အခန်း (၇၉-၈၀)
Vol. 8 Ch. 79-80
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၈ ၊ အတွဲ ၁ ၊ အပိုင်း ၇၉ + ၈၀
ဘာသာပြန် - Author Ko Yoohtoo
Editor - Author Chang'e 🌕
True Immortal Team
လက်ဝါးထဲ မျက်နှာအပ်ကာ ထိုင်နေသော လေချန် သူ၏မျက်နှာကို ခပ်ကြမ်းကြမ်း ပွတ်သပ်လိုက်၏။ အချိန်အတော်ကြာပြီးနောက် သူ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး မတ်တပ်ရပ်လိုက်သည်။
လင်းချန်သည်လည်း မြေတွင်းထဲရှိ အလောင်းအား ကြည့်ရင်း အနည်းငယ် အံ့အားသင့်နေမိ၏။ အကြောင်းရင်းမှာ ထိုအလောင်းသည် တခြားသူမဟုတ်ဘဲ လေကွန် ဖြစ်နေသောကြောင့်ပင်။
လေကွန်၏ ကျင့်ကြံခြင်းအခြေခံကို လင်းချန် ဖျက်ဆီးပစ်ခဲ့သော်ငြား သူသည် တစ်ချိန်က သိုင်းဝိညာဉ်စစ်သည်တော်တစ်ဦး ဖြစ်ခဲ့ဖူး၏။ သူ၏ ခန္ဓာကိုယ်သည် ယခင်ကဲ့သို့ သန်မာခြင်း မရှိတော့သော်ငြား သာမန်လူများထက်မူ များစွာ သာလွန်နေသေးလေသည်။
အလောင်းသည် ပုပ်ပွနေခြင်းမျိုး မရှိဘဲ ပုံပန်းသွင်ပြင်များ ပျက်ယွင်းမနေသဖြင့် သူတို့ လွယ်ကူစွာ မှတ်မိလိုက်ခြင်း ဖြစ်၏။
"အဖိုး သူ့ကို ရှာမတွေ့တာ မဆန်းတော့ပါဘူးလေ... သူ အသတ်ခံလိုက်ရတာကိုး။" လေကွန်၏ အလောင်းအား ကြည့်ရင်း ဝမ်းနည်းပူဆွေးနေသော မျက်နှာအမူအရာဖြင့် လေချန် ပြောလိုက်၏။
"ကျွန်တော်တို့ မိသားစုက သူ့အပေါ် အကြွေးတွေ အများကြီး တင်နေခဲ့ပြီပဲ။"
လင်းချန်မှာမူ မည်သည့် ခံစားချက်မျှ မရှိချေ။ လေဟန်၏ အလိုလိုက်မှုကြောင့် ဆိုးသွမ်းနေသော လေကွန်၏ စရိုက်သည် မာနကြီးပြီး ရက်စက်ကြမ်းကြုတ်လှ၏။
ထို့ကြောင့် သူသေဆုံးသွားခြင်းက သနားစရာတော့ မကောင်းလှပေ။
လင်းချန် နားမလည်နိုင်သည်မှာ လေကွန် အဘယ်ကြောင့် အသတ်ခံလိုက်ရသနည်း။ သူ့အလောင်းအား အဘယ်ကြောင့် မြေမြှုပ်ကာ ခြေရာလက်ရာ ဖျောက်ဖျက်ထားရသနည်း ဆိုသည်ကိုပင် ဖြစ်၏။
လင်းချန် တွင်းနှုတ်ခမ်းဝ၌ ထိုင်ချလိုက်ပြီး အတွင်းရှိ လေကွန်၏ အလောင်းအား စိုက်ကြည့်နေမိ၏။ လေကွန်၏ အလောင်းသည် ဖြူရော်ကာ သွေးရောင်ကင်းမဲ့နေပြီး မျက်လုံးများကိုလည်း တင်းတင်းပိတ်ထားသည်။
သူ၏ ရင်ဘတ်ပေါ်ရှိ အဝတ်အစား၌ ခြောက်သွေ့ကာ အညိုရင့်ရောင်ပြောင်းနေသော သွေးကွက်တစ်ခုလည်း ရှိနေသည်။
"တစ်ခုခုတော့ လွဲနေပြီ။"
လင်းချန် တွင်းထဲမှ အလောင်းအား ကြည့်ရင်း သူ သတိမမူမိလိုက်သော အရာတစ်ခုခု ရှိ ၊ မရှိ သေချာစွာ စဉ်းစားနေမိ၏။ ထိုအခိုက်အတန့်၌ လေချန်သည်လည်း အပြင်စည်း ကင်းလှည့်တပည့်များထံသို့ သွားရောက် မေးမြန်းလိုက်သည်။
"ဒီလ ကင်းလှည့်တာဝန်ကို မင်းတို့ပဲ ယူထားတာ မဟုတ်လား။"
"ဟုတ်ပါတယ် အစ်ကို။"
အပြင်စည်းတပည့်တစ်ဦးက လေချန်အား ခေါင်းညိတ်ပြလိုက်၏။
"လွန်ခဲ့တဲ့ ၇ ရက်တုန်းက သံသယဖြစ်စရာ လူတစ်ယောက်ယောက်ကို တွေ့မိကြသေးလား။" လေချန် မေးလိုက်သည်။
သို့သော်ငြား ထိုအပြင်စည်းတပည့်များကမူ ခေါင်းခါရုံသာ ခါပြလိုက်ကြ၏။ "ဒီတာဝန် ယူကတည်းက ကျွန်တော်တို့ သံသယဖြစ်စရာ လူတစ်ယောက်မှ မတွေ့ဖူးပါဘူးဗျာ။"
လေချန် စိတ်ပျက်သွားသည့်အချိန်၌ လင်းချန် ၊ လေချန်တို့နှင့်အတူ လိုက်ပါလာသော ဂိုဏ်းတံခါးစောင့် တပည့်က ရုတ်တရက် ဝင်ပြောလိုက်သည်။
"လွန်ခဲ့တဲ့ ၇ ရက် ညဘက်ကလေ... ကျွန်တော် တောင်တံခါးဝကို စောင့်နေတုန်း လေကွန်ကို တွေ့လိုက်တယ်ဗျ။"
ထိုတပည့်၏ စကားသည် လူတိုင်း၏ အာရုံကို ဖမ်းစားသွားပြီး လင်းချန်သည်လည်း မတ်တပ်ရပ်ကာ အနားသို့ တိုးလာ၏။
"ဘာ... မင်း လေကွန်ကို တွေ့လိုက်တယ် ဟုတ်လား။"
"အဲဒီညက သူ ဂိုဏ်းထဲကနေ ထွက်သွားဖို့ တော်တော်လေး အလောတကြီး ဖြစ်နေပုံရတယ်ဗျ။ အကြီးအကဲလေရဲ့ မြေး လေကွန် ဖြစ်နေတော့ ကျွန်တော်လို သာမန် တံခါးစောင့်တပည့်တစ်ယောက်က ဘယ်လိုလုပ် တားရဲမှာလဲဗျာ။ ဒါနဲ့ပဲ သူ့ကို လွှတ်ပေးလိုက်ရတာပေါ့။"
တံခါးစောင့်တပည့်က တစ်စုံတစ်ခုကို ပြန်သတိရသွားသကဲ့သို့ ဆက်ပြောလေသည်။
"နောက်မှ ကျွန်တော် သတိရတာ... စီနီယာအစ်ကို လေကော့လည်း သူထွက်သွားပြီး မကြာခင်မှာပဲ နောက်ကနေ လိုက်ထွက်သွားတယ်ဗျ။"
"လေကော့ ဟုတ်လား။"
လင်းချန်နှင့် လေချန်တို့ အံ့အားသင့်စွာဖြင့် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြ၏။
"ဟုတ်တယ်ဗျ... တစ်နာရီလောက် ကြာတော့ စီနီယာအစ်ကို လေကော့ ပြန်ရောက်လာတယ်။ သူ့ပုံစံက တော်တော်လေး ပျာယာခတ်နေပုံရတယ်ဗျ။ ကျွန်တော် လှမ်းကြည့်လိုက်တော့ သူက ကျွန်တော့်ကို နှစ်ခွန်းလောက်တောင် အော်ငေါက်သွားသေးတယ်။"
တံခါးစောင့်တပည့်၏ စကားအား ကြားပြီးနောက် လင်းချန် ခဏတာ စဉ်းစားလိုက်၏။
"လေကွန်ကို သတ်တဲ့သူက လေကော့ ဖြစ်ဖို့ များနေပြီ။"
နတ်ဓားဂိုဏ်း တောင်တံခါးဝရှေ့ရှိ သိပ်သည်းသော တောအုပ်ထဲ၌ နတ်ဓားဂိုဏ်း၏ ကင်းလှည့်တပည့်များ ရှိနေကြ၏။ ထိုနေရာသည် နတ်ဓားဂိုဏ်း ပိုင်နက်၏ အချက်အချာကျသော နေရာလည်း ဖြစ်သည်။
နတ်ဓားဂိုဏ်း၏ ရန်သူများ အတွင်းပိုင်းထိ ဝင်ရောက်လာရန် ခက်ခဲလှချေသည်။ ထို့အတွက်ကြောင့် တံခါးစောင့်တပည့် ပြောပြသော လေကော့သည် အဓိက သံသယရှိသူ ဖြစ်လာတော့၏။
"နေပါဦး... အဖိုးက တံခါးစောင့်တပည့်တွေကို ခေါ်ပြီး စစ်မေးခဲ့ဖူးတယ်လေ။ မင်း အဲဒီတုန်းက ဘာလို့ ထုတ်မပြောခဲ့တာလဲကွ။" လေချန်က ခဏတာ စဉ်းစားလိုက်ပြီးနောက် တံခါးစောင့်တပည့်အား သံသယမျက်လုံးများဖြင့် စိုက်ကြည့်ကာ မေးလိုက်၏။
တံခါးစောင့်တပည့်မှာ စိတ်မကောင်းဖြစ်သွားရပြီး ပြန်ပြောလိုက်လေသည်။ "အကြီးအကဲ လေဟန် တကယ်ပဲ မေးခဲ့ပါတယ်ဗျာ... ပြီးတော့ သူက လေကော့ကိုပါ ခေါ်လာပြီး ကျွန်တော်နဲ့ မျက်နှာချင်းဆိုင် မေးခဲ့ပါသေးတယ်။"
"ဒါပေမဲ့ ထူးဆန်းတာက အတွင်းစည်းက စီနီယာအစ်ကို လျူမင်နဲ့ တခြား အတွင်းစည်းတပည့် ဆယ်ယောက်ကျော်လောက်က လေကော့က တစ်ညလုံး သူတို့နဲ့အတူ သောက်စားပြီး ကျင့်ကြံခြင်းအကြောင်း ဆွေးနွေးနေခဲ့တာပါလို့ သက်သေခံပေးကြတယ်ဗျ။"
"အတွင်းစည်းတပည့်တွေနဲ့ ယှဉ်လိုက်ရင် ကျွန်တော်လို အပြင်စည်းတပည့်တစ်ယောက်ကို ဘယ်သူက ယုံမှာလဲဗျာ။"
ထိုစကားအား ကြားသောအခါ လေချန် တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်၏။ သူ့အဖိုး စကားတစ်ခွန်းမျှ မပြောဘဲ စိတ်ပျက်လက်ပျက် ပြန်လာခဲ့သည့်အချိန်ကို သူ မှတ်မိနေသေးသည်။
ဖြစ်နိုင်သည်မှာ တံခါးစောင့်တပည့်အား မေးမြန်းပြီးနောက် ထိုကဲ့သို့သောအဖြေမျိုး ရရှိခဲ့သော်လည်း လျူမင်၏ သက်သေခံချက်ကိုသာ ယုံကြည်လိုက်သဖြင့် ဆက်လက် မစုံစမ်းတော့ခြင်း ဖြစ်ပေလိမ့်မည်။
ထို့အပြင် လေကော့နှင့် လေကွန်ကြား၌ ယခင်က ရန်ငြိုးရန်စ သို့မဟုတ် မကြာသေးမီက ပြဿနာများ မရှိခဲ့ချေ။
လေကွန်သည် လေဟန်၏ မြေးအရင်း မဟုတ်သလို လေမိသားစု၏ သွေးသားအရင်းလည်း မဟုတ်သော်ငြား လေမျိုးရိုးကို ခံယူထားသူသာ ဖြစ်သည်။ ပြောရလျှင် ဘောင်မဝင်သည့် ဆန်ကုန်မြေလေးသာဖြစ်၏။
လေကော့အနေဖြင့် လေကွန်အား အဘယ်ကြောင့် သတ်ရမည်နည်း။ ရုတ်တရက် လင်းချန် လျှပ်စီးကဲ့သို့ အရှိန်ဖြင့် လှုပ်ရှားလိုက်ပြီး တံခါးစောင့်တပည့်၏ ပါးစပ်ကို အတင်းဆွဲဟကာ ကြည်လင်သော ဆေးရည်တစ်မျိုးကို လောင်းထည့်လိုက်တော့၏။
လင်းချန်၏ ရုတ်တရက်ဆန်သော လုပ်ရပ်ကြောင့် တံခါးစောင့်တပည့်မှာ သီးသွားပြီး အပြင်းအထန် ချောင်းဆိုးသွားရ၏။ သူ ပုံမှန်အခြေအနေ ပြန်ရောက်လာရန် အချိန်အတော်ကြာ ယူလိုက်ရသည်။
"တောင်းပန်ပါတယ်ကွာ... မလွှဲသာလို့ လုပ်လိုက်ရတာ။ နောက်မှ ငါမင်းကို လျော်ကြေး ပြန်ပေးပါ့မယ်။"
လင်းချန်သည် တံခါးစောင့်တပည့်၏ ပခုံးအား ပုတ်လိုက်ပြီး မေးလိုက်၏။
"လွန်ခဲ့တဲ့ ၇ ရက် ညက တောင်တံခါးဝမှာ စောင့်နေတုန်း ကြုံတွေ့ခဲ့ရသမျှ အားလုံးကို အသေးစိတ် ပြန်ပြောပြစမ်း။"
ချက်ချင်းပင် တံခါးစောင့်တပည့်သည် သူ၏ပါးစပ်ကို လုံးဝ မထိန်းချုပ်နိုင်တော့ဘဲ ထိုညက မြင်တွေ့ကြားသိခဲ့ရသမျှကို အမှန်အတိုင်း အလိုအလျောက် စတင်ပြောပြနေမိသဖြင့် အလွန်အမင်း ထိတ်လန့်သွားရတော့၏။
သူ့ဘေးရှိ လေချန်နှင့် အပြင်စည်း ကင်းလှည့်တပည့်များသည် ပါးစပ်အဟောင်းသား ဖြစ်သွားကြရသည်။
"ခေါင်းဆောင်... ဒါ ဘာကြီးလဲဗျ။" လေချန်က လင်းချန်အနား ကပ်သွားပြီး တိုးတိုးလေး မေးလိုက်၏။
"အမှန်တရားဖော်ထုတ်ဆေးရည်လေကွ။ သောက်ပြီးသွားရင် တစ်နာရီအတွင်း ဘယ်မေးခွန်းမေးမေး အမှန်အတိုင်းပဲ ဖြေလို့ရတော့မှာ။" လင်းချန် တိုးတိုးလေး ပြန်ဖြေလိုက်၏။
လေချန် မျက်လုံးပြူးသွားပြီး တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်သွားသည်။ "လွန်ခဲ့တဲ့ သုံးရက်က ကျွန်တော် ပါးစပ်မထိန်းနိုင် ဖြစ်သွားတုန်းကများ..."
"မင်း ငါ့အပေါ် တကယ် စိတ်ရင်းမှန်ရဲ့လား ဆိုတာ သိချင်လို့ ငါ မင်းလက်ဖက်ရည်ထဲ နည်းနည်း ခတ်လိုက်တာလေ။" လင်းချန် လေးလေးနက်နက် ပြောလိုက်၏။ "ဘာလို့လဲဆိုတော့ မင်းစိတ်ရင်းသေချာပြီဆိုရင် ငါမင်းကို လက်ဆောင်တစ်ခု ပေးမလို့ကွ။"
"..."
တံခါးစောင့်တပည့် ပြောပြီးသွားသောအခါ လေချန် လက်သီးအား တင်းတင်းဆုပ်လိုက်၏။ "တကယ်ကို လေကော့ ဖြစ်နေတာပဲ။"
လင်းချန်၏ အမှန်တရားဖော်ထုတ်ဆေးရည် တိုက်ကျွေးခံထားရသော တံခါးစောင့်တပည့်သည် ယခင်ကထက် ပိုမို အသေးစိတ်ကျကာ ခိုင်လုံသော အချက်အလက်များကို ပြန်လည်ပြောပြလာသည်။ အနည်းငယ် ကွဲလွဲသွားသည့်အချက် တစ်ခုသာ ရှိ၏။ အချိန်ကာလအရ လေကော့က နတ်ဓားဂိုဏ်းမှ အရင်ထွက်ခွာသွားပြီး လေကွန်က နောက်မှ လိုက်ထွက်သွားခြင်း ဖြစ်သည်။
တံခါးစောင့်တပည့်၏ မှတ်ဉာဏ်၌ အနည်းငယ် အမှားအယွင်း ရှိနေခဲ့ပြီး အမှန်တရားဖော်ထုတ်ဆေးရည်၏ သက်ရောက်မှုအောက်၌ အရာအားလုံးကို ပိုမို ရှင်းလင်းစွာ ပြန်လည်မှတ်မိလာခြင်း ဖြစ်၏။ လင်းချန် အမှန်တရားဖော်ထုတ်ဆေးရည်၏ အာနိသင်ကို အလွန်ယုံကြည်သဖြင့် တံခါးစောင့်တပည့်၏ စကားများ မှန်ကန်ကြောင်း အတည်ပြုလိုက်၏။
လေကော့သည် လျူမင်နှင့် ပူးပေါင်းကြံစည်ခဲ့ခြင်းကပင်လျှင် သူသည် လေကွန်အား သတ်ဖြတ်သူ အစစ်အမှန် ဖြစ်ကြောင်း ခိုင်ခိုင်မာမာ သက်သေပြနေတော့သည်။
သို့သော်ငြား ဤအချက်အား အတည်ပြုပြီးနောက် လင်းချန်နှင့် အခြားသူများသည် လေကော့ အဘယ်ကြောင့် လေကွန်ကို သတ်ချင်ရသနည်း ဆိုသည်ကို ပို၍ နားမလည်နိုင် ဖြစ်သွားကြလေသည်။
"ပျင်းနေလို့ သတ်လိုက်တာလား ဘာလား။"
"နှုတ်ပိတ်လိုက်တာများလားဗျ။" ရုတ်တရက် အပြင်စည်းတပည့်တစ်ဦးက ပြောလိုက်၏။
"နှုတ်ပိတ်လိုက်တာ ဟုတ်လား။" လင်းချန်နှင့် လေချန်တို့ ထိုတပည့်ထံသို့ တစ်ပြိုင်နက် လှည့်ကြည့်လိုက်ကြ၏။
"ကျွန်... ကျွန်တော် တွေးမိတာက... သူတို့နှစ်ယောက်ကြား ရန်ငြိုးမရှိဘူးဆိုရင် ဒါပဲ ဖြစ်နိုင်ချေ ရှိတယ်လို့ ထင်လို့ပါဗျာ။"
လင်းချန်နှင့် လေချန် နှစ်ယောက်စလုံးက သူ့အား စိုက်ကြည့်နေကြသဖြင့် ထိုတပည့်ခမျာ စကားထစ်သွားရလေသည်။ လင်းချန်သည်လည်း ထိုအချက်က ဖြစ်နိုင်ချေ အလွန်များသည်ဟု ယူဆလိုက်၏။ လေကော့သည် အကြောင်းပြချက်မရှိဘဲ သန်းခေါင်ယံအချိန်၌ ဂိုဏ်းမှ ထွက်ခွာသွားစရာ အကြောင်းမရှိချေ။
သူ တိတ်တဆိတ် တစ်ခုခု သွားလုပ်နေခြင်း ဖြစ်ရပေမည်။
လေကွန်၏ ကျင့်ကြံခြင်းအခြေခံ ဖျက်ဆီးခံလိုက်ရသည့် အဖြစ်အပျက်နှင့် ပတ်သက်၍ လေဟန်နှင့် လေချန်တို့က ပြဿနာ မကြီးထွားစေရန် ငြိမ်နေလိုက်ကြသော်လည်း ထိုကိစ္စကို မကျေနပ်သော လေကွန်သည် ဒေါသတကြီးဖြင့် အိမ်မှ ထွက်ပြေးလာခဲ့ရာ နတ်ဓားဂိုဏ်းမှ ထွက်ခွာသွားစဉ် ကံဆိုးစွာဖြင့် လေကော့နှင့် ပက်ပင်းတိုးခဲ့ခြင်း ဖြစ်နိုင်သည်။
လေကော့သည် ပေါက်ကြား၍ မဖြစ်သော ဆိုးရွားသည့် ကိစ္စတစ်ခုခုကို လုပ်ဆောင်နေခဲ့ရာ ထိုသည်ကို လေကွန် သိသွားသဖြင့် နှုတ်ပိတ်ရန် အသတ်ခံလိုက်ရခြင်း ဖြစ်ပေမည်။
"ခေါင်းဆောင်သာ လေကော့ကို မသတ်လိုက်ရင် ကောင်းသားဗျာ။" လေချန် သက်ပြင်းချလိုက်ပြီး လင်းချန်အား မတတ်သာသည့် ပုံစံဖြင့် ကြည့်လိုက်၏။
လင်းချန်သည်လည်း အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားရ၏။ "ဒီလို ဖြစ်လာမယ်လို့ ဘယ်သူက သိမှာလဲကွ။"
လင်းချန်နှင့် လေချန်တို့ စကားပြောနေကြစဉ် အခြားတပည့်များသည် သူတို့အနား၌ ဝိုင်းရံလျက် ရှိပြီး မြေတွင်းဘက်သို့ ကျောပေးထားကြ၏။ အခိုက် တွင်းထဲ၌ သေဆုံးနေပြီဖြစ်သော လေကွန်၏ မျက်လုံးများ ရုတ်တရက် ပွင့်လာသည်ကိုမူ မည်သူမျှ သတိမထားမိလိုက်ကြချေ။
"နတ်ဓားဂိုဏ်း ပြန်ရောက်ရင် လျူမင်ကို အမှန်တရားဖော်ထုတ်ဆေးရည် တိုက်ပြီး မေးကြည့်ကြတာပေါ့ကွာ။ တစ်ခုခုတော့ သိရမှာပါ။"
လင်းချန် တိတ်တဆိတ် စဉ်းစားလိုက်ပြီးမှ လေချန်ဘက် လှည့်ကာ ပြောလိုက်၏။ "လေကွန်ရဲ့ အလောင်းကို ကောက်ပြီးရင် ဂိုဏ်းကို အရင်ပြန်ကြတာပေါ့။"
"ဟုတ်... အခုတော့ ဒီလိုပဲ လုပ်ရမှာပဲ။" လေချန် သဘောတူစွာ ခေါင်းညိတ်လိုက်၏။
"အားးး" ရုတ်တရက် သူတို့ အနောက်ဘက်မှ စူးရှသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသဖြင့် အားလုံး လန့်ဖျပ်သွားကြလေသည်။
လင်းချန် အလျင်အမြန် လှည့်ကြည့်လိုက်ရာ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် တစ်ခဏမျှ မှင်သက်သွားရတော့၏။
သေဆုံးနေပြီဖြစ်သော လေကွန်သည် ရုတ်တရက် ပြန်လည် အသက်ရှင်နေပြီး သူ၏ လက်နှစ်ဖက်က အပြင်စည်းတပည့် နှစ်ဦး၏ ရင်ဘတ်များကို ဖောက်ထွင်းထားသည်ကို တွေ့လိုက်ရသည်။
"ဖောက်..." အသားများ စုတ်ပြဲသွားသော အသံ ထွက်ပေါ်လာပြီးနောက် ပြန်လည်ရှင်သန်လာသော လေကွန်သည် အပြင်စည်းတပည့် နှစ်ဦး၏ နှလုံးများကို ဆွဲထုတ်ကာ ပါးစပ်ထဲသို့ တန်းထည့်လိုက်၏။ လေကွန်၏ ပါးစပ်ထဲမှ အသားစိမ်းများကို တပြတ်ပြတ် ဝါးစားနေသည့်အသံများ ထွက်ပေါ်လာပြီး သူ၏ လက်ချောင်းများကြားမှလည်း သွေးများ တရစပ် စီးကျနေသည်။
ထိုမြင်ကွင်းကြောင့် ရှိနေသူအားလုံး ကြောက်လန့်တုန်လှုပ်သွားကြပြီး နောက်သို့ ဖြည်းညှင်းစွာ ဆုတ်ခွာကာ လင်းချန်နှင့် လေချန်တို့၏ ကျောအနောက်၌ ဝင်ပုန်းလိုက်ကြ၏။
လေကွန်သည် လတ်ဆတ်သော နှလုံးများကို ကိုက်ဝါးနေရင်း သူ၏ မျက်ဝန်းမှ မျက်ရည်များ စီးကျလာကာ ပါးပြင်ပေါ်ရှိ သွေးများနှင့် ရောနှောသွားတော့သည်။ "အစ်ကို... ကယ်ပါဦး... ကျွန်တော့်ကို ကယ်ပါဦးဗျာ။"
လေကွန် ရုတ်တရက် လက်ကို လွှတ်ချလိုက်ပြီး ကျောက်ရုပ်တစ်ရုပ်လို တောင့်တင်းနေသော လေချန်အား လှမ်းအော်လိုက်၏။ လေကွန်၏ ဟထားသော ပါးစပ်ထဲ၌ မကြေညက်သေးသော အသားစများ ရှိနေပြီး သွားများကြားမှ သွေးများ ယိုစီးကျနေလေသည်။
လေချန် အသက်ပြင်းပြင်း ရှူလိုက်ပြီး လေကွန်အား သတိထားကာ ကြည့်ရင်း အော်မေးလိုက်၏။ "လေကွန်... မင်း ဘာဖြစ်နေတာလဲကွ... မင်း ဘာတွေ လုပ်နေတာလဲ။"
"ကျွန်တော် မသိဘူး... ကျွန်တော် မသိဘူးဗျာ... ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်တော့ဘူး။" လေကွန်တစ်ယောက် ပါးစပ်ထဲမှ အသားစများကို အတင်းမျိုချလိုက်ပြီး ထိတ်လန့်တကြား ငိုကြွေးလိုက်၏။
လေချန် အံကြိတ်လိုက်ပြီး လေကွန်ရှိရာသို့ ခြေလှမ်းလှမ်းလိုက်သည်။ လေချန် အနားသို့ တိုးသွားသည်နှင့်တစ်ပြိုင်နက် လေကွန်၏ မျက်ဝန်းများ၌ သွေးရောင်ဖျော့ဖျော့ ပေါ်လာပြီး ရုတ်တရက် ရှေ့သို့ လက်လှမ်းဆွဲလိုက်၏။
အနီးကပ် အကွာအဝေးဖြစ်သဖြင့် လေကွန်၏ လက်ချောင်းထိပ်များမှ ဓားသွားသဖွယ် ချွန်ထက်နေသော လက်သည်းများကို လေချန် ရှင်းလင်းစွာ မြင်လိုက်ရတော့သည်။
ထိုအသက်လုရမည့် အခိုက်အတန့်၌ လက်တစ်ဖက်က လေချန်၏ အင်္ကျီကော်လာကို အနောက်မှ ရုတ်တရက် လှမ်းကိုင်လိုက်ပြီး နောက်သို့ အားပါပါ ဆောင့်ဆွဲလိုက်သည်။
ချက်ချင်းဆိုသလိုပင် ခြေထောက်တစ်ချောင်း လေထဲ ဝဲပျံလာပြီး လေကွန်၏ ရင်ဘတ်တည့်တည့်ဆီသို့ ပြင်းထန်စွာ ကန်ထည့်လိုက်၏။
လေကွန်မှာ အမြောက်ဆံတစ်ခုကဲ့သို့ အနောက်သို့ လွင့်ထွက်သွားကာ သစ်ပင်ပင်စည်နှင့် ပြင်းထန်စွာ ဝင်အောင့်မိသွားတော့၏။
"ဝုန်းးးး" လေကွန် ဝင်တိုက်မိသော သစ်ပင်မှာ ခါးလယ်မှ ကျိုးပဲ့သွားပြီး ပြိုလဲကျသွားရသည်။ သို့တိုင်အောင် လွင့်ထွက်သွားသော လေကွန်မှာ အရှိန်မသေသေးဘဲ နောက်ထပ် သစ်ပင်ကြီး သုံးပင်ကို ဆက်တိုက် ဝင်တိုက်ပြီးမှသာ မြေကြီးပေါ်သို့ ပုံလျက်သား လဲကျသွားတော့၏။
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၈ ၊ အတွဲ ၁ ၊ အပိုင်း ၇၉ + ၈၀ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
Editor - Author Chang'e 🌕
True Immortal Team