← Chapters

ဗလာနိတ္ထိ မူလမျှော်စင် ဒုတိယအထပ်၊ စိမ်းလန်းသော တောအုပ်ထဲမှ စောင်းသံ

Vol. 65 Ch. 848

ဗလာနိတ္ထိ မူလမျှော်စင် ဒုတိယအထပ်၊ စိမ်းလန်းသော တောအုပ်ထဲမှ စောင်းသံ

Vol. 65 Ch. 848

သို့သော် ဤအကြောင်းအရာနှင့် ပတ်သက်၍ ဝတ်စုံဖြူနှင့်ပုဂ္ဂိုလ်သည် အလွန်အကျွံ မတွေးတော့ပေ။

စူးချန်ကဲသည် အရင်ဘဝများနှင့် မတူညီချေ။ သူသည် သီးခြားခွဲထွက်နေသည့် အခြားသော ဖြစ်တည်မှုတစ်ခု၊ အသစ်စက်စက် ဖြစ်တည်မှုတစ်ခုနှင့် ပိုတူသည်။

စူးချန်ကဲသည် သူ့ကို ဒေဝလောကတစ်ခွင်ရှိ ထောင်ပေါင်းများစွာသော နယ်မြေများနှင့် ချိတ်ဆက်ပေးထားသော တံတားတစ်စင်းလည်း ဖြစ်သည်။

သူသည် ဝတ်စုံဖြူနှင့်ပုဂ္ဂိုလ်၏ မျှော်လင့်ချက်သာမက၊ ဒေဝလောကတစ်ခုလုံး၏ မျှော်လင့်ချက်လည်း ဖြစ်သည်။

“ဒါပေမဲ့ ဒီစကြာဝဠာ လောကကြီးတစ်ခုလုံးဟာ နောက်ဆုံးမှာတော့ သက်ရှိအားလုံးရဲ့ လောကကြီးပဲ”

”နောက်ဆုံးရလဒ် ဘယ်လိုဖြစ်မလဲဆိုတာက သက်ရှိအားလုံးရဲ့ ကိုယ်ပိုင်အားထုတ်မှုပေါ်မှာပဲ မူတည်နေတယ်”

………

တစ်ချိန်တည်းမှာပင်။

ဗလာနိတ္ထိ မူလမျှော်စင်ထဲသို့ ဝင်ရောက်ပြီးနောက်။

စူးချန်ကဲသည် လှေကားထစ်များအတိုင်း တက်လာခဲ့ရာ မကြာမီမှာပင် ဒုတိယအထပ်သို့ ရောက်ရှိလာသည်။

“ဒါက.....”

ပထမအထပ်နှင့် အလားတူပင်၊ ဦးစွာ မြင်တွေ့လိုက်ရသည်မှာ ကြီးမားသော ကြေးတံခါးကြီး တစ်ချပ်ဖြစ်သည်။

၎င်း၏အပေါ်တွင် အဆုံးမရှိသော မဟာလမ်းစဉ် အမှတ်အသားများ ရေးထွင်းထားပြီး၊ နက်နဲဆန်းကြယ်သော ရှေးဟောင်းစာလုံးများက ထိုတံခါးကြီး၏ ခန့်ညားထည်ဝါမှုကို ပို၍ မြှင့်တင်ပေးနေသည်။

အထူးသဖြင့် တံခါးပေါ်တွင် ထွင်းထုထားသော ရှေးဟောင်း ဗျပ်စောင်းသဏ္ဍာန် ရုပ်ကြွများသည် အထူးမျက်စိကျစရာကောင်းပြီး တစ်ချက်ကြည့်လိုက်ရုံဖြင့် လူသားတို့၏ စိတ်ခံစားမှုကို နှိုးဆွပေးနေခဲ့သည်။

အသက်ပြင်းပြင်းရှူသွင်းကာ စိတ်တည်ငြိမ်အောင် ပြင်ဆင်ပြီးနောက်၊ စူးချန်ကဲသည် သူ့ခန္ဓာကိုယ်အတွင်းရှိ အမတစွမ်းအားများကို လှုံ့ဆော်ကာ နှစ်ကာလကြာရှည်စွာ ပိတ်ထားခဲ့ပုံရသော ကြေးတံခါးကြီးကို ဖြည်းညင်းစွာ တွန်းဖွင့်လိုက်သည်။

ကျွီ——

ကြေးတံခါးကြီးသည် အနည်းငယ် ပွင့်သွားသည်နှင့် တစ်ပြိုင်နက်၊ အတွင်းမှ လွင့်ပျံနေသော အမတစွမ်းအားများသည် မြူခိုးများအလား တိုးထွက်လာပြီး စူးချန်ကဲ၏ မြင်ကွင်းကို ချက်ချင်း မှုန်ဝါးသွားစေသည်။

တံခါးကြီး လုံးဝပွင့်သွားသည်နှင့် ထွက်ပေါ်လာသော အရှိန်အဝါသည် မိုးပြာနဂါးတစ်ကောင် ဟိန်းဟောက်လိုက်သကဲ့သို့ စူးချန်ကဲ၏ ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းအားလုံးကို ပြင်းထန်စွာ ရိုက်ခတ်သွားလေသည်။

“ဒါက တကယ်ပဲ.....”

စူးချန်ကဲခမျာ အံ့သြတုန်လှုပ်ရန် အချိန်ပင် မရလို‌က်ချေ။

ဒင်——

ရှေးဟောင်း စောင်းသံတစ်ခုသည် ကောင်းကင်နှင့် မြေကြီးကြားတွင် ရုတ်တရက် မြည်ဟည်းထွက်ပေါ်လာသည်။ ထိုထူးဆန်းသော စောင်းသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက်၊ တောင်ကြီးတစ်ခု ပြိုကျလာသကဲ့သို့ လေးလံသော ဖိအားများ ကျဆင်းလာခဲ့သည်။

ဝုန်း ဝုန်း ဝုန်း! !

တစ်ချိန်တည်းမှာပင် ဤလောကသည် ထိုစောင်းသံ၏ လွှမ်းမိုးမှုကို ခံလိုက်ရသကဲ့သို့ ဟင်းလင်းပြင်တွင် ကမောက်ကမ ဖြစ်ကာ အာကာသမုန်တိုင်းများ အဆက်မပြတ် တိုက်ခတ်လာလေ၏။

မရေမတွက်နိုင်သော ဖရိုဖရဲစွမ်းအားများသည် ဟိန်းဟောက်နေသော မိုးကြိုးများအဖြစ် ပြောင်းလဲသွားကာ၊ ကြယ်အစုအဝေးများ ပေါက်ကွဲနေသကဲ့သို့ အရာအားလုံးကို ချေမှုန်းဖျက်ဆီးပစ်နေသည်။

ပို၍ ထူးဆန်းသည်မှာ ထိုသောင်းကျန်းနေသော အာကာသမုန်တိုင်းများနှင့် မိုးကြိုးများသည် ဦးတည်ချက်မရှိဘဲ ရိုက်ခတ်လှုပ်ရှားနေခြင်း မဟုတ်ဘဲ စူးချန်ကဲကိုသာ ဦးတည်၍ ပစ်မှတ်ထားလာခြင်းသာ ဖြစ်သည်။

“ဟမ်! မင်းဟာမင်း ဘယ်သူပဲဖြစ်ဖြစ်၊ ဒီလို နည်းလမ်းလေးနဲ့ ငါ့ကို နောက်ဆုတ်အောင် လုပ်ဖို့ဆိုတာ ဝေးသေးတယ်”

စူးချန်ကဲသည် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။

ဝုန်း!

ပြိုးပျက်စွာ တောက်ပသော အမတအလင်းတန်းများသည် ကောင်းကင်သို့ ထိုးတက်သွားပြီး လှိုင်းလုံးကြီးများအလား အရပ်ရှစ်မျက်နှာတစ်ခွင် ပျံ့နှံ့ရိုက်ခတ်သွားသည်။

ဖိအားများကို တောင့်ခံထားရင်း စူးချန်ကဲသည် ဝမ့်ရှန်း စစ်တုရင်ခုံကို တိုက်ရိုက် ဆင့်ခေါ်လိုက်သည်။

ဝုန်း! ဝုန်း! ဝုန်း!

ဝမ့်ရှန်း စစ်တုရင်ခုံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် အကန့်အသတ်မရှိသော အလင်းတန်းများ ဖြာထွက်လာပြီး ၊ စစ်တုရင်ခုံပေါ်ရှိ အဖြူအမည်း စစ်တုရင်အပိုင်းအစများသည် ကောင်းကင်ယံမှ ကျဆင်းလာသော နဂါးငွေ့တန်းကဲ့သို့သော မြင်ကွင်းမျိုးကို ဖန်တီးနေသည်။

မီးလျှံများဖြင့် သန့်စင်ပြီးနောက် ဝမ့်ရှန်း စစ်တုရင်ခုံသည် စူးချန်ကဲ၏ ဗလာနိတ္ထိစွမ်းအား တစ်စိတ်တစ်ပိုင်းကို ဆက်ခံရရှိခဲ့သည်။

၎င်းမှ ထွက်ပေါ်လာသော နတ်ဘုရားအလင်းတန်းအချို့ကပင် သောင်းကျန်းနေသော လျှပ်စီးမိုးကြိုးများဆီသို့ ထိုးဖောက်ဝင်ရောက်သွားသည်။

“သွားစမ်း!”

စူးချန်ကဲသည် သူ့လက်ညိုးဖြင့် စေညွှန်လိုက်သည်နှင့် ၊

ဝုန်း!

အဖြူအမည်း စစ်တုရင်ရုပ် အချို့သည် ကြယ်ပျံများအလား ပြေးထွက်သွားပြီး တစ်ခုနှင့်တစ်ခု ချိတ်ဆက်သွားကြသည်။

ထို့နောက် စစ်တုရင်ရုပ်များဖြင့် ပြုလုပ်ထားသော ဧရာမပိုက်ကွန်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ ကောင်းကင်မှ ကျဆင်းလာသည်။

၎င်းသည် မည်သည့်အရာမှ ဖျက်ဆီး၍မရသော ရွှေခေါင်းလောင်း အကာအကွယ်ကြီးကဲ့သို့ စူးချန်ကဲအား လုံခြုံစွာ လွှမ်းခြုံထားလိုက်သည်။

ပြင်ပမှ လျှပ်စီးမိုးကြိုးများနှင့် အာကာသမုန်တိုင်းများ မည်မျှပင် ပြင်းထန်စေကာမူ ၊ ထိုအကာအကွယ်ကို အနည်းငယ် တုန်ခါစေရုံမှအပ စူးချန်ကဲအား တစ်စုံတစ်ရာမှ မထိခိုက်စေခဲ့ပေ။

ဤအရာအားလုံးကို လုပ်ဆောင်ပြီးနောက် ၊ စူးချန်ကဲသည် ကြေးတံခါးကြီးအတွင်းသို့ ဖြည်းညင်းစွာ လျှောက်လှမ်း ဝင်ရောက်သွားခဲ့သည်။

ဤအတွင်းရှိ ကမ္ဘာလောကကြီးသည် အလွန် ထူးဆန်းသည်။ မြူထုကြီးတစ်ခုက ဖုံးလွှမ်းထားသကဲ့သို့ ဖြစ်နေကာ ၊ စူးချန်ကဲသည် သူ၏ နတ်အသိစိတ်ကို အသက်သွင်းထားသည့်တိုင် မည်သည့် သတင်းအချက်အလက်ကိုမှ မဖမ်းဆုပ်နိုင်ခဲ့ပေ။

ကံကောင်းသည်မှာ သူ၏ခြေဖဝါးအောက်တွင် နူးညံ့ထူထပ်သော မြေသားကို နင်းထားရသဖြင့် စူးချန်ကဲ၏ စိုးရိမ်စိတ်မှာ အနည်းငယ် လျော့ပါးသွားခဲ့သည်။

စူးချန်ကဲ သည် ရှေ့သို့ တိုးလာပြီး ဆက်လက်ရှာဖွေရန် ပြင်ဆင်လိုက်စဉ် -

ဝီ!

ဂီတသင်္ကေတများဖြင့် ဖွဲ့စည်းထားဟန်ရှိသော တောက်ပလှသော နတ်ဘုရားလှံရှည်တစ်စင်းသည် ကောင်းကင်ကို ဖောက်ထွင်း၍ စူးချန်ကဲထံသို့ အလွန်လျှင်မြန်သော အရှိန်ဖြင့် ပြေးဝင်လာသည်။

ထိုလှံသည် လျှပ်စီးတစ်ခုအလား လျှပ်တပြက်အတွင်း စူးချန်ကဲ၏ အနီးအနားသို့ ရောက်ရှိလာခဲ့သည်။

ကွဲအက်သံ!

သာမန် ဂီတလှံတစ်စင်းဟု ထင်ရသော်လည်း ၎င်းထံ၌ အဆုံးမရှိသော စွမ်းအားများ ကိန်းအောင်းနေဟန် ရှိသည်။ တစ်ချက်တည်းနှင့်ပင် ဝမ့်ရှန်း စစ်တုရင်ခုံမှ ဖန်တီးထားသော မဟာလမ်းစဉ် အကာအကွယ်မှာ ချက်ချင်းပင် ပြိုကွဲသွားသည်။

“ဟမ်!”

သို့သော် စူးချန်ကဲသည်လည်း လျင်မြန်စွာ တုံ့ပြန်နိုင်ခဲ့သည်။ ဂီတလှံသည် သူ၏ခန္ဓာကိုယ်ကို ဖောက်ထွင်းတော့မည့်ဆဲဆဲတွင် သူသည် လက်ကို ဆန့်ထုတ်ကာ ထိုလှံကို ဖမ်းဆုပ်လိုက်ပြီး လက်ဝါးထဲတွင် အားထည့်ကာ ညှစ်ပစ်လိုက်သည်။

ဝုန်း!

ကြယ်များ ပေါက်ကွဲသွားသကဲ့သို့ တောက်ပသော အလင်းတန်းများသည် ကောင်းကင်ယံသို့ ထိုးတတ်သွားပြီး ၊ ဂီတလှံတစ်ခုလုံးသည် အလင်းမိုးများအဖြစ်သို့ ကြွေလွင့် ပျောက်ကွယ်သွားလေ၏။

ပို၍ အံ့သြစရာကောင်းသည်မှာ ထိုမျှ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုသည် စူးချန်ကဲအား ဒဏ်ရာမရစေရုံသာမက၊ ကျောက်စိမ်းအလား ကြည်လင်ဝင်းပနေသော သူ၏ အသားအရေပေါ်တွင် အမှတ်အသားတစ်ခုမျှပင် မကျန်ရစ်ခဲ့ခြင်းပင်။

“ဟားးဟား.. တကယ်ကို မဆိုးဘူးပဲ ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက်ထိ သန်မာတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားနိုင်တာ”

“ အမတနယ်မြေ တစ်ခုလုံးမှာတောင် ဒီလိုအဆင့်ကို ရောက်နိုင်တဲ့သူ က ရှားတယ်”

လေညင်းကဲ့သို့ ကြည်လင်အေးမြသော အမျိုးသားတစ်ဦး၏ အသံသည် ဟင်းလင်းပြင်ထဲတွင် ပဲ့တင်ထပ်သွားသည်။

ဟူး——

ပတ်ဝန်းကျင်ကို ဖုံးလွှမ်းထားသော အဖြူရောင် မြူခိုးများသည် ဒီရေအလား ဆုတ်ခွာသွားသည်။ ခဏချင်းအတွင်းမှာပင် စူးချန်ကဲ၏ မျက်စိရှေ့တွင် အသစ်စက်စက် ကမ္ဘာတစ်ခု ပေါ်ထွက်လာခဲ့သည်။

“ဒါက......”

သူသည် စိမ်းလန်းစိုပြေသော ဝါးတောကြီးတစ်ခုအတွင်းသို့ ရောက်ရှိလာဟန်ရသည်။ မရေမတွက်နိုင်သော ဝါးပင်များသည် တစ်ပင်ချင်းတစ်ပင် ထပ်နေပြီး ကောင်းကင်ပြင်ကြီးတစ်ခုလုံးကို ဖုံးအုပ်ထားသကဲ့သို့ပင်။

ကောင်းကင်ယံမှ ကျဆင်းလာသော နံနက်ခင်း နေရောင်ခြည်သည် ဤနေရာကို တိတ်ဆိတ်အေးချမ်းသော နေရာတစ်ခုအဖြစ် ပြုစားနေသည်။

လေညင်း တစ်ချက် တိုက်ခတ်သွားတိုင်း ၊ ဝါးတောသည် လေနှင့်အတူ ယိမ်းနွဲ့သွားတတ်ပြီး၊ စိမ်းလန်းသော ပင်လယ်ပြင်ကြီးတစ်ခုအလား အိပ်မက်ဆန်လှသည်။ ထိုမျှ သာယာလှပသော ပတ်ဝန်းကျင်တွင် မြင်ကွင်းတစ်ခုက စူးချန်ကဲ၏ အာရုံကို ချက်ချင်း ဆွဲဆောင်နိုင်ခဲ့သည်။

ဝါးတော၏ အလယ်ဗဟိုတွင် အဖြူရောင် ဝတ်ရုံထည်ကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် စောင်းတစ်လက်ကို တီးခတ်ရင်း ထိုင်နေသည်။

ဝါးရွက်များအကြားမှ တိုးဝင်လာသော နွေးထွေးသော နေရောင်ခြည်သည် ထိုအမျိုးသားပေါ်သို့ ကျဆင်းနေပြီး၊ သူ၏ ဖြူစင်သော ဝတ်စုံအား ပို၍ပင် တောက်ပသွားစေသည်။

သူ၏ အနက်ရောင် ဆံနွယ်များက လေထဲတွင် လွင့်ပျံနေပြီး၊ သွယ်လျသော လက်ချောင်းများသည် စောင်းကြိုးများပေါ်တွင် အဆက်မပြတ် လှုပ်ရှားနေသည်။

အေးချမ်းသာယာလှသော ဂီတသံစဉ်သည် စိမ်းလန်းသော တောအုပ်နှင့် လိုက်ဖက်ညီစွာ ထွက်ပေါ်လာတတ်သဖြင့် လူ၏ စိတ်နှလုံးကို အလွန်အမင်း အပန်းပြေစေသည်။

၎င်းသည် တောအုပ်ကြီး၏ တိတ်ဆိတ်ငြိမ်သက်မှု နှင့်အတူ ၊ လောကီ၏ တပ်မက်မှုများမှ ကင်းဝေးသော သီးသန့်နေရာတစ်ခုလိုပင်။

တေးသံဆုံးသွားသည့်အခါမှသာ -

ဝတ်ရုံဖြူအမျိုးသားသည် စောင်းကြိုးပေါ်မှ သူ၏လက်ချောင်းများကို နှမြောတသစွာ ဖယ်ခွာလိုက်ပြီး၊ မျက်လုံးကို ပင့်ကြည့်ကာ ပြုံးလျက် ပြောလိုက်သည် ။

“မင်းက စူးချန်ကဲ ထင်တယ်”

“ မင်းကို စောင့်နေတာ ကြာပြီ”

All Chapters