← Chapters

မင်းယုံနိုင်လား

Vol. 5 Ch. 58

မင်းယုံနိုင်လား

Vol. 5 Ch. 58

စုမင် စပြီး လှုပ်ရှားလိုက်တယ်။ သူ့ခြေကို‌‌မလို့ ခြေလှမ်း ၁ဝဝမြောက်မှာ နေရာယူလိုက်တယ်။ ၅၃​ကြောမြောက် သွေးကြော ပေါ်လာချိန်မှာ ကိုယ်ထဲက ချီဓာတ်တွေဟာ ပြင်းပြင်းထန်ထန် ရိုက်ခတ်လှုပ်ရှားပြီး သူ့ကို ရစ်ပတ်လို့ ထားတာကြောင့် ခြေလှမ်း ၉၉လှမ်းမြောက်မှာ ကြာကြာ ရပ်နေလိုက်တယ်။ ရှေ့ဆက် မသွားခင်မှာ သွေးကြောတွေ ရုတ်တရက် ပွင့်အံထွက်ပေါ် လာတာမျိုးကို ကျင့်သားရနေဖို့ လိုတယ်။

ပြီးတော့ ဒီသွေးကြောတွေ သိသိသာသာ ပေါ်ထွက်လာတာဟာ သူအဆင့်သစ်တစ်ခုကို ထိုးဖောက်အောင်မြင် နိုင်သွားပြီလို့ ဆိုလိုတာ ဖြစ်တယ်။ ဒီဟာက ပုံမှန်သွေးကြော အသစ်တွေ ပေါ်လာတာမျိုးနဲ့ မတူပါဘူး။

သူ စလှုပ်ရှားလိုက်တာနဲ့ ရှေ့ကို တစ်ဟုန်ထိုး ဆက်သွားတယ်။ သူ့လှမ်းလိုက်တိုင်းမှာ သူ့ကိုယ်ခန္ဓာက လရောင်ကို အဆက်မပြတ် စုပ်ယူနေဟန်ပေါ်တယ်။ မျက်စိတစ်မှိတ် အတွင်းမှာ သူဟာ ခြေလှမ်း ၁၁၅လှမ်းမြောက်ကို ရောက်လို့သွားတယ်။

သူ ရှေ့ဆက်သွားခဲ့တယ်။ တိုးလာတဲ့ တောင်ပေါ်က ဖိအားဒဏ်ကို ခံစားမိတာကြောင့် စုမင် ခပ်သွက်သွက်ကလေး ရှေ့ကို လှမ်းတယ်။ ခြေလှမ်း ၁၂ဝ၊ ခြေလှမ်း ၁၃ဝ၊ ခြေလှမ်း ၁၅ဝ၊ ခြေလှမ်း ၁၆ဝ ...

အသက်ရှူချိန် အနည်းငယ် အတွင်းမှာ စုမင် ခြေလှမ်း ၆ဝလှမ်းလို့ ပြီးသွားတယ်။ သူ ခြေလှမ်း ၁၆ဝမြောက်မှာ ရပ်နေချိန်မှာ တောင်​ပေါ်က ဖိအားက ရုတ်ခြည်းမြင့်တက် လာတာကို ခံစားမိတယ်။ ရုတ်တရက် ပေါက်ကွဲထွက်လာတဲ့ ပြင်းအားတစ်ခုက သူ့ကို ဖိထား လိုက်သလိုပါဘဲ။

ဒီအချိန်မှာပဲ ထွန်းလင်းနေတဲ့ လရောင်ဟာ စုမင် တစ်ကိုယ်လုံးကို သိုင်းခြုံထားပြီး စည်းနှောင်ထားတဲ့ သူ့ဆံပင်တွေကို လရောင်အောက်မှာ ဝဲလွင့် သွားစေတယ်။

တကယ်လို့ သူသာ မလှုပ်ရှားခဲ့ဘူး ဆိုရင် အားလုံး ပုံမှန်အတိုင်း အဆင်ပြေနေမှာ ဖြစ်ပေမဲ့ တောင်ပေါ်က လူတစ်ဝက်နဲ့ ကွင်းထဲက လူတွေအားလုံးဟာ အခုချိန်မှာတော့ ပကတိ တိတ်ဆိတ်ငြိမ်ကျလို့ သွားတယ် ...။

ဝူလတစ်ယောက် ခဏလောက် မယုံနိုင်အောင်ဖြစ်လို့ နေတယ်။ သူမရဲ့ အဆင့်နေရာ အတွက် တစ်ချိန်လုံး စိုးရိမ်နေခဲ့ရတယ်။ အစတုန်းက ခံပြင်းပြီး မိမိအဆင့်ကို ကာကွယ်ထားလိုစိတ် ဖြစ်ခဲ့ပေမဲ့ အခုချိန်မှာတော့ ရင်ထဲမှာ မတင်မကျ ဖြစ်နေတာတွေ အားလုံးဟာ ပျောက်ကွယ်သွားတယ်။ ဒီလူနဲ့ သူမဟာ အဆင့်မတူဘူး ဆိုတာကို နားလည်သွားတယ်။ သူ့ထက်သာနေတဲ့ လူတစ်ယောက်နဲ့ ကိုယ့်ကိုယ်ကိုယ် ဘာလို့ နှိုင်းယှဉ် နေရဦးမလဲ။ ဒီလိုလုပ်နေတာက ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲနေတာနဲ့ အတူတူပဲလေ။

လေ့ချန် ချက်ချင်း ထရပ်လိုက်ပြီး လက်ထဲက ပလိတ်ပြားကို ကြည့်လို့ ဆွံ့အသွားမိတယ်။ မော့စုရဲ့ သရုပ်မှန်ကို ခန့်မှန်းဖို့ ကြိုးစားရင်းက သူ့ယူဆချက်တွေ အပေါ် သံသယ ဝင်လာတယ်။ သူ့ထင်မြင်ချက်တွေ မှန်ရဲ့လား ဆိုတာတောင် ဇဝေဇဝါဖြစ်လို့နေတယ်။

လက်ထဲက ပလိတ်ပြားကို ကြည့်ရင်း ပေလင်းရဲ့ နှလုံးခုန်သံ မြန်လာတယ်။ ဝင်သက်အနည်းငယ် အတွင်းမှာ ခြေလှမ်း ၆ဝလှမ်းနိုင်ခဲ့တဲ့ မော့စုကိုကြည့်ရင်း အအေးဓာတ်က ကျောရိုးထဲစိမ့်ဝင် သွားသလို ခဏလောက် ခံစားလိုက်ရတယ်။ မယုံကြည်နိုင် လောက်တဲ့ အမြန်နှုန်းကြောင့် အသက်ရှူဖို့တောင် သတိမေ့နေမိတယ်။

ဒီလူဟာ အာရုံစိုက်တာ ခံချင်တဲ့အတွက် လုပ်နေတာလို့ အစတုန်းက ထင်ခဲ့မိတယ်။ ဒါကြောင့်လို့လည်း ညရောက်မှ သူလှုပ်ရှားခဲ့တာဘဲလေ။ အခုတစ်ခေါက် ကြည့်မိချိန်မှာတော့ မော့စုဟာ စိတ်ဝင်စားတာ ခံချင်လို့ လုပ်နေတာ မဟုတ်ဘူး။ အစကတည်းက ဒီလိုလုပ်နိုင်တဲ့ အရည်အချင်း သူ့မှာ ရှိနေတယ် ...

ဒီလိုမဟုတ်ခဲ့ဘူး ဆိုရင် ဝင်သက် အနည်းငယ်အတွင်းမှာ ခြေလှမ်း ၆ဝလှမ်းနိုင်ဖို့ဆိုတာ သူ့အတွက် လုံးဝ မဖြစ်နိုင်ဘူး ...

တစ်တောင်လုံး ငြိမ်သက်လို့ နေတယ်။ ချန်ချွန်းဟာ ဒီဆိတ်ငြိမ်မှု အထဲမှာ မျက်တောင် တဖျတ်ဖျတ် ခတ်လို့နေတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ စိတ်ရှုပ် မခံချင်ပေမဲ့ မော့စုဟာ အခုနက ကြားခဲ့ရတဲ့ ရုတ်တရက် ဟစ်ကြွေးသံကို ယူဆောင်လာသူ ဖြစ်တယ်လို့ သူ့ပင်ကိုသိစိတ်​က ပြောနေတယ် ...

“သူပဲ ဖြစ်ရမယ်။ ဒါသူပဲ ... ဒါပေမဲ့ သူကဘယ်သူလဲ။ လေပြည်စီးကြောင်း မျိုးနွယ်စုက မဟုတ်တာတော့ သေချာတယ်။ အခုနတုန်းက ငါသူ့ကို ကွင်းထဲမှာ မြင်ခဲ့မိသေးသလား မသိဘူးကွာ”

ချန်ချွန်း မသိသေးတာက ကွင်းထဲမှာ လူတွေ သူ့ကိုခြံရံပြီး ထိုင်နေတုန်းက လူအုပ်ကြားထဲမှာ မတ်တတ်ရပ်နေတဲ့ ခပ်မှိန်မှိန် အပြုံးပိုင်ရှင်ဟာ ရယ်ရယ်မောမော လုပ်လို့ သူ့ဘေးနားကို ရောက်နိုင်အောင် ချဉ်းကပ်ခဲ့တယ်။ သူ့ရုပ်ရည်က သာမန်ကာလျှံကာပဲ ဖြစ်တာကြောင့် လူတွေ သတိထားမိမှာ မဟုတ်ဘူး။

ဘေးနားမှာ သူ့ကို အမှန်တကယ် လေးစား ကြည်ညိုနေသူတွေ ဝန်းရံထားပြီး သူငယ်ချင်းတွေနဲ့ အာလာပသလ္လာပ စကားတွေ ပြောနေတဲ့ ချန်ချွန်းကို အကဲခတ်နေရင်း ပိုင်လင်းဆီ လျှောက်သွားခဲ့တာကို စောင့်ကြည့်နေတယ် ...

ချန်ချွန်းဟာ သူ့အတွေးတွေနဲ့ ရှုပ်ထွေးနေချိန်မှာ စုမင်ရဲ့အနီးနား လှေကားပေါ်မှာ ထိုင်နေတဲ့ ပိစုဟာ မျက်လုံးဖွင့် နားစွင့်လို့ထားတယ်။ သူ့နောက်က လှေကားပေါ်မှာ လမ်းလျှောက် နေတဲ့လူကို မြင်နိုင်ဖို့ မြူထဲကို ကြိုးစားပမ်းစား ကြည့်နေတယ်။

ပိစု အခြေအနေဟာ ချန်ချွန်းနဲ့ မတူဘူး။ သူ့နေရာနဲ့ မော့စုရှိတဲ့နေရာက အရမ်း နီးကပ်နေပြီးတော့ မော့စုက မြူတွေ ဖုံးလွှမ်းထားတဲ့ သူ့နောက်က လှေကားလေးမှာ ရှိနေတာဖြစ်တယ်။

“သူက ခြေလှမ်း ၁၆ဝလှမ်းမြောက်မှာ ရောက်နေတာပဲ။ ငါတို့နှစ်ယောက် အကြားက အကွာအဝေးဟာ နှစ်ဆထက်ကို ပိုဝေးနေသေးတယ်။ ငါ့အတွက် ဘာပြဿနာမှ မရှိဘူး ... တကယ်လို့ မင်းသာ ငါ့အနားထိ ရောက်အောင် လာနိုင်ခဲ့ရင် မင်းကိုငါ အသိအမှတ် ပြုပေးမယ်”

ပိစုဟာ ဒီအကြောင်းကို တွေးပြီးတာနဲ့ မဲ့ပြုံးတစ်ချက်နဲ့ အတူ မျက်လုံးတွေ မှိတ်လို့ ထားလိုက်တော့တယ်။

တောင်ကြီးရဲ့ တစ်ဖက်တစ်ချက်က လှေကားပေါ်မှာ လက်ထဲက ပလိတ်ပြားကို ကြည့်လို့ ဝူစန်းအလိုမကျ ဖြစ်နေတယ်။ ပိစုနဲ့ မော့စုတို့ရဲ့ နာမည်တွေကို သေချာစိုက်ကြည့်လို့ နေတယ်။

“ငါက အဆင့် ၁၂နေရာမှာ ရှိပြီးတော့ ခြေလှမ်း ၂၉၅လှမ်းပဲ လှမ်းနိုင်သေးတယ် ... ထိပ်ဆုံး ၁ဝယောက်ထဲမှာ ငါပါနိုင်မှာ မဟုတ်တော့ဘူး။ ငါအခု တော်တော် အားနည်းနေတယ် ... ငါ့သွေးဘောလုံးကို ခိုးယူသွားတဲ့ သူက ဒီနှစ်ယောက်ထဲက တစ်ယောက်ယောက် ဖြစ်ရမယ် ... ”

ဝူစန်းဟာ စဉ်းစားဆင်ခြင်တုံ တရား ညံ့ဖျင်းတဲ့သူ မဟုတ်ဘူး။ ဖြတ်ထိုးဉာဏ် ကောင်းသူတစ်ယောက် ဖြစ်တယ်။ ဒီလိုမှမဟုတ်ရင် ပေလင်းနဲ့ အခြားသူတွေ အပေါ်မှာ လွှမ်းမိုးနိုင်ဖို့ မပြောနဲ့၊ ပဋိပက္ခတွေ၊ ပြိုင်ဆိုင်မူတွေနဲ့ ပြည့်နေတဲ့ မျိုးနွယ်စု အဖွဲ့ထဲမှာတောင် နေရာကောင်း တစ်နေရာရ​​အောင် စွမ်းဆောင်နိုင်ခဲ့မှာ မဟုတ်ဘူး။

“ပိစု ... ”

ဝူစန်းဟာ မော့စုနာမည်ကို ကျော်ပြီး ပလိတ်ပြားပေါ်မှာ အဆင့်၂နေရာ ရောက်နေတဲ့ ပိစု နာမည်ကို အမျက်တခြောင်းခြောင်း ထွက်ပြီး စိုက်ကြည့်နေတယ်။ ဒါပေမဲ့လည်း အနည်းငယ် ထိတ်လန့် ကြောက်ရွံ့နေဟန်က ဒီအကြည့်ရဲ့ နက်ရှိုင်းတဲ့ တစ်နေရာမှာ လျှို့ဝှက်လို့ ထားတယ်။

အဆင့်နေရာ ၂ရထားတဲ့ ဒီလူဆီကနေ သူ့သွေးဘောလုံးကို ပြန်ယူနိုင် လိမ့်မယ်လို့ ဝူစန်းအနေနဲ့ ယုံကြည်မှု မရှိဘူး ...။

စစ်ခုန်း အရမ်း စိတ်လှုပ်ရှားနေတယ်။ သူရဲ့အပြုအမူဟာ ဝူလနဲ့ ခပ်ဆင်ဆင်ပဲ ဖြစ်တယ်။ ခြေလှမ်း ၁၆ဝမြောက်မှာ ရောက်နေတဲ့ မော့စုနာမည်နဲ့ အဆင့်တွေကို ကြည့်လိုက်ချိန်မှာ နှလုံးခုန်သံ ပြင်းလို့လာတယ်။ သူ့နေရာ ဖယ်ပေးလိုက် ရမှာကို စိုးရိမ်နေမိတယ်။

တကယ်လို့သာ နေ့အခါမှာဆိုရင် သူစိတ်ပူမှာ မဟုတ်ပါဘူး။ အခုက ညအချိန် ဖြစ်လို့နေတယ်။ ဒီလိုအချိန်မှာ သူ့အနေနဲ့ ဆက်သွားဖို့ ယုံကြည်ချက် မရှိတဲ့အပြင် သူ့အဆင့်ကလည်း ၄၉မှာ ရောက်နေတယ်။ တကယ်လို့ သူ့နေရာသာ ဖယ်​ပေးလိုက်ရရင် အဆင့် ၅ဝကို ကျသွားလိမ့်မယ်။ ကွာဟချက် နည်းနည်းလေးဘဲ ဖြစ်ပေမဲ့ အဆင့်သတ်မှတ်ချက် အဓိပ္ပာယ်ကတော့ လုံးဝ ကွဲပြားသွားတယ်။

​သူတို့တွေ အပြင် ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင် နေသူတွေရဲ့ မျက်လုံးတွေဟာ သူတို့အဆင့်တွေ ဖော်ပြထားတဲ့ ပလိတ်ပြား​ပေါ်က မော့စု နာမည်ကို မမှိတ်မသုန် ကြည့်နေကြတယ်။

ပလိတ်ပြားကို မကြည့်တဲ့သူ ဆိုလို့ ရဲဝမ်တစ်ယောက်ပဲ ရှိတယ်။ ဘာတွေဖြစ်ပျက် နေတယ်ဆိုတာကို မသိလို့ မဟုတ်ဘူး။ သူ့ရဲ့ ပင်ကို စရိုက်ကိုက အခုဖြစ်ပျက် နေတာတွေကို သိနေရင်တောင် အရေးလုပ်မှာ မဟုတ်ဘူး။

ဒါပေမဲ့ တောင်ပေါ်နဲ့ ယှဉ်ကြည့်ရင် ကွင်းထဲမှာ ပိုတိတ်ဆိတ်လို့ နေတယ်။ အသက်ရှူသံတွေတောင် ရပ်တန့်နေသလို ဆိတ်ငြိမ်ခြင်းက ကွင်းထဲမှာ နေရာယူလို့ ထားတယ်။

အဆင့်တွေကို ဖော်ပြလို့နေတဲ့ သိမ်းငှက်ရုပ်တုပေါ်က နာမည်တစ်ခုကြောင့် ဖြစ်ပေါ်လာတဲ့ သူတို့ရဲ့ တုန်လှုပ်အံဩမှုက အသက်ရှူသံတွေကို ဆိတ်သုဉ်း သွားစေတယ်။

အဆင့် ၆၃မော့စု ၁၆ဝလှမ်း။

ခြေလှမ်း အရေအတွက် ရုတ်တရက် တိုးလာပြီးနောက်မှာတော့ လူအများစုဟာ မော့စုကို အပျင်းဖြေစရာ အဖြစ် မသတ်မှတ်ရဲတော့ဘူး။ တစ်ပြိုင်နက် ခြေလှမ်းပေါင်း ၆ဝ တိုးလာပြီး မယုံကြည်နိုင် လောက်အောင် သူတို့ကို အံ့အားသင့်စေခဲ့တဲ့ ဒီနာမည် ပိုင်ရှင်ကို အလေးအနက်ထားလို့ လာကြတယ် ...

တကယ်လို့သာ ဒီလိုဖြစ်နေတာဟာ နေ့အခါသာ ဖြစ်မယ်ဆိုရင် သူတို့ တအံ့တဩ ဖြစ်ချင်မှ ဖြစ်မယ်။ ဒါပေမဲ့ နေ့အချိန်ကထက် တောင်ပေါ်က ဖိအားတွေဟာ အဆတစ်ရာလောက် များတဲ့ ညအချိန်ကြီး ဖြစ်နေတယ်။ ခြေလှမ်းပေါင်း ၆ဝကို ညအခါမှာ ဝင်သက်အနည်းငယ် အတွင်း သွားနိုင်ခဲ့တာကြောင့် နေ့အခါသာဖြစ်ရင် ဒီထက် အဆပေါင်းများတဲ့ ကိန်းဂဏန်း ရလာလိမ့်မယ်လို့ အများစုဟာ ယုံကြည် နေကြတယ် ...

ပြိုင်ပွဲဝင် သူတွေထဲမှာ မော့စုလို လုပ်နိုင်တဲ့သူဟာ အနည်းအကျဉ်းလောက်ပဲ ရှိတယ် ...

“ဒီလူ… သူဘယ်သူလဲ”

“မော့စု ... မော့စု ... ငါခုနက တွက်ချက်မှုတစ်ခု လုပ်ခဲ့တယ်။ အသက်ရှူချိန် ၁ဝကြိမ်အတွင်းမှာပဲ ခြေလှမ်း ၉၉လှမ်းကနေ ၁၆၆လှမ်းထိ ရောက်သွားတယ် ... ဒီဟာကို ... လုံးဝ ယုံမနိုင်ဘူး ... ”

“မျက်စိတစ်မှိတ် အတွင်းမှာ သူ့အဆင့်က ၁ဝ၁ကနေ ၆၂ကို ခုန်တက်လို့ သွားတယ်။ သူသာ ... ဒီအစွမ်းအစနဲ့ ခုနလုပ်ခဲ့သလိုသာ နေ့အခါမှာ လှုပ်ရှားမယ်ဆိုရင် ထိပ်ဆုံး အဆင့် ၃ဝအတွင်း ရောက်မှာဘဲ။ ညအချိန်ကြီးမှာ ဘာလို့ ဒီလို လုပ်နေရတာလဲ ... ။

ခဏအကြာမှာတော့ ဆွေးနွေးသံတွေဟာ ကွင်းထဲမှာ တဖြည်းဖြည်း ကျယ်လောင်လို့ လာပြီး အချိန်နဲ့အမျှ ပိုအားကောင်း လာတယ်။ တခြား မျိုးနွယ်စုက ခေါင်းဆောင်တွေတောင် အဆင့် သတ်မှတ်ချက်တွေကို စောင့်ကြည့်နေတယ်။

ဒါပေမဲ့ နဂါးနက်တောင်က အမျိုးသမီးကြီးနဲ့ မဟူရာတောင် အဖွဲ့ခေါင်းဆောင်တို့ဟာ စိတ်ဝင်စားပုံ လုံးဝ မပေါ်သေးပါဘူး။

ဒီညဟာ တကယ့်ကို ထူးခြားလို့နေတယ်။ ဒီညချမ်း အချိန်အခါ သမယမှာ အားလုံးရဲ့ စိတ်ဝင်စားမှုတွေဟာ လူတစ်ယောက် အပေါ်မှာ ကျရောက်လို့နေတယ်။ စုမင် ...

ငှက်ရုပ်တုပေါ်က အဆင့်တွေကိုကြည့်ပြီး မော့စန်း မျက်နှာပေါ်မှာ အပြုံးမှိန်မှိန် တစ်ချက် ဖြစ်လို့သွားတယ်။ သူ့ရင်ထဲက မျှော်လင့်ချက်ဟာ ပိုခိုင်မာလာတယ်။ စုမင်ဟာ နံပါတ်၆ခု စလုံးရဲ့ လျှို့ဝှက်ချက်ကို လုံးဝ နားလည်သွားပြီဆိုတာ သူသိလိုက်တယ်။

ကျင်းနန်ကတော့ တည်ငြိမ်တဲ့ အသွင်နဲ့ မော့စန်းဘေးမှာ ရပ်နေတယ်။ သူ့မျက်နှာမှာ ဘာအမူအရာမှ ပြောင်းလဲသွားတာမျိုး မရှိဘူး။ တကယ်လို့ သူ့ခံစားချက်တွေကိုသာ ကောင်းကောင်း မဖုံးကွယ ်ထားနိုင်ခဲ့ရင် လက်ရှိ ရာထူးနဲ့ အာဏာကို ဘယ်လိုမှ ရလာနိုင်မှာ မဟုတ်ဘူး။

“မဆိုးဘူး၊ မော့စန်း။ မင်းခေါ်လာတဲ့ ကလေးကို ကောင်းကောင်း လေ့ကျင် သင်ကြား ပေးထားတာဘဲ။ ရိုးရိုးသာသား ဝန်ခံရရင် သူ့ဇာစ်မြစ်ကို ငါ အမြဲသိချင်စိတ် ပြင်းပြနေခဲ့တာ ... ” မော့စန်းကို ကြည့်လို့ ကျင်းနန်းက ပြုံးလိုက်တယ်။

“သိချင်စိတ် ပြင်းပြတယ်။ ဒီကလေးက မဟာယွီ ပြည်ထောင်ရဲ့ မင်းသားပါလို့ ငါပြောရင် မင်းယုံနိုင်မလား” မော့စန်းဟာ ကျင်းနန်ကို ပြန်ပြုံးပြလို့ ခွန်းတုံ့ပြန်တယ်။ ကျင်းနန်ဟာ သူ့အမူအရာကို ကြည့်ပြီး လိမ်ညာ နေတာလားလို့ မပြောနိုင်ဘူး။ သေချာတာ တစ်ခုကတော့ မော့စန်းဟာ စုမင်ဇာစ်မြစ်ရဲ့ လျှို့ဝှက်ချက်ကို သိတဲ့ ထာဝရ တစ်ဦးတည်းသောသူ ဖြစ်တယ်။

“သူဟာ မာန်နတ်ဘုရားတွေရဲ့ သားတော်ပဲလို့ ဘာလို့ တစ်ခါတည်း မပြောလိုက်တာလဲ။ စိတ်ဝင်စားစရာ ကောင်းတယ်။ ဘယ်လိုတောင် စိတ်ဝင်စားဖို့ ကောင်းနေရတာလဲ” ကျင်းနန်ဟာ တဒင်္ဂလောက် တွေဝေပြီးတဲ့နောက် ခပ်ကျယ်ကျယ် ရယ်လိုက်တယ်။

“သူ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်” မော့စန်းဟာ ပြုံးလို့စကားဆိုတယ်။

ကျင်းနန်ဟာ ရယ်မော လိုက်ပေမဲ့ သူ့နှလုံးသား ထဲမှာတော့ လန့်ဖျပ်လို့ သွားတယ်။ မော့စန်းရဲ့စကားကို ယုံကြည်သင့်သလား ဆိုတာ သူဝေခွဲမရဘူး။ သူဖြတ်သန်း လာခဲ့တဲ့ နှစ်တစ်လျှောက်မှာ မော့စန်းနဲ့ တွေ့တိုင်း ဒီခံစားချက်မျိုး အမြဲရတယ်။

ဒီအခိုက်အတန့်မှာ ဆွေးနွေးမှုတွေ ကြားထဲမှာ အလန့်တကြား အော်ဟစ်သံ ရောက်လာပြီး ကွင်းတစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားတယ် ...

“သူ လှုပ်ရှားနေပြီ ... ဘယ်ချိန်မှာ ထပ်ရပ်သွားမလဲ မသိဘူး ... ကြည့်စမ်း၊ ခြေလှမ်း ၁၆၈လှမ်း.. ... ”

“၁၇၂၊ ၁၇၉။ ဒီအရှိန်က ... အခုနထက်စာရင် ပိုနှေးသွားတယ် ... ”

“အခုက သူ့နောက်ဆုံး အားထုတ်မှု ဖြစ်လောက်တယ်။ အလွန်ဆုံး ခြေလှမ်း ၂ဝဝပဲ ရောက်မယ်လို့ ငါပြောလိုက်မယ်၊ ဒီထက်ပိုပြီးတော့ သူရောက်နိုင်မှာ မဟုတ်ဘူး ... ”

“ဒီလောက်ပဲကွ။ ခြေလှမ်း ၁၉ဝထိ ရောက်ဖို့တောင် သူ့အတွက် အရမ်းခက်ခဲလွန်း နေပြီလို့ ငါထင်တယ်။ ပြီးတော့ အခုက ညအချိန် ဖြစ်​နေတယ်။ အမြင့်ကို တက်လေလေ ဖိအားပိုများ လာလေလေပဲ ... ” ဆွေးနွေးသံတွေ ကြားမှာ မျက်လုံးပေါင်းစုံဟာ အဆင့်တွေ ဖော်ပြနေတဲ့ ငှက်ရုပ်တုတွေပေါ်မှာ အာရုံစိုက်လို့ နေကြတယ်။ အချို့ အကြည့်တွေဟာ ခံစားချက် ကင်းမဲ့နေတယ်၊ အချို့က အထင်သေးတဲ့ အကြည့် အချို့က မျှော်လင့်နေတဲ့ အကြည့်၊ အချို့က အားကျနေတဲ့ အကြည့်၊ တချို့ အကြည့်တွေကျတော့ မနာလိုမှုတွေနဲ့ ပြည့်လို့နေတယ်။

ဒီအချိန်မှာ စုမင်ရဲ့ ကိုယ်ခန္ဓာ တစ်ခုလုံးကို လရောင်က ဝန်းရံလိုက်ပြီး ခြေတစ်လှမ်းချင်းဆီ လှေကားပေါ်မှာ လျှောက်လို့သွားတယ်။ သူသွားလိုက်တာနဲ့ ၅၃ခုသော သွေးကြောတွေဟာ အနီရဲရဲ တောက်လာတယ်။ အရှေ့ကို ဆက်လျှောက် လိုက်ချိန်မှာတော့ ၅၄ခုမြောက် သွေးကြောဟာ ရုတ်တရက် ထွက်ပေါ်လာတယ်။

၅၅ခုမြောက်၊ ၅၆ခုမြောက်၊ ၅၇ခုမြောက် သွေးကြောတွေဟာလည်း ၅၄ခုမြောက် သွေးကြောအနောက်မှာ ရှေ့ဆင့်နောက်ဆင့် ပေါ်လာကြပြီး စုမင် ကိုယ်ခန္ဓာ ကြံ့ခိုင်သန်စွမ်း လာနိုင်အောင် အနီရောင် တောက်တောက် လင်းဖြာလာကြတယ်။ ပေါက်ကွဲ ပွင့်ထွက်​ဖို့ အဆင်သင့်ဖြစ်နေတဲ့ အားကောင်းလွန်းတဲ့ စွမ်းအင်တစ်ခုက သူ့ကိုယ်ခန္ဓာမှာ နေရာယူလို့ ထားတယ်။

စုမင် ကြုံးဝါးပြီးတော့ ခြေလှမ်း ၁၈၆လှမ်းမြောက်ဆီကို အလှမ်းကျယ်ကျယ် လှမ်းလိုက်တယ်။ သူစလှုပ်ရှား လိုက်တာနဲ့ သွေးကြောတွေကို တိုးပွားလာစေဖို့ လှုံ့ဆော်လိုက်တဲ့ ဝုန်းခနဲ မြည်သံတွေဟာ သူ့ကိုယ်ထဲမှာ နောက်ထပ်တစ်ခါ ဂယက်ရိုက်လို့ သွားတယ်။ မြူတွေ ဖုံးလွှမ်းထားတဲ့ လှေကားပေါ်က ဒီအသံကြောင့် ပိစုဟာ မျက်မှောင်ကုတ် သွားတယ်။ ဒီအသံဟာ သေသေချာချာ နားထောင်နေတဲ့ ချန်ချွန်းကိုလည်း အံကြိတ်စေပြီး သူ့ကိုယ်တိုင် ဒီလိုအသံတွေ လုပ်နိုင်ဖို့ တကယ့်ကို မျှော်လင့်တကြီး စောင့်မျှော် ဆုတောင်းနေမိတယ်။

၁၈၉၊ ၁၉၂၊ ၁၉၉ ... ၂ဝဝ ...

ကွင်းထဲမှာရှိတဲ့ ငှက်ရုပ်တုတွေပေါ်က အဆင့်တွေဟာ နောက်ထပ် တစ်ခေါက် ပြောင်းလဲလို့ သွားတယ် ...

အဆင့် ၁ ရဲဝမ်၊ ခြေလှမ်း ၆ဝဝလှမ်း။

အဆင့် ၂ ပိစု၊ ခြေလှမ်း ၃၉၇လှမ်း။

အဆင့် ၃ ချန်ချွန်း၊ ခြေလှမ်း ၃၉၁လှမ်း။

***

အဆင့် ၄၈ ပေလင်း၊ ခြေလှမ်း ၂ဝ၆လှမ်း။

အဆင့် ၄၉ စစ်ခုန်း၊ ခြေလှမ်း ၂ဝ၁လှမ်း။

အဆင့် ၅ဝ မော့စု၊ ခြေလှမ်း ၂ဝဝလှမ်း။

***

All Chapters