← Chapters

အခန်း (၆၇-၆၈)

Vol. 7 Ch. 67-68

အခန်း (၆၇-၆၈)

Vol. 7 Ch. 67-68

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၇ ၊ အတွဲ ၁ ၊ အပိုင်း ၆၇ + ၆၈

ဘာသာပြန် - Author Ko Yoohtoo

Editor - Author Chang'e 🌕

True Immortal Team

လွန်ခဲ့သော သုံးရက်၌ လေချန် ပုံမှန်အတိုင်း မော်ချင်းတောင်သို့ စောစောရောက်လာခဲ့သော်ငြား ၊ လင်းချန်ကမူ အခန်းထဲမှ ထွက်မလာသည်မှာ အတော်လေး ကြာမြင့်နေပြီ ဖြစ်၏။

စစ်ဧကရာဇ် ဝေဝူရွှမ်ပင်လျှင် မည်သည်ဆို့ ဖြစ်နေသည်မှန်းမသိဘဲ ဇဝေဇဝါ ဖြစ်နေခဲ့ရသည်။ အခန်းတွင်းမှ အခြေအနေများကို သူ လုံးဝ အာရုံမခံနိုင်ခဲ့ချေ။

ရုတ်တရက် လင်းချန် ပြန်ထွက်လာသောအခါ သူ၏ပတ်လည်၌ ရစ်သိုင်းနေသော ဆယ့်တစ်လွှာ ဝိညာဉ်အလင်းတန်းများကြောင့် သူတို့ အံ့ဩမှင်သက်သွားကြရ

ခဲ့ရ၏။

သို့သော် ထိုမျှနှင့် ပြီးမသွားသေးချေ။

ယနေ့တွင် လင်းချန် သူတို့အား ပို၍ အကြီးအကျယ် တုန်လှုပ်သွားစေပြန်သည်။ “နိဗ္ဗာန်စက်ဝန်း ၁၁ သွယ်ဆိုတာတောင် မဖြစ်နိုင်ဘူးလို့ ကြားဖူးထားတာဟ။ အခု နိဗ္ဗာန်စက်ဝန်း ၁၂ သွယ် ဟုတ်လား။ မင်း ဘယ်လိုများ လုပ်လိုက်တာလဲကွ။”

ဝေဝူရွှမ်တစ်ယောက် လင်းချန်ထံသို့ အပြေးအလွှားသွားကာ ပခုံးနှစ်ဖက်အား ဆုပ်ကိုင်လျက် စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းလိုက်၏။

လင်းချန် ရယ်ရုံသာ ရယ်လိုက်သည်။ “ကျွန်တော် စိတ်ဝိညာဉ်စွမ်းအားကို နည်းနည်းလောက် ဖြန့်ခွဲကြည့်လိုက်တာဗျ ၊ ဘယ်လိုဖြစ်ပြီး အောင်မြင်သွားလဲတောင် မသိပါဘူး။”

'ဘယ်လိုဖြစ်ပြီး အောင်မြင်သွားလဲတောင် မသိပါဘူး' ဆိုသည့်စကားကြောင့် ဝေဝူရွှမ်မှာ ဤသည်က မည်သို့သော ရှင်းပြချက်မျိုးလဲဟု တွေးကာ နားမလည်နိုင် ဖြစ်သွားရ၏။

ဝေဝူရွှမ် ကြောင်အမ်းအမ်းဖြစ်သွားပြီး သက်ပြင်းရှည်ကြီး ချလိုက်မိတော့သည်။ အချိန်ကြာလာသည်နှင့် အမျှ သူ၏တပည့်မှာ ပို၍ ဘီလူးသဘက်ဆန်လာကြောင်းကို သူ သတိထားလိုက်မိ၏။

လေချန်မှာလည်း မယုံကြည်နိုင်စွာဖြင့် သူ၏မျက်နှာအား အတင်းပွတ်သပ်လိုက်မိသည်။ “ငါက ဒီလို ဘီလူးသဘက်ကောင်နဲ့များ သေခြင်းရှင်ခြင်းတိုက်ပွဲ နွှဲခဲ့တာလား... ငါ တကယ် ရူးနေခဲ့တာပဲ။”

“ဒါနဲ့ ဒီနေ့ လျူမင် ငါ့ကို စိန်ခေါ်ထားတဲ့နေ့ပဲ မလားဟ။” လင်းချန် သူ့၏ စိတ်ဝိညာဉ်စွမ်းအားများကို ပြန်သိမ်းလိုက်ပြီး လေချန်၏ ပခုံးအား ပုတ်ကာ ပြောလိုက်၏။

“သွားကြစို့... သူ့ကိစ္စ ရှင်းပြီးရင် လေ့ကျင့်တာ ဆက်လုပ်ကြတာပေါ့။”

“သောက်ကလေး... တကယ့် ဘီလူးသဘက်ကောင်လေးပဲ။” ဝေဝူရွှမ်ကမူ ခေါင်းခါရင်း ရေရွတ်လိုက်ပြီး အနားယူရန် အိမ်ထဲသို့ ပြန်ဝင်သွားတော့၏။

လေချန်မှာ ကြောင်အမ်းအမ်း ဖြစ်နေဆဲပင်။ သို့သော် လင်းချန် ခြံဝင်းထဲမှ ထွက်ခွာသွားသည်ကို မြင်သောအခါ အလျင်အမြန် လိုက်သွားလိုက်တော့သည်။

ထိုအချိန်၌ လေချန် လင်းချန်၏ ကျောပြင်ကို ကြည့်ရင်း တိတ်တဆိတ် တွေးလိုက်မိ၏။

“နိဗ္ဗာန်စက်ဝန်း ၁၂ သွယ်တဲ့လား... လျူမင်ရေ... မင်းတော့ ကံဆိုးမိုးမှောင်ကျပြီပဲ။”

**--**--**--**--**--**--**--**

သေခြင်းရှင်ခြင်းစင်မြင့်သည် ဂိုဏ်းသားအချင်းချင်းကြားရှိ ရန်ငြိုးများနှင့် ဖြေရှင်း၍မရနိုင်သော ပဋိပက္ခများကို ဖြေရှင်းပေးသည့် နေရာပင် ဖြစ်လေ၏။

သို့သော် ဂိုဏ်းသားအချင်းချင်း စွမ်းရည်စမ်းသပ်ယှဉ်ပြိုင်လိုရုံ သက်သက်ဆိုလျှင်ကား သေခြင်းရှင်ခြင်းစင်မြင့်ပေါ်သို့ တက်ရန် မလိုအပ်ချေ။

နတ်ဓားဂိုဏ်း၏ အနောက်ဘက် တောင်ခြေတွင် ကျယ်ပြန့်သော မြေပြန့်လွင်ပြင်တစ်ခု ရှိပြီး ၊ ထိုနေရာ၌ အရွယ်အစားမျိုးစုံရှိသော ပြိုင်ပွဲစင်မြင့်များကို တည်ဆောက်ထား၏။

ထိုစင်မြင့်များကို သန့်စင်ထားသော သံမဏိများနှင့် ကျောက်တုံးများဖြင့် ပြုလုပ်ထားသဖြင့် အလွန်ပင် ခိုင်ခံ့လှသည်။

ထို့အပြင် စင်မြင့်တိုင်းတွင် သေခြင်းရှင်ခြင်းစင်မြင့်ကဲ့သို့ပင် အစီအရင်များ ထည့်သွင်းထား၏။ ယင်းအစီအရင်များက အတားအဆီးများ ဖန်တီးပေးကာ တိုက်ခိုက်မှုမှ ထွက်ပေါ်လာမည့် စိတ်ဝိညာဉ်စွမ်းအား ဂယက်များ အောက်ဘက်တွင် ကြည့်ရှုနေသော တပည့်များထံ မရောက်ရှိစေရန် ကာကွယ်ပေးထားသေးသည်။ ထိုအစီအရင်များကြောင့်ပင် စင်မြင့်မှာ ပိုမို ခိုင်ခံ့သွားရ၏။

“ဘာ... လျူမင်က နေရာကို ပြိုင်ပွဲစင်မြင့် အမှတ် ၃၆ ဆီ ပြောင်းလိုက်တယ် ဟုတ်လား။”

ပြိုင်ပွဲကွင်း အဝင်ဝတွင် မိုးကြိုးတပ်ဖွဲ့မှ တပည့်တစ်ဦး လာရောက်သတင်းပို့သည်ကို ကြားပြီးနောက် လေချန် မျက်မှောင်ကြုတ်သွားတော့သည်။

ပြိုင်ပွဲစင်မြင့်များသည် အရွယ်အစား ကွဲပြားကြပြီး ၊ အချို့မှာ လူပေါင်း တစ်သောင်းကျော် ဝင်ရောက်တိုက်ခိုက်နိုင်သည်အထိ ကျယ်ဝန်းလှ၏။

ထိုကဲ့သို့သော ဧရာမ စင်မြင့်ကြီးများကို တပည့်များက စစ်မြေပြင်စင်မြင့်များဟု ခေါ်ဆိုကြသည်။ ပြိုင်ပွဲစင်မြင့် အမှတ် ၃၆ မှာ ထိုကဲ့သို့သော စစ်မြေပြင်စင်မြင့်ကြီး တစ်ခုပင် ဖြစ်၏။ လေချန်၏ မျက်နှာထား အေးစက်သွားတော့သည်။ သူ၏ စိတ်ထဲ၌ တစ်စုံတစ်ခုကို ခန့်မှန်းမိလိုက်ပြီး ခေါင်းဆောင်ရှိရာသို့ အလျင်အမြန် လှည့်ထွက်လာလိုက်၏။

ထိုအခိုက်မှာပင် လင်းချန်၏ ရှေ့၌ ပိုင်ရန် ၊ ယီလင်း ၊ ယီလုံ နှင့် ယီဖုန်း တို့ ရောက်ရှိနေကြသည်။ သူတို့သည် သင်တန်းချိန် နားနေချိန်ဖြစ်သဖြင့် လာရောက်ကြည့်ရှုကြခြင်းပင်။

“အစ်ကိုလင်း... ဘာလို့ ပြဿနာတွေက အစ်ကို့ဆီပဲ အမြဲ ဝင်လာနေရတာလဲဗျာ။”

ပိုင်ရန်သည်တော့ လင်းချန်ကို ကြည့်ကာ ရယ်မောရင်း ပြောလိုက်ရသည်။

လင်းချန် နတ်ဓားဂိုဏ်းသို့ စရောက်ကာစက အပြင်စည်းတပည့်များစွာသည် သူက ဘာကြောင့် စစ်ဧကရာဇ်၏ တပည့် ဖြစ်လာရသနည်းဟု မေးခွန်းထုတ်ကာ ပြဿနာရှာခဲ့ကြဖူးသည်။

ထိုအချိန်က လင်းချန် သူ၏ ကြောက်မက်ဖွယ် စွမ်းအားကို အသုံးပြုကာ အပြင်စည်းတစ်ခုလုံးအား ဖိနှိပ်ပစ်ခဲ့ပြီး ၊ အားလုံးက သူ့ကို အကြွင်းမဲ့ အသိအမှတ်ပြု လက်ခံသွားစေခဲ့၏။

အပြင်စည်းက သူ့ကို ပြဿနာ မရှာကြတော့သော်ငြား အတွင်းစည်းတပည့်များကတော့ မကြာခဏ ပြဿနာ လာရှာတတ်ကြသေးသည်။ လင်းချန်သည် ပြဿနာများအား ဆွဲခေါ်နေသည့် သံလိုက်တုံးကြီး ကဲ့သို့ပင် ဖြစ်နေ၏။

“ဟိုတစ်ယောက်က လေချန် မဟုတ်လားဟ။”

သူတို့ဆီသို့ လျှောက်လာသော လူကို မြင်သောအခါ ယီလင်း အံ့ဩတကြီး ရေရွတ်လိုက်၏။

ပြိုင်ပွဲကွင်းသို့ ရောက်သောအခါ လင်းချန်နှင့် လေချန်တို့ ခေတ္တ လမ်းခွဲခဲ့ကြသဖြင့် သူတို့နှစ်ယောက်၏ ပတ်သက်မှုကို ကျန်လူများက မသိကြချေ။

“ခေါင်းဆောင်... ပြဿနာတစ်ခုရှိတယ်ဗျ။”

လေချန် အနားသို့ ရောက်လာပြီး လင်းချန်ကို ထိုသို့ခေါ်လိုက်သောအခါ ပိုင်ရန်နှင့် ယီလင်းတို့ ပါးစပ်အဟောင်းသား ဖြစ်သွားကြတော့၏။

လေချန်ဆိုသည့် အကောင်သည် အလွန်မာနကြီးကြောင်း သူတို့ ကောင်းကောင်းကြီး သိထားကြသည်။ ယခု မည်သို့ကြောင့် လင်းချန်၏ လက်အောက်ငယ်သား ဖြစ်သွားရသည်ကို သူတို့ လုံးဝ နားမလည်နိုင် ဖြစ်သွားကြရ၏။

လေချန်၏ ရုတ်တရက် စကားကြောင့် လင်းချန် ဇဝေဇဝါ ဖြစ်သွားရတော့သည်။ “ဘာဖြစ်လို့လဲ... လျူမင် မလာတော့ဘူးလား။ မလာရင်လည်း အလုပ်ရှုပ် သက်သာတာပေါ့ကွာ။”

“မဟုတ်ဘူးဗျ။ လျူမင်က နေရာပြောင်းချင်တယ်တဲ့။ ပြိုင်ပွဲစင်မြင့် အမှတ် ၃၆ ကို ပြောင်းချင်တယ်လို့ ပြောတယ်။ အဲ့ဒီစင်မြင့်က စစ်မြေပြင်စင်မြင့်လို့ ခေါ်တဲ့ နေရာပဲ။”

လင်းချန် မျက်မှောင်ကြုတ်လိုက်ပြီး စိတ်မရှည်သလို ဖြစ်သွား၏။ “ဒီကောင် ဘာလုပ်ချင်နေတာလဲ။ သူပြောင်းချင်တိုင်း ငါက လက်ခံပေးရမှာလားဟ။”

“ဟုတ်တယ်ဗျ။ ရှေးဟောင်းအမွေအနှစ်နယ်မြေ နေရာလုပွဲ စည်းမျဉ်းတွေအရ ၊ စိန်ခေါ်တဲ့သူက မစိန်ခေါ်ခင်မှာ နေရာနဲ့ နည်းလမ်းကို ဆုံးဖြတ်ခွင့်ရှိတယ်။ စိန်ခေါ်ခံရတဲ့သူက မဖြစ်မနေ လက်ခံရမယ်တဲ့။” လေချန်သည်လည်း မတတ်သာသည့်ပုံဖြင့် ရှင်းပြလာသည်။

“ဒါ ဘယ်လိုတောင် အဓိပ္ပာယ်မရှိတဲ့ စည်းမျဉ်းမျိုးလဲကွ။ ဒီစည်းမျဉ်းကို ထုတ်တဲ့ကောင်ကတော့ သေချာပေါက် ဦးနှောက်ချို့ယွင်းနေလို့ပဲ ဖြစ်ရမယ်။” လင်းချန် မကျေမနပ်ဟန်ဖြင့် ပြောလိုက်၏။

လင်းချန်၏ စကားကြောင့် လေချန် ချွေးပြန်သွားရတော့သည်။ “ဒီတစ်ခေါက် ရှေးဟောင်းအမွေအနှစ်နယ်မြေ နေရာလုပွဲ စည်းမျဉ်းတွေကို... စစ်ဧကရာဇ် ကိုယ်တိုင် ဂိုဏ်းချုပ်ဆီမှာ သတ်မှတ်ပေးခဲ့တာလို့ ကြားတယ်ဗျ။”

မူလက မကျေမနပ်ဖြစ်နေသော လင်းချန်မှာ ရုတ်တရက် တောင့်ခဲသွားပြီး ခြောက်ကပ်ကပ် ရယ်မောလိုက်မိ၏။

“ငါအခုပြောတာ မင်းတို့တွေ ဘာမှ မကြားလိုက်ဘူးနော်... ဟုတ်ပြီလား။”

ထို့နောက် လေချန် ခေါင်းဆောင်နှင့် အခြားသူများကို မိုးကြိုးတပ်ဖွဲ့ဝင် တပည့်များရှိရာသို့ ခေါ်သွားလိုက်၏။

“ဒါက ကျွန်တော့် မိုးကြိုးတပ်ဖွဲ့ပဲဗျ။” လေချန် သူ့ဘေးနားရှိ ဆယ်ဂဏန်းခန့်သာရှိသော လူအုပ်စုအား လက်ညှိုးထိုးပြရင်း ပြောလိုက်၏။

ရှေ့ရှိ ဆယ်ဂဏန်းမျှသာရှိသော လူများကို ကြည့်ပြီးနောက် လင်းချန် စူးစမ်းလိုစိတ်ဖြင့် လေချန်ကို ကြည့်လိုက်သည်။

“နေပါဦး... သေခြင်းရှင်ခြင်းတိုက်ပွဲတုန်းက မင်းကို အားပေးနေတဲ့ မိုးကြိုးတပ်ဖွဲ့က အနည်းဆုံး လူ နှစ်ရာ သုံးရာလောက် ရှိတာ မဟုတ်ဘူးလား။”

လင်းချန်၏ မေးခွန်းကို ကြိုသိနေသကဲ့သို့ လေချန် ခါးသက်သက် ပြုံးလိုက်ပြီး ရှင်းပြလိုက်၏။

“သေခြင်းရှင်ခြင်းတိုက်ပွဲမှာ ရှုံးပြီး ခင်ဗျားကို ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုလိုက်ကတည်းက အများစုက ထွက်သွားကြပြီလေ။”

“အစ်ကိုလေက အစ်ကို့ဆီမှာ ရှုံးသွားတာ အင်အားနည်းလို့ ၊ ထိပ်သီးဆယ်ယောက် နေရာနဲ့ မထိုက်တန်လို့ဆိုပြီး ထင်နေကြတဲ့ လေသင့်ရာ ယိမ်းတဲ့ကောင်တွေပါဗျာ။”

ကျန်ရစ်ခဲ့သော မိုးကြိုးတပ်ဖွဲ့ဝင် အနည်းငယ်က ဒေါသတကြီး ဝင်ပြောကြသည်။

“ပေါက်ကရတွေ... အခု လေချန်ရဲ့ တကယ့် တိုက်ခိုက်ရေးစွမ်းရည်က အဆင့် ၉ နေရာအတွက်တောင် လုံလောက်နေပြီလို့ ငါယုံကြည်တယ်ကွ။” လင်းချန် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး လေချန်ကို လေးလေးနက်နက် ပြောလိုက်၏။ “ဒါကြောင့် စိတ်ဓာတ်မကျနဲ့။ မင်း အားနည်းလို့ မဟုတ်ဘူး။ ငါက အရမ်းစွမ်းအားကြီးလွန်းနေလို့ပဲ...။”

လင်းချန် သူ့ကိုယ်သူ မျက်နှာသေဖြင့် ချီးကျူးနေသည်ကို မြင်သောအခါ အားလုံး အော်မရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားကြတော့သည်။

“အစ်ကိုလင်းကတော့ဗျာ... မျက်နှာပြောင်လိုက်တာ။”

ယီလင်းတစ်ယောက် ပါးစပ်ကို အုပ်ပြီး ရယ်မောလိုက်မိ၏။

လင်းချန် လက်ကာပြလိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။ “မယုံဘူးလား... လေချန်ကိုသာ မေးကြည့်လိုက်။ ငါ အရမ်းစွမ်းအားကြီးတာ မဟုတ်ဘူးလားလို့။”

“အရမ်းစွမ်းအားကြီးတာထက်ကို ပိုတယ်ဗျ။” လေချန်ကမူ လင်းချန်၏ ဝိညာဉ်အလင်းတန်း ၁၂ သွယ်ကို ပြန်တွေးမိပြီး သက်ပြင်းချလိုက်ရ၏။

“တကယ့် ဘီလူးသဘက်တစ်ကောင်ပဲ။”

“ကောင်းပြီ ကောင်းပြီ။ သွားကြစို့... ပြိုင်ပွဲစင်မြင့် အမှတ် ၃၆ က ဘယ်လိုလဲဆိုတာ သွားကြည့်ရအောင်။”

လင်းချန် တက်ကြွစွာ လက်ဝှေ့ယမ်းပြလိုက်ပြီး ဦးဆောင်ထွက်သွားရာ ၊ လေချန်က အနီးကပ် လိုက်ပါသွားပြီး ကျန်သူများလည်း အလျင်အမြန် နောက်မှ လိုက်သွားလိုက်ကြသည်။

လင်းချန်၏ဘေးမှ လျှောက်ရင်း လေချန်က တိုးတိုးလေး ဝင်မေးလိုက်၏။ “ခေါင်းဆောင်... ဝိညာဉ်အလင်းတန်း အရေအတွက်ကို ဖုံးကွယ်ထားလို့ ရလား။”

“ရတာပေါ့ကွ။” လင်းချန် ခေါင်းညိတ်လိုက်ပြီး လေချန်ကို ကြည့်လိုက်သည်။

“စွမ်းအားကို ဖိနှိပ်ထားရင် ဝိညာဉ်အလင်းတန်း အရေအတွက်ကိုလည်း ဖိနှိပ်လို့ ရတယ်။ ဒါပေမဲ့ စွမ်းအားအကုန် ထုတ်သုံးလိုက်ရင်တော့ ဖုံးကွယ်လို့ မရတော့ဘူး။”

ဖုံးကွယ်ထားနိုင်ကြောင်း ကြားရမှသာ လေချန် သက်ပြင်းချနိုင်တော့၏။ ထို့နောက် လေးနက်စွာ ပြောလိုက်သည်။ “ရှေးဟောင်းအမွေအနှစ်နယ်မြေ ဖွင့်ဖို့ နီးကပ်နေပြီဆိုတော့ ခေါင်းဆောင်ရဲ့ ကြောက်စရာကောင်းတဲ့ အလင်းတန်း အရေအတွက်ကို ထုတ်မပြတာ အကောင်းဆုံးပဲဗျ။”

“ဘာလို့လဲကွ။”

“ရှန်ထျန်ဂိုဏ်းကသာ ခေါင်းဆောင်ရဲ့ ပါရမီက ဒီလောက်ထိ ကြောက်စရာကောင်းမှန်း သိသွားရင်လေ... ခေါင်းဆောင် အင်အားပိုပြီး မကြီးထွားလာခင် ရှေးဟောင်းအမွေအနှစ်နယ်မြေမှာ အခွင့်အရေးယူပြီး ရှင်းပစ်ကြလိမ့်မယ်ဗျ။”

ရှန်ထျန်ဂိုဏ်းအကြောင်း ပြောရင်း လေချန် အံကြိတ်လိုက်၏။ “အဲရှန်ထျန်ဂိုဏ်းက သူတို့ရဲ့ ထိပ်သီးနေရာကို သေချာအောင်လို့ အခွင့်အရေးရရင် တခြားအင်အားစုက နောက်တက် လူငယ်ပါရမီရှင်တွေကို ရှင်းပစ်တတ်ကြတယ်ဗျ။”

လင်းချန် ခေါင်းညိတ်လိုက်ပြီး လေချန်၏ စကားကို လေးနက်စွာ သဘောတူလိုက်သည်။ မဟာလှံတံဂိုဏ်းသည် ယခုအခါ ရှန်ထျန်ဂိုဏ်း၏ လက်ပါးစေနှင့် ပိုတူလာ၏။

ဘာရှန်းမြို့ရှိကိစ္စသည် ရှန်ထျန်ဂိုဏ်း၏ ခွင့်ပြုချက်မပါဘဲ ဖြစ်လာသည်ဟု လင်းချန် လုံးဝ မယုံကြည်ချေ။ လင်းချန် ရှန်ထျန်ဂိုဏ်း၏ နောက်ကွယ်မှ ညစ်ပတ်သော လုပ်ရပ်များကိုလည်း ကြားဖူးသေး၏။

“ရှေးဟောင်းအမွေအနှစ်နယ်မြေ ကိစ္စမှာ ရှန်ထျန်ဂိုဏ်းက တပည့်တွေ ငါ့ကို လာမစနဲ့လို့ပဲ မျှော်လင့်ရတာပဲ။” လင်းချန် တိုးတိုးလေးနှင့် လေးနက်စွာ ပြောလိုက်သည်။ “မဟုတ်ရင်တော့ သူတို့ရဲ့ ခရီးစဉ်က နောင်တမျက်ရည်တွေနဲ့ပဲ အဆုံးသတ်သွားလိမ့်မယ်။”

“အဲ့ဒါ ပြိုင်ပွဲစင်မြင့် အမှတ် ၃၆ မလား။” ရုတ်တရက် ယီလင်း လှမ်းအော်လိုက်သဖြင့် လင်းချန် ရှေ့သို့ လှမ်းကြည့်လိုက်၏။

အရှေ့နား၌ မြေကြီးထက် တစ်ပေခန့် မြင့်သော စင်မြင့်တစ်ခုက လမ်းကို ပိတ်ဆို့ထားသည်။ ထိုစင်မြင့်ပေါ်၌ လူထောင်ပေါင်းများစွာက တစ်ကြိမ်တည်း ဝင်ရောက် ယှဉ်ပြိုင်နိုင်ကြသည့်ထိ ကျယ်ဝန်း၏။

စင်မြင့်ပေါ်ရှိ လူအုပ်ကြီးသည် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။

လင်းချန်နှင့် အခြားသူများ စင်မြင့်ပေါ်သို့ တက်လာသည်ကို မြင်သောအခါ လူအုပ်ကြီးကို ဦးဆောင်နေသည့် ခေါင်းတုံးနှင့် လူငယ်တစ်ဦးက သူတို့အား လက်ညှိုးထိုးကာ ရန်စသော ပုံစံဖြင့် လှမ်းခေါ်လိုက်တော့၏။

“ဘယ်ကောင်က လင်းချန်လဲ... ရှေ့ထွက်ခဲ့စမ်း။”

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၇ ၊ အတွဲ ၁ ၊ အပိုင်း ၆၇ + ၆၈ ပြီး။

ဘာသာပြန် - Author Ko Yoohtoo

Editor - Author Chang'e 🌕

True Immortal Team

All Chapters