အခန်း (၇၃-၇၄)
Vol. 8 Ch. 73-74
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၈ ၊ အတွဲ ၁ ၊ အပိုင်း ၇၃ + ၇၄
ဘာသာပြန် - Author Ko Yoohtoo
Editor – Author Chang’e 🌕
True Immortal Team
တစ်ချိန်တည်းမှာပင် ပြိုင်ပွဲစင်မြင့်၏ အလယ်ဗဟို၌ စိတ်ဝိညာဉ်စွမ်းအား အစုအဝေးတစ်ခုသည် ထိုင်ခုံပုံစံ ဖြစ်ပေါ်လာ၏။ ကြီးကြပ်ရေး အကြီးအကဲ ထိုင်လိုက်ပြီးနောက် ထိုင်ခုံသည် သူ့အား အပေါ်သို့ ဖြည်းညှင်းစွာ မတင်ပေးလိုက်၏။
ကြီးကြပ်ရေး အကြီးအကဲသည် အတားအဆီး၏ ထိပ်ဆုံးသို့ ရောက်မှ ရပ်တန့်သွားပြီး ဤသို့ဖြင့် သူသည် ပြိုင်ပွဲစင်မြင့် အမှတ် ၃၆ ပေါ်ရှိ အခြေအနေ အရပ်ရပ်ကို အပေါ်စီးမှ ကြည့်ရှုနိုင်မည် ဖြစ်သည်။
ပြိုင်ပွဲ တရားဝင် စတင်သည်နှင့် လင်းချန် ရှေ့သို့ စိုက်ကြည့်ကာ ရုတ်တရက် အော်ဟစ်လိုက်သည်။
“တိုက်ပွဲအတွက် အသင့်ပြင်ထားကြ။”
“ချွမ်…”
လင်းချန်၏ အသံဆုံးသည်နှင့် သူ့နောက်မှ စစ်သည်နှစ်ထောင်သည် ဓားများကို အိမ်မှ ဆွဲထုတ်လိုက်ကြရာ လေးလံသော သံချပ်ကာများပေါ်၌ စိတ်ဝိညာဉ်စွမ်းအားများ ဖုံးလွှမ်းသွားတော့၏။
ထို့အတူ ပြိုင်ပွဲစင်မြင့် ဘေးပတ်လည်၌ ဝိုင်းရံထားသော လှံကိုင်တပ်သားများသည်လည်း ရှေ့သို့ တက်လာကာ လှံသွားများကို လျူမင် ၊ လေကော့နှင့် အခြားသူများထံသို့ တည့်တည့် ချိန်ရွယ်လိုက်ကြသည်။
တစ်ခဏချင်းမှာပင် ဟွာရှာအင်ပါယာ၏ စစ်သည်တော်အားလုံး အသင့်ဖြစ်သွားကြပြီး တိုက်ခိုက်ရန် လင်းချန်၏ အမိန့်ကို စောင့်ဆိုင်းနေကြတော့၏။
ဤစစ်သည်များမှာ အနိမ့်ဆုံးအဆင့် စစ်သည်များ ဖြစ်ကြသော်ငြား သူတို့၏ အဆင့်အတန်းအတွင်း၌ သိသိသာသာ သန်မာကြသည်။ နေယွမ်နယ်ပယ် စွမ်းအားရှိသော စစ်သည်များကို အနိမ့်ဆုံးအဆင့် အောက်တန်းစစ်သည်များဟု သတ်မှတ်၏။
ယခု နိဗ္ဗာန်အဆင့်ကိုး စွမ်းအား ပိုင်ဆိုင်ထားသော စစ်သည်များမှာ အနိမ့်ဆုံးအဆင့် အလယ်တန်းစား စစ်သည်များ ဖြစ်ကြပြီး သန်မာကြသည်။
နိဗ္ဗာန်စက်ဝန်း ၁၂ သွယ် ပြီးမြောက်ခြင်းက လင်းချန်အား ပိုမို ကြံ့ခိုင်သော ခန္ဓာကိုယ်နှင့် ပိုမို သန့်စင်သော စိတ်ဝိညာဉ်စွမ်းအားများကို ပေးစွမ်း၏။
ထို့ကြောင့် သူသည် နေယွမ်နယ်ပယ်၌သာ ရှိနေသေးသော်ငြား ကောင်းကင်လမ်းကြောင်းမှတစ်ဆင့် ပြင်ပလောကသို့ ကူးပြောင်းလာသော အနိမ့်ဆုံးအဆင့် အလယ်တန်းစား စစ်သည်များအား ဆင့်ခေါ်နိုင်စွမ်းရှိလာခြင်း ဖြစ်ပေသည်။
ရှေးဟောင်းအမွေအနှစ်နယ်မြေ ဝင်ပေါက်သည် တပည့်များ နေထိုင်ရာ တောင်ထိပ်များနှင့် ဆက်စပ်နေပြီး ထိုဧရိယာနှစ်ခုကြား၌ သိပ်သည်းသော တောအုပ်များ ရှိ၏။
လျူမင်က ပြိုင်ပွဲအား အုပ်စုလိုက် တိုက်ပွဲအဖြစ် ပြောင်းလဲလိုက်ကြောင်း သိရသောအခါ လင်းချန် ကောင်းကင်လမ်းကြောင်းကို ထိန်းချုပ်ပြီး ဟွာရှာအင်ပါယာ၏ စစ်သည်များကို ပြိုင်ပွဲစတင်ချိန်မရောက်မီ တောအုပ်ထဲသို့ ကြိုတင်ပို့ဆောင်ထားခဲ့ခြင်း ဖြစ်သည်။
သို့မှသာ လေထဲမှ စစ်သည်အများအပြား ရုတ်တရက် ပေါ်လာခြင်းမျိုး ဖြစ်မသွားဘဲ လူအများအား အံ့အားသင့်သွားစေမည် မဟုတ်ချေ။
“မင်းတို့ ပြင်ဆင်ဖို့ ငါ အမှတ်စဉ် ၁၀ အထိ ရေတွက်ပေးမယ်။ ကြိုပြောထားမယ်… ငါ့စစ်သည်တွေက ညှာတာနေမှာ မဟုတ်ဘူးနော်။ တကယ်လို့ အသက်အန္တရာယ် ရှိတယ်လို့ ခံစားရရင် လက်ကို ခေါင်းပေါ်တင်ပြီး မြေကြီးပေါ် မှောက်ချလိုက်။ ဒါဆိုရင် ငါ့စစ်သည်တွေ တိုက်ခိုက်တာ ရပ်သွားလိမ့်မယ်။”
“ပြီးရင် ခေါင်းကို လက်နဲ့အုပ်ပြီး အသက်ဘေးက လွတ်အောင် ပြိုင်ပွဲစင်မြင့်ပေါ်ကနေ ထွက်သွားရုံပဲ။”
“ဒါပေမဲ့ ငါ သတိပေးထားမယ်… အရှုံးပေးပြီးမှ နောက်ထပ် တိုက်ခိုက်ဖို့ ကြိုးစားလို့ကတော့ ငါ့စစ်သည်တွေရဲ့ ဓားတွေက ညှာတာမှာ မဟုတ်ဘူး။”
လင်းချန်က လျူမင်နှင့် လေကော့တို့ နောက်မှ တပည့်များအား ကျယ်လောင်စွာ ပြောကြားပြီးနောက် လေချန်ဘက်သို့ လှည့်ကာ ပြောလိုက်၏။
“အမှတ်စဥ် ရေတွက်လိုက်တော့။”
ထိုစကားကို ကြားလိုက်ရသောအခါ လေချန် ခေါင်းညိတ်လိုက်ပြီး တစ်ဖက်လူများအား ကြည့်ကာ ကျယ်လောင်စွာ ကြေညာလိုက်သည်။
“အမှတ်စဥ် တစ်။”
“နှစ်…”
လေချန်၏ ရေတွက်သံသည် ကောင်းကင်ယံအောက်၌ ပဲ့တင်ထပ်နေပြီး ကြည့်ရှုနေကြသော တပည့်များ၏ မျက်နှာထားများမှာ အနည်းငယ် ပြောင်းလဲသွားရတော့၏။ လေကော့ ပြောသကဲ့သို့ လင်းချန် လိမ်ညာနေခြင်းသာ ဖြစ်ပါက ယခု မည်သို့ ဖြစ်နေသနည်း။
လင်းချန် ပါဝင်ယှဉ်ပြိုင်ရန် အတည်ပြုခဲ့ပြီးဖြစ်သလို ပြိုင်ပွဲလည်း စတင်နေပြီ ဖြစ်သဖြင့် နောက်ဆုတ်စရာ လမ်းမရှိတော့ချေ။
သို့သော်ငြား လင်းချန်က လုံးဝ တုန်လှုပ်ခြင်း မရှိနေပေ။ ထိုသံချပ်ကာဝတ် စစ်သည်များသည်လည်း လက်နက်များကို ဆွဲထုတ်ထားပြီး တိုက်ပွဲဝင်ရန် အသင့်အနေအထား ဖြစ်နေကြ၏။
လေကော့၏ မျက်နှာမှာလည်း ပြောင်းလဲသွားရသည်။
“မဟုတ်သေးဘူး… လင်းချန် ဘယ်လိုလုပ် တိုက်ခိုက်ဖို့ အတည်ပြုရဲတာလဲ။ သူက ဘာလို့ ဒီလောက်တောင် တည်ငြိမ်နေရတာလဲ။”
သူ့ရှေ့မှ မြင်ကွင်းကြောင့် လေကော့ အနည်းငယ် ထိတ်လန့်သွားရတော့၏။ သူ မျှော်လင့်ထားသည်မှာ လင်းချန်၏ ဟန်ဆောင်လုပ်ဇာတ်များ အလုပ်မဖြစ်ဘဲ အရှက်တကွဲ တုန်တုန်ရီရီဖြင့် အတည်ပြုရန် ငြင်းဆန်ကာ စိတ်ပျက်လက်ပျက် အရှုံးပေးသွားလိမ့်မည် ဟူ၍ပင် ဖြစ်သည်။
အဆိုးဆုံး အခြေအနေတွင် အင်အားနည်းနေပြီဖြစ်သော မိုးကြိုးတပ်ဖွဲ့ဝင် တပည့်များသာ တက်လာပြီး နောက်ဆုံးအနေဖြင့် ကြိုးစားကြလိမ့်မည်ဟု သူ တွက်ထားခဲ့၏။
အဘယ်ကြောင့် လင်းချန်က တည်ငြိမ်စွာဖြင့် တိုက်ခိုက်ရန် အတည်ပြုလိုက်သည်နည်း။ အဘယ်ကြောင့် မစိုးရိမ်ရသည်နည်း။ အဘယ်ကြောင့် မထိတ်လန့်ရသည်နည်း။
“တစ်ဆယ်။”
လေကော့ တွေးတောနေစဉ်မှာပင် လေချန် ၁၀ အထိ ရေတွက်လိုက်၏။
“ဂျိန်းးးးးးး” ရွှေနီရောင် မိုးကြိုးများ ဟိန်းထွက်လာပြီး ခရမ်းရောင် လျှပ်စီးများ ပြိုးပြက်လာကာ လင်းချန်နှင့် လေချန်တို့၏ စိတ်ဝိညာဉ်စွမ်းအားများ တစ်ပြိုင်နက် ပေါက်ကွဲထွက်လာကြသည်။
‘ခေါင်းဆောင်ရဲ့ အရှိန်အဝါက မနက်ကလောက် မပြင်းထန်တော့တာ အမှန်ပဲ။ ဝိညာဉ်အလင်းတန်းက ၉ လွှာပဲ ပေါ်နေတယ်… စွမ်းအားကို ဖိနှိပ်ထားပြီး နိဗ္ဗာန်စက်ဝန်း ၁၂ သွယ်ကို တကယ် ဖုံးကွယ်ထားနိုင်တာပဲ။’
လေချန် သူ့ဘေးမှ လင်းချန်အား ကြည့်ရင်း တိတ်တဆိတ် တွေးလိုက်၏။
ထိုအခိုက်အတန့်၌ လင်းချန် ပြောလိုက်သည်။ “ငါ လျူမင်ကို ရှင်းလိုက်မယ်… မင်းက လေကော့ကို ရှင်းလိုက်။ မင်းရဲ့ ၇ ရက်တာ လေ့ကျင့်မှု ရလဒ်ကို ကြည့်ကြတာပေါ့။”
“ကျွန်တော် နိုင်ပါ့မလား…။” လင်းချန်၏ စကားကို ကြားလိုက်ရသောအခါ လေချန် ခေါင်းငုံ့ပြီး သူ့လက်များကို ပြန်ကြည့်ကာ ကိုယ့်ကိုယ်ကိုယ် အနည်းငယ် သံသယဝင်သွားရ၏။
“ငါ ပြောပြီးပြီလေ… မင်းက အားမနည်းဘူး ၊ ငါက အရမ်းသန်မာလွန်းနေတာပါလို့ကွ။”
လင်းချန် ပတ်ဝန်းကျင်မှ ကြည့်ရှုနေကြသော တပည့်များအား ဝေ့ကြည့်လိုက်ရင်း ပြောလိုက်သည်။ “လေချန်ဆိုတဲ့ မိုးကြိုးဧကရာဇ်မျိုးဆက်ရဲ့ စွမ်းအားကို သူတို့ကို သက်သေပြလိုက်စမ်းပါ။”
လေချန် မျက်လုံးမှိတ်လိုက်၏။ မိုးကြိုးတပ်ဖွဲ့ ပြိုကွဲသွားပုံနှင့် သံသယဝင်နေကြသော စကားသံများကို သူ၏ စိတ်ထဲ၌ ပြန်လည် ကြားယောင်လာသည်။
မျက်လုံးပြန်ဖွင့်လိုက်သောအခါ သူ၏ မျက်နှာထက်၌ ပြတ်သားမှုများ ပြည့်နှက်နေ၏။ “ခေါင်းဆောင်နောက်ကို လိုက်တာ လုံးဝ မှန်ကန်တယ်။ ငါ ပိုသန်မာလာချင်ရုံပဲ… ငါက မိုးကြိုးဧကရာဇ်ရဲ့ မြေးပဲကွ။”
“ဂျိန်းးး” ခရမ်းရောင် လျှပ်စီးများ လက်သွားပြီး လေချန်၏ ရှေ့၌ လက်ဖဝါးအရွယ်အစားရှိသော ဓားပုံသဏ္ဍာန် ဝိညာဉ်လက်နက် နှလုံးသားတစ်ခု ပေါ်လာ၏။
ခရမ်းရင့်ရောင် ဝိညာဉ်အစိတ်အပိုင်း ဘောလုံးကိုးလုံးသည်လည်း သိုလှောင်အိတ်ထဲမှ ထွက်လာပြီး သူ့ရှေ့၌ ပေါ်လာသည်။
“သိုင်းဝိညာဉ်အသွင်ပြောင်းခြင်း။”
သိုင်းဝိညာဉ်၏ စွမ်းအားများ မြင့်တက်လာပြီး စိတ်ဝိညာဉ်စွမ်းအားများသည် ဓားအဖြစ် ငွေ့ရည်ဖွဲ့သွား၏။ သတ္တုဘောလုံးကဲ့သို့သော ဝိညာဉ်အစိတ်အပိုင်းများသည် ချက်ချင်း အရည်ပျော်သွားပြီး ဝိညာဉ်လက်နက် နှလုံးသားဆီသို့ စီးဝင်သွားသည်။
မိုးကြိုးဓား ဖြစ်ပေါ်လာပြီး လျှပ်စစ်မြွေများက ဓားကိုယ်ထည်ပေါ်၌ တွားသွားနေလျက်ရှိကြ၏။ လေချန် လက်လှမ်းလိုက်ပြီး ဓားရိုးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်။
“ကျောက်လုံ… လှံတပ်သားတွေကို နေရာယူခိုင်းထားလိုက်။ ဓားတပ်သားတွေနဲ့ ဓားမတပ်သားတွေ… ငါနဲ့အတူ တက်တိုက်မယ်။”
လင်းချန်၏ ခန္ဓာကိုယ်မှ ရွှေနီရောင် မိုးကြိုးစိတ်ဝိညာဉ်စွမ်းအားများ ပေါက်ကွဲထွက်လာကာ ကျယ်လောင်စွာ အမိန့်ပေးလိုက်ပြီးနောက် လျှပ်စီးတန်းတစ်ခုအသွင် ပြောင်းလဲကာ ရှေ့သို့ ပြေးဝင်သွားလိုက်တော့၏။
“သတ်…”
တစ်ချိန်တည်းမှာပင် လင်းချန်၏ နောက်မှ တိုက်ပွဲဝင်အော်သံများ ထွက်ပေါ်လာပြီး သံချပ်ကာဝတ် စစ်သည်နှစ်ထောင်သည် သံမဏိရေစီးကြောင်းကြီးပမာ ရှေ့သို့ လှိမ့်ဝင်လာကြသည်။
စစ်သည်နှစ်ထောင် ဝင်ရောက်လာသောအခါ မြေကြီးတုန်ခါသွားသကဲ့သို့ လူတိုင်း ရှင်းလင်းစွာ ခံစားလိုက်ရ၏။
“သိုင်းဝိညာဉ် အသွင်ပြောင်းခြင်း။”
လင်းချန် ချဉ်းကပ်လာသည်ကို မြင်သောအခါ လျူမင် ၊ လေကော့နှင့် အခြားသူများ၏ မျက်နှာထားများမှာ အကြီးအကျယ် ပြောင်းလဲသွားရတော့ပြီး တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်ကြရသည်။
အရည်ပျော်နေသော သတ္တုများသည် လျူမင်၏ လက်များပေါ်သို့ တွားသွားပြီး အစိုင်အခဲ ဖြစ်သွားသောအခါ လက်သီးတစ်ခုစီ၌ ထက်မြက်သော ဓားသွားပါရှိသည့် သတ္တုလက်အိတ်တစ်စုံအဖြစ် ပြောင်းလဲသွားတော့၏။
သူ၏ဘေး၌ လေကော့၏ စိတ်ဝိညာဉ်စွမ်းအားသည်လည်း ခရမ်းရောင် လျှပ်စီးများ ဟိန်းထွက်လာပြီး ဝိညာဉ်အစိတ်အပိုင်းများ တပ်ဆင်ထားသော ဓားရှည်တစ်လက် ပေါ်လာသည်။
လေကော့ သိုင်းဝိညာဉ် အသွင်ပြောင်းပြီးသည်နှင့် ခရမ်းရောင် အရိပ်တစ်ခု သူ့ရှေ့၌ ရုတ်တရက် ပေါ်လာပြီး ဓားအလင်းတန်းတစ်ခု လက်ကာ သူ့ထံသို့ ခုတ်ပိုင်းချလိုက်၏။
ထိတ်လန့်တကြားဖြင့် လေကော့သည် လက်ထဲမှ ဓားရှည်ကို အမြန်မြှောက်ကာ ကာကွယ်လိုက်ရသည်။
“လေချန်… မင်း ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေပြီ။ ငယ်ငယ်ကတည်းက မင်း ငါ့ခြေဖဝါးအောက်မှာ နေခဲ့ရတာလေ။ လင်းချန်နောက် လိုက်တာ ရက်ပိုင်းလောက်ပဲ ရှိသေးတာကို မင်းက…”
လေကော့ စကားမဆုံးခင်မှာပင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးနှင့် လက်ထဲမှ ဓားသည် လွင့်ထွက်သွားပြီး သူ့နောက်မှ အတွင်းစည်းတပည့် အယောက် ၂၀ ကျော်အား ဝင်တိုက်မိကာ မြေကြီးပေါ်သို့ ရုပ်ပျက်ဆင်းပျက် ပြုတ်ကျသွားရတော့၏။
“ဝါး…”
ပြိုင်ပွဲစင်မြင့် အမှတ် ၃၆ အောက်မှ ကြည့်ရှုနေကြသော တပည့်များထံမှ အံ့သြတကြီး အာမေဋိတ်သံများ ထွက်ပေါ်လာပြီး စင်မြင့်ပေါ်မှ မြင်ကွင်းကို မယုံနိုင်စွာ ကြည့်နေကြသည်။
လေချန် ကိုယ်တိုင်လည်း ကြောင်အသွားပြီး လက်ထဲမှ မိုးကြိုးဓားကို မယုံနိုင်သလို ကြည့်လိုက်မိ၏။
“ငါက ဒီလောက်တောင် ကြမ်းတာလားဟ။”
လျူမင်သည်လည်း ထိုမြင်ကွင်းကြောင့် အံ့သြသွားပြီး မျက်လုံးပြူးကာ ရုတ်တရက် ပေါ်လာသော လေချန်အား ကြည့်လိုက်မိသည်။
“ဘာလဲ… အခုချိန်ထိ သူများကို ကြည့်ဖို့ အချိန်ရှိနေသေးတာလား။”
လင်းချန်၏ အသံသည် လျူမင်၏ နားထဲ၌ ရုတ်တရက် ပဲ့တင်ထပ်သွား၏။ လျူမင်၏ နှလုံး ခုန်ရပ်သွားမတတ် ဖြစ်သွားရပြီး လျင်မြန်စွာ လှည့်ကာ လက်သီးဖြင့် ထိုးလိုက်သည်။
လေပြင်းများ တိုက်ခတ်လာပြီး လေထုပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာကာ ရွှေရောင် စိတ်ဝိညာဉ်စွမ်းအားများက လျူမင်၏ လက်သီး၌ ရစ်ပတ်နေ၏။ အတွင်းစည်းတပည့်များကြား ရုပ်ပိုင်းဆိုင်ရာ ခွန်အား အသန်မာဆုံးဖြစ်သော လျူမင်သည် အားမချန်ဘဲ သူ၏ အပြင်းထန်ဆုံး တိုက်ကွက်ကို ထုတ်သုံးလိုက်ခြင်းပင် ဖြစ်သည်။
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၈ ၊ အတွဲ ၁ ၊ အပိုင်း ၇၃ + ၇၄ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
Editor – Author Chang’e 🌕
True Immortal Team