အခန်း (၆၉-၇၀)
Vol. 7 Ch. 69-70
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၇ ၊ အတွဲ ၁ ၊ အပိုင်း ၆၉ + ၇၀
ဘာသာပြန် - Author Ko Yoohtoo
Editor - Author Chang'e 🌕
True Immortal Team
လင်းချန် စကားပြောလာသူအား မျက်နှာသေဖြင့်သာ စိုက်ကြည့်လိုက်၏။ ထိုသို့ပြောလာသူမှာ လူအုပ်ရှေ့ဆုံးမှ ခေါင်းတုံးနှင့် လူငယ်တစ်ဦးပင် ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ ကြွက်သားများမှာ ကျစ်လျစ်တင်းရင်းနေပြီး ဝတ်ဆင်ထားသော အဖြူရောင်ဝတ်ရုံမှာ ဖွံ့ဖြိုးထွားကျိုင်းလှသော ကြွက်သားများကြောင့် ပြဲထွက်မတတ် တင်းကျပ်နေ၏။
သူ၏ သန်မာထွားကျိုင်းလှသော ခန္ဓာကိုယ်ကြီးကြောင့် လူအုပ်ကြားထဲတွင် ဘီလူးတစ်ကောင်သဖွယ် ပေါ်လွင်နေလျက်ရှိသည်။ လျူမင်ဆိုသည့် နာမည်ကို လင်းချန် ကြားဖူးထား၏။
သူသည် အတွင်းစည်းတပည့်များကြား၌ အဆင့် ၇ ချိတ်ထားသူ ဖြစ်သည်။ သူ၏ သိုင်းဝိညာဉ်မှာ သံလက်သီးတစ်စုံဖြစ်ကာ ခန္ဓာကိုယ်၏ ရုပ်ပိုင်းဆိုင်ရာစွမ်းအားကို မြှင့်တင်ပေးနိုင်စွမ်း ရှိ၏။
လျူမင်သည် ကျင့်ကြံစဉ်ကာလတစ်လျှောက် ခန္ဓာကိုယ်ကြံ့ခိုင်မှုကိုသာ အဓိကထား လေ့ကျင့်ခဲ့သဖြင့် သိုင်းဝိညာဉ်စွမ်းရည်မှာ သူ့အတွက် ပြီးပြည့်စုံသော အထောက်အပံ့တစ်ခု ဖြစ်လာခဲ့သည်။ အနီးကပ်တိုက်ခိုက်ရာ၌ လျူမင်သည် အတွင်းစည်းတပည့်များကြား၌ ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်၏။
ယခင်က နတ်ဓားဂိုဏ်းအတွင်းရှိ တပည့်အများအပြားသည် လင်းချန်နှင့် လျူမင်တို့ နှစ်ဦးအနက် မည်သူ၏ ရုပ်ပိုင်းဆိုင်ရာစွမ်းအားက ပိုသာမည်နည်းဟု နှိုင်းယှဉ်ငြင်းခုံခဲ့ကြဖူးသည်။
အတွင်းစည်းတပည့်များစွာ၏ အမြင်၌ လင်းချန်၏ ရုပ်ပိုင်းဆိုင်ရာစွမ်းအားသည် သာမန် နိဗ္ဗာန်နယ်ပယ် သိုင်းဝိညာဉ်ပညာရှင်များထက် များစွာ သာလွန်နေပေလိမ့်မည်။
သို့သော်ငြားလည်း ခန္ဓာကိုယ်ကြံ့ခိုင်မှုကို အထူးလေ့ကျင့်ထားကာ ရုပ်ပိုင်းဆိုင်ရာခွန်အားကို မြှင့်တင်ပေးသည့် သိုင်းဝိညာဉ် ပိုင်ဆိုင်ထားသော လျူမင်နှင့် ယှဉ်လျှင်တော့ လင်းချန် ထိုမျှလောက် ကြောက်စရာကောင်းချင်မှ ကောင်းလိမ့်မည်ဟု သူတို့က ထင်မြင်ကြ၏။
လင်းချန် နှုတ်ဆိတ်နေလိုက်ရာ လေချန်က သူ့ကိုယ်စား ရှေ့ထွက်၍ ပြောလိုက်သည်။
“လျူမင်... မင်းက ဘာလို့ စကားကို အခုတစ်မျိုး တော်ကြာတစ်မျိုး ပြောနေရတာလဲကွ။”
“အို... ဒါ လေချန် မဟုတ်လားဟ။ မင်းက နေယွမ်နယ်ပယ် ကောင်လေးတစ်ယောက်ရဲ့လက်ထဲမှာ ရှုံးသွားပြီး သူ့ကို ခေါင်းဆောင်အဖြစ် အရှက်မရှိ အသိအမှတ်ပြုလိုက်တယ်လို့ ကြားတယ်။ ငါတောင် မယုံနိုင်ဘူးကွာ... အတွင်းစည်းရဲ့ အဆင့် ၁၀ ပါရမီရှင်က ဒီလောက်တောင် သိက္ခာမဲ့သွားရတာလားဟ။”
လျူမင် သူ၏ခေါင်းပြောင်ကြီးကို ပွတ်သပ်ရင်း ဝါထိန်နေသော သွားများပေါ်အောင် ဖြဲပြကာ လှောင်ပြောင်လိုက်၏။ ထို့နောက် လျူမင်က လက်ဖြန့်ကာ သူ့နောက်မှ လူအုပ်အား ညွှန်ပြလိုက်သည်။
“သေချာ ကြည့်ထားလိုက်... အရင်က မင်းနောက်လိုက်ခဲ့တဲ့ မိုးကြိုးတပ်ဖွဲ့ဝင် တပည့်တော်တော်များများက အခု ငါ့ဆီ ရောက်နေကြပြီကွ။”
လျူမင်၏ အနောက်ရှိ လူအုပ်ကြီးကို ကြည့်လိုက်သောအခါ မူလက သူ၏မိုးကြိုးတပ်ဖွဲ့မှ လူအများအပြား ပါဝင်နေသည်ကို လေချန် မျက်မြင်ကိုယ်တွေ့ တွေ့လိုက်ရ၏။
“ကျေးဇူးကန်းတဲ့ ကောင်တွေ... အစ်ကိုလေက ရသမျှ အကျိုးအမြတ်တွေကို ငါတို့ကို အမြဲ ဝေမျှပေးခဲ့တာပဲ... ဒါတောင် သူတို့က...”
“ထားလိုက်ပါတော့ကွာ... ဒီကောင်တွေ စောက်ကျင့်ကို ငါတို့ အစကတည်းက သိပြီးသားပဲလေ... ဘာလို့ ဒေါသထွက်နေဦးမှာလဲ။”
ကျန်ရစ်နေသေးသော မိုးကြိုးတပ်ဖွဲ့ဝင် အယောက်ဆယ်ဂဏန်းခန့်က သက်ပြင်းချကာ ခေါင်းခါလိုက်ကြ၏။
“နောက်ပြီး အခု မွန်းတည့်တောင် မရောက်သေးဘူးလေ... စိန်ခေါ်ပွဲမှ မစသေးတာ။ စည်းမျဉ်းတွေက ခွင့်ပြုထားတဲ့အတိုင်း ငါက နေရာနဲ့ ပုံစံကို ပြောင်းလို့ရတာပဲ... ဘယ်လိုလုပ်ပြီး စကားအမျိုးမျိုး ပြောတယ်လို့ စွပ်စွဲလို့ရမှာလဲဟ။”
ခေါင်းပြောင်နှင့် လျူမင်က လေချန်အား လှောင်ပြောင်သကဲ့သို့ ရယ်မောလိုက်သည်။ လေချန် တစ်စုံတစ်ခု ပြောရန် ပြင်လိုက်စဉ် လင်းချန် ရုတ်တရက် လက်ကာပြကာ တားဆီးလိုက်၏။
ထို့နောက် လင်းချန် ရှေ့သို့ တက်လာပြီး ထိုခေါင်းတုံးနှင့်မအေဘေးအား စိုက်ကြည့်လိုက်သည်။ “ပြောစမ်း... ငါတို့ ဘယ်လို ယှဉ်ကြမလဲ။”
လူငယ်တစ်ယောက် ရှေ့ထွက်လာသည်ကို မြင်သောအခါ လျူမင်က ထိုသူမှာ လင်းချန်ပင် ဖြစ်ရမည်ဟု ခန့်မှန်းမိလိုက်၏။
“ရှင်းပါတယ်... အုပ်စုလိုက်တိုက်ပွဲလေ။”
လျူမင် ပြုံးဖြဲဖြဲလုပ်ရင်း ကောင်းကင်သို့ လက်ညှိုးထိုးပြလိုက်သည်။
“မွန်းတည့်ဖို့ တစ်နာရီ လိုသေးတယ်။ အဲ့ဒီအချိန်မတိုင်ခင် လူဘယ်နှယောက် ခေါ်နိုင်မလဲ ကြည့်ကြတာပေါ့။”
“ယုတ်မာလိုက်တာကွာ။”
လျူမင် အဆိုပြုလာသော စည်းမျဉ်းကို ကြားလိုက်ရသောအခါ လေချန် ဒေါသတကြီး မအော်ဘဲ မနေနိုင်တော့ချေ။
အုပ်စုလိုက်တိုက်ပွဲမှာ ထူးခြားသော ပြိုင်ပွဲအမျိုးအစားတစ်ခု ဖြစ်သည်။ စင်မြင့်ကို အမှတ် ၃၆ သို့ ပြောင်းလိုက်ကတည်းက လျူမင်၏ ရည်ရွယ်ချက်ကို သူ အနည်းငယ် ခန့်မှန်းမိပြီး ဖြစ်၏။
နာမည်အတိုင်းပင် အုပ်စုလိုက်တိုက်ပွဲဆိုသည်မှာ နှစ်ဖက်စလုံးမှ လူအများအပြား ပါဝင်တိုက်ခိုက်ရသည့် ပွဲမျိုးဖြစ်ပြီး ပါဝင်မည့်သူ အရေအတွက်ကို များသောအားဖြင့် အပြန်အလှန် သဘောတူညီမှုဖြင့်သာ သတ်မှတ်လေ့ရှိကြ၏။
သို့သော်ငြား ယခုပွဲမှာ ရှေးဟောင်းအမွေအနှစ်နယ်မြေ နေရာလုပွဲ ဖြစ်နေသဖြင့် အရာအားလုံးကို စိန်ခေါ်သူ လျူမင်ကသာ ဆုံးဖြတ်ခွင့် ရှိနေသည်။ လျူမင်၏ စည်းမျဉ်းအရ မွန်းမတည့်မီ လူအင်အား အများဆုံး စုစည်းနိုင်သူက အသာစီးရမည် ဖြစ်လေ၏။ ဤကဲ့သို့သော စည်းမျဉ်းများအောက်တွင် အခြေအနေမှာ လင်းချန်အတွက် အလွန်ပင် ဆိုးရွားနေရသည်။
လျူမင်သည် အတွင်းစည်း၏ အဆင့် ၇ တပည့် ဖြစ်သည့်အားလျော်စွာ သူ့နောက်လိုက် အတွင်းစည်းတပည့်များစွာလည်း ရှိနေသည်။ ထို့အပြင် မိုးကြိုးတပ်ဖွဲ့မှ ဘက်ပြောင်းလာသူများနှင့်ပါ ပေါင်းလိုက်လျှင် သူ၏အင်အားမှာ အနည်းဆုံး လူငါးရာ ခြောက်ရာခန့် ရှိနေ၏။
လက်ရှိ စင်မြင့်ပေါ်သို့ တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် လျူမင်၏ နောက်၌ လူသုံးရာထက်မနည်း ရှိနေသည်ကို တွေ့မြင်နေရသည်။
လင်းချန်ဘက်၌မူ လေချန်နောက်သို့ လိုက်လာသော မိုးကြိုးတပ်ဖွဲ့ဝင်များကို ထည့်တွက်လျှင်ပင် အယောက်ဆယ်ဂဏန်းခန့်သာ ရှိနေ၏။ မွန်းတည့်ရန် တစ်နာရီသာ လိုတော့သဖြင့် လူထပ်ခေါ်ရန် အချိန်ပင် ရချင်မှ ရတော့မည် ဖြစ်သည်။
“လင်းချန်... မင်း ဟိုအသုံးမကျတဲ့ အပြင်စည်းတပည့်တွေကို သွားခေါ်လို့ ရပါတယ်ကွ... အနည်းဆုံးတော့ အရေအတွက်လေး ဘာလေး ဖြည့်လို့ရတာပေါ့။”
လျူမင်က ရယ်မောကာ ပြောလိုက်၏။ “ပြိုင်ပွဲမှာ အသက်အန္တရာယ်ဖြစ်အောင် လုပ်လို့မရပေမယ့် ဒဏ်ရာရတာကတော့ ကိစ္စမရှိဘူးနော်။ မင်း ဘယ်သူ့ကို ခေါ်လာမလဲဆိုတာ သေချာ စဉ်းစားဦး... မဟုတ်ရင် သူတို့ရဲ့ လက်တွေ ခြေထောက်တွေ ပြတ်ကုန်လိမ့်မယ်။”
“မင်းက အပြင်စည်းတပည့်တွေကို အသုံးမကျတဲ့ကောင်တွေလို့ စော်ကားရဲတယ်ပေါ့လေ။” လျူမင်၏ စကားကြောင့် လင်းချန်၏ မျက်နှာထား တင်းမာသွား၏။ “မင်းကိုယ်တိုင်ရော အပြင်စည်းကနေ တက်လာတာ မဟုတ်ဘူးလား။”
“အပြင်စည်းမှာ နေခဲ့ဖူးလို့ပဲ အဲ့ဒီမှာ အသုံးမကျတဲ့ကောင်တွေ ဘယ်လောက်များလဲဆိုတာ ငါသိတာပေါ့ကွ။” လျူမင်က ပခုံးတွန့်ပြလိုက်ပြီး အပြစ်ကင်းစင်ဟန်ဖြင့် ပြောလိုက်သည်။ “တောင်းပန်ပါတယ်ကွာ... ငါက အမှန်တရားကိုပဲ ပြောတတ်လို့ပါ။”
“စီနီယာအစ်ကိုလျူ... ကျွန်တော် ရောက်ပါပြီဗျ။” ရုတ်တရက် လင်းချန်တို့၏ အနောက်ဘက်မှ ရိုင်းစိုင်းမောက်မာသော အသံတစ်ခု ထွက်ပေါ်လာသည်။
ထို့နောက် လူအုပ်တစ်စု စင်မြင့်ပေါ်သို့ တက်လာပြီး မိုးကြိုးတပ်ဖွဲ့ရှိရာသို့ တန်းတန်းမတ်မတ် လျှောက်လာကြ၏။ မိုးကြိုးတပ်ဖွဲ့ထက် အရေအတွက် များစွာသာလွန်နေသော ထိုလူအုပ်သည် လင်းချန်နောက်ရှိ လူများအား အတင်းအဓမ္မ တွန်းဖယ်ပစ်လိုက်ကြသည်။
ဦးဆောင်လာသော ဆံပင်တိုနှင့်လူငယ်သည် လေချန်အနားမှ ဖြတ်သွားစဉ် တမင်သက်သက် ဝင်တိုက်လိုက်ပြီး မထီမဲ့မြင် ပြောလိုက်၏။
“မိဘမဲ့ မျိုးမစစ်ကောင်... အဘိုးအားကိုး ပုဆိန်ရိုးလုပ်မနေနဲ့။” ထိုသူသည် လေချွန်လျက် လူအုပ်အား ဦးဆောင်ကာ ထွက်သွားတော့၏။
လေချန်မှာ ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ယင်နေရပြီး အံကိုတင်းတင်းကြိတ်ကာ ထိုလူ၏ကျောပြင်ကိုသာ စိုက်ကြည့်နေသည်။
“မင်း ဘာမှ ပြန်မတုံ့ပြန်တော့ဘူးလား။”
လေချန်၏ အခြေအနေကို မြင်သောအခါ လင်းချန် လေးနက်သော မျက်နှာထားဖြင့် မေးလိုက်၏။
လေချန်ကမူ အသက်ပြင်းပြင်း ရှူလိုက်ရပြီး အံကြိတ်ကာ ပြန်ဖြေလိုက်သည်။ “စင်မြင့်ပေါ် ရောက်နေပြီဆိုတော့ ပြိုင်ပွဲစတာကိုပဲ စောင့်နေရမှာ... အခု ကျွန်တော် လှုပ်ရှားလိုက်ရင် ခေါင်းဆောင်ပါ ရှုံးသွားလိမ့်မယ်။”
“ဒါ့အပြင် အဆင့် ၉ နေရာက လေကော့က သူ့ကို လာကူညီမယ်လို့ ကျွန်တော် ထင်မထားခဲ့မိဘူးဗျ။”
သူ့အား စော်ကားသွားသော လူငယ်ကို ကြည့်ရင်း လေချန် တုန်ယင်နေသည့်အသံဖြင့် ပြောလိုက်ရသည်။
ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော ဆံပင်တိုနှင့်လူငယ်သည် လူနှစ်ရာကျော်အား ဦးဆောင်လျက် လျူမင်ထံသို့ ရယ်မောကာ လျှောက်သွားပြီး နှုတ်ဆက်လိုက်သည်။
ထိုလေကော့ဆိုသူမှာ လင်းချန် သိထားသည့်အတိုင်းပင် လေချန်အဖိုး၏ ညီဖြစ်သူ လေရှန်၏ မြေးဖြစ်၏။
'ဒီဝမ်းကွဲညီအစ်ကိုတွေက ဆက်ဆံရေး တော်တော်ဆိုးပုံရတယ်။' ဒေါသထွက်နေသော လေချန်အား ကြည့်ရင်း လင်းချန် တိတ်တဆိတ် တွေးလိုက်သည်။
“မင်းက လင်းချန်ဆိုတဲ့ ကောင်လား။” ရုတ်တရက် တစ်ဖက်မှ မေးသံထွက်လာသဖြင့် လင်းချန် လှမ်းကြည့်လိုက်ရာ လေကော့ ဖြစ်နေ၏။
လင်းချန် ပြန်မဖြေရသေးခင်မှာပင် လေကော့က မေးစေ့ကို ပင့်ကာ လှောင်ပြောင်လိုက်သည်။ “မင်းရဲ့ဆရာ စစ်ဧကရာဇ်ကြီး သေတော့မယ်လို့ ကြားတယ်... ဟားဟား...”
လေကော့၏ စကားအဆုံးတွင် လင်းချန်၏ မျက်နှာထား မည်းမှောင်သွားပြီး ပြိုင်ဘက်အား အေးစက်စွာ စိုက်ကြည့်လိုက်၏။
“ဘာ ကြည့်တာလဲ... ငါ့ရဲ့ အသုံးမကျတဲ့ ညီကို နိုင်လိုက်ရုံလေးနဲ့ မင်းကိုယ်မင်း တကယ့် လူငယ်ဧကရာဇ် လို့များ ထင်နေတာလား... တောက်...”
“မင်းက မင်းဆရာရဲ့ ဂုဏ်သတင်းကို မှီခိုနေရုံလေးပဲ... မင်းဆရာ သေသွားရင် မင်းဘာကို အားကိုးဦးမှာလဲကွ။”
“အို... ဟုတ်ပါရဲ့။ မင်းဆရာ သေတော့မယ်လို့ သတင်းထွက်နေတာ ကြာပြီပဲ... ဘာလို့ အခုထိ မသေသေးတာလဲ မသိဘူး။”
လေကော့က ပေါက်ကရများ ပြောဆိုနေသော်ငြား လင်းချန် မျက်နှာသေဖြင့်သာ နေပြီး ဘာမျှ ပြန်မပြောချေ။ “သတ္တိကြောင်တဲ့ကောင်။”
လင်းချန် တိတ်ဆိတ်နေသည်ကို မြင်သောအခါ လေကော့ နှာခေါင်းရှုံ့လိုက်ပြီး လျူမင်ဘက်သို့ လှည့်ကာ မွန်းတည့်ချိန်ကို စောင့်ရင်း စကားလက်ဆုံ ကျနေလိုက်၏။
လင်းချန်၏ ရင်တွင်း၌မူ သတ်ဖြတ်လိုစိတ်များ ပြင်းပြလာသည်။ သူ့ဆရာ ဝေဝူရွှမ်သာ မရှိခဲ့လျှင် သူသည် လွန်ခဲ့သော ကာလများကတည်းက သေဆုံးခဲ့ပြီး ဖြစ်ပေလိမ့်မည်။
လင်းချန်အတွက်မူ ဝေဝူရွှမ်သည် အသက်သခင်ကျေးဇူးရှင်နှင့် ဆရာသမားဖြစ်ရုံသာမက ဒုတိယဖခင်သဖွယ် မေတ္တာကြီးမားသူ ဖြစ်၏။
ယခုမူ လေကော့က ဝေဝူရွှမ်အား ဤကဲ့သို့ စော်ကားရဲရုံသာမက သူ့ဆရာကိုပါ သေစေချင်နေသည်။ “တကယ်လို့ လေကော့ကို ငါသတ်လိုက်ရင် မင်းစိတ်မကောင်း ဖြစ်သွားမလား။”
လင်းချန် အေးစက်လွန်းသော လေသံဖြင့် လေချန်အား မေးလိုက်၏။
လေချန် အသက်ပြင်းပြင်း ရှူလိုက်ပြီး ပြတ်သားစွာ ပြန်ဖြေလိုက်သည်။ “သူ့ကိုသတ်ဖို့ ကျွန်တော် ခေါင်းဆောင်ကိုတောင် ကူညီပေးပါဦးမယ်။”
“လေချန်ကလွဲရင် ကျန်တဲ့လူတွေ အားလုံး ထွက်သွားကြ။”
မွန်းတည့်ချိန် နီးကပ်လာသောအခါ လင်းချန် ရုတ်တရက် နောက်လှည့်ကြည့်လိုက်ပြီး သူ့အနောက်ရှိ လူအုပ်အား ပြောလိုက်၏။
လင်းချန်၏ စကားကြောင့် အားလုံး မှင်သက်သွားကြပြီး အထူးသဖြင့် သူ့ဘေးရှိ လေချန်မှာ ပို၍ပင် အံ့အားသင့်သွားရသည်။
“ခေါင်းဆောင်... သူတို့အားလုံး ထွက်သွားရင် ပြိုင်ပွဲမှာ ဘယ်လိုလုပ်မလဲ။” လေချန်က လင်းချန်အား ကြည့်ကာ အလျင်အမြန် မေးလိုက်၏။
“ရပါတယ်... အားလုံး ထွက်သွားကြ။”
လင်းချန် ကိစ္စမရှိကြောင်း လေချန်အား လက်ကာပြလိုက်ပြီး ထူးဆန်းသော အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
“ပြောရရင် လူအင်အားနဲ့ ဖိကြေးဆိုရင် ငါ့ကို ဘယ်သူမှ မနိုင်ဘူး”
လင်းချန်၏ စကားသံအဆုံး၌ ပိုင်ရန် ယီလင်း ယီလုံနှင့် ယီဖုန်းတို့အားလုံး ရုတ်တရက် ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်ကြ၏။ သို့သော်ငြား သူတို့ မော့ကြည့်လိုက်သောအခါ ကြည်လင်နေသော ကောင်းကင်ပြင်မှလွဲ၍ ထူးခြားသောအရာ မည်သည့်အရာမျှ ဖြစ်ပျက်လာခြင်း မရှိချေ။
သို့သော်လည်း ပိုင်ရန်နှင့် အခြားသူများသည် ဘာရှန်းမြို့တွင် ဖြစ်ပျက်ခဲ့သည်ကို ရှင်းလင်းစွာ မှတ်မိနေကြဆဲ ဖြစ်၏။ ထိုစဉ်က မဟာလှံတံဂိုဏ်းသည် သူတို့၏ လူအင်အားများပြားမှုကို အားကိုးကာ သေချာပေါက် နိုင်ပြီဟု ထင်မှတ်ခဲ့ကြသည်။
သို့သော် မျှော်လင့်ချက်မဲ့နေသော ထိုအခိုက်အတန့်တွင် သံချပ်ကာဝတ် စစ်သည်တစ်တပ် ကောင်းကင်မှ ဆင်းသက်လာပြီး မဟာလှံတံဂိုဏ်းမှ လူများအား အပြတ်အသတ် သုတ်သင်ရှင်းလင်းခဲ့သည်။
ယနေ့ အခြေအနေမှာ ဘာရှန်းမြို့မှ အခြေအနေနှင့် အလွန်ပင် တူညီနေ၏။ ထိုအကြောင်းကို တွေးမိပြီးနောက် ပိုင်ရန်နှင့် အခြားသူများသည် တိတ်ဆိတ်စွာပင် နောက်ဆုတ်သွားကြပြီး ပြိုင်ပွဲစင်မြင့်ပေါ်မှ ဆင်းသွားကြတော့သည်။
ပိုင်ရန်တို့ ထွက်ခွာသွားသည်ကို မြင်သောအခါ လင်းချန် ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး မိုးကြိုးတပ်ဖွဲ့မှ ကျန်ရစ်သော ဂိုဏ်းသားများအား ကြည့်ကာ ပြောလိုက်သည်။
“မင်းတို့လည်း စင်ပေါ်က ဆင်းသွားကြတော့။ ဒီမှာ နေလည်း အပိုပဲ။”
“ဟင့်အင်း... ကျွန်မတို့ မသွားနိုင်ဘူး။” မိုးကြိုးတပ်ဖွဲ့မှ အမျိုးသမီးဂိုဏ်းသားတစ်ဦးက မျက်မှောင်ကြုတ်ကာ ငြင်းဆန်လိုက်၏။
“သူတို့ဘက်မှာ လူ ခြောက်ရာကျော် ရှိတာကို အစ်ကိုလေနဲ့ ရှင်တို့ နှစ်ယောက်တည်း ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။”
ထိုအခိုက်အတန့်၌ အေးစက်သော အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားပြီး လှံရှည်တစ်ချောင်း ရုတ်တရက် ထွက်ပေါ်လာကာ ထိုအမျိုးသမီး၏ လည်မျိုတည့်တည့်သို့ ချိန်ရွယ်လာ၏။
နဂါးနက်ငွေရောင်သံချပ်ကာကို ဝတ်ဆင်ထားသော စစ်သူကြီးတစ်ဦးသည် လေထုထဲမှ ရုတ်တရက် ပေါ်ထွက်လာပြီး မိုးကြိုးတပ်ဖွဲ့မှ အမျိုးသမီးအား စူးရဲစွာ စိုက်ကြည့်လိုက်သည်။
“အရှင်မင်းကြီးရဲ့ အမိန့်ကို မင်းလို နိမ့်ကျတဲ့ ကျွန် မက ဖီဆန်ရဲတယ်ပေါ့... ရိုင်းစိုင်းလိုက်တာ။” ရုတ်တရက် ပေါ်လာသော ကျောက်လုံက ဒေါသတကြီး ဟိန်းဟောက်လိုက်ရာ သူ၏အသံသည် ပတ်ဝန်းကျင်တစ်ခွင် ပဲ့တင်ထပ်သွားပြီး သူ၏ ကြီးမားလှသော အရှိန်အဝါကြောင့် မိုးကြိုးတပ်ဖွဲ့မှ လူများမှာ ကြောက်လန့်တုန်လှုပ်သွားကြရ၏။
“ကျောက်လုံ...။” လင်းချန်၏ အသံက ထွက်ပေါ်လာသည်။
ကျောက်လုံသည်တော့ ထိုအမျိုးသမီးအား စူးရဲစွာ တစ်ချက်စိုက်ကြည့်လိုက်ပြီး သူ၏ နှင်းကဲ့သို့ ဖြူဖွေးသော လှံရှည်ကို မြေကြီးပေါ်သို့ စိုက်ချလိုက်၏။
ထို့နောက် လှည့်လိုက်ပြီး ဒူးတစ်ဖက်ထောက်ကာ ညာဘက်လက်သီးဖြင့် ဘယ်ဘက်ရင်အုံကို ထုလိုက်သည်။ “အရှင်မင်းကြီး... ကျွန်တော်မျိုးကျောက်လုံ အမိန့်တော်အတိုင်း အကူအညီပေးရန် ရောက်ရှိပါပြီ။”
*ဘုန်း... ဘုန်း... ဘုန်း...*
ရုတ်တရက် သိုင်းပြိုင်ကွင်း ဝင်ပေါက်မှ စည်းချက်ကျသော ခြေသံများ သဲ့သဲ့ထွက်ပေါ်လာပြီး တဖြည်းဖြည်း ကျယ်လောင်နီးကပ်လာ၏။
ထိုကြီးမားသော အရှိန်အဝါက ပြိုင်ပွဲဧရိယာတစ်ဝိုက်ရှိ ဂိုဏ်းသားတိုင်း၏ အာရုံကို ထိုအသံလာရာဆီသို့ ဆွဲဆောင်သွားတော့သည်။
သိုင်းပြိုင်ကွင်း ဝင်ပေါက်ဘက်မှ သံချပ်ကာဝတ် စစ်တပ်ကြီး တစ်တပ် ရုတ်တရက် ပေါ်လာပြီး စစ်ကြောင်းသုံးကြောင်းဖွဲ့ကာ ညီညာသော ခြေလှမ်းများဖြင့် ချီတက်လာကြသည်။ အလယ်စစ်ကြောင်းမှ စစ်သည်များသည် ကျောပေါ်၌ နက်မှောင်သော လှံရှည်များကို လွယ်ထားကြပြီး ရှေ့တည့်တည့်သို့ မမှိတ်မသုန် မျက်နှာမူထားကြ၏။
ဘယ်နှင့်ညာမှ စစ်သည်များသည် ခါး၌ တိုက်ပွဲဝင်ဓားများကို ချိတ်ဆွဲထားကြ၏။ စစ်ကြောင်းသုံးကြောင်းမှ စစ်သည်များသည် လက်နက်ကိုင်ဆောင်ထားပုံ မတူညီကြသော်ငြား သူတို့၏ ထူထဲလေးလံသော သံချပ်ကာများမှာမူ တူညီနေကြပြီး နေရောင်အောက်၌ အေးစက်သော အရောင်များဖြင့် တောက်ပလျက်ရှိနေသည်။
လင်းချန် နောက်လှည့်ကြည့်လိုက်ရာ သူ့ဆီသို့ ချီတက်လာနေသော စစ်သည် စစ်ကြောင်းသုံးကြောင်းကို တွေ့လိုက်ရ၏။
ဝုန်း... ဝုန်း...
ထိုစစ်ကြောင်းသုံးကြောင်းသည် အမှတ် ၃၆ စင်မြင့်အောက်တွင် ရပ်တန့်လိုက်ကြပြီး လင်းချန်၏ ရှေ့၌ ဒူးတစ်ဖက်ထောက်ကာ အရိုအသေပေးလိုက်ကြသည်။
သူတို့၏ မျက်နှာအမူအရာတို့မှာ ခံစားချက်ကင်းမဲ့ကာ အေးစက်နေသော်ငြား တစ်ပြိုင်နက်တည်း ကျယ်လောင်စွာ ဟိန်းဟောက် အော်ဟစ်လိုက်ကြ၏။
“အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။”
“ထကြ။”
“ကျေးဇူးကြီးမားလှပါတယ် အရှင်မင်းကြီး။”
သိုင်းပြိုင်ကွင်းထဲရှိ လူတိုင်း သူတို့ရှေ့မှ မြင်ကွင်းကြောင့် မှင်သက်အံ့အားသင့်သွားကြရ၏။ လေချန်ကမူ ခေါင်းကို တောင့်တောင့်ကြီး လှည့်လိုက်ပြီး သူ့ဘေးရှိ လင်းချန်အား ကြည့်ကာ တံတွေးမြိုချလိုက်ရသည်။
“ဒါ... ဒါ ဘာတွေ ဖြစ်ကုန်တာလဲ။” လေချန် အတော်လေး ဇဝေဇဝါ ဖြစ်သွားရ၏။ သူ့ရှေ့ရှိ စစ်သည်အရေအတွက်မှာ သုံးထောင်ထက် မနည်းရှိနေပြီး တစ်ယောက်ချင်းစီတိုင်းသည် နိဗ္ဗာန်နယ်ပယ်၏ အဆင့်ကိုးရှိ အရှိန်အဝါများကို ထုတ်လွှတ်နေကြလျက် ခမ်းနားစွာ ရှိနေကြသည်။
ဤမျှ အင်အားကြီးမား၍ လက်နက်အပြည့်အစုံ တပ်ဆင်ထားသော စစ်တပ်ကြီးတစ်ခုက နတ်ဓားဂိုဏ်း၏ အလယ်ဗဟို၌ ရုတ်တရက် ပေါ်ပေါက်လာပြီး လင်းချန်အား အရှင်မင်းကြီးဟု ခေါ်ဝေါ်လိုက်ကြ၏။ မည်သည်တို့ ဖြစ်ပျက်နေသည်နည်း။
လေချန် မျက်လုံးအပြူးသား ဖြစ်သွားသကဲ့သို့ မိုးကြိုးတပ်ဖွဲ့မှ ကျန်ရစ်သော ဂိုဏ်းသားများနှင့် ဘေးမှ ကြည့်ရှုနေကြသော ဂိုဏ်းသားများအားလုံးလည်း ကြောင်အမ်းသွားကြရ၏။
လျူမင် လေကော့နှင့် အခြားသူများမှာမူ ကြောက်ရွံ့တုန်လှုပ်သွားကြတော့သည်။ သူတို့ နှစ်ယောက်လုံးသည် အရူးများမဟုတ်ကြချေ။ တစ်ယောက်က အတွင်းစည်းဂိုဏ်း အင်အားအဆင့်သတ်မှတ်ချက်တွင် အဆင့် ၇ ဖြစ်ပြီး နောက်တစ်ယောက်က အဆင့် ၉ ဖြစ်၏။ သူတို့က မည်သို့လုပ်ပြီး ဉာဏ်တိမ်သူများ ဖြစ်နိုင်မည်နည်း။
ထိုနေ့က စေလွှတ်လိုက်သော အတွင်းစည်းဂိုဏ်းသားများ၏ သတင်းပို့ချက်များအရ လင်းချန် မည်မျှ အစွမ်းထက်ကြောင်းကို သူတို့ မည်သို့လုပ်ပြီး မသိဘဲနေမည်နည်း။
လျူမင်သည် လူကောင်ထွားကျိုင်းပြီး ယုံကြည်မှုလွန်ကဲသူ ဖြစ်သော်ငြား အမှန်တကယ်တွင်မူ စေ့စပ်သေချာသူ တစ်ဦးဖြစ်၏။ လင်းချန်အား အပြတ်အသတ် အနိုင်ယူပြီး ရှေးဟောင်းအမွေအနှစ်နယ်မြေဝင်ခွင့် နေရာကို ရယူနိုင်ရန်အတွက် စိန်ခေါ်သူ၏ အားသာချက်ကို အသုံးချကာ အုပ်စုလိုက်တိုက်ပွဲအဖြစ် ပြောင်းလဲခဲ့သည်။
အဘယ်ကြောင့်ဆိုသော် လင်းချန်၏ အခြေခံအုတ်မြစ်သည် နတ်ဓားဂိုဏ်းအတွင်း၌ မခိုင်မာသေးကြောင်းနှင့် အတွင်းစည်းသို့ပင် မဝင်ရသေးကြောင်းကို လျူမင် သိထားသောကြောင့် ဖြစ်သည်။
အုပ်စုလိုက်တိုက်ပွဲသို့ ပြောင်းလဲလိုက်ပြီးနောက် လင်းချန် အားကိုးနိုင်သည်မှာ လေချန်နှင့် ကျန်ရှိနေသော မိုးကြိုးတပ်ဖွဲ့မှ လူအနည်းငယ်သာ ရှိတော့သည် မဟုတ်ပါလား။
လျူမင်ဘက်၌မူ လေကော့အပါအဝင် စုစုပေါင်း လူခြောက်ရာကျော် ရှိနေ၏။ လင်းချန် မည်မျှပင် ထူးခြားနေပါစေ ဤမျှများပြားသော လူအင်အားကို တောင့်ခံနိုင်မည် မဟုတ်ဟု သူ တွေးထားခဲ့သည်။ သို့သော် လက်တွေ့ဘဝက သူ့အား ပါးဖြတ်ရိုက်သွား၏။
အေးစက်သော အလင်းရောင်များ တောက်ပနေသည့် သံချပ်ကာဝတ် စစ်သည်သုံးထောင် ရုတ်တရက် ပေါ်လာခြင်းက သူ၏ အစီအစဉ်များကို ရိုက်ချိုးဖျက်ဆီးပစ်လိုက်တော့သည်။
“ကျောက်လုံ... လှံရှည်တပ်သားတွေကို ဦးဆောင်ပြီး ဒီစင်မြင့်ကို ဝိုင်းထားလိုက်။ မွန်းမတည့်ခင် ငါ့ခွင့်ပြုချက်မရှိဘဲ ထွက်သွားရဲတဲ့ကောင် ရှိရင် အဲ့ဒီကောင်ရဲ့ ဒန်တျန်ကို ဖျက်ဆီးပစ်လိုက်။”
ထို့နောက် လင်းချန် လျူမင်နှင့် လေကော့တို့ အားလုံးရှင်းလင်းစွာ ကြားနိုင်စေရန် ကျောက်လုံအား ကျယ်လောင်စွာ အမိန့်ပေးလိုက်၏။
“အမိန့်တော်အတိုင်းပါ။” ကျောက်လုံ ဒူးထောက်ရာမှ ထရပ်လိုက်ပြီး လှည့်ထွက်ကာ အမှတ် ၃၆ ပြိုင်ပွဲစင်မြင့်အား ဝိုင်းရံရန် နေရာယူတော့သည်။
ကျောက်လုံ ပြေးထွက်သွားသည်နှင့် အလယ်တန်းမှ လှံရှည်တပ်သားများသည် ကပ်လျက် လိုက်ပါသွားကြပြီး အကွာအဝေးတစ်ခုရောက်တိုင်း စစ်သည်တစ်ဦးစီ ရပ်တန့်ကာ စင်မြင့်အစွန်းတွင် မတ်မတ် ရပ်လိုက်ကြ၏။
သူတို့၏ မျက်လုံးများမှာ အေးစက်နေပြီး လျူမင် လေကော့နှင့် အခြားသူများအား မလှုပ်မယှက် စိုက်ကြည့်နေကြလျက်ရှိသည်။
“မင်းတို့ ထွက်သွားလို့ရပြီ။” လင်းချန် မိုးကြိုးတပ်ဖွဲ့မှ ကျန်ရစ်သော ဂိုဏ်းသားများအား ကြည့်ပြီး ထပ်ပြောလိုက်၏။
ယခုတစ်ကြိမ်၌မူ မည်သူမျှ ဘာမျှမပြောရဲကြတော့ဘဲ ကြောင်တောင်တောင်ဖြင့် ခေါင်းညိတ်ကာ အမှတ် ၃၆ ပြိုင်ပွဲစင်မြင့်ပေါ်မှ တစ်ယောက်ပြီးတစ်ယောက် ဆင်းသွားကြတော့လေသည်။ လင်းချန် နောက်လှည့်လိုက်ပြီး လျူမင်နှင့် လေကော့တို့ရှိရာသို့ လျှောက်သွားလိုက်၏။
လေချန်ကမူ မူလ၌ ကြောင်အနေသော်ငြား အသိဝင်လာသည်နှင့် အနောက်မှ လိုက်ပါသွားသည်။
လင်းချန် ရွေ့လျားလိုက်သည်နှင့် စင်မြင့်အောက်ခြေ၌ ကျန်ရှိနေသော စစ်သည်တပ်ဖွဲ့နှစ်ခုသည် တန်းစီကာ ထွက်ခွာသွားသော လှံရှည်တပ်သားများ၏ နေရာလွတ်များကို ဖြည့်ဆည်းရင်း ပြိုင်ပွဲစင်မြင့်ဆီသို့ ချီတက်လာကြ၏။
လျူမင် လေကော့တို့နှင့် ပေအနည်းငယ်အကွာသို့ ရောက်သောအခါ လင်းချန် ရပ်လိုက်သည်။
သူ၏အနောက်ရှိ တိုက်ပွဲဝင်ဓားကိုင် စစ်သည်များသည်လည်း ရပ်တန့်လိုက်ပြီး ထိုနေရာ၌ပင် တန်းစီလိုက်ကြ၏။
လေချန်ကမူ လေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီး ဖြည်းညှင်းစွာ လှည့်ကြည့်ကာ စစ်သည်နှစ်ထောင်အား သေချာ စစ်ဆေးကြည့်ရှုပြီးနောက် ရုတ်တရက် ရယ်မောလိုက်တော့သည်။
“ဟားဟားဟား... လျူမင် ၊ လေကော့... အခုကျတော့ ဘာလို့ စကားမပြောကြတော့တာလဲ။ ခုနတုန်းကတော့ တော်တော်လေး လေကြီးနေကြတယ် မဟုတ်လား။”
လေချန် မာနတခွဲသားဖြင့် အားရပါးရ ရယ်မောလိုက်၏။
“ဖြောင်း။” လင်းချန် လေချန်၏ နဖူးကို လှမ်းရိုက်လိုက်ပြီး မကျေမနပ်ဖြင့် ဆူပူလိုက်သည်။ “မင်း ဘာလုပ်နေတာလဲ။ လူယုတ်မာလေးတစ်ကောင် အောင်ပွဲခံနေသလိုမျိုး လုပ်မနေစမ်းနဲ့။”
လေချန် သူ၏အပြုံးကို ချက်ချင်းထိန်းလိုက်ပြီး ခုနလေးတင် သူ အမူအရာ ပျက်သွားမှန်း သတိထားမိလိုက်၏။
ဤစစ်တပ်ကြီး ရုတ်တရက် ပေါ်ထွက်လာမှုက သူ့အား ကြီးမားသော ယုံကြည်မှုကို ပေးစွမ်းခဲ့ပြီး လူအင်အား သာလွန်ခြင်းဆိုတာ မည်သည်နည်းဆိုသည်ကို အပြည့်အဝ နားလည်သဘောပေါက်သွားစေခဲ့သည်။
“ဟားးး ဟားးး ဟားးး” လေချန် တိတ်ဆိတ်စွာ တွေးတောနေစဉ် သူ့ဘေးရှိ လင်းချန် ရုတ်တရက် အားရပါးရ အော်ဟစ်ရယ်မောလိုက်ပြီး တစ်ဖက်ရှိ လျူမင်နှင့် လေကော့တို့အား လှမ်းအော်လိုက်၏။
“ငတုံးကောင်တွေ... မင်းတို့ကောင်တွေ ခုနတုန်းက တော်တော် လေကြီးနေကြတယ် မဟုတ်လား။ နားမဒိန်းကျင့်သလိုကို ဟောင်နေကြတာလေ။ အခု ဘာလို့ မဟောင်ကြတော့တာလဲ။ ဆက်ဟောင်လေကွ...။”
“ကောင်းတယ်... ပြောသာပြော အရှင်မင်းကြီး။”
လင်းချန်၏ အသံ ပဲ့တင်ထပ်သွားသည်နှင့် ကျောက်လုံက သူ၏ ဘယ်ဘက်ရင်အုံကို လက်သီးဖြင့်ထုကာ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ တစ်ချိန်တည်းမှာပင် ရှိနေသော ဟွာရှာအင်ပါယာ စစ်သည်သုံးထောင်သည်လည်း လိုက်ပါ အော်ဟစ်လိုက်ကြသည်။
“ကောင်းတယ်”
“အရှင်မင်းကြီး ဆဲလိုက်တာ သိပ်မိုက်တယ်”
“ပြောင်မြောက်တယ်”
“လက်ခုပ်တီးကြ”
“ဖြောင်း... ဖြောင်း... ဖြောင်း... ဖြောင်း...”
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၇ ၊ အတွဲ ၁ ၊ အပိုင်း ၆၉ + ၇၀ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
Editor - Author Chang'e 🌕
True Immortal Team