ဝတ်စုံဖြူနှင့် ပြန်လည်ဆုံတွေ့ခြင်း၊ ဗလာနိတ္ထိဖန်ဆင်းရှင်ကို သိလား
Vol. 65 Ch. 845
တားမြစ် စူးမိသားစု၏ အနက်ရှိုင်းဆုံးနေရာ၊ ထျန်းရှင်ခန်းမအတွင်း၌…
မဟာလမ်းစဉ်၏ ထောင်ပေါင်းများစွာသော ရွှေကြာပန်းများသည် ဟင်းလင်းပြင်တွင် လွင့်မျောနေပြီး၊ နိယာမဆိုင်ရာ တာအိုစည်းချက်များက ရိုက်ခတ်လှုပ်ရှားလျက် ရှိသည်။
စူးချန်ကဲသည် ပြိုးပျက်စွာ တောက်ပနေသော အမတအလင်းတန်းများကြားတွင် ထိုင်ကာ ကျင့်ကြံအားထုတ်လျက် ရှိသည်။
နှစ်လကြာ တံခါးပိတ်ကျင့်ကြံပြီးနောက် သူ၏ ခန္ဓာကိုယ်သည် လျို့ဝှက် ဆန်းကြယ်သော အခြေအနေထဲသို့ ရောက်ရှိနေပြီ ဖြစ်သည်။
၎င်းသည် အတုယောင် နှင့် အစစ်ကြားတွင် ကူးလူးနေသည့် အလားပင်။
ဖျက်ဆီး၍မရနိုင်သော သူ၏ ခန္ဓာကိုယ်သည် နိယာမများ၏ ဆေးကြောသန့်စင်မှုအောက်တွင် နတ်ဘုရားကျောက်စိမ်းကဲ့သို့ ကြည်လင်တောက်ပကာ ဆင့်ကဲ အသွင်ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်။
ဟင်းလင်းပြင်ထက်တွင် ရေးထိုးထားသော မဟာလမ်းစဉ် မှော်သင်္ကေတများသည် စူးချန်ကဲ၏ ခန္ဓာကိုယ်ပေါ်သို့ အလွှာလိုက် တွယ်ကပ်နေပြီး ၊ နတ်ဘုရားသံချပ်ကာကို ဝတ်ဆင်ထားသည့်အလား သူ၏ ပုံရိပ်ကို ပို၍ မြင့်မြတ်စေသည်။
ပြင်ပအသွင်ထက် သူ၏ အတွင်းပိုင်းအခြေအနေသည် တစ်နေ့ထက်တစ်နေ့ မြန်မြန်ဆန်ဆန် ပြောင်းလဲနေသည်။
ကိုယ်ထည် ခြောက်မျိုး၏ သွေးသားများသည် တစ်ခုနှင့်တစ်ခု ပေါင်းစပ်သွားကြရာ သူ၏ အမတရင်းမြစ်သည် ပို၍ သိပ်သည်းလာသည်။
ယခင်က သူ၏ အမတရင်းမြစ်သည် လမင်းတစ်စင်းကဲ့သို့ ဖြစ်ခဲ့ပါက ၊ ယခုအခါ၌ တောက်ပသော ဖန်နေဝန်းကြီးတစ်ဆူနှင့် တူပေသည်။
စူးချန်ကဲ၏ ခြယ်လှယ်မှုအောက်တွင် ၊ ထျန်းရှင်ခန်းမကို ဗဟိုပြု၍ မိုင်ပေါင်း သန်းပေါင်းများစွာမှ အမတစွမ်းအင်များသည် ရူးသွပ်စွာ စုဝေးလာကြသည်။
သူ၏ ခန္ဓာကိုယ်ထဲရှိ ထူးခြားသော စွမ်းအားများဖြင့် နောက်ထပ် အမတရင်းမြစ်တစ်ခုကို ထပ်မံ ဖန်တီးနိုင်မည်ဟု စူးချန်ကဲ ခံစားမိသည်။
အကယ်၍ ထိုအတားအဆီးကိုသာ ကျော်ဖြတ်နိုင်မည်ဆိုပါက ၊ သူသည် စည်းမျဉ်းများထက် အဆပေါင်းများစွာ သာလွန်သော ကောင်းကင်အမတနယ်ပယ်သို့ ရောက်ရှိသွားပေလိမ့်မည်။
စူးချန်ကဲသည် အတားအဆီးကို ချိုးဖျက်ရန် ကြိုးစားနေစဉ်မှာပင် ၊
ဝုန်း!
ပြင်ပကမ္ဘာမှ အဖြူရောင် မြူခိုးများ ရုတ်တရက် ထွက်ပေါ်လာပြီး ၊ အမည်မသိ ကမ္ဘာတစ်ခု ကျရောက်လာသည့်အလား စူးချန်ကဲကို ဆွဲခေါ်သွားခဲ့၏။
တစ်စုံတစ်ခု ထူးဆန်းနေသည်ကို သတိပြုမိသော စူးချန်ကဲသည် သူ့မျက်လုံးကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
“ဟင်…?”
သူ့ ပတ်ဝန်းကျင်ရှိ မြင်ကွင်းများသည် ဘယ်အချိန်ကတည်းကစ ပြောင်းလဲသွားလေသလဲ မသိ။
သူသည် ထျန်းရှင်ခန်းမထဲတွင် ရှိမနေတော့ဘဲ အဖြူရောင် မြူခိုးများဖြင့် ဖုံးလွှမ်းနေသော ကမ္ဘာတစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်၏။
သူ၏ ရှေ့တည့်တည့်တွင် ကောင်းကင်ယံသို့ ထိုးတက်နေသော ခန့်ညားလှသည့် မျှော်စင်ကြီးတစ်ခု ရှိနေသည်။ ထိုမျှော်စင်ကို စူးချန်ကဲ တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သည် - ၎င်းမှာ ဗလာနိတ္ထိမူလမျှော်စင်ပင် ဖြစ်သည်။
“ဟားဟား… တကယ်ကို မတွေ့ရတာ ကြာပြီပဲ”
ထိုစဉ် ရင်းနှီးသော အသံတစ်ခုကို ကြားလိုက်ရသည်။ မြူခိုးများမှာ လွင့်စင်သွားပြီးနောက် စူးချန်ကဲ၏ ရှေ့တွင် လူရိပ်တစ်ခု ပေါ်ထွက်လာခဲ့သည်။
၎င်းမှာ ယခင်က သူ၏ အသွေးအသား ကန့်သတ်ချက်ကို ချိုးဖျက်ရန် ကူညီပေးခဲ့သော ဝတ်စုံဖြူနှင့် ပုဂ္ဂိုလ်ပင် ဖြစ်သည်။
“ ဝတ်စုံဖြူဘိုးဘေးကို ဂါရဝပြုပါတယ်”
စူးချန်ကဲသည် အရိုအသေပြုကာ နှုတ်ဆက်လိုက်သည်။
တစ်ဖက်လူသည် သူ၏ အမည်ကို ပြောပြခြင်းမရှိသဖြင့် စူးချန်ကဲသည်လည်း အတင်းအကျပ် မမေးမြန်းဘဲ ‘ ဝတ်စုံဖြူ ဘိုးဘေး’ ဟုသာ ခေါ်ဆိုလိုက်ခြင်း ဖြစ်သည်။
“အင်း…”
ဝတ်စုံဖြူနှင့် ပုဂ္ဂိုလ်က ခေါင်းညိတ်ပြသည်။
“အခု မင်းရဲ့ ကျင့်ကြံမှုက ကောင်းကင်အမတနယ်ပယ်ကို တက်လှမ်းတော့မှာဆိုတော့ ဗလာနိတ္ထိမူလမျှော်စင်ထဲကို ဝင်ပြီး ဒုတိယအဆင့် သွေးသားကန့်သတ်ချက်ကို ချိုးဖျက်ဖို့ အချိန်တန်ပြီ”
“ဒါပေမဲ့ ဘိုးဘေး… ကျွန်တော် ကောင်းကင်အမတနယ်ပယ် ရောက်မှ ဒုတိယအဆင့်ကို ချိုးဖျက်နိုင်မယ်လို့ ပြောခဲ့တယ် မဟုတ်လား… အခု ကျွန်တော်က စစ်မှန်အမတ အဆင့် ကိုးမှာပဲ ရှိသေးတယ်…”
“ဟားဟား… စိတ်မပူနဲ့ ၊ သီအိုရီအရဆိုရင် မင်းရဲ့ ကျင့်ကြံမှုက ကောင်းကင်အမတနယ်ပယ်ရဲ့ တံခါးဝကို ရောက်နေပြီ …ငါက အထူးနည်းလမ်း သုံးပြီး မင်းကို ဒီအသိစိတ်ကမ္ဘာထဲကို ဆွဲခေါ်လိုက်တာပဲ”
ဝတ်စုံဖြူနှင့် ပုဂ္ဂိုလ်က ရှင်းပြသည်။
“ဗလာနိတ္ထိမူလမျှော်စင်ထဲမှာ အတားအဆီးကို ချိုးဖျက်ပြီး ပြန်နိုးလာတဲ့အခါ မင်းရဲ့ ကျင့်ကြံမှုက သူ့အလိုလို ကောင်းကင်အမတနယ်ပယ်ကို ရောက်သွားလိမ့်မယ် “
“ပြီးတော့ ကောင်းကင်အမတ နယ်ပယ်တံခါးကို ဝင်ရောက်ပြီး သွေးသားကန့်သတ်ချက်ကို ချိုးဖျက်တာက မင်းအတွက် ပိုပြီး အကျိုးကျေးဇူး များစေလိမ့်မယ်”
ထိုရှင်းပြချက်ကြောင့် စူးချန်ကဲ သဘောပေါက်သွားသည်။
တစ်ဖက်လူ၏ စကားများအပေါ် သူ သံသယမရှိပေ။ မည်သို့ပင်ဖြစ်စေ ၊ တစ်ဖက်လူ၏ မှော်စွမ်းအားသည် သူ စိတ်ကူးထားသည်ထက် များစွာ သာလွန်သည်။
အကယ်၍ သူ့ကို ဒုက္ခပေးချင်ပါက ပထမဆုံးအကြိမ် ဆုံတွေ့စဉ်ကပင် သူ၏ ဝိညာဉ်ကို ဖျက်ဆီးပစ်နိုင်သည် မဟုတ်လော။
ထို့အပြင်၊ တဖက်လူသည် သူ့ကို အလုံးစုံသောလမ်းစဉ်တို့၏ ဗလာနိတ္ထိမျက်လုံးတော်ကို နိုးထစေရန် ကူညီပေးခဲ့ပြီး ၊ နောက်ဆုံးတွင် သူ၏ သွေးသားကန့်သတ်ချက်ကိုပင် ချိုးဖျက်ရန် ကူညီပေးခဲ့သည်။၊
သို့သော် မျှော်စင်ထဲသို့ မဝင်မီ စူးချန်ကဲသည် တစ်စုံတစ်ခုကို ပြောချင်သော်လည်း တွန့်ဆုတ်နေပုံရသည်။
“တစ်ခုခု သိချင်တာ ရှိရင် ပွင့်ပွင့်လင်းလင်း မေးလိုက်ပါ”
ဝတ်စုံဖြူနှင့် ပုဂ္ဂိုလ်က ပြောလိုက်သည်။
ခဏမျှ စဉ်းစားပြီးနောက် စူးချန်ကဲသည် သူ့စိတ်ထဲက အရာကို ထုတ်ပြောလိုက်သည် ။
“ဘိုးဘေး… ဘိုးဘေးက ဟိုးရှေးဟောင်းခေတ်ကနေ အနာဂတ်အထိ အရာအားလုံးကို သိနိုင်တဲ့သူလို့ ကျွန်တော် ယုံကြည်တယ် ၊ ဒါကြောင့်… ဖန်ဆင်းရှင် ငါးပါး ထဲက ဗလာနိတ္ထိဖန်ဆင်းရှင်အကြောင်းကိုရော ဘိုးဘေး ကြားဖူးလား “
စူးချန်ကဲသည် တစ်ဖက်လူ၏ သရုပ်မှန်ကို မသိသလို၊ ၎င်းသည် ကံကြမ္မာနတ္ထိ ခန္ဓာကိုယ်၏ မူလပိုင်ရှင် ဖြစ်သည်ကိုလည်း မသိချေ။
သူသည် ဤမေးခွန်းကို မေးမြန်းရခြင်းမှာ တစ်ဖက်လူသည် သူ့ကို အလုံးစုံသောလမ်းစဉ်တို့၏ ဗလာနိတ္ထိမျက်လုံးတော် နိုးထအောင် ကူညီပေးခဲ့သောကြောင့် ဖြစ်သည်။
ထိုမျက်လုံးတွင် ပြည့်နှက်နေသော ဗလာနိတ္ထိစွမ်းအားများကြောင့် ဤဝတ်စုံဖြူနှင့် ပုဂ္ဂိုလ်မှာ ဗလာနိတ္ထိဖန်ဆင်းရှင်အကြောင်းကို သိနိုင်လိမ့်မည်ဟု စူးချန်ကဲ ခံစားမိသည်။
အကယ်၍ ဤဝတ်ဖြူနှင့် ပုဂ္ဂိုလ်သာ အမှန်တကယ်ပင် သိရှိထားပါက ၊ သူသည် ၎င်းထံမှ အလွန် အဖိုးတန်သော သတင်းအချက်အလက်များကို ရရှိနိုင်ပေလိမ့်မည်။
ဤမေးခွန်းကို ကြားလိုက်ရချိန်တွင် ထိုအနှီ ပုဂ္ဂိုလ်မှာ ခဏတာ ကြောင်အမ်းသွားသည်။ စူးချန်ကဲသည် ဤကဲ့သို့သော မေးခွန်းမျိုးကို မေးလာလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။ သို့သော် မြူခိုးများကြောင့် သူ၏ အမူအရာကို စူးချန်ကဲ မမြင်တွေ့ခဲ့ရပေ။
ဝတ်စုံဖြူနှင့် ပုဂ္ဂိုလ်သည် စိတ်ကို တည်ငြိမ်အောင်လုပ်ကာ နူးညံ့သော လေသံဖြင့် ပြုံးရယ်လိုက်သည်။
“ဗလာနိတ္ထိဖန်ဆင်းရှင် ဟုတ်လား”
“ဒါက အမတနယ်မြေရဲ့ ဒဏ္ဍာရီထဲက ပုဂ္ဂိုလ် မဟုတ်လား … ရှေးဟောင်းမှတ်တမ်းတွေမှာတောင် အနည်းငယ်ပဲ ပါတာဆိုတော့ ဒီလို ဒဏ္ဍာရီထဲက ပုဂ္ဂိုလ်အကြောင်းကို ငါလည်း သိပ်မသိဘူး”
သူသည် တစ်စုံတစ်ခုကို သတိပြုမိသွားကာ စကားလမ်းကြောင်း ပြောင်းလိုက်သည်။
“ဒါပေမဲ့ အဲဒီဒဏ္ဍာရီတွေနဲ့ ပတ်သက်တဲ့ စာအုပ်အချို့ကိုတော့ ငါ အမှတ်မထင် ဖတ်ဖူးခဲ့တယ်…အသေးစိတ်တော့ မသိပေမဲ့ သူ့အကြောင်းနဲ့ ပတ်သက်တဲ့ ပြောစကားအချို့ကိုတော့ ငါ သိတယ် “
မူလက သူသည် ဤကိစ္စကို အမှတ်မထင် ကျော်သွားရန် ကြံရွယ်ခဲ့သော်လည်း သူနှင့် စူးချန်ကဲသည် တစ်နည်းအားဖြင့် တစ်ဦးနှင့်တစ်ဦး တူညီသော ဇာတ်မြစ်ရှိသောကြောင့် ၊ စူးချန်ကဲ၏ စိတ်ထဲက ထူးခြားသော ခံစားချက်ကို သူ ချက်ချင်းပင် ခံစားလိုက်ရသည်။
စူးချန်ကဲသည် ဤမေးခွန်းကို ရုတ်တရက် မေးလာခြင်းမှာ တစ်စုံတစ်ခုကို သိရှိထားသောကြောင့် ဖြစ်နိုင်သည်။
သူသည် ဖန်ဆင်းရှင် ငါးပါး ထဲတွင် အမတနယ်မြေ၌ အသွားအလာ အများဆုံး ပုဂ္ဂိုလ်ဖြစ်ခဲ့ရာ သူ့အကြောင်း ဒဏ္ဍာရီများ ရှိနေခြင်းမှာ မဆန်းပေ။
သို့သော် ထူးဆန်းသည်မှာ စူးချန်ကဲသည် ဤမေးခွန်းကို ရုတ်တရက် မေးလာခြင်းပင်။
ထို့အပြင်၊ တစ်ဖက်လူ၏ လေသံအရ ဤကိစ္စသည် ထင်ထားသည်ထက် ပို၍ ရှုပ်ထွေးနေမည်မှာ သေချာသည်။
စူးချန်ကဲ၏ နောက်ခံမှာလည်း အလွန်ပင် ကြီးမားကာ ၊ သူ့ နောက်ကွယ်မှ အစွမ်းထက်သော ပုဂ္ဂိုလ်များသည် အမှန်တရားအချို့ကို ရိပ်မိနေခြင်းလည်း ဖြစ်နိုင်သည် ။