← Chapters

သွေးကြောကျောက်သား ကျင့်စဉ် အဆင့် ၅

Vol. 5 Ch. 57

သွေးကြောကျောက်သား ကျင့်စဉ် အဆင့် ၅

Vol. 5 Ch. 57

စုမင်ရဲ့ မျက်ဝန်းဟာ တောက်ပလို့နေတယ်။ တောင်ပေါ်မှာရှိတဲ့ လူတွေဟာ လရောင်ရဲ့အောက်မှာ ခြေတစ်လှမ်းမှ မလှမ်းဝံ့ကြဘူး။ မယုံကြည်နိုင် လောက်အောင် တိုးလို့လာတဲ့ တောင်ပေါ်က ဖိအားကို စုမင်ကတော့ မမှုဘဲ ရှေ့ကို ခြေတစ်လှမ်းစီ တိုးလို့သွားတယ်။

ခြေလှမ်း ၈ဝလှမ်း၊ ၈၁လှမ်း၊ ၈၂လှမ်း ...

ညအခါမှာ ဖြစ်ပေါ်လာတဲ့ တောင်ပေါ်ကဖိအားဟာ နေ့အချိန်က ဖိအားထက် ပိုပြီးများတဲ့အပြင် တောင်ပေါ်ကို တက်လေလေ ပို‌ကြောက်ဖို့ ကောင်းလာလေပဲ ဖြစ်တယ်။ လမင်းကြီးဟာ မိုးကောင်းကင်မှာ ထိန်ထိန်သာနေပြီး အရာအားလုံးဟာ အံဝင်ခွင်ကျ ဖြစ်လို့နေတယ်။ ဒီလိုထူးခြားမှု မရှိလှတဲ့ သာမန်ညလေးဟာ စုမင်ရဲ့ ညဖြစ်တယ်။ သူလမ်းလျှောက် လိုက်တိုင်း အလွယ်တကူ မမြင်နိုင်တဲ့ လရောင်ခြည်မျှင်တန်း တွေဟာ မြေပြင်ပေါ်ကို ကျရောက်လို့လာပြီး သူ့ကိုယ်ခန္ဓာနဲ့ ပေါင်းစပ်ပြီး သွားတဲ့နောက် ဖြစ်ပေါ်လာတဲ့ မျက်လုံးထဲက လရောင် မှိန်မှိန်ဟာ ပိုပြီး ထင်ရှားလာတယ်။

စုမင်ရဲ့ ကိုယ်ခန္ဓာမှာ လှည့်ပတ် စီးဆင်းနေတဲ့ ငွေမင်ရောင် လရောင်ခြည်တန်း တွေဟာ လမ်းလျှောက် လိုက်တိုင်းမှာ သူ့ခြေလှမ်း အသွားနှုန်းကို မြန်လို့ သွားစေတယ်။ ၈၇၊ ၈၈၊ ၉၃ ... မကြာမီမှာ ခြေလှမ်း ၉၉လှမ်းမြောက်ကို စုမင် ရောက်လာတယ်။

သူ့ခြေဖျားဟာ မြေပြင်ပေါ်မှာ လှမ်းလိုက်ချိန် မှာတော့ စုမင် တဆတ်ဆတ် တုန်သွားတယ်။ ချီစွမ်းအားတွေကနေ ဖြစ်ပေါ်လာတဲ့ အပူလှိုင်းတွေဟာ ကိုယ်ခန္ဓာကနေ အရှေ့ကို ပေါက်ကွဲပွင့်ထွက် လာတာ‌ကြောင့် သူ့ကိုအနည်းငယ် လှုပ်ခါသွားစေတယ်။ ချက်ချင်းဆိုသလို ၅၂ကြောမြောက် သွေးကြောဟာ သူ့ကိုယ်ခန္ဓာမှာ ပေါ်ထွက်လာတယ်။ သွေးကြောတွေဟာ ထူးဆန်းတဲ့ ပုံတစ်ခု ဖြစ်လာဖို့ ရစ်ပတ်တွန့်လိမ် နေကြတယ်။

စုမင် ရပ်လိုက်ပြီး ကောင်းကင်ယံထက်ကို ဟစ်ကြွေးလိုက်သံဟာ ကျယ်လောင်ခြင်း မရှိတာကြောင့် အနီးနား ဝန်းကျင်လေးမှာဘဲ ပဲ့တင်ထပ်သွားတယ်။ ဒါပေမဲ့ ၅၃ ကြောမြောက် သွေးကြောဟာ သူ့ကိုယ်ခန္ဓာမှာ ရုတ်တရက် ပေါ်ထွက်လာတယ် ...

ဒီလို သွေးကြောတွေ ဖြစ်ပေါ်လာတာဟာ စုမင်က သွေးကြော ကျောက်သားကျင့်စဉ် အဆင့် ၄ ကနေ အဆင့်၅ကို ရောက်သွားပြီလို့ ဆိုလိုတာ ဖြစ်တယ် ... ။

သူ့ကိုယ်ခန္ဓာထဲမှာ မိုးကြိုး ထစ်ချုန်းသံဟာ မသဲမကွဲ အသံပြုလို့နေပြီး ပတ်ဝန်းကျင်မှာ မြည်ဟည်းနေတဲ့ ပဲ့တင်ထပ်သံဟာ ဆူညံသံတွေ ဖြစ်လာစေတယ်။ ဒါပေမဲ့ ဒီအသံတွေဟာ နံဘေးက အနက်ရောင် မြူမှုန်တွေရဲ့ ဖုံးလွှမ်းတာကို ခံလိုက်ရပုံပေါ်ပြီး ဘယ်ကို ရောက်သွားလဲ ဆိုတာကိုတော့ သူလည်းမသိဘူး။

စုမင်ဟာ သွေးကြော ကျောက်သားကျင့်စဉ်ရဲ့ အဆင့်၄ကို ဖြတ်ကျော်ပြီး အဆင့်၅ကို ရောက်လာချိန်မှာ အနီးအနားလှေကား တစ်ခုပေါ်မှာ ချန်ချွန်းဟာ မောပန်းလွန်းလို့ နှုတ်က ဗလုံးဗထွေး ရေရွတ်နေပြီး အနားယူမယ့်ဟန် ပြင်နေတယ်။ အံ့ဩစရာကောင်းတဲ့ အရာတစ်ခု‌ကြောင့် သူ့ကိုယ်ခန္ဓာဟာ ရုတ်တရက် သိမ့်ခနဲလှုပ်သွားပြီး ဘေးနားက အနက်ရောင် မြူမှုန်တွေကို အလိုလို လှမ်းကြည့်မိသွားတယ်။ မသဲမကွဲ မြည်ဟည်းနေတဲ့ အသံတွေဟာ သူ့နားထဲမှာ ပဲ့တင်ထပ်လာတယ်။ ဒီအသံကို သူရင်းနှီး‌ နေသလိုမျိုး ...

“ဒီ ... ဒီဟာက ... သေစမ်းကွာ ... တစ်ယောက်ယောက်က ဒီနေရာမှာ တကယ် ထိုးဖောက် အောင်မြင် နိုင်တာလား” ချန်ချွန်းဟာ ခဏတစ်ဖြုတ် ကြက်သေ သေသွားပြီးတော့ မယုံကြည်နိုင်တဲ့ ပုံဟာ သူ့မျက်ဝန်းမှာ အပြည့်ပဲ။ သူ့မျက်နှာဟာ တုန်ရီနေတယ်။ စမ်းသပ်ပွဲ ပထမအဆင့်မှာ ကျင့်စဉ်အဆင့်သစ် တစ်ခုကို ထိုးဖောက်အောင်မြင် နိုင်သွားတဲ့လူ ဆိုလို့ တစ်ခါမှ မကြားဖူးဘူး။ အခုက ဒီလိုဖြစ်လာတဲ့ ပထမဆုံးအကြိမ် ဖြစ်တယ် ...

သူ့မျက်လုံး‌တွေကို အားနဲ့ပွတ်ပြီးတဲ့နောက် တစ်ခုခု မှားနေတာကို ခံစားမိတာကြောင့် သူ့နားရွက်ကို ပြောင်းပွတ်လိုက်တယ်။ သေသေချာချာ နားထောင်ဖို့ ခေါင်းမော့ လိုက်ပြီးတဲ့နောက် သူ့နားရွက်တွေဟာ ထူးထူးခြားခြား လှုပ်ရှားလာပြီး မျက်စိတစ်မှိတ် အတွင်းမှာ အနီရောင်အဖြစ် ပြောင်းသွားတယ်။

ချန်ချွန်းမှာ ထူးခြားတဲ့ ပါရမီရှိတယ်။ သူ့အကြားအာရုံဟာ အထူး ကောင်းမွန်တယ်။ ဘယ်သူမှ မကြားနိုင်တဲ့ အဝေးက အသံတွေကိုတောင် ရှင်းရှင်းလင်းလင်း ကြားနိုင်စွမ်းရှိတယ်။

သူငယ်စဉ် ကတည်းက ဒီအစွမ်းကို အသုံးချခဲ့တာ ဖြစ်တယ်။ သွေးကြောကျောက်သား ကျင့်စဉ်ကို ကျင့်ပြီးတဲ့နောက်မှာ အစွမ်းပိုထက် လာတာ‌‌ကြောင့် သူ့ကိုယ်သူ ဂုဏ်ယူလို့နေတယ်။

အသံလာရာကို နားထောင် လိုက်တာနဲ့ သူ့မျက်နှာမှာ အမျက်ခြောင်းခြောင်း ထွက်ပုံပေါ်လာတယ်။

“သေစမ်းကွာ။ ဘယ်လိုတောင် ကောင်းလိုက်တဲ့ ကံလဲကွာ။ ဘယ်လိုလုပ် ဒီအထိတောင် ထိုးဖောက် အောင်မြင်နိုင်စွမ်း ရှိရတာလဲ။ ဘုရားရေ၊ ဘာကြောင့် ငါကျတော့ ဒီလိုမဖြစ်ရတာလဲ” ချန်ချွန်းဟာ အလွန်အမင်း မနာလို နေတာကြောင့် ညည်းတွား ရေရွတ်နေတာ ဖြစ်တယ်။

အကြားအာရုံ အထူး ကောင်းမွန်တဲ့ ချန်ချွန်းကလွဲလို့ သူ့ဘေးနားက လူအများစုဟာ လေထဲက မြည်ဟည်းသံ ခပ်အုပ်အုပ်ကို သတိမပြုမိကြဘူး။ ဒီအသံကို ကြားနိုင်စွမ်းရှိတဲ့ နောက်တစ်ယောက် ကတော့ စုမင်နဲ့ နီးနီးကပ်ကပ်နေတဲ့ မဟူရာတောင်က ပိစု ဖြစ်တယ်။ သူဟာ စုမင်ရဲ့ အပေါ် တောင်ရဲ့တစ်နေရာမှာ ထိုင်နေရာက ရုတ်တရက် မျက်စိဖွင့်လိုက်တယ်။ သူ့အနောက်က အနက်ရောင် မြူမှုန်တွေကို လှမ်းကြည့်လိုက်ချိန်မှာ အံ့အားသင့်လို့ သွားတယ်။

“တစ်ယောက်ယောက် ကတော့ နောက်တစ်ဆင့် တက်သွားပြီ ... ”

ပိစုမျက်နှာဟာ သုန်မှုန်လို့ နေတယ်။ လူတစ်ယောက်ရဲ့ သွေးကြောတွေ တိုးပွားလာတဲ့ အသံကို ခဏအကြာတုန်းက ကြားခဲ့ရတာကို မှတ်မိလာတယ်။ ဒီအကြောင်းအရာတွေ အားလုံးကို ဆက်စပ်မိပြီး သွားတဲ့နောက် သူ့မျက်ဝန်းထဲမှာ အလင်းတစ်ချက် လက်လို့သွားပေမဲ့ သူကြာကြာ စိတ်ရှုပ်မခံပါဘူး။

ပလိတ်ပြားကို ထုတ်ပြီး အဆင့်နေရာတွေ ပြောင်းလဲ သွားတာကို ကြည့်လိုက်တယ်။ အခြားသူတွေရဲ့ အဆင့်ဟာ တည်ငြိမ် နေပေမဲ့လို့ တစ်ဟုန်ထိုး အဆင့်တက်လာတဲ့ နာမည်တစ်ခုကို ဖျတ်ခနဲ ကြည့်လိုက်ချိန်မှာ တွေ့လိုက်ရတယ်။

တစ်ချိန်ထဲမှာပဲ တောင်အပြင်က ကွင်းထဲမှာ စုမင်ရဲ့ လှုပ်ရှားမှုကြောင့် အုတ်အော်သောင်းနင်း ဖြစ်လို့သွားတယ်။ လူတိုင်းလိုလို သိမ်းငှက် ရုပ်တုပေါ်က မော့စု အဆင့်ကို ဖော်ပြနေတဲ့ မျဉ်းတန်း​လေးကို စိတ်ဝင်တစား စောင့်ကြည့်နေကြတယ်။

ဟိုအရင်တုန်းက ပါဝင် ယှဉ်ပြိုင်သူတွေဟာ ပထမအကြိမ် ပြိုင်ပွဲမှာ ညအချိန် ရောက်လာရင် အနားယူလေ့ ရှိတယ်။ အဲဒါဟာ တောင်ထဲမှာ ရှိနေတဲ့သူတွေရဲ့ ရွေးချယ်မှု ဖြစ်သလို အပြင်ဘက်ကွင်းထဲက လူ‌တွေအတွက်လည်း အတူတူပဲ။ ဒါပေမဲ့ ဒီညဟာ အရင်ညတွေနဲ့ မတူ၊ ခြားနားလို့ နေတယ် ...

ဒါတွေ အားလုံးဟာ အခုပြိုင်ပွဲမှာ တစ်ဟုန်ထိုး အဆင့်တက်လာတဲ့ နာမည် တစ်ခုကြောင့် ဖြစ်တယ် ...

“သူ လှုပ်ရှားပြီ ... ခြေလှမ်း ၉၉လှမ်း ... ၇၉လှမ်းကနေ ၉၉လှမ်းအထိ သူသွားခဲ့တယ် ... ပွဲစကတည်းက သူဒီလို လှုပ်ရှားခဲ့တာ။ လုံလုံလောက်လောက် အနားယူပြီး သွားရင် ရူးလောက်တဲ့ အမြန်နှုန်းနဲ့ တောင်‌ပေါ် ပြန်တက်ဖို့ လုပ်လိမ့်မယ် ... ”

“သူက မော့စုပဲ၊ ငါသူ့ကို မှတ်မိတယ် ... တကယ်တော့ သူက နောက်ဆုံး အဆင့်မှာပဲ ရှိနေတာ။ ရုတ်တရက် အင်အားပြင်းတဲ့ စွမ်းအားတစ်ခုက ရှေ့ကိုတွန်းပို့ လိုက်တာ‌ကြောင့် သူ မရပ်တန့် လိုက်ခင်မှာ အဆင့် ၁၁၉ဆင့်အထိ သူရောက်သွားတယ်။ ပြီးတော့ အဆင့် ၁၂၃ကို ပြန်ခုန်ဆင်း သွားရော ... ”

“ကြည့်ပါဦး၊ အခု သူ့အဆင့်က ၁၁၃ ... မဟုတ်ဘူး၊ ၁ဝ၉ အဆင့် ၁ဝ- ၁ဝ၁ ... အခု အဆင့် ၁ဝ၁ ဖြစ်သွားပြီ ... သူသိပ်တော်တယ် ... ”

“ဟဟ ... ဒီလိုမျိုးတွေ ဖြစ်လာမယ်လို့ ငါမထင်ထားဘူး ... သိပ်ကောင်းတယ်၊ မော့စု ဘယ်လောက်ထိ သွားနိုင်မလဲဆိုတာ စောင့်ကြည့်ကြရအောင် ... ”

ကွင်းထဲက ဆွေးနွေးသံ တွေဟာ အုတ်အုတ်ကျက်ကျက် ဖြစ်လာတာကြောင့် နေ့အခါထက် ပိုပြီး အသက်ဝင်လို့ လာတယ်။ ရာကျော် အဆင့်တွေကို စိတ်မဝင်စားတဲ့ လူတွေတောင် မျက်လုံးရှင်ရှင် ထားပြီး လေ့လာအကဲခတ် နေကြတယ်။

အရင်ပြိုင်ပွဲတွေ တုန်းက အောက်ခြေအဆင့်က လူတွေကို ဘယ်သူမှ စိတ်မဝင်စားပါဘူး။ သူတို့ အာရုံစိုက်တာက ထိပ်တန်း အယောက် ၅ဝ၊ ဒါမှမဟုတ် ထိပ်တန်း ၃ဝကစလို့ အဆင့် ၁ဝထိ ရောက်နေတဲ့ သူတွေကိုပဲ ဖြစ်တယ်။ တချို့ လူတွေဆိုရင် ထိပ်ဆုံး ၃ယောက်လောက်ကိုပဲ စိတ်ဝင်စားတယ်။

ဒီအချိန်မှာတော့ အရင်နဲ့ မတူတော့ဘူး။ ဖြစ်တောင့်ဖြစ်ခဲတဲ့ အခြေအနေ​တွေ ဖြစ်ပျက် လာတာကြောင့် ကွင်းထဲက လူတွေအကြားမှာ တီးတိုး ပြောဆိုသံတွေ ထွက်လို့လာတယ်။

သူတို့အချင်းချင်း စကား ပြောနေကြပြီး စိတ်လှုပ်ရှားမှု အပြည့်နဲ့ အဆင့်ဖော်ပြတဲ့ ပလိတ်ပြားကို မခွာတမ်း ကြည့်နေပေမဲ့ မော့စုလို့ခေါ်တဲ့ လူငယ်လေးကိုပဲ သူတို့ အမှန်တကယ် စိတ်ဝင်စားတာ ဖြစ်တယ်။ ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်သူတွေ အားလုံး အနားယူနေချိန်မှာ မော့စုကတော့ သူ့အချိန်ကို အသုံးချရမယ့် နည်းလမ်းကို ရှာလို့ တွေ့သွားတယ်။

နေ့အလင်းရောင် ထွက်လာပြီး ပြိုင်ပွဲဝင်တွေ စလှုပ်ရှားတာနဲ့ တစ်ပြိုင်နက် မော့စုကို အလိုအလျောက် မေ့သွားကြမှာ ဖြစ်တယ်။ တကယ်တမ်း ကျတော့လည်း မော့စုဘယ်နှလှမ်း လှမ်းလှမ်း၊ အဆင့် ဘယ်လောက်ရရ ပါရမီရှင်တွေနဲ့ ယှဉ်နိုင်ဖို့ကို ဘယ်မျှော်လင့် ထားလို့ရပါ့မလဲ။

ဒီအချိန်မှာ လှုပ်ရှားလိုက်တဲ့ စုမင်အပြုအမူဟာ ပြိုင်ပွဲဝင် အများစုရဲ့ အာရုံကို ဖမ်းစားလို့သွားတယ်။ အများစုဟာ လက်ထဲက ပလိတ်ပြားကို ကြည့်ရင်း အမော​ဖြေ နေလေတယ်။ အောက်ခြေအဆင့်နားက လူတွေဟာ ဂနာမငြိမ် ဖြစ်လို့နေပေမဲ့ ထိပ်ဆုံး အဆင့်ပတ်လည်က လူတွေကတော့ တစ်ချက်ကြည့်ပြီး လျစ်လျူရှု လိုက်ကြတယ်။

ဝူလ လည်းပဲ ယောက်ယက်ခက်လို့ နေတယ်။ သူမက အဆင့် ၁၁၂မှာ ရှိနေတာကြောင့် မျက်စိကျယ်ကျယ် ဖွင့်ပြီး ပလိတ်ပြားကို စိုက်ကြည့်နေတယ်။ မော့စု လို့ခေါ်တဲ့ လူတစ်ယောက်ဟာ အောက်ဆုံး အဆင့်ကနေ အဆင့် အများကြီး တက်လာအောင် အချိန်ခဏ အတွင်းမှာ စွမ်းဆောင်နိုင်ခဲ့ တာကြောင့် သူမကို အလွန် စိတ်ဒုက္ခဖြစ်စေတ ဲ့အတွက် သူ့ကို သတိထား စောင့်ကြည့်နေတာ ဖြစ်တယ်။

“တစ်နေ့ခင်းလုံး ငါခက်ခက်ခဲခဲ ကြိုးစားလို့အပြီးမှာ ထိပ်ဆုံး အဆင့်၁ဝဝထဲကို ဝင်နိုင်ခဲ့တယ် ... ဒီ မော့စု ကောင်စုတ် ... သူဘယ်သူလဲ။ ဘယ်လိုလုပ်ပြီး ဒီလို လုပ်နိုင်ရတာလဲ။ ညမှာ မြင့်တက်လာတဲ့ ဖိအား ပမာဏကြောင့် အခု လူတိုင်းအနားယူ နေရတယ် ... ဘာကြောင့် သူဒီလို လုပ်နေရတာလဲ။

ဝူလဟာ သူမရဲ့ စိုးရိမ်‌သောကတွေနဲ့ မကျေနပ်ချက်တွေကြောင့် အံကြိတ်လို့ ထားတယ်။

‌ခြေလှမ်း ၁ဝ၁လှမ်းမြောက်မှာ မော့စုရပ်လိုက်ပြီး ခဏအကြာမှာ သူ့အဆင့်ဟာ ရပ်တန့်လို့ သွားတယ်။ ဝူလ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်တယ်။

“သူလုပ်နိုင်တာ ဒါအကုန်ပဲ”

လေ့ချန်ဟာ ခြေလှမ်း ၁၃၅လှမ်းမြောက်မှာ တင်ပျဉ်ချိတ် ထိုင်လို့ လက်ထဲက ပလိတ်ပြားကို ကြည့်နေတယ်။ သူလည်းပဲ မော့စု နာမည်ကို ရှာနေတာ ဖြစ်ပေမဲ့ သူ့အကြည့်က ထူးဆန်းနေတယ်။ သူ့ပုံစံဟာ အတွေးနက်ထဲမှာ နစ်ဝင်နေသယောင်။

တစ်ချိန်ထဲမှာပဲ ခြေလှမ်း ၂ဝ၆လှမ်းမြောက်မှာ ထိုင်နေတဲ့ ပေလင်းလည်း လက်ထဲက ပလိတ်ပြားကို ကြည့်နေပေမဲ့ သိပ်ဂရုမစိုက်ဘူး။ သူ့အတွက်တော့ ဒီလူဟာ အာရုံစိုက်မှု လိုချင်နေတဲ့ လူတစ်ယောက်သာ ဖြစ်တယ်။ ဒီလူဟာ နေ့ခင်းမှာမသွားဘဲ ညရောက်မှ လှုပ်ရှားတာဟာ အာရုံစိုက်မှု လိုချင်လို့အပြင် ဘာများ ဖြစ်နိုင်မှာတုန်း။

“စိတ်ပျက်ဖို့ ကောင်းတဲ့ အပေါစား အကွက် ... ”

ပေလင်း ခပ်မဲ့မဲ့ ပြုံးလိုက်တယ်။

ပေလင်းရဲ့ အနောက်၊ ခြေလှမ်း ၂ဝဝ မှာ နဂါးနက်တောင်က စစ်ခုန်း ရှိနေတယ်။ သူဟာ မျက်မှောင်ကြုတ်လို့ ထားတယ်။ နေ့ခင်းကတည်းက ပလိတ်ပြားကို အခေါက်ပေါင်းများစွာ ကြည့်ပြီး စုမင်နာမည်ကို ရှာနေပေမဲ့ မတွေ့ဘူး။ အဆင့်တက်နှုန်း မြန်ဆန်နေတဲ့ မော့စုကိုတော့ သူအရေးတောင် မစိုက်အားဘူး။

သူအတွက်တော့ စုမင် အဆင့်ဟာ သူ့အနီးအနားမှာ ရှိသင့်တယ်။ သူဘယ်လိုမှ အဆင့်ရာကျော်ထဲမှာ ရောက်နေစရာ အကြောင်းမရှိဘူး။ ဒီလိုသာ တကယ် ဖြစ်နေခဲ့တယ်ဆိုရင် သူ့ထက် အဆင့်နိမ့်တဲ့သူ တစ်ယောက်ကို အရှုံးပေးခဲ့ရတဲ့ အဖြစ်ကို လက်ခံဖို့ သိပ်ခက်ခဲနေတယ်။

နောက်ထပ် လှေကားတစ်ခုက ခြေလှမ်း ၁၃ဝ လှမ်းမှာထိုင်နေတဲ့ ပိုင်လင်း ရှိနေတယ်။ သူမဟာ ခေါင်းမော့ပြီး လမင်းကြီးကို ငေးနေတယ်။ သူမက အဆင့်တွေကို စိတ်မဝင်စားဘူး။ သူမရဲ့ မျက်နှာပေါ်မှာ မသေချာမှုတွေ ရှိနေပြီး တစ်စုံတစ်ရာကို တွေးလို့နေတယ်။

ကွင်းထဲက လူတွေဟာ မျှော်လင့်စောင့်စား နေကြတယ်။ မော့စုဟာ ခြေလှမ်း ၁ဝ၁လှမ်းမြောက်မှာ ရပ်နေတာကို မြင်တဲ့အခါ စိတ်ပျက် သွားကြပေမဲ့လည်း ဒီလိုဖြစ် လာလိမ့်မယ်လို့ တွက်ဆ ထားတာကြောင့် အရမ်းကြီးတော့ ဖြစ်မသွားကြဘူး။

မျိုးနွယ်စုဝင် ခေါင်းဆောင်တွေဟာ သူတို့ အကြည့်တွေကို လွှဲလိုက်ပြီး အဆင့်‌‌ သတ်မှတ်ချက်တွေကို လျစ်လျူရှု လိုက်ကြတယ် ။

နဂါးနက်တောင်က အမျိုးသမီးကြီးဟာ သူမ မျက်လုံးတွေကို တဖြည်းဖြည်းမှိတ်လို့ ထားလိုက်တယ်။ အဆင့် သတ်မှတ်ချက်တွေကို စိတ်ဝင်စားမှု မရှိတာကြောင့် ပွဲစကတည်းက တစ်ခါမှ မကြည့်ဘူး။

မဟူရာတောင် အဖွဲ့ခေါင်းဆောင်မှာ လှောင် ပြုံးတစ်ခု ရှိလို့နေတယ်။ သူစိတ်ဝင်စားတဲ့ တစ်ဦးတည်းသောလူဟာ ပိစုပဲ ဖြစ်တယ်။ တကယ်လို့ သူ့ရဲ့အာရုံကို ဖမ်းစားနိုင်လောက်တဲ့သူ ရှိလာမယ်ဆိုရင် အဲဒီလူဟာ ရဲဝမ်ပဲ။ ပိစုရဲ့ ပြိုင်ဘက် ဖြစ်လာနိုင်တဲ့ တစ်ဦးတည်းသော သူဟာ ရဲဝမ်ပဲ ဖြစ်တယ် ...

မော့စုရဲ့ အဆင့်ဟာ ခဏကြာတဲ့အထိ ပြောင်းလဲမှု မရှိတော့တာကြောင့် ကွင်းထဲက ဆွေးနွေးသံတွေဟာ တဖြည်းဖြည်း တိုးလျ ပျောက်ကွယ်သွားတယ်။

“ဒီလူဟာ သူ့ခွန်အားတွေကို သိမ်းထားပြီး ဘယ်သူမှ မလှုပ်ရှားတော့တဲ့ အချိန်ကျမှ လှုပ်ရှားဖို့ ရွေးချယ်တယ်ဆိုတာ သိပ်သိသာတယ်။ ဒီနည်းလမ်းကိုမှ မသုံးရင် နာမည်ကြီးမှာ မဟုတ်ဘူးဆိုတာကို သူသိတဲ့အတွက် လူတွေရဲ့ အာရုံစိုက်မှုကို ရဖို့ ဒီနည်းလမ်းကို သူသုံးနေတာဘဲ”

“သိပ်ဟုတ်တယ်။ ဒီအကွက်က သိပ်လှတယ်။ အနည်းဆုံးတော့ ငါသူ့ကို အခု မှတ်မိသွားပြီ။ သူဘယ်လို ပုံစံရှိမလဲဆိုတာ ငါမြင်ချင်လိုက်တာ”

“ထားလိုက်ပါတော့။ အနားယူကြ ရ‌အောင်။ မနက်ဖြန်က တကယ့် ပွဲကြီးပွဲကောင်းပဲ။ ထိပ်တန်း အယောက် ၅ဝစာရင်းက ပြောင်းလဲကောင်း ပြောင်းလဲသွားနိုင်တယ် ... အာ သူ စလှုပ်ရှားနေပြီ ... သူစလှုပ်ရှားနေပြီ ... ” စောစောတုန်းက ရှိနေခဲ့တဲ့ စိတ်လှုပ်ရှား တက်ကြွမှုတွေဟာ ပျောက်ကွယ်လု ဆဲဆဲမှာ အံ့ဩတကြီး အာမေဍိတ်သံတွေဟာ ပတ်ဝန်းကျင် တစ်ခွင်မှာ ပဲ့တင် ထပ်သွားတယ်။

မော့စုရဲ့ အဆင့်ဟာ နောက်တစ်ခါ ပြန်တက်လို့လာတယ်။ သူ့နာမည်နောက်က ခြေလှမ်းအရေအတွက် ဟာလည်း မယုံနိုင်လောက်တဲ့ အရှိန်နှုန်းနဲ့ မြင့်တက်လာတယ်။

ခြေလှမ်း အလှမ်း ၁ဝဝ၊ ၁ဝ၃၊ ၁၁၂ ...

***

All Chapters