အခန်း (၇၅-၇၆)
Vol. 8 Ch. 75-76
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၈ ၊ အတွဲ ၁ ၊ အပိုင်း ၇၅ + ၇၆
ဘာသာပြန် - Author Ko Yoohtoo
Editor - Author Chang'e 🌕
True Immortal Team
လျူမင်သည် အတွင်းစည်း၌ အဆင့် ၇ ချိတ်ထားသော ရုပ်ပိုင်းဆိုင်ရာ အသားပေးကျင့်ကြံသူ တစ်ဦးဖြစ်၏။ လင်းချန် စကားပြောလိုက်သောအခါ သူ အံ့သြသွားသော်ငြား အသံလာရာကို ချက်ချင်း ရှာဖွေနိုင်ပြီး တွန့်ဆုတ်မနေဘဲ တိုက်ခိုက်လိုက်သည်။ စင်မြင့်အောက်မှ ကြည့်ရှုနေကြသော တပည့်များမှာ မူလ၌ လင်းချန်၏ အရှိန်ကြောင့် တုန်လှုပ်နေကြရ၏။
လင်းချန် ပြိုင်ပွဲစင်မြင့်ပေါ်၌ ရွှေနီရောင် မိုးကြိုးတန်းတစ်ခုကဲ့သို့ ရွေ့လျားသွားပြီး မျက်စိတစ်မှိတ်အတွင်း လျူမင်အနားသို့ ရောက်ရှိလာသည်။ ယခုအခါ၌မူ သူတို့သည် လျူမင်၏ လျင်မြန်သော တုံ့ပြန်မှုကြောင့်လည်း အံ့အားသင့်နေကြရသည်။ လျူမင်သည် မျက်စိတစ်မှိတ်အတွင်းမှာပင် ကြီးမားပြင်းထန်လှသော လက်သီးချက်ဖြင့် လင်းချန်အား ထိုးချပြစ်လိုက်သည်။
ရွှေရောင် စိတ်ဝိညာဉ်စွမ်းအားသည် သဘာဝအလျောက် ထိုးဖောက်နိုင်စွမ်း မြင့်မား၏။ ထို့အပြင် လျူမင်၏ သံမဏိလက်သီး သိုင်းဝိညာဉ်၏ စွမ်းရည်က သူ၏ ရုပ်ပိုင်းဆိုင်ရာခွန်အားကို မြှင့်တင်ပေးထားသေးသည်။
အတွင်းစည်း၌ အသန်မာဆုံး ခန္ဓာကိုယ်ပိုင်ရှင်ဖြစ်ပြီး အနီးကပ်တိုက်ခိုက်ရာတွင် ထူးချွန်သော လျူမင်၏ သံမဏိလက်သီးသည် လင်းချန်ထံသို့ တည့်တည့် ဝင်ရောက်လာ၏။ ရွှေရောင် စိတ်ဝိညာဉ်စွမ်းအားများ ဖုံးလွှမ်းနေပြီး အလွန်ထက်မြက်သော ဓားသွားများ ပါရှိသည့် သံမဏိလက်သီးသည် ဝှေ့ယမ်းလိုက်သော လေထုကိုပင် ဖြတ်တောက်သွားသည်။
သာမန် အတွင်းစည်းတပည့်များသာဆိုလျှင် လျူမင်၏ လက်သီးကို ရှောင်တိမ်းရမည် ဖြစ်၏။ ထိပ်တိုက်ရင်ဆိုင်၍ မရနိုင်ပေ။
သို့သော်ငြား လင်းချန်သည်တော့ ကွဲပြားခြားနားနေ၏။
"လာစမ်းးး" လင်းချန် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ဝင်ရောက်လာသော သံမဏိလက်သီးကို ရှောင်တိမ်းခြင်း မပြုဘဲ ထိပ်တိုက် ရင်ဆိုင်လိုက်၏။ သူ၏ လက်သီးသည် မိုးကြိုးနဂါးတစ်ကောင်ကဲ့သို့ ရှေ့သို့ တိုးဝင်သွားသည်။
လျူမင်နှင့် လင်းချန်တို့၏ လက်သီးများ လေထဲ၌ ထိပ်တိုက် ဆုံတွေ့သွားကြတော့၏။.ရွှေရောင် စိတ်ဝိညာဉ်စွမ်းအားများ ဖုံးလွှမ်းနေသော သံမဏိလက်သီးသည် ရွှေနီရောင် မိုးကြိုးစိတ်ဝိညာဉ်စွမ်းအားများထဲသို့ ထိုးဖောက်ဝင်ရောက်သွားပြီး လူသားလက်သီးနှင့် ရိုက်ခတ်မိသွားတော့သည်။
"ဂျွတ်..."
သာမန်အသွေးအသားလက်သီးနှင့် သံမဏိလက်သီးသိုင်းဝိညာဉ်လက်သီးတို့ ထိတွေ့လိုက်သောအခါ ကျိုးပဲ့သံတစ်ခု ထွက်ပေါ်လာ၏။
လင်းချန်၏ လက်သီးသည် လျူမင်၏ သံမဏိလက်သီးပေါ်ရှိ ထက်မြက်သော အချွန်ဓားသွားများကို အပိုင်းပိုင်းအစစ ပစ်သည်အထိ ဖျက်စီးပြစ်လိုက်တော့သည်။
"ဘုန်းးးး"
လက်သီးချင်း ဆုံမိသောအခါ တိုးအုပ်သော အသံတစ်ခု ထွက်ပေါ်လာပြီး လင်းချန်၏ ခန္ဓာကိုယ်အတွင်းမှ ကြီးမားသော စွမ်းအားများသည် စိတ်ဝိညာဉ်စွမ်းအားများနှင့်အတူ လျူမင်ထံသို့ ရောက်သွား၏။
ဝိညာဉ်လက်နက် တပ်ဆင်ထားသော သတ္တုလက်အိတ်ပေါ်၌ ရေလှိုင်းများကဲ့သို့ လှိုင်းဂယက်များ ထသွားပြီး လင်းချန်၏ တွန်းကန်အားနှင့်အတူ လျူမင်၏ လက်မောင်းဆီသို့ တဖြည်းဖြည်း ရွေ့လျားသွား၏။
ချက်ချင်းပင် လျူမင်၏ ညာဘက်လက်မောင်း အင်္ကျီအစသည် နှင်းပွင့်များကဲ့သို့ စုတ်ပြဲ လွင့်စဉ်သွားတော့သည်။ သူ၏ ညာဘက်လက်မောင်း ကြွက်သားများသည် လှိုင်းကြက်ခွပ်များကဲ့သို့ လိပ်တက်သွားရ၏။
ထို့နောက် လျူမင်သည် သူ၏ လက်မောင်းမှတစ်ဆင့် ခန္ဓာကိုယ် တစ်ခုလုံးသို့ ကြီးမားသော စွမ်းအားတစ်ခု ရောက်လာသည်ကို ခံစားလိုက်ရပြီး မြေကြီးပေါ်မှ ကြွတက်ကာ နောက်သို့ ရုပ်ပျက်ဆင်းပျက် လွင့်စဉ်သွားရတော့သည်။
လေထဲ၌ပင် လျူမင်သည် ခန္ဓာကိုယ်ကို အတင်း လှည့်လိုက်ရ၏။ အကြိမ်အနည်းငယ် လည်ပတ်သွားပြီးနောက် ခြေထောက်များ မြေကြီးနှင့် ထိသွားကာ နောက်သို့ ခြေလှမ်းအနည်းငယ် ယိုင်သွားပြီးမှ ရပ်တန့်လိုက်နိုင်သည်။
ထိုအခိုက်အတန့်၌ လျူမင်၏ ညာဘက်လက်မောင်း တစ်ခုလုံး တုန်ခါနေပြီး ပြဲနေသော အပေါက်များမှ သွေးများ စီးကျနေသည်။
လင်းချန်ကမူ လျူမင် မူလ၌ ရပ်နေခဲ့သော နေရာ၌ ရပ်လျက် တစ်ကိုယ်လုံး ရွှေနီရောင် မိုးကြိုးများ လွှမ်းခြုံထား၏။ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ချိတ်ဆွဲလျက် လျူမင်အား ကြည့်ကာ အကြံပြုလိုက်သည်။ "ငါသာ မင်းနေရာမှာဆိုရင် ချက်ချင်း အရှုံးပေးပြီး ဆေးကုသဆောင်ကို သွားလိုက်မယ်။"
လျူမင်ကမူ အေးစက်နေသည့် အကြည့်တို့ဖြင့် ရှိနေ၏။ သူက မျက်နှာသေဖြင့်ပင် ဘယ်ဘက်လက်ဖြင့် တွဲလောင်းကျနေသော ညာဘက်လက်မောင်းကို ဆုပ်ကိုင်လိုက်ပြီး ရုတ်တရက် အပေါ်သို့ ဆောင့်တင်လိုက်၏။
ဂလောက်... ဟူသော အသံနှင့်အတူ ပြုတ်နေသော ညာဘက်လက်မောင်း ပြန်ဝင်သွားသည်။ တိုးညှင်းစွာ ညည်းတွားလိုက်ရင်း လျူမင်၏ နဖူးမှ ချွေးစေးများ စီးကျလာတော့၏။
လျူမင် သူ၏ လက်ရှိ အခြေအနေကို ကောင်းကောင်း သဘောပေါက်လိုက်ရင်း ရေရွတ်လိုက်၏။ "ပျက်စီးသွားပြီ..."
အခုနက လင်းချန်၏ လက်သီးချက်သည် သူ၏ ဝိညာဉ်လက်နက် တစ်ဝက်ကို ချိုးဖျက်ပစ်လိုက်ရုံသာမက သူ၏ ညာဘက်လက်မောင်း ကြွက်သားများနှင့် အရွတ်များကိုပါ ထိခိုက်ပျက်စီးစေသည်။
အရိုးကို လေးပိုင်းကျိုးစေပြီး ပခုံးအဆစ်ကိုပါ ပြုတ်ထွက်စေသည်။ သူ့ခန္ဓာကိုယ် တစ်ခုလုံးသို့ ကူးစက်သွားသော လက်သီးစွမ်းအားကြောင့် အတွင်းကလီစာများပင် ထိခိုက်သွားရ၏။
လျူမင်သည်တော့ သူ့ရှေ့ရှိ လင်းချန်အား စကားပင် မပြောနိုင်တော့ဘဲ တုန်လှုပ်နေသည့် အကြည့်တို့ဖြင့် ကြည့်နေမိ၏။ ပြိုင်ဘက်က ဝိညာဉ်လက်နက် တပ်ဆင်ထားခြင်း မရှိဘဲ သူ့လက်သီးကို တိုက်ရိုက် ထိပ်တိုက် ရင်ဆိုင်ခဲ့သည်။
ထိုသို့ ရင်ဆိုင်လိုက်ရုံဖြင့် သူ၏ ညာဘက်လက်မောင်း တစ်ခုလုံး အသုံးမကျ ဖြစ်သွားပြီး တိုက်ခိုက်စွမ်းရည် ထက်ဝက် လျော့ကျသွားစေတော့၏။
လျူမင် သူ၏ ညာဘက်လက်မောင်းကို ပွေ့ပိုက်ကာ လင်းချန်ထံသို့ လျှောက်သွားရင်း ရုတ်တရက် ရယ်မောလိုက်သည်။ "လူငယ်ဧကရာဇ်လင်းချန်... ကျွန်တော် လျူမင် တကယ် အရှုံးပေးပါတယ်ဗျာ... ဟား... ဟား..."
လင်းချန် ပြုံးရုံသာ ပြုံးလိုက်ပြီး မလှုပ်မယှက် ရပ်နေလိုက်သည်။ လျူမင်သည်တော့ သူ့ဘေးမှ ဖြတ်ကာ စင်မြင့်အောက်သို့ ဆင်းသွားတော့၏။
အတားအဆီး၏ အစွန်း၌ ရပ်လျက် လျူမင် အသက်ပြင်းပြင်း ရှူလိုက်ပြီး အော်ဟစ် အသိပေးလိုက်၏။ "ကြီးကြပ်ရေး အကြီးအကဲ... ကျွန်တော် လျူမင် အရှုံးပေးပါတယ်။"
အပေါ်မှ ကြီးကြပ်ရေး အကြီးအကဲက ခေါင်းညိတ်လိုက်ပြီး လက်ထဲမှ ကျောက်စိမ်းပြားဖြင့် အတားအဆီးကို တို့ထိလိုက်၏။
ထို့နောက် လျူမင်၏ ရှေ့၌ ထွက်ပေါက်တစ်ခု ပေါ်လာပြီး ပြိုင်ပွဲစင်မြင့် အမှတ် ၃၆ မှ စိတ်ကြိုက် ထွက်ခွာခွင့် ရရှိသွားတော့သည်။
စင်မြင့်ပေါ်မှ ဆင်းသည်နှင့် လျူမင်သည် ဆေးကုသဆောင်သို့ အမြန်ဆုံး သွားရောက်ကုသရန် ခြေလှမ်းများကို အရှိန်မြှင့်လိုက်ရ၏။
လင်းချန် ပြောသကဲသို့ပင် အချိန်မီ မကုသပါက သူ၏ ညာဘက်လက်မောင်းသည် အကောင်းဆုံး အခြေအနေတွင် နာတာရှည် တစ်သက်တာဒဏ်ရာ ကျန်ရစ်နိုင်ပြီး အဆိုးဆုံး အခြေအနေတွင် လုံးဝ ပျက်စီးသွားနိုင်သည်။
ပြိုင်ပွဲစင်မြင့် အမှတ် ၃၆ အောက်သို့ ဆင်းသွားသော လျူမင်အား မည်သူမျှ မလှောင်ပြောင်ရဲကြချေ။
လေချန်တစ်ယောက် လင်းချန်အား ရှုံးနိမ့်ခဲ့စဉ်က အချို့လူများက လေချန်သည် အတွင်းစည်း အဆင့် ၁၀ နေရာနှင့် မထိုက်တန်ကြောင်း ၊ သူ့အဖိုး မိုးကြိုးဧကရာဇ် လေဟန်ကြောင့်သာ ထိုနာမည်ဂုဏ်သတင်း ရရှိထားခြင်း ဖြစ်ကြောင်း ပြောဆိုခဲ့ကြ၏။
လေချန်၏ နောက်ခံကြောင့် ထိုသို့ ဖြစ်နိုင်သည်ဟု လူအများက ယုံကြည်ခဲ့ကြ၏။ သို့သော် ယခု လျူမင် ရှုံးနိမ့်သွားသောအခါ သူ့စွမ်းအားသည်ရော အတုဟု ပြောဆိုရမည်လော။ မဟုတ်သေးပေ။ လျူမင်သည် နတ်ဓားဂိုဏ်း၏ လက်အောက်ခံ မြို့ငယ်လေး တစ်မြို့မှ လာသော တပည့်တစ်ဦးသာ ဖြစ်၏။
သူ၏ လက်ရှိ စွမ်းအားနှင့် ဂုဏ်သတင်းသည် သူ၏ ကိုယ်ပိုင် ကြိုးစားအားထုတ်မှုနှင့် သန်မာသော လက်သီးများဖြင့် ရယူထားခြင်း ဖြစ်သည်။
စင်မြင့်အောက်မှ ကြည့်ရှုနေကြသော တပည့်များသည် လင်းချန်အား ကြည့်သော အကြည့်များ ပြောင်းလဲသွား၏။
အထူးသဖြင့် အတွင်းစည်းမှ နိဗ္ဗာန်နယ်ပယ်ရှိ တပည့်များသည် လင်းချန်၏ စွမ်းအားကြောင့် လုံးဝ အရှုံးပေးသွားကြသည်။
နေယွမ်အဆင့်ကိုး... အသက် ၁၈ နှစ် မပြည့်ခင် နိဗ္ဗာန်ကိုးသွယ် ပြီးမြောက်ထားသူ... အတွင်းစည်း အဆင့် ၇ လျူမင်အား လက်သီးတစ်ချက်တည်းဖြင့် အနိုင်ယူပြီး အရှုံးပေးစေသူ... လင်းချန်၏ နာမည်သည် သူတို့ ထင်ထားသကဲ့သို့ လှောင်ပြောင်စရာ မဟုတ်တော့ချေ။
တပည့်တစ်ဦးက လေးစားစွာ မှတ်ချက်ပြုသည်။ "သူ့ဆရာ စစ်ဧကရာဇ်က ကမ်းရိုးတန်းပြည်နယ်ရဲ့ ဒဏ္ဍာရီတစ်ပါးပဲလေ... အခုမှ နားလည်တော့တယ်... ဆရာကောင်း တပည့် ပန်းကောင်းပန်ဆိုတာ ဒါမျိုးပဲ။ လင်းချန်က စစ်ဧကရာဇ်ထက် မနိမ့်ကျပါဘူး။"
အခြားတစ်ဦးကလည်း ထောက်ခံ၏။ "တကယ်တော့ သူက ဆရာ့ထက်တောင် သာလွန်နေပါသေးတယ်... စစ်ဧကရာဇ်ကြီး.နေယွမ်နယ်ပယ်တုန်းက လင်းချန်လောက် မကြမ်းခဲ့ဘူး။"
နောက်တစ်ဦးကည်း ဝင်ချီးကျူးသည်။ "အခုတော့ လင်းချန်ရဲ့ လူငယ်ဧကရာဇ် ဆိုတဲ့ ဘွဲ့က တကယ် ထိုက်တန်သွားပြီ။"
လူအုပ်ထဲမှ အချို့ကလည်း အံ့ဩတကြီး ရေရွတ်ကြ၏။ "ဒါ့အပြင် ဒီဘယ်ကမှန်းမသိတဲ့ သံချပ်ကာဝတ် စစ်သည်တွေကလည်း တကယ်ကြီး နိဗ္ဗာန်နယ်ပယ်အဆင့်ကိုးတွေပဲဟ။"
ပြိုင်ပွဲစင်မြင့်ပေါ်၌ စစ်သည်များသည် လျူမင်နှင့် လေကော့၏ နောက်လိုက် အတွင်းစည်းတပည့်များအား လုံးဝ လွှမ်းမိုးထားကြ၏။ အရေအတွက်အားဖြင့် ဟွာရှာအင်ပါယာ၏ စစ်သည်များက အနိုင်ယူထားသည်။ လက်နက်ကိရိယာအားဖြင့် ဟွာရှာအင်ပါယာ၏ စစ်သည်များက အနိုင်ယူထား၏။
စွမ်းအားချင်း ယှဉ်လျှင်လည်း ဟွာရှာအင်ပါယာ၏ စစ်သည်များက အနိုင်ယူထားဆဲ ဖြစ်သည်။.ဤသံချပ်ကာဝတ် စစ်သည်အုပ်စုကို အတွင်းစည်းတပည့်များက ဘာနှင့် ယှဉ်တိုက်နိုင်မည်နည်း။
ခဏအတွင်းမှာပင် စင်မြင့်ပေါ်မှ အတွင်းစည်းတပည့်များသည် အကြီးအကျယ် အရိုက်ခံရပြီး အော်ဟစ် ညည်းတွားနေကြရတော့သည်။ အခြေအနေသည် ကြီးတစ်ယောက်က ငါးနှစ်သားကလေးအား တုတ်ဖြင့် ရိုက်သည်ထက်ပင် ပိုဆိုးနေကာ ၂ ဖက်အင်အားသည် အလွန်အမင်းကွာခြားနေတော့၏။
သူတို့ လင်းချန်၏ အစောပိုင်း စကားများကို ပြန်သတိရလိုက်ကြပြီး ခေါင်းကို အမြန်အုပ်ကာ မြေကြီးပေါ် ဝပ်ချလိုက်ကြသည်။ ထို့နောက် ခေါင်းကို တင်းတင်းကျပ်ကျပ် အုပ်ထားလျက် မတ်တပ်ရပ်ကာ စင်မြင့်ပေါ်မှ အပြေးအလွှား ထွက်ပြေးလိုက်ကြတော့၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် ပြိုင်ပွဲစင်မြင့် အမှတ် ၃၆ တစ်ခုလုံး၌ လေကော့မှလွဲ၍ အခြားမည်သည့် အတွင်းစည်းတပည့်မျှ ကျန်မနေတော့ချေ။
"ဘုန်းးးးး"
လေကော့၏ လက်ထဲမှ ဝိညာဉ်လက်နက်သည် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားရပြီး ဝိညာဉ်လက်နက် နှလုံးသားနှင့် ဝိညာဉ်အစိတ်အပိုင်းများအဖြစ် ပြိုကွဲကာ စင်မြင့်ပေါ်သို့ သတ္တုဘောလုံးများအဖြစ် ပြန့်ကျဲသွားတော့၏။ လေကော့ ကိုယ်၌သည်လည်း လေချန်၏ ကန်ချက်ကြောင့် ရင်ဘတ်ကို ထိမှန်ပြီး မြေကြီးပေါ် လဲကျသွားတော့သည်။
မြေကြီးပေါ် လဲကျနေသော လေကော့၏ ပုံစံမှာလည်း အလွန် စုတ်ပြတ်သတ်နေရ၏။ ခန္ဓာကိုယ်တစ်ခုလုံး၌ အဝတ်အစားများ စုတ်ပြဲနေပြီး ဓားဒဏ်ရာများနှင့်အတူ သွေးများ စီးကျနေလျက်ရှိနေသည်။
ဆန့်ကျင်ဘက်အားဖြင့် စင်မြင့်ပေါ်မှ လေချန်မှာမူ သပ်ရပ်သန့်ရှင်းနေပြီး တည်ငြိမ်သော ကိုယ်နေဟန်ထားကို ထိန်းသိမ်းထားလျက်ရှိ၏။
လေချန် အေးစက်စွာ ရယ်မောလိုက်ပြီး မိုးကြိုးဓားဖြင့် လဲကျနေသော လေကော့အား ညွှန်ပြကာ မေးလိုက်သည်။ "လေကော့... မင်း ဒီလိုဖြစ်လာမယ်လို့ ထင်မထားခဲ့ဘူး မလား။"
လေကော့ကမူ လှောင်ပြောင်လိုက်ဆဲ ဖြစ်၏။ သူ၏ သွားများတွင် သွေးနီရောင်များ စွန်းထင်းနေလျက် ခနဲ့လိုက်သည်။ "ဟုတ်လား... တကယ် မထင်မှတ်ထားဘူးကွာ... ငါ့ဝမ်းကွဲညီလေးက အခုတော့ တခြားလူ ဖြစ်သွားပြီပဲ။"
လေကော့ မြေကြီးပေါ်မှ ကုန်းထလိုက်ပြီး သွေးများရောနေသော တံတွေးကို ထွေးထုတ်လိုက်၏။ ထို့နောက် သူ့ထံ လျှောက်လာနေသော လင်းချန်အား ရန်စသော မျက်လုံးများဖြင့် စိုက်ကြည့်ကာ ဆက်တိုက် ရန်စလိုက်သည်။ "ငါ ရှုံးသွားတော့ရော ဘာဖြစ်လဲ... မင်း ငါ့ကို သတ်ရဲလို့လားကွ။ မမေ့နဲ့နော်... ငါ့အဖိုးက ဒီကောင့်အဖိုးရဲ့ ညီအရင်းပဲ။ ပြီးတော့ သူက နတ်ဓားဂိုဏ်းရဲ့ အကြီးအကဲ ရှစ်ယောက်ထဲက တစ်ယောက်... စည်းကမ်းထိန်းသိမ်းရေး ခန်းမရဲ့ ပြစ်ဒဏ်ပေးရေးအကြီးအကဲပဲ။ ငါ့ကို သတ်မယ်လို့ ပြောနေတာ... မင်း သတ်ရဲလို့လား။ ဂိုဏ်းစည်းကမ်း ဖောက်ဖျက်ရင် မင်းလည်း သေမှာပဲ။"
လေကော့ ဆက်လက် လှောင်ပြောင်၏။ "မင်းဆရာက သေတော့မှာလေ... သူ မင်းကို ကာကွယ်ပေးနိုင်ဦးမယ် ထင်နေလား။"
"..."
လင်းချန်ကမူ တည်ငြိမ်စွာဖြင့်ပင် စစ်သည်တစ်ဦးထံမှ ဓားရှည်တစ်လက်ကို ယူလိုက်၏။ ထို့နောက် လေကော့ဘက်သို့ ပြန်လှည့်ကာ အေးစက်စွာ စိုက်ကြည့်လိုက်သည်။ "မင်း...။ သတ္တိရှိရင် ထပ်ပြောလိုက်...။"
လင်းချန်၏ မျက်ဝန်းတို့သည် သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ရှိနေပြီး သူ၏လေသံသည်လည်း နှစ်တစ်ထောင်ရေခဲကဲ့သို့ပင် အေးစက်နေလျက်ရှိနေသည်။
လေကော့ကမူ ရင်ဘတ်မှ စုတ်ပြဲနေသော အင်္ကျီကို ဆွဲဖြဲလိုက်ပြီး သူ၏ နှလုံးနေရာအား ထိုးပြလိုက်သည်။
"ဟားဟားဟား"
"လင်းချန်... လင်းချန်... မင်းရဲ့အဆိပ်မိနေတဲ့ ငပေါဆရာကြီး သေတော့မယ်။"
"လာလေ... မင်း သတ္တိရှိရင် ဒီနေရာကို ထိုးလိုက်စမ်းပါ... လာပါ... ထိုးစမ်းပါ... ထိုးလိုက်စမ်းပါကွ။"
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၈ ၊ အတွဲ ၁ ၊ အပိုင်း ၇၅ + ၇၆ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
Editor - Author Chang'e 🌕
True Immortal Team