← Chapters

အတိတ်ကို ကျောခိုင်း၍၊ အနာဂတ်ကို လှမ်းမျှော်ကြည့်ရှုခြင်း ၊

Vol. 65 Ch. 852-853

အတိတ်ကို ကျောခိုင်း၍၊ အနာဂတ်ကို လှမ်းမျှော်ကြည့်ရှုခြင်း ၊

Vol. 65 Ch. 852-853

ဝုန်းးးး! !

ယွင်ဝူဖုန်းသည် မြေပြင်ပေါ်တွင် အရှိန်ပြင်းထန်စွာ အကြိမ်အနည်းငယ် လူးလိမ့်သွားပြီးနောက်မှသာ သူ၏ခန္ဓာကိုယ်ကို ခက်ခက်ခဲခဲ ထိန်းလိုက်နိုင်သည်။

သို့သော် ထိုသို့ လူးလိမ့်နေစဉ်အတွင်း၌ပင် သူသည် သူ၏ အမြတ်နိုးဆုံး ရတနာဖြစ်သော “ဖူရှီစောင်း” ကို ထိခိုက်မိမည်ကို ကြောက်ရွံ့နေသကဲ့သို့ သူ၏ ရင်ခွင်ထဲ၌ တင်းကြပ်စွာ ပွေ့ပိုက်ထားခဲ့သည်။

“အဟွတ်… အဟွတ်…”

အတန်ကြာမှသာ ယွင်ဝူဖုန်းသည် သူ၏ခန္ဓာကိုယ်ကို အားတင်းကာ မြေပြင်မှ ကုန်းရုန်းထလာခဲ့သည်။

ဓားစွမ်းအင်များက သူ၏ ဖြူစင်သော ဝတ်ရုံကို ဆုတ်ဖြဲသွားခဲ့ပြီး ၊ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများမှ ပူနွေးသော သွေးစက်များ စီးကျနေလေ၏။

သူသည် နှုတ်ခမ်းထောင့်ရှိ သွေးစများကို တိတ်ဆိတ်စွာ သုတ်လိုက်ပြီးနောက် ခေါင်းမော့လာခဲ့သည်။ သူ၏မျက်ဝန်းများမှာ ယခင်ကကဲ့သို့ပင် နွေးထွေးတည်ငြိမ်သော အရိပ်အယောင်များ ပြန်လည် မြင်တွေ့လာရသည်။

“ဝန်ခံရမယ်ဆိုရင်… မင်းရဲ့ ဓားလမ်းစဉ်က တကယ်ကို ထူးခြားပြောင်မြောက်ပေတယ်…”

ယွင်ဝူဖုန်းသည် ခေါင်းကို အသာအယာ ခါယမ်းကာ ခါးသီးစွာ ပြုံးလိုက်ရင်း ။

“ဒီတိုက်ပွဲမှာ ငါရှုံးသွားပြီ…”

သူ၏ အပြင်ပန်းမှာ တည်ငြိမ်နေသော်လည်း အတွင်းစိတ်ထဲ၌ လှိုင်းထန်လို့နေလေ၏။

သူ အလွန်ဂုဏ်ယူရသော “စောင်းလမ်းစဉ်” သည် စူးချန်ကဲ၏ ဓားလမ်းစဉ်ကို ဤကဲ့သို့ အရှုံးပေးလိုက်ရလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

“စီနီယာက ချီးမွမ်းလွန်းနေပါပြီ၊ စီနီယာ ဖန်တီးခဲ့တဲ့ တေးသွားကမ္ဘာဟာ ကျွန်တော် တစ်ခါမှ မကြားဖူးတဲ့ အရာမျိုးပါပဲ”

“ကျွန်တော့်လက်ထဲက အမတဓားကသာ မထက်မြက်ခဲ့ရင် စီနီယာရဲ့ တေးသွားကမ္ဘာကို ဒီလောက် လွယ်လွယ်ကူကူ ချိုးဖျက်နိုင်မှာ မဟုတ်ဘူး”

စူးချန်ကဲ၏ စကားသည် လိမ်ညာပြောဆိုခြင်း မဟုတ်ပေ။

ထိုတေးသွားကမ္ဘာသည် အလွန်ပင် ဆန်းကြယ်ပြီး ၊ တေးသွားမဟာလမ်းစဉ်အပေါ် နားလည်သဘောပေါက်ထားသော စူးချန်ကဲ၏ နားလည်နိုင်စွမ်းထက်ပင် ကျော်လွန်သွားခဲ့သည်။

တေးသွားလမ်းစဉ်ကို ဤကဲ့သို့ အသုံးချနိုင်သည်ကို သူ ပထမဆုံးအကြိမ်အဖြစ် မြင်ဖူးခြင်း ဖြစ်သည်။

တေးသွားများမှတစ်ဆင့် လောကရှိ အရာအားလုံးကို ပုံဖော်နိုင်ပြီး ဂီတမှော်သင်္ကေတများဖြင့် ယင်းတို့၏ စွမ်းအားကို ထိန်းချုပ်နိုင်သည်။

အကယ်၍ ဖိနှိပ်နိုင်သော အင်အားသာ မရှိပါက ၊ အဆင့်တူပြိုင်ဘက်ပင်လျှင် ထိုတေးသွားကမ္ဘာထဲသို့ ကျရောက်သွားပါက လွတ်လမ်းမရှိနိုင်ပေ။

တေးသွားကမ္ဘာထဲရှိ ဂီတ မှော်သင်္ကေတများကို တစ်ကြိမ်တည်းဖြင့် အကုန်အစင် မဖျက်ဆီးနိုင်သရွေ့ ကျန်ရှိသော ဂီတမှော်သင်္ကေတများက အလိုအလျောက် ပြန်လည် မွေးဖွားနေမည် ဖြစ်ရာ အဆုံးမဲ့သံသရာကဲ့သို့ ဖြစ်နေပေလိမ့်မည်။

သူသည် ဗလာနိတ္ထိ မူလမျှော်စင်အတွင်းသို့ မဝင်ရောက်မီက ၊ သူ၏ မဟာလမ်းစဉ် ရတနာသုံးပါးကို အဆင့်မြှင့်တင်ထားခဲ့ပြီး ဖြစ်ရာ ယင်းတို့၏ စွမ်းအားများမှာ ယခင်ကထက် များစွာ ကြီးမားလာခဲ့သည်။

ထိုအမတလက်နက် သုံးပါး၏ အားဖြည့်မှုဖြင့် သူ၏ စွမ်းအားမှာ အဆပေါင်းများစွာ တိုးမြင့်လာခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့်သာ ဤတေးသွားကမ္ဘာကို လွယ်ကူစွာ ချိုးဖျက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ယွင်ဝူဖုန်းမှာ ခဏတာ ကြောင်အမ်းသွားပြီး‌နောက် ၊ ထို့နောက် သဘောကျစွာဖြင့် ရယ်မောလိုက်သည်။

“ရှုံးတာက ရှုံးတာပဲ အကြောင်းပြချက်တွေ အများကြီး မလိုအပ်ဘူး”

“ပြီးတော့ ငါ့အထင် မမှားဘူးဆိုရင် ဒီ အမတလက်နက် သုံးပါးစလုံးမှာ မင်းရဲ့ မူလဝိညာဉ် အငွေ့အသက်တွေ ရှိနေတယ်”

“ ဒါတွေကို မင်းကိုယ်တိုင် သွန်းလုပ်ခဲ့တာ သေချာတယ်၊ ဒါဟာလည်း မင်းခွန်အားရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ…”

“အဟွတ်… အဟွတ်…”

ယွင်ဝူဖုန်းသည် သွေးတစ်လုတ်စာ ထပ်မံ အန်ထုတ်လိုက်ပြီး ၊ သူ၏ အရှိန်အဝါမှာ ပို၍ အားနည်းလာကာ ပုံရိပ်မှာလည်း အချိန်မရွေး ပျောက်ကွယ်သွားနိုင်သကဲ့သို့ မှုန်ဝါးလာခဲ့သည်။

“စီနီယာ…”

စူးချန်ကဲက ရုတ်တရက် မေးမြန်းလိုက်သည်။

“စီနီယာဟာ တကယ်ပဲ ကျွန်တော့်ရဲ့ ပုံရိပ်ယောင်လား…”

“ဒါမှမဟုတ်… စီနီယာက ကျွန်တော့်ရဲ့ ပုံရိပ်ယောင် မဟုတ်ဘဲ၊ ကျွန်တော့်ရဲ့ အတိတ်လား…”

“ဒါမှမဟုတ် သံသရာလည်နေတာလား”

ဝတ်စုံဖြူနှင့် ပုဂ္ဂိုလ်၏ ပြောပြချက်အရ ၊ ဗလာနိတ္ထိ မူလမျှော်စင်အတွင်းရှိ တည်ရှိမှုအားလုံးသည် သူ၏ ကိုယ်ပွားပုံရိပ်ယောင်များသာ ဖြစ်သည်။

ထိုပုံရိပ်များကို အနိုင်ယူနိုင်မှသာ သူသည် မိမိကိုယ်ကိုယ် ကျော်လွန်နိုင်ပြီး နောက်ဆုံးတွင် အသွေးအသား၏ ကန့်သတ်ချုပ်နှောင်မှုကို ချိုးဖျက်နိုင်မည် ဖြစ်သည်။

သူသည် တစ်ဖက်လူ၏ ခန္ဓာကိုယ်ထဲမှ ရင်းနှီးသော အငွေ့အသက်နှင့် အသွေးအသားကို ခံစားမိသည်။

သို့သော်လည်း သူတို့ကြားတွင် မတူညီသော လူများကဲ့သို့ စိမ်းသက်သော ခံစားချက်တစ်ခု ရှိနေပြန်သည်။

ပို၍ အရေးကြီးသည်မှာ ယွင်ဝူဖုန်း သို့မဟုတ် မျှော်စင် ပထမထပ်တွင် တွေ့ခဲ့သော ထိုပုံရိပ်တို့တွင် ကိုယ်ပိုင်အသိစိတ် ရှိကြရုံသာမက သူနှင့် မတူညီသော မှတ်ဉာဏ်များကို ပိုင်ဆိုင်ထားကြသည်။

မိမိ၏ ပုံရိပ်ယောင်ဟု ဆိုခြင်းထက် အတိတ်က မိမိဟု ဆိုလျှင် ပိုမှန်ပေလိမ့်မည်။

အကြောင်းမှာ သူ၏ သွေးသားမတော်စပ်သော ညီမလေး၊ ထျန်းချီနတ်ဘုရားနိုင်ငံတော်၏ ထျန်းရှီဘုရင်မကြီးသည်လည်း သူ၏ ယခင်ဘဝနှင့် ဆက်နွှယ်နေသောကြောင့် ဖြစ်သည်။

ဤမျှ များပြားသော အဖြစ်အပျက်များကို ကြုံတွေ့ပြီးနောက် စူးချန်ကဲအနေဖြင့် ဤသို့ တွေးမိလာခဲ့သည်။

……….

ယွင်ဝူဖုန်းမှာ ခဏတာ ကြောင်အမ်းသွားသည်။ စူးချန်ကဲ သည် ဤကဲ့သို့သော မေးခွန်းမျိုး မေးလာလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။

ခဏတာ စဉ်းစားပြီးနောက် ယွင်ဝူဖုန်းသည် တင်ပျဉ်ခွေ ထိုင်လိုက်သည်။

သူသည် စူးချန်ကဲကိုလည်း ထိုင်ရန် အချက်ပြပြီးနောက် အပြုံးမပျက် ဆက်ပြောလေသည်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီး ငါလည်း မင်းကို အများကြီး ရှင်းပြလို့ မရဘူး”

“မင်း ဒီကို ရောက်လာတာဟာ ‘သူ့’ ရဲ့ လမ်းညွှန်မှုကြောင့်ဆိုတာ မင်းလည်း သိမှာပါ”

“သူဟာ ငါတို့အားလုံးကို ဆယ်သွယ်ပေးတဲ့ တံတားတစ်စင်း ဖြစ်သလို၊ အနာဂတ်နဲ့ အတိတ်ကို ဆက်သွယ်ပေးတဲ့ ကြားခံနယ်ဆိုလည်း ဟုတ်တယ်”

“ငါနဲ့ သူကြားက ကတိအရ ၊ ငါ မင်းကို ဘာမှ ထုတ်ဖော်ပြောလို့ မရဘူး”

“ဒါပေမဲ့ မင်း အမှန်တရားကို သိချင်တယ်ဆိုရင်တော့ ဗလာနိတ္ထိ မူလမျှော်စင်ရဲ့ အမြင့်ဆုံးကို ရောက်တဲ့အခါ မင်းသိချင်တာအားလုံးကို သိရလိမ့်မယ်”

……….

“သူ…”

စူးချန်ကဲသည် အတန်ကြာ စဉ်းစားပြီးနောက် အဖြေကို နားလည်သွားသည်။

“သူ” ဆိုသည်မှာ အခြားသူမဟုတ်ဘဲ ဝတ်စုံဖြူနှင့် ပုဂ္ဂိုလ်သာ ဖြစ်နိုင်သည်။

ထိုအနှီပုဂ္ဂိုလ်သည် ဗလာနိတ္ထိ မူလမျှော်စင်အား ဖန်တီးခဲ့သည်ကို သူကိုယ်တိုင် မြင်တွေ့ခဲ့ရသည် မဟုတ်လော။

ဤမျှော်စင်အတွင်းရှိ အရာအားလုံးကို ထိုအနှီပုဂ္ဂိုလ်သာလျှင် အသိဆုံး ဖြစ်ပေလိမ့်မည်။

စူးချန်ကဲ နားမလည်သည်မှာ ဝတ်စုံဖြူနှင့် ပုဂ္ဂိုလ်သည် သူ့ကို ကူညီချင်သည်မှာ ထင်ရှားသော်လည်း၊ အဘယ်ကြောင့် ကိစ္စများစွာကို ဖုံးကွယ်ထားရသနည်း။

ဤမျှော်စင်၏ အမှန်တရားကိုပင်လျှင် သူ့ကို များများစားစား မပြောပြထားပေ။

စူးချန်ကဲတစ်ယောက် ဆက်လက် မစဉ်းစားမီမှာပင် ယွင်ဝူဖုန်းက ပြုံး၍ ပြောလိုက်သည် ။

“မင်းရဲ့ ခန္ဓာကိုယ်ထဲမှာလည်း တေးသွားအငွေ့အသက် တစ်ခု ရှိနေတာကို ငါ ခံစားမိတယ်”

“ဒီနောက်ဆုံး အချိန်လေးမှာ ငါတို့နှစ်ယောက် တေးသွားတွေကတစ်ဆင့် အတိတ်အကြောင်းတွေကို အပြန်အလှန် ပြောပြကြရင် ဘယ်လိုလဲ”

ဤစကားကို ကြားလိုက်ရချိန်တွင် စူးချန်ကဲမှာ အခိုက်အတန့်မျှ ကြောင်အမ်းသွားသော်လည်း မကြာမီပင် ခေါင်းညိတ်သဘောတူလိုက်သည်။

လောကီတေးသွားများသည် စိတ်ခံစားမှုကို ဖော်ညွှန်းနိုင်သကဲ့သို့၊ လူတစ်ယောက်၏ အတိတ်ကိုလည်း တေးသွားများမှတစ်ဆင့် နားလည်နိုင်ပေသည်။

……….

မကြာမီပင် ပတ်ဝန်းကျင်မှာ ယခင်ကကဲ့သို့ စိမ်းလန်းသော ဝါးတောကြီးအဖြစ် ပြန်လည် ပြောင်းလဲသွားသည်။

စမ်းချောင်းသံများနှင့် သာယာသော ငှက်သံများက စိတ်ကို ကြည်လင်လန်းဆန်းစေသည်။

ဝါးတော၏ အလယ်ဗဟိုတွင် ဝတ်ရုံဖြူကို ဝတ်ဆင်ထားသော ပုံရိပ်နှစ်ခုသည် မျက်နှာချင်းဆိုင် တင်ပျဉ်ခွေ ထိုင်နေကြပြီး သူတို့၏ရှေ့တွင် ရှေးဟောင်း ဗျပ်စောင်းတစ်လက်စီ ရှိနေသည်။

သူတို့နှစ်ယောက်သည် စောင်းကြိုးများကို တစ်ပြိုင်နက်တည်း အသာအယာ တီးခတ်လိုက်သည်နှင့် သူတို့နှစ်ဦး၏ အရှိန်အဝါသည် ရုတ်ချည်း ပြောင်းလဲသွားသည်။

ဤအခိုက်အတန့်တွင် သူတို့နှစ်ဦးသည် လောကီအပူများ ကင်းစင်သော သူတော်စင်များကဲ့သို့ အေးချမ်းတည်ငြိမ်လျက် ရှိကာ စိမ်းလန်းသော ဝါးတော၊ ဗျပ်စောင်းတို့နှင့် တစ်သားတည်း ဖြစ်သွားသကဲ့သို့ ခံစားရစေသည်။

ဒင်——

သာယာသော တေးသံ စတင် ပျံ့လွင့်လာသည်နှင့် တစ်ပြိုင်နက်။

ထောင်ပေါင်းများစွာသော နိယာမတရားတို့သည် လေနှင့်အတူ လွင့်မျောလာပြီး သူတို့နှစ်ဦးကို ဆန်းကြယ်သော နယ်ပယ်တစ်ခုထဲသို့ ဆွဲခေါ်သွားခဲ့သည်။

ယခင်ကကဲ့သို့ တိုက်ခိုက်လိုသော အငွေ့အသက်များ မဟုတ်ဘဲ၊ ငြိမ်းချမ်းမှု ၊ စိတ်လှုပ်ရှားဖွယ် ကောင်းသော ခံစားချက် သို့မဟုတ် တစ်ခါတစ်ရံတွင် လွတ်လပ်ပေါ့ပါးသော ခံစားချက်တို့ကို ပေးစွမ်းလျက် ရှိသည်။

ကွဲပြားသော တေးသွားနှစ်ခု ဖြစ်သော်လည်း သို့သော် ၎င်းတို့သည် အပြန်အလှန် ရောယှက်သွားသည်မှာ ဂီတကို ပို၍ ပြည့်စုံသွားစေသည်။

သူတို့သည် မိမိတို့၏ ကိုယ်ပိုင်နည်းလမ်းဖြင့် အပြန်အလှန် ဖလှယ်ဆွေးနွေးရင်း သူတို့၏ မတူညီသော အတိတ်များကို ရင်ဖွင့်နေကြခြင်း ဖြစ်သည်။

စူးချန်ကဲ၏ စောင်းသံမှာ တဖြည်းဖြည်း နက်ရှိုင်းလာကာ ပိုပို၍ အားကောင်းလာသည်။

တစ်ချိန်တည်းမှာပင်၊ ယွင်ဝူဖုန်း၏ အာရုံထဲ၌ ကြယ်စင်များဖြင့် ပြည့်နှက်နေသော ရှေးဟောင်းလမ်းတစ်ခုသည် သူ၏ မျက်စိရှေ့ တွင် ထွက်ပေါ်လာသလိုပင်။

ထိုလမ်းမကြီးမှာ ခပ်သိမ်းသော လောကများကို ဖြတ်သန်းကာ အချိန်-အာကာသနှင့် ပဲ့တင်ထပ်နေပြီး ၊ သက်ရှိအားလုံးနှင့် ပေါင်းစပ်နေသည်။

ရှေးဟောင်းလမ်းတစ်လျှောက် ပြန့်ကျဲနေသော အလင်းစက်ကလေးများသည် မှောင်မိုက်နေသော စကြဝဠာကြီးကို လင်းထိန်သွားစေပြီး၊ လောကရှိ သက်ရှိအားလုံးကို ထိုနွေးထွေးသော အလင်းတန်းများအောက်တွင် ရေချိုးပေးနေသည့်အလား ထင်မှတ်ရသည်။

ထိုနေရာတွင် မျက်စိစူးရှစေလောက်အောင်ပင် တောက်ပနေ‌‌သော အမတအလင်းတန်းကြီး တစ်ခုကို မြင်လိုက်ရသည်။

တောက်ပသော အလင်းတန်းကြီး၏ အလယ်ဗဟိုတွင် အဖြူရောင် ဝတ်စုံကို ဆင်မြန်းထားသော ပုံရိပ်တစ်ခု ရှိနေသည်။

သူသည် တောက်ပသော အလင်းတံခါးကြီး တစ်ခု၏ ရှေ့တွင် လက်ကို နောက်ပစ်၍ မတ်တပ်ရပ်နေသည်။

သူသည် ခပ်သိမ်းသော လောကတို့၏ အတိတ်ကို ကျောခိုင်း၍ အနာဂတ်ကို လှမ်းမျှော်ကြည့်ရှုနေသကဲ့သို့ပင်။

…….

တစ်ချိန်တည်းမှာပင် တေးသွားနှင့်အတူ ၊ စိတ်အာရုံ နယ်ပယ်ထဲတွင် ရောက်ရှိသွားသော စူးချန်ကဲသည်လည်း ဆန်းကြယ်သော မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရသည်။

ကောင်းကင်အနှံ့ ဂီတသင်္ကေတများ ပျံသန်းနေပြီး မြင့်တတ်လာသော နိယာမလှိုင်းတံပိုးများကြား ၊ သူ၏ ရှေ့မှောက်၌ ပန်းချီကားချပ်တစ်ခုကို ဖြည်းဖြည်းချင်း ဖြန့်ချလိုက်သကဲ့သို့ပင်။

ထိုပန်းချီကားချပ်ထဲတွင် ဝတ်ရုံဖြူကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် တောတောင်ရေမြေအနှံ့ လှည့်လည်သွားလာရင်း လောကကမ္ဘာပေါင်းများစွာကို ဖြတ်သန်းသွားခဲ့သည်။

ရိုးရှင်းလှသော တေးသွားများသည်ပင် သူ၏ လက်ချောင်းများအောက်၌ အခမ်းနားဆုံးသော တေးသွားများအဖြစ် ပြောင်းလဲပစ်နိုင်သည်။

တေးတစ်ပုဒ်ဖြင့် တိုင်းနိုင်ငံ၏အလှကို ဖော်ကျူးသည့်အခါ အားမာန်အပြည့်ဖြင့် လှုံ့ဆော်ပေးနိုင်သည်မှာ ယွင်ဝူဖုန်း၏ ငယ်စဉ်ဘဝက တက်ကြွလှုပ်ရှားမှုကို ဖော်ပြနေသည်။

မိုးနှင့်မြေကြား ပဲ့တင်ထပ်နေသော နောက်သံစဉ် တစ်ပုဒ်သည် ရဲရင့်သော စိတ်ဓာတ်နှင့် သူ၏ ကြီးကျယ်မြင့်မြတ်သော ရည်မှန်းချက်များကို ဖော်ပြနေသည်။

သူတို့နှစ်ဦးစလုံးသည် မိမိတို့ လျှောက်လှမ်းခဲ့သော စောင်းလမ်းစဉ်ကို မတူညီသော နည်းလမ်းများဖြင့် ဖော်ပြနေကြပြီး ၊ စောင်းသံများမှတစ်ဆင့် မိမိတို့၏ ဘဝဖြတ်သန်းမှုများကို ထုတ်ဖော်ပြသနေကြသည်။

ကွဲပြားခြားနားလှသော တေးသွားနှစ်ခု၏ အနုပညာရသမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားချိန်တွင် ဟင်းလင်းပြင်အတွင်းရှိ ဂီတသင်္ကေတများသည် လောင်မြိုက်နေသကဲ့သို့ ပွက်ပွက်ဆူလာသည်။

နတ်အလင်းတန်းများ ပျံ့လွင့်ထွက်ပေါ်လာပြီး မိုးမြေတစ်ခွင်လုံးကို အလွှာတစ်ခုဖြင့် လွှမ်းခြုံထားလိုက်သလိုပင်။

ဤလောကကြီးတစ်ခုလုံးသည် သူတို့နှစ်ဦး၏ တေးသွားကြောင့် လှုပ်ခတ်ပြောင်းလဲနေလေ၏။

သူတို့နှစ်ဦးသည်သာ ဤကမ္ဘာ၏ ဗဟိုချက် ဖြစ်နေပြီး၊ ဤလောကရှိ အရာအားလုံးသည် သူတို့နှစ်ဦးအတွက်သာ ပုံဖော်ဖန်တီးထားသည့်အလား ထင်မှတ်ရသည်။

အချိန်ကာလ မည်မျှကုန်ဆုံးသွားသည်ကို မသိနိုင်ပေ။

လွင့်ပျံ့နေသော စောင်းသံများ တဖြည်းဖြည်း ငြိမ်သက်သွားသည်နှင့် အမျှ ၊

တေးသွားများဖြင့် ဖန်တီးထားသော ကမ္ဘာကြီးသည် မည်သည့်အချိန်က ပျောက်ကွယ်သွားသည်ကို မသိလိုက်ရသော်လည်း ၊ သူတို့နှစ်ဦးသည် စိမ်းလန်းသော ဝါးတောကြီးအတွင်းသို့ ပြန်လည်ရောက်ရှိကာ မျက်နှာချင်းဆိုင် ထိုင်နေကြသည်။

ယွင်ဝူဖုန်းသည် ထိုခံစားမှုထဲမှ ပထမဆုံး နိုးထလာပြီး ပြုံးလျက် ပြောလိုက်သည် ။

“မင်းရဲ့ ဓားလမ်းစဉ်က ထူးကဲရုံသာမက စောင်းလမ်းစဉ်မှာလည်း ဒီလောက်အထိ နက်နဲလိမ့်မယ်လို့ ထင်မထားဘူး

“အချိန်တစ်ခု ရလာတဲ့အခါမှာ မင်းဟာ စောင်းလမ်းစဉ်ရဲ့ အထွတ်အထိပ်ကိုတောင် တက်လှမ်းနိုင်လိမ့်မယ်”

“စီနီယာက ချီးမွမ်းလွန်းနေပါပြီ”

စူးချန်ကဲ၏ စကားသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက်တည်းမှာပင်။

ယွင်ဝူဖုန်း၏ ပုံရိပ်သည် ဝေဝါးကာ ပျောက်ကွယ်လုနီးပါး ဖြစ်လာပြီး ၊ သူ၏ အသက်ရှုသံမှာလည်း ကစဉ့်ကလျား ဖြစ်လာကာ အချိန်မရွေး ကွယ်ပျောက်သွားတော့မည့် အလား။

“ကြည့်ရတာ… အချိန်စေ့ပြီထင်တယ်….

တိုးတိုးလေး ရေရွတ်ရင်း၊

ယွင်ဝူဖုန်းသည် သူ၏ညာလက်ကို ဆန့်ထုတ်ကာ ရင်ဘတ်ရှေ့တွင် မြှောက်ထားလိုက်သည်။

ဝုန်း!

ရုတ်တရက်ဆိုသလို ၊ ယွင်ဝူဖုန်းသည် ဂီတသင်္ကေတများနှင့် ရောယှက်နေသည့် ကြည်လင်တောက်ပသော အလင်းလုံး တစ်လုံးကို သူ၏ရင်ဘတ်အတွင်းမှ ဆွဲထုတ်လိုက်သည်။

ထိုအလင်းလုံးသည် အသေးစား နေမင်းတစ်လုံးကဲ့သို့ ယွင်ဝူဖုန်း၏ လက်ဖဝါးပေါ်တွင် တည်ရှိနေပြီး၊ ဒီရေအလား တိုးဝှေ့လာသော တေးသွားများသည် နားထောင်သူ၏ ဝိညာဉ်ကို မိန်းမော တွေဝေသွားစေနိုင်သည့် ခံစားချက်မျိုးကို ပေးစွမ်းနေသည်။

သို့သော်လည်း ၊ အရှိန်အဝါသည် အလွန်အမင်း အားနည်းနေပြီ ဖြစ်သော ယွင်ဝူဖုန်းသည် ဤအလင်းလုံးကို ဖွဲ့စည်းပြီးနောက်တွင် ၊

သူ၏ခန္ဓာကိုယ်မှ အားအင်များသည် တစ်စက်မျှမကျန် ကုန်ခမ်းသွားပုံရကာ ခန္ဓာကိုယ်၏အောက်ပိုင်းမှာ အလင်းစက်များအဖြစ် တစ်စစီ ပြိုကွဲပျောက်ကွယ်နေပြီ ဖြစ်သည်။

“စီနီယာ... ဒါ ဘာလုပ်တာလဲ......”

All Chapters