြီး အလွန်တရာ ရှုပ်ထွေးဆန်းပြားလှသည့် အနီရောင် အမှတ်အသားတစ်ခုအဖြစ် ပြောင်းလဲသွားလေ၏။ ၎င်းအနီရောင်အမှတ်အသားက တောင်ကြီး၏ အက်ကွဲကြောင်းထဲသို့ ပျံ့နှံ့ဝင်ရောက်သွားပြီး အခိုးအငွေ့များအဖြစ် တောင်ကြီးပေါ်တွင် တံဆိပ် ခတ်နှိပ်လိုက်လေတော့သည်။
အခိုးအငွေ့များ၊ တိမ်များနှင့် ဝန်းရံနေသည့် တောင်ကြီးမှာ အမှတ်အသားနှင့် ထိမိသည်နှင့် ကြုံးဝါးသံကြီး မြည်ဟည်းလာလေတော့သည်။ အခိုးအငွေ့များက ကောင်းကင်ပေါ် တလိမ့်လိမ့် တက်သွားပြီး အချိန်၏ တိုက်စားမှုကို ကြံ့ကြံ့ခံကာ တည်ရှိနေခဲ့ကြသည့် လှေကားထစ်များအဖြစ် ပေါ်ပေါက်လာလေတော့၏။
"တောင်ထဲကို ဝင်သွားတာနဲ့ ချပ်ပြားနဲ့ တစ်စက္ကန့်လောက် ကင်းကွာသွားမယ်ဆိုရင်တောင် အဲဒီချပ်ပြားက ပျောက်ကွယ်သွားလိမ့်မယ်။ စာမေးပွဲ ဖြေဆိုခွင့်ကို ဆုံးရှုံးသွားမှာဖြစ်ပြီး တောင်အပြင်ဘက်ကို အလိုအလျောက် ပြန်ပို့ဆောင်ခံရမယ်။ ဒါဟာ တောင်ရဲ့ ဖိအားဒဏ်ကို မခံနိုင်တော့လို့ အရှုံးပေးနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းလည်း ဖြစ်တယ်။ ဒီချပ်ပြားက မင်းတို့သွားခဲ့တဲ့ ခြေလှမ်း အရေအတွက်ကို မှတ်တမ်း တင်ပေးထားမှာ ဖြစ်ပြီး ပွဲကြည့်သူတွေ မြင်နိုင်အောင်လည်း ပြထားပေးဦးမှာ ဖြစ်တယ်”
"မင်းတို့ မဝင်ကြသေးဘူးလားကွ”
အောက်၌ စုရုံးနေကြသည့် လူအုပ်ကြီးအား ရှီဟိုင်က အော်ဟစ်လိုက်လေ၏။
လူတစ်ယောက်မှာ ရုတ်တရက် သက်တံအဖြစ် ပြောင်းလဲသွားပြီး အက်ကြောင်းထဲသို့ ဦးတည်ဝင်သွားလေ၏။ ထိုလူမှာ အနီရောင်အင်္ကျီ ဝတ်ဆင်ထားသည့် ရဲဝမ် ဖြစ်သည်။ အက်ကွဲကြောင်းထဲ ဒုတိယမြောက် ပြေးဝင်သွားသူမှာ ဝူစန်း ဖြစ်ပြီး သူ့နောက် တော်တော် နီးနီးမှ ချန်ချွန်းက လိုက်ဝင်သွား၏။ တဖြည်းဖြည်းနှင့် စမ်းသပ်ပွဲ ပထမအဆင့်အား ဝင်ရောက်ယှဉ်ပြိုင်နေကြသည့် မျိုးနွယ်စု အသီးသီးမှ ပြိုင်ပွဲဝင်များ အက်ကွဲကြောင်းထဲသို့ အလျင်အမြန် ဝင်ရောက်သွားကြလေသည်။
ပေလင်း၊ လဲ့ချန်၊ ဝူလနှင့် စစ်ခုန်းအပြင် ပိုင်လင်းတို့ပင် အက်ကွဲကြောင်းထံ ဦးတည်နေသည့် လူအုပ်ကြားထဲ ရောက်နေပြီ ဖြစ်၏။ အက်ကွဲကြောင်းထဲ ရောက်သည်နှင့် အများတကာ မယူရသေးသည့် လှေကားများပေါ် တက်သွားပြီး ထိုထဲတွင် ပျောက်ကွယ် သွားလေတော့၏။
တစ်စုံတစ်ယောက်က လှေကားအား ရယူလိုက်သည်နှင့် အခိုးအငွေ့ အလွှာပြင်တစ်ခု ကျရောက်လာပြီး လမ်းကြောင်းအား မြင်ကွင်းမှ မပေါ်အောင် ဖုံးပစ်လိုက်လေသည်။
စုမင်က တစ်ယောက်တည်း မနေဘဲ လူအုပ်ကြီးနှင့်အတူ အက်ကွဲကြောင်းထဲ ဝင်လိုက်သည်။ သူ ၀င်လိုက်တာနဲ့ ၎င်းနေရာနှင့် အပြင်ဘက် များစွာ ကွာခြားမှု ရှိနေသည်ကို သတိထားမိလိုက်သည်။ မမြင်ရသည့် လက်ပေါင်းများစွာက သူ့ခန္ဓာကိုယ်အား ဝေဒနာတစ်မျိုး ခံစားလိုက်ရ၏။
အပေါ်သို့တက်သည့် လှေကားတော်တော်များများမှာ အနက်ရောင် မြူမှုန်များ ဖုံးလွှမ်းနေပြီးဖြစ်၍ ၎င်းလှေကားများမှ တက်နှင့်သူ ရှိနေပြီးဖြစ်ကြောင်း သိသာနိုင်သည်။ စုမင်က မစိုးရိမ်ဘဲ အဝမှ ပြေးထွက်သွားခဲ့၏။ သူ့လို လမ်းရှာနေသည့် ပြိုင်ပွဲဝင် အများအပြား ရှိနေသေးသည်။
သို့သော် တောင်ခြေ၏ အနေအထားကိုက ညီညာပြန့်ပြူးမှု မရှိပေ။ လှေကားတချို့ဆီ ဆီသွားတဲ့ လမ်းကြောင်းတချို့မှာ တိုတောင်း၏။ ထိုလမ်းကြောင်းအား ပြိုင်ပွဲဝင်များ ယှဉ်လုခဲ့ပုံပေါ်၏။ လှေကားထစ်များက ပထမဆုံးခြေလှမ်းနိုင်သည့် မည်သူမည်ဝါမဆို ရသင့်ရထိုက်သည်ဟု ကြွေးကြော်နေသည့် အလားပင်။
စုမင်က တခြားသူများနှင့် မပူးပေါင်းဘဲ အဝေးတစ်နေရာသို့ သွားလိုက်၏။ ထိုနေရာတွင်လည်း လမ်းကြောင်း အမြောက်အမြား ကျန်ရှိနေသေးသည်။ သူ လမ်းဆုံနားတွင် ရပ်ရင်း လေးလေးနက်နက် တွေးလိုက်သည်။ လှုပ်ရှားခါနီးမှ ခေါင်းကိုလှည့်ရင်း ညာဘက်သို့ ကြည့်လိုက်သည်။ ထိုအခါ သူ့မျက်လုံးများ ကျဉ်းမြောင်းသွားလေ၏။
လျှို့ဝှက်နက်နဲသယောင် ဟန်ဆောင်ထားတဲ့ အနက်ရောင် လူငယ်အား မျက်နှာကို ဖုံးကွယ်ထားဆဲ အနေအထားနှင့် လှမ်းမြင်လိုက်ရ၏။ လမ်းကြောင်းတစ်ခုဆီ အရောက်သွားနေသည့် လူငယ်က စုမင်အား တစ်ချက်ကလေးမှပင် လှည့်ကြည့်မသွားချေ။
လက်ရှိအချိန်တွင် တစ်စုံတစ်ယောက် လက်ဦးသွားပြီဖြစ်၍ မြူခိုးတို့ ဖုံးလွှမ်းနေသည့် လမ်းကြောင်းတစ်ခုကို ကြည့်ရင်း စုမင် အဝေးကို လှမ်းမျှော်ကြည့်လိုက်၏။ ပုံမှန်လှေကား တစ်ခုဆီ သူ လျှောက်သွားလိုက်သည်။ ပထမဆုံးခြေလှမ်းကို စတင်လှမ်းလိုက်သည်နှင့် တောင်ကြီးတစ်ခုလုံး သိမ့်သိမ့်တုန်သွားသည်ကို ခံစားလိုက်ရသည်။ တစ်ချိန်တည်းတွင် ရင်ဘတ်၌ ဆွဲထားသည့် ချပ်ပြားထံမှ အပူဓာတ်တစ်မျိုး ထုတ်လွှတ်လာလေသည်။ ၎င်းအပူဓာတ်မှာ ခန္ဓာကိုယ်ထဲသို့ ဝင်မလာဘဲ သည်အတိုင်း ပူနေခြင်းသာ ဖြစ်၏။
သိပ်မကြာခင် အခိုးအငွေ့များက စုမင်အား ဝန်းရံလာကြလေ၏။ အခိုးအငွေ့တို့မှာ အုပ်ဆိုင်းလွန်း၍ အနီးအနားနှင့် နောက်ကျောဘက်တွင် ဘာရှိနေသည်ကို မမြင်ရဘဲ ရှိသည်။ သူမြင်နေရသည့် တစ်ခုတည်းသောအရာမှာ မြွေလိမ်မြွေကောက်သဏ္ဌာန် လှေကားတစ်ခုဖြစ်ပြီး ၎င်းအပေါ်တွင် အလင်းဖျော့ဖျော့ နေမင်းက ထွန်းလင်းလျက် ရှိ၏။
တိတ်ဆိတ်လွန်းလှသည်။ မသိပါက ဤတောင်ပေါ်တွင် သူတစ်ယောက်တည်း ရှိနေသလားဟု ထင်မြင်ရ၏။
စုမင် အသက်ပြင်းပြင်း ရှူလိုက်သည်။ ချက်ချင်း မလှုပ်ရှားသေးဘဲ တောင်၏ဖိအားကို ခံစားကြည့်ရန် ကြိုးစားလိုက်သည်။ အနည်းငယ် နေသားကျသွားသည်နှင့် ဇွဲလုံ့လ၊ တည်ကြည် ပြတ်သားမှု အပြည့်ဖြင့် တစ်လှမ်းချင်း ရှေ့သို့ ဆက်လျှောက်သွားတော့သည်။
သူမသိလိုက်သည့်အချက်မှာ ပြိုင်ပွဲဝင်အားလုံး ဝင်ရောက်ပြီးသည်နှင့် အက်ကွဲကြောင်းက ပြန်လည်စေ့ပိတ်သွားခြင်းကိုပင်။ ရှီဟိုင်နှင့် အခြား ၇ ဦးလုံး ကောင်းကင်ပေါ်မှ ဆင်းသက် လာပြီးသည်နှင့် ကွင်းပြင် ထောင့်နေရာအသီးသီးတွင် တင်ပျဉ်ခွေ ထိုင်လိုက်ကြလေ၏။
လေပြေစီးကြောင်း အကြီးအကဲ ကျင်းနန်ပင် ဧရာမတိမ်တိုက် လူသားကြီးအား ပျောက်ကွယ်စေလိုက်ပြီး မိုးပေါ်မှ ဆင်းလာ၏။ နက်မှောင်တောင် အကြီးအကဲ မော့စန်းအနားသို့ သွားကာ ပြောမည့်စကားများကို တစ်စုံတစ်ဦး ချောင်းမြောင်း နားမထောင်နိုင်စေရန် အနီးတစ်ဝိုက်အား မမြင်နိုင်သည့် လေထုလွှာတစ်ခုဖြင့် ဖြန့်ကျက်ထားလိုက်လေ၏။
ကွင်းထဲတွင် လူပေါင်းရာနှင့်ချီ ကျန်နေသေးပြီး အားလုံးက ကြီးမားလှသော ငှက်ရုပ်ကြီး ကိုးခုကို ကြည့်နေကြလေသည်။
ရုပ်တုကိုးခုပေါ်တွင် စာကြောင်းများ အသီးသီး ပေါ်လာကြလေ၏။
အဆင့် ၁ - ရဲဝမ် ၉၇ လှမ်း။
အဆင့် ၂ - ဝူစန်း ၅၁ လှမ်း။
အဆင့် ၃ - ချန်ချွန်း ၄၇ လှမ်း။
အဆင့် ၄ - ပိစု၊ ၄၆ ဆင့်။
… အဆင့် ၁၀၂ - မော့စု၊ ၆ လှမ်း။
ပထမဆုံး စမ်းသပ်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြသူများ၏ ခြေလှမ်းအစအဆုံးအား ချပ်ပြားများ၏ အကူအညီနှင့် ပွဲကြည့်ပရိသတ် ရှင်းရှင်းလင်းလင်း မြင်နိုင်အောင် ချပြထားခြင်း ဖြစ်သည်။
"ငါသိသားပဲ။ ပထမနေရာက ရဲဝမ်ပဲ။ ၉၇ လှမ်းတဲ့။ ဒုတိယနေရာကို ကျော်ထားတာများ အပြတ်အသတ်ပဲ။ ကြည့်စမ်း၊ ထပ်ပြောင်းသွားပြီ။ ၁၁၅ လှမ်းတဲ့။ စမ်းသပ်ပွဲက အခုလေးတင်မှ စလိုက်တာ မဟုတ်ဘူးလား။ အရမ်း မြန်လွန်းတာပဲ”
"ပိစုက ဘယ်သူလဲ။ သူ့ကို အရင်တုန်းက တစ်ခါမှ မကြားဖူးဘူး။ သူက လေပြေစီးကြောင်း မျိုးနွယ်ကလည်း မဟုတ်ဘဲ အစကတည်းက ဒီလောက် အဆင့်မြင့်မြင့်ကို ရနေတာလား။ ငါကြားတာတော့ အရင်စမ်းသပ်ပွဲမှာ ရဲဝမ်က ခြေလှမ်း ၈၀၃ လှမ်း လှမ်းနိုင်ခဲ့တယ်တဲ့။ ဒီတစ်ကြိမ်ရော ဘယ်လောက်များများ လှမ်းနိုင်မလဲ မသိဘူး။ ဝေးဝေးသွားလေ၊ ပိုခက်ခဲလေပဲ။ ပထမဆုံး စမ်းသပ်ပွဲကနေ အခုထိ ဘယ်သူမှ ခြေလှမ်း ၉၃၀ အထက် မကျော်လွန်ဖူးဘူး”
လေပြေစီးကြောင်း၏ ကျင်းနန်က မော့စန်းနှင့် သူ့ဘက်မှ ငှက်ရုပ်အား ကြည့်လိုက်သည်။ မော့စုဟူသော အမည်ကို မြင်လိုက်သည်နှင့် သူ့မျက်နှာမှာ ပြုံးသွားလေသည်။
"မော့စန်း ... အဲဒါ စုမင် မဟုတ်လား။ ဒါပေမဲ့ သူ့အဆင့်ကို ကြည့်ပါဦး၊ ထိပ်ဆုံး ၄၀ ထဲ ဝင်နိုင်ဖို့ အတော် ခက်လိမ့်မယ်နော်။ ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ ငါပိုလွယ်အောင် လုပ်ပေးမယ်။ ထိပ်တန်း ၆၀ ထဲဝင်ရင် သူအောင်မြင်ပြီကွာ”
မော့စန်းက ဘာမှ ပြန်မပြောပေ။ ငှက်ရုပ်ပေါ်မှ မော့စုဆိုသော နာမည်ကိုသာ ငြိမ်သက်စွာ စိုက်ကြည့်နေခဲ့၏။ သူ့မျက်လုံးထဲတွင် လေးနက်သော မျှော်လင့်ခြင်းအရိပ်အငွေ့တို့က ဖုံးကွယ်နေလေသည်။
***