← Chapters

အမတနယ်မြေ၏ အပြောင်းအလဲနှင့် ခေတ်ဟောင်းပါရမီရှင်များ ပေါ်ထွက်လာခြင်း

Vol. 65 Ch. 844

အမတနယ်မြေ၏ အပြောင်းအလဲနှင့် ခေတ်ဟောင်းပါရမီရှင်များ ပေါ်ထွက်လာခြင်း

Vol. 65 Ch. 844

“ဘိုးဘေး…”

ဘိုးဘေးများ၏ မျက်ဝန်းထဲမှ ထူးခြားသော အရိပ်အယောင်များကို သတိပြုမိသွားကာ စူးချန်ကဲက ဇဝေဇဝါဖြင့် မေးလိုက်၏။

“ချန်ကဲ… မင်းတတ်မြောက်ထားတဲ့ ဒီကောင်းကင်ရတနာ ဖန်ဆင်းခြင်း အတတ် က တကယ်ကို မရိုးရှင်းဘူး ၊ မင်းရဲ့ ပါရမီနဲ့ဆိုရင် နောင်တစ်ချိန်မှာ လက်နက်သွန်းလုပ်ခြင်း လမ်းစဉ်ရဲ့ အထွတ်အထိပ်ကို သေချာပေါက် ရောက်မှာပဲ”

“ဟားဟား… ဟုတ်တယ် ၊ ချန်ကဲ… မင်းဆက်ပြီး ကျင့်ကြံဦးမှာလား..အကယ်၍ အရင်းအမြစ်တွေ လိုအပ်မယ်ဆိုရင် ဘိုးဘေး လူလွှတ်ပြီး ထပ်ပို့ခိုင်းလိုက်မယ်”

ဘိုးဘေးများသည် သူတို့၏ စိတ်ထဲက အတွေးများကို ထုတ်မပြောခဲ့ကြပေ။

အဆုံးမဲ့ကပ်ဘေးဆိုသည်မှာ ဒေဝလောကတစ်ခုလုံး ပျက်စီးရခြင်း၏ အခြေခံအကြောင်းရင်းဖြစ်ပြီး ၊ အမှောင်ထု ကပ်ဘေးထက်ပင် ပို၍ ကြောက်မက်ဖွယ်ကောင်းသည်။

အမတဧကရာဇ် အဆင့်ရှိ စွမ်းအားရှင်များပင်လျှင် ၊ ထိုကပ်ဘေးတွင် မိမိကိုယ်ကို ကာကွယ်ရန် ခဲယဉ်းလှပေသည်။

စူးချန်ကဲသည် ယခုအချိန်တွင် အားနည်းသေးသည်။ ထို့ကြောင့် သူ့ကို ဖိအားများစွာ မပေးလိုကြပေ။

ထို့အပြင် သေခြင်းရှင်ခြင်း သံသရာစက်ဝန်း စွမ်းအားရှိသော လက်နက်များကို သွန်းလုပ်ခြင်းသည် တစ်လောကလုံး၏ ကံကြမ္မာကို ထမ်းပိုးရခြင်းနှင့် အတူတူပင် ဖြစ်၏။

စူးချန်ကဲသည် သူတို့၏ သခင်ငယ်လေး ဖြစ်သည့်အတွက် ဤမျှအထိ ပင်ပင်ပန်းပန်း တာဝန်ယူရန် မလိုအပ်ပေ။

တားမြစ် စူးမိသားစု ရှိနေသရွေ့ ဤလောကကြီးသည် ပြိုလဲသွားမည် မဟုတ်။

ခဏအကြာတွင် စူးချန်ကဲနှင့် စကားပြောပြီးနောက် ဘိုးဘေးများသည် အရင်းအမြစ်များစွာကို လူလွှတ်ပို့ခိုင်းပေးခဲ့ကြပြီး ၊ ထို့နောက် ထွက်ခွာသွားကြသည်။

စူးချန်ကဲသည် အရှိန်မပျက်စေရန် တံခါးပိတ်ကျင့်ကြံရန် ပြန်လည် စတင်လိုက်တော့သည်။

……….

အချိန်များသည် တဖြည်းဖြည်း ကုန်ဆုံးလာကာ ၊ နှစ်လခန့်ပင် ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။

နှစ်လဆိုသည်မှာ ပြင်ပလူများအတွက် ကြာရှည်သည်ဟု ထင်ရသော်လည်း သက်တမ်းရှည်သော အမတများအတွက် ဤသည်မှာ လက်ဖျစ်တစ်ချက်တီးစာမျှသာ ဖြစ်သည်။

သို့သော် ဤနှစ်လအတွင်း အမတနယ်မြေ၌ ကိစ္စရပ်များစွာ ဖြစ်ပျက်ခဲ့သည်။

အမတဂိုဏ်း အသီးသီးမှ ထိပ်တန်းဆက်ခံသူများသည် ရှေးဟောင်းနယ်မြေများတွင် အဖိုးတန် အမွေအနှစ်များကို ရရှိကာ အစွမ်းထက်လာကြသည့် သတင်းများမှာ မရေမတွက်နိုင်အောင်ပင်။

အကြီးမားဆုံးသော အဖြစ်အပျက်မှာ ရှေးဦးလျို့ဝှက်နယ်မြေများ ပိုမို ပေါ်ထွက်လာသည်နှင့်အမျှ ၊ အင်အားစုအသီးသီးမှ ချိတ်ပိတ်ထားခဲ့သော ခေတ်ဟောင်းပါရမီရှင်များမှာ လောကရှေ့မှောက်သို့ ပေါ်ထွက်လာခြင်းပင် ဖြစ်သည်။

မကြာသေးမီက မဟာလမ်းစဉ် စာရင်း ထဲမှ ခေတ်ဟောင်း အမတနယ်မြေ ပါရမီရှင်စာရင်း ထွက်ပေါ်လာခဲ့ပြီး ၊ စာရင်းထဲတွင် နာမည်ကျော် ခေတ်ဟောင်းပါရမီရှင်များစွာ ပါဝင်လာခဲ့သည်။

ခေတ်ဟောင်းပါရမီရှင်များ ပေါ်ထွက်လာခြင်းကြောင့် ခေတ်သုံးခေတ်၊ ကဏ္ဍသုံးရပ်မှ ပါရမီရှင်များမှာ ဒေဝလောက ပြန်လည်စတင်ရာခေတ်၏ စင်မြင့်ထက်တွင် စုံစည်းမိသွားကြပြီ ဖြစ်သည်။

ယင်းက အမတနယ်မြေ တစ်ခုလုံးကို ပြင်းထန်သော ဆွေးနွေးမှုများ ဖြစ်ပေါ်စေခဲ့သည်။

“မတူညီတဲ့ ခေတ်သုံးခေတ်က အနှိုင်းမဲ့ ပါရမီရှင်တွေ နောက်ဆုံးတော့ ဒီခေတ်မှာ ဆုံတွေ့ကြပြီပေါ့…”

“ဒီစာရင်း သုံးခုထဲမှာ ဘယ်စာရင်းက ပါရမီရှင်တွေက ပိုပြီး အစွမ်းထက်မယ်လို့ မင်းတို့ ထင်လဲ”

“ငါ့အမြင်အရဆိုရင်တော့ ပါရမီနဲ့ ခွန်အားမှာ ခေတ်ဟောင်း အမတနယ်မြေ ပါရမီရှင်စာရင်းက အသာဆုံးပဲ … သူတို့တွေဟာ တစ်ခေတ်တစ်ခါက အနှိုင်းမဲ့ လူ့ဘီလူးတွေ ဖြစ်ခဲ့ကြတာလေ….သူတို့ တစ်ဦးချင်းစီတိုင်းက အလွန်အစွမ်းထက်တဲ့ ခန္ဓာကိုယ်တွေနဲ့ ထူးကဲတဲ့ ပါရမီတွေ ရှိကြတယ်၊ ငါတို့ခေတ်က ပါရမီရှင်တွေထက် အများကြီး သာတယ်”

“ငါကတော့ ဒေဝလောကတစ်ခွင်မှ ပါရမီရှင်စာရင်းက ပိုပြီး အလားအလာရှိမယ် ထင်တယ် ၊ အဲ့မှာက လောကပေါင်းစုံက ပါရမီရှင်တွေ ပါဝင်နေ‌တာလေ.. ဥပမာပြောရရင် စူးချန်ကဲပေါ့ …သူက အောက်ကမ္ဘာကနေ ငါတို့ အမတနယ်မြေကို တက်လှမ်းလာတာ မဟုတ်လား”

“ဟုတ်တယ်! အရင်က ငါတို့ရဲ့ ခေတ်ပြိုင် အမတနယ်မြေ ကြယ်တာရာစာရင်း မှာ ပါတဲ့ ပါရမီရှင် တော်တော်များများ သူ့လက်ချက်နဲ့ သေကုန်ကြပြီ ၊ သူက တကယ်ကို အတော်လေး ကြောက်စရာကောင်းတဲ့ လူပဲ!”

“ဟုတ်တယ် ! လောကပေါင်းစုံမှာ ထိပ်တန်း ပါရမီရှင်တွေ အများကြီး ရှိနေတာပဲ… စူးချန်ကဲလို ထူးဆန်းတဲ့ ပါရမီရှင်တွေ အများကြီး ရှိနေနိုင်သေးတယ်”

“ဟမ်! ငါတို့ အမတနယ်မြေဟာ လောကပေါင်းစုံရဲ့ ဗဟိုချက်ပဲ ၊ ခေတ်ပြိုင် ထိပ်တန်းပါရမီရှင်တွေကလည်း မရေမတွက်နိုင်အောင် ရှိသလို အမတနယ်မြေမှာ မွေးဖွားလာတဲ့သူတွေဆိုတော့ လောကပေါင်းစုံရဲ့ လူတွေထက် ဘယ်လိုလုပ်ပြီး အားနည်းပါ့မလဲ… ငါ့အမြင်အရတော့ ခေတ်ပြိုင် အမတနယ်မြေ ကြယ်တာရာစာရင်းက လူတွေက ပိုပြီး အစွမ်းထက်လောက်မယ်!”

အမတနယ်မြေရှိ ကျင့်ကြံသူများမှာ အမျိုးမျိုး ငြင်းခုံနေကြသည်။

သို့သော် နှမြောစရာကောင်းသည့် အချက်မှာ မကြာသေးမီက ထွက်ပေါ်လာသော ခေတ်ဟောင်းပါရမီရှင်များမှာ အင်အားစုကြီးများမှ ဖြစ်သော်လည်း သာမန်အဆင့်များသာ ဖြစ်နေခြင်းပင်။

သာလွန်အင်အားစု(၁၈) ခုမှ ခေတ်ဟောင်းပါရမီရှင် အချို့ကို နိုးထစေခဲ့သော်လည်း ၊ တားမြစ်အင်အားစုကြီး (၉) ခုမှာ ပါးနပ်လွန်းသည်။

တားမြစ်အင်အားစုကြီး (၉)ခုသည် ယခုထိတိုင် တိတ်ဆိတ်နေကြပြီး ခေတ်ဟောင်း ပါရမီရှင်များ တစ်ယောက်မှ ပေါ်ထွက်လာခြင်း မရှိသေးသလို ၊ သူတို့အားလုံး၏ အကြံအစည်ကို မည်သူမျှ မသိနိုင်ချေ။

………..

ထိုအချိန်တွင်…

တားမြစ် စူးမိသားစု၏ ပင်မခန်း‌မဆောင်အတွင်း၌ ။

ရွှမ်ယွမ် အမတဧကရာဇ်မင်းသည် ရာဇပလ္လင်ထက်တွင် ထိုင်နေပြီး ၊ အောက်တွင် မိသားစု အကြီးအကဲများ စီတန်းထိုင်နေကြသည်။

“အခု ဒေဝလောက ပြန်လည်စတင်ရာခေတ် ရောက်လာတာ လပေါင်းများစွာ ရှိပြီ၊ ငါတို့ မိသားစုရဲ့ ပါရမီရှင်တွေလည်း ပြင်ပမှာ အတော်လေး အောင်မြင်မှုတွေ ရနေကြပြီ”

“လတ်တလောမှာ တခြားဂိုဏ်းတွေက ခေတ်ဟောင်းပါရမီရှင်တွေကို နိုးထစေပြီး အကျိုးအမြတ်တွေ ရဖို့ ကြိုးစားနေကြတယ်၊ ဒီနေ့ အားလုံးကို စုဝေးခိုင်းလိုက်တာက ငါတို့ စူးမိသားစုရဲ့ ခေတ်ဟောင်းပါရမီရှင်တွေကို ဘယ်အချိန်မှာ နိုးထစေမလဲဆိုတာ တိုင်ပင်ဖို့ပဲ”

ရွှမ်ယွမ် အမတဧကရာဇ်မင်း၏ စကားသံအဆုံးတွင် ၊ အကြီးအကဲများသည် အမျိုးမျိုး ဆွေးနွေးခဲ့ကြပြီး အဆုံးတွင် ရလဒ်တစ်ခု ထွက်ပေါ်လာခဲ့သည်။

“မျိုးနွယ်စုခေါင်းဆောင်… အခု ဒေဝလောက ပြန်လည်စတင်ရာခေတ် ရောက်တာ သုံးလကျော်ပြီ ဆိုပေမဲ့ ဒါဟာ အစပျိုးတဲ့ ကာလပဲ ရှိသေးတယ်”

“ကောင်းကင်ဘုံကို အံတုနိုင်တဲ့ အခွင့်အရေးတွေ အများကြီး မပေါ်လာသေးဘူး၊ ဒါကြောင့် ငါတို့ မိသားစုရဲ့ ခေတ်ဟောင်းပါရမီရှင်တွေကို နိုးထခိုင်းဖို့ အချိန်မတန်သေးဘူးလို့ ထင်တယ်”

“ဟားဟား… ပြီးတော့ အဲဒီကောင်တွေကလည်း မာနကြီးကြတဲ့အပြင် ပျော်စရာကောင်းတဲ့ ကိစ္စတွေကိုပဲ စိတ်ဝင်စားကြတာ “

အကြီးအကဲတစ်ဦးက မုတ်ဆိတ်ကို သပ်ချရင်း ရယ်မောလိုက်သည်။

“အကယ်၍ သူတို့ကို အခု နိုးထစေမယ်ဆိုရင် ချန်ကဲကလွဲလို့ အမတနယ်မြေမှာ ဘယ်သူမှ သူတို့ကို ယှဉ်နိုင်မယ့်သူ ရှိမှာမဟုတ်ဘူး “

ဤပြောကြားချက်ကို လူတိုင်းက သဘောတူကြသည်။

တားမြစ် စူးမိသားစု၏ ခေတ်ဟောင်းပါရမီရှင်များသည် စူးချန်ကဲ ကဲ့သို့ပင် တစ်ခေတ်တစ်ခါက စိုးမိုးခဲ့သူများ ဖြစ်ကာ ၊ အချို့က အလွန်ရှေးကျသော မူလရင်းမြစ် မဟာလမ်းစဉ် နတ်ဘုရား ခန္ဓာကိုယ်များကိုပင် ပိုင်ဆိုင်ထားကြသည်။

အကယ်၍ သူတို့သာ ပေါ်ထွက်လာပါက ၊ ခေတ်ပြိုင်ပါရမီရှင်အားလုံးကို အလွယ်တကူ နှိမ်နင်းနိုင်ပေလိမ့်မည်။

လက်ရှိတွင် တားမြစ် အင်အားစုများ နှင့် ရှေးဟောင်းအင်အားစုများမှ ခေတ်ဟောင်းပါရမီရှင်များ နိုးထလာခြင်း မရှိသေးသောကြောင့် ၎င်းတို့ကို အချိန်မတိုင်ခင် လွှတ်ရန် မလိုအပ်သေးပေ။

ထိုကြောင့် နောက်ဆုံးအဆင့် ယှဉ်ပြိုင်မှုများအတွက် သူတို့ကို ဝှက်ဖဲများအဖြစ် ထားရှိခြင်းက ပို၍ ကောင်းပေလိမ့်မည်။

“အင်း… အကြီးအကဲတွေရဲ့ အမြင်က ကျွန်တော့်ရဲ့ အတွေးနဲ့ တူတူပဲ”

“ဒါတင်မကသေးဘူး၊ ချန်ကဲကလည်း လေ့ကျင့်မှုတွေ လိုအပ်နေသေးတယ် .. ဒီကောင်တွေသာ ထလာရင် သူတို့က ချန်ကဲရဲ့ ပြိုင်ဘက်တွေကို လုယူသွားနိုင်တယ် အဲ့ကြရင် ချန်ကဲအတွက် လေ့ကျင့်မှု မဖြစ်တော့မှာ စိုးရတယ်”

ရွှမ်ယွမ် အမတဧကရာဇ်မင်းက ရယ်မောရင်း ပြောလိုက်သည်။

“ဒါကြောင့် အခုအချိန်မှာတော့ ချန်ကဲကိုပဲ လွတ်လွတ်လပ်လပ် လေ့ကျင့်ခွင့်ပေးပြီး အခြားအင်အားစုက အခုမှ နိုးထလာတဲ့ ခေတ်ဟောင်းပါရမီရှင်တွေနဲ့ ယှဉ်ပြိုင်ခိုင်းတာက ပိုကောင်းလိမ့်မယ်”

ထိုစကားကို ကြားလိုက်ရချိန်တွင် အကြီးအကဲများမှာ အစပိုင်းတွင် ကြောင်အမ်းသွားကြသော်လည်း နောက်ဆုံးတွင် သဘောပေါက်သွားကြပြီး ပြိုင်တူ ပြောလိုက်ကြသည်။

“မျိုးနွယ်စုခေါင်းဆောင်ရဲ့ အမြင်က တကယ်ကို ကျယ်ပြန့်လှပါပေတယ်”

ဤခေတ်ပြိုင် ပါရမီရှင်များမှာ ကျော်ကြားမှုရရှိရန် တတ်လှမ်းမည့် ခြေနင်းကျောက်များသာ ဖြစ်သည်။

အကယ်၍ မိသားစု၏ တခြားခေတ်ဟောင်း ပါရမီရှင်များကို နိုးထစေခဲ့ပါက ၊ စူးချန်ကဲ၏ ခြေနင်းကျောက်များကို လုယူသွားနိုင်သည် မဟုတ်လော။

ထို့ကြောင့် တားမြစ် စူးမိသားစုဝင်များအနေဖြင့် ထိုကဲ့သို့သော ဖြစ်နိုင်ခြေကို ရှောင်ရှားရန်အတွက် မိမိတို့၏ သခင်လေးအတွက်သာ အကောင်းဆုံး စီစဉ်ရပေလိမ့်မည်။

All Chapters