← Chapters

ရင်းမြစ်တိုက်ပွဲ၊ အစနှင့် အဆုံး

Vol. 65 Ch. 847

ရင်းမြစ်တိုက်ပွဲ၊ အစနှင့် အဆုံး

Vol. 65 Ch. 847

“ဖန်တီးရှင် အချင်းချင်းကြားက စစ်ပွဲလား…….”

စူးချန်ကဲ ၏ စိတ်ထဲတွင် ထိတ်လန့်တုန်လှုပ်သွားသည်။ သူသည် အသိစိတ်နယ်ပယ်အတွင်းရှိစဉ်က ၊ သူ၏အဖိုးဖြစ်သူ စူးရွှမ်ယွမ် ပြသခဲ့သော ရှေးဟောင်းယဇ်ပူဇော်မှု ကျောက်စာတိုင်ကို ရုတ်တရက် သတိရမိသွားသည်။

အဖိုးဖြစ်သူ၏ ပြောပြချက်အရ ၊ ထိုကျောက်စာတိုင်ပေါ်ရှိ နတ်ဘုရားအရှိန်အဝါများသည် စစ်ပွဲတစ်ခုကြောင့် ဖျက်ဆီးခံလိုက်ရသည်။

ထိုစစ်ပွဲသည် ရင်းမြစ်ချိုးဖျက်တိုက်ပွဲကြီး ထက်ပင် ပိုမိုရှေးကျသော စစ်ပွဲတစ်ခု ဖြစ်ရမည်ဟု သူတို့ ခန့်မှန်းခဲ့ကြသည်။ ယခု ကြည့်ရသည်မှာ ထိုစစ်ပွဲသည် ဤဖန်တီးရှင်များအကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲ ဖြစ်ဟန်တူသည်။

“စီနီယာ... ဒီဖန်တီးရှင်တွေကြားက တိုက်ပွဲက ဒေဝလောကတစ်ခုလုံး အပေါ်မှာ အကျိုးသက်ရောက်မှု အရမ်းကြီးမားခဲ့မှာပဲနော်”

”သိပ်သေချာတာပေါ့ ၊ ဒဏ္ဍာရီလာ မှတ်တမ်းတွေအရ အဲဒီတိုက်ပွဲကြီးကပဲ ထောင်ပေါင်းများစွာသော လမ်းစဉ်တို့ရဲ့ မူလအစဖြစ်ခဲ့တာ… ဒီလောကကြီးမှာရှိတဲ့ အရာအားလုံးဟာ အဲဒီတိုက်ပွဲကနေ မြစ်ဖျားခံလာတာပဲ”

ဝတ်စုံဖြူနှင့် ပုဂ္ဂိုလ်သည် ပြုံးလျက် ပြောလိုက်သည်။

“ဒါပေမဲ့ အဲဒီတိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ ကာလက ရှေးကျလွန်းလှသလို၊ ဒဏ္ဍာရီလာ မှတ်တမ်းတွေထဲမှာလည်း အနည်းငယ်ပဲ ရှိတော့တာမို့ ငါလည်း သိပ်မမှတ်မိတော့ဘူး”

ရင်းမြစ်တိုက်ပွဲ၏ ပါဝင်ပတ်သက်သူတစ်ဦးအနေဖြင့် သူသည် အဖြစ်မှန်အားလုံးကို သိရှိထားသော်လည်း၊ စူးချန်ကဲအား ထုတ်ဖော်ပြောပြရန် အစီအစဉ်မရှိပေ။

စူးချန်ကဲတွင် ကံကြမ္မာနတ္ထိ ခန္ဓာကိုယ် ရှိသောကြောင့် ကံအကျိုးဆက်များ၏ သက်ရောက်မှုကို မခံရသော်လည်း၊ သို့သော် ယခုလက်ရှိ စူးချန်ကဲ ပါဝင်ပတ်သက်နိုင်သည့် ကိစ္စရပ်မျိုး မဟုတ်သေးပေ။

စူးချန်ကဲသည်လည်း ဆက်လက် မမေးမြန်းတော့ဘဲ ထိုဝတ်စုံဖြူနှင့် ပုဂ္ဂိုလ်၏ ပြောသွားသည်များကို ပြန်လည်စဉ်းစားကာ စိတ်ထဲတွင် အဖြေတစ်ခု ထွက်ပေါ်လာခဲ့သည်။

ဖန်တီးရှင်များကို အဓိက အုပ်စုကြီးနှစ်ခုအဖြစ် ခွဲခြားနိုင်သည်။ ဗလာနိတ္ထိဖန်တီးရှင် နှင့် ကပ်ဘေးနတ်ဘုရား တို့သည် ရန်သူတော်များဖြစ်ကြပြီး၊ တစ်ဦးကိုတစ်ဦး လောကကြီးထဲမှ အပြီးတိုင် ဖျက်ဆီးပစ်လိုသည်အထိ နာကျည်းချက်များ ပြင်းထန်ကြသည်။

အကယ်၍ ထိုမျှအထိ ရန်ငြိုးကြီးမားမည်ဆိုပါက ကပ်ဘေးနတ်ဘုရားသည် သူ့ကို ပစ်မှတ်ထားနေသည်မှာ အဓိပ္ပာယ်ရှိပေသည်။

မိမိအဖိုး၏ ပြောပြချက်အရ ဗလာနိတ္ထိဖန်တီးရှင်တွင်လည်း သူနှင့်ဆင်တူသော မဟာလမ်းစဉ်၏ တားမြစ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် ကပ်ဘေးနတ်ဘုရားသည် သူ့ကို ဗလာနိတ္ထိဖန်တီးရှင်၏ အစားထိုးခံ တစ်ယောက် အဖြစ် သတ်မှတ်ကာ အလျင်အမြန်ပင် ချေမှုန်းပစ်ချင်နေခြင်း ဖြစ်ရမည်။

“ဟူး.... ငါလည်း တကယ်ကို ကံဆိုးတာပဲ......”

”ဘယ်လိုဖြစ်ပြီး ဒီကပ်ဘေးနတ်ဘုရားက ငါ့ကို ဗလာနိတ္ထိဖန်တီးရှင်ရဲ့ အစားထိုးခံလို့ ထင်သွားရတာလဲ”

စူးချန်ကဲသည် လေသံတိုးတိုးဖြင့် ညည်းညူလိုက်သော်လည်း၊ ဝတ်စုံဖြူနှင့်ပုဂ္ဂိုလ်သည် ထိုညည်းညူသံကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။

“ကံဆိုးတယ်....?”

”အစားထိုးခံ?”

ဝတ်စုံဖြူနှင့်ပုဂ္ဂိုလ်သည် အံ့အားသင့်သွားပြီး စိတ်ထဲတွင် လှိုင်းထသွားကာ ၊ စူးချန်ကဲအနေဖြင့် တစ်စုံတစ်ခုကို ရိပ်မိသွားပြီလားဟုပင် သံသယဝင်သွားသည်။

“စီနီယာ မသိလို့ပါ”

”ကျွန်တော့်ခန္ဓာကိုယ်ထဲက ဖွဲ့စည်းပုံကလည်း ဗလာနိတ္ထိဖန်တီးရှင်နဲ့ တူညီတဲ့မူလရင်းမြစ်ကနေ ဆင်းသက်လာတာလေ “

“ကျွန်တော့်အထင်တော့ ဒီကပ်ဘေးနတ်ဘုရားက ကျွန်တော့်ကို ပစ်မှတ်ထားနေတာ ဒီခန္ဓာကိုယ် အမျိုးအစားကြောင့်ပဲ ဖြစ်ရမယ် ၊ သူက ကျွန်တော့်ကို ဗလာနိတ္ထိဖန်တီးရှင်နဲ့ ပတ်သက်မှုရှိတယ်လို့ တစ်ထစ်ချ ယူဆနေတာပဲ”

“ ဖန်ဆင်းရှင်ကြီး ငါးဦးထဲက တစ်ယောက် ဖြစ်နေပြီးတော့ သူ့ရဲ့ရန်ငြိုးတွေကို ကျွန်တော့်လို လူငယ်လေးအပေါ် လာပုံချနေတာ… ကျွန်တော့်အနေနဲ့ ဘာများ တတ်နိုင်မှာမို့လို့လဲ”

စူးချန်ကဲ၏ ငြီးတွားမှုကို နားထောင်ပြီးနောက် ဝတ်စုံဖြူနှင့် ပုဂ္ဂိုလ်မှာ အခိုက်အတန့်မျှ ကြောင်အမ်းသွားပြီး ထို့နောက် မထိန်းနိုင်တော့ဘဲ ရယ်မောမိလေတော့သည်။

ဤကိစ္စတွင် ၈၀ ရာခိုင်နှုန်းတင် မဟုတ် ၁၀၀ ရာခိုင်နှုန်း ပတ်သက်နေခြင်းပင်။

သို့သော် ဤကိစ္စတွင် သူ့မှာလည်း အပြစ်ရှိသည်။ ထိုစဉ်က ယဇ်ပူဇော်ခြင်းလမ်းစဉ်ဖြင့် ပြန်လည်စတင်ခဲ့ရာတွင် ကိစ္စတော်တော်များများကို ပြင်ဆင်ချိန်မရလိုက်ဘဲ ကပ်ဘေးနတ်ဘုရားအား သူ၏တည်ရှိမှုကို ခြေရာခံမိစေခဲ့သည်။

“ပြီးတော့ အဲဒီ ဗလာနိတ္ထိဖန်တီးရှင်ကလည်း.. ကျွန်တော်က သူ့ကိုယ်စား ရန်ငြိုးတွေကို ခံနေရတာ၊ ထွက်လာပြီး နည်းနည်းပါးပါး ရှင်းပြမယ်မရှိဘူး ”

စူးချန်ကဲသည် အနည်းငယ် စိတ်ဆိုးနေသော လေသံဖြင့် ဆိုလိုက်သည်။

“သူ့ကြောင့်သာ မဟုတ်ရင် ကျွန်တော် ဘယ်လိုလုပ်ပြီး အဲဒီ အရူးနတ်ဘုရားရဲ့ အငြိုးအတေး ခံရမှာလဲ”

စူးချန်ကဲ၏ ညည်းညူသံများကို နားထောင်ရင်း ဝတ်စုံဖြူနှင့်ပုဂ္ဂိုလ်မှာ ဆွံ့အနေမိသည်။

သူနဲ့မျက်နှာချင်းဆိုင် ရပ်နေတဲ့သူက ဗလာနိတ္ထိဖန်တီးရှင် ကိုယ်တိုင်ပဲလေ! မျက်နှာချင်းဆိုင် ရပ်ပြီး ကိုယ့်အကြောင်းကို မကောင်းပြောတာကို နားထောင်နေရတာ ဒါ ကောင်းသေးရဲ့လား?

ထို့အပြင် ကပ်ဘေးနတ်ဘုရားကို “အရူးနတ်ဘုရား” ဟု ခေါ်ဝံ့သူမှာ တစ်လောကလုံးတွင် စူးချန်ကဲ တစ်ယောက်သာ ရှိပေလိမ့်မည်။

သို့သော် တစ်ချက်တော့ရှိသည်။ စူးချန်ကဲ ပေးလိုက်သော “အရူးနတ်ဘုရား” ဟူသော နာမည်ကို သူ အတော်လေး သဘောကျမိသည်။ အတိတ်က တိုက်ပွဲတွင် သူသည် ထိုသကောင့်သားကို သတ်ပစ်နိုင်လုနီးပါးပင်။

အကယ်၍ အခြားဖန်ဆင်းရှင် နှစ်ဦးကသာ ကပ်ဘေးနတ်ဘုရားဘက်မှ ကူညီပြီး သူ့ကို တိုက်ခိုက်ခြင်း မပြုခဲ့ပါက၊ သူသည် မိမိ၏ ရင်းမြစ်စွမ်းအားများကို လောင်မြိုက်ကာ ယဇ်ပူဇော်ခြင်းလမ်းစဉ်ဖြင့် ပြန်လည်စတင်ရန် မလိုအပ်ခဲ့ပေ။

“အဟမ်း.... အဟမ်း....”

ဝတ်စုံဖြူနှင့် ပုဂ္ဂိုလ်က ချောင်းဟန့်လိုက်ပြီး ။

“ဗလာနိတ္ထိဖန်ဆင်းရှင်ဆိုတာ ဒဏ္ဍာရီထဲကပဲလေ၊ သေလား ရှင်လားတောင် မသိရဘူး ...အခု ဒီမှာ ဖြစ်ပျက်နေတာတွေကိုလည်း သူ သိချင်မှ သိမှာပါ”

“ သူကလည်း ဖန်ဆင်းရှင် ငါးဦးထဲက တစ်ယောက်ပဲ‌လေ...အကယ်၍ ကပ်ဘေးနတ်ဘုရားရဲ့ လှုပ်ရှားမှုကို သိခဲ့ရင် တန်ပြန်ဖို့ နည်းလမ်းတစ်ခုခု ရှိမှာပါ”

”ကဲ... ပြောစရာရှိတာတွေလည်း ပြောပြီးပြီဆိုတော့၊ မင်းလည်း ဗလာနိတ္ထိ မူလမျှော်စင် ထဲကို ဝင်ရမယ့်အချိန် ရောက်ပြီ”

“ မျှော်စင်ထဲမှာ မင်းရင်ဆိုင်ရမှာက ကောင်းကင်အမတ နယ်ပယ်ထဲကို အပြည့်အဝ ရောက်ရှိနေတဲ့ ပုံရိပ် ဖြစ်လိမ့်မယ်”

”ဒီတိုက်ပွဲမှာ ပေါ့ပေါ့တန်တန် မလုပ်နဲ့၊ မင်းအနေနဲ့ စွမ်းအားအကုန် ထုတ်သုံးရမယ်”

”ဟုတ်ကဲ့ပါ စီနီယာ၊ ကျွန်တော် မှတ်ထားပါ့မယ်”

စူးချန်ကဲသည် အရိုအသေပြု နှုတ်ဆက်ပြီးနောက်၊ မြူဆိုင်းနေသော ဗလာနိတ္ထိ မူလမျှော်စင်ဆီသို့ ဝင်ရောက်သွားခဲ့လေသည်။

စူးချန်ကဲ၏ ပုံရိပ်သည် မြူခိုးများထဲတွင် ပျောက်ကွယ်သွားသည်နှင့်အမျှ ဝတ်စုံဖြူနှင့် ပုဂ္ဂိုလ်၏ အသွင်ပုံရိပ်မှာလည်း ဝေဝါးလာခဲ့သည်။

သူသည် တိုးညှင်းစွာ ရေရွတ်လိုက်သည် ။

“ဒီတစ်ခေါက် သူ ရင်ဆိုင်ရမှာက သတ္တမမြောက် ဘဝသံသရာက သူ့ကိုယ်သူ ဖြစ်လိမ့်မယ် .....”

”အဲဒီဘဝကလည်း မေ့ရခက်ပေမယ့်.... အဲဒီတစ်ဘဝကိုတော့ မမီသေးဘူးပဲ......”

ဝတ်စုံဖြူနှင့် ပုဂ္ဂိုလ်သည် အတိတ်ဘဝများစွာက မှတ်ဉာဏ်များကို ပြန်လည် အမှတ်ရလာသည်။

တစ်ခုသော ဘဝတွင် သူသည် အောင်မြင်ရန် အလွန်နီးစပ်ခဲ့သော်လည်း အဆုံးသတ်သည် ပြီးပြည့်စုံခြင်း မရှိခဲ့ပေ။

အရာအားလုံး ပျက်စီးဆုံးရှုံးခဲ့ရသည်။ သူ့ဘေးနားရှိ လူတိုင်း တိုက်ပွဲတွင် ကျဆုံးကုန်ကြပြီး၊ နေရာတိုင်းက အပျက်အစီးများဖြင့်သာ ပြည့်နှက်နေခဲ့သည်။ စကြာဝဠာနယ်ပယ် အသီးသီးတွင် သူတစ်ယောက်တည်းသာ အထီးကျန်စွာဖြင့် ကျန်ရစ်နေခဲ့သည်။

“ဒီတစ်ဘဝမှာရော....”

“ ပြီးပြည့်စုံတဲ့ လောကကြီးတစ်ခုကို တည်ဆောက်နိုင်ပါ့မလား....”

”စူးချန်ကဲ လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ရတာပဲ.....”

“ တကယ်လို့ ယဇ်ပူဇော်ခြင်းလမ်းစဉ်နဲ့ နောက်တစ်ကြိမ် ပြန်လည် စတင်ရဦးမယ်ဆိုရင်.... ငါက အရင်က ငါအတိုင်းပဲ ဖြစ်နေပါဦးမလား.....”

“ဒီလောကကြီးကရော.... အရင်ကအတိုင်း ဖြစ်နေပါဦးမလား.....”

ယဇ်ပူဇော်ခြင်းလမ်းစဉ်ဖြင့် ပြန်လည်စတင်ခြင်း ဟူသည် အမှန်အားဖြင့် မူလရင်းမြစ် ဗလာနိတ္ထိစွမ်းအား၏ အဆုံးစွန်သော စွမ်းအားထုတ်ဖော်မှု တစ်ခု ဖြစ်ပေသည်။

ဗလာနိတ္ထိဆိုသည်မှာ အရာအားလုံး၏ အစဖြစ်သလို၊ အရာအားလုံး၏ အဆုံးသတ်လည်း ဖြစ်သည်။

ယဇ်ပူဇော်ခြင်းဖြင့် အရာအားလုံးကို လည်ပတ်စေပြီး၊ အရာခပ်သိမ်းကို အစနှင့် အဆုံးကြားသို့ ပြန်လည် ဆွဲသွင်းလိုက်ခြင်း ဖြစ်သည်။ ထို အစမှ အဆုံးသို့ သွားရာ လမ်းကြောင်းကို “ အရာအားလုံး ပြန်လည်စတင်ခြင်း” ဟု ခေါ်ဆိုသည်။

သို့သော် ကြီးမားသော စွမ်းအားတိုင်းတွင် ပေးဆပ်မှု ရှိစမြဲ ဖြစ်သည်။

ဤမျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားသည် သူ၏ မူလရင်းမြစ် စွမ်းအားများကို လောင်ကျွမ်းစေမည်ဖြစ်ပြီး၊ ရင်းမြစ်စွမ်းအားများ ကုန်ခမ်းသွားသည်နှင့် ဗလာနိတ္ထိဖန်ဆင်းရှင် ဖြစ်သော သူသည်လည်း အပြီးတိုင် ပျောက်ကွယ်သွားမည် ဖြစ်သည်။

သူ မရှိတော့ပါက ဒေဝလောက တစ်ခုလုံး၏ အခြေအနေကို ပြောင်းပြန်လှန်နိုင်မည့် အခွင့်အရေးလည်း ဆုံးရှုံးသွားပေလိမ့်မည်။

ထိုအခါ လောကကြီးသည် “အဆုံးသတ်” ဟူသော ကံကြမ္မာသို့ ဆိုက်ရောက်သွားပေလိမ့်မည်။

သူတို့သည် အရာအားလုံးကို ဝါးမြိုသွားပေလိမ့်မည်။

အရာအားလုံးသည် သူတို့၏ မဟာလမ်းစဉ်၏ အစိတ်အပိုင်း ဖြစ်သွားပေလိမ့်မည်။

သက်ရှိအားလုံးသည် သူတို့ ရိတ်သိမ်းမည့် ရင်းမြစ်စွမ်းအားများ ဖြစ်သွားပေလိမ့်မည်။

အရာအားလုံးသည် ဗလာဖြစ်သွားပြီး၊ ကမ္ဘာကြီးသည် စိတ်ကူးယဉ် အိပ်မက်ထဲတွင်သာ တည်ရှိနေပေတော့မည်။

All Chapters