ထူးခြားဖြစ်စဉ် နှင့် မျှော်လင့်မထားသော အသွင်ပြောင်းလဲမှု
Vol. 65 Ch. 842
လက်နက်သွန်းလုပ်ခြင်းမှာ နောက်ဆုံးအဆင့်သို့ ရောက်ရှိလာသည်နှင့်အမျှ ၊ ပြင်ပကမ္ဘာရှိ ရာသီဥတုမှာလည်း ၎င်း၏ သက်ရောက်မှုကြောင့် ပြောင်းလဲလာခဲ့သည်။
ဝုန်း!
ထောင်ပေါင်များစွာသော နိယာမတရားများစွာဖြင့် ဖွဲ့စည်းထားသော ရွှေနီရောင် မိုးတိမ်များသည် ထျန်းရှင်ခန်းမဆောင် ၏ အထက်တွင် ရုတ်တရက် ထွက်ပေါ်လာကြသည်။
တလက်လက် တောက်ပနေသော အမတအလင်းတန်းများကြား ၊ ထိုတိမ်တိုက်များထဲမှ လှပဆန်းကြယ်သော ဖြစ်စဉ် ပုံရိပ်များ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။
၎င်းတို့သည် အထက်ကောင်းကင်မှ ဆင်းသက်လာသော ကြယ်အစုအဝေးသဖွယ် တောက်ပနေပြီး၊ နေနှင့်လကဲ့သို့ ခမ်းနားထည်ဝါသော အလင်းမိုးများ ရွာသွန်းလာသည်မှာ အိမ်မက်ကမ္ဘာသို့ ရောက်ရှိသွားသည့်အလား ဆန်းကြယ်လှသည်။
လက်နက်သွန်းလုပ်ခြင်း အမိန့်တော်များသည် ကောင်းကင်ယံ၌ ကြယ်မြေပုံတစ်ခုသဖွယ် ရေးဆွဲထားဟန် ရှိသည်။
ထို့အပြင် ကြယ်တာရာကောင်းကင်၏ အနက်ရှိုင်းဆုံး နေရာမှ ပျံ့လွင့်လာသော ရှေးဟောင်းယဇ်ပူဇော်သံများသည် ကြားရသူတိုင်း၏ စိတ်နှလုံးသားထဲတွင် စင်ကြယ်မြင့်မြတ်သော ခံစားချက်ကို ဖြစ်ပေါ်စေသည်။
ဤမြင်ကွင်းသည် အသက်ရှုမှားလောက်အောင်ကို ခမ်းနားထည်ဝါလွန်းသည်။
“ဒီဆန်းကြယ်တဲ့ ဖြစ်စဉ်တွေက… ချန်ကဲသခင်လေး ကျင့်ကြံအားထုတ်နေတဲ့ ခန်းမဆောင်ကပဲ!”
“သခင်လေးက အထဲမှာ လက်နက်သွန်းလုပ်နေတယ်လို့ ကြားတယ်… ဒီအခြေအနေကို ကြည့်ရတာ တစ်ကမ္ဘာလုံးကို တုန်လှုပ်စေမယ့် ရတနာတစ်ခုခုကို သွန်းလုပ်နိုင်ခဲ့တာ ဖြစ်ရမယ်”
“ဘုရားရေ! လက်နက်သွန်းလုပ်တာကို ခုလို ဆန်းကြယ်တဲ့ဖြစ်စဉ်တွေကို ထွက်ပေါ်လာအောင် လုပ်နိုင်တယ်ဆိုကတည်းက… ငါတို့ စူးမိသားစုရဲ့ လက်နက်ပညာရှင် အကြီးအကဲတွေတောင် လုပ်နိုင်ဖို့ ခက်လိမ့်မယ်!”
တားမြစ် စူးမိသားစုဝင်များမှာ အံ့အားသင့်စွာဖြင့် ရေရွတ်နေကြသည်။
ဤမျှ ထူးကဲဆန်းကြယ်သော ဖြစ်စဉ်သည် တားမြစ် စူးမိသားစုဝင် အားလုံး၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။
စူးချန်ကဲအား အနှောင့်အယှက်မဖြစ်စေရန် သူတို့အားလုံးသည် အဝေးမှပင် အကဲခတ်နေကြသည်။ အကြီးအကဲများမှာလည်း အလွန် လျှို့ဝှက်စွာ စူးစမ်းလေ့လာနေကြပြီး ၊ အခြားသူများ သတိမထားမိနိုင်သလောက်ပင်။
“သခင်လေးရဲ့ လက်နက်သွန်းလုပ်ခြင်း ပါရမီကတော့… အမတနယ်မြေ တစ်ခုလုံးရဲ့ မျိုးဆက်သစ် လူငယ်တွေထဲမှာ အနှိုင်းမဲ့ပဲ!”
“ငါပြောသားပဲ… ဒီသွန်းလုပ်နည်းက ရင်းနှီးသလိုလိုနဲ့ ထူးခြားနေတယ်လို့ … သခင်လေးက နတ်ဘုရားလက်နက် အမတမျှော်စင် ကနေ ပြန်လာတာဆိုတော့… သေချာပေါက် ကျောက်ဟွ အမတဧကရာဇ်မင်း ရဲ့ လက်နက်သွန်းလုပ်ခြင်း ပညာရပ်ကို ဆက်ခံခဲ့တာပဲ ဖြစ်ရမယ်”
“ ဖြစ်နိုင်တယ် ! ဒီလောက်ထိ ရှေးကျတဲ့ ပညာရပ်ကို တတ်မြောက်ထားတာဆိုရင် သခင်လေးရဲ့ အနာဂတ် အောင်မြင်မှုတွေက ခန့်မှန်းလို့မရနိုင်လောက်အောင်ပဲ”
လက်နက်သွန်းလုပ်ခြင်း မဟာလမ်းစဉ်တွင် အမတဧကရာဇ် အဆင့်ရှိသော စူးမိသားစုမှ ဘိုးဘေးများမှာ ချက်ချင်းပင် သိမြင်နိုင်ခဲ့သည်။
ကောင်းကင်ထက်ရှိ တိမ်တိုက်များနှင့် ဆန်းကြယ်သော ဖြစ်စဉ်များကို ကြည့်ရင်း သူတို့၏ စိတ်နှလုံးသားများမှာလည်း မငြိမ်မသက် ဖြစ်လို့နေသည်။
ယနေ့တွင် လောက၌ အနှိုင်းမဲ့သော အမတလက်နက်များ ပေါ်ထွန်းလာပေတော့မည်။
…………
နာရီအနည်းငယ် ကြာပြီးနောက်…
ဝုန်း!
ရုတ်တရက်ဆိုသလို အဆုံးမရှိသော နတ်အလင်းတန်းသုံးစင်းသည် ခန်းမထဲမှ အထက်ကောင်းကင်သို့ ထိုးတက်သွားပြီး တိမ်တိုက်များကို လှုပ်ခတ်သွားစေသည်။
ကြီးကျယ်ခမ်းနားသော တာအိုစည်းချက်များသည် သမုဒ္ဒရာကြီးအလား မိုင်ပေါင်း သန်းချီအထိ လွင့်စဉ်ရိုက်ခတ်သွားသည်။
ဤအခိုက်အတန့်တွင် လက်နက်သွန်းလုပ်ခြင်း အမိန့်တော်များသည် မရေမတွက်နိုင်သော ကြယ်အစုအဝေးများကဲ့သို့ ကောင်းကင်ထက်တွင် စီတန်း ချိတ်ဆွဲထားသည်။
“ဒါ… ဒါက…”
စိတ်ကို ကြိုတင်ပြင်ဆင်ထားကြသော စူးမိသားစုဝင်များပင်လျှင် ဤမြင်ကွင်းကို မြင်လိုက်ရချိန်တွင် တုန်လှုပ်ချောက်ချားခဲ့ရသည်။
ကြယ်များအလား တောက်ပနေသော အမိန့်တော်များမှာ ရွှေကြာပန်းများ ပွင့်လန်းနေသည့်အလား တစ်လောကလုံးကို လွှမ်းခြုံထားဟန် ရှိသည်။
၎င်းမှ ထွက်ပေါ်လာသော လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားသည် ဤကမ္ဘာကြီးတစ်ခုလုံးကို အိပ်မက်အလား ခံစားရစေသည်။
သို့သော် ဤမျှနှင့် မပြီးသေးချေ။ ထို့နောက်တွင် ကောင်းကင်ယံ၌ နတ်ဘုရားတောင်တန်းများ ပေါ်ပေါက်လာပြီး…
အတိအကျဆိုရလျှင်ဖြင့် ၊ ၎င်းမှာ ဓားစွမ်းအင်များဖြင့် ဖွဲ့စည်းထားသော အလွှာကိုးလွှာပါ ဓားတောင်တစ်ခုပင် ဖြစ်သည်။
ဓားအလင်းများသည် ကောင်းကင်ပြင် တစ်ခုလုံးကို တစ်လွှာပြီးတစ်လွှာ လွှမ်းခြုံသွားပြီး ဟွမ်ကျီအမတမြို့တော် တစ်ခုလုံးကို ဓားစွမ်းအင် ကမ္ဘာတစ်ခုအဖြစ် ပြောင်းလဲပစ်လိုက်ဟန် ရသည်။
ကောင်းကင်ယံတွင် နတ်ဘုရားဓားများ၏ မရေမတွက်နိုင်သော ပုံရိပ်ယောင်များဖြင့် ပြည့်နှက်နေကာ ၊ တောက်ပလွန်းသော ဓားအလင်းတန်းများကြောင့် တစ်လောကလုံးမှာ နေ့ခင်းဘက်သဖွယ် လင်းထိန်နေလေ၏။
ဝုန်း!
တားမြစ်စူးမိသားစုဝင် တော်တော်များများ၏ ကိုယ်ပိုင်လက်နက် ဓားများသည်ပင် ဤစွမ်းအားကြောင့် တဆက်ဆက် တုန်ခါနေပြီး တဝီဝီ အသံများ ထွက်ပေါ်လာကြသည်။
ထိုအသံမှာ အနှိုင်းမဲ့သော နတ်ဘုရားလက်နက်တစ်ခု ပေါ်ထွန်းလာခြင်းကို ဝမ်းမြောက်စွာ ကြိုဆိုနေကြသည့် အလားပင်။
“ဟူး…”
တားမြစ် စူးမိသားစုဝင်များမှာ အံ့ဩတုန်လှုပ်စွာဖြင့် သက်ပြင်းချမိလေသည်။
သူတို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ရေရွတ်လိုက်ကြသည်။
“သခင်လေးက ဘယ်လို နတ်ဘုရားလက်နက်ကို သွန်းလုပ်လိုက်တာလဲ”
“ဒါတင်မကဘူး… သုံးမျိုးတောင်လား!?”
………
ပြင်ပရှိ ဆန်းကြယ်သောဖြစ်စဉ်များ ပျောက်ကွယ်သွားသည်နှင့် တစ်ချိန်တည်းမှာပင် ၊
ထျန်းရှင်ခန်းမဆောင်ထဲတွင်၊
ဝီ !!
တလက်လက် တောက်ပနေသော အမတအလင်းတန်း သုံးခုသည် မဟာလမ်းစဉ် မီးဖိုကြီးထဲမှ လေထဲသို့ ပျံတက်သွားသည်။
အသွင်သစ်ဖြင့် အရှိန်အဝါများ လုံးဝ ပြောင်းလဲသွားသော ဓားသေတ္တာကိုးလက်မှာ ချွဲနွဲ့သော ကလေးတစ်ဦးကဲ့သို့ စူးချန်ကဲ၏ ရှေ့သို့ ကျဆင်းလာသည်။
“ဂလောက်!”
ကြည်လင်ပြတ်သားသော အသံတစ်ခုနှင့်အတူ ၊ စူးရှတောက်ပသော ဓားအလင်းများကို ထုတ်လွှတ်လျက် ပြင်းထန်သော ဓားစွမ်းအင်များကို ပိုင်ဆိုင်ထားသည့် ရွှမ်ကွမ် အမတဓား (၉) လက်သည် ဓားသေတ္တာအတွင်းမှ ထွက်ပေါ်လာသည်။
၎င်းတို့သည် အရောင်အမျိုးမျိုးရှိသော နတ်ဘုရား သက်တံများအလား ဟင်းလင်းပြင်ထက်တွင် သက်ဝင်လှုပ်ရှားလျက် ရှိသည်။
ယခု ထွက်ပေါ်လာသော ဓားအရှိန်အဝါသည် ယခင်က ရှေးဟောင်းဓား (၉) လက်ထက် များစွာ သာလွန်ပြီး ၊ တစ်နည်းအားဖြင့် အသစ်ပြန်လည် ရှင်သန်နိုးထလာခြင်းပင် ဖြစ်သည်။
ဓားစွမ်းအင်များသည် ယခင်ကနှင့် ဆင်တူသော်လည်း ၊ သို့သော် အစွမ်းသတ္တိသည် ယခင်ကနှင့် နှိုင်းယှဉ်၍မရနိုင်အောင် မြင့်မားလွန်းသည်။
ဤဓားကိုးလက်သာ ပေါင်းစည်းလိုက်မည်ဆိုပါက ၊ ဘယ်အရာကများ တားဆီးနိုင်လိမ့်မည်နည်း။
ကောင်းကင်နှင့်မြေကြီး စစ်တုရင်ဘုတ်၏ ပြောင်းလဲမှုမှာလည်း အလွန်ကြီးမားသည်။
ယခင်ကကဲ့သို့ ရိုးရှင်းသော ကြေးနီရောင် မဟုတ်တော့ဘဲ ယခုအခါတွင် အမည်းနှင့် အဖြူရောင် အလင်းတန်းများ ထွက်ပေါ်နေပြီး ၊ မိုးနှင့် မြေ၏ ယင်နှင့်ယန် နိယာမများအလား သေခြင်းရှင်ခြင်း သံသရာစက်ဝန်းကို ဖော်ဆောင်နေသည်။
၎င်းပေါ်ရှိ အဖြူအမည်း စစ်တုရင်များသည် နတ်ဘုရားများ ကိုယ်တိုင် ထိန်းချုပ်ထားသည့် အလား။ အကွက်တစ်ခု ချလိုက်သည်နှင့် နတ်တောင်ကြီး တစ်ခု ပြိုကျလာသကဲ့သို့ မိုးမြေတစ်ခွင်လုံးကို တုန်ဟည်းသွားစေနိုင်သည်။