အခန်း (၆၃-၆၄)
Vol. 7 Ch. 63-64
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၇ ၊ အတွဲ ၁ ၊ အပိုင်း ၆၃ + ၆၄
ဘာသာပြန် - Author Ko Yoohtoo
Editor - Author Chang'e 🌕
True Immortal Team
"ကျူးကော့မင်ရဲ့ တွက်ချက်မှုအရ ငါက အများဆုံးအနေနဲ့ နိဗ္ဗာန် ၁၂ သွယ်အထိ ပြီးမြောက်နိုင်တယ်"
ဤအကြောင်းကို တွေးမိသောအခါ လင်းချန်မှာ အလွန်ပင် မျှော်လင့်တကြီး ဖြစ်သွားရသည်။
"နိဗ္ဗာန် ၁၂ သွယ်ပြီးသွားရင် ဘိုးဘေးအဆင့် သိုင်းဝိညာဉ်နှစ်ခု နိုးထလာမယ့် အကျိုးသက်ရောက်မှုက ဘယ်လိုများ ဖြစ်လာမလဲ"
သူ ပို၍ သန်မာလာလေလေ လင်းချန် ပို၍ ပျော်ရွှင်ရလေလေ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုသို့ဖြစ်မှသာ သူ၏ စွမ်းအားများ လျင်မြန်စွာ တိုးတက်လာပြီး မိဘများကို ကယ်တင်နိုင်လောက်သည့်အထိ စွမ်းဆောင်နိုင်မည် ဖြစ်သောကြောင့်ပင်။
ဤဘဝတွင်မူ သူသည် မိဘမဲ့တစ်ယောက် မဖြစ်စေရန် ဆုံးဖြတ်ထား၏။ သစ်သားစည်ပိုင်းအား ကောင်းကင်လမ်းကြောင်းထဲသို့ သိမ်းဆည်းကာ ဟွာရှာအင်ပါယာသို့ ပို့ဆောင်လိုက်ပြီးနောက် လင်းချန် တံခါးကို တွန်းဖွင့်လိုက်သည်။
အိမ်ထဲမှ ထွက်လိုက်သည်နှင့် ခြံဝင်းထဲ၌ စောစီးစွာ ရောက်ရှိ စောင့်ဆိုင်းနေသော ဝေဝူရွှမ်ကို လင်းချန် တွေ့လိုက်ရသည်။ တပည့်ဖြစ်သူ ထွက်လာသည်ကို မြင်သောအခါ ဝေဝူရွှမ် လင်းချန်ထံသို့ အလျင်အမြန် လျှောက်လာပြီး စမ်းသပ်စစ်ဆေးရန်အတွက် လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်၏။
လင်းချန်မှာ ဤအခြေအနေကို ကြိုတင်မျှော်လင့်ထားပြီးဖြစ်ရာ ငြင်းဆန်ခြင်း မပြုဘဲ ဝေဝူရွှမ် စစ်ဆေးသည်ကို ခွင့်ပြုထားလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဆရာဖြစ်သူက သူ့အတွက် စိတ်ပူနေကြောင်းကို သူသိထားသောကြောင့်ပင် ဖြစ်သည်။
ထို့အပြင် သူ၏ ဒန်တျန်အတွင်းမှ ထူးခြားမှုကို ဆရာဖြစ်သူ ရှာဖွေတွေ့ရှိသွားမည်ကိုလည်း လင်းချန် မစိုးရိမ်ပေ။
ဟွာရှာအင်ပါယာ အပြည့်အဝ ပြန်လည်ကောင်းမွန်လာသည်နှင့်အမျှ ကိုယ်ယောင်ဖျောက်အစီအရင်သည်လည်း လင်းချန်၏ ခန္ဓာကိုယ်အတွင်း စတင် အလုပ်လုပ်ဆောင်နေပြီ ဖြစ်သည်။
ဟွာရှာအင်ပါယာ၏ စွမ်းအားဖြင့် ဤကမ္ဘာပေါ်တွင် သူ၏ ခန္ဓာကိုယ် အခြေအနေမှန်ကို မည်သူကမျှ အပြည့်အဝ စမ်းသပ်စစ်ဆေးနိုင်မည် မဟုတ်ပေ။
ဝေဝူရွှမ် အာရုံခံနိုင်မည့်အရာမှာ ဘိုးဘေးအဆင့် သိုင်းဝိညာဉ်ဖြစ်သော မိုးကြိုးလျှပ်စီးဓားနှင့် သာမန် ဒန်တျန်တစ်ခုသာ ဖြစ်ပေလိမ့်မည်။
တိမ်တိုက်ဓားနှင့် ကောင်းကင်လမ်းကြောင်းကိုမူ ဝေဝူရွှမ် လုံးဝ အာရုံခံနိုင်မည် မဟုတ်ပေ။
"ကံကောင်းလို့ ဘာမှမဖြစ်သွားတာပဲ"
လက်ကို ပြန်ရုပ်လိုက်ပြီးနောက် ဝေဝူရွှမ် စိုးရိမ်မှု မပြေသေးသော မျက်လုံးများဖြင့် လင်းချန်ကို ကြည့်ကာ ဆိုလိုက်သည်။
"မင်းက တကယ် သတ္တိကောင်းတာပဲ။ ဉာဏ်အလင်းပွင့်နယ်ပယ် ကျွမ်းကျင်သူတစ်ယောက်ရဲ့ အကူအညီ မပါဘဲနဲ့ ကန့်သတ်ချက်ကို ချိုးဖျက်ပြီး နိဗ္ဗာန်စက်ဝန်းဆယ်သွယ်ကို ပြီးမြောက်အောင် လုပ်နိုင်ခဲ့တယ်။ သေမင်းနဲ့ စစ်ခင်းလိုက်သလိုပဲ"
ဝေဝူရွှမ်၏ စကားကို ကြားသောအခါ လင်းချန် အနည်းငယ် အံ့သြသွားသည်။
"ဆရာ... နိဗ္ဗာန်စက်ဝန်းဆယ်သွယ်ပြီးမြောက်တဲ့သူကို မြင်ဖူးလို့လား"
ဝေဝူရွှမ် ခေါင်းညိတ်ပြလိုက်သည်။
"ကမ်းရိုးတန်းပြည်နယ်က ဝေးလံခေါင်ဖျားပြီး အရင်းအမြစ် ရှားပါးတယ်။ အပြင်ဘက်က ကျယ်ပြန့်တဲ့ ကမ္ဘာကြီးထဲမှာတော့ နိဗ္ဗာန်စက်ဝန်းဆယ်ဆင့် ပြီးမြောက်ထားတဲ့ ပြိုင်ဘက်ကင်း ပါရမီရှင်တွေ တကယ်ကို ရှိကြတယ်။ ဒါပေမဲ့ သူတို့က ဖီးနစ်ငှက်ရဲ့ အမွေးအတောင်လိုပဲ ရှားပါးလွန်းလှတယ်"
ထိုစကားကို ကြားသောအခါ လင်းချန် ခေါင်းညိတ်လိုက်ပြီး နိဗ္ဗာန်စက်ဝန်းဆယ်သွယ်အား ချိုးဖျက်နိုင်သူမှာ သူတစ်ယောက်တည်း မဟုတ်ကြောင်း သဘောပေါက်သွားတောာ့၏။
'လူ့အပေါ်မှာ လူရှိသလို တောင်အပေါ်မှာ တောင်ရှိသေးတာပဲ။ ငါ သိပ်ပြီး ဘဝင်မြင့်လို့ မဖြစ်သေးဘူး'
လင်းချန် သူ၏ မာနကို ထိန်းချုပ်ရန် စိတ်ထဲမှ တွေးတောလိုက်သည်။
သို့သော် ဤမိုက်ရူးရဲဆန်သော တပည့်ကြောင့် ဝေဝူရွှမ်မှာ စိုးရိမ်တုန်လှုပ်နေရကြောင်းကိုမူ လင်းချန် မသိပေ။
ဉာဏ်အလင်းပွင့်နယ်ပယ် ကျွမ်းကျင်သူ၏ အကူအညီ မပါဘဲ ကိုယ့်ခွန်အားကိုယ်ကိုးကာ နိဗ္ဗာန်စက်ဝန်းဆယ်သွယ်ကို အောင်မြင်စွာ ပြီးမြောက်နိုင်ခဲ့သည်မှာ အံဩဖွယ်ကောင်းလှ၏။
'ဒီကောင်လေးက ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ ဘီလူးကောင် ဖြစ်နေရတာလဲ'
ဝေဝူရွှမ် စိတ်ထဲ၌ အံ့သြတကြီး ဖြစ်နေပြီး လင်းချန်ကို လမ်းညွှန်ပြသရန်ပင် သူ၏ အရည်အချင်းက မမီတော့သလို ခံစားလိုက်ရသည်။
ခဏကြာပြီးနောက် လင်းချန် ဝေဝူရွှမ်အား ရုတ်တရက် မေးလိုက်သည်။
"ဆရာ... ကမ်းရိုးတန်းပြည်နယ်ရဲ့ အပြင်ဘက်မှာ နိဗ္ဗာန်စက်ဝန်း ၁၁ သွယ် ဒါမှမဟုတ် ၁၂ သွယ်အထိ ချိုးဖျက်နိုင်တဲ့သူ ရှိလား"
လင်းချန်၏ မေးခွန်းကို ကြားသောအခါ ဝေဝူရွှမ် ရယ်မောလိုက်ပြီး ခေါင်းခါလျက် တုံ့ပြန်လိုက်သည်။
"စိတ်ကူးယဉ်မနေနဲ့။ နိဗ္ဗာန်စက်ဝန်း ၁၀ သွယ်အထိ ချိုးဖျက်နိုင်တာကတင် မိုးနဲ့မြေကြားမှာ ကျော်ကြားတဲ့ ထိပ်တန်းပါရမီရှင် ဖြစ်နေပြီ။ နိဗ္ဗာန်စက်ဝန်း ၁၁ သွယ်နဲ့ ၁၂ သွယ်ဆိုတာ လုံးဝ မဖြစ်နိုင်တဲ့ စိတ်ကူးယဉ်နေတာ သက်သက်ပဲ"
"အဲဒါကို တွေးတောင် မတွေးနဲ့။ ပြီးတော့ မိုက်မိုက်ကန်းကန်းတွေလည်း လျှောက်မလုပ်နဲ့နော်"
လင်းချန် အပေါ်ယံ၌ ခေါင်းညိတ်ပြလိုက်ပြီး ဝေဝူရွှမ်ကို ကြည့်ကာ စိတ်ထဲမှ တွေးလိုက်သည်။
'ကျူးကော့မင်က စိတ်ချရတယ်။ နိဗ္ဗာန် ၁၁ ဆင့်နဲ့ ၁၂ ဆင့်က တကယ်ပဲ စိတ်ကူးယဉ်သက်သက် ဟုတ်မဟုတ် စောင့်ကြည့်ရသေးတာပေါ့'
ထိုအချိန်၌ပင် လေချန် အထဲသို့ ရုတ်တရက် ဝုန်းဒိုင်းကြဲ ဝင်ရောက်လာသည်။
"မဟန်တော့ဘူး ခေါင်းဆောင်ရေ... လျူမင်က ရှေးဟောင်းအမွေအနှစ်နယ်မြေထဲ ဝင်ခွင့်ရဖို့အတွက် ခေါင်းဆောင်ကို စိန်ခေါ်ချင်နေတယ်"
"လိုချင်ရင် လာလုခိုင်းလိုက်လေ။ ငါက သူ့ကို ကြောက်နေမယ်လို့ မင်း ထင်လို့လား" လင်းချန်က ဂရုမစိုက်သကဲ့သို့ လေချန်အား လက်ကာပြလိုက်သည်။."ကျင့်ကြံဖို့ ပြင်ဆင်တော့။ ငါတို့ ပုံမှန်အတိုင်း လေ့ကျင့်ကြမယ်"
သို့သော် လေချန်ကမူ မျက်လုံးများ ပြူးကျယ်သွားရပြီး မယုံနိုင်စွာဖြင့် အော်ဟစ်လိုက်တော့၏။."ဘယ်... ဘယ်လိုဖြစ်တာလဲ ခေါင်းဆောင်။ ခေါင်းဆောင်ရဲ့ ကျင့်ကြံခြင်းအဆင့်က ပထမအဆင့်ကို ပြန်ကျသွားတာလား"
လင်းချန်၏ နယ်ပယ်အဆင့်ကို အာရုံခံမိသောအခါ လေချန်၏ စိတ်ထဲ၌ ဖြစ်နိုင်ချေတစ်ခု ပေါ်လာသည်။
နေယွမ်နယ်ပယ် ကိုးဆင့်မှ ပထမဆင့်သို့ ကျဆင်းသွားခြင်းသည် နိဗ္ဗာန်စက်ဝန်းကျင့်ကြံခြင်းအသွယ် တစ်သွယ် ပြီးမြောက်သည့်အချိန်၌သာ ဖြစ်ပေါ်လေ့ရှိ၏။
သို့သော် သေခြင်းရှင်ခြင်းတိုက်ပွဲအတွင်း၌ လင်းချန်၏ စိတ်ဝိညာဉ်စွမ်းအားနှင့် ဝိညာဉ်အလင်းတန်းတို့သည် အလွှာကိုးလွှာ ရှိနှင့်နေပြီးဖြစ်ကြောင်း လေချန် ရှင်းရှင်းလင်းလင်း မှတ်မိနေသည်။ နိဗ္ဗာန်ကိုးသွယ် ပြီးမြောက်ထားရုံသည်က သူ့ထက်ပင် တစ်ဆင့်သာလွန်နေခြင်းဖြစ်ပြီး အလွန်အံ့သြဖွယ် ကောင်းလှ၏။
ယခုအချိန်၌ နတ်ဓားဂိုဏ်း အတွင်းစည်းတပည့်များထဲ၌ အထူးချွန်ဆုံးလူများသာ နိဗ္ဗာန်ကိုးသွယ်ချိုးဖျက်ဝင်ရောက်ခြင်းကို ပြီးမြောက်ထားကြောင်း သိထားရပေမည်။
နိဗ္ဗာန်ကိုးသွယ်ပြီးမြောက်ထားသည်မှာ ထင်ရှားနေသော်လည်း ယခုအခါ ကျင့်ကြံခြင်းအဆင့် ထပ်မံ ကျဆင်းသွားပြန်ပြီ ဖြစ်သည်။
လင်းချန်ကမူ ရှင်းပြမနေတော့ဘဲ သူ၏ ခန္ဓာကိုယ်အတွင်းရှိ စိတ်ဝိညာဉ်စွမ်းအားကို လှုံ့ဆော်ကာ လေချန်အား ထုတ်ဖော်ပြသလိုက်သည်။
"တစ်... နှစ်... သုံး... လေး... တစ်ဆယ်"
လင်းချန်၏ ခန္ဓာကိုယ်ပေါ်ရှိ ဝိညာဉ်အလင်းတန်းများကို သေချာစွာ ရေတွက်ကြည့်ပြီးနောက် လေချန် ကြက်သေသေသွားရတော့သည်။
မူလက နိဗ္ဗာန်ရှစ်သွယ် ပြီးမြောက်ထားသဖြင့် ဂုဏ်ယူနေသော လေချန်မဗာ လင်းချန်၏ ခန္ဓာကိုယ်ပေါ်မှ ဖြစ်စဉ်ကြောင့် လုံးဝ မှင်သက်သွားရတော့၏။ သူသည် ပုံမှန်မဟုတ်သော လူများကို မြင်ဖူးသော်လည်း ဤမျှအထိ ထူးခြားသောသူမျိုးကိုမူ တစ်ခါမျှ မမြင်ဖူးခဲ့ဟပေ။
ရုတ်တရက်ဆိုသလိုပင် လေချန်သည် ဤကဲ့သို့ ကောင်းကင်ဘုံကို အာခံနိုင်သော ဘီလူးကောင်မျိုးအား ခေါင်းဆောင်ဟု ဖားယားခေါ်ဆိုရသည်မှာ တကယ်တမ်းတွင် ကောင်းမွန်သော အပေးအယူတစ်ခု ဖြစ်သည်ဟု ခံစားလိုက်ရသည်။
"ဒါနဲ့ စကားမစပ်... ရှေးဟောင်းအမွေအနှစ်နယ်မြေထဲ ဝင်ခွင့်ရဖို့ နေရာကို ယှဉ်ပြိုင်ယူလို့ ရသေးတာလား" ခဏကြာပြီးနောက် လင်းချန် အသိစိတ် ပြန်ဝင်လာပြီး မေးလိုက်သည်။
လေချန် သူ၏ မျက်နှာကို ပွတ်သပ်လိုက်ပြီး လန့်ဖျပ်မှုများကို ငြိမ်သက်အောင် လုပ်လိုက်သည်။ "ရပါတယ်။ ရှေးဟောင်းအမွေအနှစ်နယ်မြေဆီ မသွားခင်မှာ နေရာရထားတဲ့သူကို စိန်ခေါ်လို့ရပြီး နိုင်ရင် သူ့နေရာကို ရမှာပါ"
"ဒါ့အပြင် တပည့်တွေကြားထဲမှာ ယှဉ်ပြိုင်လိုစိတ် ဖြစ်လာအောင်လို့ စိန်ခေါ်ခံရတဲ့သူက စိန်ခေါ်မှုကို မဖြစ်မနေ လက်ခံရမယ်လို့ ဂိုဏ်းက သတ်မှတ်ထားပါတယ်"
ထိုစကားကို ကြားသောအခါ လင်းချန် လေချန်အား သံသယဖြင့် စိုက်ကြည့်လိုက်သည်။ "ထူးဆန်းတယ်။ မင်းက အတွင်းစည်း အင်အားအဆင့်သတ်မှတ်ချက်မှာ အဆင့် ၁၀ ပဲ ရှိတာ။ ဘာလို့ မင်းကို ဘယ်သူမှ လာမစိန်ခေါ်ကြတာလဲ"
လင်းချန်က ထိုသို့ မေးလာသောအခါ လေချန်မှာ အနေခက်စွာ ပြုံးလိုက်ရ၏။ "ကျွန်တော့်အဖိုးကြောင့်လေ။ သူတို့ ကြောက်ကြတယ်"
"ငါ့ဆရာက စစ်ဧကရာဇ် ဖြစ်နေတုန်းပဲလေ။ ဒါပေမဲ့ သူတို့က ငါ့ကိုကျ စိန်ခေါ်ရဲကြတယ်ပေါ့...။ ဆရာ... သူတို့ ဆရာ့ကို အထင်သေးနေကြပြီ" လင်းချန် စိတ်ဆိုးဟန်ဆောင်ပြီး ခေါင်းလှည့်ကာ ညည်းညူလိုက်သည်။
ဝေဝူရွှမ်ကမူ တည်ငြိမ်စွာ ပြုံးလိုက်၏။
"သူတို့အားလုံးက ငါ့ရောဂါက ကုမရတော့ဘဲ သိပ်အကြာကြီး မနေရတော့ဘူးလို့ ထင်နေကြတာကိုး။ သေခါနီး စစ်ဧကရာဇ်တစ်ပါးကို ဘာကြောက်စရာလိုတော့မှာလဲ"
"စစ်ဧကရာဇ်ရဲ့ တာအိုနှလုံးသားကို ကျွန်တော် လေးစားပါတယ်ဗျာ" သေခြင်းရှင်ခြင်းအပေါ် ဂရုမစိုက်သော ဝေဝူရွှမ်၏ သဘောထားကြောင့် လေချန် စိတ်လှုပ်ရှားသွားပြီး ဝေဝူရွှမ်အား လေးစားစွာ ဦးညွှတ်လိုက်သည်။
ဝေဝူရွှမ်ကမူ ထွေထွေထူးထူး ရှင်းပြမနေတော့ဘဲ ပြုံးရုံသာ ပြုံးပြလိုက်တော့သည်။
"ဒီပြဿနာကို ငါ့တပည့် မင်းကိုယ်တိုင် ဖြေရှင်းရလိမ့်မယ်" ထိုသို့ ဆိုပြီးနောက် ဝေဝူရွှမ် လှည့်ထွက်သွားပြီး အခန်းထဲသို့ တန်းတန်းမတ်မတ် ပြန်ဝင်သွားရာ လင်းချန်နှင့် လေချန်တို့သာ ကျန်ရစ်ခဲ့တော့သည်။
"အခု ကျွန်တော်တို့ ဘာလုပ်ကြမလဲ" ဝေဝူရွှမ် ထွက်သွားပြီးနောက် လေချန်သည် လင်းချန်ကို ကြည့်ကာ မေးလိုက်သည်။
"စစ်သည်တွေ လာရင် တိုက်ခိုက်ရမှာပေါ့။ ရေတွေ ကြီးလာရင် မြေကြီးနဲ့ ဖို့ပစ်ရမှာပေါ့။ သူက ငါ့ကို အားနည်းမယ်ထင်နေရင် သူနဲ့ တိုက်ခိုက်ပေးလိုက်တာပေါ့။ ဘာဖြစ်မှာမို့လို့လဲ" လင်းချန်သည်တော့ ဂရုမစိုက်သကဲ့သို့ ပခုံးတွန့်ပြလိုက်ပြီး လေချန်ကို ပြန်မေးလိုက်သည်။
"စိန်ခေါ်ပွဲရဲ့ နည်းလမ်းအတိအကျက ဘာလဲ။ ငါ အခု သူ့ကို သွားချရမှာလား"
လေချန် အလျင်အမြန် ခေါင်းခါပြလိုက်ပြီး ရှင်းပြလိုက်သည်။ "အဲဒီလိုတော့ မဟုတ်ဘူး။ လျူမင်က ခေါင်းဆောင်ကို စိန်ခေါ်မယ်လို့ ကြေညာထားပြီးပြီ။ နောက်အပတ် နေ့လည်ကျရင် ၁၃ ခုမြောက် ပြိုင်ပွဲစင်မြင့်မှာ တွေ့မယ်လို့ ချိန်းဆိုထားတယ်။ စည်းကမ်းတွေအရ ခေါင်းဆောင်သာ မသွားဘူးဆိုရင် နေရာက သူ့အပိုင် ဖြစ်သွားလိမ့်မယ်"
"အဲဒါဆိုရင် နောက် ၇ ရက်နေရင် ငါ သွားမယ်" ထိုသို့ ဆိုပြီးနောက် လင်းချန် ရုတ်တရက် လေချန်ကို ကန်ထုတ်လိုက်ရာ လေချန်မှာ လွင့်ထွက်သွားရတော့သည်။
လေချန် အငိုက်မိသွားပြီး တည့်တည့် အကန်ခံလိုက်ရသဖြင့် ထိုသို့ လွင့်စင်သွားခြင်းပင် ဖြစ်လေ၏။ လေချန်သည် ရင်ဘတ်ကို ဖိရင်း မျက်နှာရှုံ့မဲ့ကာ ကုန်းရုန်းထရန် ကြိုးစားနေစဉ် လင်းချန် ပြုံးလိုက်၏။
"ကဲ... အခု လေ့ကျင်တာကို စလိုက်ကြရအောင်"
--------------
ဓားနတ်ဘုရားဂိုဏ်းအတွင်းရှိ တဲအိမ်လေး၏ အပြင်ဘက်၌ ဓားသူတော်စင်မယ်သည် သူမ၏ လက်ထဲရှိ သလင်းကျောက်တုံးပေါ်၌ ပေါ်လာသော အကြောင်းအရာများကို ကြည့်ရှုနေသည်။
"လူငယ်ဧကရာဇ်ပါလား" သလင်းကျောက်တုံးပေါ်မှ အကြောင်းအရာများကို ကြည့်ပြီးနောက် သူမ မရေရွတ်ဘဲ မနေနိုင်တော့ချေ။
သလင်းကျောက်တုံးကို သိမ်းဆည်းလိုက်ပြီးနောက် သူမ၏ စိတ်ခံစားချက်များသည် ထိုအထဲမှ အကြောင်းအရာများကြောင့် ငြိမ်သက်နိုင်ခြင်း မရှိသေးပေ။
"ဘိုးဘေးအဆင့် သိုင်းဝိညာဉ် ၊ ဆန်းကြယ်တဲ့ ဇာစ်မြစ် ၊ ပြီးတော့ ပြင်ပအကူအညီမပါပဲ တစ်ယောက်တည်းနဲ့တင် နိဗ္ဗာန်ဆယ်သွယ်ကို ပြီးမြောက်နိုင်ခဲ့တယ်"
ဓားသူတော်စင်မယ်၏ စိတ်အစဥ်တို့သည် လှိုင်းလေထန်သကဲ့သို့ ဖြစ်နေပြီး ထိတ်လန့်အံ့သြမှုများထဲ၌ နစ်မြုပ်နေရတော့သည်။ တဲအိမ်လေးဘက်သို့ လှမ်းကြည့်လိုက်သောအခါ သူမ ခံစားချက်ပေါင်းစုံ ဖြစ်ပေါ်လာရတော့၏။
ရုတ်တရက်ဆိုသလိုပင် တဲအိမ်လေးထဲမှ ပြင်းထန်သော အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်သို့ ထိုးတက်သွားကာ ပတ်ဝန်းကျင် တစ်ခုလုံးကို တုန်ခါသွားစေလိုက်၏။
တစ်နာရီ၏ လေးပုံတစ်ပုံခန့် ကြာပြီးနောက် တဲအိမ်လေး၏ တံခါး ပွင့်သွားပြီး နတ်သမီးလေးတစ်ပါးကဲ့သို့သော မိန်းကလေးတစ်ဦး ပြေးထွက်လာကာ ပျော်ရွှင်သော အပြုံးဖြင့် ဓားသူတော်စင်မယ်ထံသို့ အရောက်သွားလိုက်သည်။
"ဆရာ... သမီး နိဗ္ဗာန်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ပြီ။ အခု ချန်လေးကို သွားရှာလို့ ရပြီလားဟင်"
"မိုက်မဲတဲ့ ကောင်မလေး။ သူ နတ်ဓားဂိုဏ်းမှာ ရှိနေတယ်ဆိုတာ သိရဲ့သားနဲ့ ဘာလို့ သွားရှာနေဦးမှာလဲ"
ဓားသူတော်စင်မယ်က စိတ်လောနေသော သူမ၏ တပည့်မလေး၏ ခေါင်းကို ပုတ်လိုက်ပြီး ဆုံးမလိုက်သည်။
"သမီးရဲ့ ကျင့်ကြံခြင်းအခြေခံ ခိုင်မာအောင် အာရုံစိုက်ပြီး နိဗ္ဗာန်နယ်ပယ်ရဲ့ စွမ်းအားတွေကို ကျွမ်းကျင်အောင် လုပ်ထားဦး။ ပြီးရင် ရှေးဟောင်းအမွေအနှစ်နယ်မြေ သွားဖို့ ပြင်ဆင်တော့"
"ဆရာ ကြိုတင်ပြီးတော့ မပြောပြဘူးလို့ အပြစ်မတင်နဲ့နော်။ သမီးရဲ့ ချစ်သူလေးကလည်း ရှေးဟောင်းအမွေအနှစ်နယ်မြေဆီ လာလိမ့်မယ်"
ဓားသူတော်စင်မယ်က လေသံထဲ၌ စနောက်လိုစိတ် အနည်းငယ်ဖြင့် ဆိုလိုက်သည်။
ထိုစကားကို ကြားသောအခါ ယီစင်းမှာ အံ့သြသွားသလို သံသယလည်း ဝင်သွားသည်။ "မဖြစ်နိုင်တာ။ ချန်လေးက နိဗ္ဗာန်နယ်ပယ်ကိုတောင် မရောက်သေးဘူး။ ရှေးဟောင်းအမွေအနှစ်နယ်မြေကို ဘယ်လိုလုပ် လာနိုင်မှာလဲ။ ဆရာ သမီးကို စနေတာမလား"
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၇ ၊ အတွဲ ၁ ၊ အပိုင်း ၆၃ + ၆၄ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
Editor - Author Chang'e 🌕
True Immortal Team