စုမင်ရဲ့ ည
Vol. 4 Ch. 56
စုမင်က ၇၉ ဆင့်မြောက်တွင် ထိုင်နေဆဲ ဖြစ်သည်။ သူက ဘေးပတ်ပတ်လည် အထူးသဖြင့် ကောင်းကင်ထက်မှ လမင်းအား မော့ကြည့်နေ၏။ ညသန်းခေါင် မတိုင်မီ အချိန်အနည်းငယ် ကျန်နေသေးသော်လည်း ယခုအချိန်သည် သူ့အတွက် သက်သောင့် သက်သာရှိဆုံး အချိန် ဖြစ်သည်။
မီးလျှံ မာန်အတတ်အား စတင်ကျင့်ကြံကတည်းက စုမင်မှာ လအား မြတ်နိုးခဲ့သည်။ အထူးသဖြင့် လပြည့်ညများကို သူမျှော်လင့်သည်။ သို့သော် မီးလျှံမာန် ပညာရပ်အား စတင် ကျင့်ကြံစဉ်ကတည်းက ယခုအချိန်ထိ လပြည့်ဝန်းကို စုမင် မမြင်ရသေးပေ။
တစ်ညတော့ မြင်ခဲ့ဖူးသည်။ သို့သော် ထိုညတွင် လကို တိမ်နက်တို့က ဖုံးလွှမ်းထားခဲ့လေ၏။ မီးကျောက်ဂူထဲတွင် ရှိနေသည့် ထိုတစ်ညတွင် သူ့ရင်ထဲ ဂနာမငြိမ် ဖြစ်ခဲ့သော်လည်း အဆုံးသတ်တွင် ထူးထူးခြားခြား အပြောင်းလဲမျိုး မရှိခဲ့ပေ။ စုမင်လည်း ကိုယ်တိုင် ခွဲခြမ်းစိတ်ဖြာကြည်၏။ အကယ်၍ ထိုည၌ လစန္ဒ္ဒါသည် တိမ်ညိုတိမ်မည်းတို့၏ ဖုံးကွယ်ခြင်းကို မခံခဲ့ရပါက သိသာသော အပြောင်းလဲမျိုးကို သူ ခံစားရပေလိမ့်မည်။
စိတ်မကောင်းစရာအချက်မှာ ယနေ့က လပြည့်ည မဟုတ်ပေ။ သို့သော် စုမင်စိတ်ထဲ အေးချမ်းနေ၏။ တစ်ချိန်တည်းတွင် မြင့်တက်လာသော လရောင်အောက်၌ သူ ခြေတလှမ်း လှမ်းလိုက်တိုင်း တောင်ကြီး၏ဖိအားကလည်း ပိုမို မြင့်မားလာနေသည်။
“လေပြေစီးကြောင်း အကြီးအကဲပြောတာတော့ ညဘက်မှာ ဖိအားပိုများမယ်တဲ့။ ကြည့်ရတာ အဟုတ်ပဲထင်တယ်”
စုမင် ပြုံးလိုက်၏။ ယခုကိစ္စက သူ့အတွက် မှုစရာ မဟုတ်တော့ပေ။ ညအချိန်၌ ဖိအား များလာခြင်းသည် သူ့စွမ်းအားများ အထွတ်အထိပ်ထိ တိုးပွားလာလိမ့်မည်ဟု ဆိုလိုရင်းလည်း ဖြစ်သည်။
စုမင်ဆိုသောသူသည် နေ့ချိန်ထက် ညအချိန်တွင် ပို၍ ကြောက်ရွံ့ဖွယ် ကောင်းသူ မဟုတ်လော။
စုမင်က လမင်းထံမှ အကြည့်ကိုလွှဲဖယ်ပြီး ၇၉ လှမ်းမြောက်အဆင့်တွင် တင်ပျဉ်ခွေ ထိုင်ချလိုက်၏။ သူက အသက်ကို ပြင်းပြင်းရှူလိုက်ရင်း လက်ရှိရောက်နေသည့် နေရာ၏ ခြားနားချက်ကို တိတ်တိတ်လေး ခံစားရှာဖွေကြည့်နေသည်။
သူမျှော်လင့်ထားသည့် အတိုင်းပင်။ ဤနေရာသည် ဖိအားဟန်ချက်ညီနေသော ဒုတိယမြောက်နေရာ ဖြစ်၏။ ဟန်ချက်ညီနေသော်လည်း သည်နေရာက ဖိအားသည် ၃၂ လှမ်းမြောက်အဆင့်ထက် များပြားလွန်းနေခဲ့၏။ ယခုနေရာသည် ခန္ဓာကိုယ်တွင်းမှ ချီတို့အား နက်ရှိုင်းသည့် အဆင့်တစ်ခုအထိ ဆက်လက် ထိန်းချုပ်ရန်နှင့် သွေးကြောပေါ်ထွက်ခြင်းအား ကိုယ်ပေါ်တွင် အလိုရှိသလို တိတိကျကျ ထိန်းချုပ်နိုင်ရန် အင်မတန် လေ့ကျင့်၍ကောင်းသည့် နေရာ ဖြစ်သည်။
ထို့အပြင် ၇၉ လှမ်းမြောက် အဆင့်သို့ တက်လှမ်းစဉ်က ခန္ဓာကိုယ်အတွင်းရှိ ချီတို့အား အလွန် တိကျစွာ ထိန်းချုပ်နိုင်ခဲ့၍ နောက်ထပ် သွေးကြောသုံးခု ပျံ့နှံ့ဖြာဆင်းလာခဲ့သည်ကိုလည်း စုမင် သိထားသည်။ နောက်ထပ် သွေးကြောတစ်ခု ထပ်မံ ပေါ်ပေါက်လာရုံနှင့် စုမင်မှာ သွေးကြောကျောက်သား အဆင့် ၅ သို့ ရောက်ရှိနိုင်ပြီ ဖြစ်သည်။
အကယ်၍ ၇၉ လှမ်းမြောက် အဆင့်သည် နောက်ဆုံးလေ့ကျင့်ရမည့် နေရာ မဟုတ်ခဲ့လျှင် သည့်ထက် ပိုမြင့်သည့် အဆင့်သို့ တက်နိုင်ခဲ့ပါက နောက်ထပ် သွေးကြောပေါင်း မည်မျှထိ ပေါ်ထွက်လာမည်ကို စုမင် အလွန်အမင်း စိတ်လှုပ်ရှားရင်း သိချင်နေမိ၏။
စုမင် မျက်လုံးများကို ဖြည်းဖြည်းချင်း ပိတ်ရင်း ချီစွမ်းအင်ကို ကိုယ်ခန္ဓာ အနှံ့ လှည့်လည် လိုက်၏။ သည်တစ်ကြိမ်တွင် သူ့အနေဖြင့် ချီတို့အား ကောင်းစွာ ထိန်းချုပ်နိုင်နေပြီ ဖြစ်၍ သူ့စိတ်ကြိုက် အနှေး၊ အမြန်၊ ပုံမှန်အတိုင်း ဖြစ်အောင် ကြိုးစားနေခဲ့သည်။
အချိန်ကုန်လွန်လာသည်နှင့်အမျှ ၇၉ လှမ်းမြောက် အဆင့်တွင် လေ့ကျင့်ရသည်မှာ ကျင့်သားရလာခဲ့သည်။ ထို့အတူ ခန္ဓာကိုယ်ပေါ်မှ သွေးကြော ၅၂ ခုအား တသမတ် မဟုတ်သည့် အရှိန်နှင့် လျော့ချလိုက်လေ၏။ တဖြည်းဖြည်းနှင့် ၃၂ ဆင့်တွင် ရှိခဲ့စဉ်ကအတိုင်း အလားတူ အခြေအနေမျိုးကို စတင် ချဉ်းကပ်မိလာသည်။ ယခု သူ့ခန္ဓာကိုယ်တွင် အပို သွေးကြောသုံးခု ရှိလာပြီဖြစ်၍ သွေးကြောများ တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားချိန်တွင် သွေးကြော ၄၀ သာ ကျန်ရစ်ခဲ့လေတော့၏။
စုမင်မှာ အေးဆေး တည်ငြိမ်နေဆဲပင်။ သူ့တွင် စိုးရိမ်ပူပန်မှုဟူ၍ လုံးဝ ရှိမနေ။ ချီကို ဖြည်းဖြည်းချင်း လှည့်လည်ရင်း ကောင်းစွာ ထိန်းချုပ်နိုင်သည့် အဆင့် ရောက်အောင် လေ့ကျင့်ခြင်းတွင်သာ အာရုံစိုက်ထားလိုက်၏။ သိပ်မကြာခင် နှစ်နာရီ ကုန်ဆုံး သွားလေတော့သည်။
ထိုအချိန်တွင် လူတော်တော်များများ တောင်တက်ခြင်းကို ရပ်တန့်လိုက်ပြီ ဖြစ်၏။ ပြိုင်ပွဲဝင်များမှာ တင်ပျဉ်ခွေထိုင်ရင်း လက်ထဲမှ ချပ်ပြားများပေါ်မှ ၎င်းတို့၏ အဆင့်များကို ကြည့်နေကြ၏။ ပုဝါမကူ ရေမရှုကြေး ဆက်လက် ယှဉ်ပြိုင်ရမည့် မနက်မိုးသောက်ချိန်အား စောင့်မျှော်နေကြလေသည်။
ဝူစန်းမှာ ပြင်းပြင်းထန်ထန် မောပန်းနေသည်။ သူ့မျက်နှာမှာ သွေးဆုတ်ဖြူလျော်နေ၏။ သူက အံတင်းတင်းကြိတ်ရင်း ၂၉၅ လှမ်းမြောက် ခြေလှမ်းကို လှမ်းလိုက်၏။ ထို့နောက် ဖိအားဒစ်ကို မခံနိုင်တော့ဘဲ ဘေးနားတွင် ထိုင်ချလိုက်တော့သည်။ သူ့မျက်နှာတခုလုံး မည်းမှောင်နေသည်။ မြူခိုးမြူငွေ့များအား ကြည့်နေသည့် သူ့မျက်လုံးထဲတွင် မသေချာ ဝေဝါးမှုများ ပြည့်နှက်နေ၏။
"ငါ့ရဲ့ အလောင်းကောင် သွေးတွေ ... ချီးပဲ အဲဒီလူက ငါ့သွေးတွေကို ခိုးယူခဲ့တယ်။ အဲဒါမရှိရင် ငါ ကိုယ့်အင်အားကို တိတိကျကျ အသုံးမပြုနိုင်ရုံ မကဘူး။ မြန်မြန်နဲ့ အားကုန် လွယ်လိမ့်မယ်။ အခုတောင် အားနည်းနေတာကို ခံစားလို့ ရနေပြီ”
"ဒီအကြောင်းကို ငါအကြီးအကဲကို ပြောပြလို့ မဖြစ်ဘူး။ ငါ သွေးပျောက်သွားတဲ့ အကြောင်း သူသိရင် သွေးတော့ ပြန်ရှာပေးလောက်ရဲ့။ ဒါပေမဲ့ သူ့မျက်လုံးထဲမှာ ငါက တန်ဖိုးမဲ့သွားလိမ့်မယ်”
ကြောက်မက်ဖွယ် နောက်ဆက်တွဲ ဆိုးကျိုးများအကြောင်း စဉ်းစားမိလိုက်သည်နှင့် ဝူစန်းမှာ လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိလိုက်သည်။ မရေရာမှု အလွှာများအောက်မှ ကြောက်စိတ်အရိပ်အငွေ့များက သူ့မျက်လုံးထဲ ယီးလေးတွဲခိုနေကြသည်။
"ဒီကိစ္စကို လူသိခံလို့ မဖြစ်ဘူး။ အထူးသဖြင့် အရင်က ငါ့ကို မီးစုန်းသွေး ဆက်သခဲ့တဲ့ လူတွေပဲ။ ငါ့ရဲ့ အင်အားက ကြီးမားပြီး မျိုးနွယ်စုမှာဆိုလည်း ငါ့အဆင့်အတန်းက မြင့်မားတာမို့ ဒီနှစ်တွေထဲ ငါသူတို့ကို ဖိနှိပ်ထားခဲ့တယ်။ ငါသာ ငါ့ရဲ့ အလောင်းကောင် သွေးတွေ ဆုံးရှုံးသွားတာ သိရင် သူတို့ငါ့ကို သစ္စာဖောက်ကြ လိမ့်မယ်”
"ငါဘာလုပ်သင့်လဲ ... ငါဘာလုပ်သင့်လဲ ...”
သွားကို တင်းတင်းစေ့လိုက်သည့် ဝူစန်း၏မျက်နှာမှာ ရက်စက် ကြမ်းကြုတ်ဟန် ပေါ်လာသည်။ သို့တိုင် သူ့မျက်နှာတွင် မရေရာမှုနှင့် ဝေဝါးမှုတို့က ပေါ်လွင်နေဆဲပင်။
ချန်ချွန်းလည်း မောမောပန်းပန်းနှင့် အသက်ရှူနေရ၏။ လမ်းလျှောက်နေစဉ်အတွင်း တရစပ် ညည်းညူခဲ့သည်။ မြူမှုန်များ ဖုံးလွှမ်းနေသော်လည်း ကောင်းကင်ယံထက် သာလွန်းသည့် လကိုသာ ကြည့်ရင်း စိတ်ရှိလက်ရှိ အနားယူရင်း မနက်ဖြန်မနက် မိုးသောက်မည့် အချိန်ကိုသာ ထိုင်စောင့်ချင်မိတော့သည်။ သူ့လက်ထဲမှ ချပ်ပြားတွင် ပေါ်နေသည့် အဆင့် သတ်မှတ်ချက်များကို ကြည့်မိသည့်အခိုက် ပိစုဆိုသောလူက သူ့ထက် ခြေလှမ်းနှစ်လှမ်း ကျောနေသည်ကို မြင်သွားပြီး စိန်ခေါ်ခံလိုက်ရသလို ခံစားလိုက်ရသည်။
"ခွေးကောင်. ... ငါ လုံးဝ မယိုင်လဲဘူးကွ”
ချန်ချွန်းက သွားများကို တင်းတင်းစေ့ရင်း ဆက်လျှောက်သွားလေတော့၏။
တစ်ချိန်တည်းတွင် မောပန်းနွမ်းနယ်နေပြီ ဖြစ်သည့် မဟူရာတောင်မှ ပိစုသည်လည်း လရောင်နှင့်အတူ မြင့်တက်လာသည့် ဖိအားဒဏ်ကို ဂရုမစိုက်ဘဲ လက်ထဲက ချပ်ပြားကို ကြည့်လျက် ရှေ့သို့ လျှောက်လှမ်းနေသည်။ သူ့မှာ ချန်ချွန်းနှင့် အနီးကပ် ပြိုင်ဆိုင်နေရသလို ဖြစ်၍ ကိုယ့်ကိုကိုယ် အတင်းဖိအားပေးရင်း တောင်ပေါ်သို့ ဆက်လက် တက်လှမ်းနေလေ၏။
တစ်နာရီပင် မကြာလိုက်။ ချန်ချွန်းမှာ အသံကျယ်ကြီး အော်ဟစ်လိုက်၏။ တုန်ယင် နေသည့် ခြေထောက်တို့နှင့် ဘေးဘက်တွင် ထိုင်ချလိုက်သည်။ သူ့ ဘေးပတ်လည်မှ ငြိမ်သက်နေသည့် သက်မဲ့ မြူမှုန်တို့အား ဟိန်းဟောက်နေလေ၏။
“သွား သွား ရှေ့ဆက် သွားလိုက်စမ်း ခွေးကောင် မင်းနဲ့ ဒီနေ့တော့ ထပ်ပြီး မပြိုင်တော့ဘူး။ မနက်ဖြန်မှ တွေ့ကြတာပေါ့"
ပိစုလည်း ထိုနည်းတူ ခံစားမိလိုက်လား မသိ။ ခြေလှမ်း အနည်းငယ် လှမ်းအပြီး မြေပြင်ပေါ် အရုပ်ကြိုးပြတ် လှဲချလိုက်၏။ သို့သော် ချပ်ပြားပေါ်မှ သူ့အဆင့်အား မြင်လိုက်သည့်အခါ ကောက်ကျစ်စွာ ပြုံးလိုက်လေ၏။
လေ့ချန်သည်လည်း အလှမ်း ၁၃၀ မြောက် လှမ်းပြီးနောက် မရပ်ချင်ရပ်ချင်ဟန်နှင့် တစ်နေရာတွင် ထိုင်ချလိုက်တော့သည်။
ပြိုင်ပွဲဝင် အများအပြား ရပ်တန့်သွားပြီ ဆိုသော်လည်း ယခုထိတိုင် ရှေ့ဆက်သွားနေဆဲဖြစ်သည့် လူတစ်ယောက် ရှိနေသေးသည်။
"၅၆၃ ... ၅၆၇ ... ၅၇၂ ... ရဲဝမ်က ဉာဉ့်သန်းခေါင်ယံမှာတောင် ဆက်လျှောက်နေတုန်းပဲ"
"ဒုတိယ နေရာက ပိစုပဲ။ သူက ခြေလှမ်းပေါင်း ၃၉၇ လှမ်း လျှောက်ထားတယ်။ ဒါပေမဲ့ ရဲဝမ်က အလှမ်း ၅၀၀ ကျော်သွားပြီ။ ပိုပို အားကောင်းလာတဲ့ ဖိအားဒဏ်ကို လျစ်လျုရှုပြီး ညဘက်ကြီး ဆက်လျှောက်ချင်နေသေးတာလား”
"မျိုးဆက်သစ် လူငယ်တွေထဲမှာ အစွမ်းထက်ဆုံး ပုဂ္ဂိုလ်ကတော့ မျှော်လင့်ထားတဲ့ အတိုင်းပဲ။ သူ့ရဲ့ မဆုတ်မနစ်တဲ့ ဇွဲလုံ့လကို သူများတကာ မယှဉ်နိုင်ဘူး”
ကွင်းပြင်မှ လူများသည် ငှက်ရုပ်များပေါ်မှ အဆင့်သတ်မှတ်ချက်များကို ကြည့်နေဆဲပင်။ ယခုချိန်ထိ ဘုတ်ပြားပေါ်တွင် ခြေလှမ်းအရေအတွက် အဆက်မပြတ် ပြောင်းလဲနေသူဟူ၍ ပထမ နေရာမှ ပုဂ္ဂိလ်တစ်ဦးတည်း၏ နေရာတွင်သာ ရှိနေသည်။
စမ်းသပ်မှု ပထမဆုံး အဆင့်တွင် ဝင်ရောက် ယှဉ်ပြိုင်နေကြတဲ့ အခြားလူအားလုံး၏ ခြေလှမ်းများမှာ ရပ်တန့်သွားကြပြီ ဖြစ်၏။
"၅၈၇ ... ၅၈၉”
"ပြောင်းသွားပြန်ပြီ။ ဒီတစ်ခါ ၅၈၅ကွ"
ကွင်းထဲတွင်တော့ အုတ်အော်သောင်းတင်းပင်။ အားလုံး၏ အာရုံက ပထမအဆင့် နေရာတွင် ကျရောက်နေ၏။ မျိုးနွယ်စု အကြီးအကဲများပင် ရဲဝမ်အား လေးစားစွာနှင့် သက်ပြင်း အလီလီ ရှိုက်နေကြ၏။
"မော့စန်း ... ငါ့မျိုးနွယ်က ရဲဝမ်ရဲ့ ရှေ့ရေး အလားအလာဟာ ကောင်းမွန်လှတယ်။ မင်းတို့ ကောင်လေးနဲ့ ယှဉ်ရင် ဘယ်လိုနေမလဲ”
လေပြေစီးကြောင်း အကြီးအကဲ ကျင်းနန်က ငှက်ရုပ်ပေါ်မှ အဆင့် သတ်မှတ်ချက်များကို ကြည့်ရင်း ပြုံးလိုက်၏။
မော့စန်းသည်လည်း တည်ငြိမ်စွာ ပြုံးလိုက်သည်။
ထိုအခိုက် နဖူးပေါ်မှ ချွေးသီးချွေးပေါက်များ ကျနေသော်လည်း ရဲဝမ်သည် လက်နှစ်ဖက်ကို နောက်ကျောတွင် ဖိကပ်၍ ဆက်လက် လျှောက်လှမ်းနေလေ၏။ သူ လှမ်းသည့် ခြေတစ်လှမ်းစာတိုင်းသည် ခက်ခဲပင်ပန်းလှသော်လည်း လုံးဝ တွန့်ဆုတ်မသွားပေ။ ဘေးတွင် ထိုင်ချလိုက်စဉ် သူ့မျက်နှာ၌ အပြုံးရိပ်တို့ပင် သန်းနေလေ၏။
"နောက်ဆုံးတစ်ခေါက် ငါဒီမှာရှိတဲ့ ပထမဆုံးညမှာ ခြေလှမ်းပေါင်း ၅၈၀ လှမ်းခဲ့တယ်။ ဒီတစ်ကြိမ်မှာ ကိုယ့်ကိုယ်ကိုယ် ခြေလှမ်း ၂၀ ကျောသွားပြီ။ ဒီစမ်းသပ်ပွဲမှာ ခြေလှမ်းပေါင်း ၅၆၂ ထက် ပိုပြီး လျှောက်လှမ်းနိုင်တဲ့လူ ရှိမလားလို့ သိချင်လိုက်တာ။ ဒီတစ်ခါလည်း အရင်တစ်ခေါက် တုန်းကလို ဖြစ်ဦးမှာပါပဲ။ ခြေလှမ်းပေါင်း ၅၆၂ ကျော်က စမ်းသပ်ချက်ကို ကျော်လွန်နိုင်မယ့် သူရှိမှာ မဟုတ်ပါဘူး။
အသက်ရှူရင်း ရေရွတ်လိုက်သည့် သူ့မျက်နှာမှ ဂုဏ်ယူဝံ့ကြွားနေသည့် ဟန်ပန်ကို အထင်းသား မြင်နေရလေသည်။
၅၆၂ လှမ်းမြောက်အဆင့်သည် ထောင်ချောက်တစ်ခု ဖြစ်၏။ ရဲဝမ်ပင် ပထမ တစ်ကြိမ်၌ ကျရှုံးခဲ့ရပြီး ဒုတိယတစ်ကြိမ်မှသာ အောင်မြင်သွားခဲ့ခြင်း ဖြစ်သည်။ ယခု တတိယအကြိမ် မြောက်တွင်တော့ ၅၆၂ လှမ်းမြောက်ကို သူ သိပ်စိတ်မဝင်စားတော့။ ပြိုင်ပွဲဝင် အများအပြား ရှိနေသည့်တိုင် သူနှင့် ယှဉ်ပြိုင်ဝံ့တဲ့သူ မရှိသလို သူ့အာရုံစိုက်မှုနှင့် ထိုက်တန်လောက်သည့် ပြိုင်ပွဲဝင်လည်း မရှိသေးပေ။
သူက ချပ်ပြားကို တစ်ချိန်လုံး ကြည့်နေ၏။ သို့သော် သူ့ကိုယ်သူမှလွဲ၍ မည်သူ့ကိုမျှ ပြိုင်ဘက်ဟု မသတ်မှတ်၊ ရမှတ်ချင်းလည်း မနှိုင်းယှဉ်။
ရဲဝမ် ရပ်တန့်သွားသည်နှင့် ဆွေးနွေးသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။၊ သူတို့ အတွက် ရဲဝမ် ရပ်တန့်သွားသည်နှင့် ယနေ့၏ ယှဉ်ပြိုင်မှုခရီးစဉ်မှာ ပြီးဆုံးသွားပြီ ဖြစ်သည်။ နောက်တစ်ချီအတွက် နောက်တစ်နေ့အထိ စောင့်ကြည့်ရတော့မည် ဖြစ်သည်။
"အဆင့် ၁ - ရဲဝမ် အဆင့် ၂ - ပိစု အဆင့် ၃ - ချန်ချွန်း ... အဆင့် ၁၂ - ဝူစန်း။ အခုချိန်ထိ ထိပ်တန်း ၁၀ ယောက်မှာ တစ်ယောက်ကလွဲပြီး ကျန်တဲ့သူတွေ အားလုံးက လေပြေစီးကြောင်း မျိုးနွယ်စုက ဖြစ်ပါတယ်။ ဒါပေမဲ့ အဆင့် ၄၈ က ပေလင်း ဖြစ်ပြီး အဆင့် ၄၉ က စစ်ခုန်းဖြစ်တယ်။ သူတို့က အပြင်လူတွေပဲ။ သူတို့တွေကရော မနက်ဖြန်ရဲ့ ထိပ်တန်း ၅၀ ထဲမှာ ရပ်တည်နိုင်ပါဦးမလား သိချင်မိတယ်။ ပြိုင်ပွဲကို ဆုံးဖြတ်ပေးမယ့် အဓိကသော့ချက်ကတော့ မနက်ဖြန်ပဲ ဖြစ်တယ်”
"ပိစုဆိုတာ ဘယ်ကလာတဲ့ လူလဲ။ သူ့ရလဒ်က အံ့သြစရာပဲ။ အခု သူက အဆင့် ၂ နေရာမှာလေ။ သူက ချန်ချွန်းကိုတောင် ကျော်နိုင်သေးတယ်။ အဲဒီလူက အနာဂတ်ရဲ့ အစွမ်းထက် မာန်စွမ်းအားရှင် တစ်ယောက် ဖြစ်လာမှာပဲ”
"အခုထိ မပြီးသေးပါဘူး။ မမျှော်လင့်ထားတာတွေ ဖြစ်လာနိုင်သေးတာပဲ”
ဆွေးနွေးနှီးနှောသံ တညံညံမှာ တဖြည်းဖြည်းနှင့် ဆိတ်ငြိမ်သွားလေသည်။ ကွင်းပြင်ထဲမှ ပွဲကြည့်ပရိသတ်များက တင်ပျဉ်ခွေထိုင်ရင်း ဒုတိယနေ့ ရောက်အလာကို စောင့်ဆိုင်းနေကြ၏။
မကြာခင် ကွင်းပြင်တစ်ခုလုံး ဆိတ်ငြိမ်သွားပြီး အသက်ရှူသံများကိုသာ ကြားနေရတော့၏။
"မော့စန်း ... မျိုးနွယ်စုဆီ ပြန်ပြီး စစ်တုရင် သွားကစားရအောင်။ မနက်ဖြန် မင်းရဲ့ စုမင် ထိပ်တန်း ၅၀ ထဲ ဝင်မဝင် ကြည့်ကြတာပေါ့”
ကျင်းနန်က ပြုံးပြီး မော့စန်းအား ကြည့်လိုက်သည်။
မော့စန်းက ဘာမှမပြောဘဲ ငှက်ရုပ်ပေါ်က စုမင်၏ နာမည်အား ကြည့်လိုက်သည်။ ယခုဆိုလျှင် စုမင်၏ နာမည်မှာ ၁၂၀ မှ ၁၂၃ ထိ ကျဆင်းသွားပြီ ဖြစ်သည်။ မော့စန်း ခေါင်းညိတ်ပြလိုက်၏။
သူတို့ ထွက်သွားခါနီး မော့စန်း၏ မျက်လုံးထောင့်တွင် တစ်စုံတစ်ခုကို မြင်သွား၍ မျက်လုံးအိမ် ကျုံ့သွားလေသည်။ မကြာခင် အနားယူရန် ပြင်ဆင်နေကြသော်လည်း ငှက်ရုပ်ကို ကြည့်မိလိုက်ကြသည့် လူများထံမှ အံ့သြတကြီး အော်ဟစ်သံများ ထွက်ပေါ်လာလေ၏။
"သူ လှုပ်ရှားသွားတယ်။၊ မော့စု လို့ခေါ်တဲ့လူ လှုပ်ရှားလာပြန်ပြီ”
အံ့အားတကြီး အော်ဟစ်သံများကြောင့် မျက်လုံးစုံပိတ်ရင်း အနားယူနေကြသည့် လူများပင် အလိုလို မျက်စိဖွင့်ရင်း လှမ်းကြည့်လိုက်ကြ၏။ ထိုမြင်ကွင်းကို တွေ့သွားသည့်အချိန် သူတို့အားလုံး အံ့ဩမှင်တက်သွားကြတော့သည်။
ထွက်သွားလုဆဲဆဲ ကျင်းနန်လည်း ရပ်တန့်လိုက်သည်။ သူသည်လည်း နောက်ပြန် လှည့်ပြီး ရုပ်တုအား ကြည့်လိုက်၏။
နောက်ပြန်လှည့်ကြည့်လိုက်သူမှာ သူတစ်ယောက်တည်း မဟုတ်တော့။ နဂါးနက်တောင် အကြီးအကဲ၊ မဟူရာတောင် မျိုးနွယ်စု ခေါင်းဆောင်နှင့် အခြားမျိုးနွယ်စု ခေါင်းဆောင် အကြီးအကဲများလည်း လှမ်းကြည့်နေသည်ကို တွေ့လိုက်ရ၏။ ပြိုင်ပွဲဝင်အားလုံး ရပ်တန့် သွားချိန် ရုတ်တရက် မြင့်တက်လာသည့် အဆင့်မှာ တကယ်ကို လူတိုင်း၏ စိတ်အာရုံကို ဆွဲဆောင်နိုင်စွမ်း ရှိလေ၏။
တောင်တွင်းတစ်နေရာရှိ ၇၉ လှမ်းမြောက် အဆင့်တွင် တင်ပျဉ်ခွေရင်း တရားထိုင်နေသည့် စုမင်မှာ ရုတ်တရက် မျက်လုံးများ ပွင့်လာ၏။ သွေးကြောတို့ လျော့ပါးပျောက်ကွယ်သွားစေရန် လုပ်ဆောင်မှုအား သွေးကြော ၂၈ ခုမြောက် ရောက်သည့်အခါ ရပ်တန့်လိုက်ပြီ ဖြစ်၏။ ဒါ သူ့အစွမ်း မိုင်ကုန်ပင်။ ဒီထပ်ပိုပြီး မတတ်နိုင်တော့။ ယခုတစ်ကြိမ်တွင် ပို၍ ချောမွေ့လွယ်ကူလာ၏။ အချိန်လည်း မကြာလိုက်။ အကြောင်းရင်းမှာ ညဘက် ဖြစ်နေ၍ ဖြစ်သည်။
လရောင်အောက်တွင် ထိုင်နေသော စုမင်၏ မျက်လုံးထဲ၌ သွေးလွှမ်းလရဲ့ အရိပ်အငွေ့များ ယှက်သန်းနေသည်။ သူထရပ်ပြီး မြွေလိမ်မြွေကောက် လှေကားအား ကြည့်လိုက်သည်။ ထိုအခါ သူ့မျက်လုံးထဲတွင် အလင်းရောင်လေးတစ်ခု တောက်ပသွားပြန်သည်။၊
"နောက်တစ်နေရာက...."
စုမင် ညာခြေဖဝါးကို လှမ်းလိုက်၏။ စုမင်မှလွဲလျှင် ချန်ချွန်း၊ ပိစုနဲ့ ရဲဝမ်တို့ပင် လရောင်အောက် ရှေ့ဆက် မလျှောက်ရဲကြ။
သူ …
စုမင်တစ်ဦးတည်းသာလျှင် ခြေလှမ်းရဲလေ၏။
ဤညကား စုမင်၏ 'ည' ဖြစ်လေသည်။
***
စာစဉ်(၄) ပြီး၏။