← Chapters

ကောင်းစွာ ထိန်းချုပ်နိုင်ခြင်း

Vol. 4 Ch. 55

ကောင်းစွာ ထိန်းချုပ်နိုင်ခြင်း

Vol. 4 Ch. 55

၎င်းကား အလွန်ခက်ခဲလွန်းလှသည်။

ရေစီးနှင့် အလိုက်သင့် စီးမျောသွားသည့်အခါ လွယ်ကူသော်လည်း ဆန့်ကျင်ဘက်အရပ်သို့ စုန်တက်ရန် ကြိုးစားသည့်အခါ ခက်ခဲသလို  သွေးကြောများကို ထိန်းချုပ်ရသည်မှာလည်း ထိုနည်းလမ်းကောင်းပင်။ လူတစ်ယောက်အနေဖြင့် ချီကို လှည့်လည်ပေးရုံနှင့် သွေးကြောများ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာနိုင်၏။ သွေးကြောအားလုံး တစ်ပြိုင်နက်တည်းနှင့် အရှိန်ဟုန်ပြင်းပြင်း ပျံ့နှံ့ထွက်ပေါ်လာစေရန် လုပ်နိုင်သည်။ ယင်းက လွယ်ကူသည်။

အကယ်၍ တစ်စုံတစ်ယောက်သည် သွေးကြော‌တို့အား တစ်ခုချင်းစီ ပြန်လည် ပျောက်ပျက်စေလိုသည့်အခါ ခန္ဓာကိုယ်တွင်းမှ ချီလည်ပတ်နှုန်း အရှိန်အား တိကျမှန်ကန်စွာ ထိန်းချုပ်နိုင်ဖို့ လိုသည်။ စုမင်အနေဖြင့် သူ၏ချီအား အဆင့်တစ်ခုအထိ တိတိကျကျ ထိန်းချုပ်နိုင်ရန် လိုအပ်ပေသည်။

သွေးကြောကျောက်သား အဆင့်သာရှိသေးသည့် မာန်စွမ်းအားရှင်တစ်ယောက်အတွက် ယခုလို လုပ်နိုင်ဖို့မှာ အတော်ခက်ခဲပေသည်။ အမှန်အားဖြင့် သွေးကြောကျောက်သား အဆင့်ရှင်တစ်ဦး လုပ်နိုင်သည့် ပညာရပ်မျိုး မဟုတ်ပေ။ ပြောရလျှင် ရုပ်နယ်လွန်အဆင့်မှ အစွမ်းထက် မာန်စွမ်းအားရှင် တစ်ယောက်ပင် အသေအချာ နားလည်ပြီး လုပ်ဆောင်ရမည့် ပညာရပ်မျိုး ဖြစ်၏။

ထိုအချက်များကို စုမင် မသိပေ။ သူသိသည်က အကြီးအကဲသည် သူ့အား ထိုကဲ့သို့ လုပ်စေချင်၍ သင်ပေးလိုက်သည်ကိုသာ ဖြစ်သည်။ ယင်းကား ပဟေဠိ တစ်ပုဒ်လိုပင်။ စုမင်အနေဖြင့် ကိုယ့်ဘာသာ အဖြေရအောင် ရှာဖွေရမည်။ ထို့ကြောင့် ဘာဆက်လုပ်ရမည်ကို လေးလေးနက်နက် စဉ်းစားလိုက်၏။

သူ့ကို အတင်းအကျပ် ဖိအားပေးပြီး လုပ်ခိုင်းတယ်လို့ မခံစားရသလို ဖြေရှင်းရခက်တဲ့ ပြဿနာ လို့လည်း စုမင် မခံစားရဘူး။ အရာအားလုံး သဘာဝကျကျ ဖြစ်ပျက် သွားခဲ့တာ။ ဒါကြောင့်မို့ သဘာဝ ကျကျပဲ စုမင်ဟာ သူကြိုးစား ကြည့်သင့်တယ်လို့ ခံစားရတယ်။

အကယ်၍ သူ မလုပ်ဖြစ်လျှင် ဤမျှ အချိန်အများအပြား အကုန်ခံပြီး စဉ်းစားခဲ့ရသည်မှာ အလဟဿ ဖြစ်သွားပေလိမ့်မည်။

နှစ်နာရီ ကုန်ဆုံးသွားပြီ။ နှစ်နာရီအတွင်း စုမင်မှာ လုံးဝ မလှုပ်ဘဲ ငြိမ်ငြိမ်ကလေး တင်ပျဉ်ခွေ ထိုင်နေခဲ့၏။ ချီစွမ်းအင် လည်ပတ်မှုကို ထိန်းချုပ်ရန် ကြိုးစားနေစဉ် သူ့ ခန္ဓာကိုယ်ထဲမှ သွေးကြောများတွင် ထူးဆန်းသော ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာလေသည်။ သူ့ခန္ဓာကိုယ်ထဲမှ သွေးကြောအရေအတွက်မှာ ရုတ်တရက် အများအပြား ကျဆင်းသွားလေ၏။ တိတိကျကျဆိုရလျှင် ၄၉ ကြောသာ ကျန်ရစ်တော့၏။ ထိုသို့ ပြောင်းလဲသွားရင်း နောက်ဆုံး၌ တည်ငြိမ်သော အခြေအနေ တစ်ခုသို့ ရောက်ရှိလာသည်။

ထိုပြောင်းလဲမှုအားလုံး ယခုနေရာတွင် ရှိနေသော ဖိအားများနှင့် အဓိက သက်ဆိုင်သည်။ သည်နေရာရှိ ပြင်ပအားများ၏ အကူအညီကြောင့်သာ ရုပ်နယ်လွန်အဆင့် မာန်စွမ်းအားရှင်တစ်ဦး လုပ်နိုင်သော ဖြစ်စဉ်မျိုးကို သွေးကြောကျောက်သားအဆင့် စွမ်းအားရှင် တစ်ဦး လုပ်ကိုင်နိုင်နေခြင်း ဖြစ်သည်။

အချိန်တို့ ကုန်လွန်သွားသည်မှာ မကြာမီ နေဝင်ရီတရော အချိန်သို့ပင် ရောက်လာတော့၏။ နေဝင်ခါနီး အခိုးအငွေ့တို့က ပိုမိုထူထပ်သိပ်သည်းလာသည်။ မြူခိုးထဲတွင် တိတ်ဆိတ်ငြိမ်သက်နေသော်လည်း ကွင်းပြင်ဘက်တွင်တော့ အခြေအနေတစ်မျိုး ဖြစ်နေသည်။ လှုပ်ရှားသွားလာမှုများနှင့် စည်ကားနေပြီး ဆွေးနွေးငြင်းခုံနေသည့် အသံတို့က လေထုထဲ ပျံ့လွင့် နေသည်။ တချို့က ဒင်္ဂါးပြားများကို ထုတ်ပြီး အလောင်းအစားပင် လုပ်နေလိုက်သေး၏။

"မျှော်လင့်ထားတဲ့အတိုင်း ပထမနေရာက ရဲဝမ်ပါပဲ။ သူ့ကို ကြည့်လိုက်စမ်း။ သူ ခြေလှမ်း ၅၆၁ လှမ်း လှမ်းပြီးပြီ။ ဒုတိယအဆင့်က ချန်ချွန်း။ သူကတော့ ၃၂၆ လှမ်းပဲ လှမ်းရသေးတယ်။

"ဘာမှမဟုတ်ပါဘူး။ ကျုပ်ကတော့ ပိစုဆိုတဲ့လူကို အာရုံစိုက်မိတာပဲ။ သူက ဒီတစ်ခေါက် စမ်းသပ်ပွဲရဲ့ ဝှက်ဖဲတစ်ချပ်လိုပဲ။ လူတိုင်း ဒီလိုပဲ တွေးမယ်လို့ ထင်တာပဲ။ အရင်က တစ်ခါမှ မကြားဖူးတဲ့ ဒီလူဟာ ခြေလှမ်းပေါင်း ၃၂၇ လှမ်း လှမ်းပြီးပြီ။ သူက နေ့လည်ခင်း တစ်ခုလုံးမှာ ဒုတိယ နေရာနဲ့ တတိယ နေရာကို တစ်ခေါက်စီ ရနေတာ”

"ဒါပေမဲ့ ဝူစန်း ဘာဖြစ်သွားလဲ ဆိုတာ သိချင်တယ်ဗျာ ... သူက ၁၂ နေရာမှာပဲ ရှိသေးတယ်”

ကွင်းပြင် ထောင့်တစ်နေရာတွင် မော့စန်းနှင့် ကျင်းနန်တို့ တင်ပျဉ်ခွေထိုင်လျက် ရှိ၏။ မည်သူမျှ သူတို့အား မနှောင့်ယှက်ဝံ့ကြပေ။ လက်ရှိ ကမ္ဘာကြီးမှ ခွဲထုတ်သွေဖယ်ထားသည့်အလား သူတို့‌နှစ်ဦး၏ ‌ဘေးပတ်လည်တွင် မမြင်နိုင်သည့် အတားအဆီးတစ်မျိုး ရှိနေ၏။

"မော့စန်း … စုမင်ဟာ နေ့လည်ခင်း တစ်ခုလုံးမှာ ၃၂ ​​ကြိမ်မြောက် ခြေလှမ်းမှာပဲ ရပ်နေတယ်။ သူ အားပြတ်သွားပြီ ထင်တယ်။ သူက နောက်ဆုံးအဆင့်ပဲ”

ကျင်းနန် အနည်းငယ်မျှ မျက်မှောင်ကြုတ်လိုက်သည်။ တစ်ခုခုတော့ လွဲချော်နေပြီဟု ခံစားနေရ၏။

မော့စန်းက ဘာစကားမှ မပြောဘဲ ငှက်ရုပ်များကိုသာ ကြည့်နေ၏။ သူ့မျက်နှာသည် ပုံမှန်အတိုင်း အေးဆေးတည်ငြိမ် နေ‌သော်လည်း သူ့စိတ်နှလုံးထဲတွင်တော့ ပျော်ရွှင်နေသည်။ စုမင်သည် သူပေးသည့် ပဟေဠိကို အဖြေညှိနိုင်သွားပြီမှန်း မော့စန်း သိနေ၏။

မော့စန်းအတွက် စုမင်တစ်ယောက် ကိုယ့်အားကိုယ့်ကိုးပြီး နားလည်သွားသည်က မာန်သွေးစက် ရရှိသည်ထက် ပို၍ တန်ဖိုးရှိသည်။

နေနှင့်လသည် နေဝင်ရီတရောတွင် တစ်ချိန်တည်း ပေါ်လာပြီး တစ်ဦးနှင့်တစ်ဦး နေရာပြောင်းယူလိုက်ကြ၏။ စုမင်၏ အဆင့်ကို မည်သူမျှ ဂရုမစိုက်ကြတော့။ နောက်ဆုံးလူ ဘယ်သူဆိုသည်ကို သိလို၍သာ တစ်ချက်သာ ကြည့်သွားကြလေသည်။

စုမင်မှာ ၃၂ အဆင့်တွင် ထိုင်နေဆဲ ဖြစ်သည်။ ဘာမှ မထူးခြားဟု ထင်ရသော်လည်း အနီးကပ်ကြည့်လျှင် သူ့ခန္ဓာကိုယ်မှ သွေးကြောများ အလျင်အမြန် ပြောင်းလဲနေသည်ကို တွေ့ရပေမည်။ တစ်ခါတစ်ရံ သွေးကြော ၄၆ ခု၊ တစ်ခါတစ်ရံ ၄၇ နှင့် တစ်ခါတစ်ရံ ၄၈ ပြောင်းလဲနေ၏။ အပြောင်းအလဲမှာ မြန်ဆန်လွန်း၍ အာရုံစိုက်မကြည့်လျှင် သွေးကြောများကို မြင်ရမည် မဟုတ်ပေ။

နေလုံးလုံး‌ ကွယ်ပျောက်သွား၍ ငွေလစန္ဒ္ဒါ ပုံရိပ်သည် ကောင်းကင်တခွင် ပြတ်သားစွာ ထွက်ပေါ်လာပြီ ဖြစ်၏။ စုမင် ခန္ဓာကိုယ်ပေါ်မှ သွေးကြောတို့မှာ တစ်ဖန်ပြောင်းလဲ သွားပြန်သည်။ သွေးကြော ၄၈ ခု အထိ တစ်ကြိမ်ကနေ နှစ်ကြိမ်၊ နှစ်ကြိမ်ကနေ သုံးကြိမ်အထိ တဖြည်းဖြည်း တိုး၍ပေါ်ပေါက်လာခဲ့သည်မှာ ၈ ကြိမ်၊ ကိုးကြိမ်တိုင် ရောက်နေပြီ ဖြစ်၏။

ထိုအခိုက် စုမင် မျက်လုံးများ ပွင့်လာပြီး စိတ်လှုပ်ရှားမှုကြီးစွာနှင့် ဖျတ်ခနဲ တောက်ပသွားလေသည်။ သူလုပ်နိုင်ခဲ့ပြီ။ အပြည့်အစုံကြီး မဟုတ်သည့်တိုင် သူလုပ်နိုင်ခဲ့ပေပြီ။

၁၀ ကြိမ်အတွင်း ခန္ဓာကိုယ်တွင်းမှ သွေးကြောတစ်ခု ပျောက်ကွယ်သွားအောင် ကိုးကြိမ် တိတိ လုပ်ဆောင်နိုင်ခဲ့၏။

သွေးကြောတစ်ခု ပျောက်ကွယ်သွားခြင်းသည် အရေးမကြီးဟု ထင်ရ‌သော်ငြား ၎င်းမှာ စုမင်သည် သွေးလည်ပတ်မှုနှင့် ချီစွမ်းအင်လှည့်လည်မှုတို့အား စတင် ထိန်းချုပ်နိုင်ပြီဟု အဓိပ္ပာယ် ရလေသည်။ သူ့ခန္ဓာကိုယ်တွင်းမှ သွေးတို့မှာ မြင်းရိုင်းတစ်ကောင်အလား ထိန်းမနိုင် သိမ်းမရ လည်ပတ်နေခြင်း မဟုတ်တော့ဘဲ ‌ကြိုးကွင်းရှည်နှင့် ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်ထားနိုင်သည့် အဖြစ်မျိုး ဖြစ်သည်။

တဖြည်းဖြည်းနှင့် နေရာတွင် ထိုင်ရင်း ကိုယ်ပေါ်မှ သွေးကြော အရေအတွက်ကို လျှော့ချ သွားလိုက်သည်။ ၄၇၊ ၄၆၊ ၄၅ သို့ ရောက်လာ၏။ ၃၈ ကြိမ်မြောက် အရောက်တွင် စုမင်မှာ ချီစွမ်းအင်ကို မထိန်းချုပ်နိုင်တော့ဘဲ ကသောင်းကနင်း ဖြစ်လာ၏။

၃၂ ဆင့်မှ ဖိအားည် လက်ရှိ သူ့အခြေအနေအား မကူညီနိုင်တော့မှန်း စုမင် သိလိုက်သည်။ သည့်ထက်အဆင့်မြင့်တင်လိုလျှင် ၇၉ မြောက် အဆင့်သို့ တက်လှမ်းရပေတော့မည်။

စုမင် မျက်လုံးများ တောက်ပနေ၏။ သူက မဆိုင်းမတွ ထရပ်ပြီး ၃၃ လှမ်းမြောက် အဆင့်သို့ တက်လှမ်းလိုက်သည်။ သူ တရစပ် လှမ်းလာ၏။ တစ်ကြိမ်လျှင် ရှေ့သို့ တစ်ဆင့် ချီတက်သွားလေ တောင်ပေါ်ရှိ ဖိအားတို့က သူ့အပေါ် ပိုမို ဖိနှိပ်လာလေ ဖြစ်၏။ ထို့အတူ စုမင်၏ ခန္ဓာကိုယ်မှ သွေးကြော ၄၉ ခုလုံး ရုတ်တရက် ပေါ်လာပြီး သူ့ခန္ဓာကိုယ်ထဲတွင် လျှင်မြန်စွာ ပျံ့နှံ့ စီးဆင်းသွားလေ၏။ တစ်နေ့ခင်းလုံး ကြိုးစားမှု၏ အသီးအပွင့်ဖြစ်သော ကောင်းမွန်စွာ ထိန်းချုပ်နိုင်မှုသည် အောင်မြင်မှုတစ်ခုသာ မကတော့ဘဲ သွေးကြောတို့အား ထိန်းချုပ်နိုင်စေခဲ့လေပြီ။ သွေးကြောတို့ ထွက်ပေါ်လာချိန် သူ့ခန္ဓာကိုယ်ထဲတွင် အသံမျိုးစုံ မြည်ဟည်းသွားလေ၏။

မြည်ဟည်းသံများ လေထုထဲ ပဲ့တင်ထပ်နေခိုက် သူ့ခန္ဓာကိုယ်ပေါ်၌ ၅၀ ခု မြောက် သွေးကြော ရုတ်တရက် ပေါ်ထွက်လာသည်။ စုမင်မှာ ခြေလှမ်းတို့ကို မရပ်တန့်သေး။ တစ်ဆင့်ပြီး တစ်ဆင့် တက်သွားလိုက်သည်မှာ တဖြည်းဖြည်းနှင့် ၃၇ ... ၄၂ ... ၄၉ ... ၅၈ ...။

အချိန်တိုအတွင်း အဆင့် ၆၀ သို့ ရောက်သည်နှင့် စုမင်၏ ကိုယ်ပေါ်တွင် ၅၂ ခုမြောက် သွေးကြော ရုတ်တရက် ပေါ်ထွက်လာလေသည်။

နောက်ထပ် သွေးကြောတစ်ခု ထပ်မံပေါ်ပေါက်ရုံနှင့် သူစုမင်မှာ သွေးကြောကျောက်သား ကျင့်စဉ်၏ အဆင့် ၅ သို့ ရောက်ရှိပြီ ဖြစ်သည်။ ပြောရလျှင် သူသည် မာန်ပညာရပ် တစ်ခုဖြစ်သော မှောင်မိုက်သွေးမှုန်အား စတင်ကျင့်ကြံနိုင်ပြီ ဖြစ်၏။

စုမင်ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် အသံဗလံများမှာ အဝေးကြီးသို့ မပျံ့လွင့်သော်လည်း သူနှင့် ခြေလှမ်း ၃၀၀ ခန့်သာ ကွာဝေး၍ အနီးဆုံးလမ်းကြောင်းတွင် ရှိနေသော ပိစုမှာ လမ်းလျှောက်နေရင်း ကြားသွားခဲ့လေသည်။ သူက ရပ်ပြီး နောက်သို့ လှည့်ကြည့်လိုက်၏။

"ဒီအသံက လက်ရှိ သွေးကြော အရေအတွက်ကို လွန်မြောက်အောင်မြင်သွားလို့ ထွက်လာတဲ့ အသံပဲ။ ဒီလိုနေရာမျိုးမှာ ဘယ်သူကများ သွေးကြောတိုးအောင် လုပ်နိုင်တာလဲ”

ပိစုမှာ ခဏသာ တွေး‌တောလိုက်၏။ သူ့အနေဖြင့် ထိုကိစ္စပေါ် များစွာ အာရုံမစိုက်လို။ သူ ဆက်လျှောက်သွား၏။ သူ့အနေဖြင့် ပြိုင်ပွဲမဝင်ခင်ကတည်းက အများကြီး ကြိုတင်ပြင်ဆင် လာခဲ့သည်။ တောင်ပေါ်မှ ဖိအားသည် နေ့ဘက်နှင့် ယှဉ်လျှင် ညအချိန်၌ အဆပေါင်းများစွာ တိုးတက်မြင့်မားလာမည်ကို ပိစု သိထားသည်။ ထို့ကြောင့် အားလုံးနီးပါးမှာ ညအချိန် ကောင်းကင်ယံထက် လသာနေစဉ် မလှုပ်ရှားဘဲ သည်အတိုင်းနေရန် ဆုံးဖြတ်ထားကြလေ၏။ အကယ်၍ ရှေ့သို့ ဆက်သွားမည် ဆိုပါက ပေးဆပ်ရမည့် အရင်းအနှီးသည် လွန်စွာ များပြားပေလိမ့်မည်။ ထိုသို့ ပေးဆပ်ရန်လည်း မထိုက်တန်။

ညတွင် အိပ်စက်အနားယူပြီး နောက်တစ်နေ့မှ ပြန်လျှောက်မည်ဆိုလျှင် များစွာ အကျိုးသက်ရောက်မှု ရှိမည်။ ထိုအတိုင်းသည်သာ အကောင်းဆုံး အခြေအနေ ဖြစ်သည်။ ထို့ကြောင့် သန်းခေါင် မတိုင်မီ တတ်နိုင်သမျှ ရှေ့တက်သွားပြီး အနားယူနေရမည် ဖြစ်သည်။

စုမင်၏ ခန္ဓာကိုယ်ထဲတွင် သွေးကြော ၅၂ ခု အထိ တိုးပွားလာသည့်တိုင် သူက ရှေ့ဆက် တက်သွားလေ၏။ မမြင်နိုင်လောက်အောင် အလှမ်းဝေးလွန်းသည့် တောင်ထိပ်ကို ရှေးရှုပြီး လှေကားများပေါ် တက်လှမ်းသွားလေသည်။

သူ့အမြန်နှုန်းကြောင့် အပြင်ဘက် ကွင်းပြင်ထဲမှ လူများ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားသည်ကိုတော့ မသိလိုက်ပေ။

ရာနှင့်ချီသည့် လူတို့က စာမေးပွဲ၏ ထိပ်တန်းအဆင့် ၅၀ ကိုသာ အာရုံစိုက်ကြည့်နေကြ၏။ သို့သော် ရံဖန်ရံခါ နောက်ဆုံးအဆင့်တွင် ရှိနေသည့် မော့စုဆိုသောလူအား လှောင်ပြောင် သရော်လိုသော စိတ်နှင့် ကြည့်တတ်ကြသေး၏။ သူတို့အတွက် နေ့လယ်ခင်း တစ်ခုလုံး ၃၂ အဆင့်တွင် ရှိနေခဲ့သော ထိုလူသည် အားပြတ်လပ်သွားပြီဟု အထင်ရောက်ခဲ့ကြသည်။

သို့‌ပေမဲ့ ထိပ်တန်း ၅၀ နေရာ အပြောင်းအလဲ‌ကိုသာ ဂရုတစိုက် ကြည့်နေခဲ့သည့် လူအုပ်ထဲမှ လူတစ်ယောက်က နောက်ဆုံး နေရာအား မသိလိုက်မသိဘာသာ တစ်ချက်ကြည့်လိုက်မိချိန် တဒင်္ဂမျှ အံ့အားသင့်သွားကာ မျက်လုံး‌များ ပြူးကျယ်သွားလေသည်။ နောက်ဆုံးနေရာတွင် ရှိနေသော မော့စု နာမည်၏နောက်တွင် နံပါတ်များ ရုတ်ချည်း တိုးလာသည်ကို တွေ့လိုက်ရလေ၏။

၃၃၊ ၃၇၊ ၄၅၊ ၄၈ ... ၆၁၊ ၆၃ ထိတိုင် ဆက်လက် တိုးလာနေဆဲ။ အဆင့်သတ်မှတ်ချက်များကို ကြည့်လိုက်သည့်အခါ နောက်ဆုံးအဆင့်မှ လူသည် ရှေ့သို့ အဆင့်များစွာ တိုးလာသည်ကို တွေ့လိုက်ရ၏။ သို့တိုင် ထိုလူ၏ အဆင့်သည် ဆက်ကာဆက်ကာ မြင့်တက်နေဆဲ။ မကြာခင် အပြောင်းအလဲကို သတိပြုမိသွားသူသည် သူ တစ်ယောက်တည်း မဟုတ်‌တော့။ လူအများစုက သတိပြုမိသွားပြီး ကြည့်လိုက်သည့်အခါ အားလုံး မှင်တက်သွားကြလေ၏။ ထိုအချိန်မှစ၍ ထိပ်တန်းအဆင့် ၅၀ အပြောင်းအလဲပေါ် စိတ်ဝင်စားမှုမှာ ထိုနောက်ဆုံးလူ၏ မြင့်တက်လာသော အဆင့်များလောက် စိတ်ဝင်စားစရာ မကောင်းတော့ပေ။

"မော့စုလို့ ခေါ်တဲ့လူ စပြီး တက်လာနေပြီ။ ဟားဟား သူနေ့လယ်ခင်း တစ်ခုလုံး အိပ်‌နေပြီး ခုမှ နိုးလာတာ များလား”

“အဆင့် ၁၃၇ မှာ ရောက်နေပြီ။ ပြီးခဲ့တဲ့ နေရာကနေ အဆင့်တွေ အများကြီး တိုးတက်လာတယ်။ သူက နောက်ပိုင်းကျမှ အစွမ်းတွေ တနင့်တပိုး ပေါက်ကွဲထွက်လာတဲ့ ပုံစံမျိုးလား။ အဆင့် ၁၂၀ အတွင်း တက်လာနိုင်မလား ကြည့်ရအောင်”

“ဝင်လာပြီ အဆင့် ၁၁၉၊ ခြေလှမ်း ၇၉ လှမ်း”

"ဟမ် ... ဘာလို့ သူရပ်သွားတာလဲ"

"သူ နောက်ထပ် ရပ်သွားပြန်ပြီ”

ပွဲကြည့်ပရိသတ်များက အဆင့် ၁၁၉ နေရာတွင် ရှိနေသော မော့စုနာမည်အား စိတ်ဝင်တစား ကြည့်နေကြ၏။ သို့သော် ၇၉ လှမ်းမှ ထပ်မံ တိုးတက်လာခြင်း မရှိသည့်အခါ သူတို့ စိတ်ပျက်သွားကြလေသည်။

"ငါတော့ အံ့ဖွယ်‌သရဲ မြင်ရ‌တော့မယ်လို့ ထင်ထားတာ။ သူ့မှာ ခွန်အား လုံလုံလောက်လောက် မရှိဘူးနဲ့ တူပါတယ်။ သူ့အစွမ်းမိုင်ကုန်က ၇၉ ပဲထင်တယ်။ နေ့လယ်ခင်း တစ်ခုလုံး စွမ်းအားတွေ စုထားပြီး အခုတော့ အကုန်ထုတ်သုံးလို့ ကုန်ပြီ ထင်ပါတယ်ကွာ”

တဖြည်းဖြည်းနှင့် ကွင်းထဲမှ ပွဲကြည့်ပရိသတ်များမှာ သာမန်နာမည်တစ်ခုအပေါ် သတိမေ့ကာ အာရုံမစိုက်ကြတော့။ အားလုံး၏ အာရုံဝင်စားမှုက ထိပ်တန်းအဆင့် ၅၀ အပေါ် ပြန်လည် ရောက်သွားကြသည်။ သန်းခေါင်ယံ နီးချေပြီ။ ထုံးစံအတိုင်း သန်းခေါင်ယံတွင် လှေကား ဆက်တက်သည့်လူ မရှိတော့။ ၎င်းအချိန်မှာ တစ်နေ့တာ၏ နောက်ဆုံး ရလဒ် ထွက်ပေါ်ရာ အချိန်လည်း ဖြစ်သည်။

မော့စန်းက ၇၉ လှမ်းအထိ တက်လှမ်းနိုင်ခဲ့သော စုမင်၏နာမည်အား ကွင်းပြင် ထောင့်တစ်နေရာမှ ကြည့်နေသည်။ သူ့မျက်နှာတွင် အပြုံးရိပ်တို့ ဖျတ်ခနဲ ပေါ်လာ၏။

သူအနားတွင် ထိုင်နေသော ကျင်းနန်က မျက်မှောင်ကြုတ်လိုက်သည်။ သူ ငှက်ရုပ်ကို ကြည့်လိုက်သည့်အခါ ရာချီလှသည့် ပြိုင်ပွဲဝင်တို့၏အမည်များ သူ့မျက်လုံးထဲမှ ပျောက်ကွယ်သွားပြီး တစ်ဦးတည်းသော နာမည်သာ ကျန်ရစ်ခဲ့လေတော့၏။

အဆင့် ၁၁၉ - မော့စု ‌- ခြေလှမ်း ၇၉ လှမ်း။

စုမင်၏ အဆင့် မြင့်တက်လာတာသည်နှင့် တောင်ပေါ်ရှိ အခြား လှေကားငယ် တစ်ခုတွင် ရှိနေသော ဝူလမှာ ပို၍ စိတ်လှုပ်ရှားလာခဲ့သည်။ သူမက လက်ထဲမှ ချပ်ပြားကို ကြည့်ရင်း လက်ရှိ သူမအဆင့်အား ကြည့်လိုက်၏။

အဆင့် ၁၁၈ - ဝူလ၊ ခြေလှမ်း ၈၂ လှမ်း။

အချိန်ကြာလာသည်နှင့်အမျှ 'မော့စု' ဆိုသောလူ ၇၉ လှမ်းမှ ဆက်တက်မလာသည်ကို မြင်ရမှ သူမ စိတ်အေးလက်အေး သက်ပြင်းချလိုက်သည်။ ပြီးလျှင် သွားများကို တင်းတင်း စေ့ရင်း ရှေ့သို့ တက်လှမ်းသွားလေ၏။

***

All Chapters