← Chapters

အခန်း (၆၅-၆၆)

Vol. 7 Ch. 65-66

အခန်း (၆၅-၆၆)

Vol. 7 Ch. 65-66

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၇ ၊ အတွဲ ၁ ၊ အပိုင်း ၆၅ + ၆၆

ဘာသာပြန် - Author Ko Yoohtoo

Editor - Author Chang'e 🌕

True Immortal Team

ထိုစကားကို ကြားသောအခါ ဓားသူတော်စင်မယ်က ယီစင်း၏ ခေါင်းကို ခပ်ဖွဖွ ခေါက်လိုက်၏။

“ဒီနှစ်တွေတစ်လျှောက် ဆရာ သမီးကို ဘယ်တုန်းကများ လိမ်ဖူးလို့လဲ။ သေချာသာ ပြင်ဆင်ထား။ နောက်ထပ် တစ်လလောက်နေရင် သမီးဆန္ဒ ပြည့်ဝရလိမ့်မယ်။”

ယီစင်းတစ်ယောက် ပျော်ရွင်သွားရတော့၏။ “ချန်လေး... ညီမတို့ မကြာခင် ပြန်တွေ့ရတော့မယ်။”

**--**--**--**--**--**--**--**

ညနေစောင်းအချိန်သို့ ရောက်လာသောအခါ မော်ချင်းတောင်ပေါ်ရှိ ခြံဝင်းအတွင်း၌ကား လင်းချန် ချွေးများ ရွှဲနစ်ကာ မျက်နှာတစ်ခုလုံး ဝက်ခေါင်းပမာ ဖူးယောင်နေအောင် အရိုက်ခံထားရသော လေချန်အား ကြည့်ကာ ခေါင်းညိတ်ပြလိုက်၏။

“မဆိုးဘူးဟ။ ငါ့ပိုပြီး သန်မာလာတောင် မင်းက အခုထိ တောင့်ခံထားနိုင်တုန်းပဲ။ တိုးတက်တာ မြန်သားပဲ။”

မြေကြီးပေါ်၌ ထိုင်နေသော လေချန်ကမူ မျက်နှာတစ်ခုလုံး ပွန်းပဲ့ရောင်ရမ်းနေပြီး မျက်ရည်များဝဲလျက် လင်းချန်ကို ခေါင်းညိတ်ပြလိုက်သည်။

“ကဲ... ထပါဦး။ မင်း ငိုနေတာတော့ မဟုတ်ပါဘူးနော်။ ငါ့ဆရာ လေ့ကျင့်ပေးတုန်းကဆို အရိုက်ခံခဲ့ရတာ ဒီထက်တောင် ပိုဆိုးတယ်...”

လေချန်တစ်ယောက် အရိုက်ခံရလွန်းသဖြင့် တကယ် ငိုနေသည်ကို မြင်လိုက်ရသောအခါ လင်းချန် အံ့ဩသွားရတော့၏။

လေချန် ခေါင်းခါပြလိုက်သည်။ သို့သော် ပေါက်စီလုံးများကဲ့သို့ ဖောင်းကားနေသော ပါးပြင်များကြောင့် စကားမပီတော့သဖြင့် မြေကြီးပေါ်၌သာ လက်ဖြင့် စာရေးပြလိုက်ရသည်။

“ငိုတာ မဟုတ်ပါဘူး။ ခေါင်းဆောင်ရိုက်တာ နာလွန်းလို့ မထိန်းနိုင်တော့လို့ပါ။”

စာရေးပြပြီးနောက် လေချန် မျက်ရည်ဝဲနေသော မျက်လုံးမှေးမှေးလေးများဖြင့် လင်းချန်အား မော့ကြည့်ကာ လက်ကာပြရင်း ပြန်ရန် ပြင်ဆင်လိုက်သည်။

လေချန် တစ်ရွေ့ရွေ့ ထွက်ခွာသွားသည်ကို ကြည့်ပြီးနောက် လင်းချန် ရယ်မောလိုက်ကာ သလင်းကျောက် ပုလင်းတစ်လုံးအား ရုတ်တရက် ထုတ်ယူလိုက်၏။

ယနေ့တွင် လင်းချန် လေချန်အား တမင်သက်သက် ပြင်းပြင်းထန်ထန် ရိုက်နှက်ကာ စမ်းသပ်ခဲ့ခြင်းပင် ဖြစ်သည်။

ဤမျှ အကြီးအကျယ် အရိုက်ခံထားရသော်ငြား လေချန်သည် တစ်လျှောက်လုံး တိုက်ခိုက်ကျင့်ကြံခြင်းအပေါ်၌သာ အပြည့်အဝ အာရုံစိုက်ထားခဲ့၏။

“ရော့... ဖမ်း။”

လင်းချန် သလင်းကျောက် ပုလင်းအား လေချန်ထံသို့ လှမ်းပစ်ပေးရင်း ဆိုလိုက်သည်။

လေချန် ပုလင်းကို လှမ်းဖမ်းလိုက်ရာ အနည်းငယ် ပူနွေးနေသည်ကို ခံစားလိုက်ရသဖြင့် မျက်ရည်ဝဲနေသော မျက်လုံးမှေးမှေးလေးများဖြင့် လင်းချန်အား ကြောင်တောင်တောင် မော့ကြည့်လိုက်မိ၏။

“ဟားးး ဟားးး”

လေချန်၏ အကျိုးနည်း ပုံစံကို မြင်သောအခါ လင်းချန် အော်မရယ်ဘဲ မနေနိုင်တော့ချေ။ ခဏကြာမှသာ စိတ်ကို ပြန်ထိန်းလိုက်ပြီး လှမ်းအော်ပြောလိုက်၏။

“ပြန်ရောက်ရင် ရေနွေးစည်တစ်ပိုင်းလောက် ဖြည့်လိုက်။ ပြီးရင် ဒီပုလင်းထဲကဟာတွေ အကုန်လုံး အဲ့ဒီထဲ လောင်းထည့်ပြီး တစ်ကိုယ်လုံး ဝင်စိမ်ပြီး ကျင့်ကြံလိုက်။ ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်စွမ်းအားကိုပဲ သန့်စင်ဦး။ အဆင့် မတတ်နဲ့ဦး။”

“တစ်လအတွင်းမှာ ရှေးဟောင်းအမွေအနှစ်နယ်မြေ ဝင်ခွင့်နေရာကို မင်းကိုယ်တိုင် တိုက်ယူနိုင်လောက်တဲ့အထိ သန်မာလာစေရမယ်လို့ ငါ အာမခံတယ်။”

“ငါ လင်းချန် ပြောရင် ပြောတဲ့အတိုင်း ဖြစ်စေရမယ်ကွ။”

လင်းချန်၏ ပြတ်သားသော ကတိစကားကြောင့် လေချန် အနည်းငယ် သံသယဝင်သွားမိသည်။

လက်ရှိအချိန်၌ ရှေးဟောင်းအမွေအနှစ်နယ်မြေသို့ သွားရောက်ခွင့်ရထားသူ ခြောက်ဦးရှိရာ လင်းချန်မှလွဲ၍ ကျန်ငါးဦးမှာ အတွင်းစည်း၏ ထိပ်တန်းအဆင့်များ ဖြစ်ကြ၏။ ယခုအချိန်အထိ တပည့်ပေါင်း ရာနှင့်ချီ၍ ထိုငါးယောက်အား စိန်ခေါ်ကာ ရှေးဟောင်းအမွေအနှစ်နယ်မြေ ဝင်ခွင့်နေရာကို လုယူရန် ကြိုးစားခဲ့ကြဖူးသည်။

ထိုငါးဦးစလုံးသည် နိဗ္ဗာန်နယ်ပယ်သို့ ရောက်ရှိထားသူများဖြစ်ကြပြီး အချို့မှာ သူတို့၏ စွမ်းအားအစစ်အမှန်ကို ဖုံးကွယ်ထားကာ အချိန်ကျမှသာ အစွမ်းပြရန် ရည်ရွယ်ထားသူများ ဖြစ်ကြ၏။ သိသာလှစွာပင် လာရောက်စိန်ခေါ်သူ အားလုံးမှာ တစ်ယောက်မျှ မအောင်မြင်ဘဲ အရေးနိမ့်ခဲ့ကြရသည်။

လေချန်သည် အတွင်းစည်း၌ သူ၏ စွမ်းရည်မှာ မဆိုးလှသော်ငြား အဆင့် ၁၀ နေရာတွင်သာ ရှိကြောင်းကို သူကိုယ်တိုင် ကောင်းကောင်း သိထားသည်။ ထို့ကြောင့် ထိုထိပ်သီးငါးယောက်အား စိန်ခေါ်ရန် မျှော်လင့်ခြင်းမှာ လက်တွေ့မကျလှချေ။

အထူးသဖြင့် အဆင့် ၁ နေရာမှလူသည် ကျော်ဖြတ်၍မရနိုင်သော တောင်ကြီးတစ်လုံးပမာ အတွင်းစည်းတပည့်များ အားလုံးအပေါ် လွှမ်းမိုးထားလျက်ရှိနေသည်။

“ခေါင်းဆောင်သာဆိုရင်တော့ သူ့ကို နိုင်လောက်တယ်။”

**--**--**--**--**--**--**--**

အခန်းထဲသို့ ပြန်ရောက်သောအခါ လေချန်တစ်ယောက် အစေခံမိန်းကလေး ပြင်ဆင်ပေးထားသော သစ်သားစည်ပိုင်းရှေ့၌ ရပ်ကာ တိတ်ဆိတ်စွာ စဉ်းစားနေမိ၏။

အထူးသဖြင့် လင်းချန်၏ အလွှာဆယ်ထပ်ရှိသော ဝိညာဉ်အလင်းတန်းပုံရိပ်များက သူ၏ စိတ်ထဲ၌ ပေါ်လာသောအခါ လေချန် နှလုံးခုန်ပင် ရပ်တန့်သွားမတတ် ဖြစ်သွားရတော့သည်။

ထို့နောက် လေချန် ခေါင်းခါလိုက်ပြီး အတွေးများကို ရှင်းထုတ်ပစ်လိုက်၏။ လက်ထဲရှိ သလင်းကျောက် ပုလင်းအဖုံးကို ဖွင့်လိုက်ပြီး လင်းချန် မှာကြားထားသည့်အတိုင်း သစ်သားစည်ပိုင်းထဲသို့ လောင်းထည့်လိုက်သည်။

ဆေးရည်များ စည်ပိုင်းထဲသို့ ကျသွားသည်နှင့် ကြည်လင်နေသော ရေများသည် အနီဖျော့ရောင်သို့ ချက်ချင်း ပြောင်းလဲသွားကာ တဖြည်းဖြည်း ဆူပွက်လာသည်ကို လေချန် အံ့ဩဖွယ်ရာ မြင်တွေ့လိုက်ရ၏။

ဤသည်မှာ နိဗ္ဗာန်မီးလျံဆေးရည်စိမ်ခြင်းနည်းလမ်း ဖြစ်သော်ငြား အပျော့စားပုံစံမျှသာ ဖြစ်သည်။ လင်းချန် အသုံးပြုခဲ့သော ပြင်းအားမြင့် နိဗ္ဗာန်မီးလျံဆေးရည်စိမ်ခြင်းနည်းလမ်းကိုသာ အသုံးပြုခိုင်းလိုက်ပါက လေချန်သည် ဆေးရည်စည်ပိုင်းထဲ၌ပင် အသက်ပျောက်သွားနိုင်၏။

ယခု အပျော့စား နိဗ္ဗာန်မီးလျံဆေးရည်စိမ်ခြင်းသည် လက်ရှိ လေချန်အတွက် အသင့်တော်ဆုံးဖြစ်ပြီး ထိုသည်မှာ ကျူးကော့မင်၏ ​တွက်ချက်မှုများမှတစ်ဆင့် ရရှိလာသော အချိုးအစားပင် ဖြစ်သည်။

ဆူပွက်နေသော အနီဖျော့ရောင် ဆေးရည်များကို ကြည့်ရင်း လေချန် အနည်းငယ် တွန့်ဆုတ်သွားမိသော်လည်း ၊ ခေါင်းဆောင်ဖြစ်သူ၏ ကတိစကားကို ပြန်လည်သတိရလိုက်သောအခါ အံကိုကြိတ်ကာ စည်ပိုင်းထဲသို့ ဝင်ထိုင်လိုက်ရသည်။

**--**--**--**--**--**--**--**

နောက်တစ်နေ့သို့ ရောက်သောအခါ လေချန် အဘိုးဖြစ်သူ လေဟန်နှင့်အတူ မနက်စာစားပြီးနောက် မော်ချင်းတောင်ဘက်သို့ စိတ်လှုပ်ရှားစွာဖြင့် အပြေးအလွှား ထွက်လာခဲ့၏။

ကျန်ရစ်ခဲ့သော လေဟန်သည် ပန်းကန်လုံးထဲရှိ ကျောက်စိမ်းဆန်ပြုတ်ကို မော့သောက်လိုက်ရင်း ဇဝေဇဝါဖြင့် ရေရွတ်လိုက်သည်။

“မနေ့က ဒီကောင်လေး ပြန်လာတုန်းက ဝက်သေကောင်လို အရိုက်ခံထားရတာ... မိုးလင်းတော့ ဘယ်လိုလုပ် ချက်ချင်း ပြန်ကောင်းသွားတာလဲ။ တကယ်ကို တော်တော် ထူးဆန်းတာပဲ...။”

**--**--**--**--**--**--**--**

“ခေါင်းဆောင်... အဲဒါက ခေါင်းဆောင်ရဲ့ သန်မာတဲ့ ခန္ဓာကိုယ်နဲ့ သန့်စင်တဲ့ စိတ်ဝိညာဉ်စွမ်းအားရဲ့ လျှို့ဝှက်ချက်လားဗျ။”

မော်ချင်းတောင်သို့ ရောက်ရောက်ချင်း လေချန် စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်မိ၏။

လေချန်၏ အလွန်အမင်း စိတ်လှုပ်ရှားနေသော ပုံစံကို မြင်သောအခါ လင်းချန် ခေါင်းခါပြလိုက်သည်။ “ဘယ်ဟုတ်မလဲကွ... ဒါက လေ့ကျင့်နည်းတစ်ခု သက်သက်ပဲလေ။”

လင်းချန်၏ အလွန်အစွမ်းထက်သော ခန္ဓာကိုယ်နှင့် မယုံနိုင်လောက်အောင် သန့်စင်သည့် စိတ်ဝိညာဉ်စွမ်းအားတို့၏ ကြောက်မက်ဖွယ်ကောင်းလောက်အောင် သန်မာမှုမှာ အဓိကအားဖြင့် အကြောင်းရင်းနှစ်ရပ်ကြောင့် ဖြစ်၏။

ထိုသည်တို့မှာ ဘဝနှစ်ခုပေါင်းစပ် ရှင်သန်ခဲ့ရခြင်းနှင့် ဟွာရှာအင်ပါယာ၏ ပံ့ပိုးမှုတို့ကြောင့်ပင် ဖြစ်သည်။

ဘဝနှစ်ခုပေါင်းစပ်ထားသူ တစ်ယောက်အနေဖြင့် လင်းချန်၏ စိတ်ဝိညာဉ်စွမ်းအားသည် တစ်အပေါင်း တစ် ညီမျှခြင်း နှစ်ဆိုသော ရိုးရှင်းသည့် ပေါင်းလဒ်မျိုး မဟုတ်ချေ။

ကြီးမားသော စိတ်ဝိညာဉ်စွမ်းအားကြောင့် လင်းချန်၏ ခန္ဓာကိုယ်သည် သာမန်လူထက် အဆပေါင်းများစွာ ပိုမိုသန်မာလေရာ ၊ အခြားသူများ မခံနိုင်သော ပြင်းထန်သည့် ခန္ဓာကိုယ် သန့်စင်ခြင်းနှင့် ကျင့်ကြံခြင်းများကိုပါ ခံနိုင်ရည်ရှိနေခြင်း ဖြစ်သည်ဟု ဆိုနိုင်၏။

ထို့ကြောင့် တစ်နေ့ကုန် လက်တွေ့တိုက်ခိုက်ကျင့်ကြံပြီးသောအခါ လင်းချန် ချွေးများရွှဲကာ အတော်အတန် ပင်ပန်းရုံသာ ရှိသော်လည်း ၊ လေချန်မှာမူ လုံးဝ ဖတ်ဖတ်မောကာ အရုပ်ကြိုးပြတ် ဖြစ်သွားခဲ့ရသည်။

ထို့အပြင် ဟွာရှာအင်ပါယာ၏ နောက်ကွယ်ရှိ ကျူးကော့မင်နှင့် ကောင်းကင်လက်မှုပညာဌာန၏ တိကျသော တွက်ချက်မှုများအောက်၌ စိတ်ဝိညာဉ်စွမ်းအင်များကို လင်းချန်၏ ခန္ဓာကိုယ်ထဲသို့ အချိုးကျ ထည့်သွင်းကာ သန့်စင်ပေးထားသည်။

အခြားသူများအနေဖြင့် ဤကဲ့သို့ စိတ်ကြိုက်ဖန်တီးထားသော ဆေးရည်စိမ်ခြင်းများနှင့် ကျင့်ကြံခြင်းနည်းစနစ်များကို စိတ်ကူးယဉ်ကြည့်ရန်ပင် ခက်ခဲလှ၏။

“ဒါပေမဲ့ ဒီဆေးရည်က ခန္ဓာကိုယ် သန့်စင်ဖို့နဲ့ စိတ်ဝိညာဉ်စွမ်းအား ထုတ်ယူဖို့အတွက်တော့ အရမ်းအကျိုးရှိတယ်ကွ။”

လင်းချန် သကောင့်သားအား ကြည့်ကာ ရှင်းပြလိုက်သည်။

“မင်းအဘိုးကိုရော ဒီဆေးရည်အကြောင်း ပြောပြလိုက်သေးလား။”

“မပြောပါဘူးဗျ။” လေချန် ခေါင်းခါလိုက်ပြီး လင်းချန်အနားသို့ တည်ကြည်သော မျက်နှာဖြင့် တိုးကပ်သွား၏။

“ခေါင်းဆောင်... ဒီဆေးရည်ကိစ္စကို လျှို့ဝှက်ထားတာ အကောင်းဆုံးပဲ။ တခြားလူတွေကို အသိမပေးတာ ပိုကောင်းမယ်ထင်တယ်။ မဟုတ်ရင် သူတို့တွေ လောဘတက်လာလိမ့်မယ်။”

ထိုစကားကို ကြားသောအခါ လင်းချန် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ “မဆိုးဘူး... မင်းက ငါ့အတွက်တောင် တွေးပေးတတ်နေပြီပဲ။ တကယ်လို့ မင်းသာ စောစောက ပြောလိုက်တယ်လို့ ဖြေခဲ့ရင် ငါ မင်းကို တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်မှာ။”

လင်းချန်၏ စကားကြောင့် လေချန် တုန်လှုပ်သွားရ၏။ တစ်ဖက်လူမှာ အမှန်တကယ် ပြောနေခြင်းဖြစ်ကြောင်း သူ သိနေသည်။

“ကျွန်တော်က ခင်ဗျားကို ခေါင်းဆောင်လို့ အသိအမှတ်ပြုထားပြီးမှတော့ ကျွန်တော် လေချန်က ခေါင်းဆောင်ကို ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ပါဘူးဗျာ။”

ထို့နောက် လေချန်က ထူးဆန်းစွာ ရေရွတ်လိုက်၏။

“ပြီးတော့လေ... ကျွန်တော့်စိတ်ထဲမှာ ခေါင်းဆောင်အတွက်ပဲ တွေးပေးချင်နေမိတယ်။ ဘာလို့လဲတော့ မသိဘူး။”

“...”

ထိုစကားကို ကြားသောအခါ လင်းချန် နောက်သို့ သုံးလှမ်းခန့် ဆုတ်လိုက်ပြီး လေချန်အား ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်၏။ “သောက်ကျိုးနည်း... မင်း... ငါ့ကို ကြိုက်နေတာလား...”

လင်းချန်၏ ပုံစံကို မြင်သောအခါ လေချန်မှာ ဉာဏ်ကောင်းသူပီပီ ချက်ချင်း ရိပ်မိသွားပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။ “ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ကျွန်တော်က ယောက်ျားစစ်စစ်ကြီးပါဗျ။”

လေချန်၏ ပြာပြာသလဲ ငြင်းဆိုနေသော ပုံစံကို မြင်မှသာ လင်းချန် သက်ပြင်းချနိုင်သွားပြီး ဖြစ်နိုင်ချေရှိသော အတွေးတစ်ခုက သူ၏ခေါင်းထဲ ဝင်လာ၏။

ဟွာရှာအင်ပါယာ၌ ကိုယ်ပိုင်အသိစိတ်ရှိသော စစ်သူကြီးများမှာ သူ၏ ကျင့်ကြံခြင်းအဆင့် အားနည်းသည့်တိုင်အောင် သစ္စာစောင့်သိမှု ယိမ်းယိုင်သွားခြင်း ၊ သစ္စာဖောက်လိုစိတ် ဖြစ်ပေါ်လာခြင်းမျိုး လုံးဝ မရှိခဲ့ဖူးချေ။

သူတစ်ယောက်တည်းသာ မြင်ရသော စနစ်ဖန်သားပြင်နှင့် ပေါင်းစပ်တွေးကြည့်လိုက်သောအခါ လင်းချန် သူ၏ ယခင်ဘဝ ဂိမ်းအကောင့်မှ ဧကရာဇ်၏ ဘုန်းအာဏာဟူသော ပါရမီသည် ဤကမ္ဘာသို့ ကူးပြောင်းလာစဉ် သူနှင့်အတူ ပါလာခဲ့ကြောင်းကို အပြည့်အဝ ယုံကြည်သွားတော့သည်။

“တကယ်လို့... ဧကရာဇ်၏ဘုန်းအာဏာက ဟွာရှာအင်ပါယာက သက်ရှိတွေအပေါ်မှာပဲ သက်ရောက်တာ မဟုတ်ဘူး ဆိုရင်ရော...”

ထိုအချိန်၌ လင်းချန်၏ စိတ်ထဲ၌ ရဲတင်းသော ယူဆချက်တစ်ခု ပေါ်ထွက်လာ၏။

လေချန်သည် သူ့အား ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုရန် ဆုံးဖြတ်ခဲ့ပြီး ၊ လင်းချန်လည်း သဘောတူလက်ခံခဲ့သည်။ သဘောတရားအရဆိုလျှင် ခေါင်းဆောင်နှင့် လက်အောက်ငယ်သား ဆက်ဆံရေး ဖြစ်တည်လာခဲ့ပြီ ဖြစ်၏။

ထို့ကြောင့် ဧကရာဇ်၏ ဘုန်းအာဏာ ပါရမီသည် လေချန်အပေါ် လွှမ်းမိုးသွားခြင်း ဖြစ်ရပေမည်။ ထို့ကြောင့်ပင် လေချန်သည် မသိစိတ်မှတစ်ဆင့် လင်းချန်အတွက် စဉ်းစားပေးနေမိခြင်းဖြစ်ပြီး တိုတောင်းလှသော အချိန်ကာလအတွင်းမှာပင် သူ့အား ခေါင်းဆောင်ဟု သဘာဝကျကျ ခေါ်ဝေါ်လာခြင်းပင် ဖြစ်ရပေမည်။

“ကောင်းပြီ... စရအောင်။ မင်း တိုးတက်လာလား ကြည့်မယ်။”

ဤသည်မှာ စစ်ဧကရာဇ် သင်ကြားပေးခဲ့သော လေ့ကျင့်နည်းပင် ဖြစ်သည်။ တစ်ယောက်တည်း တင်ပျဥ်ခွေထိုင်ကာ လေ့ကျင့်နေမည့်အစား လူချင်း တိုက်ရိုက်ရင်ဆိုင် တိုက်ခိုက်ခြင်းက ပို၍ ထိရောက်၏။

ထိုစဉ်က ဝေဝူရွှမ်သည် သူ၏ အဆိပ်ကို မဖြေနိုင်တော့ဘဲ သေဆုံးတော့မည်ဟု ထင်မှတ်ထားချိန်၌ သူ၏ နယ်ပယ်အဆင့်ကို ဖိနှိပ်လျှော့ချကာ လင်းချန်အား ပြင်းပြင်းထန်ထန် လေ့ကျင့်ပေးခဲ့ပြီး သူ၏ နှစ်ပေါင်းများစွာ စုဆောင်းထားသော အတွေ့အကြုံများကို လက်ဆင့်ကမ်းပေးခဲ့သည်။

**--**--**--**--**--**--**--**

၇ ရက်ကြာပြီးနောက် မော်ချင်းတောင်ပေါ်ရှိ ခြံဝင်းအတွင်း၌ လေချန်သည် သူ့ရှေ့ရှိ လင်းချန်အား မြင်သောအခါ ကြောက်လန့်တကြား ဖင်ထိုင်လျက် လဲကျသွားပြီး စကားပင် မပြောနိုင်တော့ချေ။

သူ့ဘေးရှိ ဝေဝူရွှမ်သည်လည်း ပါးစပ်အဟောင်းသားဖြင့် သူ၏တပည့် လင်းချန်အား ဘီလူးတစ်ကောင်သဖွယ် ကြည့်နေမိတော့၏။

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၇ ၊ အတွဲ ၁ ၊ အပိုင်း ၆၅ + ၆၆ ပြီး။

ဘာသာပြန် - Author Ko Yoohtoo

Editor - Author Chang'e 🌕

True Immortal Team

All Chapters