← Chapters

အခန်း (၇၁-၇၂)

Vol. 8 Ch. 71-72

အခန်း (၇၁-၇၂)

Vol. 8 Ch. 71-72

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၈ ၊ အတွဲ ၁ ၊ အပိုင်း ၇၁ + ၇၂

ဘာသာပြန် - Author Ko Yoohtoo

Editor - Author Chang'e 🌕

True Immortal Team

"စီနီယာအစ်ကိုလျူ... ကျွန်တော်တို့ အခု ဘာဆက်လုပ်ကြမလဲ။"

"သူတို့က လူအင်အားနဲ့ ဖိထားတာဆိုတော့ ကျွန်တော်တို့ ခဏလောက်တော့ နောက်ဆုတ်ပေးလိုက်သင့်တယ်ဗျ။"

လျူမင်၏ အနောက်ရှိ အတွင်းစည်းတပည့်များမှာ စုရုံးရောက်ရှိလာကြပြီး အကြံဉာဏ်များ ပေးနေကြ၏။

လင်းချန်၏ အနောက်ရှိ သံချပ်ကာဝတ်စစ်သည်နှစ်ဖွဲ့နှင့် အမှတ် ၃၆ ပြိုင်ပွဲစင်မြင့် တစ်ခုလုံးအား နှစ်ထပ် ဝိုင်းရံထားသော သံချပ်ကာဝတ် လှံရှည်တပ်သားများကြောင့် သူတို့အားလုံး ကြီးမားသော ဖိအားကို ခံစားနေကြရသည်။

"လန့်မနေကြစမ်းပါနဲ့ကွာ...။ ဒီလို လှည့်ကွက် အသေးအဖွဲလေးတွေကို ငါ အများကြီး မြင်ဖူးပါတယ်ကွ။" ရုတ်တရက် လေကော့၏ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာ၏။

လေကော့ စကားစလိုက်သည်နှင့် လင်းချန် အပါအဝင် လူတိုင်း၏ အာရုံသည် သူ့ထံသို့ ရောက်ရှိလာကြသည်။

လင်းချန်ကမူ လက်ပိုက်လျက် သကောင့်သား လေကော့အား လှောင်ပြောင်လိုသော အကြည့်ဖြင့် စိုက်ကြည့်လိုက်၏။ လေကော့ မည်သည်ကို ဆက်ပြောမည်ကို သူ သိချင်နေ၏။။

"သူတို့က ဘာလို့ သံချပ်ကာကြီးတွေ ဝတ်ထားတာလဲဆိုတော့ တကယ်တမ်းကျ သူတို့က အပြင်စည်းတပည့်တွေ ဖြစ်နေလို့ပဲကွ။"

"ဒီသံချပ်ကာတွေက နိဗ္ဗာန်အဆင့်ကိုးရဲ့ အရှိန်အဝါကို တုပထားတဲ့ စိတ်ဝိညာဉ်ပစ္စည်းတွေ သက်သက်ပါပဲ။"

လေကော့၏ စကားကြောင့် ရှိနေသူအားလုံး ရုတ်တရက် သဘောပေါက်သွားကြပြီး တစ်ယောက်နှင့်တစ်ယောက် တိုးတိုးတိတ်တိတ် ပြောဆိုဆွေးနွေးလိုက်ကြ၏။

"စဉ်းစားကြည့်ကြလေကွာ... ငါတို့ နတ်ဓားဂိုဏ်းမှာတောင် နိဗ္ဗာန်နယ်ပယ်ကို ရောက်နေတဲ့ အတွင်းစည်းတပည့် စုစုပေါင်းက ခြောက်ထောင်ထက် မပိုဘူး။ အဲ့ဒီအထဲမှာမှ နိဗ္ဗာန်အဆင့်ကိုး ရောက်နေတဲ့သူက သုံးရာလောက်ပဲ ရှိတာ။"

"လင်းချန်လိုကောင်က ဘာအရည်အချင်း ၊ ဘာကုသိုလ်ကံ ရှိလို့ နိဗ္ဗာန်အဆင့်ကိုး စစ်သည်သုံးထောင်က သူ့ကို အရှင်မင်းကြီးလို့ ခေါ်ရမှာလဲကွ။ ပြီးတော့ ဒီလူသုံးထောင်က နတ်ဓားဂိုဏ်းမှာ ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး ပေါ်လာမှာတဲ့လဲ။"

လေကော့၏ စကားကြောင့် လေချန် သံသယဝင်သွားရပြီး လင်းချန်အား လှမ်းကြည့်လိုက်၏။

နိဗ္ဗာန်အဆင့်ကိုး သိုင်းဝိညာဉ်ပညာရှင် သုံးထောင်အား စုစည်းရန်ဆိုသည်မှာ ကမ်းရိုးတန်းပြည်နယ်၏ အင်အားအကြီးဆုံး ရှန်ထျန်ဂိုဏ်းပင်လျှင် သူ၏လက်အောက်ခံ မြို့များအားလုံးမှ သိုင်းဝိညာဉ်ပညာရှင်များကို စုစည်းမှသာ ထိုမျှလောက် အရေအတွက် ရနိုင်မည် ဖြစ်၏။

"လင်းချန်ရဲ့ လှည့်ကွက်က မဆိုးဘူးလို့ ပြောရမယ်ဟ။ တကယ်လို့ လေကော့သာ ရိပ်မိမသွားရင် လျူမင်တို့ အရှုံးပေးလိုက်လောက်ပြီ။"

"အေးလေ... ခုနက လျူမင်ရဲ့ နောက်လိုက်တွေတောင် ကြောက်ပြီး ပြေးဖို့ စဉ်းစားနေကြတာ။"

"ဒီ လင်းချန်ဆိုတဲ့ကောင် တကယ် စိတ်ဝင်စားစရာပဲ... အပြင်စည်းတပည့်တွေကိုတောင် သူ့ကို အရှင်မင်းကြီးလို့ ခေါ်ခိုင်းထားသေးတယ်ကွာ။"

"သူက လူငယ်ဧကရာဇ်လို့ အခေါ်ခံရတာကို သဘောကျပြီး တကယ် ဧကရာဇ်ဖြစ်ချင်နေတာ နေမှာပေါ့ကွာ... ဟားဟား..."

ဘေးပတ်ဝန်းကျင်မှ တပည့်များ၏ ပြောဆိုဆွေးနွေးသံများကြောင့် ပိုင်ရန်နှင့် အခြားသူများ သက်ပြင်းချကာ ခေါင်းခါလိုက်မိကြတော့သည်။

အပြင်စည်းတပည့်များက ရုပ်ဖျက်ထားသည် ဟုတ်လား။ သံချပ်ကာများက အရှိန်အဝါတုပသည့် ဝိညာဉ်ပစ္စည်းများ ဟုတ်လား။ လုံးဝ မဖြစ်နိုင်ချေ။

ဘာရှန်းမြို့၌ ဖြစ်ပျက်ခဲ့စဉ်က ကောင်းကင်ဘုံမှ ဆင်းသက်လာသော နတ်စစ်သည်များပမာ မဟာလှံတံဂိုဏ်းသားများအား သတ်ဖြတ်ပြီး လူတိုင်းကို ကယ်တင်ခဲ့သည်မှာ ဤသံချပ်ကာဝတ် စစ်သည်များပင် ဖြစ်သည် မဟုတ်ပါလား။

အထူးသဖြင့် နဂါးနက်ငွေရောင်သံချပ်ကာကို ဝတ်ဆင်ထားသော စစ်သူကြီး၏ စွမ်းအားမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှ၏။

ပိုင်ရန်နှင့် အခြားသူများသည် ယခု ထိုစစ်သည်များ၏ စွမ်းအား မည်သို့မည်ပုံ နိဗ္ဗာန်အဆင့်ကိုးသို့ ရောက်ရှိနေသည်ကို မသိကြသော်ငြား ဤစစ်သည်များမှာ ရုပ်ဖျက်ထားသော အပြင်စည်းတပည့်များ လုံးဝမဟုတ်ကြောင်း သေချာနေကြ၏။

"ဘာဖြစ်လို့လဲ လင်းချန်... ပြောစရာ စကားမရှိတော့ဘူးလားကွ။"

ထိုအချိန်၌ လေကော့မှာ လင်းချန်အား ရန်စသော စကားများဖြင့် လက်ညှိုးထိုးကာ လှောင်ပြောင်လိုက်၏။ "မင်း ဘယ်လောက်ကြာကြာ ဟန်ဆောင်နိုင်မလဲဆိုတာ ငါ ကြည့်ချင်သေးတယ်ကွာ။"

လင်းချန်ကမူ ဂရုမစိုက်သကဲ့သို့ ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။ "ကောင်းပြီလေ... ငါ့စစ်သည်တွေက အတုတွေလို့ ထင်နေတာပေါ့။ ကိစ္စမရှိပါဘူး... မွန်းတည့်လို့ ပြိုင်ပွဲစတာနဲ့ မင်းတို့ သိရမှာပါ။"

"ဟန်ဆောင်နေတုန်းပဲလား လင်းချန်။ ငါ အကြံပေးချင်တာက စောစောစီးစီးသာ လက်လျှော့ပြီး စီနီယာအစ်ကိုလျူကို နေရာလွှဲပေးလိုက်တာ ပိုကောင်းမယ်ကွ။ ပြီးရင် မင်းရဲ့ သေခါနီး ဆရာအနားမှာပဲ သွားစောင့်နေပေးလိုက်တော့။"

"ပြိုင်ပွဲစလို့ မင်း အကြီးအကျယ် အရိုက်ခံရပြီး ပြန်ရောက်သွားတဲ့အချိန် မင်းဆရာက သေသွားပြီဆိုရင် နောက်ဆုံးအနေနဲ့တောင် မျက်နှာမမြင်လိုက်ရဘဲ ဖြစ်သွားမယ်။ အဲ့ဒါဆို နှစ်ခါနာ ဖြစ်မသွားဘူးလားဟ... ဟားဟား..."

လေကော့၏ စကားကြောင့် လင်းချန်၏ မျက်နှာထားမှာ ပြန်လည် အေးစက်သွားတော့၏။

သူ၏ဆရာ ဝေဝူရွှမ် ကမ်းရိုးတန်းပြည်နယ်သို့ ပြန်ရောက်လာချိန်စဥ်က နတ်ဓားဂိုဏ်းနှင့် ရှန်ထျန်ဂိုဏ်းတို့ သေခြင်းရှင်ခြင်း တိုက်ပွဲ ဖြစ်ပွားနေချိန်နှင့် အတိအကျ တိုက်ဆိုင်နေခဲ့သည်။

ထိုအချိန်က နတ်ဓားဂိုဏ်း၏ အခြေအနေမှာ အလွန်ပင် ဆိုးရွားနေခဲ့၏။ ဝေဝူရွှမ်သာ ပြန်ရောက်မလာခဲ့လျှင် ၊ အခြေအနေကို ပြောင်းပြန်လှန်မပစ်နိုင်ခဲ့လျှင် နတ်ဓားဂိုဏ်းသည် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ပြီး ယခုအချိန်၌ လေကော့သည်လည်း ဤသို့ အသံထွက်ခွင့် ရှိတော့မည် မဟုတ်ပေ။

ယခု ဝေဝူရွှမ်၏ အခြေအနေ ဆိုးရွားနေပြီး အဆိပ်က အရိုးထဲထိ စိမ့်ဝင်နေချိန်၌ လှောင်ပြောင်သော စကားများဖြင့် ပြောဆိုစော်ကားနေခြင်းကို လင်းချန် လုံးဝ သည်းမခံနိုင်တော့ချေ။

ကံကောင်းသည်မှာ လင်းချန် နတ်ဓားဂိုဏ်းမှ ထွက်ခွာပြီးနောက် ဟွာရှာအင်ပါယာ ပြန်လည်ပြုပြင်ပြီးစီးသွားသဖြင့် ဝေဝူရွှမ်အား ကယ်တင်နိုင်ခဲ့ခြင်းပင် ဖြစ်၏။

သို့သော်ငြား ဤကိစ္စကို လာရောက်နောက်ပြောင်နေခြင်းအား လင်းချန် ခွင့်မလွှတ်နိုင်ပေ။ တဖြည်းဖြည်းနှင့် မွန်းတည့်ချိန်သို့ ရောက်ရှိလာပြီး အမှတ် ၃၆ ပြိုင်ပွဲစင်မြင့်ဘေး၌လည်း နတ်းဓားဂိုဏ်းမှ တပည့်များ ပိုမို စုဝေးရောက်ရှိလာကြသည်။

ထို့နောက် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ကျောဘက်၌ အဖြူရောင် ဝမ်စာလုံး ရေးထိုးထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး စင်မြင့်ပေါ်သို့ တက်လာ၏။

သူသည် နိဗ္ဗာန်အဆင့်ကိုးသာရှိသော စီမံခန့်ခွဲရေး အကြီးအကဲတစ်ဦး ဖြစ်သည်။ နတ်ဓားဂိုဏ်း တပည့်တစ်ဦးသည် ပါရမီအကန့်အသတ်ကြောင့် နိဗ္ဗာန်နယ်ပယ်အဆင့်မှ ကောင်းကင်နယ်ပယ်သို့ အဆင့်မချိုးဖျက်နိုင်လျှင် ရွေးချယ်စရာ နှစ်ခုသာ ရှိ၏။

တစ်ခုမှာ ဂိုဏ်းတွင်း၌ ဆက်လက်နေထိုင်ပြီး ဂိုဏ်းကိစ္စများကို ကူညီဆောင်ရွက်ကာ စီမံခန့်ခွဲရေး အကြီးအကဲ လုပ်ရန်နှင့် နောက်တစ်ခုမှာ နတ်ဓားဂိုဏ်းမှ ထွက်ခွာပြီး လက်အောက်ခံမြို့များ သို့မဟုတ် ဇာတိမြေများ၌ တာဝန်ထမ်းဆောင်ရန်ပင် ဖြစ်သည်။

ဤအကြီးအကဲသည် ပထမလမ်းကို ရွေးချယ်ထားသူ ဖြစ်၏။ သူသည် လျူမင်နှင့် လင်းချန်တို့၏ ရှေးဟောင်းအမွေအနှစနယ်မြေ နေရာလုပွဲကို ကြီးကြပ်ရန် သက်သေအဖြစ် လာရောက်ခြင်း ဖြစ်သည်။

အနိုင်အရှုံးကို မြင်တွေ့ပြီးနောက် တာဝန်ရှိသူ ဂိုဏ်းချုပ်ချင်ဝူရွှမ်ထံသို့ ကိုယ်တိုင် သတင်းပို့ရမည် ဖြစ်၏။

စင်မြင့်ပေါ်သို့ ရောက်သောအခါ သူသည်လည်း ချပ်ဝတ်တန်ဆာ လက်နက်အပြည့်အစုံ တပ်ဆင်ထားသော စစ်သည်များစွာကို မြင်တွေ့လိုက်ရပြီး ဇဝေဇဝါ ဖြစ်သွားရတော့သည်။

စီမံခန့်ခွဲရေး အကြီးအကဲ ရောက်လာပြီးနောက် လေကော့က ကျယ်လောင်စွာ ရယ်မောလိုက်၏။ "ပြိုင်ပွဲ စတော့မယ် လင်းချန်... ဒါ မင်း အရှုံးပေးဖို့ နောက်ဆုံးအခွင့်အရေးပဲနော်။"

ထိုအခိုက်၌ပင် လေချန်သည်လည်း လေကော့၏ စကားကို အနည်းငယ် ယုံကြည်သွားပုံရကာ လှမ်းခေါ်လိုက်သည်။ "ခေါင်းဆောင်။"

နိဗ္ဗာန်နယ်ပယ်အဆင့် သိုင်းဝိညာဉ်ပညာရှင် သုံးထောင်... ၊ လင်းချန် မည်သို့လုပ်ပြီး ဤမျှလောက် လူအင်အားအများကြီးကို စုစည်းနိုင်မည်နည်း။ သို့သော်ငြား လင်းချန်မှာ တိတ်ဆိတ်စွာပင် နေမြဲနေပြီး တစ်ဖက်မှ လေကော့အား အေးစက်စွာ စိုက်ကြည့်နေလျက် ပြိုင်ပွဲစမည့်အချိန်ကိုသာ စောင့်ဆိုင်းနေလိုက်၏။

တဖြည်းဖြည်းနှင့် ကြည့်ရှုနေသူများမှာလည်း တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားမိလာကြသည်။

လေကော့ ပြောသလိုပင် စင်မြင့်ပေါ်မှ သံချပ်ကာဝတ် စစ်သည်များသည် အရှိန်အဝါတုပထားသော သိုင်းဝိညာဉ်ပစ္စည်းများ သုံးစွဲထားသည့် အပြင်စည်းတပည့်များသာ ဖြစ်ပါက ပြိုင်ပွဲစတော့မည့် ယခုအချိန်တွင် လင်းချန် အလွန် စိုးရိမ်တကြီး ဖြစ်နေသင့်သည်။

သို့သော် စင်မြင့်ပေါ်ရှိ လင်းချန် အလွန်ပင် တည်ငြိမ်နေပြီး ချွေးတစ်စက်ပင် ထွက်မနေချေ။

လျူမင်သည်တော့ ကောင်းကင်သို့ မော့ကြည့်လိုက်ပြီး ရုတ်တရက် စိုးရိမ်တကြီး ပြောလိုက်၏။ "လင်းချန် ခေါ်လာတဲ့ စစ်သည်တွေက တကယ်တွေများ ဖြစ်နေမလားဟ။"

လေကော့ကမူ မထီမဲ့မြင် နှာခေါင်းရှုံ့လိုက်သည်။ "ဖြစ်နိုင်လို့လားကွ... နိဗ္ဗာန်အဆင့်ကိုး သိုင်းဝိညာဉ်ပညာရှင် သုံးထောင်လေ... လင်းချန် ဘယ်လောက်ပဲ တော်နေပါစေ ဘယ်ကနေ သွားခေါ်လို့ရမှာလဲ။ ငါတို့ လန့်ပြီး အရင် လက်လျှော့သွားအောင်လို့ သူက တည်ငြိမ်ချင်ယောင် ဆောင်ပြနေတာကွ။ မယုံရင် စီမံခန့်ခွဲရေး အကြီးအကဲက ပြိုင်ပွဲအတွက် နောက်ဆုံး အတည်ပြုချက် တောင်းတဲ့အခါ သူ သဘောတူလား ၊ မတူဘူးလား ဆိုတာသာ စောင့်ကြည့်လိုက်။"

လေကော့ ထိုသို့ပြောလိုက်သောအခါ လျူမင်သည်လည်း သဘာဝကျသည်ဟု တွေးလိုက်မိ၏။

ထို့နောက် စင်မြင့်အလယ်ရှိ စီမံခန့်ခွဲရေး အကြီးအကဲက လျူမင်နှင့် လေကော့တို့ဘက်သို့ အရင်လှမ်းကြည့်ကာ မေးလိုက်သည်။ "လျူမင်... မင်း ပြင်ဆင်ပြီးပြီလား။ ဒီပြိုင်ပွဲမှာ ပါဝင်ဖို့ အတည်ပြုသလား။"

လျူမင်က ကျယ်လောင်စွာ ဖြေကြားလိုက်ပြီး တစ်ဖက်သို့ လှမ်းကြည့်လိုက်၏။ "အတည်ပြုပါတယ်...။"

လေကောကမူ လှောင်ပြုံးလေးဖြင့် လင်းချန်အား စိုက်ကြည့်ရင်း လျူမင်ကို ပြောလိုက်သည်။ "ကြည့်နေလိုက်... အဲ့ဒီကောင်လေး ဒီအချိန်ရောက်ရင် သေချာပေါက် နောက်ဆုတ်သွားလိမ့်မယ်ကွ။ နိဗ္ဗာန်အဆင့်ကိုး စစ်သည်တော် သုံးထောင် ဟုတ်လား... ဘယ်သူ့ကို လာအရူးလုပ်နေတာလဲ။ ငါတို့ကို နှပ်ချေးတွဲလောင်းနဲ့ ကလေးတွေများ ထင်နေတာလား မသိဘူး"

"လင်းချန်... မင်းကော ပြင်ဆင်ပြီးပြီလား။ ဒီပြိုင်ပွဲမှာ ပါဝင်ဖို့ အတည်ပြုသလား။" လူတိုင်း၏ အကြည့်များအောက်တွင် လင်းချန် အေးစက်စွာ ရယ်မောလိုက်ပြီး သူ့အား ရန်လိုစွာ ကြည့်နေသော လေကော့ကို စိုက်ကြည့်လျက် ပြန်ဖြေလိုက်၏။ "အင်း...။"

ကြီးကြပ်ရေး အကြီးအကဲက ကြေညာလိုက်၏။ "နှစ်ဖက်စလုံး အတည်ပြုပြီးပြီ။ ပြိုင်ပွဲပုံစံက အုပ်စုလိုက်တိုက်ပွဲ ဖြစ်တယ်။ လျူမင်က လင်းချန်ကို ရှေးဟောင်းအမွေအနှစ်နယ်မြေ နေရာအတွက် စိန်ခေါ်တာ ဖြစ်တယ်။ ပြိုင်ပွဲ စတင်မယ်။"

ထို့နောက် သူသည် ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူကာ စိတ်ဝိညာ​ဉ်စွမ်းအားများ ထည့်သွင်းလိုက်၏။ အကြီးအကဲသည် ကျောက်စိမ်းပြားဖြင့် ကြမ်းပြင်အား ဖွဖွလေး ရိုက်လိုက်သည်။

ကြည်လင်ပြတ်သားသော ရိုက်ခတ်သံတစ်ခု ထွက်ပေါ်လာပြီး စိတ်ဝိညာ​ဉ်စွမ်းအားဖြင့် တည်ဆောက်ထားသော အစီအရင်များသည် စင်မြင့်တစ်ခုလုံး၏ မျက်နှာပြင်ပေါ်သို့ ပျံ့နှံ့သွား၏။

အစီအရင်၏ လှုပ်ရှားမှုများ ပေါ်ထွက်လာပြီး ပတ်ဝန်းကျင်မှ သဘာဝစွမ်းအင်များကို စုစည်းကာ အဖြူရောင် စိတ်ဝိညာ​ဉ်စွမ်းအားများအဖြစ် ပြောင်းလဲပေးလိုက်သည်။

ထို့နောက် ကြီးမားသော အမှတ် ၃၆ ပြိုင်ပွဲစင်မြင့် တစ်ခုလုံးကို ဖုံးလွှမ်းသွားသော အတားအဆီးတစ်ခု ဖြစ်ပေါ်လာ၏။

ပြိုင်ပွဲစင်မြင့် တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီးနောက် အတားအဆီးသည် ပြန်လည်ကြည်လင်လာပြီး အပြင်မှ ကြည့်ရှုနေကြသော တပည့်များသည်လည်း အတွင်းမှ အဖြစ်အပျက်များကို ရှင်းလင်းစွာ မြင်တွေ့လိုက်ကြ၏။

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၈ ၊ အတွဲ ၁ ၊ အပိုင်း ၇၁ + ၇၂ ပြီး။

ဘာသာပြန် - Author Ko Yoohtoo

Editor - Author Chang'e 🌕

True Immortal Team

All Chapters