နံပါတ် (၆) ခုရဲ့ လျှို့ဝှက်ချက်
Vol. 4 Ch. 54
ကွင်းထဲတွင် လူပေါင်းရာချီကျော် ကျန်ရစ်ခဲ့ကြ၏။ အားလုံးက သိမ်းငှက်ရုပ်တုများကိုသာ မျက်တောင်မခတ်စတမ်း ကြည့်နေကြ၏။ သိမ်းငှက်ရုပ်တုများတွင် အဆင့်များ လုံးဝ မပြောင်းလဲသေးပေ။ ပွဲကြည့်ပရိသတ်မှာ ရမှတ်များကိုကြည့်ရင်း အချင်းချင်း ဆွေးနွေးနေကြ၏။
တစ်ခါတစ်ရံ လူတစ်ယောက်၏ နာမည် အဆင့်တက်သွားတိုင်း အော်ဟစ်အားပေးကြသလို အဆင့်ကျသွားသည့် လူများအတွက်လည်း စိတ်မကောင်း ဖြစ်မိကြပြန်သည်။
စမ်းသပ်ပွဲများအနက် တောင်တွင်း စမ်းသပ်ပွဲမှာ ဒုတိယအရေးကြီးဆုံး ဖြစ်ပြီး ကွင်းထဲမှ စမ်းသပ်ပွဲမှာ အရေးကြီးဆုံး ဖြစ်သည်ဟု ပြော၍ရပေသည်။ ကွင်းထဲ၌ ရှိနေကြသည့် လူပေါင်းရာချီတွင် အများစုမှာ လေပြေစီးကြောင်း မျိုးနွယ်စုမှ ဖြစ်သော်လည်း တခြားမျိုးနွယ်ဝင်များလည်း ပါဝင်သေးသည်။ ဤဒေသအနီးတဝိုက်ရှိ မျိုးနွယ်စုအတော်များများ တစ်စုတစ်ဝေးတည်း ရောက်ရှိနေသည်ဟု ဆိုလျှင် ပိုပြီးတိကျမှု ရှိသည်။
၎င်းတို့အားလုံးသည် စမ်းသပ်ပွဲအဆင့် သုံးဆင့်၏ အဆင့်သက်မှတ်ချက်များကို မိမိတို့ သက်ဆိုင်ရာ မျိုးနွယ်ဝင်များအားလုံးသိအောင် သတင်းစကား ပြန်လည်ဝေမျှကြမည့် လူများ ဖြစ်သည်။
၎င်းမှာ အစဉ်အလာဖြစ်ပြီး ယခင်ကလည်း ထိုအတိုင်း ပြုမူခဲ့ကြသည်သာ ဖြစ်၏။
အချိန်ကုန်လွန်လာသည်နှင့် ရဲဝမ်မှာ ၃၄၅ လှမ်းအထိ လှမ်းနိုင်ပြီး နောက်ပိုင်း ခြေလှမ်းများ တဖြည်းဖြည်း နှေးကွေးသွားလေသည်။
ချန်ချွန်းက သူ့အနောက်တွင် ရှိနေသည်။ ခြေလှမ်းပေါင်း ၁၈၉ လှမ်းမျှ လှမ်းပြီး ဖြစ်၏။ လူတိုင်း မျှော်လင့်တကြီး စောင့်မျှော်နေကြသည့် ဝူစန်းမှာ ဘာကြောင့်မှန်းမသိ အဆင့် ၉ နေရာသို့ ရောက်နေတယ်။ သူသည် ခြေလှမ်း ၁၂၇ လှမ်းမျှသာ လှမ်းရသေးသည်။
သို့သော် ပိစုဆိုသည့်လူမှာ ကွင်းထဲမှ လူအတော်များများ၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ ၎င်းသည် ခြေလှမ်းပေါင်း ၁၈၈ လှမ်းနှင့် တတိယအဆင့်မှ လိုက်နေ၏။
"ပိစုက ဘယ်သူလဲ။ သူဘာကြောင့် ဒီလောက်အင်အား ကောင်းနေတာလဲ။ ဒီလူဟာ ပထမ အဆင့်ရဲ့ ထိပ်တန်းနေရာထဲ တကယ်ပဲ ဝင်ရောက်လာနိုင်သလား”
"စိတ်ဝင်စားဖို့ ကောင်းတယ်။ အပြင်လူ တစ်ယောက် ထိပ်တန်း ၁၀ ယောက်ထဲ မဝင်တာ ကြာပြီ။ အင်း ပြောရရင် ထိပ်တန်း ၃၀ ထဲကို မဝင်တာ အတော်ကြာပါပြီလေ”
ပွဲကြည့်ပရိသတ် အချင်းချင်း စကားပြောနေစဉ် မဟူရာတောင် မျိုးနွယ်စု၏ ခေါင်းဆောင်သည် တင်ပျဉ်ခွေထိုင်ရင်း အနီးမှ သိမ်းငှက်ရုပ်အား ကြည့်နေ၏။ ၎င်း၏ နှုတ်ခမ်းပေါ်တွင် ဂုဏ်ယူဝံ့ကြွားနေသည့် အပြုံးတစ်ခု ရှိနေပြီး မဟူရာတောင် မျိုးနွယ်ဝင်များရှိရာဘက်သို့ ဝေ့ဝဲ ကြည့်လိုက်လေ၏။
ရှန့်ဟန်မှာ နက်မှောင်တောင် မျိုးနွယ်ဝင်များ ရှိသည့်နေရာတွင် အဆင့်များကို စိတ်မဝင်စားသည့်ဟန်နှင့် မျက်လုံးစုံမှိတ် ထိုင်နေလေသည်။ ထိုအစား အစောင့်အရှောက် ခေါင်းဆောင်က စိုးရိမ်ပူပန်နေသည့်ဟန်နှင့် မျက်မှောင်ကြုတ်ရင်း အမှတ်များကို ကြည့်နေ၏။
သူ့ဘေးနားရှိ ငှက်ရုပ်ကို ကြည့်လိုက်စဉ် ၅၇ နေရာတွင် ပေလင်း၊ ၆၀ ယောက်မြောက် နေရာတွင် လေ့ချန်နှင့် ၉၁ ယောက်မြောက် နေရာတွင် ဝူလတို့ကို တွေ့လိုက်ရလေ၏။
နဂါးနက်တောင် မျိုးနွယ်မှ အမျိုးသမီးကြီးနှင့် ကျန်မျိုးနွယ်ဝင်များလည်း ငှက်ရုပ်များကို မျက်တောင်မခတ်စတမ်း စောင့်ကြည့်နေကြသည်။ ၎င်းတို့၏ မျက်နှာပေါ်တွင် ထူးထူးခြားခြား ပြောင်းလဲမှုမျိုး မရှိဘဲ ပကတိ တည်ငြိမ်နေကြ၏။ မျိုးနွယ်ခေါင်းဆောင် တစ်ယောက်အနေနှင့် မိမိခံစားချက်ကို ကောင်းကောင်း ဖုံးကွယ်နိုင်ပေသည်။ အပြောင်းအလဲ ကြီးကြီးမားမား မရှိဘဲနှင့် ၎င်းတို့၏ မျက်နှာတွင် လေးနက်သော အမူအရာမျိုး ထွက်ပေါ်လာမည် မဟုတ်ပေ။ နက်မှောင်တောင်မှ မျိုးနွယ်စုခေါင်းဆောင်မှာ ပေလင်းကြောင့် မဟုတ်လျှင် ယခုလို ပူပန်နေမိမည် မဟုတ်ပေ။
ရာချီလှသည့် တောင်တန်းပေါ်မှ လှေကားများနှင့် ငှက်ရုပ်များကို ကြည့်ရင်း ဆွေးနွေး တိုင်ပင်နေကြသည့် ကွင်းတွင်းမှ ပွဲကြည့်ပရိသတ် ရာပေါင်းများစွာ၏ အခြေအနေမှာတော့ တစ်မျိုး ဖြစ်သည်။ ထို့အတူ စမ်းသပ်မှု ပထမအဆင့်အား ယှဉ်ပြိုင်နေသူတိုင်း၏ စိတ်အစဉ်တွင် မိမိတို့သည်သာ တောင်ထိပ်ပေါ်တွင် ရှိနေသည့် တစ်ဦးတည်းသောပုဂ္ဂိုလ်အဖြစ် ခံစား နေကြမည် ဖြစ်သည်။
ထူထပ်လှသည့် မြူခိုးမြူငွေ့များ ပိတ်ကာစည်းထားသောကြောင့် ရှေ့မှမြင်ကွင်းကို သဲသဲကွဲကွဲ မမြင်ရရုံသာမက ပွဲပြင်မှ ပရိသတ်များသည်လည်း အတွင်းမှ ပြိုင်ပွဲဝင်များ၏ အခြေအနေကို ကောင်းစွာ မမြင်ရပေ။ အကြီးအကဲ ကျင်းနန်ပင် ချိပ်သဖွယ် ကာစည်းထားသည့် မြူမှုန်လွှာတို့ကို ထွင်းဖောက်မြင်နိုင်စွမ်း မရှိပေ။ သူသည်လည်း အတွင်း၌ ဘာဖြစ်နေသည်ကို မပြောနိုင်ပေ။
မည်သို့ပင်ဆိုစေ ယခုနေရာတွင် အန္တရာယ်ဟူ၍ မရှိပေ။ ပြောရလျှင် စမ်းသပ်ပွဲ အမြောက်အမြား ရှေ့က ကျင်းပခဲ့ဖူးသည် မဟုတ်လော။
ပိုင်လင်းက အောက်နှုတ်ခမ်းကို ဖိကိုက်လိုက်၏။ နဖူးပေါ်တွင် ချွေးတို့ သီးနေသည့်တိုင် ရှေ့သို့တိုးလျှောက်နေ၏။ လှေကား၏ အဆုံးကို မမြင်နိုင်။ ပြိုင်ပွဲဝင်တိုင်း၏ စိတ်တွင် အဆုံးဟူ၍ ရှိပါ့မလားဟု ထင်မြင်ရလောက်အောင် လှေကားထစ်များက အဆုံးအစမဲ့ များပြားလွန်းလှ၏။ ရှေ့သို့ ဆက်လျှောက်လေ သူတို့အား ဤနေရာမှ အတင်းအကြပ် နှင်ထုတ်နေသလို ခံစားနေရလေ ဖြစ်သည်။ လက်လျှော့အရှုံးပေးလိုက်ဖို့ ပြောနေကြသည့် အသံများကို နားအနားတွင် ကြိမ်ပေါင်းများစွာ ကြားယောင်နေရသလိုပင်။
ပိုင်လင်းနှင့် မနီးမဝေးတွင် ရှိနေသည့် လေ့ချန်မှာ အဆက်မပြတ် မာန်သွင်းဟစ်အော် နေ၏။ အပေါ်အင်္ကျီကို ဆွဲဖြဲထား၍ သူ၏ တောင့်တင်းကြံ့ခိုင်လှသည့် အပေါ်ပိုင်း ခန္ဓာကိုယ်ကို မြင်နေရလေသည်။ ပုတီးလုံးပမာဏခန့်ရှိသည့် ချွေးသီးချွေးပေါက်များ သူ့ခန္ဓာကိုယ်မှ တရစပ် ကျဆင်းနေပုံမှာ အလွန်အမင်း ပင်ပန်းနွမ်းနယ်နေသည့်တိုင် ထက်မြက်နေဆဲဖြစ်သည့် သူ့သွင်ပြင်ကို အထင်းသား ပေါ်လွင်နေစေ၏။ သူက မလျှော့သော ဇွဲလုံ့လနှင့် ရှေ့သို့ အရူးအမူး အားတင်းကာ ဆက်လျှောက် နေလေသည်။
မနီးမဝေးမှ ပေလင်း၏ မျက်နှာလေးမှာ သွေးဆုတ် ဖြူလျော်နေသည်။ မျက်ခုံးကြားမှ သွေးတော်တော်များများကို ဝူစန်းအား ထုတ်ပေးခဲ့သည်မို့ သူ အားနည်းနေဆဲ။ စမ်းသပ်ပွဲ၏ တတိယအဆင့်တွင် ဝူစန်းထံမှ မာန်သွေးစက် အနည်းငယ် ရရှိမည်ဟု ပြောထားသော်လည်း ၎င်းကတိစကား တည်မတည်ကိုတော့ ထပ်မံ စောင့်ကြည့်ရဦးမည်။
ပေလင်း အံကိုတင်းတင်း ကြိတ်ထား၏။ သူ လုံးဝ လက်လျှော့ အရှုံးမပေးလိုသေး။ ပခုံးပေါ်တွင် နက်မှောင်တောင်မျိုးနွယ်စု ဂုဏ်သိက္ခာကို ထမ်းပိုးထားဆဲ။ ထို့ကြောင့် အားတင်းကာ ရှေ့ဆက်လျှောက်လိုက်သည်။
သူတို့ အခက်အခဲနှင့် နှိုင်းယှဉ်လျှင် လေပြေစီးကြောင်းမှ ပါရမီရှင် ရဲဝမ်အတွက် ပြောပလောက်စရာ မရှိအောင် သာယာလွန်းလှသည်။ လက်ကိုနောက်ပစ်ထားရင်း အလျင်မလိုဘဲ တစ်လှမ်းချင်းစီ လျှောက်လှမ်းနေ၏။ သူ့အတွက် ယခုလို ခြေလှမ်းမျိုး လှမ်းဖူးသည်မှာ ပထမဆုံးအကြိမ် မဟုတ်တော့။ တတိယအကြိမ် ဖြစ်ရှိနေပြီ ဖြစ်သည်။
ဒုတိယတစ်ခေါက်၌ ခြေလှမ်း ၈၀၀ ကျော် လှမ်းနိုင်ခဲ့သည်ကို သတိရလိုက်သည်။ ယခုတစ်ကြိမ်တွင် ခြေလှမ်း ၉၀၀ ထိ လှမ်းနိုင်ရမည်။
"အကြီးအကဲ ပြောဖူးတာက တောင်ဟာ မြင့်မားသလို ထင်ရပေမဲ့ တကယ်တမ်းကျတော့ ခြေလှမ်း ၉၉၉ လှမ်းစာပဲ ရှိတယ်တဲ့။ ဖွဲ့စည်းတည်ဆောက်ပုံက ကောင်းကင်ဘုံနဲ့ လောကမြေပြင်ကို ပြောင်းလဲနိုင်တဲ့ လျှို့ဝှက်နက်နဲတဲ့ စွမ်းအားတစ်မျိုးကို ပိုင်ဆိုင်ထားသလိုမျိုး ဆိုပဲ”
“မင်းလှမ်းနိုင်တဲ့ ခြေလှမ်းအရေအတွက်ဟာ အဆုံးသတ်မှာ သွေးကြော ဘယ်လောက်များများ ပျံ့နှံ့ဖြာဆင်းအောင် လုပ်နိုင်မလဲ ဆိုတာကို ဖော်ပြနေတယ်”
"နောက်တစ်ခေါက်ဆို လျှော့စားမှ ဖြစ်မယ်။ နောက်ကို တကယ်လျှော့စားဖို့ လိုတယ်”
ရဲဝမ်အနောက် အခြားလမ်းကြောင်းတစ်ခုတွင် ရှေ့သို့လျှောက်နေသော ချန်ချွန်းမှာ ညောင်းချည့်ရင်း ဟောဟဲဆိုက်နေသည်။ အနည်းငယ်ဝသူမို့ လျှောက်လိုက်တိုင်း အသားစိုင်လေးများ တုန်ခါနေ၏။ သို့သော် သူ့မျက်လုံးထဲမှ အလင်းရောင်ကတော့ တောက်ပနေဆဲပင်။ သူက လက်ထဲက ချပ်ပြားကို ကြည့်လိုက်သည်။ သူ့နောက်တွင်တော့ ပိစုဟုခေါ်သော လူတစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရလေသည်။
နောက်ထပ် ဝေးလံလှသည့် တစ်နေရာတွင် အနက်ရောင် တိရစ္ဆာန်သားရေဝတ် လူငယ်တစ်ဦး ရှိနေသည်။ သူ့ပုံစံက လှေကားပေါ်တက်သည့်ကိစ္စကို အလေးအနက် ထားပုံ မရပေ။
“ငါဒီကို ပထမဆုံးအကြိမ် ရောက်လာခဲ့တယ်။ ငါဒီမှာ ရှိနေကတည်းက ဝူစန်း၊ ချန်ချွန်းနဲ့ ရဲဝမ် ဟာ ငါ့နောက်မှာပဲ ရှိရမယ်။
“ဒီအနီးတစ်ဝိုက်ကဒေသတွေထဲမှာ အတော်ဆုံး ပါရမီရှင်ဟာ ငါပဲဆိုတာ ဒီတစ်ခါ အားလုံးကို သိစေရမယ်”
လူငယ်၏ တစ်ဝက်ဖုံးထားသည့် မျက်နှာပေါ်တွင် ရူးသွပ်မှုတို့ အပြည့်ပင်။
ထိုလူများနှင့် ယှဉ်လျှင် စုမင်မှာ အများကြီး နောက်ကောက်ကျ ကျန်နေခဲ့သည်။ သူ့ ခြေလှမ်းတို့က နှေးကွေးလွန်းသည်။ ယခုမှ ၃၂ လှမ်းသာ လှမ်းရသေး၏။
အမှန်တကယ်အားဖြင့် စုမင်မှ ၃၂ လှမ်းမြောက် ခြေလှမ်းကို လှမ်းပြီးကတည်းက ရှေ့ဆက်မသွားဘဲ ခေါင်းကိုငုံ့ရင်း နက်နက်ရှိုင်းရှိုင်း တွေးတောနေခဲ့ခြင်း ဖြစ်သည်။ သူ့ခြေဖဝါးအောက်မှ လှေကားထစ်များကို ကြည့်ရင်း အတွေးများတို့နှင့် သူ့မျက်လုံးတို့က ဟိုသည်ရွှေ့လျားနေသည်။
“အကြီးအကဲက နံပါတ် ၆ ကို ပြောခဲ့တယ် ... ပထမဦးဆုံး ခြေလှမ်း အရေအတွက် ၃၂ လှမ်းက နံပါတ် ၆ နဲ့ သက်ဆိုင်နေနိုင်လား”
စုမင် စဉ်းစားရင်း ခြေထောက်ကို တဖြည်းဖြည်း မြှောက်ကာ ၃၃ လှမ်းမြောက် အဆင့်ကို တက်လှမ်းလိုက်၏။ သူ ခြေချလိုက်သော်လည်း ဘာမှ ထူးထူးခြားခြား မခံစားရပေ။ ၃၂ ဆင့်မြောက် ခြေလှမ်းတွင် သူခံစားရသည့် ဖိအားက အတူတူပဲ ဖြစ်နေသည်။
“ထူးဆန်းတာ ဘာမှမရှိဘူး ... အတူတူပဲ ... ''
စုမင် မျက်မှောင်ကြုတ်ပြီး ၃၄ လှမ်းမြောက် အဆင့်ကို ဆက်တက်၏။ သို့သော် သူ့ညာဘက်ခြေထောက် ချလိုက်သည်နှင့် တစ်ကိုယ်လုံး ရုတ်တရက် တုန်ယင်သွားသည်ကို ခံစားလိုက်ရ၏။
“တူသေးလား ... တူတုန်းပဲလား မဟုတ်ဘူး”
ညာဘက်ခြေထောက်ကို လှေကားပေါ် ချထားရင်း စုမင် မျက်လုံးများကို မှိတ်ကာ အနည်းငယ် တိုးပွားလာသည့် ဖိအားကို ခံစားကြည့်လိုက်၏။
ထို့နောက် မျက်စိကိုဖွင့်ပြီး ၃၁ လှမ်းမြောက် ခြေလှမ်း လှမ်းခဲ့ရာနေရာသို့ အလျင်အမြန် ဆုတ်ခွာလိုက်၏။ ပြီးလျှင် ၃၂ လှမ်းမြောက်ကို ပြန်တက်ကာ ၃၃ လှမ်းမြောက်ကို ထပ်တက်ပြန်၏။ စုမင် မျက်လုံးများ လက်ခနဲ ဖြစ်သွားပြီး အသက်ကို ပြင်းပြင်းရှိုက်လိုက်လေသည်။
'ငါသိပြီ။ ၃၁ ဆင့်နဲ့ ၃၃ ဆင့် အကြားမှာရှိတဲ့ ဖိအားက တိုးလာပေမဲ့ ၃၂ ဆင့်မှာတော့ ရှေ့ပဲတိုးတိုး၊ နောက်ပဲ ပြန်လှည့်လှည့် ဖိအားက အတူတူပဲ။ ၃၂ ဆင့်မြောက်ဟာ မရှိကို မရှိသလိုပဲ။ ဆိုလိုတာက ၃၂ ကြိမ်မြောက် ခြေလှမ်းကို ထည့်မလှမ်းရင်တောင် အရာအားလုံး အတူတူပဲ။
ခဏ စဉ်းစားပြီး စုမင်က ရှေ့ဆက်မတက်တော့ဘဲ ၃၂ ဆင့်မြောက် လှေကားထစ်တွင် တင်ပျဉ်ခွေ ထိုင်ချကာ အရပ်ရှစ်မျက်နှာမှ လာသော ဖိအားဒဏ်များကို ခံစားကြည့်နေ၏။ ဖိအားဒဏ်များကြောင့် မသက်မသာ ခံစားနေရသော်လည်း သွေးကြော ၄၀ ခန့် သူ့ကိုယ်ပေါ်တွင် ပေါ်လာလေသည်။
သွေးကြောများ ပေါ်လာသည်နှင့် စုမင် ကိုယ်ပေါ်မှ ဖိအားမှာ များစွာ လျော့ကျသွားလေ၏။
"တောင်ပေါ်တက်တဲ့ လှေကားထစ်တွေမှာ ဖိအားနှစ်ခုကို အများစု ခံစားခဲ့ရတယ်။ တစ်ခုက အပေါ်ကလာပြီး နောက်တစ်ခုက ငါလှမ်းလိုက်တဲ့ ခြေလှမ်းတိုင်းကနေ ဖြစ်ပေါ်လာတဲ့ အနောက်က ကပ်ပါလာတဲ့ ဖိအားပဲ။ ဟော့ဒီ ၃၂ ဆင့်မြောက် လှေကားထစ်ကသာ ငါခံစားနေရတဲ့ ဖိအားကို ဟန်ချက်ညီအောင် လုပ်ပေးနိုင်တယ်။ ဒီတောင်ပေါ်မှာ အလားတူနေရာ ၆ခု ရှိရမယ်။
"ကြည့်ရတာ ဒါက အကြီးအကဲ လေပြေစီးကြောင်း စမ်းသပ်ပွဲ ဝင်တုန်းက သိထားတဲ့ လျှို့ဝှက်ချက်ပဲ ဖြစ်ရမယ်”
စုမင် ထိုင်ချပြီး မျက်လုံးများကို ဖြည်းညင်းစွာ ပိတ်လိုက်သည်။ ထို့နောက် သူ့သွေးကြောထဲမှ သွေးတို့အား နှိုးဆော်လိုက်၏။ ခဏအကြာ စုမင် မျက်လုံးဖွင့်ပြီး မျက်မှောင် ကြုတ်လိုက်လေသည်။
မည်သည့် သိသာသော အကျိုးသက်ရောက်မှုကိုမှ မခံစားလိုက်ရ။ ခန္ဓာကိုယ်ထဲတွင် ချီတို့အား လည်ပတ်စေသည့်တိုင် သာမန်သာ ခံစားနေရ၏။ ဘာမှ ထူးထူးခြားခြား အပြောင်းအလဲ မရှိပေ။
စုမင် တိတ်ဆိတ်နေရင်း အကြီးအကဲတစ်ယောက် အဖြေအကုန် မပြောလောက်ဟု ခံစားလိုက်ရသည်။ အကြီးအကဲ၏ စကားထဲတွင် ပုန်းကွယ်နေသည့် လျှို့ဝှက်ချက်တို့ကို ရှာဖွေရဦးမည်။
စုမင် ခေါင်းကုတ်၏။ သူ ငယ်စဉ်ကတည်းက အကြီးအကဲသည် ပဟေဠိဆန်ဆန် စကားတို့ကို ပြောတတ်ပြီး စုမင်အနေဖြင့် ကိုယ်တိုင်စဉ်းစားကာ သဘောပေါက် နားလည်သည်မျိုးကို သဘောကျတတ်သည်။ သူနားလည်သည့်အခါလည်း ရှိသည်။ အကယ်၍ နားမလည်ခဲ့လျှင် အကြီးအကဲက ရံဖန်ရံခါ ရှင်းပြလေ့ ရှိ၏။
ခဏ စဉ်းစားပြီးနောက် စုမင်က ကိုယ်ပေါ်မှ သွေးကြော ၄၉ ခုကို ကြည့်လိုက်သည်။ ထိုသွေးကြောများကြောင့်သာ သည်နေရာ၏ ဖိအားကို တောင့်ခံနိုင်ခြင်း ဖြစ်သည်။
"တကယ်ပါပဲဗျာ ... အကြီးအကဲကတော့ အဖြေလေး ပြောလိုက်တာ မဟုတ်ဘူး။ အာ ... ဒီနောက်ကွယ်က လျှို့ဝှက်ချက်က ဘာများပါလိမ့်”
စုမင် အရှုံးမပေးချင်မိ။ အသေအချာ တွေးရင်း ထိုင်နေဆဲ။
"ဖိအား ... နှစ်ဖက်စလုံးက လာတဲ့ တူညီတဲ့ ဖိအားပမာဏ။ ငါအရင်ကလည်း ဖိအားကို ခံစားခဲ့ရပေမဲ့ ဒီမှာထိုင်လိုက်တဲ့အခါ ဖိအားက ငါ့သွေးကို ပိုပြီး မြန်မြန် လှည့်လည် စီးဆင်းစေတယ်။ ဒါကြောင့်မို့ ငါ့သွေးကြောတွေက ဖိအားကို တုံ့ပြန်တိုက်ခိုက်ဖို့ အလိုအလျောက် ပေါ်လာတာပဲ ... ဒါက ... "
စုမင်၏ နှလုံးသား ရုတ်တရက် ခုန်သွားသည်။ အတွေးတစ်စ စိတ်ထဲ ဝင်လာသော်လည်း သူ့ထင်မြင်ချက် မဖြစ်နိုင်ဟု ထင်နေမိသည်။
စုမင် မျက်လုံးကို ကျယ်ကျယ်ဖွင့်ရင်း ခန္ဓာကိုယ်ပေါ်ရှိ သွေးကြော ၄၉ ခုကို ကြည့်ကာ အသက်ပြင်းပြင်း ရှူလိုက်၏။
"အကြီးအကဲ ပြောတဲ့စကားရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်က ငါ့ကိုယ်ထဲက သွေးကြော တွေကို ဘယ်လို ထိန်းချုပ်ရမလဲ ဆိုတာကို ပြောတာများ ဖြစ်နေမလား။ ဒီလိုမှ သွေးကြော အားလုံး ပေါ်လာပြီး ပြန်ပျောက်သွားမှာလား။ ဒီနေရာမှာ ဖိအားဟာ ပြင်ပ ကမ္ဘာလိုမျိုး ဟန်ချက် ညီနေတယ်။ မဖြစ်နိုင်ခြင်းကို ဖြစ်နိုင်ခြင်းအဖြစ် ပြောင်းလဲပေးနိုင်တာများလား"
စုမင် သိမ့်ခနဲ ခံစားလိုက်ရ၏။
"ဒါရဲ့ ရည်ရွယ်ချက်က ငါ့ သွေးကြောတွေကို ကောင်းကောင်း ထိန်းချုပ်နိုင်စေချင်လို့ပဲ။ ငါလက်သီးလွှဲလိုက်တဲ့ အခါတိုင်း ငါ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ သွေးကြော အရေအတွက်ကို ထိန်းချုပ်မှသာ မှန်ကန်တဲ့ စွမ်းအင်ပမာဏကို ထုတ်သုံးနိုင်ပြီး ငါ့ရဲ့ စွမ်အားကိုလည်း ဖြုန်းတီးရာ မရောက်မှာ”
စုမင်မှာ နှုတ်ခမ်းကို သပ်ပြီး မျက်လုံးများကို ပြန်မှိတ်လိုက်၏။ တိတ်တဆိတ်နှင့် ခန္ဓာကိုယ်မှ သွေးကြောများကို ထိန်းချုပ်ကာ နဂိုမူလအတိုင်းဖြစ်အောင် ပြန်လည် လုပ်ယူနေ၏။
သို့သော် ၎င်းလုပ်ရပ်ကား အလွန် ခက်ခဲလွန်းနေသည်။
***