ဂီတလောက၏ အရှင်သခင်
Vol. 65 Ch. 850
စူးချန်ကဲ၏ ဓားချက်များသည် လျှပ်စီးလက်သကဲ့သို့ လျင်မြန်လှသည်။ ၎င်းသည် တောက်ပသော ဓားအလင်းလှိုင်းများကို ဖြစ်ပေါ်စေကာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသည်။
ဝုန်း! ဝုန်း! ဝုန်း!
မျက်စိတမှိတ်အတွင်းမှာပင် ၊ စူးချန်ကဲဘက်မှ ဓားချက်မည်မျှ ထုတ်ဖော်လိုက်သည်ကိုပင် မသိနိုင်တော့ချေ။
မရေမတွက်နိုင်သော ဓားစွမ်းအင်များသည် ကောင်းကင်ထက်၌ အဆက်မပြတ် လင်းလက်သွားပြီး၊ ဝါးရွက်များ၏ တိုက်ခိုက်မှုနှင့် ထိပ်တိုက်တွေ့ဆုံခဲ့သည်။
ဝုန်း ——
စိမ်းလန်းစိုပြေသော ဝါးတောကမ္ဘာအတွင်းဝယ်၊ ဓားစွမ်းအင်နှင့် ဂီတသံစဉ်တို့ ထိတွေ့ရာမှ ထွက်ပေါ်လာသော အဖျက်လှိုင်းတံပိုးများသည် အရပ်ရှစ်မျက်နှာတစ်ခွင်လုံးသို့ လွင့်စဉ်ရိုက်ခတ်သွားပြီး၊ ဝါးပင်များကို အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားစေသည်။
ကြောက်ခမမ်းလိလိ စွမ်းအားများကြောင့် ဟင်းလင်းပြင်ပင်လျှင် အဆက်မပြတ် ပြိုကျပျက်စီးနေပြီး၊ ဂီတနှင့် ဓားစွမ်းအင်တို့က ဟင်းလင်းပြင် အလွှာတစ်လျှောက် အက်ကြောင်းများကို အတင်းအဓမ္မ ထွင်းထုနေသဟန် ရှိသညိ။
သို့သော် ဓားစွမ်းအင်သည် ကမ္ဘာပေါ်တွင် အဖျက်စွမ်းအား အကောင်းဆုံး တိုက်ခိုက်ရေးနည်းလမ်း ဖြစ်သည်နှင့်အညီ ၊ ၎င်းအတွင်း၌ ကိန်းအောင်းနေသော အဖျက်စွမ်းအားမှာ ဂီတစွမ်းအားထက် များစွာ သာလွန်ပေသည်။
ခဏမျှ တင်းမာမှုအပြီးတွင် ၊ ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်များသည် ထပ်မံပေါက်ကွဲထွက်လာပြီး အရာအားလုံးကို ဖျက်ဆီးပစ်တော့မည့်အလား တိုးဝင်သွားသည်။
ဟိန်းဟောက်နေသော ဂီတမုန်တိုင်းသည် ထိုစွမ်းအားရှေ့တွင် စက္ကူစကလေးများကဲ့သို့ပင် ဖြစ်ခဲ့ရပြီး ၊ တိုးဝှေ့ဝင်ရောက်လာသော ဓားစွမ်းအင်များ၏ ဆုတ်ဖြဲခြင်းကို ခံလိုက်ရသည်။
“ ဖွင့် !”
စူးချန်ကဲသည် တိုက်စစ်ဆင်ရန် ဤမျှ ကောင်းမွန်သော အခွင့်အရေးကို လက်လွတ်ခံမည် မဟုတ်ပေ။
လက်ကောက်ဝတ်ကို တစ်ချက် လှည့်လိုက်သည်နှင့် ၊ ကျန့်ရှန်းဓားဆီမှ ရှေးဟောင်းဆန်သော ဓားသံစဉ်တစ်ခု ထွက်ပေါ်လာသည်။
သူ၏ မျက်ဝန်းအစုံသည် ထက်မြက်မှုများဖြင့် အဆုံးမရှိ တောက်ပနေကာ ၊ သူ၏ဓားဖြင့် ထပ်မံ ခုတ်ပိုင်းလိုက်သည်။
ရွှမ်း ! !
ဓားတစ်ချက်တည်းဖြင့် ခုတ်ပိုင်းလိုက်သည်မှာ ထင်ရှားသော်လည်း ၊ အာကာသ ဟင်းလင်းပြင်၌ ထောင်ပေါင်းများစွာ ဓားရိပ်များစွာ ထွက်ပေါ်လာခဲ့သည်။
နဂါးငွေ့တန်းတစ်ခု ပြိုကျလာသကဲ့သို့ ၎င်းသည် ဓားစွမ်းအင်လှိုင်းများကို ဖြစ်ပေါ်စေသည်။
“လာတာ ကောင်းတယ်”
ယွင်ဝူဖုန်းသည် တိုးညှင်းစွာ ရယ်မောလိုက်ပြီး ၊ သူ၏ သွယ်လျသော လက်ချောင်းများဖြင့် စောင်းကြိုးများကို တီးခတ်လိုကိသည်။
ဝုန်း! !
မရေမတွက်နိုင်သော ဂီတသင်္ကေတများ စုဝေးလာကြပြီး ၊ ၎င်းတို့သည် နတ်ဘုရားတစ်ပါး၏ ဧရာမလက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကာ ယွင်ဝူဖုန်း၏ နောက်ကျောဘက်မှနေ၍ ဟင်းလင်းပြင်ကို ဖောက်ထွင်းဝင်ရောက်လာခဲ့သည်။
သူ၏ လက်ဝါးတစ်ချက်တည်းဖြင့် စူးချန်ကဲ၏ ဓားချက်ကို အားကောင်းစွာ ပိတ်ဆို့လိုက်သည်။
ထိုအခိုက်အတန့်တွင် ပြင်းထန်သော ဂီတလှိုင်းတံပိုးများ ပေါက်ကွဲထွက်လာလေ၏။
ဓားစွမ်းအင်နှင့် ဂီတ လှိုင်းတံပိုးများ တစ်ပြိုင်နက်တည်း လွင့်စဉ်ရိုက်ခတ်သွားသည်မှာ လှပလွန်းသလို ကြောက်စရာလည်း ကောင်းလှသည်။
“ဒါက တကယ်ပဲ ဘယ်လိုနည်းလမ်းမျိုးလဲ.....”
ဤမြင်ကွင်းကို ကြည့်ရင်း ၊ စူးချန်ကဲသည်ပင် အံ့အားသင့်သွားရသည်။
ဂီတလမ်းစဉ်နှင့် ပတ်သက်၍ သူလည်း အတိုင်းအတာတစ်ခုအထိ နားလည်ထားသည်။ ယေဘုယျအားဖြင့် ဂီတသင်္ကေတများမှတစ်ဆင့် စိတ်ကူးပုံရိပ်များကို ဖွဲ့စည်းကာ ၊ ထို့နောက် စိတ်စွမ်းအားဖြင့် ရုပ်လုံးပေါ်လာစေသည်။
သို့သော် ယွင်ဝူဖုန်း ဖန်တီးလိုက်သော ဤနတ်ဘုရားလက်ဝါးကြီးသည် စူးချန်ကဲအား လုံးဝကွဲပြားသော ခံစားချက်ကို ပေးစွမ်းနေခဲ့သည်။
၎င်းမှာ ဂီတသင်္ကေတများဖြင့် ဖွဲ့စည်းထားသော စိတ်ကူးယဉ် အရာနှင့် မတူဘဲ၊ အသွေးအသားများ ရှိသည့် တကယ့်အစစ်အမှန် ဖြစ်တည်မှုကြီး တစ်ခုနှင့် ပိုတူနေသည်။
ထို့အပြင် စူးချန်ကဲ၏ ဓားချက်ကို တားဆီးပြီးနောက်တွင်လည်း ဂီတဖြင့် ဖန်တီးထားသော ထိုလက်ဝါးကြီးမှာ ပျောက်ကွယ်သွားခြင်း မရှိခဲ့ပေ။ ၎င်းသည် ဓားစွမ်းအင်၏ သက်ရောက်မှုကို မခံရသည့်အတိုင်း ရှိနေသည်။
“လောကသားတွေက အမြဲ ပြောလေ့ရှိကြတယ်၊ ဂီတလမ်းစဉ်ရဲ့ အမြင့်ဆုံးအဆင့်ဟာ သီချင်းကနေ စိတ်ကူးအာရုံကို ဖော်ဆောင်ပြီး၊ ခံစားချက်ကနေ ပတ်ဝန်းကျင်ကို ပြောင်းလဲတာလို့ပေါ့ “
”ဒါပေမဲ့ ဂီတလမ်းစဉ်ရဲ့ အမြင့်ဆုံးအဆင့်က အဲဒီထက် အများကြီး ပိုတယ်”
ယွင်ဝူဖုန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး စောင်းကြိုးပေါ်ရှိ သူ၏ လက်ချောင်းများကို လျင်မြန်စွာ လှုပ်ရှားလိုက်သည်။
သာယာနာပျော်ဖွယ်ကောင်းသော စောင်းသံစဉ်များကြား အဆုံးမရှိသော ဂီတသင်္ကေတများသည် ဟင်းလင်းပြင်မှ ထွက်ပေါ်လာကြပြီး၊ ယွင်ဝူဖုန်း၏ ဘေးပတ်ပတ်လည်တွင် ဖြည်းညင်းစွာ လှည့်ပတ်နေကြသည်။
ဝီ!
ထို့နောက် တောက်ပသော အလင်းလှိုင်းတံပိုးများသည် သူ့အား ဗဟိုပြု၍ အရပ်ရှစ်မျက်နှာတစ်ခွင်သို့ ပျံ့နှံ့သွားခဲ့သည်။
ဝုန်း ——
ဤနေရာတစ်ခုလုံး လွှမ်းမိုးခံလိုက်ရပုံပေါ်ပြီး ၊ ဂီတသင်္ကေတများသည် ဒီရေအလား အာကာသ ဟင်းလင်းပြင် တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
“ဒါက........”
ဤလောက၏ ထူးဆန်းသော ပြောင်းလဲမှုကို ကိုယ်တိုင် မြင်တွေ့လိုက်ရသဖြင့် စူးချန်ကဲသည်ပင် အသက်ပြင်းပြင်း ရှူသွင်းမိသည်။
ဤလောကအတွင်းရှိ ဂီတသင်္ကေတများသည် မျက်စိရှေ့တွင်ပင် သိသိသာသာ တိုးပွားလာပြီး ၊ အဆုံးတွင် မိုးမြေတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။
၎င်းမှာ “မဟာလမ်းစဉ်မှ တစ်ခု ၊ တစ်မှ နှစ်ခု ၊ နှစ်ခုမှ အရာအားလုံးကို မွေးဖွားသည် “ ဟူသော နိယာမကို လက်တွေ့ပြသနေသကဲ့သို့ပင်။
နောက်ဆုံးတွင် စူးချန်ကဲ ရင်းနှီးထားသော ကမ္ဘာကြီးသည် လုံးဝ ပြောင်းပြန်လှန် ခံလိုက်ရသည်။ မြင်မြင်သမျှ အရာအားလုံးသည် ဂီတဖြင့် ဖွဲ့စည်းထားသကဲ့သို့ ရှိနေခဲ့သည်။
ဂီတသည်သာ ဤကမ္ဘာ၏ အရှင်သခင်ဖြစ်ပြီး၊ လောကရှိ ထောင်ပေါင်းများစွာသော မဟာလမ်းစဉ်များသည် ဂီတစည်းချက်များကို သယ်ဆောင်လာဟန် ရသည်။
စူးချန်ကဲကို ပို၍ အံ့အားသင့်စေခဲ့သည်မှာ ဤမျှ ဆန်းကြယ်သော ကမ္ဘာကြီးသည် အလွန်ပင် စစ်မှန်သော ခံစားချက်မျိုးကို ပေးစွမ်းနေပြီး၊ ဤအရာကသာ မူလကမ္ဘာ အစစ်အမှန် ဖြစ်နေသကဲ့သို့ပင်။
သို့သော် ဤကမ္ဘာသည် ဂီတဖြင့် စုစည်းထားသော စိတ်ကူးယဉ်ကမ္ဘာသာ ဖြစ်သော်လည်း၊ အဘယ်ကြောင့် ဤမျှ စစ်မှန်သော ခံစားချက်မျိုး ပေးစွမ်းနိုင်ရသနည်း။
“ သုံးထောင်သော မဟာလမ်းစဉ််တိုင်းဟာ နောက်ဆုံးမှာတော့ တစ်ခုတည်းမှာပဲ လာဆုံကြတယ် .... “
” ဒီလိုလမ်းစဉ်အားလုံး တစ်ခုတည်းမှာ ပေါင်းစည်းသွားတာဟာ အဆုံးသတ် မဟုတ်ဘူး၊ အသစ်စက်စက် အစပြုခြင်းတစ်ခုပဲ”
“ဂီတနဲ့ စိတ်ကူးယဉ် နယ်ပယ်တွေကို ဖန်တီးနိုင်သလို၊ လောကရှိ အရာခပ်သိမ်းနဲ့ ဆက်သွယ်ပြီး အဆုံးမဲ့ရှင်သန်ခြင်းရှိတဲ့ ကမ္ဘာတစ်ခုကိုလည်း ဖန်တီးနိုင်တယ်”
“ဂီတကနေ ဖန်တီးထားတဲ့ ဒီကမ္ဘာမှာတော့ ဂီတတီးခတ်သူ ဖြစ်တဲ့ ငါဟာ ဒီကမ္ဘာရဲ့ အရာအားလုံးကို အုပ်စိုးတဲ့ အရှင်သခင်ပဲ”
ထိုစကားသံအဆုံးတွင် ယွင်ဝူဖုန်းသည် စောင်းကြိုးများကို ထပ်မံ တီးခတ်လိုက်သည်။ ရှေးဟောင်းဆန်သော တေးသံစဉ်များ ထွက်ပေါ်လာသည်နှင့် အမျှ ၊
ဝုန်း ဝုန်း ဝုန်း! !
ကောင်းကင်ယံမှ ဂီတမုန်တိုင်းများသည် အရပ်မျက်နှာအနှံ့မှ အဆက်မပြတ် ထိုးဆင်းလာကြသည်။
ထို့အပြင်၊ ၎င်းတို့သည် ခွဲခြားသိမြင်နိုင်သော ပုံစံမရှိသောကြောင့် အလွန် ခန့်မှန်းရခက်သည်။
ကံကောင်းသည်မှာ စူးချန်ကဲသည် လက်တွေ့တိုက်ပွဲတွင် အတွေ့အကြုံ ကြွယ်ဝသူဖြစ်သဖြင့် ဤမျှ ပြင်းထန်သော တိုက်ခိုက်မှုများကို ခုခံထားနိုင်သေး၏။
သို့သော် ယွင်ဝူဖုန်း၏ တိုက်ခိုက်မှုသည် ဤမျှနှင့် မပြီးသေးပေ။
“သီချင်းနာမည်က ’ရှေးဦးသားရဲတေးသံ’ တဲ့ ၊ မင်းကို မြည်းစမ်းကြည့်ဖို့ ဖိတ်ခေါ်ပါတယ်”
ဝေါင်း——! ! !
ရှေးကျသော တေးသံစဉ်များကြား ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေသော သားရဲဟိန်းသံများသည် အရပ်အရပ်မှ ထွက်ပေါ်လာခဲ့သည်။
လွင့်ပျံနေသော ဂီတသံစဉ်များကြားမှ ကြီးမားထွားကျိုင်းပြီး အလွန်ထူးဆန်းသော ပုံသဏ္ဌာန်ရှိသည့် ရှေးဟောင်းသားရဲကြီးများသည် စူးချန်ကဲထံသို့ ရုတ်တရက် ခုန်အုပ် ဝင်ရောက်လာကြသည်။
၎င်းတို့မှာ ဂီတသင်္ကေတများဖြင့် ဖန်တီးထားသော အမတနယ်မြေမှ ရှေးဟောင်းသားရဲကြီးများပင် ဖြစ်သည်။
စစ်မှန်အမတအဆင့်တွင်သာ ရှိသေးသော်လည်း၊ အမတနယ်မြေ၏ ကနဦးသားရဲများ ဆိုသည့်အတိုင်း ၎င်းတို့၏ ကာယခွန်အားသည် သာမန်ကျင့်ကြံသူများထက် များစွာ သာလွန်သည်။
ကောင်းကင်အမတအဆင့်ရှိ ခန္ဓာကိုယ်သည်ပင် ထိုသားရဲများ၏ ထက်မြက်လှသော လက်သည်းများကို ခုခံနိုင်ရန် ခဲယဉ်းပေလိမ့်မည်။
ထို့အပြင် ၎င်းတို့၏ အရေအတွက်မှာလည်း ဒီရေလှိုင်းကြီးများအလား အဆုံးမရှိ တစ်ဖွဲဖွဲ တိုးဝင်လာနေကြသည်။
ဝုန်း! !
စူးချန်ကဲသည် ရုတ်တရက် တိုက်ခိုက်လာသော ဂီတနတ်ဘုရားဓားများကို သတိထားနေရသည့်အပြင်၊ ဤရှေးဟောင်းသားရဲများကိုလည်း ရင်ဆိုင်နေရသည်။
ဟင်းလင်းပြင်ထက်တွင်လည်း ပြင်းထန်သော ဂီတဖိအားများ ကျဆင်းနေသဖြင့် သူ၏ လှုပ်ရှားမှုများကို များစွာ ကန့်သတ်ထားသကဲ့သို့ ရှိနေသည်။
တစ်စုံတစ်ယောက်က ဂီတလမ်းစဉ်အရာတွင် ဤမျှအထိ မြင့်မားသော အောင်မြင်မှုကို ရရှိထားလိမ့်မည်ဟု သူ တကယ်ကို ထင်မှတ်မထားခဲ့ပေ။
ယွင်ဝူဖုန်းသည် ကိုယ်တိုင် လှုပ်ရှားရန်ပင် မလိုဘဲ မူလနေရာမှာပင် ထိုင်၍ စောင်းတီးခတ်ကာ လက်ချောင်းကလေးများကို အနည်းငယ် လှုပ်ရှားရုံမျှဖြင့် ၊ ဤကမ္ဘာကြီးတစ်ခုလုံးကို သူ၏ တိုက်ခိုက်ရေး လက်နက်များအဖြစ် ပြောင်းလဲပစ်နိုင်သည်။