အခန်း (၆၁-၆၂)
Vol. 7 Ch. 61-62
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၇ ၊ အတွဲ ၁ ၊ အပိုင်း ၆၁ + ၆၂
ဘာသာပြန် - Author Ko Yoohtoo
Editor - Author Chang'e 🌕
True Immortal Team
လင်းချန် လှည့်ကြည့်လိုက်ပြီးနောက် ကျောက်စားပွဲဆီသို့ လျှောက်သွားကာ လက်ဖက်ရည်ကို ငှဲ့လိုက်၏။
"ကျွန်တော် ဖွဲ့စည်းထားတဲ့ မိုးကြိုးတပ်ဖွဲ့ရဲ့ ခေါင်းဆောင်နေရာကိုလည်း လွှဲပေးမယ်ဗျာ..."
"မင်း အဲ့ဒီနာမည်ကို အခုလေးတင် ပေးလိုက်တာမလား..."
"ဒါပေမဲ့ ငါ ရှင်းရှင်းလင်းလင်းပဲ ပြောထားမယ်ကွာ။ မင်းရဲ့ အဲ့ဒီ မိုးကြိုးတပ်ဖွဲ့ကိစ္စကို ငါ လုံးဝ ဝင်မရှုပ်ချင်ဘူး။ ငါနဲ့အတူ ကျင့်ကြံမယ်ဆိုရင်တော့ မဖြစ်နိုင်တာ မဟုတ်ပါဘူး..."
ထိုသို့ ပြောလိုက်ပြီးသည့်နောက် လင်းချန်၏ မျက်နှာထားသည် ရုတ်တရက် တည်တင်းသွားပြီး လေချန်အား စိုက်ကြည့်လိုက်၏။
ရုတ်တရက် ဧရာမတောင်ကြီးတစ်လုံးက ဖိချလိုက်သကဲ့သို့ ခံစားလိုက်ရပြီး ၊ လင်းချန်၏ ခန္ဓာကိုယ်မှ ဆန်းကြယ်သော ဖိအားတစ်ခု ထွက်ပေါ်လာသဖြင့် လေချန်၏ မျက်နှာအရောင်မှာ ချက်ချင်းပင် ပြောင်းလဲသွားရတော့သည်။
"မင်း ငါ့ကို လက်စားချေဖို့လုပ်နေတာလို့ ငါ သိတာနဲ့ မင်းကို ချက်ချင်း အပိုင်းပိုင်း ခုတ်ထစ်ပစ်မယ်..."
လင်းချန်၏ လေသံသည် ပြတ်သားကာ ခက်ထန်လှသဖြင့် လေချန် ယ တုန်လှုပ်သွားရ၏။ ထောင်ကျွန်းပေါ်၌ ကျင့်ကြံခြင်းစွမ်းအား မရှိလေဘဲ နေထိုင်ခဲ့စဉ်က အသက်ရှင်ရပ်တည်နိုင်ရန်အတွက် လင်းချန်၏ လက်များမှာ သွေးစွန်းခဲ့ရသည်။ ထို့အပြင် သူ၏ နည်းလမ်းများသည်လည်း အလွန်ပင် ရက်စက်ကြမ်းကြုတ်ခဲ့၏။
သူသာ လုံလောက်သည်အထိ မရက်စက်ခဲ့လျှင် လူသားအချင်းချင်းပင် စားသောက်ကြသော ထိုအရူးများအား မည်သို့ ခြိမ်းခြောက်နိုင်မည်နည်း။ သူ မည်သို့ အေးချမ်းစွာ ရှင်သန်နိုင်မည်နည်း။
လေချန် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး လင်းချန်အား လေးလေးနက်နက် ကတိပေးလိုက်၏။
"ကျွန်တော် နားလည်ပါပြီ။ ကျွန်တော်က ခေါင်းဆောင်နဲ့အတူ ကျင့်ကြံပြီး ခွန်အားတွေ တိုးတက်ချင်ရုံ သက်သက်ပါ။ အရင်ကလို ဟိတ်ဟန်ထုတ်ဖို့ လူတွေ စုဆောင်းသိမ်းသွင်းတာမျိုး မလုပ်ချင်တော့ပါဘူး..."
လေချန်၏ စကားကို ကြားပြီးသည့်နောက် လင်းချန် ခေတ္တမျှ တိတ်ဆိတ်သွားသည်။ ထို့နောက် လက်ဖက်ရည်တစ်ခွက်ကို ငှဲ့ကာ လေချန်ထံသို့ ကမ်းပေးလိုက်၏။
"ငါနဲ့အတူ ကျင့်ကြံရတာ တော်တော်လေး ပင်ပန်းလိမ့်မယ်။ မင်း လိုက်လုပ်နိုင်ပါ့မလား..."
"ကျိန်းသေပေါက် လုပ်နိုင်ပါတယ်..."
လေချန် ခွက်ကို ယူလိုက်ပြီး ၊ ပြတ်သားသော မျက်နှာထားဖြင့် လက်ဖက်ရည်ကို တစ်ကျိုက်တည်း မော့သောက်လိုက်၏။ လက်ဖက်ရည်မှာ အလွန်ပင် ခါးသက်ပြီး ဖန်နေသောကြောင့် သောက်ပြီးနောက် သူ၏ မျက်နှာမှာ ရှုံ့မဲ့သွားရတော့သည်။
သို့သော်ငြားလည်း လေချန် စောဒကမတက်တော့ဘဲ လက်ဖက်ရည်ကို အတင်း မျိုချလိုက်၏။
--------------
ထိုနေ့ ညနေခင်းသို့ ရောက်သောအခါ လေဟန် သူ၏ မြေးဖြစ်သူ လေချန်အား မြင်လိုက်ရသဖြင့် အံ့အားသင့်သွားရသည်။
"ချန်အာ... မင်း ဘာဖြစ်လာတာလဲကွ..."
လေချန်သည် ရေချိုးထားသကဲ့သို့ တစ်ကိုယ်လုံး ချွေးများ ရွှဲနစ်နေလျက်ရှိ၏။ သူ၏ မျက်နှာမှာလည်း ဖြူဖျော့နေပြီး နှုတ်ခမ်းများ ကွဲအက်ကာ အသက်ရှူသံမှာလည်း အလွန် အားနည်းနေသည်။
လေချန် သူ၏ အဘိုးအား အားတင်းပြုံးပြလျက် ဖြေလိုက်၏။ "ဘာမှ မဖြစ်ပါဘူး အဘိုးရယ်။ လူငယ်ဧကရာဇ်လင်းချန်နဲ့အတူ ကျင့်ကြံပြီးတော့ ဒီလို ဖြစ်သွားတာပါ... သူ့ရဲ့ ကျင့်ကြံတဲ့ နည်းက ဒီလောက်ထိ ကြောက်စရာကောင်းမယ်လို့ ကျွန်တော် တကယ်ကို မထင်ထားခဲ့ဘူး..."
မြေးဖြစ်သူ၏ စကားကို ကြားလိုက်ရသောအခါ လေဟန် တစ်ယောက် အံ့အားသင့်သွားရပြန်၏။ သူ၏ မြေးသည် ကျင့်ကြံရာတွင် အမြဲတစေ လုံ့လဝီရိယ ရှိသူဖြစ်ပြီး ၊ ထိုအချက်ကြောင့်ပင် သူ အလွန် ဂုဏ်ယူခဲ့ရသည်။
သို့သော် လင်းချန်နှင့် တစ်ရက်ကြာမျှ လေ့ကျင့်ပြီးသည့်နောက် ၊ လင်းချန်၏ ကျင့်ကြံခြင်းနည်းလမ်းမှာ ကြောက်စရာကောင်းကြောင်း လေချန်က ဝန်ခံလာခြင်းက လေဟန်အား အလွန်ပင် အံ့ဩသွားစေတော့၏။
လေချန် အဘိုးဖြစ်သူ လေဟန်၏ တွဲကူမှုဖြင့် နေအိမ်သို့ ပြန်လာရင်း ဆက်ပြော၏။ "ဘာလို့လဲဆိုတော့ လူငယ်ဧကရာဇ်က ကျင့်ကြံနေချိန်မှာ လုံးဝကို မနားဘူးဗျ... မနက်ခင်း စကတည်းက စားဖို့သောက်ဖို့နဲ့ အပေါ့အလေး သွားဖို့ကလွဲရင် သူက လုံးဝကို မနားဘဲ ဆက်တိုက် ကျင့်ကြံနေတာ..."
"တစ်ခါမှတောင် မနားဘူး ဟုတ်လား..."
လေဟန်တစ်ယောက် မြေးဖြစ်သူ လေချန်၏ စကားကို ကြားပြီးနောက် တကယ်ပင် ထိတ်လန့်သွားရတော့သည်။
လူတစ်ယောက်၏ စိတ်စွမ်းအင်သည် အကန့်အသတ် ရှိ၏။ အလွန်အကျွံ ကျင့်ကြံပါက သွေးလေချောက်ချားပြီး ရူးသွပ်သွားနိုင်ကာ ပြဿနာများ ဖြစ်လာနိုင်သည်။
လူငယ်ဧကရာဇ်ဆိုသည့် အကောင်သည် မောပန်းခြင်းကို မခံစားရသည့် သံမဏိလူသားများ ဖြစ်နေသည်လော။
သို့သော်ငြားလည်း လေဟန်နှင့် လေချန်တို့ နှစ်ဦးစလုံး မသိကြသည့် အချက်မှာ လင်းချန် ဘဝနှစ်ခု ရှင်သန်ခဲ့ပြီး ၊ ဝိညာဉ်နှစ်ခု ပေါင်းစပ်ထားသူ ဖြစ်သောကြောင့် အကန့်အသတ်မဲ့ စိတ်စွမ်းအင်များကို ပိုင်ဆိုင်ထားခြင်းပင် ဖြစ်၏။
"တကယ့် ဘီလူးကောင်ပါပဲကွာ။ ဒီလို ပါရမီရှင်တစ်ယောက်ကို ရှုံးနိမ့်ရတာ သိပ်တော့မဆန်းပါဘူးလေ..."
--------------
တစ်ချိန်တည်း၌ပင် လေချန် ပြောဆိုနေသော ဘီလူးကောင် ဆိုသူမှာ ဆရာဖြစ်သူနှင့်အတူ ညစာစားပြီးနောက် ၊ ကျင့်ကြံခြင်းကို ဆက်ရန် သူ၏ အခန်းထဲသို့ ပြန်ရောက်နေပြီ ဖြစ်၏။ သူ၏ အခန်းထဲ၌ သစ်သားစည်ပိုင်းတစ်ခု ရှိပြီး ၊ ထိုအထဲတွင် အနီရောင် ဆေးရည်များ ကျန်ရှိနေသေးသည်။
ထိုသည်မှာ အခြားမဟုတ် ၊ နိဗ္ဗာန်မီးလျံဆေးရည်ပင် ဖြစ်သည်။ ကျူးကော့မင် ပေးပို့လာသော သတင်းစကားမှာ နိဗ္ဗာန်စက်ဝန်းကိုးသွယ် အကြောင်းပင် ဖြစ်၏။
သာမန် သိုင်းဝိညာဉ်ပညာရှင်တစ်ဦး၏ ကျင့်ကြံခြင်း လမ်းစဉ်အရ နိဗ္ဗာန်စက်ဝန်းကိုးသွယ်သို့ ရောက်ရှိပြီးပါက ကန့်သတ်ချက်သို့ ရောက်ရှိသွားပြီ ဖြစ်၏။
ထိုအချိန်၌ ဒန်တျန်အတွင်းရှိ စိတ်ဝိညာဉ်စွမ်းအားတို့သည် အလွန် ကျစ်လျစ်ခိုင်မာလာပြီး ၊ သိုင်းဝိညာဉ်ကို ထပ်မံ လှုံ့ဆော်နိုင်စွမ်း မရှိတော့ချေ။
ပြင်ပအားများကို အတင်းအဓမ္မ အသုံးပြုပါက ဒန်တျန်ကိုပင် ထိခိုက်ပျက်စီးစေနိုင်သည်။
ထို့အတွက်ကြောင့် သိုင်းဝိညာဉ်ပညာရှင်များသည် ထိုအခြေအနေရောက်လျှင် နောက်တစ်ဆင့်သို့ ချိုးဖျက်ဝင်ရောက်ရန် ပြင်ဆင်လေ့ ရှိကြ၏။
သို့သော် ကျူးကော့မင်၏ ကောင်းကင်လက်မှုပညာဌာနမှ သုတေသနပြုချက်များအရ ၊ ထိုသည်က သာမန် သိုင်းဝိညာဉ်ပညာရှင်များအတွက်သာ အကျုံးဝင်သည်။
လင်းချန်၏ အခြေအနေသည်ကား အနည်းငယ် ထူးခြားနေပုံ ရ၏။
အဘယ်ကြောင့်ဆိုသော် လင်းချန်ကမူ ထူးခြားစွာ သန်မာသော စိတ်စွမ်းအင်ဖြင့် ပြန်လည်မွေးဖွားလာပြီး ၊ ရှားပါးလှသော သိုင်းဝိညာဉ်နှစ်ခုကို ပိုင်ဆိုင်ထားသောကြောင့်ပင် ဖြစ်သည်။
ထို့အပြင် လင်းချန်၏ ရုပ်ပိုင်းဆိုင်ရာသည်လည်း ကောင်းကင်ဘုံကို အာခံနိုင်လောက်သည်အထိ ထူးခြားနေလျက်ရှိ၏။
ကျူးကော့မင်၏ တွက်ချက်မှုများအရ လင်းချန် နိဗ္ဗာန်မီးလျံဆေးရည်စိမ်ခြင်းဖြင့် နိဗ္ဗာန်စက်ဝန်းကိုးသွယ် ကန့်သတ်ချက်ကို ကျော်လွန်ကာ ဆက်လက် ကျင့်ကြံနိုင်ဦးမည် ဖြစ်သည်။
ယမန်နေ့က ဟွာရှာအင်ပါယာသို့ ပြန်ရောက်ချိန်၌ လင်းချန် အဆိုပါ အစီအစဉ်၏ လုပ်ဆောင်ပုံများနှင့် ပတ်သက်၍ ကျူးကော့မင်နှင့် သေချာစွာ ဆွေးနွေးတိုင်ပင်ခဲ့ပြီးဖြစ်၏။
ယခုအချိန်သည် လင်းချန်အတွက် ထိုကန့်သတ်ချက်များကို ချိုးဖျက်ရန် ကြိုးစားရမည့် အချိန်ပင် ဖြစ်တော့သည်။
အဝတ်အစားများကို ချွတ်လိုက်ပြီးနောက် လင်းချန် ပြီးခဲ့သော အကြိမ်ကဲ့သို့ပင် သစ်သားစည်ပိုင်းထဲသို့ ဝင်ရောက်ထိုင်လိုက်ပြီး ၊ နိဗ္ဗာန်မီးလျံဆေးရည်များဖြင့် ခန္ဓာကိုယ်ကို စိမ်ထားလိုက်၏။
ပူလောင်ပြီး ပြင်းထန်သော ဆေးစွမ်းအားများသည် ချော်ရည်ပူများကဲ့သို့ လင်းချန်၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာပြီး ၊ သူ၏ ဤမကြုံစဖူး လုပ်ရပ်အား အောင်မြင်စေရန် ထပ်မံ ကူညီပေးနေလျက်ရှိသည်။
--------------
ဟွာရှာအင်ပါယာအတွင်းရှိ ခန်းမဆောင်ကြီးထဲ၌မူ ကျူးကော့မင်သည် ကောင်းကင်လက်မှုပညာဌာနမှ ထိပ်တန်းပညာရှင် သုံးသိန်းကို ဦးဆောင်ကာ ၊ ကောင်းကင်လမ်းကြောင်းမှတစ်ဆင့် လင်းချန်၏ ဒန်တျန်သို့ စိတ်ဝိညာဉ်စွမ်းအင် ပို့လွှတ်မှုကို ထိန်းချုပ်ရန် အသင့်အနေအထားဖြင့် စောင့်ဆိုင်းနေကြ၏။
ဤကိစ္စသည် သူတို့၏ ဧကရာဇ် လင်းချန်အတွက် အလွန်ပင် အရေးကြီးသဖြင့် ပေါ့ဆ၍ မရပေ။ ထို့အတွက်ကြောင့် ပညာရှင်အားလုံး၏ မျက်နှာများမှာ လေးနက်တည်ကြည်နေကြသည်။
ထောင်ပေါင်းများစွာသော နည်းဗျူဟာမှန်ပြင်များပေါ်တွင် အချက်အလက်များ စတင် လှုပ်ရှားလာသည်ကို မြင်လိုက်ရသောအခါ ၊ ကျူးကော့မင် ကျယ်လောင်စွာ ဟစ်ကြွေးလိုက်တော့၏။
"အရှင်မင်းကြီးအတွက်..."
--------------
နိဗ္ဗာန်မီးလျံဆေးရည်စည်ပိုင်းထဲတွင်မူ ပြင်းထန်သော ဆေးစွမ်းအားများသည် လင်းချန်၏ ဒန်တျန်အတွင်းရှိ အခြေတည် စိတ်ဝိညာဉ်စွမ်းအားများကို အဆက်မပြတ် ရိုက်ခတ်နေလျက်ရှိသည်။
ယခုအချိန်၌ လင်းချန်၏ နိဗ္ဗာန်စက်ဝန်းကိုးသွယ် စိတ်ဝိညာဉ်စွမ်းအားများသည် အလွန်ပင် ကျစ်လျစ်ခိုင်မာနေပြီ ဖြစ်၏။
လင်းချန် နိဗ္ဗာန်မီးလျံဆေးရည်မှ ဆေးစွမ်းအားများကို အသုံးပြုလျက် ၊ ကျူးကော့မင်၏ ကောင်းကင်လမ်းကြောင်းမှ ဆင်းသက်လာသော စိတ်ဝိညာဉ်စွမ်းအင်များဖြင့် ဒန်တျန်အတွင်းရှိ အခြေတည် စိတ်ဝိညာဉ်စွမ်းအားများကို ဖြိုခွင်းရန် ကြိုးစားနေခြင်း ဖြစ်သည်။
လင်းချန်၏ ဒန်တျန်အတွင်း၌ စိတ်ဝိညာဉ်စွမ်းအားများသည် စူးရှတောက်ပသော ကြယ်တာရာ နက်ဗျူလာတစ်ခုကဲ့သို့ တည်ရှိနေကြ၏။
ထိုနက်ဗျူလာကဲ့သို့သော စိတ်ဝိညာဉ်စွမ်းအားများ၏ အလယ်ဗဟို၌ မိုးကြိုးလျှပ်စီးဓားနှင့် တိမ်တိုက်ဓားတို့ မျောလွင့်နေကြသည်။ တစ်လက်က လျှပ်စီးများ တလက်လက် တောက်ပနေပြီး ၊ အခြားတစ်လက်ကမူ အေးစက်သော အငွေ့အသက်များကို ထုတ်လွှတ်နေ၏။
ဆူပွက်ပူပြင်းလှသည့် ဆေးစွမ်းအားများနှင့် ကောင်းကင်လမ်းကြောင်းမှ စိတ်ဝိညာဉ်စွမ်းအားများ ပေါင်းဆုံသွားမှုကြောင့် လင်းချန်၏ ဒန်တျန်မှာ ချက်ချင်းပင် ပေါက်ကွဲထွက်မတတ် ဖြစ်သွားရတော့သည်။
ထိုကဲ့သို့ အရေးကြီးသော အချိန်၌ လင်းချန် စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး ၊ ထိုစွမ်းအားနှစ်ခုကို သေချာစွာ ထိန်းချုပ်လိုက်၏။
ကောင်းကင်လမ်းကြောင်းမှ ပေါက်ကွဲထွက်ပေါ်လာသော သဘာဝ စိတ်ဝိညာဉ်စွမ်းအင်များသည် ချက်ချင်းပင် သန့်စင်သွားပြီးနောက် ၊ ဆူပွက်နေသော ဆေးစွမ်းအားများနှင့်အတူ စိတ်ဝိညာဉ်စွမ်းအားများထဲသို့ ပေါင်းစပ်ဝင်ရောက်သွားတော့သည်။
ဆေးစွမ်းအားသည် လွန်သွားတစ်ခုကဲ့သို့ ဖြစ်နေပြီး ၊ သန့်စင်ထားသော စိတ်ဝိညာဉ်စွမ်းအားသည် တူတစ်လက်ကဲ့သို့ ဖြစ်နေကာ ထိုလွန်သွားအား စိတ်ဝိညာဉ်စွမ်းအား နက်ဗျူလာထဲသို့ အဆက်မပြတ် ရိုက်သွင်းနေတော့၏။
ထိုကဲ့သို့ ပြင်းထန်သော နာကျင်မှု ဖြစ်စဉ်အောက်တွင် လင်းချန်၏ ဒန်တျန်သည် လျင်မြန်စွာ ကျယ်ပြန့်လာသည်။
ကံကောင်းသည်မှာ သူ၏ ခန္ဓာကိုယ်သည် သန်မာပြီး ကြံ့ခိုင်သော သွေးကြောများ ၊ ဒန်တျန် ၊ အသားနှင့် အရိုးများ ရှိနေသဖြင့်သာ ခံနိုင်ရည် ရှိနေခြင်း ဖြစ်၏။ သာမန် သိုင်းဝိညာဉ်ပညာရှင်သာ ဆိုပါက ယခုအချိန်တွင် ပေါက်ကွဲသေဆုံးသွားလောက်ပြီ ဖြစ်သည်။
"ဒင်... ဒင်... ဒင်..."
သန့်စင်ထားသော စိတ်ဝိညာဉ်စွမ်းအားသည် တူတစ်လက်အသွင်ပြောင်းကာ ဆေးစွမ်းအားများအား စိတ်ဝိညာဉ်စွမ်းအား နက်ဗျူလာထဲသို့ ရိုက်သွင်းလိုက်တိုင်း ၊ လင်းချန်၏ ခန္ဓာကိုယ်ထဲမှ ထုရိုက်သံများ ထွက်ပေါ်လာနေလျက်ရှိ၏။
ထုရိုက်လိုက်သည့် အကြိမ်တိုင်းတွင် လင်းချန် ပြင်းထန်သော နာကျင်မှုကြောင့် တစ်ကိုယ်လုံး ကြမ်းတမ်းစွာ လှုပ်ရမ်းတုန်ခါသွားရသည်။
ဆိုးရွားလှသော နာကျင်မှုကြောင့် လင်းချန်မှာ သတိလစ်မတတ် ဖြစ်သွားရတော့၏။
လင်းချန် ကြိုးစားနေသည့်အရာမှာ မည်သူမျှ မလုပ်ဆောင်ဖူးသော စံချိန်တင် ကန့်သတ်ချက်များကို ချိုးဖျက်ရန်ပင် ဖြစ်သည်။
အချိန် နှစ်နာရီခန့် ကုန်လွန်သွားပြီးနောက်တွင် ၊ လင်းချန်၏ ဒန်တျန်အတွင်းရှိ စိတ်ဝိညာဉ်စွမ်းအား နက်ဗျူလာသည် နိဗ္ဗာန်မီးလျံဆေးရည်မှ ပူပြင်းသော ဆေးစွမ်းအားများနှင့် အပြည့်အဝ ပြည့်နှက်သွားပြီ ဖြစ်၏။
ထိုစဉ် လင်းချန် ဆုံးဖြတ်ချက် ချလိုက်သည့်အလား စိတ်ကို တင်းလိုက်ပြီး ၊ သူ၏ သိုင်းစိတ်ဝိညာဉ်စွမ်းအားအား နက်ဗျူလာဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်တော့၏။
လင်းချန် စိတ်ထဲမှ အော်ဟစ်လိုက်၏။ "ကွဲထွက်သွားစမ်း..."
ထို့နောက် ဒန်တျန်အတွင်းရှိ စိတ်ဝိညာဉ်စွမ်းအား နက်ဗျူလာထဲမှ ဆေးစွမ်းအားများသည် ရိုက်ခတ်မှုကြောင့် လှုံ့ဆော်ခံလိုက်ရပြီး ၊ ပြင်းထန်စွာ ပေါက်ကွဲထွက်သွားတော့သည်။
ဘုန်းးး
လင်းချန် ခန္ဓာကိုယ်ထဲမှ ပဲ့တင်ထပ်သံများကိုသာ ကြားလိုက်ရပြီး ၊ တစ်ကိုယ်လုံး စုတ်ပြဲထွက်သွားမတတ် ခံစားလိုက်ရကာ မျက်လုံးများ မှိတ်ကျသွားပြီး သတိလစ်သွားတော့၏။
ကံကောင်းသည်မှာ စည်ပိုင်းထဲရှိ ဆေးရည်များသည် ကုန်ခမ်းသွားသဖြင့် ရေမျက်နှာပြင်သည် လင်းချန်၏ ရင်ဘတ်အထိသာ ရှိနေတော့ခြင်း ဖြစ်သည်။ သို့မဟုတ်ပါက သူ သတိလစ်နေစဉ်အတွင်း ရေနစ်သေဆုံးသွားရပေလိမ့်မည်။
--------------
နံနက်ခင်း နေရောင်ခြည်သည် ပြတင်းပေါက်မှတစ်ဆင့် အခန်းထဲသို့ ဝင်ရောက်လာသောအခါ လင်းချန် သတိပြန်လည်လာပြီး အဝတ်အစားများ ပြန်ဝတ်ဆင်လိုက်၏။
လင်းချန် ဖြန့်ထားသော သူ၏ လက်များကို ငုံ့ကြည့်လိုက်ပြီးနောက် ၊ သူ၏ နယ်ပယ်သည် နေယွမ်နယ်ပယ် ပထမနယ်ပယ်သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း ရှင်းလင်းစွာ အာရုံခံမိလိုက်သည်။
ချက်ချင်းပင် စိတ်ဝိညာဉ်စွမ်းအားများသည် သူ၏ ခန္ဓာကိုယ်မှ တိုးထွက်လာပြီး သူ့အား ရစ်ပတ်သွား၏။
လင်းချန် သူ၏ လက်မောင်းပေါ်ရှိ စိတ်ဝိညာဉ်စွမ်းအားမှ ထုတ်လွှတ်သော အငွေ့အသက်ကို စိုက်ကြည့်ရင်း မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်ထွက်လာသည်။
"တစ် ၊ နှစ် ၊ သုံး... တစ်ဆယ်..."
သူ၏ ခန္ဓာကိုယ်ပေါ်ရှိ စိတ်ဝိညာဉ်စွမ်းအား အငွေ့အသက်တွင် အလွှာဆယ်လွှာ အမှန်တကယ် ရှိနေကြောင်း အတည်ပြုပြီးနောက် ၊ လင်းချန် လက်သီးကို တင်းတင်းဆုပ်လိုက်၏။
"အောင်မြင်ပြီဟေ့..."
နေယွမ်နယ်ပယ် သိုင်းဝိညာဉ်ပညာရှင်တစ်ဦးသည် နိဗ္ဗာန်စက်ဝန်းအသွယ် မည်မျှကို ပြီးမြောက်ခဲ့သနည်း ၊ သို့မဟုတ် နိဗ္ဗာန်နယ်ပယ် သိုင်းဝိညာဉ်ပညာရှင်တစ်ဦးသည် ကန့်သတ်ချက်ကို မည်မျှ ချိုးဖျက်ခဲ့သနည်း ဆိုသည်ကို သိရှိရန်မှာ ရိုးရှင်းလှသည်။
သူတို့၏ စိတ်ဝိညာဉ်စွမ်းအားများ ပေါက်ကွဲထွက်လာချိန်တွင် စိတ်ဝိညာဉ်စွမ်းအား အလွှာ မည်မျှ ထွက်ပေါ်လာသည်ကို ကြည့်ရုံဖြင့် ရှင်းလင်းစွာ သိနိုင်၏။
သူ၏ ခန္ဓာကိုယ်ပေါ်ရှိ စိတ်ဝိညာဉ်စွမ်းအား အလွှာဆယ်ခုကို ကြည့်ပြီးနောက် သူ စံချိန်တင် အောင်မြင်သွားပြီ ဖြစ်ကြောင်း လင်းချန် နားလည်လိုက်သည်။
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၇ ၊ အတွဲ ၁ ၊ အပိုင်း ၆၁ + ၆၂ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
Editor - Author Chang'e 🌕
True Immortal Team